⛰️Chapter 73
:Drug Dealerအတု။
“စီနီယာယွင် ဒီအဆောင်တွေကိုရောင်းဖို့ရှိလားဟင်”
“ကိုယ့်ဘာသာမဆွဲဘူးလား အရင်တစ်ခါတုန်းက နင်ကျန်းယန်ကို တစ်ခု100,000နဲ့ရောင်းလိုက်တယ်လေ”
ထိုအကြောင်းပြောရသောအခါ ယွင်ရုန်ကနောင်တရသွားပြန်သည်။ဘေးကင်းအဆောင်တစ်ခုက အဲ့လောက်တန်မှန်းသိထားခဲ့ရင် ကျန်းယန်အတွက် ချက်ချင်းကိုဆွဲပေးလိုက်မိမှာ။
ဝမ်းပေါ်သည် ယွင်ရုန်၏လေသံက တစ်ခုခုမှားနေသည်ကိုသတိပြုမိသဖြင့် နောက်ပြောင်သလိုရယ်လိုက်သည်။
“စီနီယာ ကျွန်တော်အမှန်တိုင်းဘဲပြောပါ့မယ် ကျွန်တော်ကအဆင့်နိမ့်အဆောင်ဘဲဆွဲနိုင်တာပါ ဒီလိုအဆင့်မြင့်အဆောင်မျိုးကိုတော့ ကျွန်တော်တကယ်ဘဲမဆွဲနိုင်ဘူး”
“အဟွတ်”
ယွင်ရုန်ပြန်မဖြေနိုင်သေးခင်မှာဘဲ ဘေးမှလုဟယ်နျန်ကချောင်းဟန့်လိုက်သည်။သူ့မျက်လုံးများက ယွင်ရုန်လက်ကိုဆွဲထားသည့် ဝမ်းပေါ်၏လက်ကိုကြည့်နေလေသည်။အဆောင်ဝယ်ချင်တာလည်း ဝယ်ချင်တာပေါ့၊ဘာလို့လူကိုအဲ့လောက်တင်းတင်းဆွဲထားရတာလဲ။
ဝမ်းပေါ်ကကြက်သီးထလာသည်။သူခေါင်းမော့လိုက်ရာ လုဟယ်နျန်၏အကြည့်ကိုမြင်သွားသဖြင့် ချက်ချင်းပင်သူ့လက်ကိုပြန်သိမ်းလိုက်သည်။
“စီနီယာ အဲ့ဒါဆိုကျွန်တော်အဆောင်ဝယ်လို့ရပြီလားဟင်”
“နင်မှာပိုက်ဆံမရှိတော့ဘူး မဟုတ်ဘူးလား”
ယွင်ရုန်က ရင်ထဲတွင်ကြိတ်ကာနှာခေါင်းရှူံ့လိုက်သည်။နင့်မှာပိုက်ဆံရှိရင်တောင်မှ ငါနင့်ကိုမရောင်းဘူး။
ဝမ်းပေါ် နင်သွားသည်။အခုလေးတင်ဆေးဖက်ဝင်မြက်ကိုဝယ်ရသည့်ရည်ရွယ်ချက်က သူ၏ဇနီးရင်ထဲထိသွားစေဖို့ဖြစ်သည်။သို့သော် ဤအဆင့်မြင့်အဆောင်များကို သူ တကယ်လိုအပ်နေခြင်းဖြစ်သည်။ ဝမ်းမိသားစုကလည်း အဆောင်လုပ်ကာအသက်မွေးလမ်းကြောင်းကိုစတင်ခဲ့သည်ဟုဆိုနိုင်၏။သို့သော် လက်ရှိတွင် အဖိုးဝမ်းတစ်ယောက်တည်းကသာ အဆင့်မြင့်အဆောင်များကိုဆွဲနိုင်တော့သည်။မည်သို့ပင်ဖြစ်စေ ဤနှစ်များတွင်အဖိုးဝမ်းကလည်း တဖြေးဖြေးချင်းအိုမင်းလာလေသည်။သူ၏စိတ်က လုပ်ဆောင်လိုစိတ်ရှိသော်လည်း ခန္ဓာကိုယ်ကအားနည်းနေပြီဖြစ်ရာ အဆောင်များမဆွဲနိုင်တော့ပေ။
