Chapter 86
Viewers 5k

⛰️Chapter 86




လု မိသားစုဝင်ကဲ့သို့ လူများအတွက်အမူ တစ်နေ့တစ်နေ့ လက်ဆောင်ပေးပို့လိုသူများ အလွန်များပြားလှသည်။ တိတိကျကျဆိုလျှင် ဤအိမ်၌ ထိုကဲ့သို့ လက်ဆောင်များ လက်ခံခြင်းကို တားမြစ်ထားသည်။ လက်ခံမိပါက နောက်ပိုင်းတွင် စီးပွါးရေးအရပြန်လုပ်ပေးရသည်များ ရှိသောကြောင့် ဖြစ်လေသည်။ လုစုန့်နျန်က သေချာစဉ်းစားပြီးနောက် ခိုင်မာစွာပြန်ပြောလေသည်။


 “ဒီတလောတော့ ဘာမှ လက်ခံရတာမျိုး မရှိဘူး… မသိတဲ့နေရာကဆို ပိုတောင် လက်မခံဘူး…”


အပြင်သို့ ရောက်နေသော ရူပိမှာ အနက်ရောင်လေထုများက သူမအား အနားတမ်းရစ်ပတ်နေလေသည်။ သူမမှာ လန့်နေပြီး တစ်ချိန်တည်းမှာပင် ကြောက်လန့်နေကာ ရှိသမျှခွန်အားနှင့် တံခါးအား တွန်းဖွင့်နေလေသည်။ တစ်စုံတစ်ဦးက သူမအား တံခါးလာဖွင့်ပေးကာ အထဲပေးဝင်စေလိုသော မျှော်လင့်ချက်နှင့် ဖြစ်သည်။ သူမက အခန်းတွင်းမှ စကားသံများအား မပီမပြင်ကြားရပြီးနောက် ချက်ချင်းပင် အော်လိုက်လေသည်။


 “ကျွန်မကို ပေးဝင်ပါ… ကျွန်မ သိတယ်…”


လုစုန့်နျန်မှာ ရူပိ၏ အသံအားကြားသောအခါ မျက်နှာချက်ချင်းပျက်သွားသည်။ 


သူ့ကို မေ့သွားတာပဲ…


လုမိသားစု၏ အခြေနေမှာ ချို့တဲ့နေခြင်းမဟုတ်သည်မှာ ထင်ရှားသော်လည်း ရူမိသားစု၏ မွေးရခက်သော သမီးအကြီးမှာ အမြင်ကျဉ်းမြောင်းပြီး လက်ဆောင်များ လက်ခံရသည်ကို ပျော်မွေ့လေသည်။ လုမိသားစုနှင့် လက်ထပ်ပြီးနောက် လုစုန့်နျန်က သူမအား အိမ်စရိတ်အတွက် လစဉ်အသုံးစရိိတ်ငွေများပေးလေ့ရှိသည်။ အစားအသောက် အဝတ်အစား နှင့် သာရေးနာရေးကိစ္စများမှာ ထိုငွေနှင့် လုံလောက်နိုင်လေသည်။ သို့သော် သူမမှာ မပြောင်းလဲဘဲရှိနေပြီး အသုံးစရိတ်အားလည်း လောက်ငှစွာ မသုံးနိုင်ချေ။


ရလဒ်အနေနှင့် လုယွင်ချင်းမှာလည်း ကျင့်ဝတ်သိက္ခာကို နားမလည်ဘဲ တစ်ကိုယ်ကောင်းဆန်ပြီး သဘောထားသေးသိမ်စွာနှင့် ကြီးပြင်းလာခဲ့ရသည်။


သို့သော် ထိုကဲ့သို့ အမျိုးသမီးမှာ သူ၏ ဇနီးမယားဖြစ်နေသည်။ လုစုန့်နျန်က အံကိုကြိတ်၍ တံခါးဆီသို့ လျှောက်သွားပြီး ကြမ်းတမ်းစွာ ဆွဲဖွင့်လိုက်သည်။ သူက အေးစက်စွာမေးလိုက်သည်။


 “မင်းဘာတွေ လက်ခံထားတာလဲ….”


