Chapter 80
Viewers 5k

⛰️Chapter 80




ထိုအချိန်တွင် ကောင်ချောလေးပိုင်မော့ကတံခါးပြန်ပိတ်နေကာ ယွင်ရုန်ကချက်ချင်းမေးလာ၏။


“ရှင်တကယ်ဘဲ ဘာတွေသိထားတာလဲ အခုဆိုကျွန်မတို့နှစ်ယောက်ဘဲရှိတော့တယ် ရှင်ပြောပြလို့ရပြီ”


ပိုင်မော့က ခုနလေးတင်ရေချိုးထားခြင်းဖြစ်ကာ ရေချိုးဝတ်ရုံကို ဖြစ်သလိုဝတ်ထားလေသည်။သူ့ခါးပေါ်မှခါးစည်းကြိုးကို ခပ်ပြေပြေစည်းထားကာ ဖြူဖွေးကြည်လင်ပြီး ကြွက်သားအပြည့်ရှိသည့် ရင်အုပ်ကျယ်ကြီးကိုဖွင့်ပြထားလေသည်။ယွင်ရုန်၏စကားကိုကြားသောအခါ ပိုင်မော့က ပျင်းရိစွာရယ်ပြီးပြောလာ၏။


“အားယွင် ကိုယ်တို့က ဒီလိုလှပ‌တဲ့ညလေးမှာ အချင်းချင်းတွေ့ရတာကို ဘာလို့အဲ့ဒီအကြောင်းတွေပြောနေမှာလဲ အဲ့ဒီအစား ပိုပြီးအဓိပ္ပါယ်ရှိတဲ့အရာတွေကိုလုပ်တာက ပိုကောင်းတာပေါ့”


ပိုင်မော့၏အပြုံးကိုမြင်လိုက်ရသောအခါ ယွင်ရုန်နေ့လယ်ခင်းတုန်းကခံစားခဲ့ရသည့် ရင်းနှီးသည့်ခံစားချက်များပြန်ဖြစ်ပေါ်လာသည်။ယွင်ရုန်ကနည်းနည်းစိတ်လွင့်သွားကာ သတိလက်လွတ်မေးလိုက်‌မိသည်။


“ဘယ်လိုအဓိပ္ပါယ်ရှိတဲ့အရာတွေလဲ”


ပိုင်မော့၏နှုတ်ခမ်းများကပိုလို့တောင်ကွေးညွတ်လာကာ သူ့မျက်ဝန်းထဲတွင်လည်း အပြုံးရိပ်များဖြင့်ပြည့်နှက်လာသည်။


သူ့ပုံစံက အသိသာပင် ခန့်ခန့်ညားညားယောက်ျားကြီးပုံစံဖြစ်နေသော်လည်း သူ့အပြုအမူများထဲတွင် ညှို့ငင်မှုတစ်ချို့ပါဝင်နေ၏။သူကဖြေးဖြေးချင်းလက်ဆန့်ထုတ်လာပြီး ယွင်ရုန်၏လက်ကိုသူ့လက်ဖဝါးထဲတွင်ဆုပ်ကိုင်လိုက်သည်။သူက သူမကိုအိပ်ရာဆီရာသို့ဆွဲခေါ်သွားရင်းပြောလာလေသည်။


“အားယွင် ဒီကိုလာခဲ့ ကိုယ်တို့ဖြေးဖြေးချင်းစကားပြောကြတာပေါ့”


ယွင်ရုန်က သူမကိုယ်သူမက ရင်းနှီးကာလွမ်းဆွတ်ဖွယ်ကောင်းသည့် ခံစားချက်ထဲနစ်မြုပ်နေသလိုခံစားမိလာသည်။ သူမရှေ့၌အိပ်မက်မက်နေသလို မြူများဆိုင်းနေ၏။သူမကမသိလိုက်ပါဘဲ ပိုင်မော့နောက်မှလိုက်သွားမိသည်။သူမရှေ့မှသူက ပိုင်မော့မဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်နေသည့်အလားပင်။


“အားဟယ်。。。。”

ယွင်ရုန်က လွှတ်ခနဲအော်ခေါ်လိုက်သည်။


“ဟုတ်ပြီ လိမ်မာလိုက်တာ ဒီကိုလာခဲ့”


