⛰️Chapter 83
:မျိုးဆက်ဖြန့်ပွားခြင်း။
“ဘာဖြစ်ရမှာလဲ အဖေတို့နှစ်ယောက်သာ စကားမများတော့သရွေ့ သမီးသေမှာမဟုတ်ဘူး”
လုယွင်ချင်၏အသံကစူးရှနေပြီး လုစုန့်နျန်တင်မကရူပိ၏ရင်ထဲကိုပါ ထိတ်ခနဲဖြစ်သွားစေ၏။ပုံမှန်အချိန်များတွင် ရူပိကသူမသမီးများ ဘေးမဲ့ပေးသည့်ပုံစံဖြင့်ပျိုးထောင်ခဲ့သော်လည်း အဆုံးတွင်သူမ၏သမီးအရင်းဖြစ်နေဆဲပင်။ဘယ်လိုများမစိုးရိမ်ဘဲနေမှာလဲ။ဤအချိန်တွင် သူမကရန်ဖြစ်ဖို့အာရုံမရှိတော့ဘဲ စိုးရိမ်တကြီးဖြင့်လုယွင်ချင်နားသွားလိုက်သည်။
“ချင်ချင် သမီးနေမကောင်းဘူးလား အမေသမီးကိုဆေးရုံခေါ်သွားပေးမယ်လေ”
“သမီးကိုမထိနဲ့ မသေပါဘူး”
လုယွင်ချင်က ရူပိလက်ကိုပုတ်ထုတ်လိုက်ကာ သူမမျက်နှာပေါ်တွင်စိတ်မရှည်သည့်အမူအရာဖြစ်ပေါ်လာ၏။လုယွင်ချင်ကအားနည်းနေသောခြေထောက်များဖြင့် စားပွဲတစ်ဖက်တွင်ဝင်ထိုင်ကာ ချက်ချင်းအော်ပြောလိုက်သည်။
“ဒေါ်လေးထောင် ကျွန်မ ဆန်ပြုတ်သောက်ချင်တယ် ဆန်ပြုတ်တစ်ပွဲယူလာပေး”
ဒေါ်လေးထောင်ကမီးဖိုချောင်ထဲတွင် မျက်ရည်သုတ်နေလေသည်။လုယွင်ချင်၏အသံကိုကြားသောအခါ သူမကကမန်းကတန်းမျက်ရည်သုတ်လိုက်ပြီး ဆေးဘဲဥနှင့်သိုးသားဆန်ပြုတ်ကိုယူသွားပေးလိုက်သည်။
လုယွင်ချင်ကအပြစ်ရှာလာမှာကိုစိုးရိမ်သဖြင့် သူမကသတိတကြီး ပြောလိုက်သည်။
“သခင်မလေး ဆန်ပြုတ်ကနည်းနည်းပူနေသေးတယ် ဖြေးဖြေးချင်းသောက်。。。。”
သူမပြောလို့မပြီးသေးခင်မှာဘဲ လုယွင်ချင်က တငွေ့ငွေ့တက်နေသောအငွေ့များကို နည်းနည်းလေးတောင်ဂရုမစိုက်ဘဲ ပန်းကန်ကိုမလိုက်သည်။သူမကဇွန်းတောင်မသုံးတော့ဘဲ နှစ်လုတ်၊သုံးလုတ်စာလောက်ဖြင့်တစ်ပန်းကန်လုံးကိုမြိုချလိုက်သည်။စက္ကန့်အနည်းအတွင်းမှာဘဲ ပူပူလောလောကြီးရှိသည့် ဆန်ပြုတ်တစ်ပွဲလုံးပြောင်သွားလေသည်။
လုယွင်ချင်က ကုန်သွားသောပန်းကန်ကို စားပွဲပေါ်သို့ ဘန်းခနဲဆောင့်ချလိုက်ပြီး နည်းနည်းလေးတောင်အပူလောင်သွားပုံမပေါ်သည့် နှုတ်ခမ်းထူထူများကိုသပ်လိုက်သည်။ထို့နောက်သူမကမျက်မှောင်ကြုတ်ကာပြောလာ၏။
