⛰️Chapter 87
လျှို့ဝှက်ချက်
ရူပိ၏ စကားကိုကြားရသောအခါ လုစုန့်နျန်မှာ မယုံနိုင်သောအကြည့်များဖြင့် ကြည့်ကာ တဖြည်းဖြည်းဒေါသထွက်လာလေသည်။
ဘယ်လိုအမေက အဲဒီလိုလုပ်ရက်ရတာလဲ… အသက်ဘေးနဲ့ ကြုံနေရရင်တောင် အမေတစ်ယောက်က သူ့ကလေးတော့ သူထိုးမကျွေးဘူးလေ…
“ကြားတယ်မလား… မိဘခွင့်ပြုချက်နဲ့ အောင်သွယ်ရဲ့ အမှတ်တွေ အကုန်ရပြီနော်… ဓလေ့က ပြီးနေပြီ… လုယွင်ချင်းက ငါ့မိန်းမဖြစ်နေပြီးသားပဲ…”
ရူပိ၏ စကားအဆုံးတွင် တစ္ဆေဖြစ်သူမှာလည်း ပျော်ရွှင်သွားကာ တဟားဟားအော်ရယ်လေသည်။
“ရှင်အခု ဘယ်ခေတ်မှာ နေနေတာလဲ… မိဘခွင့်ပြုချက်ရော အောင်သွယ်ရဲ့ စကားကိုတောင် သုံးနေသေးတယ်ဆိုတော့… ရှင် အဲဒီလိုတွေ လုပ်နေလို့ပဲ ခုချိန်ထိ အိမ်ထောင်မပြုရသေးတာနေမှာ…”
ယွင်ရုန်မှာ နှစ်ပေါင်း ၃၀၀၀ လောက်အိပ်ပျော်နေခဲ့သောကြောင့် သူမကိုယ်သူမ အတွေးအခေါ် ခေတ်နောက်ကျလှပြီဟု တွေးနေခဲ့သည်။ လူသားမျိုးနွယ်၏ တိုးတက်မှုမှာ အံ့ဩဖို့ကောင်းလှပေရာ အရင်ကနှင့် လားလားမျှ မဆိုင်တော့ချေေ။ သို့သော်လည်း ယခုမူ လွန်ခဲ့သော နှစ်အနည်းငယ်က သေဆုံးခဲ့သော တစ္ဆေတစ်ကောင်မှာ သူမထက်ပင် ပို၍အခြေနေဆိုးနေသေးလေသည်။
လုဟယ်နျန်မှာ ကောင်မလေး၏ ခနဲ့တဲ့တဲ့စကားများကို ကြားရသောအခါ မပြုံးပဲ မနေနိုင်တော့ချေ။ မည်သည့်ပြိုင်ဘက်နှင့် ကြုံရသည်ဖြစ်စေ ဤကလေးမမှာ တိုက်ပွဲအား ရယ်စရာစကားနိုင်လုပွဲအဖြစ် ပြောင်းနိုင်လေသည်။
တစ္ဆေမှာ ယွင်ရုန်၏ စကားများထဲမှ လှောင်ပြောင်နေမှုအား ကြားပြီး လုဟယ်နျန်နှင့် လုစုန့်နျန်တို့ အနည်းငယ်ရယ်လိုက်ကြသည်ကို မြင်သောအခါ ချက်ချင်းပင် ဒေါသဖြင့် တုန်ရီလာလေသည်။ သူက ခြိမ်းခြောက်စကားဆိုလိုက်သည်။
“ငါ ဒီအမျိုးသမီးရဲ့ ဝိညာဉ်ကို စားပစ်မှာ မကြောက်ဘူးလား…”
ရူပိမှာ စကားမပြောနိုင်သော်လည်း သူတို့ပြောသည်များအား ကြားနေရဆဲဖြစ်သည်။ တစ္ဆေ၏စကားများကို ကြားသောအခါ သူမ၏ ခန္ဓာကိုယ်မှာ ပါကင်ဆန်ရောဂါရှိနေသကဲ့သို့ပင် တုန်ရီလာလေသည်။ ရုတ်တရက်ဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ပူလာကာ ကြမ်းပြင်တွင် အဝါရောင်အရည်များ အိုင်ငယ်ကဲ့သို့ ဖြစ်ပေါ်လာ၏။