ပိုင်မော့၏အသံရောအပြုံးကပါ နူးညံ့ညင်သာနေပြီး ညှို့ယူ‌မှုအရိပ်အယောင်တစ်ချို့ကိုသယ်ဆောင်ထားလေသည်။သူက ယွင်ရုန်ကို ချော့ပြီးထိုင်ခိုင်းကာ သူမ၏လည်ပင်းကို ထိရန်လုပ်လာသည်။


သူမ၏လည်ပင်းက မွှေးကြိုင်နူးညံ့နေကာ ဝိညာဉ်စွမ်းအင်များစွာကိုသယ်ဆောင်ထားလေသည်။ပိုင်မော့က အလိုလိုနှုတ်ခမ်းသပ်လိုက်မိသည်။


ဒီလိုအရသာရှိတဲ့စားစရာမျိုးက တစ်ခါတည်းစားလိုက်ရုံနဲ့မလုံလောက်ဘူး။သူဖြေးဖြေးချင်းနဲ့ ထပ်ခါတလဲလဲစားချင်တယ်။


ထိုသို့တွေးပြီးနောက် သူကခေါင်းငုံ့ကာ ယွင်ရုန်၏ဆံပင်များကြားထဲ နှာခေါင်းနှစ်ချင်လာသည်။သူကပြင်းပြင်းပြပြရှူသွင်းပြီး ပြောလိုက်သည်။


“အားယွင် အားဟယ်ကမင်းကို ပျော်စရာကောင်းတာတွေလုပ်ဖို့ခေါ်သွားပေးမယ်。。。”


မဟုတ်ဘူး မဟုတ်သေးဘူး။တစ်ခုခုတော့မှားနေပြီ။

ယွင်ရုန်က တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ပိုပိုပြီးခံစားမိလာသည်။၎င်းကသူမကို‌ အားဟယ်ကဒီလိုမဟုတ်ဘူးဟု ပြောပြနေသည့်အသံတစ်ခုရှိနေသလိုပင်။အားဟယ်က သူမကိုဒီလိုဆက်ဆံမှာမဟုတ်ဘူး။


ပိုင်မော့၏နှုတ်ခမ်းက ယွင်ရုန်၏မျက်နှာကိုထိတော့မည့်အချိန်မှာဘဲ ယွင်ရုန်က‌ တစ်ကိုယ်လုံးတုန်သွားကာ ချက်ချင်းအသိဝင်သွားသည်။သူမက အေးစက်စက်စိုက်ကြည့်လိုက်သည်။


“အသက်သုံးရာဘဲရှိသေးတဲ့ ကလေးပေါက်စက ငါ့ကိုလှည့်စားရဲတယ်ပေါ့ နင်အသက်ရှင်ရတာပျင်းနေပြီထင်တယ်”


ပိုင်မော့က ကြောက်မက်ဖွယ်ကောင်းသည့်အင်အားတစ်ခု သူ့အပေါ်ဖိနှိပ်လာသည်ကိုသာခံစားလိုက်ရသည်။သူဘာမှမတုံ့ပြန်နိုင်သေးခင်မှာဘဲ ယွင်ရုန်ကန်ထုတ်သည်ကိုခံလိုက်ရကာ ဘုန်းခနဲပြုတ်ကျသွားလေသည်။


ယွင်ရုန်က ဒေါသမပြေနိုင်ဘဲ အိပ်ရာပေါ်တွင်ထိုင်ချလိုက်သည်။သူမက လက်ဆန့်ပြီးပိုင်မော့၏လည်ပင်းမှကိုင်ကာ အိပ်ရာပေါ်တွင်မြှောက်ထားလိုက်သည်။သူမအသံကအေးစက်နေ၏။


“ဘယ်သူကများ နင့်ကို ငါ့ဆီလာပြီးလှည့်စားရဲလောက်တဲ့အထိ သတ္တိပေးထားတာလဲ”


