⛰️Chapter 89
ဖျားနာမှု
“မင်းတို့ သေချာရော ကြည့်နေကြရဲ့လား… သူတို့ဘာမှ ယူမသွားတာ သေချာလား….”
ဆိုင်ရှင်က ထိုနေရာကို နောက်ဆုံးသန့်ရှင်းရေးလုပ်သွားသည့် စားပွဲထိုးအား မယုံနိုင်စွာဖြင့် မေးလိုက်လေသည်။
စားပွဲထိုးမှာလည်း အံ့ဩနေပြီး ထပ်ခါ ထပ်ခါ ပြန်တွေးနေရလေသည်။ အဆုံးတွင်မူ သူနောက်ဆုံးပြောခဲ့သည့် စကားကိုသာ ထပ်ပြောရလေသည်။
“တကယ် ဘာမှ ယူမသွားပါဘူး… သူတို့အိတ်ထဲထည့်သွားရအောင်ကလည်း နှစ်ယောက်လုံးမှာ ဘာအိတ်မှ ပါမလာဘူးလေ…”
ဤအရာမှာ အကယ်ပင် ထူးဆန်းနေသည်။ ဆိုင်ရှင်မှာလည်း ပြောင်လုမတတ်ဖြစ်နေသော အစားအသောက်ဗန်းမျာအား ကြည့်ကာ ရွေးချယ်စရာမရှိသည့်အဆုံးတွင် ဤမျှလောက် စားနိုင်သော သူများရှိပေသည်ဟုသာ လက်ခံလိုက်ရလေသည်။ ၎င်းတို့၏ အဝတ်အစားများအရတော့ သာမန်မြို့ခံများသာ ဖြစ်ဟန်မတူပေ။ သာမန်လူတန်းစားမှာလည်း ကိုတိုင်ယူစားသောက်ဆိုင်တစ်ခုလုံးအား ဘိုကင်တင်၍ ငှါးနိုင်မည်မဟုတ်ချေ။ ဤဆိုင်မှ စျေးမှာလည်း သေးလှသည်မဟုတ်ပေ။ စားပွဲတစ်ပွဲလျှင် ယွမ် ၁၀၀၀ တန်ရှိပြီး စားပွဲအပြည့်အား ၂ နာရီကျော် တည်ခင်းခြင်းမှာ ယွမ်ငွေ ၅၀၀၀၀ ခန့် ရနိုင်လေသည်။
ဟိုင်းရှီ လူချမ်းသာတွေက အဲဒီလောက်ထိ စားနိုင်ကြတယ်လား….
ယွင်ရုန်မှာလည်း ထိုမျှလောက်ထိမမျှော်လင့်ထားချေ။ ထိုစဉ်က လုဟယ်နျန်အားမြင်လိုက်တိုင်း သူမမှာ စိတ်ထဲကြောက်ရွံ့နေ၏။ သူမကြောက်သောအခါ မည်သည့်စကားမှ မပြောရဲပေ။ စကားမပြောရဲသောအခါ သူမ စားသာစားနိုင်လေသည်။ ထို့ကြောင့် မရည်ရွယ်ပါဘဲလျက် သူမ အများကြီး စားမိသွားလေ၏။
****
လုစုန့်နျန်၏ နေအိမ်
လုဟယ်နျန်နှင့် ယွင်ရုန်တို့ ထွက်သွားသောအခါ လုစုန့်နျန်မှာ သမီးဖြစ်သူ၏ အိပ်ရာဘေးတွင် ကြာမြင့်စွာ ထိုင်နေမိ၏။ လုယွင်ချင်း၏ အသားရေမှာ နေ့ခင်းအချိန်ထက်ပို၍ ကောင်းလာပြီ ဖြစ်သော်လည်း မျက်နှာတွင် အရောင်အဆင်းကင်းမဲ့ကာ ဖြူဖက်ဖြူလျော်ဖြစ်နေသေး၏။ မည်သူကမှ ဤကလေးအား လောကအတွင်း မွေးလာရန် မမျှော်လင့်ခဲ့သော်လည်း အဖေတစ်ဦးအနေနဖြင့် လုစုန့်နျန်မှာ ရင်ထဲတွင် နာကျင်နေသေး၏။