အံ့ဩစရာကောင်းအောင်ပင် ရူပိတစ်ယောက် အကြောက်လွန်ကာ သေးပေါက်ချခြင်းဖြစ်လေသည်။
“ကယ်… ကယ်ပါဦး ကျွန်မက…”
သူမကဲ့သို့ပင် ထိုင်းမှိုင်းလေးလံသော အရောင်အဝါနှင့် တစ္ဆေတစ်ကောင်နှင့် ကြုံတွေ့ရသောအခါ ရူပိ၏ စိတ်ဝိညာဉ်မှာ အလွန်နာကျင်ရလေသည်။ သူမကို ကယ်လိုကယ်ငြားဖြင့် ယွင်ရုန်အား ရူပိ အားကိုးတကြီးကြည့်လိုက်သည်။ ယခင်က မောက်မာထောင်လွှားမှုများမှာ သူမထံတွင် မရှိတော့ချေ။
ယွင်ရုန်က ဘာမှမပြောသည်ကို တွေ့သောအခါ တစ္ဆေက ရူပိ၏ ဝိညာဉ်အား အမှန်တကယ် ကိုက်လိုက်လေသည်။ ရူပိမှာ အလွန်နာကျင်သွားပြီး ခေတ္တခဏအတွင်းမှာပင် အပြာရောင်သွေးကြောများ ပေါက်ထွက်လာပြီး သူမ အသံကုန်အော်ဟစ်လိုက်လေသည်။
“ရှင်အခုရော ကျွန်မကို လူလိမ်လို့ ထင်နေသေးသလား…”
ယွင်ရုန်က လက်လေးတစ်ချက်ပင် မမြှောက်ချေ။ ရူပိအား အလေးမထားသကဲ့သို့သာ ကြည့်နေလေသည်။ ဤအမျိုးသမီးမှာ သူ့အား မရိုမသေဆက်ဆံသည်မှာ များနေပြီဖြစ်သည်။
တောင်စောင့်နတ်ဆိုတာလည်း စိတ်ဆိုးတတ်တယ်ဟဲ့… သိပြီလား…
သူမမှာ နှစ် ၄၀၀၀ ကျော်ကြာ အသက်ရှင်ခဲ့သော်လည်း မည်သည့်အခါမျှ မုသားမပြောခဲ့ဖူးပေ။ သို့သော် ဤပါးစပ်ပေါက်မှာကား ဖွင့်လိုက်သည်နှင့် သူမအား လူလိမ်ဟုခေါ်နေလေသည်။ ရှူးပိနှင့် ပတ်သက်၍ မည်သည့်အငြှိုးမှ မရှိသော်လည်း သူမအား မကယ်တင်ခြင်းဖြင့် ယွင်ရုန်တွင် အပြစ်မရှိချေ။
“တောင်း… တောင်းပန်ပါတယ်… ကယ်ပေးပါ… ကယ်ပေးပါ…”
ဝိညာဉ်မှ နာကျင်မှုသည် လူသားများ တောင့်မခံနိုင်သော နာကျင်မှုမျိုးဖြစ်သည်။ ရူပိမှာ အလွန်ပင်နာကျင်နေသောကြောင့် မျက်ဖြူပင်စိုက်လုနီးပါးဖြစ်နေသည်။ သူမ၏ မျက်နှာမှာ မျက်ရည် နှာရည်များနှင့် ပြည့်နေပြီး သူမကဲ့သို့ ချမ်းသာ၍ အာဏာရှိသော အထက်တန်းလွှာအမျိုးသမီးတစ်ယောက်၏ ဂုဏ်သိက္ခာအကုန်ပင်ဖြစ်လေသည်။ ထိုစကားအား ပြောပြီးသောအခါ ရှူးပိမှာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက် ကျသွားပြီး ကြမ်းပေါ်ရှိ အဝါရောင်အရည်များအားလည်း ဂရုမစိုက်နိုင်တော့ဘဲ ယွင်ရုန်ရှိရာသို့ လက်များနှင့်ဆွဲကာ သွားဖို့ကြိုးစားလေတော့သည်။