“ဒေါ်လေးထောင် ဘယ်လိုဖြစ်တာလဲ ဒီ ဆန်ပြုတ်ကလုံးဝကိုအေးစက်နေပြီ အဲ့ဒါကိုလာပို့ရဲသေးတာလား ပြီးတော့နည်းနည်းလေး ဒေါ်လေးကကြောင်စာကျွေးနေတာလား အိမ်မှာဆန်မရှိတော့လို့လား”
“လုံးဝအေးနေပြီဟုတ်လား”
ဒေါ်လေးထောင်က လုယွင်ချင်ကိုအံ့ဩတကြီးကြည့်ပြီး မယုံနိုင်စွာမေးလိုက်သည်။ဘယ်လိုများအေးနိုင်မှာလဲ၊ အခုလေးတင်ချက်ထားတာကို။ပိုင်တုမရှိရင်တောင်မှ □□အကန့်အသတ်ဆိုတာရှိသေးတယ် အေးဖို့မပြောနဲ့ အခြားသူတွေဆို ပူလွန်းလို့သောက်တောင်သောက်နိုင်ဦးမှာမဟုတ်ဘူး”
(TN:အီးထရန်းမှာကိုက အဲ့လို□□ဖြစ်နေတာပါ)
“ဒေါ်လေးက လက်မခံနိုင်သေးဘူးလား”
လုယွင်ချင်ကမျက်မှောင်ကြုတ်လိုက်ကာ ဒေါသတကြီးပြောလိုက်သည်။
“ထားလိုက်တော့ ထားလိုက်တော့ ကျွန်မဗိုက်ဆာလို့သေတော့မယ် မြန်မြန်လေးနောက်တစ်ပွဲယူလာခဲ့”
ဒေါ်လေးထောင်က အနည်းငယ်တွေဝေသွားသော်လည်း လုယွင်ချင်တစ်ယောက်ဒေါသထွက်လာတော့မည်ကိုမြင်သောအခါ ကုန်သွားသည့်ပန်းကန်ကိုပြန်ယူသွားလိုက်သည်။
ဒေါ်လေးထောင်ထွက်သွားပြီးနောက် လုယွင်ချင်ကလည်ပင်းကိုကျုံ့ကာရေရွတ်လိုက်သည်။
“အခုမှစက်တင်ဘာဘဲရှိသေးတာကို ဘာလို့အရမ်းအေးနေတာလဲ”
ရူပိနှင့်လုစုန့်နျန်တို့က လုယွင်ချင်ကိုဘေးမှစောင့်ကြည့်နေကြသည်။သူတို့နှစ်ယောက်လုံးက သူမ၏မူမမှန်မှုများကို ကြောင်အစွာကြည့်လိုက်မိကြသည်။ရူပိကလက်ဆန့်ပြီး သူမသမီး၏နဖူးကိုစမ်းကြည့်လိုက်သောအခါ ရေခဲတမျှအေးစက်နေသည်ကိုခံစားလိုက်ရသည်။သူမကနားမလည်နိုင်စွာပြောလာ၏။
“ကိုယ်လည်းမပူပါဘူး”
လုယွင်ချင်က ရူပိ၏လက်ကိုပုတ်ထုတ်ကာ ဒေါသတကြီးအော်ပြောလာ၏။
“ဘာလုပ်တာလဲ မထိနဲ့ နေမကောင်းမဖြစ်ပါဘူးဆို”
သူမစိုးရိမ်မှုများက ထပ်ခါတလဲလဲအငြင်းခံနေရသောအခါ နဂိုကတည်းကစိတ်မရှည်သည့်ရူပိက ချက်ချင်းပင်ဒေါသထောင်းခနဲထွက်သွားသည်။သူမကပြုံးကာပြောလိုက်သည်။
“ဂရုမစိုက်နဲ့ဆိုတော့လည်း ဂရုမစိုက်တော့ဘူး ဘယ်လိုဖြစ်ဖြစ် ငါကနင့်ကိုဂရုစိုက်ချင်နေတာမဟုတ်ဘူး မနေ့ညတုန်းက နင်ညလုံးပေါက်နေခဲ့တာမလား အသားအရေလည်းကြည့်ဦး သရဲလိုဘဲ ဘယ်ယောက်ျားလေးအတန်းဖော်နဲ့ ဘယ်လိုတောင်chatနေလို့လဲ”
