⛰️Chapter 81
:ဒုက္ခများတဲ့မိစ္ဆာ။
ပိုင်မော့ကိုခနလောက်ရိုက်နှက်ပြီးနောက် ယွင်ရုန်ကဒေါသနည်းနည်းပြေသွားသည်။သူမက ဒေါင်းပေါက်လေးကို အိပ်ရာပေါ်သို့ဖြစ်သလိုလွင့်ပစ်လိုက်ပြီး ထရပ်ကာမေးလာသည်။
“အခုပြောပြတော့ အားဟယ်ဆိုတဲ့နာမည်ကို နင်ဘယ်လိုသိတာလဲ ဘယ်သူပြောပြတာလဲ”
ပိုင်မော့က မူလပုံစံအတိုင်းအိပ်ရာပေါ်တွင် ကုပ်ကုပ်လေးနေနေလေသည်။ယွင်ရုန်၏မေးခွန်းကိုကြားသောအခါသူက အလိုလိုကိုယ်ကိုကျုံ့မိသွားရာ ဥဝပ်နေသောကြက်မကြီးနှင့်တူသွားသည်။သူ့အမွှေးများကလည်း တဖျတ်ဖျတ်တုန်လာလေသည်။
“ဘယ်သူမှမပြောပါဘူး ကျွန်တော့်ဘာသာမြင်လိုက်တာပါ”
“ငါ့ကိုလိမ်ရဲနေတုန်းဘဲလား”
အခုလေးတင် လျော့သွားသည့်ဒေါသများက တစ်ဖန်ပြန်တက်လာကာ သူမလက်ထဲမှဝိဉာဉ်စွမ်းအင်များက ချက်ချင်းပင်ကြာပွတ်အသွင်ပြောင်းသွားသည်။သူမကပိုင်မော့ကိုမျက်နှာချင်းဆိုင်ကာ လက်ကိုမြှောက်လိုက်သည်။
“နင့်လိုအသက်သုံးရာဘဲရှိသေးတဲ့ကလေးပေါက်စက ဘယ်နေရာမှာမြင်ဖူးတာလဲ”
ပိုင်မော့က အားစိုက်ထုတ်ကာ အတောင်တဖျပ်ဖျပ်ခတ်ပြီး ကြာပွတ်ကိုရှောင်ဖို့ကြိုးစားလေသည်။သူ့ကိုယ်ပေါ်မှငှက်မွှေးများက ကြောက်လန့်မှုဖြင့်ထောင်တက်လာသည်။
“ကျွန်တော့်ကိုမရိုက်ပါနဲ့ အဲ့ဒါကကျွန်တော့်မှော်စွမ်းရည်ကြောင့်သိသွားတာပါ ကျွန်တော်က တစ်ချက်ကြည့်လိုက်တာနဲ့ စီနီယာဂရုအစိုက်ဆုံးအရာကိုမြင်နိုင်ပါတယ် ဒီနည်းလမ်းကိုသုံးပြီး ကျွန်တော်ကစီနီယာဂရုအစိုက်ဆုံးလူဟန်ဆောင်လိုက်တာ စီနီယာရဲ့စိတ်ထဲမှာ အလေးအထားဆုံးသူက အားဟယ်မလို့ ကျွန်တော်လည်းအားဟယ်ပုံစံယူလိုက်တာပါ。。。”
ပိုင်မော့ကနှစ်သုံးရာကျော်ကျင့်ကြံခဲ့သော်လည်း ဤမှော်စွမ်းရည်တစ်ခုသာရှိ၏။အခြားတိုက်ခိုက်ရေးမှော်စွမ်းရည်မျိုးမရှိပေ။အရင်ကဆိုလျှင် သူကဤစွမ်းရည်တစ်ခုတည်းဖြင့် မိန်းမငယ်များစွာကို လှည့်ဖျားခဲ့ကာ တစ်ခါမှအမှားမဖြစ်ခဲ့ပေ။
မမျှော်လင့်ထားစွာဖြင့် ဒီတစ်ကြိမ်တွင်သူက ပြသနာကြီးကြီးကြုံလိုက်ရလေသည်။
အနာဂတ်တွင်သူ မိန်းကလေးတွေကို ဘယ်လိုများ လှည့်ဖျားရဲတော့မှာလဲ။
အဲ့ဒီမွှေးကြိုင်ပြီး နူးညံ့တဲ့မိန်းကလေးတွေက ဘစ်ရှော့တွေဖြစ်နေမလား မသိနိုင်ဘူး။