ယွင်ရုန်မှာ မတရားလုပ်တတ်သောသူမဟုတ်ပေ။ ရှူးပိ တောင်းပန်နေသည်ကို မြင်ရသောအခါ သူမ၏ စိတ်တွင်လည်း ကူညီချင်စိတ်များဖြစ်ပေါ်လာလေသည်။ သူမက ရူပိ၏ ကိုယ်ထဲရှိ တစ္ဆေအားကြည့်၍ ပြောလိုက်သည်။
“တစ္ဆေတစ်ကောင်အနေနဲ့ ရှင်မြေအောက်လောကကို သွားပြီးတော့ ပြန်ဝင်စားဖို့ လုပ်သင့်တယ်…. ဒီကမ္ဘာမှာ အတင်းတွယ်ကပ်ပြီး ဆက်နေနေတာက ကောင်းကင်ဘုံဥပဒေနဲ့ မညီဘူး… ဒီနေ့တော့ ကောင်းကင်ဘုံအစား ရှင့်ကို ကျွန်မ တားမယ်…”
စကားပြောလျက်ကပင် ယွင်ရုန်က ရူပိခေါင်းပေါ်ရှိ လေဟာနယ်အား လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အရိပ်မည်းတစ်ခုမှာ သူမလက်တွင် ချက်ချင်းပင် တွဲလျက်ပါလာပြီး သူမက ပို၍စွမ်းအင်သုံးကာ ဆွဲထုတ်လိုက်လေသည်။ ရူပိ၏ ကိုယ်ထဲမှာ အမည်းရောင် အရိပ်အား ဆွဲထုတ်လိုက်သည့်အခါ အသည်းအူနှလုံးများ ပြုတ်ကျစေနိုင်သည့် အသည်းယားဖွယ် အသံများထွက်၍လာလေသည်။
“ဘာလို့လဲ… ဘာလို့လဲငါ့ကိုဖမ်းတာလဲ… ငါ ဘာအမှားလုပ်မိလို့လဲ… ငါက အိမ်ထောင်တောင် ပြုချင်တာမဟုတ်ဘူး… ငါ့ဘဝတစ်လျှောက်လုံး လူပျိုကြီးဖြစ်နေလို့ အလှောင်ခံခဲ့ရတာ… ငါသေသွားတာတောင် ငါက အထီးကျန်တဲ့ တစ်ကိုယ်တော်ဖြစ်နေတုန်းပဲ… ငါကဘာလို့ ဒီလိုမျိုး ဘဝတစ်လျှောက်လုံး အထီးကျန်နေရမှာလဲ… လုယွင်ချင်းကတော့ မွေးကတည်းက ပြည့်ပြည့်စုံစုံနဲ့… ကောင်းကင်ဘုံက ဘာလို့ အရမ်းမတရားရတာလဲ…”
တစ္ဆေမှာ ယွင်ရုန်ဖမ်းတာကို ခံလိုက်ရသောအခါ ပြေးမလွတ်နိုင်တော့သည်ကို သိ၍ ရှုံ့မဲ့၍ ပြောလိုက်လေသည်။
လုစုန့်နျန်မှာ သူတို့နှင့် မလှမ်းမကမ်းတွင် ရှိနေလေရာ ယောက်ျားရင့်မာတစ်ဦးဖြစ်သော်လည်း ကြောက်လန့်ကာ အလိုအလျောက်ပင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားမိပြီး သူ့ညီအား တစ်ချက်တစ်ချက်ကြည့်၍ တံတွေးသာမျိုချနေလေသည်။ ဤအမျိုးသမီးမှာ တစ္ဆေအား ကြက်ကလေးတစ်ကောင်ကဲ့သို့သာ ကိုင်၍ထားလေသည်။ သူ့ညီသဘောကျသော မိန်းကလေးမှာ အမှန်တကယ်ပင် အစ်ကိုထက် သန်မာနေပြီး ထူးခြားလှလေသည်။