ရူပိအတွက် လုစုန့်နျန်ဤမျှလောက် ဒေါသထွက်နေသည်ကို မြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏ ဟိန်းဟောက်ပြီး မေးလိုက်မှုကြောင့် ရူပိမှာ လန့်၍ ထခုန်မတက်ဖြစ်သွားသည်။ သူမမှာ မူလက ရန်တွေ့မည့် စကားများပြောရန် ဟန်ပြင်ထားသော်လည်း မပြောရဲတော့ချေ။ သူမက လှောင်ရယ်လိုသည့် ပုံစံဖြင့် လုယွင်ချင်း၏ လက်အား ညွှန်ပြကာ ပြောလိုက်သည်။


 “မနေ့က ချင်းချင် အဲဒီလက်စွပ်ဝတ်ထားကို ကျွန်မ တွေ့လိုက်တယ်… ကျွန်မ သူ့ကို အဲဒီလိုစျေးကြီးလက်စွပ်ဝယ်ဖို့ ဘယ်က ပိုက်ဆံရတာလဲမေးတော့ သူ့သူငယ်ချင်းက မွေးနေ့လက်ဆောင်ပေးထားတာတဲ့… အဲဒါကြောင့် ကျွန်မလည်း ထပ်မမေးတော့ဘူး….”


ဤအခါမှသာ လူတိုင်းက လုယွင်ချင်းဝတ်ထားသော လက်စွပ်အသစ်အား သတိထားမိသွားကြသည်။ လုမိသားစု၏ မျိုးဆက်တစ်ဦးအနေဖြင့် လုယွင်ချင်းမှာ လက်စွပ်ကဲ့သို့ တန်ဖိုးကြီး လက်ဝတ်ရတနာများစွာ ပိုင်ဆိုင်သည်။ ထို့ကြောင့် မည်သူကမျှ ထိုလက်စွပ်အား သံသယမဝင်ကြခြင်းဖြစ်သည်။


ကျန်းမိသားစုမှာ ကျောက်မျက်ရတနာများ အရောင်းအဝယ်လုပ်ကြသဖြင့် ကျန်းရှူဟွားမှာ ကျောက်မျက်များအား သေချာစွာကြည့်တတ်လေသည်။ ရူပိ၏ စကားကို ကြားသောအခါ သူမက လုယွင်ချင်း၏ လက်ကို ချက်ချင်းကောက်ကြည့်ပြီးနောက် အံ့ဩစွာပြောလိုက်သည်။


 “ဒိစိန်လက်စွပ်က အနည်းဆုံး ၃၀၀၀၀၀ လောက်တန်တယ်… ကလေးတစ်ယောက်ကို ဒီလိုစျေးကြီးတဲ့ မွေးနေ့လက်ဆောင်ပေးတယ်လို့တော့ မကြားဖူးပါဘူး…”


 “၃၀၀၀၀၀…”


ဤတစ်ကြိမ်တွင်မူ အံ့ဩသွားသည်မှာ ရူပိဖြစ်သည်။ ဤလက်စွပ်သာ ၃၀၀၀၀၀ တန်သည်ကို သူမ စောစောသိခဲ့ပါက သူမယူ၍ ဝတ်လိုက်မည်ဖြစ်သည်။ 


ဒီကပ်စီးနဲတဲ့ကောင်မလေးက ဒီလိုလက်စွပ်ရထားတာကို မပြောဘူး… အဲဒါကြောင့် သမီးတစ်ယောက်မွေးရတာက ကိုယ့်သွေးသားကို မွေးရတာနဲ့ မတူဘူးလို့ ပြောကြတာ…


ယွင်ရုန်က လက်စွပ်ကို ချွတ်လိုက်ပြီးနောက် လုယွင်ချင်း၏ လက်ပေါ်၌ လက်စွပ်နေရာတွင် အမည်းရောင် ခရမ်းရောင်များဖြစ်နေသည်ကို မြင်လိုက်ရသည်။ လက်စွပ်မှာ သူမ၏ လက်တွင် တင်းကြပ်စွာ ဝတ်ထားခဲ့သကဲ့သို့ဖြစ်လေသည်။ သို့သော်လည်း လက်စွပ်မှာ အမြင်ဖြင့်ပင် သူမအတွက် အတော်ကြီးနေပြီး လက်တွင် တင်းကြပ်စွာဝတ်ထားသည်ဟု မထင်ချင်စရာပင်ဖြစ်လေသည်။

ဒီအညိုအမဲတွေက ဘာလို့စွဲနေရတာလဲ…


 “ဒါကဘာလဲ…”

