Chapter 82
Viewers 5k

⛰️Chapter 82

ဒုက္ခများတဲ့မိစ္ဆာ။



ဤကိစ္စ‌ရှင်းပြီးသွားသောအခါ သူတို့နှစ်ယောက်ကြားမှနေရခက်မှုများလည်း ပျောက်ကွယ်သွားသည်။


ကားလေးသည် ဆောင်းဦးမေပယ်ဗီလာသို့ဦးတည်သွားပြီး ရောက်သောအခါ လုဟယ်နျန်က ယွင်ရုန်ခုနကချိတ်လိုက်သည့်ဒေါင်းမြှီးကိုဖြုတ်ချလိုက်သည်။


ယွင်ရုန်က ထိုလုပ်ရပ်ကိုမြင်သောအခါ လွှတ်ခနဲလှမ်းမေးလာ၏။

“ဒုတိယအစ်ကို ဘာလို့ပြန်ဖြုတ်လိုက်တာလဲဟင် ကြည့်မကောင်းလို့လား”


လုဟယ်နျန်က တန့်ခနဲဖြစ်သွားကာ အသာပြုံးပြီးပြောလိုက်သည်။


“ဒီကားကို သိပ်မသုံးဖြစ်လို့လေ ကိုယ်ခနခနစီးတဲ့ကားထဲမှာသွားပြောင်းချိတ်မလို့”

ဤအမွှေးကို အခြားယောက်ျားတစ်ယောက်၏ဖင်မှရလာသည်အား တွေးလိုက်မိသောအခါ သူကဒေါသဖြင့်အံတကြိတ်ကြိတ်ဖြစ်သွားသည်။‌သူနေ့တိုင်းမြင်နေရမယ့် နေရာမှာချိတ်ထားချင်သေးတာလား။လုံးဝမလုပ်နိုင်ဘူး။


“ကောင်းပြီလေ ကျွန်မအများကြီးနှုတ်ခဲ့တာ ဒုတိယအစ်ကိုသဘောကျရင် ထပ်ပေးမယ်လေ”

ယွင်ရုန်ကပြောရင်းဖြင့် ချန်ခွင်းအိတ်ကိုဖွင့်ဖို့ပြင်လာသည်။


သူကဒီတစ်ခုကိုတောင် လွင့်ပစ်ဖို့မစောင့်နိုင်တော့တာကို၊ နောက်ထပ် ထပ်ပြီးယူရဦးမှာလား။


လုဟယ်နျန်က လျင်မြန်စွာသူမလက်ကိုလှမ်းကိုင်ပြီးပြောလိုက်သည်။


“မလိုတော့ဘူး တစ်ခုဆိုရပြီ ဒေါင်းမြှီးကအသုံးဝင်တယ်ဆိုပေမယ့် မင်းရဲ့ကံကောင်းစေတဲ့အရှိန်အဝါကိုတော့ မယှဉ်နိုင်ပါဘူး”


ယွင်ရုန်က ထိုစကားကိုကြားသောအခါ အဲ့ဒါလည်းဟုတ်သားဟုတွေးမိသွားသည်။သူမလက်ဖြင့် ပစ္စည်းများကိုထိပေးနေသရွေ့ သူမ၏ကံကောင်းမှုများကူးစက်သွားမှာဖြစ်သည်။သူမကလုဟယ်နျန်၏ကားထဲတွင် မကြာခဏထိုင်လေ့ရှိရာ တကယ်ပင်သူမက ဒေါင်းမြှီးထပ်ပို သက်ရောက်မှုရှိလေသည်။ဤသို့တွေးမိသွားသောအခါ ယွင်ရုန်ကခေါင်းငြိမ့်လိုက်ပြီး အိတ်ထဲမှဒေါင်းမြှီးများကိုမထုတ်လိုက်တော့ချေ။


လုဟယ်နျန်က သူမအထဲဝင်သွားသည်ကိုကြည့်နေကာ သူ့မြင်ကွင်းထဲမှလုံးဝပျောက်ကွယ်သွားမှ သက်ပြင်းချနိုင်တော့သည်။သူကလက်ထဲမှဒေါင်းမွှေးအား စက်ဆုပ်စွာကြည့်ကာ မီးခြစ်ကိုထုတ်ပြီး မီးရှိူ့ရန်လုပ်လိုက်သည်။