ဆိုတော့ အဲ့ဒါကသူတို့မျိုးနွယ်ရဲ့ ထူးခြားစွမ်းရည်ပေါ့။
သူမအာရုံမခံနိုင်တာ မထူးဆန်းတော့ဘူး။
ဒီတလောအတွင်းမှာ သူမကအဲ့ဒီယောက်ျားကိုထပ်ခါတလဲလဲအိပ်မက်မက်နေပြီး သူမစိတ်ကနည်းနည်းနုနယ်နေတာ။အဲ့ဒါကြောင့်ပိုင်မော့က သူမစိတ်ထဲကိုကြည့်နိုင်သွားတာပဲ။
ယွင်ရုန်ကမျက်မှောင်ကြုတ်လိုက်သည်။
“နင်အခြားဘာမြင်သေးလဲ”
“ဘာမှမမြင်ဘူး ဘာမှမမြင်ပါဘူး စီနီယာရဲ့ကျင့်ကြံဆင့်က နက်ရှိုင်းတယ် ကျွန်တော်ကြည့်လိုက်တော့ အားဟယ်ဆိုတဲ့နာမည်ကစီနီယာအတွက်အရမ်းအရေးကြီးတယ်ဆိုတာကိုပဲ မြင်လိုက်ရတာပါ အခြားဘာမှမမြင်ခဲ့ပါဘူး’
ပိုင်မော့က ကမန်းကတန်းပြန်ဖြေလိုက်သည်။
သူတကယ် နောင်တရနေပါပြီ။
ထိုအချိန်တုန်းက ယွင်ရုန်၏ဝိဉာဉ်စွမ်းအင်ကအလွန်များပြားလှသောကြောင့် သူမမှတ်ဉာဏ်ထဲဝင်ကြည့်ချိန်က နည်းနည်းလေးသာမြင်ရသော်လည်း သိပ်မတွေးမိခဲ့ပေ။တစ်ခုခုမှားနေတယ်ဆိုတာကို သူအစောကြီးကတည်းကသိထားခဲ့ရင် ဒီလိုမျိုးအထိဖြစ်လာမှာမဟုတ်ဘူး။
“ဒါဆို သူငါ့ကိုအားယွင်လို့ခေါ်တာကို နင်ဘယ်လိုသိတာလဲ”
သူ့စကားကိုနားထောင်ပြီးသော်လည်း ၎င်းကအမှန်ဖြစ်ပုံပေါ်မနေပေ။ယွင်ရုန်ကနှာခေါင်းရှူံ့ကာ လက်ထဲမှကြာပွတ်ကိုရမ်းလိုက်သည်။
“ဘာလို့လဲဆိုတော့ စီနီယာရဲ့နာမည်က ယွင်ရုန်မလို့ပါ ကျွန်တော်လည်းစိတ်ကူးရသွားပြီး。。。”
အခုချိန်တွင်သူ၏မူလပုံစံတိုင်းသာဖြစ်မနေပါက ပိုင်မော့ကသူ့ကိုယ်သူပါးနှစ်ချက်လောက်ရိုက်ချလိုက်ပြီဖြစ်သည်။
ဘယ်လိုဈေးပေါတဲ့ပါးစပ်လဲ၊ အားယွင်လို့ခေါ်ခဲ့ရတယ်လို့ကွာ။
“အားယွင်。。。。。”
ထိုစကားနှစ်လုံးက လုဟယ်နျန်၏လျှာဖျားသို့ရောက်လာလေသည်။သူ့အသံက ဩဩရှရှဖြင့် လွမ်းမောနေသောခံစားချက်များသယ်ဆောင်ထားသလိုပင်။
“ဒုတိယအစ်ကို”
ယွင်ရုန်က ထိုအသံကိုကြားသောအခါ အံ့ဩသွားသည်။
သူမရင်ထဲတွင် ရှုပ်ထွေးသည့်ခံစားချက်တစ်ခုဖြစ်ပေါ်လာသော်လည်း သေချာမဖမ်းဆုပ်နိုင်ခင်မှာဘဲ ပျောက်ကွယ်သွားသည်။
လုဟယ်နျန်က သတိပြန်ဝင်လာကာ သူမကိုပြုံးပြလိုက်သည်။
“ဒီနာမည်က ကောင်းသားဘဲ”