ဒီတစ်ကြိမ်တွင် ယွင်ရုန်က တကယ်ဒေါသထွက်နေလေသည်။ယွင်ရုန်၏စိတ်ကအမြဲပင် အလွန်နူးညံ့ကာ ဂရုမစိုက်တတ်သောသဘောရှိ၏။သူမက နတ်ဘုရားတစ်ပါးဖြစ်ကာ သူမ၏သက်တမ်းတစ်လျှောက်တွင် ဘယ်လိုကိစ္စကမှ သူမကိုဒေါသမထွက်စေခဲ့ပေ။အချိန်နှင့်ယှဉ်ကြည့်လိုက်လျှင် ထိုအရာများက မြစ်ထဲမှရေတစ်စက်အရွယ်သာရှိသည်။


သို့သော် ပိုင်မော့ သူမကိုလုပ်ဖို့ကြိုးစားနေသည့်အရာကိုတွေးကြည့်လိုက်သောအခါ သူက ထိုယောက်ျားအယောင်ဆောင်ပြီး သူမကိုထင်ယောင်ထင်မှားဖြစ်သွားအောင်လုပ်ဖို့ကြိုးစားခဲ့လေသည်။


၎င်းကိုသူမလုံးဝ သည်းမခံနိုင်ပေ။သူမအိပ်မက်ထဲမှယောက်ျားက ဘယ်သူဆိုသည်ကို မမှတ်မိနိုင်လျှင်တောင်မှ ဒီလိုအငယ်ပိုင်းမျိုးဆက်တစ်ယောက်က သူမကိုလာထိပါးရန်မဖြစ်နိုင်ပေ။


တောင်စောင့်နတ်ကဒေါသထွက်နေ၏။ချက်ချင်းဆိုသလိုပင် ‌ပြင်းထန်သည့်အင်အားတစ်ခုက ဖိနှိပ်လာသည်။‌‌ပတ်ပတ်လည်လေထုက လေးဘက်လေးရံလုံးမှဖိချထားသလိုပင် အချိန်‌တိုအတွင်းမှာဘဲ ပိုင်မော့ကအသက်မရှူနိုင်ဖြစ်လာသည်။သူကလူသားအသွင်ကိုတောင်ထိန်းမထားနိုင်တော့ဘဲ အဖြူရောင်ဒေါင်းမွှေးများကမျက်နှာပေါ်တွင်ပေါ်လာလေသည်။


ပိုင်မော့ ကြောက်လန့်တကြားအော်လိုက်မိသည်။


“မင်း မင်းက လူသားမဟုတ်ဘူး”


ယွင်ရုန်က သူမလက်ကို ထိုကဲ့သို့မြှောက်ထားသည်မှာ အတော်ကြာသွားပြီဖြစ်သည်။သူမက အိပ်ရာပေါ်မှထရပ်လာကာ သူမလက်ချောင်းများကလှုပ်ရှားသွားပြီး အစိမ်းရောင်အလင်းတစ်ခုထွက်လာသည်။


ပိုင်မော့ ချက်ချင်း ချည်နှောင်ခံလိုက်ရလေသည်။


သူမကအေးစက်စွာပြန်ပြောလိုက်သည်။


“ငါကလူသားလို့ နင့်ကိုဘယ်သူပြောတာလဲ”


ပိုင်မော့က ဒီလိုအခြေအနေမျိုးကြုံလိုက်ရသောအခါ နာနာကျင်ကျင်အော်ဟစ်လာ၏။


“ဘယ်သူမှမပြောပါဘူး ကျွန်တော့်ဘာသာခန့်မှန်းခဲ့မိတာပါ စီနီယာကျွန်တော်မှားသွားပါတယ် မျက်လုံးပါပေမဲ့*ထိုက်တောင်ကြီးကိုမမြင်ခဲ့မိဘူး* ကျွန်တော်တကယ်ဘဲတမင်လုပ်တာမဟုတ်ရပါဘူးဗျာ。。。。”

(TN:**ကြီးမြတ်သောသူတစ်ယောက်ကို မမှတ်မိနိုင်ခဲ့)


“အခုမှ မှားမှန်းသိတယ်ပေါ့ အရမ်းနောက်ကျသွားပြီ”


ယွင်ရုန်ကဒေါသဖြင့်ပေါက်ကွဲမတတ်ခံစားနေရကာ ပိုင်မော့ရှင်းပြသည်ကိုနားထောင်ရန်ငြင်းဆန်လေသည်။