ယွင်ရုန်ကအဆောင်များသိမ်းတော့မည်ကိုမြင်သောအခါ ချိုးတုန်းမင်ကလည်းကမန်းကတန်းပြောလာ၏။
“စီနီယာယွင် ကျွန်တော်တို့မှာပိုက်ဆံမရှိတော့ပေမယ့် IOUရေးလို့ရပါတယ်”
ဖုရှောင်ကလည်း ယွင်ရုန်ကို သနားစရာကောင်းစွာကြည့်လာ၏။
“စီနီယာ ကျွန်မတို့ကိုတစ်ခုလောက်ရောင်းပါနော် ဟုတ်ပြီလား”
ယွင်ရုန်က ကလေးများ၏တောင်းဆိုမှုကိုမခုခံနိုင်ပေ။သူမသဘောတူတော့မည့်အချိန်တွင် စားပွဲထိုးကဘေလ်စာရွက်ပေးဖို့ရောက်လာလေသည်။အစက စားပွဲထိုးသည့်အုပ်စုလိုက်ကြီးမြက်စားနေသည့်မြင်ကွင်းကိုမြင်ရန်အသင့်ပြင်ထားခဲ့သည်။သူမတံခါးဖွင့်လိုက်သောအခါ ကြောက်လန့်တကြားထခုန်မိမတတ်ဖြစ်သွားရပြန်သည်။သီးသန့်ခန်းထဲရှိယောက်ျားမိန်းမအကုန်လုံးက စက်ဝိုင်းပုံစံဝိုင်းနေကြကာ စားပွဲပေါ်တွင်ပြဒါးရည်နှင့်အဝါရောင်စာရွက်များရှိနေ၏။
သူတို့ကမြက်မစားတော့ဘူး အဲ့ဒါအစားအဆောင်ဆွဲနေကြတယ်။
အဲ့လူတွေကမြက်စားသလို အဆောင်လဲဆွဲကြတယ်။သူတို့ကမိစ္ဆာအယူတစ်ခုခုကိုကိုးကွယ်ကြတာများလား။သူမက သူတို့လုပ်နေတာကိုနှစ်ခါတောင်တွေ့သွားတာ။သူမကိုနှုတ်ပိတ်ဖို့သတ်ကြတော့မှာလား။
မကြာခင်မှာဘဲလူတိုင်းက သူမကိုလှည့်ကြည့်လာကြသည်။စားပွဲထိုးက လျင်မြန်စွာဆုံးဖြတ်လိုက်ကာ ချက်ချင်းပင်အခန်းတံခါးကိုဘန်းခနဲပိတ်ချလိုက်သည်။
“ရတယ် နင်သွားပြီး IOUရေးလိုက်”
ယွင်ရုန်က စားပွဲထိုး၏အမူအရာမမှန်သည်ကိုမြင်သောအခါ ဝမ်းပေါ်နှင့်နှောင့်နှေးအောင်လုပ်မနေတော့ချေ။သူမကအဆောင်စာရွက်များကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။
“တစ်ခုကို 100,000”
ပုံမှန်ဘေးကင်းအဆောင်များက တစ်ခုလျှင်100,000ရှိကာ ယွင်ရုန်၏အဆောင်များကမူ အဆင့်မြင့်များဖြစ်သည်။ဝမ်းပေါ်ကဈေးတောင်မဆစ်နိုင်တော့ဘဲ နေရာမှာပင်ဘောပင်ကိုထုတ်ကာ အကြွေးစာချုပ်ရေးလိုက်သည်။
