Chapter 85
Viewers 5k

⛰️Chapter 85

ဖူးစာဖဲကြိုးနီ




လုဟယ်နျန်နှင့် ယွင်ရုန်တို့ လုစုန့်နျန်၏ အိမ်သို့ရောက်ရှိသောအခါ လုစုန့်နျန်သည်လည်း ရှေ့ဆင့်နောက်ဆင့်ပင် ရောက်လာသည်။ သူတို့နှစ်ဦး တံခါးပေါက်သို့ ဝင်လာလာချင်းပင် အိမ်အတွင်းမှ ပြင်းထန်သော ရန်ပွဲအား ကြားလိုက်ရလေသည်။


ဒေါ်လေးထောင်က တံခါးလာဖွင့်ပေးပြီး စိတ်ပူနေသော မျက်နှာနှင့် ပြောလိုက်လေသည်။ 


 “ဒုတိယသခင်လေး… ရောက်လာပြီပဲ… သခင်လေးနဲ့ မဒမ်ကို ပြောပေးပါဦး… သူတို့နှစ်ယောက်တွေ့ကတည်းက ခုထိရန်ဖြစ်နေတာ…”


လုဟယ်နျန်မှာ ချက်ချင်းပင် မျက်နှာပျက်သွားကာ ယွင်ရုန်အား အခန်းတွင်းသို့ ခေါ်သွားလေသည်။ ဧည့်ခန်းအတွင်းတွင် ရှူးပိမှာ ပိုးစင်ပေါ်မှ ပန်းအိုးအား ကြမ်းပြင်သို့ပစ်ပေါက်နေပြီး ကျယ်လောင်စွာ အော်ဟစ်နေသည်။


 “လုစုန့်နျန်… ကောင်းတယ်နော်… အခု ရှင်က ကျွန်မကို ကလေးကို မကြည့်လို့ဆိုပြီး အပြစ်တင်ချင်တယ်ပေါ့လေ… အဲဒီလိုပြောကြေးဆိုရင် ရှင်ကရော ကလေးကို ဂရုစိုက်တယ်ဆိုပြီး ရုံးမှာပဲ နေပြီး အိမ်ကို ပြန်မလာဘူးလေ… အဲဒါကရော ဂရုစိုက်တာပဲလား ဟမ်….”


“ငါပြန်မလာဘူးဆိုတာက … ရူပိ ဘာကြောင့်လဲဆိုတာ မင်းကောင်းကောင်းသိပါတယ်… အဲဒီတုန်းက မင်းသာ အဲဒါတွေ မလုပ်ခဲ့ဘူးဆိုရင်… ချင်ချင်ဆိုတာတောင် ရှိလာမှာမဟုတ်ဘူး…”


လုစုန့်နျန်မှာ အမြဲတစေ ကြင်နာတတ်ကာ အဆင့်တန်းရှိရှိနေထိုင်တတ်သူဖြစ်သည်။ လက်ရှိတွင်မူ မျက်လုံးများကို ပြူး၍ ရူပိအား စက်ဆုပ်ဖွယ်စကားများပြောနေသော ရုပ်ဖျက်ထားသည့် လူကဲ့သို့ဖြစ်နေသည်။


 “ရှင်က ကျွန်မကို အပြစ်တင်နေတာလား…”

ရူပိမှာ ဒေါသက ငယ်ထိပ်သို့ရောက်သွားသည်။ သူမ၏ မျက်နှာမှာ ချက်ချင်းပင် နီတက်လာကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။


 “ရှင်က ကျွန်မကို ဘာလို့အပြစ်တင်နေတာလဲ… ရှင့်ကို ဆေးခတ်ခဲ့လို့လား… ကျွန်မကို အတင်းလက်ထပ်ခိုင်းခဲ့လို့လား… ရှင်က လုမိသားစုရဲ့ သားကြီးဆိုတဲ့ ဂုဏ်ကိုပဲ ဂရုစိုက်တာလေ… ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး လု မိသားစုက အများကြီး ကြီးပွါးလာတော့လည်း ရှင်က ရှု မိသားစုကို မျက်လုံးထဲတောင် မမြင်တော့ဘူးပေါ့လေ… ဟုတ်လား…”