ယွင်ရုန်က အတော်ပင် ရွံရှာနေသော်လည်း သူမလက်အား အနည်းငယ် မြှောက်လိုက်သည်။ ဤတစ္ဆေမှာ မြစ်ထဲသို့ ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ဟန်တူသည်။ သူ၏ ကိုယ်မှ ရေများတစက်တစက်ကျနေပြီး သူ့ကို ကိုင်ရာတွင် ယွင်ရုန်၏ လက်များမှာလည်း စိုထိုင်းမှုအား ခံစားနေရ၏။ သူတစ်ခါလှုပ်လိုက်တိုင်းပင် ထိုရေစက်များမှာ အနှံ့အပြား လွင့်စင်သွားကာ ငါးညှီနံ့က နှာခေါင်းများထဲသို့ တိုးဝှေ့လာလေသည်။
ယွင်ရုန်မှာ အေးစက်၍ ရေထဲမှ အနံ့ထွက်နေသော အရာများအား အမုန်းဆုံးဖြစ်လေသည်။ တစ္ဆေမှာ ယခုအချိန်ထိ အပြောမရပ်သေးသောအခါ သူမစိတ်မရှည်နိုင်တော့ပေ။
“အဲဒါ အကုန်ဘယ်သူ့အပြစ်တွေလဲ… အခုလက်ရှိ ကိုယ့်ရဲ့ ဖိုသီဖက်သီပုံစံကိုလည်း ကိုယ့်ဘာသာပြန်ကြည့်ဦး… တစ်ချက်ကြည့်တာနဲ့တင် လူသားဘဝတုန်းကလည်း အဆင်ပြေခဲ့မှာမဟုတ်တာ သိသာတယ်… ဘယ်မိန်းမက ရှင့်ကို ကြိုက်မှာလဲ…”
စကားပြောနေလျက်က ယွင်ရုန်မှာ သည်းမခံနိုင်တော့ဘဲ ကောင်းကင်နဲ့မြေပြင်အိတ်အတွင်းမှ မြက်ကြိုးအရှည်တစ်ချောင်း ဆွဲထုတ်လိုက်သည်။ သူမက တစ္ဆေဖြစ်သူအား ထိုကြိုးနှင့် ချည်လိုက်ပြီး ပြန်လှည့်ကြည့်လိုက်သည်။ ပြီးသည့်အခါ သူကတစ္ဆေအား လုဟယ်နျန်လက်ထဲသို့ အပ်ပြီး ပြောလိုက်သည်။
“ဒုတိယအစ်ကို… ဒါလေး ကျွန်မကို ခဏကိုင်ထားပေးပါ…”
လုဟယ်နျန်လက်ထဲသို့ တစ္ဆေအား ထည့်ပြီးသည်နှင့် ယွင်ရုန်က သူမကိုယ်သူမ လေသန့်စင်သည့် ဂါထာရွတ်ပြီး မန်းမှုတ်လိုက်သည်။ မရေတွက်နိုင်သော အစိမ်းရောင်ရောင်ခြည်တန်းများက မျက်စိတစ်မှိတ်အတွင်း လေထဲတွင်ပျောက်ကွယ်သွားကာ အခန်းတွင်းရှိ အနက်ရောင်လေထုမှာလည်း ခြေရာလက်ရာပင် မကျန် ပျောက်ကွယ်သွားလေသည်။
ယွင်ရုန်မှာ အတော်ပင် စိတ်သက်သာရာရသွားသည်။ မဟုတ်လျှင် သူမမှာ အိမ်သာတစ်လုံးထဲ ဝင်နေရသကဲ့သို ခံစားနေရလေသည်။
လုဟယ်နျန်မှာ တစ္ဆေအား အလိုအလျောက် လက်ခံလိုက်မိခြင်းဖြစ်သည်။ တစ္ဆေမှာ အကယ်ပင် လူဆိုးတစ်ဦးနှင့် တူနေ၍လည်း ဖြစ်နိုင်ကာ လုဟယ်နျန်က ၎င်းအား အားကုန်သုံး၍ ကိုင်ထားလေရာ သူ၏လက်ချောင်းများပင် တစ္ဆေကိုယ်ထဲသို့ နစ်မြုပ်နေ၏။
“အား…..”