ကျန်းရှုဟွားက အံ့အားသင့်စွာမေးလိုက်သည်။


 “ဒါက ကံကြမ္မာဖူးစာက ချည်ထားပေးတဲ့ ကြိုးရာပါ…. လက်စွပ်က လက်ထပ်ခွင့်လက်ဆောင်ပဲ… လက်စွပ်ကို ဝတ်လိုက်တယ်ဆိုတာ လက်ဆောင်ကို လက်ခံတာနဲ့အတူတူပဲ… လူနှစ်ယောက်ရဲ့ ဘဝတွေက ချက်ချင်းဆက်နွယ်သွားတာ…. လုယွင်ချင်းရဲ့ လက်ချောင်းက အမည်းရောင်အမှတ်ကို မြင်နေရတော့ သူမြေအောက်လောကကို ဆင်းဖို့ အချိန်ရောက်နေပြီလို့ ပြောတာပဲ…”

ဤကဲ့သို့ အတတ်ပညာမျိုးမှာ မြေအောက်လောက ဥပဒေနှင့် တားမြစ်ထားသည်။ ဤကဲ့သို့ နည်းလမ်းအား ယနေ့အထိ သုံးနေသူ ရှိနေဦးမည်ဟု သူမမထင်ထားချေ။


လုယွင်ချင်းလက်မှာ အမှတ်မှာ ယခုပင် ထင်ရှားနေပြီဖြစ်ရာ မကြာမီအချိန်အတွင် လုံးလုံးပေါ်လာတော့မည်ဖြစ်လေသည်။ ထိုအချိန်ရောက်လျှင် သူမ၏ ဇာတာမှာ လုံးဝဥဿုံပြောင်းပြန်လှန်လိုက်သကဲ့သို့ဖြစ်ပြီး အခြေနေအား ပြန်၍မပြောင်းနိုင်တော့သည် အထိဖြစ်သွားနိုင်လေသည်။


ဘေးနားတွင် နားထောင်နေသော ရူပိမှာ ရှုပ်ထွေးနေသည်။ သူမ ဝင်၍ မမေးဘဲ မနေနိုင်တော့ချေ။


 “အဲဒါက လက်ထပ်တာပဲ မဟုတ်ဘူးလား…. လူက ဘာလို့သေရမှာလဲ…. တမင်သက်သက်ခြောက်နေတာမလား…”


ယွင်ရုန်က စိတ်ရှုပ်စွာဖြင့် နှုတ်ခမ်းထော်လိုက်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။

 “ဘာလို့လဲဆိုရင် သူ့ကို လက်ထပ်မဲ့သူက တစ္ဆေတစ်ကောင်ဖြစ်နေလို့ပဲ…”


 “မင်း ပါးစပ်ပိတ်ထားပေးပါလား…”


လုစုန့်နျန်မှာ သမီးဖြစ်သူ၏ အသားအရေ ပို၍မဲခြောက်လာသည်ကို တွေ့ရသောအခါ ရှူးပိအား စိတ်မရှည်နိုင်တော့ဘဲ အော်ဟစ်လိုက်သည်။


ရူပိမှာ မျက်ခုံးကို ချီ၍ အလိုအလျောက်ပင်ပြောလိုက်မိသည်။


 “ဘာလို့ ပါးစပ်ပိတ်ထားရမှာလဲ… ကျွန်မသမီးက အိပ်ရာထဲမှာ လဲနေတာကို မေးခွန်းလေးနည်းနည်းတောင် မေးလို့မရဘူးလား…. ရှင်တို့တွေ မအေတစ်ယောက် ဘယ်လိုခံစားနေရမလဲ မတွေးတော့ဘူးလား…”


အားလုံးမှာ သတိလစ်နေသော လုယွင်ချင်းအား စိတ်ပူနေကြရာ ရှူးပိနှင့် စကားနိုင်လုလိုစိတ် မရှိကြချေ။ လုစုန့်နျန်က ပူပန်စွာဖြင့် မေးလိုက်သည််။


 “မစ္စယွင်… ဒါဆိုအခုဘာလုပ်ရမလဲ… ကျွန်တော့်သမီးကို ကယ်ဖို့ နည်းလမ်းမရှိတော့ဘူးလား…. ချင်ချင်ကိုသာ ကယ်ပေးမယ်ဆိုရင် ကျွန်တော် လုစုန့်နျန် မစ္စယွင်ကို တစ်သက်လုံးကျေးဇူးတင်နေပါ့မယ်…”


ယွင်ရုန်မှာ ဤတစ်ကြိမ်တွင် ကူညီရန်သက်သက်သာ လာခြင်းဖြစ်သည်။ ယခုမူ ဤကဲ့သို့ မှော်ပညာမျိုးအား ကြုံတွေ့ရသောအခါ လုစုန့်နျန်မတောင်းဆိုသော်လည်း သူမသေချာပေါက် တစ်ခုခုလုပ်မည်ဖြစ်သည်။ ထိုကဲ့သို့ အတတ်ပညာမျိုးအား လက်တည့်စမ်းသည်ကို မတားဆီးနိုင်ပါက လုံးဝတတ်ကျွမ်းသွားလျှင် အနာဂတ်တွင် လူအများအား ပို၍ပင် ဒုက္ခပေးနိုင်လေသည်။