လုစုန့်နျန်မှာ ဒေါသအလွန်ထွက်နေ၍ အော်၍ပင် ရယ်မိလေသည်။ ထိုနှစ်က ကံဆိုးမှုများ သူ့အပေါ်ဖြစ်လာချိန်တွင် သူ့ကိုယ်သူလည်း အပြစ်တင်ခဲ့မိလေသည်။

ငါ ဘာလို့ မထိန်းခဲ့မိတာလဲ…


သို့သော် ရရှိလာသည့် ကလေးမှာ ကံကြမ္မာအလိုအရပင်ဖြစ်သည်။ သူ၏ ကိုယ်ကျင့်တရားနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းမှာ ထိုမိန်းမအား ကလေးကို မဖျက်ချခိုင်းခဲ့ရက်ပေ။ ရလဒ်အနေနှင့် ယခုမူ သူစိုက်ပျိုးထားသည်အား ရိတ်သိမ်းနေရပြီ ဖြစ်လေသည်။


အထဲသို့ ဝင်လိုက်သည်နှင့် ယခုကဲ့သို့ ကိစ္စများအား ကြားလိုက်ရခြင်းကြောင့် လုဟယ်နျန်၏ မျက်နှာပင် ရေခဲတမျှအေးစက်နေကာ ထွက်သွားမည့်အတွေးပင် တွေးလိုက်မိသည်။ သူက ကောင်မလေးအား အလိုအလျောက်ပင် သူ့အနောက်သို့ ပို့လိုက်ပြီး ထိန်းမနေတော့ဘဲ ပြောလိုက်လေသည်။ 


 “တော်လောက်ပြီ… အခုက အဲဒါတွေ ပြောနေရမဲ့ အချိန််လား…”


လုဟယ်နျန်၏ အသံအားကြားသောအခါ နှစ်ဦးသား လန့်ဖြန့်သွားကြသည်။ ရူပိမှာ ဤမတ်ကလေးအား မလွန်ဆန်ရဲသောကြောင့် စိတ်လျှော့ကာ ထိုင်ချလိုက်သည်။ လုစုန့်နျန်က လှည့်ကြည့်လိုက်သောအခါ လုဟယ်နျန်အနောက်ဘက်ရှိ ယွင်ရုန်အား တွေ့သွားပြီး သူ့စိတ်သူ ပြန်ထိန်း၍ လျှောက်လာလေသည်။


 “ဒါက မစ္စယွင်ဖြစ်မယ် ဟုတ်တယ်မလား… အမေပြောတာတော့ မင်းက ရွှမ်းမန် မှော်ပညာမှာ အရမ်းကျွမ်းကျင်တယ်ဆို… ဒီနေ့တော့ အကူညီတောင်းပါရစေ…”


 “ဟယ်လို…”

ယွင်ရုန်က ခေါင်းညိတ်ပြ၍ သူ့အား နှုတ်ဆက်လိုက်သည်။ သူမ ဤအိမ်အတွင်းသို့ ဝင်လာကတည်းက ပြင်းထန်လှသော မကောင်းသည့် အတိတ်နိမိတ်များအား ခံစားနေရသဖြင့် မပြုံးမရယ်နိုင်ဖြစ်နေသည်။ ငရဲပြည်၏ စီမံခန့်ခွဲမှုမှာ ပို၍ ပို၍ ညံ့ဖျင်းလာသည်။ ဤကဲ့သို့ ပြင်းထန်လှသည့် အတိတ်ဆိုး နိမိတ်ဆိုးများမှာ တစ္ဆေအသစ်တစ်ကောင်၏ လုပ်ဆောင်မှုတော့ မဟုတ်တန်ရာ။ ပိုသာသော အစွမ်းများပင် ပါနိုင်ချေရှိလေသည်။ 


ယွင်ရုန် မပြုံးနိုင်ဖြစ်နေသည်ကို တွေ့ရသောအခါ လုစုန့်နျန်၏ ရင်ထဲတွင် ပူလောင်လာသည်။ သူက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။


 “မစ္စယွင်… ဘာဖြစ်လို့လဲ… ပြဿနာကတော်တော်ကြီးလို့လား….”