လုဟယ်နျန်ကိုယ်ထဲမှ မကောင်းသောအရှိန်အဝါများကြောင့် တစ္ဆေမှာ နာကျင်လွန်းသဖြင့် ရုတ်တရက် ထငိုလေသည်။
ယွင်ရုန် လှည့်ကြည့်လိုက်သောအခါ လုဟယ်နျန်၏ မကောင်းသောအရှိန်အဝါများမှာ တစ္ဆေ၏ ကိုယ်အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်ကို တွေ့လိုက်ရလေသည်။ ထိုအရာမှာ အမဲလိုက်သည်ကို ဝါသနာပါသည့်နှယ် တစ္ဆေ၏ ဝိညာဉ်စွမ်းအင်အား ဖြေးဖြေးချင်းဝါးမျိုနေ၏။
ယွင်ရုန်မှာ အလန့်တကြားဖြစ်သွားသည်။ ဤတစ္ဆေမှာ တရားခွင်သို့မရောက်သေးသော်လည်း အဆင့်တက်မှု အတန်ငယ်ရှိနေပြီးသားဖြစ်လေသည်။ အခြားတစ္ဆေများနှင့် ယှဉ်ပါကလည်း ၎င်း၏ မိစ္ဆာစွမ်းအင်မှာ ပို၍သိပ်သည်းလေသည်။ သို့သော် လုဟယ်နျန်နှင့် ယှဉ်လိုက်သောအခါတွင် အံ့အားသင့်စရာကောင်းစွာပင် ထိုမိစ္ဆာစွမ်းအင်မှာ အနည်းငယ်မျှပင် ပြန်၍မတုံ့ပြန်နိုင်ချေ။
သူမ လန့်နေစဉ်ပင် တံခါးပေါက်ဆီမှ ခြေသံများကြားလိုက်ရသည်။ ရင်နှီးသော အမျိးသားအသံတစ်သံက တံခါးတစ်ဖက်စီမှ ထွက်လာ၏။
“တောင်းပန်ပါတယ် စီနီယာယွင်… ကျွန်တော် နောက်ကျသွားတယ်…”
ယွင်ရုန်မှာ လန့်၍ နေရာမှ ပြန်အသိဝင်လာပြီး မပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်လေသည်။
“နင်နောက်ကျတာက နည်းနည်းတော့ များတယ်မထင်ဘူးလား… ငါ နင့်ကို လွန်ခဲ့တဲ့ နာရီဝက်ကတည်းက သတင်းပို့လိုက်တာလေ…”
တစ္ဆေများမှာ မြေအောက်လောကမှ ထိန်းချုပ်ရမည့် အရာများဖြစ်သည်။ အမှန်တွင် ယွင်ရုန်မှာ ဤကိစ္စအား မကိုင်တွယ်ချင်လှပေ။ ထို့ကြောင့်ပင် လုယွင်ချင်းက တစ္ဆေတစ်ကောင်နှင့် အိမ်ထောင်ရေးဖဲကြိုးအဖြစ် ချည်နှောင်နေမိသည်ကို သေချာသည်နှင့် ရှီးနျန်ဆီသို့ သူမ သတင်းပို့ခဲ့ခြင်းဖြစ်သည်။
ရှီးနျန်က အနေရခက်သည့် အပြုံးမျိုးဖြင့် ပြုံးပြသည်။ အမှန်တွင် သူက တမင်သက်သက်နောက်ကျအောင် လာခြင်းဖြစ်သည်။ ဤတစ္ဆေမှာ အဆင့်တက်မှုအနည်းငယ်ရှိလေရာ သူတို့အနေဖြင့် ယခင်ကတည်းက အကြိမ်များစွာကြိုးစား၍ ဖမ်းခဲ့ကြသော်လည်း မအောင်မြင်နိုင်ဘဲ ဒဏ်ရာများသာရရှိခဲ့လေသည်။ ထို့ကြောင့်ပင် သူက ဤနေရာသို့ မလာမီ ယွင်ရုန်ဖမ်းပြီးသည်အထိ တမင်စောင့်ခဲ့ခြင်းဖြစ်လေသည်။
“ကျွန်တော် တကယ်စိတ်မကောင်းပါဘူး စီနီယာယွင်… လောလောဆယ် ဟိုင်းရှီက တော်တော်အင်အားနည်းနေတာ… ကျွန်တော် သတင်းရတော့ တစ္ဆေအသစ်တစ်ကောင်ကို ဖမ်းမိထားတုန်းဖြစ်နေလို့… ဒီကိုမလာခင် သူ့ကိုမြေအောက်လောကကို အရင်ပို့ခဲ့ရလို့ပါ…”
ရှီးနျန်၏ စကားများကိုကြားသောအခါ ယွင်ရုန်က မျက်နှာကို မဲ့လိုက်သည်။
“မြေအောက်လောကမှာ ဘာတွေဖြစ်နေတာလဲ… နှစ် ၃၀၀၀ ကြာသွားတာတောင် ခုထိ လူမလောက်သေးဘူးလား… အဲဒီအဘိုးကြီးဆယ်ယောက်က အရမ်းကပ်စီးနည်းတာပဲ… အလုပ်မဖြစ်ဘူး… ကမ္ဘာမြေနတ်ဘုရားမရဲ့ ဂုဏ်သိက္ခာကျတယ်….”