လုဟယ်နျန်၏အပြုံးက သူမကိုစိတ်အေးစေသည့်အစွမ်းများပါဝင်နေသလိုပင် ယွင်ရုန်၏လေးလံနေသောစိတ်များကိုပေါ့ပါးသွားစေလေသည်။ယွင်ရုန်က ဗြောင်းဆန်နေသောခံစားချက်များကလည်း တည်ငြိမ်သွားကာ အလိုလိုပြုံးလိုက်မိသည်။
“ကျွန်မလည်း အဲ့ဒီနာမည်ကကောင်းတယ်လို့ထင်တယ်”
မေးရမည့်မေးခွန်းကိုတော့ မေးပြီးသွားပြီဖြစ်သည်။
တကယ်တမ်းတွင် အသက်သုံးရာအရွယ်ကလေးပေါက်စက ဘာမှသိမနေပေ။ယွင်ရုန်က ပိုင်မော့ဆီအကြည့်ရောက်သွားကာ ဒီမိစ္ဆာလေးအားဘယ်လိုကိုင်တွယ်ရမည်ကိုတွေးကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူက သူမကိုလိမ်သဖြင့်နာရီဝက်လောက်ကားစီးပြီး ညလယ်ကြီးဟိုတယ်ကိုလာခဲ့ရသည်။သူမက ကားခယွမ်ငါးဆယ်တောင်ကုန်ခဲ့ရသဖြင့် လွယ်လွယ်လေး အလွှတ်မပေးနိုင်ပေ။
ပိုင်မော့က ယွင်ရုန်သူ့ကိုကြည့်လာပြီး အတော်ကြာသည်အထိဘာမှမပြောလာသည်ကိုမြင်သောအခါ ပိုလို့တောင်စိတ်လှုပ်ရှားလာသည်။သူတစ်ကိုယ်လုံးကခိုက်ခိုက်တုန်လာကာ ကျိန်ပြောလိုက်လေသည်။
“စီနီယာ ကျွန်တော်သိသမျှအကုန်ပြောပြီးသွားပါပြီ ကျေးဇူးပြုပြီးကျွန်တော့်ကို လွှတ်ပေးပါတော့နော် ကျွန်တော်ကဝိဉာဉ်စွမ်းအင်နည်းနည်းစုပ်ယူတယ်ဆိုပေမယ့် တစ်ခါမှလူ့အသက်ကိုထိခိုက်တဲ့အထိမလုပ်ဖူးပါဘူး အခုကစပြီးကျွန်တော်အဲ့လိုထပ်မလုပ်ဝောာ့ပါဘူးဗျာ。。。。”
“အဲ့ကိစ္စကရှင်းသွားပြီ ဒါပေမယ့်နင်ငါ့ကိုလိမ်တဲ့ကိစ္စကိုတော့ အလွှတ်မပေးနိုင်ဘူး”
ယွင်ရုန်က ရုတ်တရက်ပြုံးလိုက်ကာ ပိုင်မော့၏ရှည်လျားလှပသည့်အမြှီးမှအမွှေးများကိုကြည့်ပြီး စိတ်လှုပ်ရှားသည့်အမူအရာတစ်ခုဖော်ပြလာသည်။
ပိုင်မော့ကယွင်ရုန်၏အမူအရာကိုမြင်သောအခါ သူ၏ငှက်မျက်နှာပေါ်၌ သတိထားသည့်အမူအရာတစ်ခုဖြစ်ပေါ်လာသည်။သူ၏တိရစ္ဆာန်သိစိတ်က ချက်ချင်းပင်အိပ်ရာပေါ်မှခုန်ထကာ တောင်ပံကိုခတ်ပြီး ဖွင့်ထားသောတံခါးဆီထွက်ပြေးရန်လုပ်ဆောင်လိုက်စေ၏။
ယွင်ရုန်က သူထွက်ပြေးမည်ကိုမျှော်လင့်ထားသလိုပင် သူမလက်ချောင်းကလေထဲတွင်လှုပ်ရှားလာကာ အစိမ်းရောင်အလင်းက မြှားတစ်စင်းလိုပင်ပိုင်မော့ထံဦးတည်သွားပြီး ပိုင်မော့ပတ်ပတ်လည်မှလေထုကသူ၏ခြေထောက်ကိုတုပ်နှောင်လိုက်လေသည်။