မျိုးရိုးဗီဇဆိုင်ရာအတတ်ပညာအား တက္ကသိုလ်တွင် လေ့လာခဲ့ဖူးပြီး ဆယ်နှစ်ကျော် ကုမ္ပဏီဥက္ကဌလုပ်ခဲ့သည့် လုစုန့်နျန်မှာ လူ့သက်တမ်းတစ်လျှောက်တွင် အတော်လေးနေရာရခဲ့သည် ဟုတ်ပြောနိုင်လေသည်။ သူ ဥရောပသို့ ရောက်နေစဉ်တစ်မနက်ခင်း၌ သမီးဖြစ်သူ မေ့လဲသွားသည်ဟူသော သတင်းအားကြားခဲ့ရကာ အဖြေရှာမတွေ့နိုင်သည့် ရောဂါတစ်မျိုးမျိုးဟု သူထင်လိုက်မိသည်။ သိုသော် သူအမြန်ပြန်ရောက်လာပြီး လုယွင်ချင်း၏ ပုံစံအား မြင်လိုက်ရသောအခါ ရင်ထဲတွင် နောက်ထပ်သံသယများ ပွါးလာပြန်သည်။ 


ငယ်ရွယ်နုပျိုမှုများဖြင့် ပြည့်နေသော မိန်းကလေးငယ်လေးတစ်ဦးအား အချိန်တိုအတွင်း အသားအရေများ မွဲခြောက်ကာ ဝိတ်အတော်ကျသွားသည်အထိ လုပ်နိုင်သော ရောဂါမျိုး သူမမြင်ဖူးချေ။ သမီးဖြစ်သူမှာ ရောဂါအသည်းအသန်ဖြစ်ပြီး လပေါင်းများစွာ အိပ်ရာထက်တွင် လှဲနေရသကဲ့သို့ပင် ဖြစ်လေသည်။ ယခင်က သူ မယုံကြည်ခဲ့သော်လည်း ယခုမူ ယုံကြည်ရတော့မည် ဖြစ်သည်။


 “လုယွင်ချင်းဘယ်မှာလဲ… သူ့ဆီကို ခေါ်သွားပေးပါ…”

ယွင်ရုန်က ရှင်းမပြတော့ဘဲ တိုက်ရိုက်မေးလိုက်သည်။


 “ချင်ချင်က အပေါ်ထပ်မှာ… ကျွန်တော်နဲ့လိုက်ခဲ့ပါ….”


လုစုန့်နျန်က အရှေ့မှ အမြန်ဦးဆောင်သွားကာ လုဟယ်နျန်နှင့် ယွင်ရုန်တို့က လိုက်ပါသွားကြသည်။


သုံးဦးသားအပေါ်ထပ်သို့ တက်သွားကာ မည်သူမျှ ဆိုဖာပေါ်တွင် ထိုင်နေသည့် ရူပိအား အဖက်မလုပ်ကြပေ။ ရူပိက သူတို့သုံးဦး လျှောက်သွားသည်ကို ကြည့်၍ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ ဘာဆက်ဖြစ်မည်ကို သိချင်စိတ်ဖြင့် သူမသည်လည်း အပေါ်ထပ်သို့ လိုက်တက်လာလေသည်။


လုယွင်ချင်းမှာ သူမ၏ အခန်းအတွင်းမှာပင် ကျန်းရှုဟွားနှင့်အတူ ရှိနေ၏။ အခန်း၏ တံခါးအနားပင် မရောက်သေးသော်လည်း မကောင်းသောအတိတ်နိမိတ်များ ပို၍ပင် သိပ်သည်းလာသည်ကို ယွင်ရုန်ခံစားလိုက်ရသည်။ လုယွင်ချင်း၏ အခန်းတံခါးဝသို့ ရောက်သောအခါ ထိုမကောင်းသည့် ရောင်ဝါများအတွင်းတွင် အနက်ရောင်အရာတစ်ခုအား ဝိုးတဝါးမြင်လိုက်ရသည်။ မကောင်းသည့် ရောင်ဝါများမှာ သိပ်သည်းလွန်းလှသောကြောင့် အစိုင်အခဲအဖြစ်ပင် ပြောင်းသွားခြင်းဖြစ်သည်။ 