လုဟယ်နျန်က ယွင်ရုန်၏အရောင်လက်နေသောမျက်လုံးများကိုမြင်သောအခါ သူမကဟိုယွမ်100,000ကိုမကြေသေးသဖြင့် ဤသို့ပြောလိုက်ခြင်းဖြစ်ကြောင်းသဘောပေါက်သွားသည်။သူမက ကျန်းချုံမင်ကိုမူတစ်ခုလျှင်ယွမ်50,000ဖြင့်သာရောင်းခဲ့လေသည်။
ဤသို့တွေးမိသွားသောအခါ သူကမပြုံးမိဘဲမနေနိုင်လိုက်ချေ။
ယွင်ရုန်မော့ကြည့်လာသောအခါ လုဟယ်နျန်၏အပြုံးကိုမြင်သွားသည်။သူမကမျက်ခုံးပင့်ကာ သူ့ကိုဘာမှမပြောရန်အချက်ပြလာ၏။
ဝမ်းပေါ်က အကြွေးစာချုပ်ကိုလျင်မြန်စွာရေးပြီး ယွင်ရုန်ကိုပေးလိုက်သည်။ထို့နောက်သူကချက်ချင်းပင် အဆောင်စာရွက်ကိုယူသိမ်းလိုက်သည်။စားသောက်ပြီးသလို ပိုက်ဆံလည်းဖြုန်းပြီးသွားသဖြင့် လူတိုင်းကလူစုခွဲလိုက်ကြသည်။ယွင်ရုန်နှင့် လုဟယ်နျန်တို့ကရုံးကိုပြန်သွားကာ ဝမ်းပေါ်တို့ကအထူးရုံးကိုပြန်ကြသည်။ဝူရွှမ်းကန်တို့နှစ်ယောက်ကမူ မြို့တော်ကိုတိုက်ရိုက်ပြန်သွားကြသည်။
စားသောက်ဆိုင်မှထွက်လာပြီးနောက် ယွင်ရုန်သည်သူမ၏ဘဏ်အကောင့်ထဲမှ ပိုက်ဆံများတိုးလာသည်ကိုကြည့်ကာ ခံစားချက်ကောင်းလာသည်။သူမကလျှောက်နေရင်းပြောလိုက်သည်။
“ဒုတိယအစ်ကို ကျွန်မဒီနေ့ပိုက်ဆံရှာနိုင်ခဲ့တယ် ဒုတိယအစ်ကိုကိုရေခဲမုန့်ဝယ်ကျွေးမယ်”
“ပိုက်ဆံရှာနိုင်ခဲ့လို့ အရမ်းပျော်နေတယ်ပေါ့”
လုဟယ်နျန်က ယွင်ရုန်သည်တောင်ကိုဝယ်နိုင်ရန်အတွက် ပိုက်ဆံရှာဖို့ခက်ခက်ခဲခဲကြိုးစားနေသည်ကိုသိ၏။သို့သော်သူ့မျက်နှာက ပြုံးနေသော်လည်း သူ့ရင်ထဲတွင်မသက်မသာခံစားနေရပေသည်။
သူမကအတော်လေးပြတ်သားတာ၊ ပိုက်ဆံလုံလုံလောက်လောက်ရှာပြီးတာနဲ့ ချက်ချင်းထွက်သွားမှာလား။
“ဒါပေါ့ ကျွန်မအရမ်းပျော်တယ် အဆောင်ရောင်းတာက ပိုက်ဆံအရဆုံးအလုပ်လို့ကျွန်မထင်တယ် မကြာခင်မှာဘဲ 100မီလီယမ်ပြည့်အောင်စုနိုင်တော့မှာ”
ယွင်ရုန်က စိတ်လှုပ်ရှားစွာတွေးကြည့်လိုက်သည်။ထိုအချိန်ကျလျှင် တန့်ချိုးတောင်တစ်ခုလုံးက သူမအပိုင်ဖြစ်လာလိမ့်မည်။ထိုသို့တွေးနေရင်းမှ သူမကလုဟယ်နျန်ကိုမေးလိုက်သည်။
“ဒါနဲ့ ဒုတိယအစ်ကို ခုနတုန်းက ဘာလို့ကျွန်မကိုတားခဲ့တာလဲ”