ပိုင်မော့မတုံ့ပြန်နိုင်ခင်မှာဘဲ သူကကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။
“ငါနင့်အသက်ကိုမလိုချင်ဘူး ဒါပေမယ့်အမှားလုပ်ထားမှတော့ အပြစ်ပေးခံရမှာဘဲ ဒီလိုလုပ်ရအောင် ငါနင့်ရဲ့ဒေါင်းမြှီးမွှေးနည်းနည်းကို အပြစ်ပေးတဲ့အနေနဲ့ဆွဲနှုတ်လိုက်မယ် အဲ့ဒါကနင့်ကိုနောင်ဆိုရင်အမှားအကြီးကြီးမလုပ်မိအောင် သတိပေးနိုင်လိမ့်မယ်”
ယွင်ရုန်ကဖြေးဖြေးချင်းလျှောက်လာပြီး ပိုင်မော့နားသို့ရောက်သောအခါ ဆောင့်ကြောင့်ထိုင်ချလာပြီး ပြုံးလိုက်သည်။
အမြီးကအမွှေးတွေလား။ပိုင်မော့ကချက်ချင်းပင် မျက်စိပြူးသွားပြီး ယွင်ရုန်ကိုမယုံနိုင်သလိုကြည့်လိုက်မိသည်။ဒေါင်းမျိုးနွယ်အတွက် လှပသည့်အမြှီးမွှေးများသည် အရေးကြီးဆုံးအရာအဖြစ်သတ်မှတ်နိုင်၏။ပိုင်မော့သည် မွေးလာကတည်းက သူ၏အမြှီးမွှေးများသည် အလှဆုံးဟုသတ်မှတ်ခံခဲ့ရသည်။
သူအမြှီးမွှေးတွေကို နှုတ်မယ်。。。သူ့ကိုတစ်ခါတည်းသတ်လိုက်တာကတောင်ပိုကောင်းဦးမယ်။
“စီနီယာ ပြောစရာရှိရင် ကျွန်တော်တို့ကောင်းကောင်းပြောလို့ရပါတယ် မလုပ်。。。。”
သူကသနားစရာကောင်းစွာ တောင်းပန်ရင်း တစ်ချိန်တည်းတွင် နောက်ကိုဆုတ်နိုင်ရန် အတတ်နိုင်ဆုံးကြိုးစားနေ၏။သို့သော်သူ့ခြေထောက်နှစ်ဖက်လုံးကအချည်ခံထားရလေသည်။ပိုင်မော့ပုံစံက ဈေးထဲမှကြက်မလိုပင် ကြမ်းပြင်ပေါ်၌ကြောက်လန့်တကြားလှိမ့်နေ၏။
ယွင်ရုန်က သူ၏တန်ဖိုးထားရသော အမြှီးမွှေးများဆီလက်ဆန့်လာသည်ကိုမြင်သောအခါ ပိုင်မော့ကတကယ်ထိတ်လန့်လာပြီး ရုတ်တရက်အော်ပြောလိုက်သည်။
“ငါ့ကိုမထိနဲ့နော် ငါကနိုင်ငံတော်ရဲ့ကာကွယ်မှုကိုရထားတဲ့ ဒေါင်းဖြူ ငါ့အမွှေးတွေကိုနှုတ်တာက နိုင်ငံတော်ရဲ့ဥပဒေကိုချိုးဖောက်တာဘဲ ငါ ငါသစ်တောထိန်းသိမ်းရေးဌာနကိုသွားတိုင်လိုက်မှာ”
အယ် ဒီကလေးက သူမကိုခြိမ်းခြောက်ရဲသေးတာဘဲ။
“ထပ်အော်ရဲအော်ကြည့် ငါအခုဘဲ နင့်ငှက်မွှေးတွေအကုန်ဆွဲနုတ်ပစ်မယ် နင်မနက်ဖြန်ကြရင်ဒီအခန်းထဲကထွက်လာနိုင်ဦးမလား ကြည့်ကြသေးတာပေါ့”
ယွင်ရုန်က အံကြိတ်ကာ ခက်ထန်ဟန်ဆောင်ပြီးပြန်ပြောလိုက်သည်။