ကမ္ဘာမြေက မြေအောက်လောကအား အသက်ဓာတ်များ မျှဝေပေးကာ ဝိညာဉ်များ လူပြန်ဝင်စားနိုင်ရန်အတွက်လည်း နေရာတစ်ခုပေးထားလေသည်။ ယနေ့ခေတ်တွင် ကမ္ဘာမြေနတ်ဘုရားမမှာ လွန်ခဲ့သော ကာလကတည်းက ပျောက်သွားပြီဖြစ်လေရာ ကျန်ရှိတော့သည်မှာ မြေအောက်လောကမှ တာဝန်ရှိသော ၁၀ ရာမ နန်းဆောင်များပင် ဖြစ်လေသည်။ ယွင်ရုန်အတွက်မူ ထိုအဘိုးကြီးများအား အထင်သေးပြီး တစ်ယောက်ချင်းစီက အလွန်ကပ်စီးနှဲလွန်းသည်ဟု ထင်လေသည်။
ယွင်ရုန်မှာ ထိုကဲ့သို့ပြောနိုင်သော်လည်း ရှီးနျန်မှာ မပြောနိုင်ချေ။ သူက စကားလမ်းကြောင်းကိုသာ လွှဲ၍ ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်… စီနီယာက ဒီတစ္ဆေကိုဖမ်းပြီး မြေအောက်လောကကို ကယ်တိုင်လိုက်တာပါပဲ….”
ပြောပြီးသည်နှင့် သူက ဝိညာဉ်ချည် ချိန်းကြိုးအား သုံးပြီးနောက် လုဟယ်နျန်လက်ထဲမှ တစ္ဆေအား ဖမ်းလိုကသည်။
တစ်စက္ကန့်အတွင်းမှာပင် တစ္ဆေ၏ ကိုယ်မှ မိစ္ဆာအရောင်အဝါများမှာ ချက်ချင်းပျောက်သွားပြီးနောက် ဖောက်ထွင်းမြင်ရသကဲ့လို့ဖြစ်လာသည်။ ရှီးနျန်မှာ လုဟယ်နျန်အား ဖော်ပြ၍မရသော အကြည့်မျိုးနှင့် ကြည့်လိုက်ပြီး စိတ်ထဲဘာမှမထည့်ထားပဲ စိုက်ကြည့်လိုက်မိလိုက်သည်။ သူက တစ်ခုခုပြောရန် ဟန်ပြင်ပြီးနောက်အဆုံးတွင် မည်သည့်စကားမှမဆိုတော့ဘဲ သက်ပြင်းတစ်ခုသာ ချလိုက်လေသည်။
“အဲဒီအဘိုးကြီးဆယ်ယောက်က ကပ်စီးနည်းနေရင်တောင် နင်တို့ကတော့ အလုပ်ကို လျော့တိလျော့ရဲ မလုပ်သင့်ဘူးလေ… ဒီလိုတစ္ဆေမျိုးသာ သက်ရှိလောကမှာဆက်နေနေရင် ပြဿနာအကြီးကြီးတက်ကုန်မှာပေါ့…”
အမှန်တွင် ယွင်ရုန်မှာ ရှီးနျန်၏ အမူအရာအား မမြင်ဘဲ အကြံပေးနေခြင်းဖြစ်သည်။
သူတို့အချိန်ကြာမြင့်စွာ စိတ်ပူခဲ့ရသော တစ္ဆေအားဖမ်းပေးခဲ့သည့်အတွက် ရှီးနျန်မှာ ပျော်ရွှင်နေပြီး ခေါင်းဆက်တိုက်ညိတ်ကာ ပြောလိုက်သည်။
“နားလည်ပါပြီ စီနီယာ… ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေကို ပိုပြီးဂရုစိုက်ကြဖို့ မှာလိုက်ပါမယ်… ကျွန်တော် မြေအောက်လောကကို အမြန်ပြန်သွားပြီး သတင်းပို့ရမှာမို့ အရင်သွားနှင့်ပါမယ်…”
ရှီးနျန်အဝေးသို့ရောက်သွားသောအခါမှသာ ဘေးတွင် ဖြူဖက်ဖြူလျော်ဖြင့် ရပ်နေသော လုစုန့်နျန်မှာ အသက်ဝဝရှူနိုင်လေသည်။ သူက သတိကြီးစွာထား၍ မေးလိုက်သည်။
“မစ္စယွင်… အခုထွက်သွားလိုက်တာက ဘယ်သူလဲ…. အဲဒါက မြေအောက်လောကက အစောင့်လား…”
“မဟုတ်ပါဘူး သူက ယင် စာပို့သမားပါ… မြေအောက်လောကအစောင့်တွေက ပြောင်းလိုက်ပြီမို့ အခုဆို လျှောက်မသွားကြတော့ဘူး…”
ယွင်ရုန်က ပြန်ဖြေသည်။ သူမက ထို့နောက် လုယွင်ချင်းထံသို့ လျှောက်သွားပြီး အခြေနေအား တစ််ချက်စစ်ကြည့်၍ ပြောလိုက်သည်။
“အခု ပြဿနာမရှိတော့ပါဘူး… သူနိုးလာတဲ့အခါ နေပူစာသာ များများလှုံခိုင်းလိုက်ပါ… အဆင်ပြေသွားပါလိမ့်မယ်….”
