⛰️Chapter 88
ယွင်ရုန်က လုစုန့်နျန်ထံမှ ချက်လက်မှတ်အား ယူပြီး တစ်ချက်ကြည့်လိုက်သည်။ သူမမှာ ဝမ်းမသာနိုင်သေးမီ ခေတ္တမျှ ကြက်သေသေသွား၏။ ထို့နောက် မယုံနိုင်စွာဖြင့် စာရွက်ထဲမှ လက်ရေးဖြင့်ရေးထားသော ပမာဏမှ သုညများအား သေချာရေကြည့်နေလေသည်။ စက္ကန့်အနည်းငယ်မျှ ကြာသောအခါ ဤသည်မှာ သန်း ၂၀ တန် ဘဏ်ချက်လက်မှတ်ဖြစ်ကြောင်း သူမသေချာသွားလေသည်။ သူမ မျက်နှာပေါ်ရှိ စိတ်ပျက်မှုတို့မှာ မြူတစ်မှုန်စာပင် မကျန်အောင် ပျောက်ကွယ်သွားပြီးနောက် သူမက ချက်ချင်းပင် ပြုံး၍ ပြောလိုက်လေသည်။
“အောက်တန်းကျတယ်မထင်ပါဘူး… ဒါက အရမ်းကောင်းတာ… ကောာင်းတယ်…”
လက်ဆောင်လက်ခံရရှိသောသူမှာ အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားသကဲ့သို့ လုစုန့်နျန်လည်း ပျော်ရွှင်သွားသည်။ ထို့နောက် သူက ယွင်ရုန်အား သမီးဖြစ်သူအကြောင်း မေးမြန်းလေသည်။ ယွင်ရုန်က လုယွင်ချင်းနဲ့ ပတ်သက်၍ မည်သည့်ပြဿနာမှ မရှိတော့ကြောင်း ထပ်ခါထပ်ခါ အာမခံသည်။ သို့သော် လအနည်းငယ်ခန့် ကျန်းမာရေးချူချာနေဦးမည် ဖြစ်ပြီး သေချာဂရုစိုက်ပေးပါကလည်း အမြန်ဆုံးပြန်ကောင်းလာနိုင်လေသည်။
ကိစ္စများအားလုံး ပြီးစီးသွားချိန်မှသာ အားလုံးက ကြမ်းပြင်ပေါ်လဲနေသော ရူပိအား အမှတ်ရသွားကြလေသည်။ ယွင်ရုန်က သူမကိုယ်ထဲမှ တစ္ဆေအားဆွဲထုတ်လိုက်သည့် အချိန်ကတည်းက သူမမေ့မြောသွားခဲ့ရာ ယခုချိန်ထိ သတိပြန်မလည်လာသေးပေ။ လုစုန့်နျန်က ကြမ်းပြင်ပေါ်ရှိ ရှူးပိအား တစ်ချက်ကြည့်လိုက်ကာ မျက်လုံးထဲတွင် ရွံရှာသည့် အရိပ်အယောင်များပေါ်လာလေသည်။ သို့သော်လည်း သူက အိမ်ထိန်း ထောင် အား ခေါ်၍ ရူပိအား သန့်ရှင်းရေးလုပ်ခိုင်းကာ ဆေးရုံသို့ ပို့ခိုင်းလိုက်လေသည်။
ယနေ့မှာ တုန်လှုပ်ချောက်ချားဖွယ် စိတ္တဇဖြစ်ဖွယ်ကောင်းလှပေရာ မည်သူမှ အစာ စားလိုစိတ်မရှိကြပေ။ လုဟယ်နျန်က ယွင်ရုန်အား ပြန်ခေါ်သွားပြီး အိမ်သို့သာ ပြန်ခဲ့ကြလေသည်။ ယွင်ရုန်မှာ ကားထဲတွင် ထိုင်နေလျက် မည်သည်ကိုမှ ဂရုမစိုက်အားတော့ဘဲ နောက်ခုံကိုမှီ၍ အကြောဆန့်လိုက်လေသည်။
လုဟယ်နျန်မှာ ဘေးတစောင်းမြင်နေရသော ကောင်မလေးမျက်နှာပေါ်ရှိ ပင်ပန်းနွယ်နယ်မှုအား မြင်ပြီးသည့်နောက် စိတ်လေးလံသွားလေသည်။ သူက ယွင်ရုန် သက်သောင့်သက်သာရှိစေရန် ခုံအနေအထားအား ပြင်ပေးပြီးနောက် နွေးထွေးစွာ မေးလိုက်သည်။
“ပင်ပန်းသွားပြီလား…”
အကြောင်းရင်းကို မသိရသော်လည်း ယွင်ရုန်မှာ လုဟယ်နျန်အနားတွင် ထူးဆန်းစွာနှင့် စိတ်လွတ်ကိုယ်လွတ်ရှိလေသည်။ သူမက ခေါင်းညိတ်ပြ၍ ပြန်ဖြေလိုက်သည်။