ထိုသို့ပြောပြီးနောက် ရူပိကလှည့်ထွက်သွားလေသည်။သူမကသွားနေရင်းအော်ပြောလိုက်သည်။
“ဒရိုင်ဘာကိုကားပြင်ထားဖို့ပြောလိုက် မဒမ်ကျန်းက ငါနဲ့မာကျောက်ကစားချင်လို့တဲ့ နေ့လယ်လောက်ထိပြန်လာမှာမဟုတ်ဘူး”
ရူပိထွက်သွားသည်ကိုမြင်သောအခါ လုစုန့်နျန်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် နှုတ်ခမ်းစေ့လိုက်သည်။သူကလုယွင်ချင်ဆီလျှောက်သွားကာ သူ့လေသံကိုအတတ်နိုင်ဆုံးနူးညံ့စေလိုက်သည်။
“ချင်ချင် ညလုံးပေါက်နေရင် သမီးကျန်းမာရေးထိခိုက်လိမ့်မယ် သမီးကအခုမှကြီးထွားနေတုန်းလေ ခဏခဏညလုံးပေါက်မနေသင့်ဘူး ဒီနေ့ ဖေဖေ အလုပ်ကိစ္စနဲ့ဥရောပဘက်ကိုသွားရမယ် သမီးဘာလက်ဆောင်လိုချင်လဲ”
အမှန်တွင်လုယွင်ချင်က လုစုန့်နျန်အပေါ်အလွန်ဒေါသထွက်မနေပေ။သူမကခပ်တည်တည်ဖြင့်ပြန်ပြောလိုက်သည်။
“Hဘရန်းရဲ့ နောက်ဆုံးပေါ်အကန့်အသတ်နဲ့ထွက်ထားတဲ့အိတ် သမီးအဲ့ဒါကို လိုချင်တယ်”
ထိုအိတ်ကနှစ်မီလီယမ်ကျော်တန်ဖိုးရှိ၏။လုမိသားစု၏ပညာရေးတွင် သူတို့ကိုယ်တိုင်ပိုက်ဆံမရှာနိုင်သေးပါက ဒီလိုဈေးကြီးဇိမ်ခံပစ္စည်းမျိုးကိုမဝယ်ပေးတတ်ပေ။ထို့ကြောင့်လုယွင်ချင်တောင်းဆိုသည်များကို လုစုန့်နျန်ကတစ်ခါမှကတိမပေးခဲ့ခြင်းဖြစ်သည်။သို့သော်အခုချိန်တွင်သူ့သမီး၏ပုံစံကိုမြင်လိုက်ရသောအခါ လုစုန့်နျန်ကခနလောက်တွေးကြည့်ပြီးနောက်
ပြန်ပြောလိုက်သည်။
“ဖေဖေ မှတ်ထားလိုက်ပြီ ပြန်လာရင်သမီးအတွက်ဝယ်ခဲ့ပေးမယ်နော်”
သူကစကားနည်းနည်းလောက်ထပ်ပြောချင်သေးသော်လည်း အတွင်းရေးမှူး၏ လေဆိပ်သို့သွားရန် လောနေသောစာများရလာလေသည်။လုစုန့်နျန်က သူပြောချင်သည်များကို မြိုချလိုက်ပြီး အလောတကောထွက်သွားလိုက်သည်။