သူမက ပိုင်မော့ငိုကြွေးနေသည့်အချိန်မှာဘဲ လက်မြှောက်လိုက်သောအခါ ကြာပွတ်တစ်ချောင်းပေါ်လာပြီး ပိုင်မော့ကိုရိုက်ချလိုက်သည်။


တစ်ဖက်တွင် အိမ်ရှိလုဟယ်နျန်ကခနလောက်တွေးကြည့်နေ၏။အဆုံးတွင်သူကမနေနိုင်တော့ဘဲ ကားကိုယူကာ မင်ကြွယ်ဟိုတယ်သို့ဦးတည်လိုက်သည်။


ပုံမှန်အားဖြင့်နာရီဝက်လောက်သွားရမည့်ခရီးက မထင်မှတ်ထားစွာဖြင့် ဆယ့်ငါးမိနစ်နှင့်ရောက်သွားလေသည်။


ဟိုတယ်လော်ဘီထဲသို့ရောက်သောအခါ တလက်လက်တောက်နေသောမီးရောင်များဖြင့် ထိုးခံလိုက်ရသည်။ရုတ်တရက်ပင် သူ့ပုံစံက ဟိုတယ်တွင်ဖောက်‌ပြန်နေသည့်မိန်းမဖြစ်သူကိုလာဖမ်းသည်နှင့်တူနေသည်ဟု ခံစားမိသွားကာ ရင်ထဲ၌ကြိတ်ကာနှာခေါင်းရှူံ့လိုက်မိသည်။

 

လုဟယ်နျန်၏နှုတ်ခမ်းများက ကွေးညွတ်လာကာ အန္တရာယ်ရှိသည့် အပြုံးတစ်ခု‌ဖြစ်ပေါ်လာသည်။သူရောက်နေပြီ‌ဆိုမှတော့ အဲ့ဒီပိုင်မော့ကိုတစ်ခါထဲတွေ့သွားတာပိုကောင်းမယ်။


တကယ်ပဲ အဲ့ဒီပိုင်မော့ရဲ့ဘယ်လိုအစိတ်အပိုင်းကများ သူရဲ့မိန်းကလေးကို ညသန်းခေါင်ကြီးမှာ ခိုးကြောင်ခိုးဝှက်ထွက်လာပြီး ဟိုတယ်မှာလာတွေ့စေနိုင်တာလဲဆိုတာကိုသိချင်မိတယ်။


“ဒါရိုက်တာလု ဒီလိုနောက်ကျမှရောက်လာတာ ကိစ္စတစ်ခုခုရှိလို့လားဗျ”


တာဝန်ကျမန်နေဂျာက ကမန်းကတန်းအရောက်လာသော်လည်း ဒါရိုက်တာ၏မဲမှောင်နေသောမျက်နှာကိုသာမြင်လိုက်ရသောအခါ တုံ့ခနဲရပ်လိုက်မိသည်။ဘယ်လိုကိစ္စများဖြစ်လို့ ဒါရိုက်တာကိုညလယ်ကြီးမှာတောင် ဒီကိုရောက်လာစေတာလဲ။


“ပိုင်မော့က ဘယ်အခန်းမှာနေတာလဲ ငါ့ကိုလမ်းပြ”

လုဟယ်နျန်ကနှုတ်ခမ်းကိုစေ့ကာပြောလိုက်သည်။


မန်နေဂျာကခနလောက်ကြောင်သွားသည်။ဒါရိုက်တာက ဒီလိုနောက်ကျနေသောအချိန်ကြီးတွင် ပိုင်မော့ကိုဘာလို့ရှာနေရသည်ကိုနားမလည်နိုင်ပေ။သို့သော် သူကလျင်မြန်စွာပင် လွန်ခဲ့သည့်နာရီဝက်လောက်က မိန်းကလေးတစ်ယောက်ရောက်လာပြီး ပိုင်မော့အခန်းထဲဝင်သွားသည်ကို သတိရသွားသည်။အဲ့ဒီမိန်းကလေးနဲ့ဒါရိုက်တာက ဆွေမျိုးတော်လို့ အခုအတွဲလာဖမ်းတာများလား။