 “ကျွန်မ သူ့ကို ကယ်လို့ရတယ်… အခု ကျွန်မတို့ လုပ်သင့်တာက တစ်ခုပဲရှိတော့တာ… နေဦး…”

ယွင်ရုန်က ပြန်ဖြေသည်။ လုယွင်ချင်းထွက်ခွါမည့် အချိန်မှာ မကြာသေးပေ။ ထိုသရဲမှာ မကြာခင် ပျောက်ကွယ်သွားမည် ဖြစ်၏။


ယခုမူ ယွင်ရုန်ပြောသည်များမှာ စဉ်းစားရမည့် အချက်များပင်ဖြစ်လေသည်။ ယွင်ရုန်က သူမအား ကယ်တင်နိုင်မည်ဟု ပြောသောအခါ အကုန်လုံး သက်ပြင်းချနိုင်ကြလေသည်။ 


ရူပိတစ်ယောက်သာ စိတ်မချနိုင်ဘဲ ပြောလိုက်သည်။


 “လျှို့ဝှက်သည်းဖိုတွေ ဖန်တီးပြီး လူတွေလိုက်ကယ်နေတာက မီးလောင်ရာလေပင့်နေသလိုပဲ… ဘာလို့စောင့်နေတာလဲ.. တကယ်အစွမ်းမရှိဘူးမလား…”


ရူပိမှာ ကောင်မလေး၏ အစွမ်းအား ဆက်တိုက်မေးခွန်းထုတ်နေ၏။ ယွင်ရုန်က သူမအား လျစ်လျူရှုနိုင်သော်လည်း လုဟယ်နျန်မှာကား ဂရုမစိုက်ဘဲမနေနိုင်တော့ချေ။ သူက ဖုန်းကို ထုတ်၍ နံပါတ်တစ်ခုအား ခေါ်လိုက်လေသည်။ ခဏအကြာတွင် လုံခြုံရေးနှစ်ယောက်တက်လာကာ ရူပိအား လက်မှ ဆွဲကာ အပြင်သို့ဆွဲခေါ်သွား၏။


 “လုစုန့်နျန်… နင်က ယောက်ျားရောဟုတ်ရဲ့လား.. ငါက နင့်မိန်းမလေ… အဲဒါကို နင့်ညီကို ငါ့ကို ဒီလိုလုပ်ခွင့်ပြုတယ်ပေါ့…”


လုံခြုံရေးမှာ လုမိသားစုက ခန့်ထားသည်ဖြစ်ရာ သူတို့မှာ ရူပိအား လုမိသားစု၏ အမျိုးသမီးမှန်းသိ၍ အတင်းအကြပ်မလုပ်ရဲကြပေ။ ရူပိမှာ ရှိသမျှခွန်အားသုံး၍ ပြန်ရုန်းကန်နေရာ အခန်းအတွင်း ခေတ္တမျှ ရုန်းရင်းဆန်ခတ်ဖြစ်သွား၏။


ရူပိ၏အော်သံများအကြားတွင် ယွင်ရုန်၏ အာရုံမှာ ပြောင်းသွားသည်။ သူမ၏ အမြင်မှာ ချက်ချင်းပင် လေးနက်သွား၏။


လာနေပြီ


 “ရှင် ကျွန်မကို မယုံမှတော့… ဒီမှာနေပြီး သေချာကြည့်ထား…” 


ယွင်ရုန်မှာ ရူပိတစ်ယောက် အသက်သေတော့မည့်ပုံနှင့် ရုန်းကန်နေသည်ကို မြင်ရသောအခါ အလေးမထားသကဲ့သို့ ပြောလိုက်သည်။ ထို့နောက် သူက လုဟယ်နျန်ထံသို့ လှည့်ကာ ပြောလိုက်သည်။ 


  “ဒုတိယအစ်ကို သူ့ကို လွှတ်လိုက်ပါ နော်…”


ကောင်မလေးက ထိုသို့ပြောသည့်အခါ လုဟယ်နျန်မှာ သူမ ဘာကို ဆိုလိုသည်ကို ချက်ချင်းရိပ်စားမိလိုက်သည်။ သူကထပ်မငြင်းတော့ဘဲ လက်ကို ယမ်းပြ၍ လုံခြုံရေးများအား အောက်သို့ ဆင်းခိုင်းလိုက်လေသည်။ ထို့နောက် သူက ကျန်းရှုဟွားဘက်ကို လှည့်ကာပြောလိုက်သည်။