လုစုန့်နျန်က တံခါးကို ဆွဲဖွင့်မည့်ဟန်ပြင်နေစဉ်မှာပင် ယွင်ရုန်က လက်ကိုကိုင်၍ တားလိုက်သည်။ သူမက အိတ်အတွင်းမှ ငြိမ်းချမ်းရေးလက်ဖွဲ့တစ်ခုကို ယူ၍ သူ့အားပေးလိုက်သည်။ 


 “ဒီအခန်းထဲက မကောင်းတဲ့ ရောင်ဝါက အရမ်းများလွန်းတယ် အစ်ကိုကြီး… ဒါကိုယူထားပါ ခဏတော့ တောင့်ခံပေးလိိမ့်မယ်…”


သူက လုဟယ်နျန်အား ဒုတိယအစ်ကိုဟု ခေါ်ပြီး လုစုန့်နျန်မှာ လုဟယ်နျန်၏ အစ်ကိုဖြစ်သည်။ ထို့ကြောင့် သူမက အစ်ကိုကြီးဟု သုံးနှုန်းလိုက်ခြင်းဖြစ်သည်။ 


လုစုန့်နျန်က လက်ဖွဲ့အား လက်ခံလိုက်သည်။ လက်ဖွဲ့ သူ့လက်ထဲသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ရှိ သိပ်သည်းနေသောလေမှာ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ ပူလောင်နေသော သူ၏အတွေးများမှာလည်း ပို၍သက်သာသွားကာ စိတ်မှာလည်း ပို၍ တည်ငြိမ်သွားသည်။ လုစုန့်နျန်မှာ မအံ့ဩဘဲ မနေနိုင်တော့ချေ။ 


ဒါက ဒီလောက်တောင် စွမ်းတာလား…


ကောင်မလေးက အစ်ကိုကြီးဟုခေါ်သည်ကို ကြားရသောအခါ လုဟယ်နျန်၏ မျက်လုံးများမည်းနက်သွားသည်။ သို့သော် ယွင်ရုန်က သူ့အား စကားလှမ်းပြောသောအခါ နှုတ်ခမ်းထောင့်လေးများ ကွေး၍ ပြုံးလိုက်သည်။

 “ဒုတိယအစ်ကိုရဲ့ ကိုယ်ထဲက အတိတ်ဆိုးလက္ခဏာတွေကလည်း အရမ်းများလွန်းတယ်… ပြီးကျရင် အနားကပ်မလာနဲ့ဦးနော်…”


လုဟယ်နျန်မှာ သူ၏ မကောင်းသည့် ကိုယ်ရောင်ကိုယ်ဝါများကြောင့် ထိုကိစ္စများအား အတန်ငယ်သိရှိပြီးဖြစ်သည်။ ကောင်မလေးမှ ထိုသို့ပြောလာသည့်အခါ ဤအိမ်တွင် တကယ်ပင် ထိုအရာများပြည့်နေကြောင်း သူသိလေသည်။ 


 “ကိုယ်သိပါတယ်…”


 “လုစုန့်နျန်… ရှင်ပုံမှန်ဆို ချင်ချင်ကို ဂရုမစိုက်တာ အရေးမကြီးပေမဲ့… ဒီလိုအချိန်မှာတော့ မဟုတ်တဲ့ တခြားလောကအရာတွေကြောင့် ဆိုပြီး ကောင်မလေးတစ်ယောက်ကိုပါ ခေါ်လာတယ်ပေါ့လေ… ချင်ချင်ကို သတ်ချင်တယ်ဆိုရင်လည်း စောစောကတည်းက ပြောရောပေါ့ ဒီလောက်ထိလုပ်ဖို့ မလိုပါဘူး…”


မူလက ရူပိမှာ သူတို့သုံးဦးအနောက်သို့ လိုက်လာခြင်းဖြစ်သည်။ ယွင်ရုန်က အိတ်အတွင်းမှ အဆောင်အား ထုတ်၍ လုစုန့်နျန်အား ပေးသည်ကို မြင်ရသောအခါတွင်မူ သူမမှာ ဝင်မပြောဘဲ မနေနိုင်တော့ချေ။ ရုတ်ချည်းပင် သူမက အတင်းဝင်၍ လုစုန့်နျန်၏ လက်အား ဆွဲလိုက်လေသည်။ 