“နည်းနည်းပေါ့… ပြီးခဲ့တဲ့ တစ်ခေါက်ကို ဟယ်ပေါ်ကို သတ်ဖို့ သုံးလိုက်တဲ့ ဝိညာဉ်စွမ်းအင်က တစ်ဝက်ပဲ ပြန်ပြည့်သေးတာ…. အဲဒီတစ္ဆေကလည်း ဘာသာရေးဆန့်ကျင်တဲ့ ဂိုဏ်းသားဖြစ်နေတော့ သူ့ အဆင့်တက်တာက တော်တော်မြန်တယ်… သူ့ကို ကျွန်မ ထင်ထားသလို မကိုင်တွယ်လိုက်နိုင်ဘူး…”
လုဟယ်နျန်က တစ်စုံတစ်ခု ပြောရန်ဟန်ပြင်လိုက်သော်လည်း ယွင်ရုန်က ဆက်ပြောလေသည်။
“ဒါပေမဲ့ ဒီလောက် ပင်ပန်းတာက ကိစ္စမရှိပါဘူး… အချိန်တိုင်းသာ သန်း ၂၀ ရမယ်ဆိုရင်ပေါ့… ဒါဆိုရင် တန့်ချိုးတောင်ကို စာချုပ်ချုပ်ဖို့ ပိုက်ဆံကို မြန်မြန်ပြည့်သွားမှာလေ… အချိန်ကျလာရင်တော့ တန့်ချိုးတောင်ကို ကျွန်မပဲ သိမ်းထားပြီး ဘယ်သူ့ကိုမှ မပေးတော့ဘူး…”
ကောင်မလေး၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေသော်လည်း တန့်ချိုးတောင် ဟူသည့် စကားအား ကြားသောအခါ လုဟယ်နျန်မှာ စိတ်လေးသွားသည်။ သူက ဂရုမစိုက်သကဲ့သို့ ဟန်ဆောင်၍ မေးလိုက်သည်။
“ဒါဆို အဲဒီကျရင် မင်းကတောင်ပေါ်မှာနေပြီး ဒီကို ဆင်းမလာတော့ဘူးပေါ့နော်… ဒါဆို ကိုယ်တို့ ထပ်တွေ့လို့မရတော့ဘူးပေါ့….”
ယွင်ရုန်၏မျက်နှာပေါ်မှ အပြုံးမှာ ရပ်တန့်သွားသည်။ ထိုစကားအား ကြားရသောအခါ မည်သည်ကြောင့် သူမအတွက် ခံစားရခက်သွားသည်ကို သူမနားမလည်နိုင်ပေ။
“မဟုတ်တာ.. ကျွန်မက ကိုယ်ကို ချုံ့ပြိးတော့ အစ်ကို့ကို ရုံးမှာ လာတွေ့လို့ရတာပဲ… အစ်ကိုကလည်း တန့်ချိုးတောင်မှာ ကျွန်မကို လာတွေ့လို့ရတာပဲလေ… အဲဒီချိန်ကျရင် တန့်ချိုးတောင်က ရှိသမျှ သက်ရှိတိုင်းကို အစ်ကို့ကို ကြိုခိုင်းမယ်…”
ငတုံးမလေး… ကိုယ်က မင်းနဲ့ အချိန်တိုင်းအတူရှိချင်တာလေ…
လုဟယ်နျန်မှာ စိတ်ဓာတ်ကျသွားပြီး ထပ်မေးလိုက်လေသည်။
“ဒါဆို တန့်ချိုးတောင်ကို ပြန်သွားရင်ရော ကိုယ့်ကို သတိရနေဦးမှာလား…”
“ဒါပေါ့…. ကျွန်မ ဒုတိယအစ်ကိုကို အမြဲသတိရနေမှာ… ကျွန်မ တွေ့ဖူးသမျှ လူသားတွေထဲ ဒုတိယအစ်ကိုက ကျွန်မအပေါ် အကောင်းဆုံးပဲ…”
ဤတစ်ကြိမ်တွင်မူ ယွင်ရုန်က အနည်းငယ်မျှပင် မတွေဝေဘဲ ပြောလိုက်ခြင်းဖြစ်သည်။ သူမက မေးခွန်းကို ကြားကတည်းက ဘာမှ မစဉ်းစားဘဲ ဖြေချလိုက်ခြင်းပင်။ ပြောပြီးသည့်အခါ သူမက နှုတ်ခမ်းလေးများကို စေ့ကာ သံသယရှိစွာဖြင့် မေးလိုက်သည်။
“ဒါဆို ဒုတိယအစ်ကိုကရော ကျွန်မကို သတိရပါ့မလား…”
ကောင်မလေး၏ စိတ်အားထက်သန်သည့် အမူအရာကိုမြင်ရသောအခါ လုဟယ်နျန်ရင်ထဲမှ လေးလံမှုမှာ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက သက်ပြင်းချ၍ ပြုံးကာ ပြောလိုက်သည်။
“မင်းသာ တန့်ချိုးတောင်ကို ပြန်သွားရင်… ကိုယ်မင်းအကြောင်းကို အမြဲတွေးဖြစ်နေမှာပါ….”
