⛰️Chapter 90
“ဘာလို့ ထပ်ပြီး အဝတ်အိတ်ဆွဲပြီး ဆင်းလာရပြန်တာလဲ… ငါနင့်ကို ပြောပြီးပြီလေ… ယောက်ျားတွေရဲ့ စိတ်က အဲဒီလိုပဲလို့… နင်က သူ့နောက်ကနေ အသာလေးလိုက်ရုံပဲ ပြီးရင် အဆင်ပြေသွားမှာလို့… ဘာလို့များ ခုချိန်ထိ ရန်ဖြစ်တိုင်း မိဘအိမ်ကို ပြန်လာနေရတာလား…”
ရူပိမှာ အလိုအလျောက်ပင် ကွာရှင်းသည့် ကိစ္စအား ထုတ်မပြောမိပေ။ သူမက မစဉ်းစားတော့ဘဲ ပြောလိုက်သည်။
“သမီး ဒီမှာ နှစ်ရက်လောက် နေမလို့ ပြန်လာတာပါ…”
သူမ အသံပျောက်သွားသည်နှင့် အဖေရူ ၏ တူကို စားပွဲပေါ်သို့ ဆောင့်ချသံပေါ်လာသည်။ သူက မာန်မဲကာ အော်ပြောလိုက်သည်။
“ဒီမှာတောင် နေဦးမယ်… ခုချက်ချင်း လု အိမ်တော်ကို နင်ပြန်… ဘာကိစ္စပဲရှိခဲ့ရှိခဲ့ စုန့်နျန်ကို တောင်းပန်ချေ… ထစ်ကနဲရှိ အိမ်ကို ပြန်လာနေတယ်… နင့်ကိုယ်နင် ဘာထင်နေလဲ…”
ပြီးခဲ့သည့် ရက်ပိုင်းကပင် လု ကော်ပိုရေးရှင်းနှင့် ပရောဂျက်တစ်ခု စတင်လုပ်ဆောင်ခဲ့သည်။ ယခုမူ သမီး ဖြစ်သူက လင်မယားချင်းရန်ဖြစ်ကာ အိမ်ပေါ်က ဆင်းလာသည်။ လုစုန့်နျန်သာ ပရောဂျက်အား ခွင့်ပြုချက် မပေးလျှင် မည်သို့ လုပ်မည်နည်း။
အဖေရူ ပြောပြီးသောအခါ အိမ်ရှိလူများမှာ တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုကြပြီး သူမအားလည်း အကြံပေးရန် ကြိုးစားကြလေသည်။ ယောင်းမဖြစ်သူက အစားစားလျက်က ပလုတ်ပလောင်းပြောလိုက်သည်။
“ယောင်းမရေ… ကျွန်မတို့ မိန်းမတွေက ဆန္ဒတွေ အရမ်းများနေလို့ မရဘူးလေ… အိမ်မှာ ဒီလို လာနေလိုက်ရင် ခဲအိုကို အပြင်သွားလို့ရအောင် လုပ်ပေးသလိုမဖြစ်ဘူးလား… ဒီနေ့ခေတ်မှာ ကောင်မလေးလှလှလေးတွေ အပြင်မှာ အရမ်းပေါနေတာ… ယောင်းမသာ သေချာစောင့်မကြည့်နေရင် အဆင်ပြေမှာမဟုတ်ဘူး… အိမ်မှာ လုပ်စရာတွေ များပါတယ်… အိမ်ကို ပြန်လိုက်တာကောင်းမယ်…”
အစ်ကိုရူ ကလည်း အကြံဝင်ပေးသည်။
“အဲဒါပြောတာ… နင့် ယောင်းမ ပြောတာ မှန်တယ်… ငါတို့ ရူမိသားစုက လုမိသားစုအပေါ်မှာ မှီခိုနေရတာနော်… စုန့်နျန်ကို စိတ်ပဲကောက်မနေနဲ့… နင်သာ အစ်မ လု နေရာမှာ နေနေသရွေ့ လုစုန့်နျန် နင့်ကို မကြိုက်လည်း ကိစ္စမရှိဘူး… ဘယ်မိသားစုက အဲဒီလိုရှိလို့လဲ…”