လုစုန့်နျန်မှာ ယခုလေးတင် လက်ဖွဲ့မှရရှိသည့် ငြိမ်းအေးမှုကြောင့် ရူပိ၏ လက်အား တည်ငြိမ်စွာဖြင့် ဖယ်လိုက်သည်။ 


 “ငါက ချင်ချင်ကို ထိခိုက်အောင် လုပ်တယ်… ချင်ချင် မေ့လဲတုန်းက အပြင်မှာ မာကျောက် ကစားနေပြီး ပြန်မလာချင်တာ ဘယ်သူလဲ… ရူပိ ငါတို့ကိစ္စက မကြာခင် ဖြေရှင်းနိုင်မှာပါ… ငါလည်း ဆယ်နှစ်ကျော် နေ့တိုင်းဒီလိုလုပ်နေရတာ ပင်ပန်းလာပြီ…”


ရူပိမှာ လုစုန့်နျန်၏ စကားများမှ အေးစက်မှုကို ခံစားလိုက်ရကာ သူမစိတ်ထဲ အနည်းငယ် ရှုပ်ထွေးသွားသည်။ သူမ မျက်လုံးများက လှည့်ပတ်ကြည့်ကာ ယွင်ရုန်အား ပစ်မှတ်ထားလိုက်သည်။ သူမက စတင်ဆဲဆိုလိုက်သည်။


 “သဘာဝလွန်အရာတွေနဲ့ ဆက်သွယ်နိုင်တယ်ဆိုပြီး ဟန်ဆောင်နေတာ… ငါတို့ရဲ့ ချင်ချင် တစ်ခုခုဖြစ်သွားရင် နင့်ကို ငါ တရားစွဲမယ်…”


 “ရှင် ကျွန်မကို မယုံမှတော့… ရှင့်ကို အရင် ကြည့်ပေးမယ်လေ…”


ယွင်ရုန်မှာ ရူပိ၏ ထောင်လွှားသောင်းကျန်းသော စရိုက်အား သည်းမခံနိုင်ပေ။ သူမက လက်ကိုဆန့်တန်း၍ ရူပိအား ချိန်လိုက်သောအခါ အစိမ်းရောင်အလင်းပျောက်လေးတစ်ခု ပျံထွက်လာပြီး ရူပိ၏ နဖူးအတွင်းသို့ ဝင်သွားလေသည်။


ရူပိမှ သူမမျက်စိရှေ့တွင် အမှောင်ထုကိုသာ ခံစားလိုက်ရသည်။ မျက်လုံးများပြန််ဖွင့်လိုက်သောအခါ ပတ်ပတ်လည်တွင် တကယ်မရှိသော အမည်းရောင်လေထုအား မြင်လိုက်ရသည်။ ထိုလေများမှာ မျက်လုံးများရှိပုံပေါ်သည်။ ယွင်ရုန်နှင့် အခြားလူများအား ဖြတ်သန်းသွားစဉ် ထိုမျက်လုံးများမှာ တစ််ခုပြီးတစ်ခု ပတ်သွားနေကြပြီး သူမ၏ လက်နှင့်ခြေထောက်များတွင် ပို၍များများပတ်နေလေသည်။ သူမမှာ လန့်ဖြန့်သွားပြီး ခြေလှမ်းအနည်းငယ်ပင် ပြန်ဆုတ်လိုက်လေသည်။ သူမ၏ လက်များအား အတင်းခါကာ ခြေထောက်များအားလည်း ဆောင့်ချလိုက်သည်။ သို့သော် သူမ၏လက်နှင့် ခြေထောက်များတွင် ရစ်ခွေနေသော အမည်းရောင်လေများမှာ ဖယ်ခွါ၍မရနိုင်ချေ။


ခဏအတွင်းမှာပင် ရူပိက ထအော်လေသည်။ သူမက ယွင်ရုန်အား လက်ညှိုးထိုး၍ မေးလိုက်သည်။


 “နင် ငါ့ကို ဘာလုပ်လိုက်တာလဲ…”