လုစုန့်နျန်ထွက်သွားပြီးနော် ထမင်းစားခန်းထဲတွင် လုယွင်ချင်တစ်ယောက်တည်းကျန်ခဲ့သည်။ဒီအချိန်တွင်သူမ၏မျက်ဝန်းများက အသက်ပြန်ဝင်လာသည်။သူမကလက်ဆန့်ကာ လက်ခလယ်တွင်စိန်လက်စွပ်ကြီးကိုစွပ်ပြီး အလွန်စိတ်ကျေနပ်သွားသည်။ဤလက်စွပ်က တစ်နေ့ညကသူမကောက်ခဲ့သည့် ပိုက်ဆံထုပ်နှင့်အတူ ပါလာခြင်းဖြစ်သည်။မနေ့ညက သူမရှာကြည့်လိုက်သောအခါ လက်စွပ်တန်ဖိုးက အနည်းဆုံး ယွမ်သုံးသိန်းကျော်လေသည်။
အတန်းထဲမှာ ဒီလောက်ဈေးကြီးတဲ့လက်စွပ်မျိုးဘယ်သူဝတ်နိုင်မှာလဲ။တနင်္လာနေ့သူမကျောင်းရောက်တာနဲ့ လူတိုင်းကသေလောက်အောင်မနာလိုဖြစ်ကြမှာပဲ။
ထိုအချိန်တွင်ဒေါ်လေးထောင်က ဆန်ပြုတ်နောက်တစ်ပွဲယူလာသည်။သူမခေါင်းမော့လိုက်သောအခါ လုယွင်ချင်၏ပိန်လှီနေသောမျက်နှာက စိတ်လှုပ်ရှားမှုဖြင့်နီရဲနေသည်ကိုမြင်လိုက်သည်။သူမပုံစံက ချင်းမင်ပွဲတော်ကာလအတွင်းရှိ သင်္ချိုင်းပေါ်မှ စက္ကူအရုပ်နှင့်တစ်ထပ်တည်းတူနေလေသည်။ဒေါ်လေးထောင်၏ရင်ထဲ၌ ထိတ်ခနဲဖြစ်သွားပြီး ကမန်းကတန်းခေါင်းငုံ့ချလိုက်ကာ လုယွင်ချင်ကိုထပ်မကြည့်ရဲတော့ပေ။
***
မနေ့ညမှကိစ္စများကြုံခဲ့ရပြီးနောက် ယွင်ရုန်ကသူမကိုယ်သူမ လုဟယ်နျန်နှင့်ပိုရင်းနှီးလာသည်ဟုခံစားမိသွားသည်။အရင်ကဆိုလျှင်သူမက လုဟယ်နျန်အားဘော့စ်လို၊သူငယ်ချင်းလိုဆက်ဆံခဲ့၏။မည်သို့ပင်ဖြစ်စေ လုဟယ်နျန်ကလူသားတစ်ယောက်ဖြစ်သည်။သူမရင်ထဲတွင် သူကသူမနှင့်ကွာခြားနေသဖြင့် အမြဲပင်အကွာအဝေးတစ်ခုထားခဲ့သည်။
အခုတွင်မူထိုအကန့်အသတ်ဘောင်က ဝေဝါးသွားကာ ယွင်ရုန်ကလူသားများပြောသည့် ချစ်ခင်မှုဟူသောခံစားချက်မျိုးဖြစ်နိုင်သည်ဟု ခံစားမိသွားသည်။၎င်းက သူမနေလာသည့်တစ်လျှောက်တစ်ခါမှမကြုံဖူးသည့် အရာတစ်ခုပင်။သို့သော်လည်းဤခံစားချက်က အတော်လေးကောင်းမွန်လှသည်။
ဒီရက်များအတွင်းတွင် ယွင်ရုန်ကအိပ်မက်ကြောင့်မပျော်မရွှင်ဖြစ်နေသဖြင့် နောက်တစ်နေ့တွင်လုဟယ်နျန်က သူ့အလုပ်များကိုဘေးချပြီး သူမအားအနားမှနေရာတစ်ခု၌ကစားရန်ခေါ်သွားလိုက်သည်။
“ဒုတိယအစ်ကို ဒါကရုံးကိုသွားတဲ့လမ်းလည်းမဟုတ်ဘူး ကျွန်မတို့ဘယ်သွားနေတာလဲ”
ကားအပြင်မှမရင်းနှီးသောလမ်းကိုမြင်သောအခါ ယွင်ရုန်ကလုဟယ်နျန်ကိုမေးလာသည်။