ဤအချိန်တွင် မန်နေဂျာက ဝန်ထမ်းများကြားတွင်ပြန့်နေသည့်ကောလဟလများကိုသတိရသွားသည်။

ဒါရိုက်တာလုက အသက်သုံးဆယ်ရှိတော့မည်ဆိုပေမယ့် ရည်းစားမပြောနှင့်၊ သူ့ဘေးနားတွင်မိန်းကလေးဝန်ထမ်းများတောင်မတွေ့ရပေ။သူကယောက်ျားလေးများကိုကြိုက်သည်ဟူသော ကောလဟလတစ်ခုလည်းရှိ၏။


ဒါရိုက်တာရဲ့ရုံးမှာ ယောက်ျားတွေချည်းဘဲ အလုပ်ခန့်ထားတာသာ ကြည့်တော့။


ရုတ်ချည်းဆိုသလိုပင် မန်နေဂျာက မျက်လုံးပြူးသွားသည်။


ဒါရိုက်တာက ဒီကိုမိန်းကလေး ဖောက်ပြန်လို့မဟုတ်ဘဲ ပိုင်မော့ဖောက်ပြန်လို့ လာဖမ်းတာတော့ မဟုတ်လောက်ပါဘူးနော်။


အချိန်တိုလေးအတွင်းတွင် မန်နေဂျာ၏ခေါင်းထဲ၌အတွေးမျိုးစုံဖြတ်ပြေးသွားကာ ရင်တဆတ်ဆတ်တုန်သွားလေသည်။


သူကရင်တထိတ်ထိတ်ဖြင့်ပြန်ဖြေလိုက်သည်။

“မစ္စတာပိုင်က ဆယ့်ငါးလွှာက presidential suiteအခန်းမှာပါ ‌ဒါရိုက်တာ ကျွန်တော်လိုက်ပြပေးပါ့မယ်”


သူတို့နှစ်ယောက်က ဓာတ်လှေကားဖြင့် ဆယ့်ငါးလွှာသို့လျင်မြန်စွာရောက်ရှိလာပြီး ပိုင်မော့၏အခန်းဆီဦးတည်လိုက်သည်။အပြင်ဘက်မှနေ၍ အတွင်းမှ သနားစရာအော်သံဖျော့ဖျော့ကိုကြားနေရလေသည်။ ညလယ်ကြီးတွင် ဟိုတယ်အခန်းထဲမှ သနားစရာကောင်းသည့်အော်သံထွက်လာခြင်းဟာ တကယ်ဘဲ သနားစရာကောင်းတဲ့အော်သံတွေဟုတ်ရဲ့လား။အထဲကသူတွေဘာလုပ်နေလဲဆိုတာကို ခန့်မှန်းစရာလိုသေးလို့လား။မျက်စိပါတဲ့ဘယ်သူမဆို ဘာဖြစ်နေလဲဆိုတာကိုသိတယ်။


“ဒါရိုက်တာ ပိုင် ပိုင်မော့က ဒီအခန်းမှာနေတာပါ”


မန်နေဂျာက ထစ်ထစ်အအဖြင့် တံခါးကိုညွှန်ပြလိုက်သည်။သူပြောလို့ပြီးသွားချိန်လေးမှာဘဲ သူ့နောက်မှလေအေးများတိုက်လာသည်ကိုခံစားလိုက်ရသည်။သူလှည့်ကြည့်လိုက်သောအခါ လုဟယ်နျန်၏မဲမှောင်နေသောမျက်နှာကြီးကိုမြင်လိုက်ရလေသည်။


ဒါရိုက်တာ၏မျက်နှာက ရေခဲတမျှအေးစက်လာ၏။

ဒါဆို သေချာပေါက်အတွဲလာဖမ်းတာဘဲ။


ဒီလိုဦးထုပ်စိမ်းဆောင်းခံရတဲ့ ကိစ္စမျိုးကို ဘယ်လိုယောက်ျားကသည်းခံနိုင်မှာလဲ။မန်နေဂျာက အလိုလိုနေရင်းနောက်သို့နှစ်လှမ်းလောက်ဆုတ်လိုက်မိသည်။သူက