ယွင်ရုန်က သူမအား လျစ်လျူရှုကာ လက်ကို ဆန့်တန်း၍ တူညီသော အစိမ်းရောင်အလင်းပျောက်များအား လုဟယ်နျန်နှင့် လုစုန့်နျန်တို့ နဖူးပေါ်ရှိ မျက်ခုံးနှစ်ခုကြားသို့ ပို့ပေးလိုက်လေသည်။  ညီအစ်ကိုနှစ်ယောက်မှာ ခန္ဓာကိုယ်များ တုန်ရီသွားပြီ မျက်စိရှေ့ရှိအခြေနေများအား ထင်ရှားစွာမြင်လာရသည်။


လုဟယ်နျန်မှာ အတွေ့အကြုံပိုများသူဖြစ်ရာ အခြေနေအား တည်ငြိမ်စွာလက်ခံနိုင်လေသည်။ သို့သော် လုစုန့်နျန်အတွက်မူ ပထမဆုံးအကြိမ်ဖြစ်သည်။ တစ်စက္ကန့်အတွင်းမှာပင် သူ့မျက်နှာ ဖြူဆုတ်သွားသည်။ လေမှာ သူ့လက်ထဲရှိလက်ဖွဲ့အား ရှောင်ကွင်းသွားသည်ကို မြင်သောအခါမှသာ စိတ်သက်သာရာရလေသည်။ ဤတစ်ကြိမ်တွင်မူ လက်ဖွဲ့အား သူပို၍တင်းကြပ်စွာ ကိုင်ထားမိလေသည်။


အမှန်တွင် ဤလေထုအား ပျောက်ကွယ်သွားစေရန်မှာ ယွင်ရုန်အတွက် လက်ဖျောက်တစ်ချက်တီးရုံသာဖြစ်လေသည်။ သို့သော် ရူပိဖြစ်ပျက်နေပုံကို မြင်ရသောအခါ စိတ်ထဲတွင် ရူပိအား စနောက်ချင်စိတ်ပေါ်လာလေသည်။


 နှစ်ထောင်ချီကြာပြီဖြစ်သော်လည်း မည်သည့်လူသားမှ သူမအား ရူပိကဲ့သို့ မိုက်မိုက်ရိုင်းရိုင်း မပြောဆိုဖူးပေ။ ထို့ကြောင့် ရူပိအား အနည်းငယ် ပညာပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ လူသားများအား ကောင်းချီးပေးပြီး ကာကွယ်ပေးသည့် တောင်စောင့်နတ်ဖြစ်သော်လည်း တစ်စုံတစ်ဦး၏ ကြင်နာမှုအား မသိတတ်သည့် လူစားမျိုးအား သူမ ဂရုမစိုက်လိုပေ။


ထိုသို့စဉ်းစားမိပြီးသည့်အခါ ယွင်ရုန်၏ နှုတ်ခမ်းလေးများကွေးသွားကာ အနည်းငယ်ပြုံးလိုက်လေသည်။ မည်သို့ပင်ဆိုစေကာမူ ဤလေထုမှာ လူသား၏ ခန္ဓာကိုယ်အတွင်း ဝင်သွားပါက အနည်းငယ်အားနည်းရုံသာလုပ်နိုင်ပြီး ကိစ္စကြီးကြီးမားမားဖြစ်မည်မဟုတ်ချေ။


ယွင်ရုန်က လုယွင်ချင်း၏ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ အခန်းအပြင်ဘက်တွင် အနက်ရောင်လေမှာ အမျှင်တန်းမျှသာ ရှိနေသော်လည်း အခန်းအတွင်းတွင်မူ တိမ်မည်းများပမာပင် ပို၍ စုစည်းသိပ်သည်းနေသည်။ ထိုအတိတ်ဆိုးနိမိတ်ဆိုး ရောင်ဝါများမှာ မှင်ရည်အမည်းပင် ကျလာမည့်ပုံစံ ရှိနေသည်။ ဖွင့်ထားသော အခန်းမီးရောင်ပင် အုံ့မှိုင်း၍နေလေသည်။


အိပ်ရာဘေးတွင် ထိုင်နေသော ကျန်းရှုဟွား၏ ခန္ဓာကိုယ်တစ်ခုသာလျှင် ပါးလွှာသော အလင်းရောင်တစ်ခုက ဝန်းရံထား၏။ ဤသည်မှာ ယွင်ရုန် ပေးထားဖူးသော ငြိမ်းချမ်းရေးအဆောင်၏ အစွမ်းဖြစ်လေသည်။ 