မည်သို့ပင်ဆိုစေ ၎င်းကနိုင်ငံတော်မှကာကွယ်ပေး‌ထားသည့်မျိုးစိတ်ဖြစ်နေ၏။

သူသာဒီအတိုင်းလွင့်ပစ်လိုက်ပြီး အခြားသူတွေမြင်သွားလျှင် ဘယ်လိုပြောကြမလဲ။


လုဟယ်နျန်အထဲသို့ဝင်လာသောအခါ ယွင်ရုန်က သူ့လက်ထဲတွင်ငှက်မွှေးကိုမတွေ့ရတော့သဖြင့် သူအခြားကားထဲသွားချိတ်လိုက်သည်ဟုတွေးကာ စိတ်ထဲမှထုတ်လိုက်သည်။သူမကပြုံးကာပြောလာ၏။


“ဒုတိယအစ်ကို ကျွန်မဘာလို့ ပိုင်မော့ရဲ့အမြှီးကငှက်မွှေးတွေကိုဆွဲနှုတ်ခဲ့တာလဲ‌ဆိုတာကို နည်းနည်းထူးဆန်းမနေဘူးလား”


ဒီလိုမိန်းကလေးများကိုလှည့်ဖျားကာ ဟိုတယ်ခေါ်ချင်သည့်မိစ္ဆာမျိုးသည် အမွှေးနည်းနည်းနှုတ်တာမပြောနှင့် တစ်ကိုယ်လုံးမှအမွှေးများနှုတ်လျှင်တောင်မှ လုံလောက်မှာမဟုတ်ပေ။လုဟယ်နျန်က သူမသနားသွား၍သာဒီလောက်ဘဲလုပ်လိုက်ခြင်းဟုထင်နေခဲ့ပေသည်။အခုတွင်သူမကဤသို့‌ဆိုလာရာ လုဟယ်နျန်ကလည်းပြန်မေးလိုက်သည်။


“ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ ကိုယ်ကတော့ ဒီအပြစ်ဒဏ်ကိုတော်တော်လေးပေါ့တယ်လို့ထင်တယ်”


“ဒေါင်းမျိုးနွယ်က အလှတရားကိုချစ်ကြတယ် သူ့အမြှီးကအမွှေးတွေအနှုတ်ခံလိုက်ရတော့ ပိုင်မော့ကရှက်ပြီး ဒီတလောတော့လူတွေနဲ့တွေ့ရဲမှာမဟုတ်ဘူး ဒီလိုဆိုသူအပြင်ထွက်ပြီး မိန်းကလေးတွေကိုလှည့်စားဖို့ အချိန်ရှိတော့မှာမဟုတ်ဘူး ပြီးတော့ ပိုင်မော့ကျင့်ကြံရေးအားလုံးက သူ့ရဲ့လှလွန်းတဲ့ အမြှီးကငှက်မွှေးတွေမှာရှိနေတာ ကျွန်မကအခုအဲ့အမွှေးတွေကို တစ်ဝက်ကျော်ဆွဲနှုတ်ခဲ့တော့ သူ့ရဲ့ကျင့်ကြံဆင့်က ငါးနှစ်ဆယ်နှစ်စာလောက်ဘဲရှိတော့မှာ ဒီတစ်ခေါက်သူသင်ခန်းစာကြီးကြီးမားမားရသွားတော့ နောက်ဆိုဒီလိုကိစ္စမျိုးတွေကို မလုပ်ရဲလောက်တော့ဘူး”


သူမက ထိုကလေးပေါက်စအား ဘယ်လိုတောင်အနိုင်ကျင့်ခဲ့ရသည် ပြန်တွေးမိသောအခါ ယွင်ရုန်ကအူမြူးသွားသည်။


သူမပြောသည်များကိုကြားလိုက်ရသောအခါ လုဟယ်နျန်ကလည်းဒေါသပြေသွားလေသည်။သူကရယ်လိုက်ကာ သူမ၏နှာဖျားလေးကိုထိလိုက်သည်။


“ဒီလိုဆိုကောင်းတယ် ဒါကသူ့အသက်ကိုမထိခိုက်စေမှတော့ သင်ခန်းစာကောင်းကောင်းပေးလိုက်ကြတာပေါ့”