“ကိုယ့်သူငယ်ချင်းတစ်ယောက်က ပင်လယ်ဘေးမှာနေရာတစ်ခုရှိလို့ ရွက်လှေကလပ်ဖွင့်ထားတာ အခုကိုယ်တို့က ပင်လယ်မှာသွားကစားကြမှာ”
လုဟယ်နျန်ကပြန်ဖြေလိုက်သည်။
ယွင်ရုန်က ရွက်လှေကလပ်ဆိုသည်ကိုနားမလည်သော်လည်း ပင်လယ်သွားရမည်ကိုကြားသောအခါ စိတ်လှုပ်ရှားလာသည်။
“ပင်လယ်အလယ်ကိုသွားကြမှာလား”
လုဟယ်နျန်ကခေါင်းငြိမ့်ပြလိုက်သည်။
“ဘာဖြစ်လို့လဲ အရင်ကပင်လယ်ကိုတစ်ခါမှမရောက်ဖူးဘူးလား”
ယွင်ရုန်၏စွမ်းရည်နှင့်ဆိုပါက သူမသွားချင်သောနေရာတိုင်းကိုမျက်စိတမှိတ်အတွင်းသွားနိုင်ပေသည်။သူက ယွင်ရုန်စိတ်လှုပ်ရှားနေသဖြင့် နည်းနည်းအံ့ဩသွားသည်။
“အင်း ကျွန်မတစ်ခါမှတန့်ချိုးတောင်အပြင်ကိုမထွက်ဖူးဘူး ဒီတစ်ခေါက်ဟိုင်ရှီးကိုလာတာက ကျွန်မအတွက်ပထမဆုံးဘဲ”
ယွင်ရုန်ကအမှန်တိုင်းပြောပြလာသည်။
“ကျွန်မက ဘာဗဟုသုတမှမရှိတဲ့ တောင်စောင့်နတ်လေးပါနော်”
လုဟယ်နျန်က သူမစကားကြောင့်ရယ်ချင်သွားပြီး မနေနိုင်ဘဲမေးလိုက်သည်။
“ဘာလို့တောင်အောက်ဆင်းပြီး လျှောက်မကြည့်တာလဲ”
သူမကဘာလို့တောင်အောင်မဆင်းတာလဲ။ယွင်ရုန်က စိတ်လွင့်သွားကာ ဘယ်လိုပြန်ဖြေရမလဲမသိတော့ပေ။သူမကခနလောက်ကြာပြီးမှ ပြန်ဖြေလိုက်သည်။
“ကြည့်ရတာ တစ်ယောက်ယောက်က ကျွန်မကိုတောင်အောက်ဆင်းတာက အရမ်းအန္တရာယ်များတယ်လို့ ပြောထားခဲ့လို့ထင်တယ် ကျွန်မရဲ့ကျင့်ကြံဆင့်ကအရမ်းအရမ်းကိုနိမ့်လို့ တောင်အောက်ဆင်းသွားရင် မိစ္ဆာကြီးတွေစားတာခံလိုက်ရမယ်တဲ့。。。。”
“ဘယ်သူပြောတာလဲဆိုတာကိုတော့ မမှတ်မိတော့ဘူး”
ယွင်ရုန်ကရေရွတ်လိုက်သည်။
လုဟယ်နျန်က နှုတ်ခမ်းစေ့လိုက်ကာ မေးမိသွား၍နောင်တရသွားသည်။ယွင်ရုန်ထပ်ပြီးစိတ်ညစ်သွားမှာစိုးရိမ်သဖြင့် သူကကမန်းကတန်းထပ်ပြောလိုက်သည်။
“မမှတ်မိရင်လည်း မတွေးနဲ့တော့ အဲ့ဒီကိစ္စကနှစ်လေးထောင်တောင်ကျော်သွားပြီလေ ဘယ်လိုလုပ်ပြီးမှတ်မိနိုင်မှာလဲ”
“ဒုတိယအစ်ကို ကျွန်မမှာလေ လူသားတွေဖြစ်တတ်တဲ့ သူငယ်ပြန်တဲ့ရောဂါဖြစ်နေတယ်လို့်ထင်လားဟင်”
