⛰️Chapter 74
:Drug Dealerအတု။
ထူးဆန်းတယ် ပြောရမှာလား။
ကျိုးမင်မင်၏နားများပြန်ကောင်းလာရုံသာမက ခေါင်းမှဒဏ်ရာကလည်း တစ်ဝက်နီးပါးသက်သာသွားသည်။သူကိုယ်တိုင်ခွဲစိတ်ပေးထားခြင်းမဟုတ်ပါက ထိုဆေးရောင်းသူကိုလိမ်နေသည်ဟုထင်မိဦးမှာဖြစ်သည်။
ဆေးရုံဘက်ကမယုံနိုင်ဖြစ်နေသော်လည်း အမှန်တရားကအမှန်တရားပင်။ကျိုးမင်မင်၏နားများပြန်ကောင်းလာသည့်အပြင် ခေါင်းမှဒဏ်ရာလည်းသက်သာလာခဲ့လေသည်။အခြားဘာပြသနာမှမရှိတော့ပေ။
အခြားဘာပြသနာမှမရှိတော့သဖြင့် သူမကဆေးရုံဆက်တက်စရာမလိုတော့ပေ။ကျိုးယွီဖုန်းက ချက်ချင်းပင် ဆေးရုံဆင်းရန်လုပ်ဆောင်လိုက်သည်။သူတို့မထွက်သွားခင်တွင် ဆရာဝန်ကသူမစားလိုက်သောအသီးကိုစုံစမ်းလာ၏။၎င်းကတကယ်ပင် ရှာဖွေတွေ့ရှိခြင်းမရှိသေးသည့် အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းတစ်ခုဖြစ်နေပါက ဆေးပညာလေ့လာရာတွင်အသုံးချနိုင်ကာ လူသားများကိုအကျိုးပြုနိုင်လိမ့်မည်။
ကျိုးယွီဖုန်းက ယွင်ရုန်ပြောသည်ကိုကြားခဲ့ဖူးသည့်အတိုင်းပင် ပင်စည်အသီး(stem fruit)ဟု အမှန်တိုင်းပြောပြလိုက်သည်။ဆရာဝန်က ပြန်သွားပြီးနောက် မျှော်လင့်ချက်အပြည့်ဖြင့် ပျော်ရွှင်စွာရှာကြည့်လိုက်သည်။ပင်စည်အသီးဆိုတာက ဘာအပင်ကအသီးလဲ။
သူတို့စစ်ဆေးကြည့်လိုက်သောအခါ ထိုအသီးသည် ရှေးစာများရှိတောင်နှင့်ပင်လယ်*မှအပင်တစ်ခုဖြစ်ကြောင်းသိလိုက်ရသည်။စားလိုက်ပါက နားကန်းသည်ကိုကုသပေးနိုင်၏။
(Tn:တောင်နှင့်ပင်လယ်-500-200BCလောက်က နယ်မြေအများအပြားပါဝင်သည့်နေရာတစ်ခု၊ ဒဏ္ဍာရီများ၊မှော်ပညာနှင့် ကျော်ကြားသည့်ထုံးတမ်းများရှိသောကာလတစ်ခု)
အဲ့ဒါကတကယ်မဟုတ်ဘူးမလား။
သူတို့ကထပ်မေးချင်သော်လည်း ကျိုးယွီဖုန်းနှင့်ကျိုးမင်မင်ကဆေးရုံမှထွက်သွားကြပြီဖြစ်သည်။
သူတို့အိမ်ပြန်ရောက်ပြီးနောက် ကျိုးမင်မင်ကမေးဖို့သတိရလာသည်။
“မား အဲ့ဒီအသီးကိုဘယ်သူပေးလိုက်တာလဲ”