နိုင်ငံတော်၏အကာကွယ်ခံ ပထမတန်းစားတိရစ္ဆာန်-ပိုင်မော့သည် ဟိုတယ်ခန်း၏ကြမ်းပြင်ပေါ်၌‌လှဲနေလေသည်။နေ့တစ်ဝက်လောက်ကြာပြီးမှသာ သူကအသိပြန်ဝင်လာတော့သည်။သူ၏ခြေလက်များကိုလှုပ်ရှားလိုက်ကာ ချက်ချင်းပင် ဒေါင်းပုံစံမှ အဝတ်ဗလာဖြစ်နေသည့်ကောင်လေးအသွင်ပြန်ပြောင်းလိုက်သည်။သူ၏လှပသောအမွှေးများကိုကြည့်ကာ ပိုင်မော့ကအော်ငိုမိသွားလေသည်။


သူ့ရဲ့သနားစရာအမွှေးလေးတွေ၊ အဲ့ဒါတွေပြန်ပေါက်လာဖို့ ဘယ်နှစ်နှစ်တောင်ကြာမလဲမသိနိုင်ဘူး။


၎င်းက သူ့ကိုယ်ပေါ်မှအခြားအမွှေးများဆိုပါက အဆင်ပြေသေးသည်။သို့သော် အလွန့်အလွန်အရေးကြီးသည့်အမြှီးမှအ‌မွှေးများဖြစ်နေလေသည်။သူကဒီလိုအကြင်နာကင်းမဲ့တဲ့လုပ်ရပ်မျိုးကို တစ်ခါမှမကြုံဖူးဘူး။သူ့အမြှီးက ဖင်ပြောင်လုနီးပါးဖြစ်သွားပြီ။သူနှစ်သစ်ကူးအိမ်ပြန်ရင် သူ့ညီအကိုမောင်နှမတွေကို ဘယ်လိုမျက်နှာနဲ့တွေ့ရတော့မှာလဲ သေချာ‌ပေါက်သေလုမတတ်အရယ်ခံရမှာ။


ပိုင်မော့က ဟိုတယ်ခန်းထဲတွင် နာရီအနည်းငယ်လောက် အသက်မဲ့စွာလှဲနေလေသည်။မနက်မိုးလင်းခါနီးမှသာ သူကဟိုတယ်မှထွက်လာရန်လုပ်လိုက်သည်။


သူ့လက်ထောက်က ပိုင်မော့ကိုမြင်သောအခါလန့်ဖျပ်သွား၏။‌အခုချိန်တွင်နွေလယ်ခေါင်ကြီးဖြစ်သော်လည်း ပိုင်မော့ကဂျာကင်၊ဘောင်းဘီရှည်၊ နေကာမျက်မှန်နှင့် မျက်နှာအုပ်စသည်တို့ကို အပြည့်အဝဝတ်ဆင်ထားသည်။သူက ဆိုဖာပေါ်တွင်လေဖြတ်သလိုလှဲနေကာ မျက်ဝန်းထောင့်တွင်လည်း မျက်ရည်စီးကြောင်းရာများရှိနေပြီး စိတ်သောကရောက်ကာ သနားစရာကောင်းသည့်ပုံစံဖြစ်နေသည်။


တစ်ခုခုတော့မှားနေပြီ၊ အရင်ကဆိုသူမိန်းကလေးတွေကိုဟိုတယ်ခေါ်ပြီးတိုင်း ပြန်ရောက်လာရင်တစ်ကိုယ်လုံးတက်ကြွတောက်ပနေတာပါ။ဒီနေ့ကျမှဘယ်လိုဖြစ်တာလဲ။အခုက သူတစ်ယောက်ယောက်နဲ့အိပ်ခဲ့တဲ့ပုံစံမဟုတ်ဘဲ တစ်ယောက်ယောက်ကသူနဲ့အိပ်သွားတဲ့ပုံစံပေါက်နေပြီ။


မနေ့ညကအဲ့ဒီမိန်းကလေးရဲ့အသက်က တော်တော်လေးငယ်တာပါ။သူမရဲ့နည်းလမ်းတွေကထူးခြားနေမယ်လို့မထင်ထားဘူး။


“ဘော့စ် ဘာဖြစ်တာလဲဗျ”