ထိုသို့ပြောနေလျက် ယွင်ရုန်က လုဟယ်နျန်အား အခက်အခဲရှိသည့်အနေဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဤကိစ္စမှာ ပြောရလျှင် အသက်လည်းကယ်ရ တစ္ဆေလည်းဖမ်းပေးရသည့် အလုပ်ဖြစ်သည်။ ဤမျှလောက် အလုပ်ပမာဏဆိုလျှင် သူမ သေချာပေါက် ပိုက်ဆံရသင့်ပေသည်။ သူမမှာ စုံစမ်းထားပြီးဖြစ်ရာ ဝမ်းပေါ်နှင့် သူ့လူများ အပြင်တွင် အလုပ်သွားလုပ်ကြပါက အနည်းဆုံး တစ်ခေါက်လျှင် တစ်သန်းတော့ ရကြောင်း သိထားလေသည်။ သို့သော် ဤလူမှာ ဒါရိုက်တာ၏ အစ်ကိုဖြစ်လေသည်။ ဒါရိုက်တာမှာ ပုံမှန်တွင် သူမ အပေါ် ကောင်းမွန်စွာဆက်ဆံပြီး ယနေ့တွင်လည်း သူမ အား အပြင်ခေါ်လာခဲ့ပေးသေးသည်။
ဒီတစ်ခေါက်တော့ ငါ့ဘာသာငါ ပမာဏသတ်မှတ်ပြီး ပိုက်ဆံတောင်းလို့ကောင်းပါ့မလား…
အတွေ့အကြုံရှိသော သူများမှာ ပို၍သဘောပေါက်လွယ်ကြသည်။ လုစုန့်နျန်မှာ နှစ်ပေါင်းများစွာ စီးပွါးရေးလုပ်လာသူဖြစ်ရာ တစ်စုံတစ်ဦး၏ ကိုယ်လက်အမူအရာကို ကြည့်သည်နှင့် မည်သည်ကိုတွေးနေမှန်း သိနိုင်သည့် အစွမ်းရှိလေသည်။ ခေတ္တမျှကြာပြီးသည့်အခါ သူက ပြန်ပြောလိုက်သည်။
“မစ္စယွင်… ဒီတစ်ခေါက် ချင်ချင်ရဲ့ ကိစ္စကြောင့်နဲ့ ဒုက္ခများသွားပါပြီ… နောက်ကျရင် ကျွန်တော်တို့က တစ်မိသားစုတည်းဖြစ်လာကြမှာပဲဟာ… ကျေးဇူးတင်တာတွေ မတင်တာတွေ မပြောတော့ပါဘူး… နောက်ကျ ကိစ္စတစ်ခုခုရှိလာခဲ့ရင် ဒီအဖြစ်အပျက်ကို ကျွန်တော် မမေ့ပါဘူး…”
ပြောပြီးသည်နှင့် လုစုန့်နျန်က လှည့်ထွက်သွားလေသည်။
ယွင်ရုန်က လုစုန့်နျန်အဝေးသို့လျှောက်သွားသည်ကို ကြည့်လျက်က အနည်းငယ်မျှ စိတ်ပျက်သွားလေသည်။
ပါးစပ်နဲ့ပဲ ကျေးဇူးတင်တယ်… ပေးစရာ ပစ္စည်းတစ်ခုခုတောင် မရှိဘူးပေါ့လေ….