ယွင်ရုန်က ခေါင်းကို မော့လိုက်သောအခါ လုဟယ်နျန်၏ တောက်ပနေသာမျက်လုံးများနှင့် အကြည့်ချင်းဆုံသွားကာ တုန်လှုပ်သွားမိလေသည်။ သူမက ရယ်လျက်ပြောလိုက်သည်။
“ဒုတိယအစ်ကိုက ကျွန်မအကြောင်းကို အမြဲတွေးဖို့ မလိုပါဘူး…. ကြုံကြိုက်လာလို့ သတိရပေးရင် ရပါပြီ… နောက်ကျ မိန်းမရလာတဲ့အခါ သူ့အကြောင်းကို ပိုတွေးဖို့လိုတယ်လေ…”
လုဟယ်နျန်မှာ ဤစကားအား ကြားသောအခါ ခုလေးတင်ရှိနေသော ပျော်ရွှင်နေသည့် ခံစားချက်လေးမှာ ပျောက်ကွယ်သွားလေသည်။ ထို့နောက် ခံစားချက်ကင်းမဲ့သည့် မျက်နှာဖြင့် ယွင်ရုန်၏ လေးနက်သော မျက်နှာအား ကြည့်ကာ စိတ်ပေါက်ပေါက်ဖြင့် နဖူးအား တစ်ချက်တောက်လိုက်လေသည်။
“ငါ့မှာ မိန်းမရှိနေမှတော့… မင်းအကြောင်းဘာလုပ်ဖို့ တွေးနေဦးမလဲ…”
ယွင်ရုန်က သူမနဖူးလေးအား လက်ဖြင့်ကာလိုက်ကာ လုဟယ်နျန်အား ကြောင်ကြည့်နေလေသည်။ သူမ ပြောလိုက်သည့် စကားတွင် မည်သည့်အမှားပါသွားသည်ကို သူမနားမလည်ပေ။
ဘာလို့များ အိမ်ထောင်ပြု မိန်းမယူတဲ့အကြောင်းပြောတိုင်း ဒုတိယအစ်ကိုက ဒေါသထွက်နေရတာလဲ….
ရုတ်တရက် သူမစိတ်ထဲတွင် အတွေးတစ်ခုဝင်လာလေသည်။ ပြီးခဲ့သည့်ရက်များက သူမ တီဗီကြည့်နေစဉ်တွင် အချစ်နှင့် လိင်တူများအကြောင်း ကြော်ငြာတစ်ခုပါသည်ကို အမှတ်ရသွားခြင်းဖြစ်သည်။
ချစ်ချင်ရင် ချစ်သာချစ်လိုက်ပါ…
သူမ မျက်လုံးလေးများ ရုတ်တရက် ပြူးကျယ်သွားသည်။
လုဟယ်နျန်က ကောင်လေးတွေကို ကြိုက်နေတာတော့ မဟုတ်ဘူးမလား…
ယွင်ရုန်မှာ သူ့အတွေးနှင့်သူ ချောက်ချားသွားသည်။ သူမ ထိုအကြောင်းအားတွေးလေ ပိုပြီးဖြစ်နိုင်ချေရှိလေ ဖြစ်လာသည်။
မဟုတ်ရင် ရုံးမှာ ဘာလို့ အမျိုးသားတွေပဲ ရှိနေတာလဲ….