ကြောက်လန့်တာရော သနားတာပါပါနေသည့်အကြည့်မျိုးဖြင့် လုဟယ်နျန်ကိုကြည့်ကာ အခန်းသော့ကတ်ကိုပေးလိုက်သည်။


“ဒါရိုက်တာခင်‌ဗျ ဘာကိစ္စမှမရှိတော့ရင် ကျွန်တော်အရင်ဆင်းသွားနှင့်မယ်နော် ဒီမှာအခန်းသော့ကတ်ပါ”


လုဟယ်နျန်က အခန်းသော့ကတ်ကိုယူလိုက်ပြီးနောက် မန်နေဂျာက နည်းနည်းလေးတောင်တုံ့ဆိုင်းမနေဘဲ ချက်ချင်းလှည့်ထွက်သွားသည်။ယောက်ျားတစ်ယောက်၏မျက်နှာနှင့်ဆိုင်သောကိစ္စမျိုးတွင် သူမရှိနေပါကပိုအဆင်ပြေလိမ့်မည်။


သော့ကတ်ကိုကိုင်ကာ လုဟယ်နျန်၏မျက်ဝန်းများကမှုန်မှိုင်းလာသည်။မန်နေဂျာကကော်ရစ်ဒါအဆုံးသို့ပျောက်ကွယ်သွားသောအခါ သူကအခန်းတံခါးကိုကြည့်လိုက်သည်။


အမြဲပင်ခိုင်မာကာ ဘာကမှယိမ်းယိုင်နိုင်စွမ်းသည့် ဒါရိုက်တာလုဟယ်နျန်တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အခက်အခဲတွေ့လာလေသည်။

သူကအခန်းထဲဝင်သင့်လား မဝင်သင့်ဘူးလား။


သူ့ခံစားချက်အရဆိုပါက အခုချက်ချင်းဖွင့်ဝင်သွားချင်သော်လည်း သူ့အသိတရားကမူ သူ၏ကံကြမ္မာကိုမဖြေရှင်းနိုင်ပါက ယွင်ရုန်အားဘယ်အချိန်မဆိုထားခဲ့ရနိင်ကြောင်းပြောပြနေ၏။သူက ယွင်ရုန်အတွက်ဘယ်သူမှဟုတ်မနေပေ။ ဘယ်လိုအခွင့်နဲ့များ သူမ‌ညဘက်ကြီးကောင်လေးတစ်ကောင်နဲ့တွေ့တာကို တားနိုင်မှာလဲ။သူကဒီနေရာမှာတောင် ရှိမနေသင့်ပေ။


သူတုံ့ဆိုင်းနေသည့်အချိန်မှာဘဲ အခန်းထဲမှဘန်းခနဲအသံတစ်ခုထွက်လာလေသည်။လုဟယ်နျန်ကချက်ချင်းပင် သတိဝင်လာကာ လက်ကအလိုလို အခန်းတံခါးကိုဖွင့်ပြီး အထဲသို့ဝင်သွားလိုက်သည်။


တံခါးသံထွက်‌လာသောအခါ အခန်းထဲမှအသံများကရုတ်တရက်တိတ်သွားလေသည်။


တံခါးဖွင့်ပြီးနေပြီဖြစ်သဖြင့် အထဲမဝင်စရာအကြောင်းမရှိပေ။လုဟယ်နျန်က တံခါးကိုတွန်းကာ အထဲသို့ဝင်သွားလိုက်သည်။


သားရေဖိနပ်သံများက အခန်းထဲတွင်ထွက်ပေါ်‌လာသည်။တဖြေးဖြေးနီးလာသည့် ခြေသံများကိုကြားသောအခါ ပိုင်မော့က လဲပြိုမတတ်အသနားခံလာလေသည်။


“စီနီယာ ကျွန်တော့်ကိုမြန်မြန်လွှတ်ပေးပါတော့ ပါပါရာဇီရောက်လာတာဖြစ်မယ် ကျွန်တော်သာ‌ ဓာတ်ပုံရိုက်ခံလိုက်ရရင် အနုပညာအသိုင်းအဝိုင်းထဲမှာ ဘယ်လိုဆက်နေရတော့မှာလဲ”