သူမ ဘက်မှ စကားတစ်ခွန်းမှ မဆိုရသေးသော်လည်း အားလုံးက သူမအား ရူးချင်အောင် လုပ်နေကြသည်။ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါနှင့် စကားအားလုံးမှာ လုမိသားစုကိုသာ နေရာပေး အမွှန်းတင်သည့် စကားများ ဖြစ်ကြသည်။ ရူပိမှာ မူလကတည်းက ဒေါသထွက်လာပြီးဖြစ်ရာ သူမက လက်ထဲမှ အဝတ်သေတ္တာအား မြှောက်ပြ၍ ပြောလိုက်လေသည်။
“လုစုန့်နျန်နဲ့ သမီး ကွာရှင်းခဲ့ပြီ…”
“ဘာပြောလိုက်တယ်…”
ချက်ချင်းပင် အခန်းထဲရှိ လူအားလုံး တိတ်သွားကြသည်။ အဖေရူ က မယုံနိုင်စွာဖြင့် မေးလိုက်သည်။
အဖေရူ ၏ သွေးပျက်သွားသည့် အမူအရာကို မြင်ရသောအခါ ရူပိ ၏ ရင်ထဲတွင် စိတ်ချမ်းသာမှု အနည်းငယ် ရလာလေသည်။ သူမက အံကို ကြိတ်၍ ပြောလိုက်သည်။
“သမီး ကွာရှင်းခဲ့ပြီးသားလို့ ပြောတာ… လုစုန့်နျန်နဲ့ ကျွန်မ ကွာရှင်းလိုက်ပြီ… ကျွန်မ အခု သခင်မ လု မဟုတ်တော့ဘူး…”
သူမ အသံပျောက်သွားသည်နှင့် အဖေရူက ချက်ချင်း ထရပ်လိုက်သည်။ သူက ဘေးတွင်ရှိသော ခုံတစ်လုံးအား ဆွဲယူပြီး ရူပိဆီသို့ လွှဲပစ်လိုက်ကာ ကျိန်ဆဲလိုက်သည်။
“နင်က ပုန်ကန်တယ်ပေါ့လေ… တကယ်ကို ကွာရှင်းရဲ့တယ်ပေါ့…”
ရူပိ မှာ အတန်ကြာသည်အထိ ငြိမ်နေမိကာ သူမ၏ လက်မှာလည်း ခုံကြောင့် ဒဏ်ရာရသွားလေသည်။ အလွန်နာကျင်ရသော အဖြစ်ကြောင့် မျက်ရည်များပင် ကျလာသည်။ သူမက ခေါင်းကို မော့၍ ပြောလိုက်သည်။
“ဒါက ကျွန်မရဲ့ ကိုယ်ပိုင်ကိစ္စပါ… ဘာလို့ မလုပ်ရဲရမှာလဲ… လုစုန့်နျန် ကျွန်မကို မချစ်တာ အသိသာကြီးကို… ဘာလို့ မကွာရှင်းရမှာလဲ…”
“နင်က အခုထိ ပြန်ပြောရဲသေးတယ်ပေါ့…”
ရူပိ၏ စကားများကို ကြားသောအခါ အဖေရူ မှာ ဒေါသအလွန်ထွက်သွားကာ မျက်နှာပင် ပျက်သွားလေသည်။ လက်တစ်ဖက်မှာ ခုံနှင့် ရူပိအား လွှဲရိုက်ကာ ဆူပူကြိမ်းမောင်းလေတော့သည်။
“လုမိသားစုက သခင်မ မဟုတ်တော့ဘူးဆိုတော့လည်း ဒီနေ့ ငါနင့်ကို သေအောင် ရိုက်ပေးမယ်…”