လုစုန့်နျန်က သူ၏ ကျေးဇူးတရားအား ဖော်ပြပြီးဖြစ်လေရာ သူမအဖို့ ပိုက်ဆံလိုက်၍တောင်းရန်လည်း မကောင်းတော့ပေ။
လုဟယ်နျန်မှာ ကောင်မလေး၏ မျက်နှာအမူအရာများ ဆက်တိုက်ပြောင်းနေသည်ကို ကြည့်၍ ရယ်ချင်နေ၏။ သူက အလိုအလျောက်ပင် ကောင်မလေး၏ ခေါင်းအား ပွတ်ပေးလိုက်မိသည်။ သို့သော်လည်း ကောင်မလေးက သူ့လက်ကို ရှောင်ကာ အနည်းငယ် မသတီသည့်အသံဖြင့် ပြောလိုက်သည်။
“ဒုတိယအစ်ကို… ခုလေးတင် သရဲတစ်ကောင်ဖမ်းထားတာကို ကျွန်မကို မထိနဲ့လေ…”
လုဟယ်နျန် : …..
လုဟယ်နျန်တစ်ယောက် နေရာတွင် ကြက်သေသေကာ ရပ်နေသည်ကို မြင်သောအခါ ယွင်ရုန်မှာ လုဟယ်နျန်၏ လက်ထဲသို့ တစ္ဆေအား ထည့်လိုက်သည်မှာ သူဖြစ်ကြောင်း သတိရသွား၏။ သူမ အလွန်ပင်ရှက်သွားကာ လုဟယ်နျန်၏ လက်အားထိ၍ ချက်ချင်းပင် သန့်ရှင်းရေးလုပ်သည့် ဂါထာနှင့် မန်းပေးလိုက်လေသည်။ ထို့နောက် သူမက ပြုံးကာ ပြောလိုက်သည်။
“အခု သန့်ရှင်းသွားပြီ…”
သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် လုစုန့်နျန် ပြန်၍ရောက်လာသည်။ သူက ယွင်ရုန်အား ချက်လက်မှတ်တစ်စောင် ကမ်းပေး၍ ပြောလိုက်သည်။
“မစ္စယွင်… ချင်ချင်ရဲ့အသက်ကိုတောင် ကယ်ထားတာမို့ ကျွန်တော့်အနေနဲ့ ဒီလို အောက်တန်းကျတဲ့ လက်ဆောင်မျိုး မပေးသင့်တာ သိပေမဲ့လည်း ကျွန်တော် စေတနာရှိလို့ ပေးတာမို့ လက်ခံပေးပါ…”
လူတိုင်းက သူ့ညီလေးနှင့် ဤကလေးမလေး တွဲနေသည်ဟု ပြောနေကြသော်လည်း သူတို့မှာ ယခုထိ လက်မထပ်ကြသေးပေ။ ဤကလေးမမှာလည်း သူ့သမီး၏ အသက်ကို ကယ်ထားသူဖြစ်လေရာ လုစုန့်နျန်မှာ အလေးအနက်ကျေးဇူးတင်သည့်အနေဖြင့် ယွင်ရုန်အား ချက်လက်မှတ်တစ်စောင် ထုတ်ပေးလိုက်ခြင်းဖြစ်သည်။
ကျန်းရှုဟွား၏ အပြောအရဆိုလျှင် ယွင်ရုန်၏ အိမ်မှာ ကျေးလက်တွင်ရှိပြီး သူမငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံး မရှိကြတော့ပေ။ သူမမှာ သနားစရာကောင်းသော ကောင်မလေးပင်ဖြစ်သည်။ ထို့ကြောင့် ချက်လက်မှတ်ရေးသည့် အချိန်တွင် ကောင်မလေးအား မိသားစုပိုင် ပစ္စည်းများဝယ်နိုင်သည် အထိများသော ပမာဏအား အသေအချာတွေးတော၍ ထည့်ရေးပေးလိုက်လေသည်။
သူ၏ ကျေးဇူးတင်မှုအား ဖော်ပြသည့်အနေနှင့် ပေးပါက ကောင်မလေးမှာလည်း လက်ခံရန်အတွက် ရှက်မနေလောက်တော့ပေ။
⛰️