ဤအချိန်တွင်တောင် သူကအနုပညာအသိုင်းအဝိုင်းအကြောင်းစိတ်ပူနေနိုင်သေးသည်။ယွင်ရုန်က ဒီဒေါင်းပေါက်စလေးကြောင့် ဒေါသထွက်လာပြီး အံကြိတ်ကာပြောလိုက်သည်။


“ဒါဆို နင်ဓာတ်ပုံအရိုက်မခံရအောင် မူလပုံစံပြောင်းသွားတဲ့အထိ ငါရိုက်ပေးမယ်”


သူမထိုသို့ပြောပြီးပြီးချင်းမှာဘဲ လုဟယ်နျန်တံခါးဝတွင်ပေါ်လာပြီး သူတို့အားဖော်မပြနိုင်သောအမူအရာမျိုးဖြင့်ကြည့်နေသည်ကို မြင်လိုက်ရလေသည်။


လုဟယ်နျန်အထဲဝင်သွားသောအခါ ကြည့်မကောင်းသည့်မြင်ကွင်းများစွာကိုတွေးထားပြီးဝင်သွားခြင်းဖြစ်သည်။သို့သော်သူရှေ့မှမြင်ကွင်းမျိုးကိုမြင်လိုက်ရမည်ဟု မထင်ထားခဲ့ပေ။ယွင်ရုန်ကပြတင်းပေါက်နားတွင်ထိုင်နေကာ သူမလက်ထဲတွင် အဖြူရောင်ငှက်ကြီးတစ်ကောင်ကိုလည်ပင်းမှကိုင်ထားပြီး ကြမ်းပြင်ပေါ်တွင်လည်း အဖြူရောင်ငှက်မွှေးများပြန့်ကြဲနေလေသည်။


လုဟယ်နျန်: …….


လုဟယ်နျန်က အလိုလိုသက်ပြင်းချလိုက်မိကာ အတတ်နိုင်ဆုံးသူ့လေသံကိုတည်ငြိမ်အောင်ထိန်းလိုက်သည်။


“ယွင်ရုန် မင်းဘာလို့ညလယ်ကြီး အပြင်ထွက်သွားတာလဲ”


လုဟယ်နျန်ကိုမြင်သောအခါ ရုတ်တရက်ပင်ယွင်ရုန်ကအပြစ်ရှိစိတ်ဝင်လာပြီး ခေါင်းငုံ့လိုက်ကာ သူ့မျက်လုံးများနှင့်အကြည့်မဆုံရဲတော့ပေ။


“ဒုတိယအစ်ကို ဒီကိုဘယ်လိုရောက်လာတာလဲဟင်”


“ကိုယ်တစ်ရေးနိုးလာတော့ မင်းမရှိတာကိုတွေ့လိုက်လို့လေ မင်းတစ်ခုခုဖြစ်နေမှာကိုစိုးရိမ်လို့‌ရောက်လာတာ”

လုဟယ်နျန်က အလွန်သဘာဝကျသည့်ပုံစံဖြင့် အခန်းထဲဝင်လာပြီး ထိုင်ခုံပေါ်တွင်ထိုင်လိုက်သည်။


ယွင်ရုန်က သူ့စကားများထဲတွင် တစ်ခုခုမှားနေသည်ကိုသတိမပြုမိဘဲ ရင်ထဲထိသွားကာ ထပ်မေးလိုက်သည်။


“ဒါဆို ကျွန်မ ဒီကိုရောက်နေတာကို ဘယ်လိုသိတာလဲဟင်”


လုဟယ်နျန်က သူမအကြည့်ကိုရှောင်ပြီး ပုံမှန်ကိစ္စတစ်ခုလိုပြန်ဖြေလိုက်သည်။


“ဘာလို့လဲဆိုတော့ မင်ကြွယ်ဟိုတယ်ကလည်း ကိုယ်ပိုင်တဲ့ဟိုတယ်မလို့လေ”


ပိုင်မော့က သူတို့နှစ်ယောက်အနားတွင်ဘယ်သူမှမရှိသလို စကားပြောနေကြသည်ကိုမြင်သောအခါ ငိုချင်သွားသည်။‌