ပိုင်မော့က သူမစကားကိုကြားသောအခါ ပြောဖို့လုပ်နေသည့်စကားများက လည်ချောင်းထဲတွင်တစ်သွားသည်။သူကစကားတစ်လုံးတောင်မပြောနိုင်တော့ပေ။သူ့အမြှီးမွှေးတွေအနှုတ်ခံရတာကတောင် သိက္ခာကျစရာဖြစ်နေပြီ၊ တကယ်ဘဲ တစ်ကိုယ်လုံးကအမွှေးတွေအနှုတ်ခံလိုက်ရရင် မိစ္ဆာအသိုင်းအဝိုင်းထဲမှာသေလောက်တဲ့အထိအရယ်ခံရမှာမဟုတ်ဘူးလား။
ထိုကလေးပေါက်စက ဘာမှပြန်မပြောလာတော့သည်ကိုမြင်သောအခါ ယွင်ရုန်ကခံစားချက်ကောင်းလာသည်။သူမကလက်ဆန့်ကာ အမြှီးမှအမွှေးအနည်းငယ်ကိုဆွဲနှုတ်လိုက်သည်။စက္ကန့်အနည်းငယ်ကြာပြီးနောက် ဒေါင်းပေါက်စလေး၏ဖင်၌ အကွက်လေးတစ်ခုပေါ်လာသည်။
သူ့ဆီမှာ နိုင်ငံတော်ရဲ့အကာအကွယ်ပေးတာခံရတဲ့ ထိပ်တန်းတိရစ္ဆာန်တစ်ကောင်ပုံစံရှိသေးရဲ့လား။
သူ့ပုံစံက အရမ်းကိုသနားစရာကောင်းနေပြီ။
“နောင်ဆိုရင် ဒီလိုကိစ္စမျိုးမလုပ်နဲ့တော့နော် နားလည်လား နင်ကဒီလိုနည်းလမ်းကိုသုံးပြီး မိန်းကလေးတွေကိုမြူဆွယ်၊ ဝိဉာဉ်စွမ်းအင်စုပ်တယ်ဆိုတာကို ငါကြားလို့ကတော့ နောက်တစ်ခါဆိုအမွှေးနည်းနည်းနှုတ်ရုံနဲ့ ပြီးသွားမှာမဟုတ်ဘူး”
သူမက ဆွဲနှုတ်လိုက်သည့်အမွှေးများကို ချန်ခွင်းအိတ်ထဲထည့်ရင်း သတိပေးလိုက်သည်။
ဤငှက်မွှေးများက သာမာန်ဒေါင်းဖြူတစ်ကောင်၏အမွှေးများထက်ပိုကြီး၏။တစ်ချောင်းစီတိုင်းကာ တောက်ပသည့်အလင်းရှိကာ ကာလာမျိုးစုံကွန့်မြူးနေသည့်ယပ်တောင်ငယ်လေးများအသွင်ဖြစ်နေလေသည်။သူမရုံးရောက်ပါက ပန်းအိုးထဲထိုးထားလိုက်မည်။သေချာပေါက်အလွန်ကြည့်ကောင်းနေလိမ့်မည်။
ပိုင်မော့၏မျက်လုံးများက မျက်ရည်များဖြင့်စိုရွှဲနေပြီး ယွင်ရုန်ကိုသနားစရာကောင်းစွာကြည့်လာ၏။သူက ကတိမပေးဘဲနေရဲပါ့မလား။သူကလျင်မြန်စွာပြန်ဖြေလိုက်သည်။
“ကျွန်တော်သိပါပြီ နောက်ဆိုဒီလိုကိစ္စမျိုးကိုမလုပ်တော့ပါဘူး”
နောက်ဆိုဟိုတယ်မှာ အခန်းငှားတာကတောင် သူ့အတွက်စိတ်ဒဏ်ရာဖြစ်သွားပြီ။ဟုတ်ပြီလား။
ပိုင်မော့ကတကယ်ဘဲ သူ့အမှားသူသဘောပေါက်သွားသည်ကိုမြင်သောအခါ ယွင်ရုန်ကိုသူ့အတွက်ခက်ခဲအောင်ဆက်လုပ်မနေတော့ပေ။သူမက သူ့ကိုချည်ထားသည်များကိုဖြေပေးကာ ထရပ်ပြီးနောက် လုဟယ်နျန်ကိုပြောလိုက်သည်။
“ဒုတိယအစ်ကို ကျွန်မတို့အိမ်ပြန်ကြတာပေါ့”