 “မား… စာကြည့်ခန်းထဲသွားပြီး ခဏနားလိုက်ပါလား…”


 “ဟုတ်တယ် ဒေါ်လေးကျန်း… စာကြည့်ခန်းထဲမှာ သွားနားလိုက်ပါ… နော်… ပြီးသွားရင် ကျွန်မလာခေါ်ပါမယ်…”


ယွင်ရုန်ကလည်း သူမအား ဖျောင်းဖျလိုက်လေသည်။ မကြာမီ တစ္ဆေရောက်လာတော့မည်ဖြစ်သဖြင့် မကောင်းသောနိမိတ်များပို၍ ပြင်းထန်လာမည်ဖြစ်သည်။ ကျန်းရှူဟွားမှာ အသက်ကြီးသူဖြစ်လေရာ သူမတွင် ငြိမ်းချမ်းရေး အကာအရံရှိသော်လည်း သူမအတွက် နေမကောင်းဖြစ်သွားရန် လွယ်ကူလေသည်။


ကျန်းရှုဟွားမှာလည်း ဟန်ဆောင်မည့်သူမဟုတ်ချေ။ နားထောင်ကြည့်ရုံဖြင့်ပင် မကြာခင် ကိစ္စအကြီးကြီးဖြစ်တော့မည်ကို သိနိုင်လေသည်။ သူမမှာ အသက်ကြီးပြီဖြစ်၍ ဝင်၍လည်း မကူနိုင်ချေ။ သူမဝင်ပါလိုက်ပါက အနှောင့်အယှက်ဖြစ်မည်ကိုလည်း စိုးပေသည်။ ထို့ကြောင့် ခေါင်းညိတ်၍ပြောလိုက်သည်။

 “ဒါဆို မား အရင်သွားနားပြီနော်…”


ကျန်းရှုဟွားထွက်သွားသောအခါ အခန်းထဲက မည်သူမျှ စကားမပြောတော့ဘဲ အခန်းမှာ ခေတ္တာမျှ တိတ်ဆိတ်သွားလေသည်။ ကျန်းရှုဟွားပင်လျှင် ဘေးထွက်နေပေးရန် တောင်းဆိုခံရသော်လည်း ရူပိမှာ သူမဝင်ပြောသင့် မပြောသင့် ချိန်ဆနေသေးလေသည်။


ယွင်ရုန်က ရူပိအားကြည့်၍ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။


 “ကလေးနဲ့ ပတ်သက်တဲ့ ရှင့်ကံကြမ္မာက တော်တော်နည်းတယ်… ဘဝတစ်လျှောက်လုံး သမီးတစ်ယောက်ပဲ ရလိမ့်မယ်… ဒါပေမဲ့ရှင်က သမီးကို အပြည့်အဝချစ်ပေးနိုင်မှာမဟုတ်ဘူး…. သမီးဆိုတာက တစ််ချိန်ကျရင် လက်ထပ်ပြီးထွက်သွားမဲ့သူ အိမ်သူမဟုတ်ဘူးဆိုတာကို တွေးမိပြီးတော့… အဲဒါကြောင့်လည်း သမီးနဲ့ ဘယ်တော့မှ နီးကပ်မှာမဟုတ်ဘူး… နောက်ကျရင်တော့ အသက်ကြီးလာတဲ့အခါ ဆိုးရွားတဲ့ အဆုံးသတ်နဲ့ကြုံရလိမ့်မယ်…”


 “နင်က ငါ့ကို ကျိန်စာတိုက်နေတာလား…”


ရူပိကြားသောအခါ သူမမျက်နှာတွင် ချက်ချင်းဒေါသရိပ်များတက်လာ၏။ ယွင်ရုန်ပြောလိုက်သည်များမှာ သူမ ရင်တွင်းရှိ အနက်နဲဆုံး လျှို့ဝှက်ချက်များဖြစ်လေသည်။ လု မိသားစုမှာ ယောက်ျားလေးများအား မိန်းကလေးများထက်ပို၍ ဆက်ဆံသည့် ဓလေ့မရှိသော်လည်း ရူပိမှာ လုယွင်ချင်းအား သဘောမကျနိုင်ပေ။ လုယွင်ချင်းသာ ယောက်ျားလေးဖြစ်ခဲ့ပါက လုဆုန်းနျန် သူ့အား ပိုကောင်းကောင်းဆက်ဆံမည်လား လုမိသားစု၏ အမွေများ သူမအပိုင်ဖြစ်လာလေမလားဟု သူမနေ့တိုင်းတွေးမိလေသည်။