“မင်းမျက်လုံးထဲမှာ ဆေးဖက်ဝင်မြက်က သာမာန်အပင်ဘဲဆိုပေမယ့် သူတို့မျက်လုံးထဲမှာတော့ မသေမျိုးမြက်ဘဲ မင်းကတစ်ခါတည်းအများကြီးထုတ်ပြလိုက်ရင် အခြားသူတွေက မင်းကိုရက်ရောပြီးရူးမိုက်တဲ့သူလို့ထင်ကြလိမ့်မယ်”
လုဟယ်နျန်က ခနလောက်ရပ်သွားပြီးမှ ဆက်ပြောသည်။
“ပြီးတော့ ပစ္စည်းတစ်ခုကရှားပါးလေလေ တန်ဖိုးရှိလေဘဲ မင်းသာတစ်ခါတည်းအများကြီးထုတ်ပြလိုက်ရင် တန်ဖိုးကြီးတော့မှာမဟုတ်ဘူး”
ယွင်ရုန်ကကြောင်အစွာကြည့်လိုက်မိသည်။ဆိုတော့လူသားတွေကဒီလိုစီးပွားရေးလုပ်ကြတာပေါ့။သူတို့ခေါင်းထဲမှာ အလှည့်အပြောင်းတွေအများကြီးဘဲ。。。သူမကတကယ်ဘဲ အဲ့လောက်ထိမတွေးလိုက်မိဘူး။
ယွင်ရုန်က ဆိုင်အလုပ်သမားဆီမှရေခဲမုန့်ခွက်ကိုယူကာ လုဟယ်နျန်လက်ထဲထည့်ပေးလာသည်။ထို့နောက်သူမကရိုးသားစွာပြောလိုက်သည်။
“ဒုတိယအစ်ကို နောက်ဆိုဘာဘဲရောင်းရောင်းဒုတိယအစ်ကိုကို ခေါ်သွားမယ် အဲ့လိုမှသာ ကျွန်မသူများလိမ်တာမခံရမှာ”
သူမစကားကိုကြားသောအခါ လုဟယ်နျန်ကကူကယ်ရာမဲ့စွာရယ်လိုက်မိသည်။သူမ မသိလောက်ဘူး၊ သူဆိုတဲ့ခေါင်းဆောင်လုက 50မီလီယမ်မကျော်တဲ့စီးပွားရေးကိစ္စဆိုရင် ဘယ်တော့မှ လူကိုယ်တိုင်မသွားဘူး။
*
ကျိုးယွီဖုန်းက အသီးကိုဆေးရုံသို့ယူလာခဲ့သည်။ဆေးရုံခန်းထဲသို့ရောက်သောအခါ သူမ သမီးကျိုးမင်မင်က ကုတင်ဘေးတွင်ထိုင်ပြီး ကြိတ်ငိုနေသည်ကိုမြင်လိုက်ရသည်။သူမတို့မိသားစုအခြေအနေက သိပ်မကောင်းသဖြင့် သူမသမီးက အခြားလူနာသုံးယောက်နှင့်တစ်ခန်းထဲတွင်နေရသည်။ထို့ကြောင့်ကျိုးမင်မင်က အခြားသူများအနှောင့်အယှက်ဖြစ်မှာစိုးကာ အလှောင်ခံရမှာကြောက်သဖြင့်ကျယ်ကျယ်တောင်မငိုရဲပေ။
“မင်မင် သမီးရဲ့နားကိုကုလို့ရပြီ အမေ သမီးရဲ့နားကိုကုဖို့ဆေးရှာတွေ့ခဲ့တယ်”
ကျိုးယွီဖုန်းသည် အလွန်ပင်စိတ်သောကရောက်နေ၏။သူမကသူမသမီးနားမရောက်ခင်မှာဘဲ လှမ်းအော်ပြောလိုက်သည်။ထို့နောက်တွင်မှ အခုချိန်တွင်သမီးဖြစ်သူကနားမကြားနိုင်သည်ကိုသတိရသွားပြီး ကုတင်ဘေးသို့ပြေးသွားလိုက်သည်။သူမက သူမယူလာသောအသီးကို ကျိုးမင်မင်လက်ထဲထည့်ပေးပြီး ဗလုံးဗထွေးဖြင့်ပြောလာသည်။