ရှောင်ဝူက ဂရုတစိုက်မေးလိုက်သည်။


“ငါ。。。”

ပိုင်မော့က ဘာမှမပြောနိုင်ခင်မှာဘဲ မျက်ရည်ကျလာသည်။အခုလေးတင်တည်ငြိမ်သွားသည့်ခံစားချက်များက တစ်ဖန်ထကြွလာကာ သူ့မျက်ဝန်းများကလည်း ပိုပိုပြီးနီရဲလာလေသည်။


ရှောင်ဝူက ပိုင်မော့တစ်ယောက်ကံဆိုးသွားသည့်အတွက် အူမြူးနေသော်လည်း လက်ရှိပိုင်မော့ပုံစံကိုမြင်လိုက်ရသောအခါ တကယ်ကိုလန့်ဖျပ်သွားပြီး ကမန်းကတန်းမေးလိုက်သည်။

“ဘော့စ် ပြောလေဗျ အဲ့ဒီမိန်းကလေးကဘော့စ်ကိုဘာလုပ်ခဲ့လို့လဲ ကျွန်တော်မပြောဘူးလား အဲ့လိုကိစ္စတွေကိုလျှော့ဖို့ အခုမဟုတ်ရင်တောင်နောင်မှာ တစ်ခုခုဖြစ်လာနိုင်တယ်ဆိုပြီး မပြောဘူးလား”


ရှောင်ဝူဘာမှမပြောပါက အဆင်ပြေသေးသည်။သူထိုအကြောင်းပြောလာသောအခါ ပိုင်မော့၏တင်ပါးများပြန်ကိုက်ခဲလာလေသည်။သူက သတိလက်လွတ်ဖြင့်တင်ပါးကိုအုပ်ပြီး မျက်ရည်တလည်လည်ဖြင့်ပြောလိုက်သည်။


“ငါနောက်မလုပ်တော့ဘူး နောက်ဆိုဒီလိုကိစ္စမျိုးမလုပ်တော့ဘူး”

(E/N:သူ့ပုံစံကမသိရင် ယွင်ရုန်ကယောက်ျားဖြစ်ပြီး သူအဝုန်းခံလိုက်ရသလိုဘဲ LOL)


သူ့အမြှီးမှအမွှေးများနှုတ်ခံလိုက်ရသဖြင့် သူ့စိတ်ထဲတွင် အရိပ်မည်းကြီးထင်သွားပေသည်။


ရှောင်ဝူက သူ့လှုပ်ရှားမှုများကိုမြင်သောအခါ အံ့ဩလွန်းသဖြင့် မျက်စိပြူးသွားသည်။ခနလောက်ကြာပြီးနောက် သူကပိုင်မော့အား သနားစွာကြည့်လိုက်မိသည်။


မြစ်ကမ်းဘေးမှာရပ်မှတော့ ဖိနပ်ကမြစ်ရေမစိုဘဲနေမှာတဲ့လား။


ကြည့် အခုဘဲကြည့် မိန်းမဝတ်စုံဝတ်ထားတဲ့ ဘစ်ရှော့ကြီးနဲ့ကြုံလိုက်ရပြီမလား။


ဒီတစ်ကြိမ်တွင်တော့ ပိုင်မော့တစ်ယောက်တကယ်ပင်ခါးသီး‌လှသောသင်ခန်းစာရသွားလေသည်။


ထို့နေ့နေ့လယ်ခင်းတွင် ပိုင်မော့၏စတူဒီယိုက အသိပေးစာတစ်ခုတင်လာ၏။ရုတ်တရက်ကျန်းမာရေးမကောင်းမှုကြောင့် နာမည်ကြီးဆယ်လီပိုင်သည် အချိန်အနည်းငယ်လောက်အားပြန်ဖြည့်ရမည်ဟုဆို၏။သူကထိုကာလအတွင်းတွင် ကြိုးစားလေ့လာပြီး သူ့အရည်အချင်းကိုပိုပြီးထက်ရှလာအောင်လုပ်မည်ဟုဆိုကာ ပိုမိုကောင်း‌မွန်သောပိုင်မော့အနေဖြင့် ပရိသတ်များရှေ့ပြန်လာခဲ့မည်ဟုဆိုထားလေသည်။