လုဟယ်နျန်မှာ ထိုအဖြစ်က သူ၏ မကောင်းသော ရောင်ဝါလက္ခဏာကြောင့်ဟု ပြောခဲ့သော်လည်း ယခုမူ သူမက အဆောင်လက်ဖွဲ့တစ်ခုပေးထားပြီးဖြစ်ရာ ထိုနိမိတ်ဆိုးလက္ခဏာများမှာ ထိုသို့ ထွက်လာစရာအကြောင်းမရှိပေ။ နောက်ဆုံးအကြိမ်တုန်းက အသစ်ဝင်လာသော ဝန်ထမ်းများ၏ နာမည်များကို ကြည့်သောအခါတွင်လည်း အားလုံးမှာ အမျိုးသားများဖြစ်နေပြီး အသက်နှစ်ဆယ်ကျော်ပတ်ချာလည်များသာ ဖြစ်လေသည်။
နှစ်ဆယ်ကျော်ဆိုတာ လူတစ်ယောက်လက်ထပ်ဖို့ အကောင်းဆုံးအသက်အရွယ်လေ… အို…
ထိုထက်ပိုသည်မှာ သူမကြည့်သည့် တီဗီဇာတ်လမ်းများတွင် ဥက္ကဌများက အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များနှင့် စုကာ အရက်သောက်ပါတီကျင်းပလေ့ရှိကြသည်။ သို့သော်လည်း လုဟယ်နျန်မှာ အမျိုးသမီးလုပ်ဖော်ကိုင်ဖက် တစ်ဦးမျှပင် မရှိချေ။ သူ၏ ဘေးတွင် ငယ်ငယ်ချောချော ကောင်မလေးမဆိုထားနှင့် အိမ်ရှိ အကူအမျိုးသမီးကြီးပင်လျှင် အသက် ၅၀ ရှိပြီဖြစ်သည်။
အဲဒါအသက်အရွယ်နဲ့တော့ မဖြစ်ဘူးလေ…
ယွင်ရုန် ထိုအကြောင်းအား ပိုတွေးလေ ပိုစိတ်ရှုပ်လေဖြစ်လာလေသည်။ သူမမျက်နှာပေါ်မှ အမူအရာမှာလဲ ဆက်တိုက်ပြောင်းလဲနေ၏။
မူလက လုဟယ်နျန်မှာ ကားမောင်းခြင်းကိုသာ အာရုံစိုက်နေသောလည်း ကောင်မလေးထံမှ အတန်ကြာသည်အထိ မည်သည့်စကားမှ မကြားရသောအခါ သူစကားပြောများ ကြမ်းသွားသလားဟု တွေးမိပြီး လှည့်ကြည့်လိုက်လေသည်။ ယွင်ရုန်မှာလည်း စကားပြောရန် ဟန်ပြင်နေပြီးမှ ပြန်၍တွန့်ဆုတ်သွားသည်ကို တွေ့ရသဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ…”
ယွင်ရုန် ထိုကြော်ငြာအား စကြည့်စဉ်က လူသားအများစုသည် ထိုကိစ္စအား လက်ခံရန် ခက်ခဲနေသေးကြောင့် သိခဲ့ရသည်။
ဒုတိယအစ်ကိုက တစ်ခါမှထုတ်မပြောတော့ သူ့ရင်ထဲ တော်တော်မျိုသိပ်ထားရမှာပဲနော်…
သူမက လက်ကို ဆန့်၍ လုဟယ်နျန်၏ လက်မောင်းအား ပုတ်ပေးပြီး နှစ်သိမ့်သည့်အနေဖြင့် ပြောလိုက်သည်။
“ဒုတိယအစ်ကို… ရပါတယ်… အစ်ကို ဘယ်လိုလူကိုပဲ ကြိုက်ကြိုက် ကျွန်မ အားပေးနေမှာပါ…”
လုဟယ်နျန်: ???
“ငါက ဘာကြိုက်တာ….”