“မင်မင် မြန်မြန်စားလိုက် ဒါကိုစားပြီးရင်သမီးနားပြန်ကြားလာနိုင်လိမ့်မယ်”
ကျိုးမင်မင်က ဘာကိုမှမကြားနိုင်ဘဲ ရုတ်တရက်ပင်လက်ထဲသို့သစ်သီးထိုးထည့်ခံလိုက်ရသဖြင့် လန့်ဖျန့်သွားသည်။ထို့နောက်သူမက ကမန်းကတန်းမျက်ရည်သုတ်ကာမေးလိုက်သည်။
“မား ဒါကဘာကြီးလဲ”
“စားလိုက် ဒါကိုစားပြီးရင် သမီးနားကကောင်းလာလိမ့်မယ်”
ကျိုးယွီဖုန်းက စားသည့်အမူအရာလုပ်ပြပြီး ကျိုးမင်မင်ကိုမျှော်လင့်တကြီးကြည့်လာသည်။
ကျိုးမင်မင်က သူမအမူအရာကိုနားလည်သွားကာ လက်ထဲမှအသီးကိုငုံ့ကြည့်လိုက်သည်။သူမက ဤအသီးမျိုးကိုတစ်ခါမှမမြင်ဖူးသော်လည်း သူမအမေစားခိုင်းနေသဖြင့် ထွေထွေထူးထူးတွေးမနေဘဲ စားရန်လုပ်လိုက်သည်။
“ဒီကလူနာရှင် ခင်ဗျားလူနာကိုဘာစားခိုင်းနေတာလဲ”
ထိုအချိန်မှာဘဲ ဆရာဝန်တစ်ယောက်က roundလှည့်လာလေသည်။သူကကျိုးမင်မင်တစ်ယောက် တစ်ခုခုကိုစားတော့မည်ကိုမြင်သောအခါ ချက်ချင်းပင်အင်အားသုံးကာလုယူလိုက်ပြီး မေးလာသည်။
“ကျိုးမင်မင် မင်းကအခုလေးတင်ဦးနှောက်ခွဲစိတ်ထားရတာ မင်းစားရမယ့်အရာတွေအားလုံးက ဆေးရုံရဲ့အစီအစဉ်အောက်မှာဘဲရှိသင့်တယ် အခုချိန်မှာအပြင်အစားအစာတွေကိုစားလို့မရဘူး”
ကျိုးယွီဖုန်းက အသီးကိုဆရာဝန်ယူသွားသည်ကိုမြင်သောအခါ စိတ်လှုပ်ရှားလာပြီးစိုးရိမ်တကြီးပြောလိုက်သည်။
“ဒေါက်တာ ဒါကကျွန်မသမီးအတွက်ကြိုးစားရှာခဲ့ရတဲ့ ဆေးပါ အဲ့ဒါကိုစားပြီးရင် ချက်ချင်းဘဲနားပြန်ကြားသွားနိုင်လိမ့်မယ် ကျွန်မကိုအသီးပြန်ပေးပါ”
အစက ဆရာဝန်သည် လူနာကမဆင်မခြင်စားလိုနေခြင်းသာဖြစ်မည်ဟုထင်နေခဲ့ခြင်းဖြစ်သည်။ကျိုးယွီဖုန်း၏စကားကိုကြားလိုက်ရသောအခါ သူကအလန့်တကြားထခုန်မတတ်ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ကျိုးမင်မင်ရဲ့အမေခင်ဗျ လူနာဘာလို့နားမကြားနိုင်တာလဲဆိုတာက အရမ်းကိုရှုပ်ထွေးပါတယ် အဲ့ဒါကဦးနှောက်ထဲမှာသွေးခဲတစ်ခုခုရှိနေလို့ဖြစ်နိုင်သလို အာရုံကြောထိခိုက်သွားတာမျိုးလဲဖြစ်နိုင်တယ် လက်ရှိမှာနောက်ဆုံးပေါ်နည်းပညာအားလုံးနဲ့တောင်မှ အကြောင်းရင်းကိုမဆုံးဖြတ်နိုင်သေးဘူး ဘယ်လိုဖြစ်လို့များ ကလေးကိုကြုံရာလိုက်စားခိုင်းနေရတာလဲဗျ”