လုယွင်ချင်းမှာ အမေဖြစ်သူ ရူပိနှင့် အတော်ဆင်တူသည်။ သမီးဖြစ်သူအား ကြည့်နေလျက် ရူပိနှင့် လက်ထပ်ခဲ့သည့် ဆယ်နှစ်ကျော်ကာလမှာ သူ့စိတ်အတွင်း ပြန်၍ပေါ်လာသည်။ လုစုန့်နျန်မှာ အစတွင် အဆင်ပြေပြေနေရန် ပြင်ဆင်ခဲ့ပါသော်လည်း အဆုံးတွင်မူ သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ခါးသီးစွာငြင်းဆန်ရန်ဖြစ်လျက်သာ အဆုံးသတ်ရလေသည်။
လုစုန့်နျန်မှာ အကြိမ်များစွာ နောင်တရခဲ့ကာ ထိုစဉ်ကပို၍ ရပ်တည်ချက်ခိုင်မာခဲ့ရမည်ဟု တွေးမိသည့် အကြိမ်ပေါင်း မနည်းတော့ချေ။ သူသာ ရူပိအား အစတည်းက လက်မထပ်ရန် ငြင်းဆိုနိုင်ခဲ့ပါက ဘဝ၏ ဆယ်စုနှစ်တစ်ခုစာကာလမှာ ဤမျှလောက် ရှုပ်ထွေးနေမည် မဟုတ်ချေ။
ရူပိအား သူအချိန်ပေးခဲ့၏။ ဆယ်နှစ်တာရှိပြီဖြစ်သော်လည်း ရူပိမှာ အနည်းငယ်မျှပင် မပြောင်းလဲသည့်အပြင် ပို၍ပင် အကြင်နာတရားမဲ့ကာ ပို၍ပင် ဆိုးရွားလာသည်။ သူမမှာ မူလကတည်းက လုမိသားစု၏ ကြွယ်ဝမှုနှင့် ဂုဏ်ကိုသာ မက်ခဲ့ဟန်တူလေသည်။
အခုတော့ အရာအားလုံး ပုံမှန်ဖြစ်ချိန်တန်ပြီ…
ဒူးပေါ်တင်ထားသော လုစုန့်နျန်၏ လက်များမှာ တင်းနေရာမှ ပြေလျော့သွားသည်။ အဆုံးတွင် သူက အခန်းထဲမှ ထွက်၍ သူ၏ အတွင်းရေးမှူးအား ခေါ်လိုက်သည်။ ဖုန်းမှာ ခဏအတွင်း ဝင်သွားပြီး သူက အံကိုကြိတ်၍ အေးဆေးစွာ ပြောလိုက်သည်။
“ငါ့ကို ရုံးခန်းထဲက မီးခံသေတ္တာထဲက ကွာရှင်းစာချုပ်ကို ယူပြီး ဆေးရုံက ရူပိဆီကို ပို့ပေးပါ… ကျန်တဲ့ ကိစ္စတွေကိုလည်း မင်းပဲ ဖြေရှင်းပေးပါ…”
ဖုန်းကိုချပြီးသည့်အခါ စိတ်ထဲတွင် ဆယ်နှစ်တာ လေးလံနေသည့် ကျောက်တုံးကြီးအား ဖယ်လိုက်သည့်နှယ် လုစုန့်နျန်မှာ အလွန်ပေါ့ပါးသွားကာ လူသစ်တစ်ယောက်ကဲ့သို့ ကြည်လင်လန်းဆန်းသွား၏။
အတွင်းရေးမှူးက ဆေးရုံရှိ ရူပိထံသို့ ကွာရှင်းစာချုပ်အား သွားပို့သောအခါ သူမမှာ သတိပြန်လည်လာခါစ ဖြစ်သည်။ ကိစ္စအကြီးကြီးအား ကြုံတွေ့ပြီးသည့်နောက်တွင် သူမမှာ စိတ်ထဲတွင် ဗလာဖြစ်နေဆဲဖြစ်သည်။ ကွာရှင်းစာချုပ်အား တွေ့သည့်အခါ သူမက ခေတ္တမျှ ကြောင်အစွာဖြင့် စိုက်ကြည့်ပြီးနောက် မေးလိုက်လေသည်။
“ဒါက ဘာလဲ….”