လုဟယ်နျန်မှာ အနည်းငယ် အံ့ဩသွားသည်။ ယွင်ရုန် တစ်ခုခုအား အထင်လွဲနေပြီဟု သူခံစားလိုက်မိသည်။
ယွင်ရုန်မှာ ထိုအမူအရာအား မြင်သောအခါ သူမ မှန်းဆချက်မှန်သွားသည့်အပေါ် လုဟယ်နျန်ကြောက်သွားခြင်းဖြစ်သည်ဟု အထင်မှားပြန်လေသည်။ ထို့ကြောင့် သူမက ချက်ချင်းပြန်ပြောလိုက်သည်။
“ဒုတိယအစ်ကို စိတ်အေးအေးထားပါ… ကျွန်မ လျှောက်မပြောပါဘူး… ဒါပေမဲ့လည်း ဒီလိုသာဆိုရင် အစ်ကို့ဇာတာက သားနဲ့ သမီးရဖို့က သိပ်မဖြစ်နိုင်တော့ဘူး… ဒါမှမဟုတ် ကလေးမွေးစားဖို့များ စီစဉ်ထားတာလားဟင်…”
သူဘာတွေပြောနေတာလဲ… ဒီကလေးမကတော့ တစ်ခုခုကို တော်တော်အထင်လွဲနေပြီ…
လုဟယ်နျန်မှာ အားစိုက်ထုတ်၍ သူ့အသကို နှိမ့်ကာ ပြောလိုက်သည်။
“ကိုယ့်ကို သေချာရှင်းရှင်းပြောစမ်းပါ… ဘာကို လျှောက်မပြောဘူးလို့ ပြောတာလဲ…”
ယွင်ရုန်မှာ ခေတ္တကြောင်သွားကာ လုဟယ်နျန်တစ်ယောက် ယုံကြည်ချက်မရှိသောကြောင့် စိတ်တည်ငြိမ်ချင်ယောင်ဆောင်နေသည်ဟု ထင်လိုက်လေသည်။
“ဒုတိယအစ်ကို… ကောင်လေးတွေကို ကြိုက်တာ အပြစ်မဟုတ်ပါဘူး… ဟိုကြော်ငြာထဲမှာ ပြောထားတာ လူတစ်ယောက်ကို ချစ်တာက ကျား မ ခွဲနေစရာမလိုဘူးတဲ့… အစ်ကိုက ဝမ်ကျင်း မဟုတ်လည်း လီမင်းဟိုင် ကို ကြိုက်တာလား…ကျန်းချောင်မင်တော့ မဟုတ်လောက်ဘူး… သူက သူ့ကောင်မလေးနဲ့ လက်ထပ်ဖို့အတွက် စေ့စပ်ထားပြီးသားဆိုတော့… အစ်ကိုသာ ကြားဝင်လိုက်ရင် သူတို့ ဖူးစာကို ဖျက်သလိုဖြစ်သွားလိမ့်မယ်…”
အမှန်တွင် ဝမ်ကျင်းနှင့် လီမင်းဟိုင် တို့မှာ အရည်အချင်းရှိသော လူငယ်များ ဖြစ်ကြပြီး စိတ်ရှည်ကြသူများဖြစ်သည်။ သို့သော် နှစ်ဦးယှဉ်လျှင် ယွင်ရုန်က ဝမ်ကျင်းအား ပိုကြည့်ကောင်းသည်ဟုထင်ပြီး ဇာတာလည်း ပို၍ကောင်းသည်ဟု တွေးမိလေသည်။ ထို့အပြင် ဝမ်ကျင်း၏ ကိုယ်ရောင်ကိုယ်ဝါမှာ သန့်စင်ပြီး အနေအထိုင်လည်း အဆင့်တန်းမြင့်လေသည်။
ယွင်ရုန်မှာ စကားတစ်ဝက်ပြောပြီးသည့်အခါ လုဟယ်နျန်အား မော့ကြည့်မိပြီးနောက် သူ၏ အသားအရေအား သတိထားမိသွားသည်။ အဝါရောင်မှိန်ဖျဖျ မီးရောင်အောက်တွင် သူ၏ အသားအရေမှာ ရေခဲတစ်ထပ်ဖုံးထားသကဲ့သို့ ဖြစ်ကာ ခေါင်းအစခြေအဆုံး လေအေးများ ထွက်နေသကဲ့ ခံစားရလေသည်။
ယွင်ရုန်မှာ နှလုံးပေါက်ထွက်မတက် ခံစားလိုက်ရကာ ချက်ချင်းပင် ပါးစပ်ပိတ်သွားပြီး နောက်ထပ် မပြောရဲတော့ချေ။