ထို့နောက်သူ့လက်ထဲမှအသီးကိုတစ်ချက်ကြည့်လိုက်သည်။အသီးကတရုတ်ဆီးသီးနှင့်တူသော်လည်း အစွန်းနှစ်ဖက်ကချွန်နေသဖြင့် ကျည်ဆံလိုပုံစံဖြစ်နေသည်။အရောင်ကရဲတောက်နေကာ အဆင့်မြင့်ပတ္တမြားလိုအသွေးမျိုးရှိပြီး ကြည့်ရသည်မှာမျက်စိချမ်းသာစေ၏။သို့သော်ဆရာဝန်က ဤအသီးကိုဘာအသီးဟူ၍ အမည်မသတ်မှတ်နိုင်ချေ။
“ကျိုးမင်မင်၏အမေခင်ဗျ ဒါကိုဘယ်ကရလာခဲ့တာလဲ လူနာရဲ့အခြေအနေကိုကုသနိုင်တဲ့ အသီးတို့မြက်တို့ဆိုတာမျိုးက သေချာပေါက်မရှိနိုင်ပါဘူး လူနာရှင်အနေနဲ့ခေတ်မှီသိပ္ပံပညာအပေါ်ယုံကြည်ပေးဖို့လိုပါတယ်”
ဆေးရုံတွင်နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့ပြီးနောက် ဆရာဝန်များသည် ဒီလိုကိစ္စမျိုးကို အကြိမ်ပေါင်းများစွာကြုံဖူးပေသည်။ဆေးရုံဘက်မှ မကုသပေးနိုင်သော ရောဂါများစွာရှိ၏။ထိုအခါလူနာ၏မိသားစုဝင်များသည် စိတ်သောကရောက်စွာဖြင့် ကုသဖို့တစ်နည်းမဟုတ်တစ်နည်းလိုက်ရှာကြကာ အဆုံးတွင်ဆေးအရောင်းသမားအတုများ၏လှည့်စားခြင်းကိုခံရလေသည်။
ဆေးအတုကို မှော်ဆေးရည်အဖြစ်မှတ်ယူနေရာ ရလဒ်ကနေမကောင်းဖြစ်မှုကိုမကုသပေးနိုင်ရုံမကဘဲ လူနာ၏အခြေအနေဆိုးရွားလာတာမျိုးပါဖြစ်သွားစေနိုင်၏။
သို့သော်မိသားစုဝင်များ၏စိတ်အခြေအနေကိုမြင်သောအခါ ဆရာဝန်များသည် ဆေးအတုဟူ၍ တိုက်ရိုက်မပြောရက်ကြပေ။
ဒါကိုဘဲကြည့်၊ ပုံစံကတောင်ပေါ်ကအသီးရိုင်းတစ်ခုခုလိုဘဲ။အရောင်ကအရမ်းလှပြီး အဆိပ်ရှိမရှိ၊စားလို့ရမရကို မဆုံးဖြတ်နိုင်ဘူး။
အခြားလူနာများ၏မိသားစုဝင်များကလည်း ကျိုးယွီဖုန်းကိုဖြောင်းဖြလာကြသည်။
“မင်မင်ရဲ့အမေ ရောဂါတစ်ခုကိုကုတဲ့အခါ စိတ်လောနေလို့မရဘူး အခုခေတ်မှာ ဆေးအတုရောင်းတဲ့ အကြင်နာတရားမဲ့တဲ့သူတွေရှိတယ် သူတို့ကအထူးတလည်ကိုဆေးရုံဝမှာစောင့်ပြီး လူတွေကိုလှည့်စားကြတာ အဲ့လိုဆေးတွေကိုမဆင်မခြင်စားလိုက်လို့မဖြစ်ဘူး”