အတွင်းရေးမှူးမှာ စိတ်မရှည်ဟန််ဖြင့် ပြောပြီးသည့် စကားများအား အသံကျယ်ကျယ်နှင့် နောက်ထပ် ပြန်၍ပြောလိုက်လေသည်။
“ဒါက ကွာရှင်းစာချုပ်ပါ… ဥက္ကဌလုကတော့ လက်မှတ်ထိုးထားပြီးပါပြီ… အစ်မ လက်မှတ်ထိုးပြီးသွားရင် တစ်ခါတည်း ပြီးသွားပါလိမ့်မယ်…”
“လုစုန့်နျန်က ငါ့ကို ကွာရှင်းချင်တယ်တဲ့လား…”
ရူပိမှာ အသံချက်ချင်းကျယ်သွားကာ အတွင်းရေးမှူးအား မယုံနိုင်စွာဖြင့် ကြည့်လိုက်လေသည်။
အတွင်းရေးမှူးမှာ စာချုပ်အား ရူပိက လှမ်းမယူသောအခါ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ စာချုပ်အား စားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။
“ဟုတ်ပါတယ်… ဒီစာချုပ်အရ အစ်မက ယွမ် သိန်း ၃၀၀ တန် ဗီလာတစ်လုံးနဲ့ငွေသား သိန်း ၁၀၀ လက််ခံရမှာပါ…”
ပိုင်ဆိုင်မှုပင် ခွဲဝေပြီးဖြစ်လေသည်။ ဤတစ်ကြိမ်တွင်မူ လုစုန့်နျန်သူ့အား အကယ်ပင် ကွာရှင်းရန်လုပ်နေကြောင်း ရှူးပိသဘောပေါက်သွားသည်။ သူက စားပွဲပေါ်မှ စာချုပ်အား လွှင့်ပစ်ကာ ဒေါသသံဖြင့် ပြောလိုက်လေသည်။
“အိမ်လေးတစ်လုံးနဲ့ ငွေသားပဲတဲ့လား… လုစုန့်နျန်က သူတောင်းစားဆီကို ပေးနေတာလား… သူ့ကိုပြောလိုက် ငါလက်မှတ်မထိုးဘူးလို့… ငါက သေတဲ့အထိ လုမိသားစုရဲ့ အစ်မကြီးပဲ လုပ်မှာလို့…”
လုစုန့်နျန်၏ ဘေးတွင် နှစ်ပေါင်းများစွာနေပြီးသည့်နောက် အတွင်းရေးမှူးမှာ ရူပိ၏ ဒေါသကို သိပြီးဖြစ်သည့်အလျောက် စိုးစဉ်မျှပင် ကြောက်ရွံ့မှုမရှိပေ။ သူက ပြောင်းလဲမှုမရှိသည့် အမူအရာဖြင့် ကြမ်းပြင်ပေါ်မှ စာချုပ်အား ကောက်ယူကာ မတ်တပ်ရပ်လိုက်သည်။
“ဥက္ကဌလုက ပြောပြီးပါပြီ… အစ်မ ငြင်းလာမယ်ဆိုရင် သူက တရားရုံးကနေ ဆက်ပြီး ဆောင်ရွက်ပါမယ်တဲ့…”
“တရားရုံးတဲ့လား ငါ ရူပိက ကြောက်မယ်လို့များ ထင်နေလား… ငါ လက်ထပ်လာတာ နှစ်တွေကြာနေပြီ… လုမိသားစု စီးပွါးရေးကလည်း ပိုပြီးပဲ ကြီးလာတာ… ဒါက ငါတို့ လင်မယားကြားက ကိစ္စပဲ… အနည်းဆုံးတော့ ငါ တစ်ဝက်လိုချင်တယ်…”