ဤသတင်းက လေပြင်းတိုက်သလိုပင် အချိန်တိုအတွင်းမှာပဲ မြို့အနှံ့ပြန့်သွားသည်။ပြီးခဲ့သည့်နှစ်များအတွင်းတွင် ပိုင်မော့က အမျိုးသမီးထုကြီးကြား၌ အလွန်နာမည်ကြီးလာခဲ့ကာ အမျိုးသားနတ်ဘုရားဟုသတ်မှတ်ခံထားရလေသည်။ပရိသတ်များက လက်မခံနိုင်သော်လည်း အခြားနာမည်ကြီးများကမူ ပျော်ရွှင်နေကြသည်။၎င်းက သူတို့အတွက်ပြိုင်ဘက်နည်းသွားခြင်းပင်။ပျော်သည့်သူများကပျော်နေကြကာ တစ်ချို့သူများကလည်းစိုးရိမ်နေကြလေသည်။


ယွင်ရုန်ကထိုသတင်းကို တီဗီကြည့်နေရင်းမြင်သွား‌သည်။

သူမကချက်ချင်းသဘောပေါက်သွားလေသည်။ဒါကဘယ်လိုများ ခဏအနားယူတာဖြစ်မှာလဲ။အနည်းဆုံးတစ်နှစ်ခွဲလောက်ကြာမှာ ငှက်မွှေးတွေက အချိန်တိုအတွင်းပြန်ပေါက်လာမှာမဟုတ်ဘူး။


မိစ္ဆာများက လူများထက်ပိုင်ဆိုင်မှုများသည်ဟု ဆိုရိုးရှိလေသည်။မျက်စိကျိန်းလောက်သည့်ရုပ်ရည်၊ နှစ်ရာချီမှထောင်ချီအထိရှိသည့်သက်တမ်း၊ သူတို့ကပိုင်‌ဆိုင်မှုပိုများလေလေ ကန့်သတ်ချက်များလည်းပိုများလေပင်ဖြစ်သည်။ပိုင်မော့ကလူသားမိန်းကလေးတစ်ယောက်ကိုမှမသတ်ဖူးသော်လည်း ဝိညာဉ်စွမ်းအင်‌စုပ်ယူခံလိုက်ရသောထိုမိန်းကလေးများသည် ရွယ်တူများထက် အသက်ကြီးမြန်ကာ သူတို့၏သတ်မှတ်ထားပြီးသား ဘဝသက်တမ်းကိုလည်းထိခိုက်သွားစေ၏။၎င်းက လူ့အသက်ကိုထိပါးသည်နှင့်မခြားပေ။


ထို့ကြောင့်ယွင်ရုန်က ပိုင်မော့ကိုနည်းနည်းလေးတောင် မသနားပေ။


 ***

လုစုန့်နျန်၏အိမ်။


ဒီနေ့ကပိတ်ရက်ဖြစ်၏။မနက်ရှစ်နာရီလောက်တွင် လုစုန့်နျန်နှင့်ရူပိက မနက်စာအတူစားနေကြသည်။လင်မယားနှစ်ယောက်က အချင်းချင်းမနှောင့်ယှက်ဘဲ သူစိမ်းများလိုစားသောက်နေကြလေသည်။


အိမ်အကူဒေါ်လေးက သတိတကြီးဖြင့် လတ်လတ်ဆတ်ဆတ်ညှစ်ထားသည့်အသီးဖျော်ရည်အား ရူပိရှေ့သို့ချပေးလိုက်သည်။


“မဒမ် မှာထားတဲ့အသီးဖျော်ရည်ပါ”


ထို့နောက်သူမက မီးဖိုချောင်ထဲပြန်သွားရန်လုပ်လိုက်သည်။


ရူပိကစိတ်ထားမကောင်းပေ။လုစုန့်နျန်အိမ်တွင်ရှိနေချိန်တိုင်း၌ သူမပုံစံကချီးစားထားသလိုဖြစ်နေ၏။လင်မယားနှစ်ယောက်ကအတူတူထိုင်နေကြတာ အချိန်မရွေး ပေါက်ကွဲလာတော့မည့်အတိုင်းပင်။