လုဟယ်နျန်ကခေါင်းငြိမ့်ပြလိုက်ပြီး ယွင်ရုန်နှင့်အတူအခန်းထဲမှထွက်လာခဲ့သည်။သူတို့နှစ်ယောက်က ဓာတ်လှေကားမှအတူထွက်လာပြီး တာဝန်ကျနေဆဲဖြစ်သည့်မန်နေဂျာက သူတို့ကိုမြင်သောအခါချက်ချင်းနှုတ်ဆက်လာသည်။သူကလေးစားစွာပြောလာ၏။
“ဒါရိုက်တာပြန်တော့မလို့လားဗျ ကျွန်တော် ကားပါကင်ကနေ ကားသွားယူပေးပါ့မယ်”
သူကပြောရင်းဖြင့် သူတို့နှစ်ယောက်ကိုအထက်အောက်စုံဆန်အကဲခတ်လိုက်သည်။သူတို့ပုံစံက အခုလေးတင်ဖောက်ပြန်တာကိုမိသွားသည့်ပုံစံမျိုးနှင့်တူမနေပေ။ ဒါရိုက်တာရောက်လာကာစကဆိုလျှင် အသိအသာကိုမျက်နှာကြီးမဲနေသော်လည်း ပြန်ထွက်လာတော့ပြုံးပြီးထွက်လာတယ်။
မဟုတ်မှလွဲရော。。。。ရုတ်တရက်ပင် မန်နေဂျာက မျက်လုံးပြူးသွားလေသည်။
ဒါရိုက်တာက သူတို့နှစ်ယောက်လုံးနဲ့ ကစားလာတာတော့မဟုတ်လောက်ပါဘူးနော်။
“ဘာဖြစ်တာလဲ”
မန်နေဂျာ၏အကြည့်ကိုမြင်သောအခါ လုဟယ်နျန်ကမျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။
“ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ပါဘူးဗျ အခုကအရမ်းနောက်ကျနေပြီဆိုတော့ ဒါရိုက်တာကိုပြန်လိုက်ပို့ပေးဖို့ ဒရိုင်ဘာခေါ်လိုက်ရမလားဟင်”
မန်နေဂျာက ကြောက်လွန်းသဖြင့် သူ့လျှာသူတောင်ပြန်ကိုက်မိမတတ်ဖြစ်သွားသည်။
“မလိုဘူး”
လုဟယ်နျန်က အရေးမထားစွာပြန်ဖြေလိုက်သည်။
ယွင်ရုန်နှင့်လုဟယ်နျန်တို့ ဟိုတယ်ထဲမှထွက်လာသောအခါ ကားပါကင်ဝန်ထမ်းက ကားကိုဟိုတယ်ရှေ့သို့မောင်းပို့ထားပြီးသားဖြစ်သည်။ယွင်ရုန်က ညလယ်ကြီးခိုးထွက်လာခဲ့သဖြင့် အပြစ်ရှိစိတ်ဝင်နေလေသည်။ထို့ကြောင့်သူမကလက်ထုတ်ကာ ကားနောက်ခုံတံခါးကိုဖွင့်ရန်လုပ်လိုက်သည်။
“အရှေ့မှာပဲထိုင်”
လုဟယ်နျန်က ယွင်ရုန်တစ်ယောက်ခေါင်းငုံ့ထားပြီး သူနှင့်အကြည့်ချင်းမဆုံရဲဖြစ်နေသည်ကိုမြင်လိုက်ရလေသည်။သူမ ဘာမှမပြောဘဲအပြင်ခိုးထွက်သွား၍ဖြစ်နေသည့် ဒေါသများက ရုတ်တရက်ပင်အနည်းငယ်ပျောက်ကွယ်သွားသည်။သူ့ရင်ထဲတွင်တည်ငြိမ်သွားပြီး နူးညံ့စွာပြောလိုက်သည်။
ယွင်ရုန်က တံခါးဖွင့်နေရင်းတန်းလန်းရပ်သွားသည်။အဆုံးတွင် သူမကလိမ်လိမ်မာမာနှင့် ကားရှေ့ဘက်တံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်လေသည်။