ကောင်မလေး၏ ပါးစပ်မှ ထွက်လာသော စကားများအား နားထောင်နေလျက်က လုဟယ်နျန်မှာ ရယ်လည်းရယ်ချင် စိတ်လည်း တိုနေ၏။ သည်းမခံနိုင်တော့သည့်အဆုံးတွင် ကားကို လမ်းဘေးထိုးရပ်ကာ ကားစတီယာရင်အား မှီ၍ ကိုယ်ကို ယွင်ရုန်ဘက်သို့ ကိုင်းကာ အေးစက်စွာရယ်၍ ပြောလိုက်သည်။
“ငါက ကောင်လေးတွေကို ကြိုက်တယ်…”
လုဟယ်နျန်၏ မျက်နှာမှာ ရုတ်ချည်းသူမရှေ့တွင် နီးကပ်လာသောကြောင့် ယွင်ရုန်မှာ နောက်ဆုတ်ပြေးရန် ဟန်ပြင်လေသည်။ သို့သော် ကားအတွင်းတွင် နေရာမှာ ကျဉ်းလွန်းလှသောကြောင့် သူမအနောက်တွင် ကားထိုင်ခုံသာ ကျန်လေသည်။ လုဟယ်နျန်က ယွင်ရုန်မှာ ပုခုံးမှဆွဲ၍ သူနှင့် မျက်နှာချင်းဆိုင်စေရန် ဆွဲလှည့်လိုက်လေသည်။ သူမ ထွက်ပြေးချင်သော်လည်း မတတ်နိုင်ချေ။
“ဒုတိယအစ်ကို ကျွန်မ အစ်ကို့လျှို့ဝှက်ချက်ကို သိသွားလို့ နှုတ်ပိတ်တဲ့အနေနဲ့ သတ်မလို့လားဟင်… အဲဒီလိုလုပ်ရင် နောက်ဘဝကျ လူသားအဖြစ် ပြန်မွေးဖွားနိုင်မှာ မဟုတ်ဘူးနော်…”
စကားမပြောဘဲ စိုက်ကြည့်နေသည့် လုဟယ်နျန်ထံမှ ကျောချမ်းစရာ ကိုယ်ရောင်ကိုယ်ဝါများ ထွက်နေ၏။ ယွင်ရုန်မှာ သူ့နှလုံးသားက ကြောက်လွန်း၍ အခုန်မြန်နေသောကြောင့် ပြောမိပြောရာ ပြောလိုက်ခြင်းပင်။
လုဟယ်နျန် သူမအား တစ်ခုခုလုပ်လိမ့်မည်ဟု ခံစားရ၍ ကြောက်ခြင်းမဟုတ်ပေ။ လူသားများမှာ သူမအား ထိခိုက်အောင် မလုပ်နိုင်ချေ။
အခုထိ ပေါက်ကရပြောနေတုန်းလား…
လုဟယ်နျန်မှာ ဒေါသအလွန်ထွက်နေသဖြင့် ရယ်လိုက်လေသည်။ သူ၏ မျက်လုံးများက ကောင်မလေး၏ နှင်းဆီနှုတ်ခမ်းများ၏ ထောင့်ကို မြင်သွားသောအခါ မျက်အိမ်မှာ ပို၍ကျယ်လာသည်။ သူက အသံကို နှိမ့်၍ ပြောလိုက်သည်။
“အဲဒါ ကိုယ့်ရဲ့ လျှို့ဝှက်ချက်မဟုတ်ဘူးလေ…”
“ဒါဆို လျှို့ဝှက်ချက်က ဘာလဲဟင်…”
ယွင်ရုန်က အလိုအလျောက်မေးလိုက်မိသည်။
ကိုယ့် လျှို့ဝှက်ချက်က မင်းလေ…
လုဟယ်နျန်က ပေါ့ပါးစွာတစ်ချက်ရယ်လိုက်ပြီး ပုံမှန် သူ၏ နူးညံ့စိတ်ရှည်သော ပုံစံနှင့် မတူဘဲ အနည်းငယ် စိတ်တိုဟန်ပေါက်နေ၏။ သူက လက်ကို ဆန့်ကာ နှာရိုးပေါ်ရှိ မျက်မှန်အား ချွတ်လိုက်ပြီး ပုံးကွယ်နေသော မျက်ဝန်းအိမ်မှာ မျက်ဆံမှာ ပို၍ နက်နက််လာသည်ကို မြင်လိုက်ရလေသည်။
ယွင်ရုန်မှာ ပို၍ မသက်မသာခံစားလာရပြီး အရှုံးပေးသည့်အနေနှင့် ပြောလိုက်သည်။
“ကျွန်မထပ်မပြောတော့ပါဘူး ဟုတ်ပြီလား… ကျွန်မ အမှားပါ… ဒုတိယအစ်ကို နောက်ခါတော့ ကျွန်မ ပေါက်ကရတွေ မပြောတော့ဘူး… ပြီးတော့ ဘာမှမသိသလိုပဲ နေလိုက်ပါမယ်နော်…မကျေနပ်သေးရင်လည်း ကျွန်မကို ရိုက်ချင်ရိုက်လို့ရပါတယ်… ကျွန်မဗွေမယူပါဘူး….”