အတွင်းရေးမှူး၏ သဘောထားမှာ လုစုန့်နျန်၏ သဘောထားပင်ဖြစ်သည်။ ရူပိမှာ အလွန်စိတ်ရှုပ်သွားသော်လည်း အသံကုန်ဟစ်ကာ အော်လိုက်လေသည်။
“နင်ကဘာလဲ… ငါ့ရှေ့လာပြီး မောက်မာနေတယ်… ငါဘယ်တော့မှ ကွာရှင်းမှာမဟုတ်သလို အမြဲတမ်း အစ်မ လု ပဲဖြစ်နေမှာ… နင့်ကိုတောင် ဒီနေရာကနေ ကန်ချလိုက်လို့ရတယ်…”
အတွင်းရေးမှူးမှာ အော်ခံရ၍ မျက်နှာမဲ့လိုက်ကာ အနည်းငယ် စိတ်မရှည်ဟန် ဖြစ်လာလေသည်။
“သိချင်တာရှိသေးရင် ဥက္ကဌလုနဲ့ ဆွေးနွေးလို့ရပါတယ်… အခုတော့ ကျွန်တော် စာချုပ်ကို ဒီမှာထားခဲ့ပါမယ်… သေချာစဉ်းစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…”
ပြောပြီးသည်နှင့် အတွင်းရေးမှူးမှာ လှည့်ထွက်သွားသည်။ ယနေ့အတွက် သူက ရူပိအား သတင်းပို့ရန် လာခြင်းသာဖြစ်သည်။ ရူပိ လက်မှတ်မထိုးပါက ရှေ့နေနှင့် ဆက်ပြောရမည်ဖြစ်သည်။
အတွင်းရေးမှူး၏ မျက်လုံးများထဲမှ အထင်သေးမှုမှာ ရူပိအား ထိုးနှက်သွားသည်။ သူမလက်တွင် ထိုးစိုက်ထားသော ဆေးသွင်းနေသည့် အပ်ကိုပင် အမှုမထားနိုင်တော့ဘဲ အိပ်ရာပေါ်မှ ဒေါသဖြင့် ပြေးဆင်းကာ စားပွဲပေါ်ရှိ ဖန်ခွက်အား ယူ၍ ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေသည်။
ဖန်ခွက်မှာ ကြမ်းပြင်ပေါ်သို့ ကျယ်လောင်စွာ ကျသွားပြီးနောက် အစိတ်အမြွှာမြွှာကွဲသွား၏။ ရူပိမှာ ဒေါသမပြေသေးသဖြင့် ကွာရှင်းစာချုပ်အား ကောက်ကိုင်၍ အပိုင်းပိုင်းဆုတ်ဖြဲလိုက်လေသည်။ ထိုအခါမှသာ သူမ အနည်းငယ် စိတ်သက်သာရာရသွား၏။
ပြီးခဲ့သည့် နေ့က သူမမှာ အကြောက်လွန်၍ မေ့လဲခဲ့ရပြီး ယခုမူ သူမ၏ စိတ်မှာ ထပ်၍ နောက်ကျိပြန်ပြီဖြစ်လေသည်။ ရူပိမှာ ကြမ်းပြင်ပေါ်ရှိ အပိုင်းအစများအား စိုက်ကြည့်နေလျက် ကုတင်ပေါ်တွင် မောပန်းစွာ ထိုင်လိုက်သည်။
“လုစုန့်နျန်… နင်က ငါနဲ့ ကွာရှင်းချင်တယ်ပေါ့လေ… နင်တော့ အိပ်မက်မက်နေတာပဲ…”