မမြင်ရသည့်နေရခက်မှုတစ်ခုက သူတို့နှစ်ယောက်ကြားတွင်ဖြစ်ပေါ်လာသည်။ကားမောင်းနေချိန်တွင် လုဟယ်နျန်ကလျို့ဝှက်ပြီး ယွင်ရုန်၏လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေ၏။ခနလောက်ကြာပြီးနောက် သူမကချန်ခွင်းအိတ်ထဲမှ ခုနလေးတင်နှုတ်ခဲ့သည့် ငှက်မွှေးတစ်ချောင်းကိုထုတ်ကာ ကား၏နောက်ကြည့်မှန်တွင်ချည်လိုက်သည်။ထို့နောက်သူမကမျက်နှာချိုသွေးနေသောလေသံဖြင့်ပြောလာ၏။
“ဒုတိယအစ်ကို ဒေါင်းဆိုတာက ကံကောင်းစေတဲ့ငှက်တစ်မျိုးဘဲ သူ့ရဲ့အမြှီးမွှေးက ဒုတိယအစ်ကိုကိုဘေးကင်းစေလိမ့်မယ် အဲ့ဒါကလှလည်းလှတယ် အသုံးလည်းဝင်တယ် ကျွန်မတစ်ခုချိတ်ပေးမယ်နော် နောက်ဆိုဒုတိယအစ်ကိုကားမောင်းတိုင်း ဘာအန္တရာယ်မှကြုံရမှာမဟုတ်ဘူးလို့ ကျွန်မအာမခံတယ်”
လုဟယ်နျန်၏မျက်နှာက မှုန်ကုပ်နေကာဘာမှမပြောလာပေ။တကယ်တမ်းတွင် သူ့ကိုယ်သူလည်း ဘာလို့ဒေါသထွက်နေတာလဲဆိုတာကိုမသိပေ။သူထင်နေသလိုမဖြစ်နေခဲ့၍ ပျော်နေသင့်တာဖြစ်သည်။သို့သော်သူမကသူ့ကိုအမှောင်ထဲတွင်ဖုံးကွယ်ထားပြီး မယုံကြည်သလိုဖြစ်နေသဖြင့် သူ့ရင်ထဲတွင်ဒေါသမီးများလောင်ကျွမ်းနေလေသည်။
ယွင်ရုန်က လုဟယ်နျန်ဘာမှပြန်မပြောသည်ကိုမြင်သောအခါ ခေါင်းငုံ့သွားပြီးစိတ်အားငယ်လာသည်။လုဟယ်နျန်ကသူမပုံစံကိုမြင်သောအခါ စိတ်ပျော့သွားလေသည်။သူကသူမကိုနှစ်သိမ့်တော့မည့်အချိန်မှာဘဲ ယွင်ရုန်ကအသံတိုးတိုးလေးဖြင့်ပြောလာလေသည်။
“ဒုတိယအစ်ကို ကျွန်မကတမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး ဟယ်ပေါ်နဲ့တိုက်ပွဲပြီးသွားကတည်းက ကျွန်မခနခနအိပ်မက်မက်လာတယ် အိပ်မက်တိုင်းမှာ ကျောခိုင်းရပ်နေတဲ့ယောက်ျားတစ်ယောက်ကိုမက်နေတာချည်းဘဲ ကျွန်မအရေးကြီးတဲ့ကိစ္စတစ်ခုခုကိုမေ့နေတယ်လို့ခံစားနေရတယ် ဒါပေမယ့်လုံးဝကိုမှတ်မမိနေဘူး ဒီနေ့ပိုင်မော့နဲ့တွေ့တော့ သူက စိတ်ညှို့ပြီး သူကအဲ့ဒီယောက်ျားပါလို့ ကျွန်မထင်အောင်လုပ်ခဲ့တယ်。。。。”
“ဒီကိစ္စက ဒုတိယအစ်ကိုနဲ့ဘာမှမဆိုင်ဘူးလေ ပြီးတော့ဒုတိယအစ်ကိုရဲ့အလုပ်တွေနဲ့တင် အရမ်းအလုပ်များနေတာ အဲ့ဒါကြောင့်ကျွန်မလည်း。。。”