ဘေးမှ လူနာစောင့်များကလည်း ဝင်ပြောလာ၏။
“အဟုတ်ဘဲ မင်မင်ရဲ့အမေရယ် အသီးတစ်လုံးကနားမကြားတာကိုကုပေးနိုင်ရင် နတ်ဆေးမဖြစ်သွားဘူးလား ရှင်ကစိတ်ရှုပ်ထွေးနေလို့ပါ တရုတ်တိုင်းရင်းဆေးဆိုတာက ယုံတမ်းတွေချည်းပါဘဲ သိပ္ပံကျကျအချက်ရယ်လို့မရှိဘူး”
“မဟုတ်ဘူး ဒါကဆေးအတုမဟုတ်ဘူး ကျွန်မအလိမ်မခံရပါဘူးရှင်”
ကျိုးယွီဖုန်းကချက်ချင်းငြင်းဆန်လာသည်။သူမကဆရာဝန်လက်ထဲမှအသီးကိုစိတ်လှုပ်ရှားစွာကြည့်နေပြီး သူမရင်ထဲရှိအသံတစ်ခုက ထိုအသီးကသူမသမီးကို သေချာပေါက်ပြန်ကောင်းအောင်လုပ်ပေးနိုင်မည်ဟုပြောနေပေသည်။
ဆရာဝန်က အသီးကိုယူပြီးထွက်သွားတော့မည်ကိုမြင်သောအခါ ကျိုးယွီဖုန်းသည် ဘယ်ကအင်အားတွေနှင့်လည်းမသိ လှစ်ခနဲပြေးကာအသီးကိုလုလိုက်လေသည်။ထို့နောက်လူတိုင်းဘာမှမလုပ်နိုင်ခင်မှာဘဲ သူမက အသီးကိုကျိုးမင်မင်ပါးစပ်ထဲထိုးထည့်လိုက်သည်။
“မြန်မြန်ထွေးထုတ်လိုက်”
ဆရာဝန်က အော်ပြောလိုက်သော်လည်းနောက်ကျသွားလေသည်။
ကျိုးမင်မင်သည် အသီးကပါးစပ်ထဲရောက်ရောက်ချင်းမှာဘဲ အေးမြသွားကာလည်ချောင်းတစ်လျှောက်လျှောကျသွားသည်ကိုခံစားလိုက်ရသည်။သူမက ဝါးတောင်မဝါးလိုက်ရပေ။ထို့နောက်တွင် အေးမြသည့်ခံစားချက်တစ်ခုက သူမခြေလက်များနှင့်အရိုးများဆီပြန့်နှံ့သွားသည်။
သူမကခေါင်းတွင်ဒဏ်ရာရခဲ့သဖြင့် ဤရက်များအတွင်းတွင် အမြဲလိုလိုမူးဝေကာ ပျို့အန်ချင်နေခဲ့၏။သူမလှုပ်ရှားလိုက်တိုင်းတွင် ကြယ်များကိုမြင်နေရလေသည်။သို့သော်အသီးကိုစားလိုက်သည်နှင့် သူမခံစားနေခဲ့သမျှများက ရုတ်တရက်ဆိုသလိုပင် အများကြီးသက်သာသွားသည်။
“မင်မင် သမီးဘယ်လိုနေလဲ”
ကျိုးယွီဖုန်းက ကျိုးမင်မင်ပုခုံးကိုကိုင်ပြီး စိတ်လှုပ်ရှားစွာမေးလိုက်သည်။
“သမီးတော်တော်လေးသက်သာလာတယ်”
ကျိုးမင်မင်က မတွေးဘဲလွှတ်ခနဲပြန်ဖြေလိုက်သည်။ထို့နောက်မှသာ သူမကအံ့ဩသွားပြီး သူမနားကိုမယုံနိုင်စွာထိလိုက်မိသည်။