ဒါက သူငှားထားတဲ့အခန်းပါကွ။


သို့သော်ယွင်ရုန်က သူ့လည်ပင်းကိုဆုပ်ကိုင်ထားပြီး သူ့အသက်က သူတို့လက်ထဲ၌ရှိနေရာ ဘာများပြောရဲမှာလဲ။သူက သနားစရာ‌ကောင်းစွာသာ တောင်းပန်ရတော့သည်။


“စီနီယာယွင် ကျွန်တော့်ကိုလွှတ်ပေးပါတော့နော် အနာဂတ်မှာဘယ်မိန်းကလေးကိုမှ လှည့်စားပြီး ဟိုတယ်ကိုမခေါ်တော့ပါဘူး တကယ်တော့ ဒီလိုကိစ္စမျိုးကနှစ်ဦးနှစ်ဖက်သဘောတူလို့ဖြစ်တာပါ ကျွန်တော်ကဝိညာဉ်စွမ်းအင်နည်းနည်းစုပ်ယူတယ်ဆိုပေမယ့် အဲ့ဒီမိန်းကလေးတွေကလည်း ကျွန်တော်နဲ့အတူနေချင်ကြတာပါ。。。。”


“ပါးစပ်ပိတ် လူသားတွေကိုဆွဲဆောင်တာကဆွဲဆောင်တာပဲ အကြောင်းအရင်းလိုသေး‌လို့လား”


ယွင်ရုန်က ပိုင်မော့ကိုဖြတ်ပြောလိုက်သည်။ကံကောင်းစွာဖြင့် သူက ဘယ်သူ့အသက်ကိုမှ ထိခိုက်အောင်မလုပ်ရသေးပေ။မဟုတ်ပါက သူမက အစောကြီးကတည်းက အညှီနံ့ရသွားပြီး သူ့ကိုဖြေရှင်းလိုက်လောက်ပြီဖြစ်သည်။


ပိုင်မော့က တစ်ကိုယ်လုံးတုန်ရင်သွားကာ ဘာမှထပ်မပြောရဲတော့ပေ။


“ဒါက အဲ့ဒီနာမည်ကြီး ပိုင်မော့လား”

လုဟယ်နျန်က သူတို့နှစ်ယောက်ကြားမှစကားဝိုင်းကိုကြားသောအခါ ဝင်မေးလိုက်လေသည်။


“ဟုတ်တယ် တကယ်တော့သူကဒေါင်းဖြူမိစ္ဆာလေ”

ယွင်ရုန်က ပြန်ဖြေလာသည်။


“ဒုတိယအစ်ကို ခနလောက်စောင့်ပေးနော် ကျွန်မသူ့ကိုမေးခွန်းနည်းနည်းလောက်မေးလိုက်ဦးမယ် ပြီးရင်ကျွန်မတို့အိမ်ပြန်ကြမယ်”


 ပိုင်မော့ကိုကြည့်နေသည့် လုဟယ်နျန်၏မျက်ဝန်းများကအေးစက်လာကာ ဂရုမစိုက်သလိုပြန်ပြောလိုက်သည်။

“စိတ်မပူနဲ့ ဖြေးဖြေးချင်းမေးလို့ရတယ်”


ထိုစကားကိုကြားသောအခါ ပိုင်မော့က ပြင်းပြင်းထန်ထန်ကြက်သီးထသွားသည်။


မဟုတ်သေးပါဘူး။သူက သေးနုတ်တဲ့လူသားရဲ့အကြည့်ခံရတာကို ဘာလို့ဆံပင်တွေထောင်တဲ့အထိကြောက်သွားတာလဲ။



****

TN:

အလျင်စလိုရောက်လာသောလုဟယ်နျန်: ???


ယွင်ရုန်: Oh? ဒါရိုက်တာ ကျွန်မကဗိုက်နည်းနည်းစားလာလို့ ညလယ်စာလေးလာထွက်စားတာပါ စားဦးမလား။


ဤသို့ဖြင့် လုဟယ်နျန်က ဇိမ်ခံဟိုတယ်မှ presidential suiteအခန်းထဲတွင် ထူးဆန်းသည့် ညလယ်စာဘာဘီကျူးစားရာတွင် ဝင်ဂျွိုင်းလိုက်လေသည်။



⛰️