အိမ်အကူဒေါ်လေးက သူ့ရင်ဘတ်သူအုပ်လိုက်မိသည်။သူမအတွက် ခြေလှမ်းနှစ်လှမ်းလောက်လှမ်း‌လိုက်ရခြင်းကတင် ကြောက်လန့်တကြားတုန်ရင်သွားစေ၏။


ရူပိကဖျော်ရည်ကို သောက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။သူမက ဖန်ခွက်ကိုစားပွဲပေါ်သို့ဘန်းခနဲဆောင့်ချလိုက်ပြီး စူးရှစွာအော်ပြောလာ၏။


“ဒေါ်လေးထောင် ရှင်ဒီနေ့ဘာဖြစ်နေတာလဲ ဘယ်လိုဖြစ်လို့ဖျော်ရည်ကချဉ်စုပ်နေတာလဲ ကျွန်မကိုချဉ်ပြီးသေသွားအောင် တမင်လုပ်နေတာလား”


“အဲ့လိုမဟုတ်ပါဘူး မနက်တုန်းက မဒမ်ဘဲရှောက်ခါးသီးပိုထည့်လို့ပြောလို့လေ အဲ့ဒါကြောင့်အရသာက ပိုချဉ်သွားတာပါ”

ဒေါ်လေးထောင်က ကမန်းကတန်းရှင်းပြလာသည်။


“ကျွန်မကရှောက်ခါးသီးပိုထည့်ခိုင်းလို့ ရှင်ကပိုထည့်တယ်ပေါ့ ကျွန်မကအိမ်ဖော်လား ရှင်ကအိမ်ဖော်လား ပြီးတော့ စားဖိုမှူးလက်မှတ်ရထားတယ်မဟုတ်ဘူးလား အရသာကိုဘယ်လိုညှိရမလဲ မသိဘူးလား”


ဒေါ်လေးထောင်ရှင်းပြသည်ကိုကြားသောအခါ ရူပိကချက်ချင်းဒေါသထွက်လာပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ ဆူငေါက်လာ၏။


အမှန်တော့ရူပိက ဒေါသဖြေဖို့လိုနေခြင်းဖြစ်ကာ တိုက်တိုက်ဆိုင်ဆိုင်ပင်အိမ်အကူက သူမစိတ်မကျေနပ်အောင်လုပ်မိသွားလေသည်။ထို့ကြောင့်သူမက ၎င်းကိုဆင်ခြေလုပ်ပြီးဒေါသပုံချလိုက်ခြင်းသာဖြစ်သည်။


ဒေါ်လေးထောင်က အစွပ်စွဲခံရသလိုခံစားနေရသော်လည်း ပြန်မငြင်းရဲပေ။လုမိသားစုမှလစာကအတော်လေးမြင့်ကာ အခြားမိသားစုများထက်နှစ်ဆလောက်ရှိသည်။သူမမိသားစုက ဖျားနာသည်ကိုကုရန် ဤပိုက်ဆံလိုသဖြင့် အလုပ်အဖြုတ်ခံလိုက်ရ၍မဖြစ်ပေ။


ဒေါ်လေးထောင်က အံကိုတင်းတင်းကြိတ်ကာ ခေါင်းငုံ့ပြီးပြန်ဖြေလိုက်သည်။


“မဒမ် ကျွန်မအသစ်တစ်ခွက်ပြန်ဖျော်ပေးပါ့မယ်”


“အသစ်ဖျော်ပေးမယ်ဟုတ်လား ငါ့မိသားစုရဲ့ပိုက်ဆံတွေက လေနဲ့လွင့်ပါလာလို့လား ငါကနင့်ကိုဒီမှာအလုပ်လုပ်ဖို့ခေါ်ထားတာ နင်ကတော့အရှေ့သွားပြီး ဖြုန်းတီးလိုက်၊အနောက်သွားပြီး ဖြုန်းတီးလိုက်နဲ့ ဘာလဲ နင်ကနောက်မှပြန်ယူသွားဖို့သိမ်းထားတာလား”


ဒေါ်လေးထောင်မျက်နှာပေါ်က မကျေနပ်ချက်ကိုမြင်လိုက်ရမှ ရူပိရင်ထဲပေါ့သွားသည်။သူမက လုမိသားစုမဒမ်ဖြစ်ကာ လုမိသားစုမှလူတိုင်းက သူမမျက်နှာကြည့်ကာနေရလိမ့်မည်။