ဤတလောအတွင်းတွင် ယွင်ရုန်ကသတင်းများကိုကြည့်ခဲ့ရာ နိုင်ငံအတွင်းရှိသက်ကြီးရွယ်အိုအများအပြားက ဒီရောဂါဖြစ်ကြသည်ကိုတွေ့လိုက်ရလေသည်။မမှတ်မိခြင်းမှာ သူငယ်ပြန်ရောဂါ၏အစောပိုင်းလက္ခဏာပင်ဖြစ်သည်။
သူမက အကြောင်းမရှိမမှတ်မိစရာအကြောင်းမရှိပေ။ဒီလိုဆိုသူငယ်ပြန်ရောဂါဘဲမဟုတ်ဘူးလား။
“ပေါက်ကရတွေ မင်းကအသက်ဘယ်လောက်ကြီးသေးလို့လဲ”
လုဟယ်နျန်က လွှတ်ခနဲပြန်ငြင်းလိုက်သည်။
လုဟယ်နျန်စကားကိုကြားသောအခါ ယွင်ရုန်ကတကယ်ပင်လက်ချိုးပြီး ရေတွက်လာသည်။
“လူသားအသွင်ပြောင်းကတည်းက စတွက်မယ်ဆိုရင် အခုဆိုအသက်လေးထောင့်ရှစ်ရာကျော်ပြီ ကျွန်မကဒုတိယအစ်ကိုထက် အများကြီးအသက်ကြီးတယ်”
လုဟယ်နျန်၏အပြုံးကတောင့်တင်းသွားသည်။
ဒီအသက်ကွာခြားချက်က。。 သူမပျော်တော့ဘူး။
လုဟယ်နျန်ကဘာမှပြန်မပြောလာသဖြင့် ယွင်ရုန်ကဆက်ပြောလာသည်။
“အဲ့လိုဆိုမှ ကျွန်မက ရှင့်ကိုဒုတိယအစ်ကိုလို့ခေါ်နေတာကတောင် ထူးဆန်းနေသလိုဘဲ ဒုတိယမောင်လေးလို့ခေါ်ရမယ်ထင်တယ် အဲ့လိုလည်းမဟုတ်သေးပါဘူး ရှောင်လု၊ ရှောင်နျန်。。。。”
“ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ်ကတော့ထူးဆန်းတယ်လို့မထင်ဘူး မင်းကိုယ့်ကိုဒုတိယအစ်ကိုလို့ပဲ ဆက်ခေါ်လို့ရတယ်”
သူမကဆက်ပြောချင်သေးသည်ကိုမြင်သောအခါ လုဟယ်နျန်ကလျင်မြန်စွာဖြတ်ပြောလိုက်သည်။သူမက သူ့ကိုမြေးကြီးလို့ခေါ်လာမှာတောင်ကြောက်နေရပြီ။
သူတို့ကစကားပြောလိုက်ရယ်လိုက်ဖြင့် သိပ်မကြာခင်မှာဘဲ ရွက်လှေကလပ်သို့ရောက်သွားသည်။သူတို့အထဲဝင်သွားသောအခါ လုဟယ်နျန်၏သူငယ်ချင်း ချန်ရှင်းယွီက ရွက်လှေပြင်ပေးထားပြီးပြီဖြစ်သည်။သူကသူတို့နှစ်ယောက်အား ကမ်းခြေသို့လမ်းပြသွားရင်း ပြောလာသည်။
“ဟယ်နျန် ငါပစ္စည်းတွေကိုရွက်လှေထဲမှာပြင်ထားပြီးပြီ မိုးလေဝသခန့်မှန်းချက်ကတော့ ညကျရင်ကြယ်ကြွေမယ်ဆိုဘဲ အတော်ဘဲ မင်းတို့နှစ်ယောက်ရွက်လှေပေါ်မှာ ကြယ်ကြွေတာကိုကြည့်ပြီး ကဗျာတွေစာတွေ ဘဝအဓိပ္ပါယ်တွေပြောရင်းညကိုကုန်ဆုံးလို့ရသွားတာပေါ့”