ကျိုးယွီဖုန်းက ယွင်ရုန်ကိုတွေးမိသွားပြီး လေးစားကြည်ညိုသောအမူအရာဖော်ပြလာသည်။သူမကခံစားချက်အပြည့်ဖြင့်ပြောပြလာသည်။
“သူမက အမေတို့ကုမ္ပဏီကဝန်ထမ်းတစ်ယောက်ပါ အရင်တုန်းကတော့အမေကသူ့ကို မိန်းမငယ်လိုဘဲသဘောထားခဲ့တာ သူကသမီးကိုတကယ်ကုပေးနိုင်မယ်လို့မထင်ထားဘူး”
“သမီးရဲ့နားတွေကို ချက်ချင်းကောင်းအောင်ကုပေးနိုင်တယ်ဆိုတော့ အဲ့ဒီအသီးကသာမာန်ပစ္စည်းတော့မဟုတ်လောက်ဘူး မား သမီးတို့တွေသူ့ကိုသေချာကျေးဇူးတင်ရမယ်”
ကျိုးမင်မင်ကပြောလာသည်။၎င်းက သူမနားကိုကုပေးလိုက်ရုံတင်မကပေ။သူမ၏အနာဂတ်ကိုပါ ကယ်တင်ပေးလိုက်ခြင်းဖြစ်သည်။
ကျိုးမင်မင်က သူမသာတစ်ဘဝလုံးနားမကြားရဘဲနေသွားရပါက သူမ၏နေ့ရက်များကိုဘယ်လိုတောင်ဖြတ်သန်းရမည်ကို တွေးတောင်မတွေးကြည့်နိုင်ပေ။
“ဒါပေါ့ အမေကသူ့အတွက်အမှတ်တရစားပွဲလုပ်ပေးမလို့တောင်ပြင်ပြီးနေပြီ နောက်ဆိုရင်လတိုင်းရဲ့ပထမရက်နဲ့ ၁၅ရက်နေ့မြောက်တွေမှာ သူမဘဝကိုကာကွယ်ပေးပြီး တစ်ဘဝလုံးဘေးကင်းလုံခြုံဖို့အမွှေးတိုင်ထွန်းပြီး ပူဇော်ကြမယ်”
ကျိုးယွီဖုန်းက ထိုအကြောင်းကိုတွေးထားပြီးသားဖြစ်ကာ ၎င်းကသူတို့ရွာ၏ထုံးစံတစ်ခုပင်။သူတို့ကဤသို့သောအရာကို သူတို့ရင်ထဲတွင်အလေးထားဆုံးဖြစ်သည့်သူများပေါ်တွင်သာလုပ်ခြင်းဖြစ်သည်။
“မင်မင် ဒါကသမီးတစ်ဘဝလုံးကိုကယ်တင်ပေးလိုက်တာဘဲ ဒီကျေးဇူးကိုမေ့ပစ်လိုက်လို့မရဘူးနော်”
ကျိုးမင်မင်ကခေါင်းငြိမ့်ကာ သဘောပေါက်ကြောင်းပြလာသည်။
“မား သမီးနားလည်ပါတယ်”
ယွင်ရုန်နှင့်လုဟယ်နျန်တို့ရုံးပြန်လာသောအခါ အဝေးတစ်နေရာမှ ရွှေရောင်အလင်းစက်လေးတစ်ခုက လွင့်လာပြီးယွင်ရုန်၏ကိုယ်ထဲဝင်သွားသည်။သူမက ခဏလောက်ရပ်သွားပြီးမှ ပြုံးလိုက်သည်။
“ဘာဖြစ်လို့လဲ”
လုဟယ်နျန်ကလည်း သူမရပ်သွားသဖြင့်လိုက်ရပ်လာသည်။
“အခုလေးတင် လူတစ်ယောက်ကျေးဇူးတင်တာကို ရလိုက်တယ်”
ယွင်ရုန်ကပြုံးကာပြောပြလာသည်။
“ဒုတိယအစ်ကို ကျွန်မအရမ်းပျော်တာဘဲ ဒါက ပိုက်ဆံအများကြီးရတာထက်ပိုပြီးပျော်ရတယ်”