ဒါပေမဲ့ လုယွင်ချန်းက သမီးဖြစ်နေတယ်…


 “ကျွန်မကျိန်စာတိုက်နေတာမဟုတ်ဘူး… ရှင့်ဘဝကံကြမ္မာကို ပြောပြနေတာ…” 


အနည်းငယ်သော ဂရုဏာသက်မှုတစ်ချို့ ယွင်ရုန်၏ မျက်လုံးများအတွင်း ဖြတ်ကနဲ မြင်လိုက်ရသည်။ ယွင်ရုန်မှာ ရူပိအား သနားသည့်နှင့်တူ လှောင်လည်း လှောင်ချင်နေသည်။


ရူပိ ပြန်ပြောတော့မည်ဟန်ပြုနေစဉ်မှာပင် အားလုံး၏ နားထဲတွင် ကြေးစည်သံ ဗုံသံများကို တိုးတိတ်စွာကြားလိုက်ရလေသည်။ အစပိုင်းတွင် စည်ကားသော ပွဲတော်တစ်ခုကဲ့သို့ ခံစားရသော်လည်း အသေအချာနားထောင်ကြည့်သောအခါ ငိုကြွေးမြည်တမ်းနေသည့် အသံမျိုးဖြစ်ကာ ကြားရသူတိုင်းအား ကြက်သီးမွှေးညင်းမေားပင် ထလာစေလေသည်။ အသံမှာ ပို၍ ပီသလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ မကောင်းသောအတိတ်နိမိတ်များမှာလည်း လှိုင်းများကဲ့သို့ပင် တရိပ်ရိပ်တက်လာ၏။


 “လာနေပြီ…”


ယွင်ရုန်က တံခါးကို လှည့်ကြည့်လိုက်ကာ လုဟယ်နျန်အား ပြောလိုက်သည်။ 

 “ဒုတိယအစ်ကို တံခါးဖွင့်ထားလိုက်ပါ…”


လုဟယ်နျန်က တံခါးအား လျင်မြန်စွာဖွင့်လိုက်သည်။ ဒုတိယထပ်ဖြစ်သော်လည်း မင်္ဂလာအခမ်းအနားလှည့်သည့် လူတန်းကြီးမှာ လှေကားထိပ်တွင် ဝိုးတိုးဝါးတားပေါ်လာလေသည်။ ရှေ့ဆုံးတွင် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက စက္ကူမြင်းဖြူအားစီး၍ ဦးဆောင်လာသည်။ ဒါဇင်နှင့်ချီသော စက္ကူအစေခံများက လေပေါ်တွင် လွင့်နေကြကာ ထမ်းစင်တစ်ခုအား သယ်လာကြသည်။ စက္ကူမျက်နှာတစ်ခုစီမှာ အခမ်းအနားအပြင်အဆင်များဖြင့် လိမ်းခြယ်ထားကြရာ မီးရောင်အောက်တွင် မြင်ရသည်မှာ ကသိကအောက် နိုင်လှလေသည်။


မြင်းဖြူစီးထားသော အမျိုးသားမှာ နီးသထက်နီးလာလေသည်။ အခန်းအတွင်းရှိ ရပ်နေသော လူလေးဦးအား တွေ့သောအခါ သူရပ်သွားသည်။


 “…”


 “ကျွန်မတို့ ရှင့်ကို အကြာကြီးစောင့်နေခဲ့တာပါ…”


ယွင်ရုန်က ပြုံးပြကာ ပြောလိုက်သည်။ မင်္ဂလာအခမ်းအနားမစတင်မီ သူမကလက်ကို မြှောက်လိုက်ရာ ရှည်လျားသေးသွယ်သော အစိမ်းရောင်ဝိညာဉ်စွမ်းအင်တစ်ခု ထွက်လာပြီး ကြိုးတစ်ချောင်းအသွင် ပြောင်းသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကြိုးက မြင်းဖြူပေါ်မှ တစ္ဆေထံသို့ ဦးတည်သွားပြီး ခါးနေရာတွင် ပတ်ခွေလိုက်သည်။


တစ္ဆေမှာ အဆင့်တက်ပြီးသားဖြစ်လေရာ လျင်မြန်စွာရှောင်တိမ်းလိုက်ပါသော်လည်း ကြိုးက သူ့လက်အား ရိုက်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် အရိုက်ခံရသော လက်ပေါ်တွင် အမည်းရောင်အမာရွတ်တစ်ခုပေါ်လာပြီး ထိုနေရာမှာ နတ်ဆိုးအငွေ့အသက်များထွက်လာသည်။