ရူပိစကားကိုကြားသောအခါ ဒေါ်လေးထောင်၏မျက်နှာကဒေါသဖြင့်နီရဲလာသည်။

ဒါကသူမကိုခိုးတယ်ဆိုပြီး တိုက်ရိုက်စွပ်စွဲနေတာမလား။


ဒေါ်လေးထောင်က ရှက်သွားကာဒေါသလည်းထွက်လာပြီးပြန်ပြောလိုက်သည်။


“မဒမ် ဘယ်လိုများပြောရက်ရတာလဲ ကျွန်မကလုမိသားစုမှာအလုပ်‌လုပ်တာတစ်နှစ်ကျော်ပြီ တစ်ခါမှမယူသင့်တာကိုမယူဖူးဘူး”


“အဲ့ဒါဆိုနင်ကဘာကိုစိတ်လှုပ်ရှားနေတာလဲ ဘယ်သူသိမှာလဲ。。。。”


ရူပိကသူမကိုယ်သူမ ပိုပြီးဂုဏ်ယူမိလာသည်။သူမကဒေါ်လေးထောင်အား စကားနည်းနည်းဖြင့်ထပ်ထိုးနှက်တော့မည့်အချိန်မှာဘဲ သူ‌မနောက်မှ လုစုန့်နျန်၏ဒေါသတကြီးအော်သံထွက်လာသည်။


“လုမိသားစုရဲ့မဒမ်တစ်ယောက်အနေနဲ့ မင်းမှာ လုမိသားစုရဲ့မဒမ်တစ်ယောက်ပုံစံရှိသေးရဲ့လား”


ထိုစကားက ရူပိ၏အသည်းထဲကိုထိုးနှက်သွားကာ ပိုလို့တောင်ဒေါသကြီးသွားလေသည်။


သူမကမနက်စောစောကြီးမှာဘာလို့ မတော်မရော်ဒေါသထွက်နေရတာလဲ အဲ့ဒါကသူ့ကြောင့်ပဲမဟုတ်ဘူးလား။

ဒီနှစ်ရက်အတွင်းတွင် လုစုန့်နျန်ကအိမ်ပြန်လာသော်လည်း သူမကိုစကားတစ်ခွန်းတောင်မပြောပေ။ညဘက်တွင် အိပ်ရာပေါ်တွင်အတူအိပ်သော်လည်း လူသေလိုပင်သူမကိုနည်းနည်းလေးတောင်မထိပေ။သူမကလည်း သူမမျက်နှာကိုအဖတ်ဆယ်ဖို့လိုသေးသည်။


ရူပိကနှာခေါင်းရှူံ့လိုက်သည်။

“လုမိသားစုရဲ့မဒမ်တဲ့လား ရှင်ကကျွန်မကိုလုမိသားစုရဲ့မဒမ်အဖြစ်သတ်မှတ်သေးတာလား”


“ငါမနက်စောစောကြီးမှာ မင်းနဲ့စကားမများချင်ဘူး မင်းကိုယ့်ကိုကိုယ်ဘယ်လိုနေရာမှာရှိနေတာလဲဆိုတာကို သတိထားသင့်တယ်”


လုစုန့်နျန်ကမျက်မှောင်ကြုတ်လိုက်ကာ သူ့မျက်ဝန်းထဲတွင်ဒေါသရိပ်များပေါ်လာသော်လည်း တည်ငြိမ်စွာပြန်ဖြေလိုက်သည်။


သို့သော်လုစုန့်နျန်ကပိုပြီးဂရုမစိုက်လေလေ ရူပိကပိုပိုဒေါသထွက်လေပင်။သူမကဆတ်ခနဲထရပ်ပြီး ‌အော်ပြောလာ၏။


“ကျွန်မက ကျွန်မနေရာကိုဘယ်တုန်းကများဂရုမစိုက်လို့လဲ ရှင်ကကျွန်မကို ရှင့်ဇနီးအဖြစ်ပေးသင့်တဲ့လေးစားမှုမျိုးပေးလို့လား”


“တော်လောက်ပြီ အမေတို့ကစိတ်ညစ်စရာကောင်းလိုက်တာ မနက်ခင်းကြီးစကားများနေကြတယ်”