ပြောပြီးသောအခါ သူမ ထိုနေရာတွင်ပင် ခေတ္တမျှ တိတ်ဆိတ်စွာ ထိုင်နေမိသည်။ သူမ သတိပြန်ဝင်လာသောအခါ ချက်ချင်းပင် လက်ထဲမှ အပ်အား ဆွဲဖြုတ်၍ ဆေးရုံဝတ်စုံနှင့်ပင် ပြေးထွက်လာကာ တက္ကစီတစ်စီးတားစီးပြီး အိမ်ပြန်လာခဲ့လေသည်။
ရူပိ အိမ်သို့ရောက်သောအခါ လုစုန့်နျန်မှာလည်း အိမ်တွင် ရှိနေ၏။ ရူပိအပေါ် မကျေနပ်ခဲ့ခြင်းကြောင့် သမီးဖြစ်သူ လုယွင်ချင်းအားလည်း သူ လျစ်လျူရှုထားခဲ့မိသည်။ ယခုတစ်ကြိမ် ဆိုးဆိုးရွားရွားဖြစ်မှသာ သူ လွန်ခဲ့သော အချိန်များအား ပြန်သုံးသပ်မိလေသည်။ ထို့ကြောင့်ပင် စီးပွါးရေးကိစ္စများအား ဘေးချထားကာ အိမ်တွင် သမီးဖြစ်သူနှင့်သာ အဖော်ပြုနေလေသည်။
ရူပိမှာ လုစုန့်နျန်အား မြင်သည်နှင့် ဒေါသများ အလိပ်လိုက်ထွက်လာသည်။ သူမက လုစုန့်နျန်ရှေ့သို့ သွားကာ ကော်လာစအား ဆွဲလျက် ပြောလိုက်သည်။
“လုစုန့်နျန်… ရှင်က ယောက်ျားရော ဟုတ်ရဲ့လား… ကျွန်မကို ကလေးမတစ်ယောက်က ပြောချင်ရာပြောသွားတာတောင် ရှင်က ဘာမှဝင်မပြောဘူးပေါ့လေ… အခုတော့ ကျွန်မကို ကွာရှင်းဦးမှာပေါ့….”
လုစုန့်နျန်က မျက်နှာမဲ့သွားသည်။ သူက ရှူးပိအား ကော်လာစ ဆွဲထားသည်ကို မဖြုတ်ဘဲ ပြောလိုက်သည်။
“အတွင်းရေးမှူးက မင်းကို စာချုပ်ပေးပြီးပြီဆိုတော့ မင်းမကျေနပ်တာတွေအကုန် အတွင်းရေးမှူးနဲ့ပဲ ပြောလိုက်ပါ… ငါလက်ခံနိုင်ရင် သဘောတူပေးမယ်…”
လုစုန့်နျန်တစ်ယောက် ဤကိစ္စအား စီးပွါးရေးဆန်ဆန်ကိုင်တွယ်နေခြင်းကို မြင်သောအခါ ရှူးပိ၏ ဒေါသမှာ ပို၍ကြီးလာသည်။ သူမက အေးစက်စွာ ပြောလိုက်သည်။
“ဘာကို မကျေနပ်တာလဲ… ရှင်က ကျွန်မကို ဘာလို့ ကွာရှင်းချင်ရတာလဲ… ရှင်ပဲ အစက ကျွန်မကို ဗိုက်ကြီးအောင်လုပ်တာလေ… အခုသမီးတောင် ဒီလောက်ကြီးနေပြီ ရှင်က စိတ်ကျေနပ်အောင်လို့ ကျွန်မကို ကန်ထုတ်ချင်တယ်ပေါ့လေ… ကျွန်မပြောလိုက်မယ်… လုံးဝပဲ ….”