သူမအတွက်လူသားတစ်ယောက်၏အရင်းခံဆုတောင်းကိုမကြားခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။၎င်းကသူမ၏တောင်စောင့်နတ်အလုပ်ကိုလုပ်ရကျိုးနပ်သွားစေသည်။
သူမက လွယ်လင့်တကူစိတ်ကျေနပ်တတ်လေသည်။လုဟယ်နျန်ကရယ်ကာ သူမခေါင်းကိုပွတ်ပေးလိုက်သည်။
နေ့လယ်တွင်ပုံမှန်အတိုင်း အလုပ်လုပ်ပြီးနောက် အလုပ်ဆင်းချိန်ရောက်သောအခါ ယွင်ရုန်က ကျန်းရှုဟွားဆီမှဖုန်းရလာသည်။သူမက ယွင်ရုန်အားအိမ်တွင်ညစာလာစားရန်ပြောလာ၏။ကျန်းရှုဟွားက သူမသားအကြောင်းသိသည်။သူမသာ လုဟယ်နျန်ကိုအရင်သွားပြောပါက သေချာပေါက်အလုပ်ဖြစ်မှာမဟုတ်ပေ။ထို့ကြောင့်သူမက ယွင်ရုန်ဆီတိုက်ရိုက်ပြောလိုက်သည်။ယွင်ရုန်ကသဘောတူလိုက်သရွေ့ လုဟယ်နျန်လည်းမတတ်နိုင်ဘဲနာနာခံခံဖြင့် သဘောတူရလိမ့်မည်။
ကျန်းရှုဟွားကဖိတ်ခေါ်လာပြီဖြစ်သဖြင့် ယွင်ရုန်ကငြင်းစရာမရှိပေ။ထို့အပြင် သူမအရင်တစ်ခါလုမိသားစုတွင်သွားစားတုန်းကလည်း ဒေါ်လေးကျန်းကသူမအပေါ်ကောင်းကောင်းဆက်ဆံခဲ့ပေသည်။ထို့ကြောင့်သူမက ထင်ထားသည့်အတိုင်း သဘောတူလိုက်သည်ပင်။
အလုပ်ပြီးသောအခါ ယွင်ရုန်ကလုဟယ်နျန်ကားနှင့်အတူ လုမိသားစုအိမ်သို့လိုက်လာခဲ့သည်။ကားပါကင်သို့ရောက်သောအခါ လုဟယ်နျန်ကရပ်လိုက်ပြီး သူမကိုပြောလာ၏။
“ဟိုရောက်လို့ ကိုယ့်အမေတစ်ခုခုထူးဆန်းတာပြောလာရင် မသိဘူးလို့ဘဲပြန်ဖြေလိုက်နော် ဟုတ်ပြီလား”
ယွင်ရုန်ကနားမလည်ပေ။ဒေါ်လေးကျန်းက ဘာထူးဆန်းတာပြောစရာရှိလို့လဲ။သို့သော်လုဟယ်နျန်က ထိုသို့ပြောနေသဖြင့် သူမကခေါင်းငြိမ့်ပြလိုက်သည်။
သူတို့နှစ်ယောက်က အိမ်ထဲသို့ဝင်လာကြသည်။ယွင်ရုန်ကသူမဖိနပ်များကိုချွတ်ပြီး ဧည့်သည်စီးဖိနပ်ဖြင့်လဲတော့မည့်အချိန်တွင် ကျန်းရှုဟွားက အိမ်စီးဖိနပ်အသစ်တစ်ရံထုတ်ပေးလာ၏။
“ရှောင်ယွင် လာ ဒေါ်လေးကသမီးအတွက်ဖိနပ်အသစ်ဝယ်ထားပေးတယ် ဒါကိုစီးလိုက်နော် ”
ယွင်ရုန်ကအံ့ဩသွားကာ လုဟယ်နျန်ကိုကြည့်လိုက်သည်။သူဘာမှမတုံ့ပြန်သဖြင့် သူမကပြုံးကာပြန်ဖြေလိုက်သည်။
“ကျေးဇူးပါ ဒေါ်လေး”