ချန်ရှင်းယွီက ညတာကိုကုန်ဆုံးဟူသောစကားကိုအထူးအလေးပေးပြောသွားလေသည်။ယွင်ရုန်မမြင်ရသည့်နေရာတွင် သူကလုဟယ်နျန်ကိုကြည့်ပြီး မျက်စိမှိတ်ပြလာ၏။
“ငါတို့က ဒီတိုင်းသွားကစားပြီး ညနေကျပြန်လာကြမှာ”
လုဟယ်နျန်က ချန်ရှင်းယွီ၏အဓိပ္ပါယ်ပါနေသောအမူအရာကို မမြင်ချင်ယောင်ဆောင်ပြီး ပြန်ပြောလိုက်သည်။
ချန်းရှင်းယွီက စိတ်ပျက်သွားပြီး ပြန်စည်းရုံးလာ၏။
“ဒီလိုအခွင့်အရေးက ရှားမှရှားဘဲ၊ ဟယ်နျန် ကြယ်ကြွေတာက နှစ်တစ်ခါမှတစ်ခါဖြစ်တာနော် နောက်ထပ်အခွင့်အရေးရှိတော့မှာမဟုတ်ဘူး”
လုဟယ်နျန်နှင့်သူက အထက်တန်းကတည်းက သူငယ်ချင်းများဖြစ်ကာ တိုက်ခန်းတစ်ခုတည်းတွင်နေခဲ့ကြသူများဖြစ်သည်။သူသည်လည်း လုဟယ်နျန်၏ကံကြမ္မာအကြောင်းကို နည်းနည်းသိထားသည်။
ဆယ်နှစ်ကျော်သူငယ်ချင်းဖြစ်ခဲ့တဲ့လူက နောက်ဆုံးမှ မိန်းကလေးတစ်ယောက်ခေါ်လာတာကို မကူညီဘဲဘယ်လိုများနေနိုင်မှာလဲ။
လုဟယ်နျန်က ချန်ရှင်းယွီ၏အကြံကိုသတိထားမိလေသည်။သူကနှုတ်ခမ်းစေ့ကာ မဲမှောင်နေသောမျက်နှာဖြင့်ပြောလိုက်သည်။
“ငါတကယ်ပြောနေတာ ငါတို့ကညအထိနေမှာမဟုတ်ဘူး”
ဒီလောက်နှစ်တွေအကြာကြီးနေလာတာတောင် ဒီကောင်က ဘာလို့သဘောမပေါက်သေးတာလဲ။အခုပဲကြည့်လေ သူ့ကံကြမ္မာနဲ့အဆင်ပြေတဲ့မိန်းကလေး၊ အပြင်လည်းအတူသွားချင်တဲ့မိန်းကလေးမျိုးကို ခက်ခက်ခဲခဲရှာတွေ့လာပြီးမှတော့ တစ်ချက်တည်းနဲ့အပိုင်ဖမ်းလိုက်ရမှာပေါ့။ချန်ရှင်းယွီက လက်မလျှော့ချင်သေးဘဲ ယွင်ရုန်နားကပ်ကာပြောလိုက်သည်။
“မစ်ယွင် ကျွန်တော် လှေပေါ်မှာဝိုင်နီနဲ့ဖယောင်းတိုင်ညစာလည်းပြင်ထားပေးတယ် မစ်နဲ့ဟယ်နျန်တို့ ကောင်းကောင်းပျော်ခဲ့ရမယ်နော်。。。。”
သူပြောလို့မပြီးသေးခင်မှာဘဲ လုဟယ်နျန်က သူ့ဂုတ်ကိုဆွဲလိုက်လေသည်။လုဟယ်နျန်ကချန်ရှင်းယွီကို ဘေးသို့ဆွဲသွားပြီး အံကြိတ်ကာပြောလိုက်သည်။
“ပါးစပ်ပိတ် အဲ့လိုထူးဆန်းတာမျိုးတွေကိုမပြောနဲ့”
“ငါကမင်းအတွက်လုပ်ပေးနေတာမဟုတ်ဘူးလား”
ချန်ရှင်းယွီက လုဟယ်နျန်၏ကြောက်စရာကောင်းသောဒေါသကိုမကြောက်ဘဲ နောက်တောက်တောက်ဖြင့်ပြုံးပြလာသည်။