ရူပိအော်ပြောလိုက်သည့်အချိန်မှာဘဲ ထမင်းစားခန်းအဝမှ စိတ်မရှည်သည့်အသံထွက်လာသည်။


“လူကြီးတွေစကားပြောနေတာကို နင်ကဘာလို့。。。。”


ရူပိကလှည့်ကြည့်ပြီးနောက် လုယွင်ချင်၏ပုံစံကိုမြင်လိုက်ရသောအခါ ပြောဖို့လုပ်နေသည်များက ချက်ချင်းရပ်သွားသည်။သူမကအံ့ဩတကြီးမေးလိုက်မိသည်။


“ချင်ချင် နင်ဘယ်လိုဖြစ်တာလဲ”


လုယွင်ချင်က အိမ်နေရင်းပိုးသားဝတ်စုံကိုဝတ်ထားကာ လူတစ်ကိုယ်လုံးက တစ်ဆိုဒ်စာလောက်ပိန်ကျသွားသည်။လွန်ခဲ့သည့်ရက်အနည်းငယ်ကတောင် သူမအဝတ်များနှင့်ကွက်တိဖြစ်နေသော်လည်း ဒီနေ့တွင်မူချောင်ကျသွားလေသည်။အဝတ်အစားအတွင်းမှခန္ဓာကိုယ်က ချက်ချင်းခြောက်ကပ်သွားသလိုပင် လက်မောင်းမှထောင်နေသောအရိုးများကိုလည်းမြင်နေရ၏။


၎င်းကအထူးဆန်းဆုံးမဟုတ်သေးပေ။သူမခေါင်းမော့လာသောအခါ လက်ဝါးအရွယ်လောက်သာရှိသည့်မျက်နှာသေးသေးလေးကိုမြင်လိုက်ရသည်။သူမမျက်နှာပေါ်မှ ကလေးအဆီများသည် ဘယ်အချိန်တုန်းကပျောက်ကွယ်သွားလဲမသိပေ။ပါးများကချိုင့်ဝင်နေပြီး မျက်လုံးများကဗလာဖြစ်နေလေသည်။သူမ၏လက်ရှိပုံစံက သေလုနီးပါးဖြစ်နေသည့်လူနာနှင့်ဘာမှမကွာတော့ပေ။


လုယွင်ချင်၏ပုံစံကိုမြင်သောအခါ လုစုန့်နျန်လည်းအံ့ဩသွားသည်။သူကစိုးရိမ်တကြီးပြောလာ၏။


“နေမကောင်းဘူးလား ဆေးရုံသွားပြီးစစ်ကြည့်ရအောင်”


လုယွင်ချင်က တစ်ညလုံးမအိပ်ရသေးပေ။၎င်းကသူမမအိပ်ချင်လို့မဟုတ်ဘဲ မအိပ်ရဲခြင်းသာဖြစ်သည်။ဟိုးအရင်နေ့ညကတည်းက သူမက တစ်ပုံစံတည်းတူသည့်အိပ်မက်ကို ထပ်ခါတလဲလဲမက်နေလေသည်။အိပ်မက်ထဲတွင် အနီရောင်ဝတ်စုံဝတ်ထားသည့် ယောက်ျားတစ်ယောက်ကသူမဆီလျှောက်လာ၏။အရင်နေ့ညကအိပ်မက်ထဲတွင်သူကတံခါးနားတွင်သာရှိသေးသော်လည်း မနေ့ညကအိပ်မက်ထဲတွင်မူ သူကအထဲဝင်လာပြီဖြစ်သည်။သူမက မအိပ်ရဲတော့ပေ။သူမမျက်လုံးမှိတ်လိုက်ပါက ထိုလူသည်သူမသို့ရောက်လာပြီး သူမကိုဆွဲယူသွားမှာကိုကြောက်မိပေသည်။

 

တစ်ညလုံးမအိပ်ရသည့်အပြင် ကြောက်ပါကြောက်နေခဲ့သဖြင့် လုယွင်ချင်ကမပျော်မရွှင်ပြန်ဖြေလိုက်သည်။


“ဘာဖြစ်ရမှာလဲ အဖေတို့နှစ်ယောက်သာ စကားမများတော့သရွေ့ သမီးသေမှာမဟုတ်ဘူး”



⛰️