ယွင်ရုန်က နှစ်ထောင်ကျော်များတွင် အမြဲပင်တစ်ယောက်တည်းဖြစ်နေခဲ့လေသည်။သူမကအခြားသူများအားဒုက္ခပေးရမည်ကို သဘောမကျပေ။ထို့အပြင်လုဟယ်နျန်က လူသားတစ်ယောက်ဖြစ်သည်။
“ကိုယ်သိပြီ。。。。”
လုဟယ်နျန်က ကားကိုလမ်းဘေးချရပ်လိုက်ကာ ယွင်ရုန်၏စကားများကိုဖြတ်ပြောလိုက်သည်။သူကလက်ဆန့်ကာ ယွင်ရုန်၏ပုခုံးကိုဆုပ်ကိုင်လိုက်သည်။
“အဲ့ဒါကကိုယ်နဲ့မဆိုင်ဘူးလို့ဘယ်သူပြောတာလဲ。。。。”
မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေက ကိုယ့်ကိစ္စတွေထက် ပိုအရေးကြီးတယ်။
ယွင်ရုန်ကခေါင်းမော့ပြီး လုဟယ်နျန်ကိုနားမလည်နိုင်စွာကြည့်လိုက်သည်။
လုဟယ်နျန်က စကားလမ်းကြောင်းလွှဲလိုက်သည်။ဘယ်လိုဘဲဖြစ်ဖြစ်သူ့ရင်ထဲတွင်ရှိနေသည်များကိုထုတ်မပြောနိုင်သေးပေ။သူကနှုတ်ခမ်းစေ့လိုက်ပြီး ပြောလာသည်။
“မင်းကကိုယ့်ကိုဒုတိယအစ်ကိုလို့ခေါ်နေမှတော့ မင်းကိစ္စကကိုယ့်ကိစ္စဘဲပေါ့ ကိုယ်မကူညီနိုင်ရင်တောင်မှ မင်းကိုယ့်ကိုပြောပြသင့်တယ် အနည်းဆုံးတော့ကိုယ်မင်းကိုစိတ်သက်သာအောင်လုပ်ကောင်းလုပ်နိုင်ဦးမှာပေါ့ ဒီနေ့ညမှာမင်းက လူစိမ်းတစ်ယောက်ကိုတွေ့ဖို့ တစ်ယောက်တည်းခိုးထွက်သွားတယ် ဒီတစ်ခေါက်က အသက်သုံးရာကျော်ဒေါင်းမိစ္ဆာလေးမလို့ မင်းတစ်ခါတည်းဖြေရှင်းနိုင်သွားတယ် ဒါပေမယ့်နောက်တစ်ခေါက်ကိုဘယ်လိုလုပ်မလဲ မင်းဟယ်ပေါ်လိုသူနဲ့တိုးသွားရင် မင်းဘဲထိခိုက်ရမှာ”
“ပြီးတော့ မင်း သက်တမ်းကအဆုံးမရှိဘူးလေ အခုမမှတ်မိရင်တောင်မှ ဘာမှမဖြစ်ဘူး တစ်နေ့ကျပြန်မှတ်မိလာလိမ့်မယ် အခုမမှတ်မိတာကလည်း အဲ့ဒါကပျော်စရာမကောင်းတဲ့မှတ်ဉာဏ်မလို့ဖြစ်မှာပေါ့”
ဒါကလုဟယ်နျန်တစ်ယောက် ပထမဆုံးအကြိမ်စကားအများကြီးပြောလာခြင်းဖြစ်သည်။ယွင်ရုန်ကကြောင်အစွာစိုက်ကြည့်နေမိကာ ရုတ်တရက်ပင်မျက်ရည်ဝဲသွားလေသည်။သူမရင်ထဲတွင် တစ်စုံတစ်ခုဖြင့်ပြည့်နှက်သွားသလိုခံစားလိုက်ရသည်။သူမကခေါင်းငြိမ့်ပြလိုက်သည်။
“ကျွန်မနားလည်ပါပြီ ဒုတိယအစ်ကို အစ်ကိုကကျွန်မတွေ့ဖူးသမျှလူသားတွေထဲမှာ အကောင်းဆုံးဘဲ”
လုဟယ်နျန်က အားတင်းကာပြုံးပြလိုက်သည်။သူထပ်ပြီး လူကောင်းကဒ်အပေးခံရပြန်ပြီ။
⛰️