သူမက ဘယ်ဖိနပ်ဘဲစီးရစီးရစိတ်ထဲမထားပေ။သို့သော်သူမအတွက်အထူးတလည်ပြင်ထားပေးရာ ယွင်ရုန်ကအလွန်ကျေးဇူးတင်သွားသည်။
ယွင်ရုန်ခေါင်းငုံ့သွားသည့်အချိန်မှသာ လုဟယ်နျန်က မဒမ်ကျန်းကိုကြည့်လိုက်သည်။
ယွင်ရုန်နားမလည်ပေမယ့် သူကတော့နားလည်တယ်လေ။ဘယ်သူကများ သူများအိမ်မှာ ကိုယ့်အိမ်စီးဖိနပ်ဆိုပြီးအသေလုပ်ထားမှာလဲ။အဲ့လိုလုပ်တာက သူတို့ကအတူနေရင်နေ၊မဟုတ်ရင် အိမ်ကိုခနခနအလည်လာတတ်လို့ဘဲ။သူ့အမေရဲ့ရည်ရွယ်ချက်လေးက မျက်နှာပေါ်မှာထင်းထင်းကြီးမြင်နေရတယ်။
သူမသား၏အကြည့်ကိုမြင်သောအခါ ကျန်းရှုဟွားကနည်းနည်းလေးတောင် မကြောက်သွားဘဲ မျက်ခုံးပင့်ပြီးတမင်တကာပြောလိုက်သည်။
“ဘာကိုကျေးဇူးတင်တာလဲကွယ် နောက်ဆိုဒေါ်လေးဆီခဏခဏလာပြီးအဖော်လုပ်ပေးပေါ့ အရင်တစ်ခါသမီးပြန်သွားကတည်းက ဒေါ်လေးကလွမ်းနေတာ”
ယွင်ရုန်အတွက်ပြင်ပေးထားသည့်ဖိနပ်များမှာ အဖြူရောင်ဖြစ်သည်။ထိုဖိနပ်စီးလိုက်ပြီးနောက် အနက်ရောင်စီးထားသည့် လုဟယ်နျန်ဘေးတွင်ရပ်လိုက်သောအခါ စုံတွဲလိုဖြစ်နေလေသည်။
ကျန်းရှုဟွား၏မျက်နှာပေါ်တွင်မဖော်ပြသော်လည်း သူမရင်ထဲတွင် ပျော်ရွှင်မှုများဖြင့်ပွင့်လန်းနေပြီဖြစ်သည်။
သူမကယွင်ရုန်၏လက်ကိုဆွဲကာ အိမ်ထဲသို့ခေါ်သွားသည်။
“အရင်တစ်ခါသမီးလာတုန်းက ပင်လယ်စာစားရတာကြိုက်တာကို ဒေါ်လေးသတိထားမိလို့ ဒေါ်လေးဝမ်ကို ပင်လယ်စာတွေချည်းဘဲအထူးပြင်ခိုင်းထားတယ် ဒီညသမီးများများစားရမယ်နော်”
အစားအစာအကြောင်းကြားသောအခါ ယွင်ရုန်ကပိုလို့တောင်ရိုးသားစစ်မှန်စွာပြုံးလိုက်သည်။
“ကျေးဇူးပါ ဒေါ်လေး”
သူမ၏အပြုံးက ဗောဓိသတ္တ၏ဘေးစောင်းအသွင်လိုပင်ဖြစ်ကာ ထက်မြက်ကာကြည်လင်တောက်ပပြီး ကြင်နာသည့်မျက်လုံးများလည်းရှိသည်။ကျန်းရှုဟွားကယွင်ရုန်၏ပုံစံကိုမြင်သောအခါ ရင်ထဲတွင်ပြောင်းလဲသွားသည်။အစကသူမသည် ယွင်ရုန်ကိုချွေးမလောင်းလေးလိုဆက်ဆံခြင်းဖြစ်သော်လည်း အခုတွင်မူသမီးအရင်းလေးလိုသာဆက်ဆံချင်တော့သည်။သူတို့ကဆိုဖာပေါ်တွင်ထိုင်ပြီးနောက် သူမကယွင်ရုန်၏ပုခုံးကိုဖက်လိုက်သည်။