ယွင်ရုန် စကားမဆုံးမီပင် လုဟယ်နျန်က ရုတ်တရက် ခေါင်းကို ငုံ့၍ သူမ နဖူးအား နူးညံ့စွာနမ်းလိုက်လေသည်။ သူမ ပြောလိုသည့်စကားများမှာ လည်ချောင်းတွင် ရပ်တန့်သွားကာ စကားထပ်မပြောနိုင်တော့ချေ။
ဤသည်မှာ သာမန်အနမ်းလေးမျှသာ ဖြစ်သည်။ လုဟယ်နျန်မှာ သူမနဖူးအား နှုတ်ခမ်းနှင့် ထိရုံမျှသာ ထိလိုက်ခြင်းပင်။ သူက ခေါင်းကို အမြန်ပြန်ထောင်ကာ ကောင်မလေးအား လွှတ်ပေးလိုက်သည်။ မျက်လုံးများအတွင်းတွင်မူ စိတ်ခံစားချက်မျိုးစုံအား မြင်နေရလေသည်။ သူက အသံကို နှိမ့်၍ ဩသံနှင့် ပြောလိုက်သည်။
“ဟုတ်ပြီ ကိုယ်မင်းကို ရိုက်လိုက်ပြီ…”
သူ၏ အသံကို ကြားရသောအခါ ယွင်ရုန်ကလည်း သူမခေါင်းကို မော့၍ ကြည့်လိုက်သည်။ သူ၏ ကြည်လင်နက်ရှိုင်းသော မျက်လုံးများမှာ သူမအား အချိန်မရွေး ဖျက်ဆီးဝါးမျိုနိုင်သော သားရဲတိရိစ္ဆာန်တစ်ကောင် ပုန်းနေသည့်ဟန်နှင့် သူမ၏ မျက်လုံးများနှင့် အကြည့်ချင်းစုံသွားလေသည်။
ထိုခဏအတွင်း ယွင်ရုန်၏ မျက်နှာမှာ နီသွားကာ သူမ၏ နှလုံးခုန်နှုန်းမှာလည်း ပို၍ အရှိန်မြင့်လာသည်။ ယွင်ရုန်မှာ သူမ၏ နှလုံးအား ခံစားမိကာ အံ့အားသင့်နေမိသည်။
ဘယ်တုန်းက ငါဒီလောက် သတ္တိနည်းသွားတာလဲ… ဒီလိုမျိုး ကြောက်နေရလောက်အောင်လို့….
လုဟယ်နျန်က ထိုင်ခုံတွေ သေချာစွာပြန်၍ထိုင်ပြီး ကားအား စက်ပြန်နှိုးလိုက်သည်။ သို့သော် သူ၏ မျက်လုံးများမှာ နေရာတွင် ငြိမ်သက်စွာထိုင်၍ ကြောင်အမ်းစွာ ငေးကြည့်နေသော ကောင်မလေးအား သတိထားမိနေလေသည်။
တကယ်ပဲ ဘာတွေစဉ်းစားနေတာပါလိမ့်….
သူ၏ လုပ်ရက်မှာ ကောင်မလေးအား လန့်သွားစေသလားဟု စတွေးမိစဉ်မှာပင် ယွင်ရုန်က ထ၍ ရေရွတ်လေသည်။
“ဒုတိယအစ်ကို… လူကို ရိုက်တာ ဘာလို့နှုတ်ခမ်းသုံးရတာလဲ….”