“မား သမီး သမီးကြားနိုင်သွားပြီ”
“ကောင်းတယ် ကောင်းတယ်”
ကျိုးယွီဖုန်းက ဝမ်းသာမျက်ရည်များကျလာကာ သမီးဖြစ်သူကိုဖက်ပြီး ကျယ်လောင်စွာငိုမိလေသည်။
ချက်ချင်းကြားနိုင်သွားတာလား။အစကဆရာဝန်သည် ဆေးအတုစားပြီးနောက်မထင်မှတ်ထားသည်များဖြစ်လာမှာဆိုးသဖြင့် စစ်ဆေးပေးရန်ဘေးတွင်ရပ်ပြီး ချက်ချင်းဆေးကုသမှုပေးရန်ပြင်ထားလေသည်။သူ့ကိုစိတ်လှုပ်ရှားလွန်းသည်ဟု အပြစ်မတင်နိုင်ပေ။အရင်တုန်းကဆိုလျှင်လည်း ရိုးရာဆေးနည်းများကိုနားထောင်ပြီး ရောဂါကုရန် ချင်ရွေးပင်(rosary peas)ကိုသုံးသည့် လူနာတစ်ယောက်ရှိခဲ့ပေသည်။
ချင်ရွေးပင်ဆိုတာက 0.5mgလောက်ဘဲသုံးလိုက်လျှင်တောင် သေစေနိုင်သောအရာဖြစ်သည်။ထိုအချိန်ကဆိုလျှင် ဆေးရုံဘက်မှလူနာကိုမကယ်နိုင်ခဲ့သဖြင့် နောက်ပိုင်းတွင်လူနာမိသားစုဝင်များက ဆေးရုံတွင်ပြသနာလာရှာပြီး ဆရာဝန်နှင့်သူနာပြုတစ်ချို့ကိုထိခိုက်သွားစေခဲ့သည်။
၎င်းကအလွန်ကြောက်စရာကောင်း၏။
အခုတွင်လူနာကနားပြန်ကြားနိုင်သည်ကိုကြားလိုက်ရသဖြင့် ဆရာဝန်ကတုန်လှုပ်ကာ ကြောင်အသွားသည်။အခြားလူနာများ၏မိသားစုဝင်များတောင်မှ သူတို့နားတွင်ဝိုင်းလာကြ၏။
“တကယ်ဘဲကြားရတာလား 8နဲ့12ပေါင်းရင်ဘယ်လောက်ရလဲ”
ဆရာဝန်ကတွေဝေစွာမေးလိုက်သည်။
ကျိုးမင်မင်က ငိုငိုရယ်ရယ်ဖြစ်နေရင်းပြန်ဖြေလာသည်။
“ကျွန်မတကယ်ကြားရပါတယ် နှစ်ခုပေါင်းနှစ်ဆယ်ပါ”
သူမအဖြေကိုကြားသောအခါ အနားမှသူများအားလုံးပွက်လောရိုက်သွားသည်။
အဲ့ဒီ ထူးခြားဆန်းကြယ်တဲ့ဆေးကဘာလဲ။စားလိုက်တာနဲ့ချက်ချင်းအာနိသင်ပြတယ်။သူတို့က ကိုယ်တိုင်သာမမြင်လိုက်ရရင် ယုံနိုင်မှာတောင်မဟုတ်ဘူး။
နာရီဝက်လောက်ကြာပြီးနောက် ကျိုးမင်မင်ကတစ်ကိုယ်လုံးစစ်ဆေးပြီးသွားသည်။ဒါဇင်ကျော်သည့်တာဝန်ရှိဆရာဝန်များက ဆေးမှတ်တမ်းကိုယူပြီးနောက် အချင်းချင်းမယုံနိုင်စွာကြည့်လိုက်ကြသည်။လူတိုင်းက ခနလောက်ဘာမှမပြောနိုင်ကြတော့ပေ။
ဒါကတကယ်ထူးဆန်းတာဘဲ၊ အသီးလေးတစ်ခုကဒီလောက်တောင်ရလဒ်ကောင်းသွားတာလား။
⛰️