ရူပိသာ ထိုကိစ္စအား ဆွဲမထုတ်ပါက လုစုန့်နျန်ငြိမ်နေမည်ဖြစ်သော်လည်း ယခုမူ ကြားကြားချင်း မျက်နှာပျက်သွား၏။
“မင်းအဲဒီတုန်းက ဘယ်လို ကိုယ်ဝန်ရသွားတယ်ဆိုတာ မင်းအသိဆုံးပဲလေ… ရူမိသားစုရဲ့ သမီးကြီးက ယောက်ျားတစ်ယောက်ကို ဆေးခတ်ပြီး သူ့ကိုယ်သူ အရှက်မရှိ ပေးလိုက်တယ်ဆိုတာသာ အပြင်မှာ ပျံ့သွားရင် မင်းဘယ်လိုနေမလဲ…”
လုစုန့်နျန်မှာ ထိုစကားများအား သူ့ရင်ထဲတွင် နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သည်။ ယနေ့တွင်မူ သူ၏ အတွေးကိုသာ ထုတ်ပြောနိုင်ပြီး သူ့နှလုံးသားမှာ တစ်စီကြေမွသွားသကဲ့သို့ ခံစားလိုက်ရသည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်တွင် သူ့အသက်မှာ ၂၀ ကျော်သာရှိသေးပြီး အိမ်ထောင်ရေးအပေါ်လည်း မျှော်လင့်ထားသည့် လူငယ်တစ်ဦးဖြစ်လေသည်။ သို့သော်လည်း သူ့ရှေ့တွင် ရပ်နေသော အမျိုးသမီးမှ ဆေးသုံး၍ အရာအားလုံးအား ပြောင်းပြန်လှန်လိုက်လေသည်။ သူ သူမကို ထိခဲ့ကတည်းက တာဝန်ယူပေးရန် ဆုံးဖြတ်ပြီးသားဖြစ်သည်။ သို့သော်လည်း နှစ်ဦးစလုံးမှာ တစ်အိပ်ရာတည်းတွင် အိပ်ပြီး မတူညီသော အိပ်မက်များကိုသာ မက်နေခဲ့ကြသည်။ ထိုကာလများအတွင်း သူ့အတွက် ပျော်စရာ တရက်မှ မရှိခဲ့ပေ။
လုစုန့်နျန်၏ မနှစ်မြို့သော အကြည့်မှာ ရူပိ၏ နှလုံးသားအတွင်းသို့ အပ်တစ်ချောင်းကဲ့သို့ စိုက်ဝင်သွားလေသည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် သူမ မည်မျှပင် စိတ်တိုကာ စိတ်ရှုပ်အောင်လုပ်သည်ဖြစ်စေ လုစုန့်နျန်မှာ အမြဲတစေ အေးစက်နေခဲ့သည်။ သို့သော ဤတစ်ကြိမ်တွင်မူ ရူပိမှာ သူ့လုပ်ရပ်အား သူပြန်ဆင်ခြင်မိသွားသည်။ အစောပိုင်းတွင်မူ ထိုလူနှစ်ယောက်ကြားတွင် နံရံကြီးခြားထားသကဲ့သို့ဖြစ်နေသော်လည်း ယခုမူ ထိုနံရံမှာ ပြိုကျသွားကာ လုစုန့်နျန်၏ ရင်ထဲမှ အမှန်တရားမှာ ပေါ်ထွက်လာလေသည်။
ရူပိမှာ စတင်၍ စိတ်ရှုပ်ထွေးလာသည်။ လုစုန့်နျန်မှာ သူမအား ဤတစ်ကြိမ်တွင် ခွင့်မလွှတ်ဘူးဟူသော အသိဝင်လာခဲ့သည်။ အလိုအလျောက်ပင် လုစုန့်နျန်၏ ကော်လာကို ဆုပ်ကိုင်ထားသော သူမလက်များကို ဖြေလျော့လိုက်ပြီး နောက်သို့ခြေလှမ်း နှစ်လှမ်းဆုတ်သွားလေသည်။
“အဲဒီတုန်းက… အဲဒီတုန်းက အများကြီး မတွေးမိလို့ပါ… ရှင့်ကို ကျွန်မ အရမ်းကြိုက်ခဲ့တာ… စုန့်နျန်… ရှင့်ကို ကျွန်မ တက္ကသိုလ်မှာ စတွေ့ကတည်းက သဘောကျခဲ့ရတာ… ဒါပေမဲ့ ကျွန်မ ဘယ်လောက်ပဲ လှအောင် ပြင်ထားပြင်ထား ရှင်နဲ့ မတော်တဆတွေ့ရအောင် ဘယ်လိုပဲ ကြံကြံ… ရှင်က ကျွန်မကို မမြင်ခဲ့ဘူးလေ…”