ယွင်ရုန်ကိုမြင်သည်နှင့် ကျန်းရှုဟွားက ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။ သူမက စိတ်ပူပန်စွာဖြင့် ပြောလိုက်သည်။


 “ယွင်ရုန်… ဒီိကိုလာပြီးကြည့်ပါဦး…. ချင်ချင်အသက်ရှူတာက ပိုပိုပြီး နှေးနှေးလာတယ်… ခုနလေးတင် ကိုင်ကြည့်တော့လည်း နွေလည်ကောင်ကြီးကို သူ့ကိုယ်က ရေခဲလို အေးစက်နေတာပဲ….”


 “ဒေါ်လေးကျန်း… မပူပါနဲ့… အဆင်ပြေမှာပါ…”

ယွင်ရုန်က ကျန်းရှုဟွား၏ လက်ကိုပုတ်ပေး၍ နှစ်သိမ့်ပေးလိုက်သည်။


ယွင်ရုန်၏မှော်အစွမ်းကြောင့်ပေလား စိတ်ပညာဆိုင်ရာ အကျိုးသက်ရောက်မှုကြောင့်ပေလား မသဲကွဲသော်လည်း ကျန်းရှုဟွားမှာ ယွင်ရုန်၏ စကားများသည် ငြိမ်းအေးမှုကို ယူဆောင်လာပေးသည်ဟု ခံစားလိုက်ရသည်။ သူမ၏ ပူလောင်နေသော စိတ်အားလည်း အနည်းငယ် စိတ်သက်သာရာရသွားစေ၏။


သူမက ခေါင်းကို မော့လိုက်သောအခါ အခန်းထဲဝင်လာသော ရူပိအား ဖျတ်ခနဲ မြင်လိုက်ရလေသည်။ သူမရင်တွင်းမှ ဒေါသမှာ ချက်ချင်းပင် မြင့်တက်လာသည်။ သူမက ရူပိအား လက်ညှိုးထိုး၍ အေးစက်စွာပြောလိုက်သည်။


 “နင်က ဒီမှာ ဘာလာလုပ်နေတာလဲ… ထွက်သွား….”


သတိလစ်နေတဲ့ သမီးကို ထားပြီး မာကျောက်သွားဆော့နေတယ်… အဲဒါ အမေတစ်ယောက်လုပ်ရမယ့် ကိစ္စလား…


ကျန်းရှုဟွားမှာ လုယွင်ချင်းအား အရေးတယူရှိလှသည် မဟုတ်သော်လည်း သူမ၏ မြေးအရင်းဖြစ်ပေသည်။ သူမအနေဖြင့် စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်ချေ။


 “မား ဘာလို့ ဒီလိုပြောရတာလဲ… ချင်ချင်က ကျွန်မသမီးပါ… သူ့ကို ကျွန်မက လာကြည့်လို့တောင်မရဘူးလား… မား တို့တွေ သူ့ကို တစ်ခုခုလုပ်လိုက်ကြရင် ဘယ်လိုလုပ်မလဲ….”


ရူပိမှာ အခန်းအတွင်းပြည့်နေသည့် အနက်ရောင်လေထုကို မြင်သောအခါ သေမတတ်ကြောက်လန့်သွားသည်။ သူမ အထဲသို့ မဝင်လိုသော်လည်း မဝင်၍ကား မရချေ။ သူမ၏ စိတ်ထဲတွင် ထိုကောင်မလေး ယွင်ရုန်နောက်သို့ လိုက်နေပါက ပိုစိတ်ချရသည်ဟူသော ခံစားချက်ရနေသည်။


 “ငါတို့က ချင်ချင်ကို ဘာလုပ်ရမှာလဲ…”


ကျန်းရှုဟွား၏ မျက်မှာမှာ ဒေါသဖြင့် နီးမြန်းနေသည်။ သို့သော်လည်း သူ၏သက်တမ်းရင့် ပညာများနှင့် ဂုဏ်သိက္ခာက လူတစ်ယောက်အား မဆဲဆိုရန် တားနေသည်။ 


 “ဘယ်သူသိမလဲ… မားတို့ လုမိသားစုက လူတွေက ကျွန်မတို့ သားအမိကို အစတည်းက သိပ်ကြည်တာမဟုတ်ဘူးလေ…”