 “ဒီကလေးမလေးက ငါ့ကို ပိတ်ဆို့ချင်သေးတယ်ပေါ့…”


တစ္ဆေမှာ ချက်ချင်း ဒေါသထွက်သွားသဖြင့် ယွင်ရုန်အား အော်ဟစ်ပြောဆိုလိုက်လေသည်။


 “ဒီသရဲအိုကြီး သေသွားတာ ဘယ်နှနှစ်ကြာပြီလဲတော့ မသိပေမဲ့ ကောင်မလေးငယ်ငယ်လေးကို လက်ထပ်ချင်သေးတယ်ပေါ့လေ… ကိုယ့်အသက်ကဖြင့် သေမင်းနှုတ်ခမ်းဝရောက်နေပြီ… ရှင့်ဘာသာရှင် ဘယ်လောက်ပဲ ပေါင်ဒါမှုန့်တွေ ဖို့နေပါစေ ရှင့်မျက်နှာကနေ မရဏအငွေ့အသက်တွေ ရနေတုန်းပဲ…”


ယွင်ရုန်က သူ့ရှေ့မှ တစ္ဆေဖြစ်သူအား အထင်သေးရွံရှာစွာကြည့်လိုက်လေသည်။ 

အသက်ကဖြင့် ဖင်ဆောင့်နေပြီ လူပြန်ဝင်စားဖို့တော့ မတွေးဘဲ ၁၆ နှစ်သမီးကို ယူချင်နေတာ… အရှက်မရှိဘူးလား မသိဘူး…


တစ္ဆေဖြစ်သူမှာ ဆုံးပါးစဉ်က အသက် ၄၆ နှစ်ပင် ရှိပြီဖြစ်ပြီး လူပျိုကြီးအနေနှင့် ဆုံးသွားခြင်းဖြစ်လေသည်။ သူ့ဘဝတစ်လျှောက်လုံးတွင် ပျင်းရိပြီး ဆင်းရဲသောကြောင့် ဇနီးမယား မရနိုင်ခဲ့ပေ။ သေဆုံးပြီးနောက် ဖြစ်ပေါ်လာသော သူ၏ ဒေါသမှာ ထိုနာကျင်ဖွယ်အချက်ကြောင့်ဖြစ်သော်လည်း နောက်ပိုင်းတွင် မကျေနပ်ချက်များ ပို၍ပြည့်လာလေသည်။ အဆုံးတွင် သူက မှော်ပညာကိုပါ လေ့လာပြီး ချမ်းသာသောစုံတွဲတစ်တွဲအား သူက မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးအဖြစ် အထင်မှားစေသည်အထိ လုပ်ခဲ့သည်။ ထိုစုံတွဲမှာ ပိုက်ဆံနှင့် ခွန်အားစိုက်ထုတ်၍ သူ့အား ဇနီးတစ်ယောက်ရှာပေးရန် ကြိုးစားခဲ့ကြသည်။


ယနေ့တွင် သူက လက်ထပ်နိုင်ရန်အတွက် သူ့ကိုယ်သူ လူငယ်လေးတစ်ဦးအသွင် ဖန်တီးထားလေသည်။ ယခုမူ ယွင်ရုန်က သူအသက်အမှန်အား ထုတ်ဖော်ပြောလိုက်လေရာ ချက်ချင်းပင် ဒေါသများထွက်လာပြီး သူ၏ မိစ္ဆာအငွေ့အသက်များမှာလည်း မြင့်တက်လာလေသည်။ သူက ဟိန်းဟောက်၍ပြောလိုက်သည်။


 “လုယွင်ချင်းက ငါ့ရဲ့ လက်ထပ်ခွင့် လက်ဆောင်ကို လက်ခံပြီးသွားပြီ… သူက ငါနဲ့ လက်ထပ်ရမဲ့ ကံကြမ္မာပဲ… ယွဲ့လောင်ရောက်လာပြီး တားရင်တောင် မရဘူး… ဒီနေ့မှာ ငါက လုယွင်ချင်းကို သေချာပေါက် လက်ထပ်မယ်…”

(ယွဲ့လောင်မှာ စုံတွဲများအား မင်္ဂလာကြိုးနီဖြင့် ပေါင်းစည်းပေးသည့် နတ်ဘုရားဖြစ်သည်။)