ရူမိသားစု၏ အကြီးဆုံးသမီးအနေနှင့် ရူပိမှာ ရှိန်လောက်စရာ ရင်သပ်ရှုမောစရာ ရုပ်ရည်မျိုး မရှိသော်လည်း သူမမှာ လှသည့်အထဲပါသည်။ သို့သော် ရူမိသားစုမှာ ရုတ်တရက် ချမ်းသာသွားကာ ဖခင်မှာလည်း သမီးများကို တန်ဖိုးမထားတတ်ဘဲ သားများကိုသာ အရေးပေးဆက်ဆံသည့် လူမျိုးဖြစ်လေသည်။ ရူပိ၏ တန်ဖိုးမှာ မိသားစုများကြား ဆက်သွယ်ရန်အတွက် ပစ္စည်းတစ်ခုသာသာဖြစ်ခဲ့လေသည်။
ထိုစဉ်က သူမသာ လုစုန့်နျန်အား ဖမ်းဆွဲမထားခဲ့လျှင် လာမည့်လအတွင်း အသက် ၄၀ အရွယ် မုဆိုးဖိုသူဌေးတစ်ဦးနှင့် ယူရတော့မည် ဖြစ်သည်။ သူမမှာ အသက် ၂၄ သာရှိသေးပြီး ထိုလူကိုသာ ယူခဲ့ရပါက သူမတစ်ဘဝလုံး မတွေးရဲစရာပင်ဖြစ်လေသည်။
“မင်းက ငါ့ကို ကြိုက်တာနဲ့ပဲ အဲဒီလိုလုပ်လိုက်တာပေါ့လေ…”
လုစုန့်နျန်၏ မျက်နှာတွင် သနားသည့်အကြည့် စိုးစဉ်မျှရှိမနေပေ။ ထိုအစား သူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“မင်း သဘောကျတာက မင်းကိုယ်တိုင်ပါပဲ ရူပိ… ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုရော လှည့်စားမနေနဲ့…”
လုစုန့်နျန်၏ စကားလုံးများမှာ ရူပိမျက်နှာအား တည့်တည့်ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ရူပိမှာ အလွန်အံ့ဩသွားကာ တည်ငြိမ်စွာနှင့် ပြန်မေးလိုက်သည်။
“လုစုန့်နျန် ရှင်တကယ် ကွာရှင်းချင်တာလား… ကျွန်မ အဲဒီကိစ္စကို လျှောက်ဖွပစ်မှာ ရှင်မကြောက်ဘူးလား… ဟုတ်တယ် ကျွန်မ ရှင့်ခွက်ထဲကို ဆေးခတ်ခဲ့တာ…ဒီလို ကိစ္စမျိုးဆို မိန်းကလေးကပဲ နစ်နာတာလေ.. ဒါပေမဲ့ အကြီးဆုံးသား ဥက္ကဌလုက တာဝန်ယူမယ်ဆိုပြီး ကျွန်မကို လက်ထပ်လိမ့်မယ်လို့ ဘယ်သူက ယုံမှာလဲ… ရှင်တို့ လုမိသားစုက ဂုဏ်သိက္ခာတွေ ဂရုမစိုက်တော့ဘူးဆိုရင်လည်း လုပ်ပါ ကျွန်မကို ကွာရှင်းလိုက်…”
ရူပိ၏ စကားများကို နားထောင်လျက် လုစုန့်နျန်၏ တည်ငြိမ်သော မျက်နှာတွင် ဒေါသရိပ်များ တက်လာသည်။ သူက ရူပိမျက်နှာအား အချိန်အတန်ကြာအောင် စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။
“လုပ်လေ ပြောလိုက်… ရူမိသားစုအနေနဲ့ ဟိုင်းရှီမှာ စီးပွားရေးဆက်မလုပ်ချင်တော့ဘူးဆိုရင် အကုန်သွားပြောပြလိုက်… ရူပိ… ငါ့စိတ်ကို လာမစမ်းသပ်နဲ့… ရူမိသားစုရော ကျိုးမိသားစုရော ဒီနိုင်ငံက ပျောက်သွားအောင် ငါလုပ်နိုင်တယ်..”