“မင်းကိုယ်မင်းသာဂရုစိုက်သင့်တယ် အရင်တစ်ခေါက်တုန်းက ဒေါ်လေးချန်ငါ့အမေနဲ့ တွေ့တုန်းက မင်းလက်ထပ်ရမယ့်ကိစ္စအကြောင်းကိုပြောနေတာ မင်းကဘယ်လိုဘဲဖြစ်နေပါစေ ငြင်းနေတယ်တဲ့ အဲ့ဒါမင်းရဲ့လိင်စိတ်ဝင်စားမှုဘဲတိမ်းစောင်းနေလို့လား。。。”
လုဟယ်နျန်ပြောလို့မပြီးသေးခင်မှာဘဲ ချန်ရှင်းယွီ၏အသားအရောင်ကလုံးဝပြောင်းလဲသွားကာ ကမန်းကတန်းဖြတ်ပြောလာသည်။
“ညီကိုရာ ငါတို့တွေအချင်းချင်းအကြောင်းတွေ မပြောလို့မရဘူးလား အခုငါက ငါ့အဖေနဲ့အမေ ဒုတိယကလေးရဖို့ဆုတောင်းနေတာ အဲ့လိုဆိုသူတို့က ငါ့အပေါ်ပဲအာရုံစိုက်နေတော့မှာမဟုတ်ဘူး”
ယွင်ရုန်က သူတို့နှစ်ယောက်တတွတ်တွတ်ပြောနေကြသည်ကိုမြင်သောအခါ သိချင်လာသဖြင့်အနားကပ်သွားရာ ဒုတိယကလေးဟူသောစကားကိုကြားလိုက်ရသည်။သူမကမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလာ၏။
“ရှင်က နောက်ထပ်ကလေးလိုချင်လို့လား”
ဒုတိယကလေးယူမည်မှာ မျိုးဆက်ထပ်ပွားချင်ဟုဆိုလို၏။ချန်ရှင်းယွီက အံ့ဩသွားပြီး ကြောင်တောင်တောင်ဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။
သူခေါင်းငြိမ့်သည်ကိုမြင်သောအခါ ယွင်ရုန်ကပြုံးလိုက်ပြီး ချန်ခွင်းအိတ်ထဲမှ လက်ဝါးအရွယ် အဝါရောင်တောက်တောက်အမွှေးများရှိသည့်အရာတစ်ခုကိုထုတ်ကာ ချန်ရှင်းယွီလက်ထဲထည့်ပေးလိုက်သည်။
“ဒါကလုရှုရဲ့အမွှေး မျိုးဆက်လိုချင်ရင် ဒါကိုကိုယ်ပေါ်မှဆောင်ထားလိုက်ရုံဘဲ သိပ်မကြာခင်မှာဘဲမျိုးဆက်ရလာလိမ့်မယ်”
ချန်ရှင်းယွီက ဘာမှပြန်မတုံ့ပြန်လာဘဲ ကြောင်အနေသည်ကိုမြင်သောအခါ ယွင်ရုန်ကထပ်ပြောလိုက်သည်။
“တစ်ခုကို တစ်မီလီယမ် ပြန်ရောက်တာနဲ့ အကျိုးရှိမရှိစမ်းကြည့်လိုက် ကိုယ်ဝန်ရသွားမှ ပိုက်ဆံရှင်းလို့ရတယ်”
သူက လုဟယ်နျန်၏သူငယ်ချင်းဖြစ်သဖြင့် ပိုက်ဆံမပြေးဘဲထွက်ပြေးသွားမှာကို မစိုးရိမ်ရပေ။
ဒီအတိုင်းအပြင်သွားတာကို မထင်မှတ်ဘဲ ပိုက်ဆံရှာနိုင်သွားတယ်။ဒီခရီးကတန်သားပဲ။
ယွင်ရုန် စိတ်ထဲတွင်ပျော်သွားလေသည်။
⛰️