“ရှောင်ယွင် သမီးကဘယ်ကလာတာလဲ”
ယွင်ရုန်ကမဖြေခင် လုဟယ်နျန်ကိုအလိုအလျောက်ကြည့်လိုက်ပြီးမှ ပြန်ဖြေလာသည်။
“သမီးက တန့်ချိုးတောင်ကပါ”
“တန့်ချိုးတောင်ကလား တန့်ချိုးတောင်ကနေရာကောင်းဘဲ အဲ့ဒီကရူခင်းနဲ့လေထုကအရမ်းကောင်းတယ်”
ကျန်းရှုဟွားကချီးကျူးလိုက်ကာ သူမရင်ထဲတွင်စတင်အတွေးလွင့်လာသည်။
တန့်ချိုးတောင်မှာရွာသေးသေးလေးတွေရှိတယ်။ကြည့်ရတာ ယွင်ရုန်ကအဲ့ဒီရွာလေးတွေထဲကလာတာဖြစ်မယ်။
သို့သော်၎င်းကကိစ္စမရှိပေ။လုမိသားစုက မိသားစုနောက်ခံကိုမကြည့်တတ်ပေ။သူမ၏အကြီးဆုံးချွေးမသည်လည်း သာမာန်လုပ်ငန်းရှင်မိသားစုမှဖြစ်သည်။သူမ၏အငယ်ဆုံးချွေးမလောင်းလေး၏အခြေအနေက အနည်းငယ်ဆိုးရွားနေလည်းဘာမှမဖြစ်ပေ။မည်သို့ပင်ဖြစ်စေ သူမသားကစွမ်းဆောင်ရည်ရှိသဖြင့် ရပ်တည်နေထိုင်ရန် ဇနီးဖြစ်သူမိသားစုအပေါ်မှီခိုစရာမလိုပေ။
ထို့အပြင်သူမသား၏ဘဝကံကြမ္မာကိုဖြေရှင်းပေးရန်ကလည်း မိန်းကလေးအပေါ်မူတည်နေ၏။သူမကိုလက်နှစ်ဖက်ထဲသေချာကိုင်ထားပြီးမှတော့ အခုချိန်မှကောင်မလေးကိုမနှစ်မြို့သလိုလုပ်ဖို့ဖြစ်နိုင်ပါ့မလား၊နောက်ကျလွန်းနေပြီ။
အရေးကြီးဆုံးအရာမှာ မိန်းကလေး၏အကျင့်စရိုက်ကောင်းမကောင်းသာဖြစ်သည်။ကျန်သည့်အရာများက ဒုတိယပင်။ထိုသို့တွေးပြီးနောက် ကျန်းရှုဟွား၏ယွင်ရုန်အပေါ် အကြည့်များကပိုလို့တောင်နွေးထွေးလာခဲ့သည်။သူမကထပ်မေးလိုက်သည်။
“ရှောင်ယွင် သမီးမိဘတွေက ဘာလုပ်ကြလဲ အိမ်မှာအခြားမောင်နှမတွေရောရှိလား”
ဘာလို့အဲ့လိုမေးတာလဲ။သူမမှာဘယ်ကများ မိဘနဲ့မောင်နှမတွေရှိနိုင်မှာလဲ။ပြီးတော့ဒီလိုမေးခွန်းကိုဘယ်လိုဖြေရမှာလဲ သူမမသိဘူး။
ယွင်ရုန်က လုဟယ်နျန်ကိုလှမ်းကြည့်လိုက်သည်။
လုဟယ်နျန်ကပြောဖို့လုပ်လိုက်သည့်အချိန်တွင် ကျန်းရှုဟွားကချက်ချင်းပင်မပျော်မရွှင်ဖြစ်သွားသည်။သူမကယွင်ရုန်ကိုဖက်ပြီး လုဟယ်နျန်ကို လှမ်းပြောလိုက်သည်။