ဆန့်ကျင်ဘက်အနေနှင့် သူ၏ သတိပေးမှုမှာ ယွင်ရုန်အား သူ့ကို ဆွဲခေါ်ရန် သူမထားခဲသည့် ကြိုးနီအားအမှတ်ရစေလေသည်။ ယခုမူ သူက ထိုဘာအဓိပ္ပာယ်မှမရှိသည့် ကြိုးနီကို ယူ၍ ဤနေရာသို့ အမှန်တကယ် ရောက်ရှိလာပြီဖြစ်သည်။ သူမက ရယ်၍ပြောလိုက်သည်။

 “ယွဲ့လောင်ပါလာဖို့ မလိုပါဘူး… ကျွန်မက ရှင်တို့နှစ်ယောက်ကို သေချာခွဲပေးမယ်…”


ပြောပြီးသည်နှင့် ယွင်ရုန်က လက်ကိုထုတ်၍ လုယွင်ချင်း၏ လက်ချောင်းနှင့် ဆက်သွယ်နေသော ကြိုးနီအား လှမ်းဆွဲပြီး ဖြတ်ပစ်လိုက်လေသည်။ သူ၏ အပြုအမူမှာ ဆံပင်အား ဖြတ်လိုက်သကဲ့သို့ပင်ဖြစ်သည်။


ကြိုးနီပြတ်သွားသည်ကို မြင်လိုက်ရသောအခါ တစ္ဆေမှာ အလွန်စိတ်ဆိုးသွားသဖြင့် လုပ်ယူထားသော ရုပ်ကိုပင် မထိန်းနိုင်တော့ပေ။ သူ၏ ရုပ်သွင်တစ်ခုလုံးမှာ ရုတ်တရက် အနည်းငယ်ပိုထွားလာပြီး ဒွါရကိုးပေါက်များ သွေးများစီးကျနေသည့် သက်လတ်ပိုင်းအရွယ် ယောက်ျားကြီးတစ်ဦး ဖြစ်သွားလေသည်။ သူက ဓားကဲ့သို့ လက်သည်းများရှိသည့် လက်နှင့် ယွင်ရုန်အား လှမ်းဆွဲရန်ပြင်လိုက်သည်။ 


မျက်နှာတစ်ချက်ပင်မပျက်စေဘဲ ယွင်ရုန်က လက်အတွင်းရှိ ဝိညာဉ်စွမ်းအင်အား ကြိုးတစ်ချောင်းဖြစ်စေကာ တစ္ဆေ၏လက်အား ပတ်ခွေပြီး ချည်နှောင်လိုက်လေသည်။ ပြင်းထန်လှသော တွန်းကန်အားကြောင့် ထိုတစ္ဆေမှာ ပစ်ပေါက်ခံလိုက်ရသည့် သဲအိတ်ကဲ့သို့ ဖြစ်သွားသည်။


 “အား….”


ဖြစ်စဉ်မှာ အလွန်မြန်ဆန်လှပေရာ စက္ကန့်အနည်းငယ်အတွင်းမှာပင် တစ္ဆေက ရူပိဘေးသို့ ကျသွားလေသည်။ ရူပိမှာ မင်္ဂလာအခမ်းအနားပွဲအား မြင်ကတည်းက တုန်လှုပ်နေခဲ့ရာ ယခုမူ သွေးထွက်နေသော တစ္ဆေတစ်ကောင်အား သူမထံသို့ ပစ်ပေါက်ခံလိုက်ရသောအခါ မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်လေသည်။


သူမ၏ အော်သံမှာ တစ္ဆေအား အကယ်ပင် အာရုံစိုက်အောင် လုပ်နိုင်လေသည်။ တစ္ဆေက မိစ္ဆာမျက်လုံးများဖြင့် ရှုးပိအား တစ်ချက်ကြည့်လိုက်ကာ လျင်မြန်သော အရှိန်ဖြင့် သူမကိုယ်တွင်းသို့ ဝင်သွားလေသည်။ 


ရူပိမှာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲတွင်းထဲ ကျသွားသလိုခံစားလိုက်ရကာ အရိုးထိအောင်ပင် ချမ်းစိမ့်သွားလေသည်။ သူမက ငယ်သံပါအောင် အော်ပြောလိုက်သည်။


 “ကျွန်မက လုယွင်ချင်းရဲ့ အမေပါ… ရှင့်ရဲ့ ယောက္ခမ… ရှင့်ကို ကျွန်မသမီးနဲ့ လက်ထပ်ခွင့်ပြုပါတယ် ကျွန်မကို လွှတ်…”


အသက်ဘေးနှင့် ကြုံလာသည့်အခါ သမီးဖြစ်သူ၏ သေရေးရှင်ရေးမှာလည်း အရေးမပါတော့ပေ။ 



⛰️