ရူပိမှာ ကျန်းရှုဟွားစိတ်ဆိုးနေသည်ကို မြင်ရသောအခါ ကျေနပ်သွားကာ သူမမျက်လုံးများကို သက်သက် လှန်ပြလိုက်လေသည်။


ဤစကားများကို ကြားရသောအခါ ကျန်းရှုဟွားသာမက လုစုန့်နျန်ပင် သည်းခံ၍ နားမထောင်နေနိုင်ချေ။ သူက နောက်သို့ လှည့်၍ ရူပိ၏ ကော်လံစကို ဆွဲကာ တံခါးထိရောက်အောင် ဆွဲခေါ်သွားပြီး အပြင်ဘက်သို့ တွန်းထုတ်လိုက်လေသည်။ ထို့နောက် တံခါးအား ဂျိန်းကနဲ ပိတ်ချလိုက်လေသည်။


 “လုစုန့်နျန်… တိရစ္ဆာန်ကောင်…”


တံခါးအပြင်ဘက်တွင် ရူပိမှာ ပြင်းထန်စွာအော်ဟစ်နေပြီး တံခါးအား ရှိသမျှခွန်အားနှင့် ထုနက်နေလေသည်။ သို့သော် တံခါးအတွင်းရှိလူများအား သူအား သေလူကဲ့သို့ မှတ်ယူကာ မျက်တောင် တစ်ချက်မျှပင်မခတ်ကြပေ။


ယွင်ရုန်က အိပ်ရာဘေးသို့ လျှောက်သွားကာ လုယွင်ချင်း၏ အခြေနေအား စစ်ဆေးလိုက်သည်။ မမြင်ရသေးမီက သူမ မသိခဲ့သော်လည်း ကြည့်မိသောအခါတွင် သူမမှာ မျက်မှောင်များပင် ကြုံ့မိလေသည်။ လုယွင်ချင်းမှာ ကံဆိုးပြီး မြေအောက်လောကမှ တစ္ဆေတစ်ကောင်အား ရန်စမိ၍ သတိလစ်သွားခြင်း ဖြစ်မည်ဟု ယွင်ရုန်က အစတွင် တွေးထားခဲ့သည်။


ယခုသေချာကြည့်မိသောအခါတွင် ထိုကဲ့သို့မဟုတ်ကြောင်း သိလိုက်ရသည်။ လုယွင်ချင်း၏ မူလဇာတာမှာ အလှည့်အပြောင်းများများစားစားမရှိဘဲ သာမန်သာဖြစ်သည်။ သူမအနေဖြင့် အသက်ကြီးလျှင် ငြိမ်းအေးသက်သာစွာနှင့် နေနိုင်လေသည်။ သို့သော် လက်ရှိိတွင်မူ သူမ၏ ဇာတာပါ ဖူးစာမှာ တစ်စုံတစ်ယောက် ပြောင်းထားသည်ကို တွေ့လိုက်ရသည်။ ပို၍အံ့ဩဖို့ကောင်းသည်မှာ သူမ၏ ဖူးစာဖဲကြိုးနီမှာ မြေအောက်လောက တစ္ဆေတစ်ကောင်နှင့် ဆက်စပ်နေပြီး သူမ၏ ဇာတာမှာလည်း စောစောစီးစီးသေရမည့် ဘက်သို့ အတင်းလွှဲပြောင်းခံထားရလေသည်။


လုစုန့်နျန်မှာ ရင်ပူစွာဖြင့် စောင့်နေသော်လည်း ယွင်ရုန်မှာ အတန်ကြာအောင် စကားမဆိုသောအခါ စိတ်ပူစွာမေးလိုက်သည်။


 “မစ္စယွင်… ပြဿနာက တော်တော်ဆိုးလို့လား…”


 “အစ်ကိုကြီးတို့ မိသားစုမှာ ဒီတလော ဘယ်သူပို့လိုက်မှန်းမသိတဲ့ လက်ဆောင်ကို လက်ခံထားမိတာမျိုး ရှိသေးလား…”


ယွင်ရုန်က ခေတ္တမျှ စဉ်းစားပြီး မေးလိုက်လေသည်။



⛰️