“ဟယ်နျန် နင်ကယောက်ျားကြီးဖြစ်ပြီး အရမ်းလွှမ်းမိုးချုပ်ကိုင်တာမျိုးမလုပ်သင့်ဘူး အမေမေးတာကို နင်ဝင်မဖြေစမ်းနဲ့”
ထို့နောက်သူမကယွင်ရုန်၏ကျောကိုပုတ်ပေးပြီး နွေးထွေးစွာပြောလာသည်။
“ရှောင်ယွင် သမီးပြောချင်တာရှိရင် ဒေါ်လေးကိုထုတ်ပြောဖို့မတွေဝေနဲ့နော် အမှားလုပ်မိရင်တောင်မှ စိုးရိမ်စရာမလိုဘူး ဒေါ်လေးကသမီးကိုအပြစ်တင်ရက်ပါ့မလား”
လုဟယ်နျန်ကဆွံ့အသွားသည်။
ဒါကဘယ်လိုများ သူ့အပြစ်ဖြစ်သွားတာလဲ။
ယွင်ရုန်က ကျန်းရှုဟွားဖက်သည်ကိုခံထားရကာ လုဟယ်နျန်ကိုလှမ်းကြည့်လာသည့်ပုံစံက သနားစရာကောင်းနေလေသည်။
သူမက ဘယ်မှာကြောက်လို့လဲ။ဒီအတိုင်း ဘယ်လိုဖြေရမလဲမသိတာပါဆို။
“ယွင်ရုန်တို့မိသားစုမှာ သူတစ်ယောက်ထဲရှိတာ မိဘတွေကလည်းဆုံးပါးသွားပြီ”
သူမအမူအရာကို မြင်သောအခါ လုဟယ်နျန်က မနေနိုင်ဘဲဝင်ဖြေပေးလိုက်သည်။
ကျန်းရှုဟွားကထိုသို့ဖြစ်နေမည်ဟု မထင်ထားသဖြင့် ယွင်ရုန်အတွက်စိတ်သောကရောက်သွားသည်။သူမကယွင်ရုန်၏ခေါင်းကိုပွတ်ပေးကာ နှစ်သိမ့်လိုက်သည်။
“ဒေါ်လေးမမေးလိုက်သင့်တာပါ နောက်ဆိုရင် တစ်ခုခုဆိုတာနဲ့ဒေါ်လေးကိုလာရှာလို့ရတယ်နော် ဒေါ်လေးကသမီးကိုထောက်ပံ့ပေးမယ်”
ယွင်ရုန်က စကားပြောနေရင်းဖြင့် လူသားတစ်ယောက်ဖက်လာသည်ကိုတစ်ခါမှမခံဖူးပေ။သူမကအနည်းငယ်နေရခက်သွားသည်။ထိုအချိန်မှာဘဲ လုနန်ရှန်းရောက်လာသဖြင့် သူမကလျင်မြန်စွာထရပ်ပြီး လုဟယ်နျန်ဘေးတွင်ဝင်ထိုင်ကာ သူမနေရာကိုလုနန်ရှန်အားပေးလိုက်သည်။
လုနန်ရှန်းက သူ့မိန်းမဆီမှယွင်ရုန်အကြောင်းကိုကြားဖူးပြီးသားဖြစ်သည်။ယွင်ရုန်က သူ့အတွက်နေရာဖယ်ပေးဖို့လုပ်နေသည်က အတော်လေးလိမ်မာသည့်ပုံပေါ်လေသည်။သူကပြုံးလိုက်ကာ လက်ဆောင်ဘူးလေးတစ်ဘူးကိုကော်ဖီစားပွဲပေါ်တင်ပြီးပြောလိုက်သည်။
“ရှောင်ယွင် သမီးအရင်တစ်ခါလာတုန်းက နှုတ်ဆက်လက်ဆောင်တောင်မပေးလိုက်ရဘူး ဒါကိုသမီးအတွက်ပြင်ထားပေးတာ မြန်မြန်လေးဖွင့်ကြည့်ပြီး သဘောကျမကျကြည့်လိုက်ပါဦး”