လုဟယ်နျန်မှာ အံ့ဩသွားပြီး သူ၏ နှလုံးသားမှာ ရေအေးနှင့် အလောင်းခံရသကဲ့သို့ ဖြစ်ကာ ချက်ချင်းပင် စိတ်ငြိမ်သွားသည်။ သူက ကြိုးစား၍ ပြုံးကာ ပြောလိုက်သည်။
“ဘာလို့ဆို လက်နဲ့ မရိုက်ရက်လို့ပေါ့…”
ဘာလို့ ကိုယ်မင်းကို နမ်းချင်လို့ပေါ့ ကလေးမရယ်…
ယွင်ရုန်မှာ လုဟယ်နျန်ထံတွင် ပြောစရာကျန်သေးသည်ဟု ခံစားမိသော်လည်း ထပ်၍မမေးတော့ချေ။ ယခုအပြုအမူအတွက် ထူးဆန်းသော အရာတစ်ခုရှိသည်ဟု သူမလည်း ခံစားနေရလေသည်။
ထိုအချိန်အတွင်း မည်သူမှ ကားပေါ်တွင် စကားမပြောကြတော့ဘဲ ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ သို့သော် ကံကောင်းစွာပင် သူတို့ ဘူဖေးစားရန် ကြိုတင်ပြောထားသည့် စားသောက်ဆိုင်သို့ အမြန်ရောက်လာလေသည်။
ဤကိုယ်တိုင်ယူစားစနစ်ဆိုင်မှာ အထပ် ၂ ထပ်ပါရှိလေသ်။ အပေါ်ထပ်ရှိ အစားအသောက်များမှာ စျေးအကြီးဆုံးဖြစ်ပြီး ထိုအစားအသောက်များအားလည်း လေယာဉ်နှင့် ပို့ပေးသည့် ပစ္စည်းများဖြစ်ကြလေသည်။ အောက်ထပ်တွင် ပို၍စျေးသက်သာသည်။ စားနေစဉ် ကောင်မလေး နေမကောင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် အပြင်ထွက်စဉ်က လုဟယ်နျန်မှာ ကြိုတင်ဖုန်းဆက်၍ အပေါ်ထပ်တစ်ထပ်လုံးအား ငှါးထားပြီးဖြစ်လေသည်။ ဆိုင်ပိုင်ရှင်မှာ ထိုကိစ္စအား အလွန်ကြီးကျယ်သည်ဟု ယူဆကာ မည်ကဲ့သို့ သူဌေးမျိုးက သူ့ဆိုင်တွင် ပါတီလုပ််ချင်ရသလဲဟု တွေးနေလေသည်။
ထို့ကြောင့် သူက တံခါးတွင် ကိုယ်တိုင်ဧည့်ကြို၍ စောင့်နေလေသည်။ သို့သော် ပေါ်လာသည်မှာ လူနှစ်ဦးတည်းသာဖြစ်နေ၏။ သူက အနည်းငယ်အံ့ဩသွားပြီး မေးလိုက်သည်။
“တစ်ဆိတ်လောက်ပါ… နှစ်ယောက်တည်းပဲလား…”
လုဟယ်နျန်က ခေါင်းညိတ်ပြကာ ကောင်မလေးအား ဓာတ်လှေကားအတွင်းသို့ ခေါ်သွားလေသည်။ နောက်မှလိုက်လာသော ဆိုင်ရှင်မှာ မူလက အံ့ဩနေသော်လည်း မျက်နှာအမူအရာပြောင်းသွားလေသည်။
နှစ်ယောက်တည်းလာတော့ ကောင်းတာပေါ့…
မူလက သူက လူ ၅၀ စာတွက်ချက်၍ ကုန်ကျစရိတ်တောင်းထားခြင်းဖြစ်ရာ ယခုမူ လူအားလျော့ချနိုင်ရုံသာမက ဟင်းပွဲများအားလည်း လျော့ချနိုင်ဦးမည်ဖြစ်သည်။
လူနှစ်ယောက်က ဘယ်လောက်စားနိုင်မှာမို့လို့လဲ… အချိန်တန်ရင် နောက်လူတွေပါ စားလို့ရတာပေါ့…
သို့သော် လုဟယ်နျန်နှင့် ယွင်ရုန်တို့ ပြန်သွားသောအခါ ဆိုင်ရှင်မှာ အပေါ်ထပ်သို့ တက်ကြည့်ပြီးနောက် ရယ်ပင်မရယ်နိုင်တော့ချေ။ ဆိုင်ရှိ အစားအသောက် အကုန်မဟုတ်သေးသော်လည်း သုံးပုံ ပုံ နှစ်ပုံစာ ကုန်သွားလေသည်။
ဒါက လူ ၅၀ စာပဲ မဟုတ်ဘူးလားဟေ…
⛰️