လုစုန့်နျန်၏ အသံမှာ အလွန်အေးစက်နေကာ ရေခဲပွင့်များပင် ကျလာသကဲ့သို့ ရှိလေ၏။ ဤတစ်ကြိမ်တွင်မူ ရူပိမှာ လုစုန့်နျန်၏ ဆုံးဖြတ်ချက်ပြတ်သားမှုအား ထင်ရှားစွာ မြင်လိုက်ရသည်။ သူမမျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖတ်ဖြူလျော်ဖြစ်သွားသည်။ ရူမိသားစုရော ကျိုးမိသားစုပါ ပျက်စီးပါက သူမ ကွာရှင်းရန်ပင်မလိုချေ။ သူမ ဖခင်ကိုယ်တိုင်က သူမအား အဆုံးသတ်ပေးလိမ့်မည်။
အဆုံးတွင် ရူပိက မျက်ရည်များကို သုတ်ကာ အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်လေသည်။
“လုစုန့်နျန်… ရှင် တကယ်ရက်စက်တာပဲ…”
ဤစကားအားပြောပြီးသောအခါ ရူပိမှာ စိတ်ရှုပ်ခြင်းမရှိတော့ပေ။ အတွင်းရေးမှူးမှ နောက်တစ်ကြိမ် ကွာရှင်းစာချုပ်အား ပို့ပေးလာသောအခါ သူမက နှုတ်ခမ်းကို ကိုက်လျက် သူမနာမည်အား လက်မှတ်ရေးထိုးလိုက်လေသည်။ ထိုဖြစ်စဉ် အစအဆုံးတွင် လုယွင်ချင်း၏ အခန်းသို့ သူမ တစ်ချက်မျှပင် သွား၍မကြည့်ခဲ့ချေ။ သူမ ပြီးခဲ့သည့် နှစ်များအတွင်း ဝယ်ယူစုဆောင်းထားသော တန်ဖိုးကြီး လက်ဝတ်ရတနာများကိုသာ ထုတ်ပိုး၍ အိမ်က ထွက်သွားလေသည်။
နှစ်အတန်ပင်ကြာခဲ့ပြီဖြစ်ရာ သူမတွင်လည်း စုထားသော ငွေများရှိလေသည်။ ကွာရှင်းရာမှ ရလာသော နစ်နာကြေးအား ထည့်ပေါင်းပါက လုမိသားစု မရှိသော်လည်း သူမ ယခင်ကကဲ့သို့ပင် ကောင်းကောင်း နေနိုင်လေသည်။ အိမ်မှ ထွက်လာပြီးသောအခါ ရူပိမှာ ကားပေါ်တွင် ထိုင်၍ အံကိုကြိတ်ကာ မိဘအိမ်သို့ ပြန်လာခဲ့လေသည်။
ရူပိ အိမ်သို့ပြန်ရောက်သောအခါ ရူမိသားစုမှာ ညစာစားနေကြဆဲဖြစ်သည်။ အမေရူ မှာ အံ့ဩစွာနှင့် မေးလိုက်သည်။
“နင် ဘာလို့ ဒီအချိန်ကြီး ပြန်လာတာလဲ… စုန့်နျန်နဲ့ ရန်ဖြစ်လာပြန်တာလား…”
ထို့နောက် သူမက သမီးဖြစ်သူ၏ လက်ထဲမှ အဝတ်သေတ္တာကို သတိထားမိသွားကာ အပြစ်ဆိုလိုက်လေသည်။
⛰️