ကျန်းရှုဟွားနှုတ်ဆက်လက်ဆောင်ပေးသောအခါ တိုက်ရိုက်ပင်တိုက်ခန်းတစ်ခန်းပေးခဲ့လေသည်။အခုချိန်တွင်တိုက်ခန်းကိုပြင်ဆင်နေဆဲဖြစ်ကာ သူမကလည်းလုမိသားစု၏အနေအထားကိုပိုပိုသဘောပေါက်လာခဲ့သည်။သူတို့ပိုက်ဆံတစ်ခါသုံးပါက သိန်းသန်းကျော်ရင်ကျော် မဟုတ်ပါက မီလီယမ်ကျော်တတ်ပေသည်။
ဒါက သူမဒါကိုယူတောင်မယူရဲတော့ဘူး။
“ဦးလေး ဒေါ်လေးကသမီးကိုလက်ဆောင်ပေးပြီးသွားပါပြီ ဒါကိုတော့တကယ်ဘဲလက်မခံနိုင်ပါဘူး”
ယွင်ရုန်ကပြန်ပြောလိုက်သည်။
လုနန်ရှန်းက လက်ကာပြလာသည်။
“သမီးဒေါ်လေးက ဒေါ်လေး၊ ဦးလေးကဦးလေးသက်သက်ပေးတာပါ အလည်လာမှတော့ နှုတ်ဆက်လက်ဆောင်ယူရမှာပေါ့ သမီးစိတ်ပေါ့ပေါ့နဲ့သာလက်ခံလိုက်ပါ ဘာမှဝန်လေးနေစရာမလိုဘူး”
လုဟယ်နျန်က သူ့မိဘများကို မတတ်နိုင်တော့သလိုကြည့်လိုက်ပြီး ယွင်ရုန်ကိုနူးညံ့စွာပြောလိုက်သည်။
“ဖွင့်ကြည့်လိုက်ပါဦး”
ပေးလာပြီဆိုမှတော့ မယူလို့လည်းမရတော့ဘူးလေ ဟုတ်တယ်မလား။
ယွင်ရုန်က လူသားများပေါင်းသင်းဆက်ဆံသောနည်းလမ်းများကိုနားမလည်ပေ။လုဟယ်နျန်ကထိုသို့ပြောလာသဖြင့် သူမကခနလောက်တွေဝေနေပြီးနောက် လုနန်ရှန်းကို ချစ်စရာကောင်းစွာကျေးဇူးတင်လိုက်သည်။ထို့နောက်သူမကလက်ဆောင်ဘူးကို ဂရုတစိုက်ဖွင့်ကြည့်လိုက်သည်။
လက်ဆောင်ဘူးက ငှက်မွှေးလိုပေါ့ပါးနေ၏။ဖွင့်လိုက်သောအခါ အထဲတွင်ကားသော့တစ်ခုရှိနေသည်။လုနန်ရှန်းကပြုံးကာပြောပြလာသည်။
“ဒါကနောက်ဆုံးပေါ်ပြိုင်ကားလေ ဒီ ဒီဇိုင်းမျိုးက သမီးတို့လိုမိန်းမငယ်လေးတွေနဲ့အရမ်းလိုက်တယ်”
ပုံမှန်အားဖြင့် အငယ်များကိုပေးသောလက်ဆောင်မှာ ကျောက်မျက်ရတနာကဲ့သို့အရာများဖြစ်သည်။သို့သော်ယွင်ရုန်က ဆယ်မီလီယမ်တန်သည့်ကျောက်စိမ်းကိုတောင်ထုတ်ပေးနိုင်သည်ကိုတွေးမိသွားသောအခါ သူကထိုအကြံကိုပယ်လိုက်သည်။ကျန်းရှုဟွားက တိုက်ခန်းပေးပြီးပြီဖြစ်သဖြင့် သူကလိုက်ဖက်သွားအောင်ကားတစ်စီးပေးလာခြင်းပင်။
လုဟယ်နျန်က ကားဘရန်းကိုကြည့်လိုက်ကာ သူ့မျက်လုံးများကနက်မှောင်သွားသည်။သူ့အဖေပိုက်ဆံဖြုန်းတဲ့အဆင့်က အရမ်းမြင့်တာဘဲ။
ယွင်ရုန်က သူမကားမမောင်းတတ်ကြောင်းပြန်ပြောတော့မည့်အချိန်တွင် အသံစူးစူးတစ်ခုက အပြင်ဘက်မှဝင်ရောက်လာသည်။
“ဒီနေ့ကဘာနေ့လဲ အိမ်မှာဘာလို့အရမ်းတွေသက်ဝင်လှုပ်ရှားနေကြတာလဲ အို ဒါကဘယ်အိမ်ကမိန်းကလေးလဲ အမေနဲ့အဖေက ဟယ်နျန်အတွက်ကြင်ဖက်တွေ့ပေးဖို့လုပ်နေပြန်တာလား ဒီမိန်းကလေးကအရမ်းငယ်တာဘဲ ဟယ်နျန်ရဲ့ကံတရားနဲ့ဆိုရင် ဘယ်မိန်းမငယ်လေးမှ ကြံ့ကြံ့ခံနိုင်မှာမဟုတ်ဘူး”
ယွင်ရုန်ကထိုအသံကိုကြားသောအခါ မနှစ်မြို့မှုက သူမရင်ထဲတွင်ဖြစ်ပေါ်လာသည်။သူမလှည့်ကြည့်လိုက်သောအခါ ပိန်ပိန်သွယ်သွယ်နှင့်အသက်လေးဆယ်အရွယ်မိန်းမတစ်ယောက်က တံခါးဝတွင်ရပ်နေသည်ကိုမြင်လိုက်ရသည်။သူမမျက်နှာကအသားအရေမရှိသလိုပင်ပိန်လှီနေပြီး အရေပြားများကအနည်းငယ်နက်မှောင်နေကာ မျက်လုံးအိမ်ကြီးကြီးများကအသက်မဝင်ဖြစ်နေ၏။သူမဆီတွင် ကြမ်းတမ်းခက်ထန်မှုများကိုမြင်နေရသည်။သူမဘေးတွင် သူမနှင့်ဆင်သည့်ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ရပ်နေသည်။
“ရူပိ ချင်ချင် နင်တို့ဘယ်လိုရောက်လာတာလဲ”
ကျန်းရှုဟွားက ရူပိစကားများကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး သူမရင်ထဲတွင်ဒေါသထွက်လာသည်။စကားကောင်းကောင်းမပြောတတ်တာ ဘာမှမဖြစ်ဘူး။ဒါပေမယ့်အခုကဧည့်သည်ရှိနေတာကို ပါးစပ်ကပုတ်စော်နံအောင်ပြောလာသေးတယ်။တကယ်ကိုလူကြားမကောင်းဘူး။
“အမေကလည်း အမေအဲ့လိုပြောတော့ သမီးကကိစ္စမရှိရင်မလာရတော့ဘူးလား”
ရူပိက လုအိမ်မှမိဘနှစ်ယောက်ဒေါသဖြစ်လာသည်ကိုမြင်သောအခါ ပျော်သွားသည်။သူမကကိုယ့်ကိုကိုယ်သတိပေးကာပြောလိုက်သည်။
“စုန့်နျန်က အလုပ်ကိစ္စနဲ့Mနိုင်ငံကိုသွားတုန်း အဖေနဲ့အမေတို့အတွက်ပစ္စည်းတစ်ချို့ဝယ်လာပေးတယ် ချင်ချင်နဲ့ကျွန်မက အဲ့ဒါတွေကိုအထူးတလည်လာပို့တာ”
ထို့နောက်သူမက အိတ်ကြီးတစ်ခုကိုကော်ဖီစားပွဲပေါ်သို့တင်လာသည်။သူမကအခြားသူများဖိတ်ခေါ်တာကိုတောင်မစောင့်ဘဲ သူမဘာသာနေရာယူလိုက်လေသည်။
⛰️