ရူမိသားစုမှာ လုမိသားစုအား နှစ်ပေါင်းများစွာ မှီခိုခဲ့ကြသောကြောင့် စီးပွားရေးမှာ အလွန်တိုးတက်ခဲ့သည်။ လုမိသားစုမျက်နှာနှင့် စီးပွားရေးလုပ်ငန်းစုများက ရူမိသားစုနှင့် လက်တွဲလုပ်ခဲ့ကြသည်။ လု မိသားစုသာ မရှိပါက ရူမိသားစု အနေဖြင့် ဟိုင်းရှီတွင် ယခင်ကကဲ့သို့ နေရာရတော့မည် မဟုတ်ချေ။
ရူမိသားစု ယခင်ကဲ့သို့ စီးပွားမဖြစ်နိုင်တော့ဟု တွေးမိသောအခါ အဖေူ မှာ ရူပိ အား သတ်ပစ်မည်ဟုပင် တွေးလိုက်မိလေသည်။ ကွာရှင်းထားသော သမီးတစ်ယောက်က မည်သို့ အသုံးဝင်ဦးမည်နည်း။
ရူပိ က ရှောင်တိမ်းလျက် အော်လိုက်သည်။ သူမက အခြားလူများအား အားကိုးတကြီးလှမ်းကြည့်သော်လည်း သူတို့မျက်နှာများတွင် အနည်းငယ်မျှ စိုးရိမ်နေသည်ကို မမြင်ရချေ။ လူတိုင်း၏ မျက်နှာမှာ ချွင်းချက်မရှိ အားလုံး အေးစက်ကာ အပြစ်တင်သည့် အရိပ်အယောင်များသာ ရှိနေသည်။ သူမ စိတ်ကို လျှော့၍ သံကုန် အော်၍ ပြောလိုက်သည်။
“ဘာလို့များ ကျွန်မကို ရိုက်နေတာလဲ… ဘာအကြောင်းကြောင့်နဲ့များ ကျွန်မကို အပြစ်တင်နေတာလဲ… ကျွန်မသာ လုမိသားစုထဲ အတင်းမဝင်ခဲ့ရင် ဒီအချိန်ဆိုရင် ဒီမိသားစုက ခုမှ စတင်နေရမှာလေ… အခုထိ အထက်တန်းစားဖြစ်ဖို့ လုပ်နေတုန်းဆိုရင်တော့ အိပ်မက်မက်နေလိုက်တော့…”
“နင်… နင် ပုန်ကန်တယ်.. နင်က နင့်ကိုယ်နင် ဒီအခြေနေရောက်အောင် လုပ်ထားပြီးမှ အိမ်ကလူတွေကို ပြန်အော်ချင်သေးတယ်ပေါ့လေ…”
ဤသည်မှာ အမေရူ ကပြောခြင်းဖြစ်သည်။
“နင်… လက်ထပ်ပြီးကတည်းက အဲဒီလိုတွေ အော်ဟစ်နေတာ အဲ့ကတည်းက နင်ဒီလိုဖြစ်မယ်မှန်း ငါသိသားပဲ…”
ဤသည်မှာ အစ်ကိုရူ၏ ဆူပူမှုဖြစ်လေသည်။
“ဒေါ်လေး… ဘာလို့ ဒီလိုလုပ်ရတာလဲ… သားက သူငယ်ချင်းတွေကို လုမိသားစုအိမ်ကို သွားဆော့မယ်လို့တောင် ကတိပေးထားပြီးပြီ… ဒေါ်လေးက ကွာရှင်းလိုက်တော့ သား သူတို့ကို ဘာပြောရတော့မလဲ… မျက်နှာတွေ ပျက်ကုန်တော့မှာပဲ…”
ဤသည်မှာ သူအလွန်ချစ်ပေးခဲ့သည့် တူ က ပြောခြင်းဖြစ်သည်။
လူတိုင်းက သူမအား အပြစ်တင်နေကြသည်။ လူတိုင်းက သူမအား လှောင်ပြောင်နေကြသည်။ ရှူးပိမှာ ခေါင်းထဲတွင် တစီစီမြည်သံများကိုသာ ကြားနေရတော့သည်။ ယမန်နေ့က သူမမှာ တစ္ဆေတစ်ကောင် ဝင်စီးသည်ကို ခံခဲ့ရပြီး သူမဝိညာဉ်မှာ အားနည်းခဲ့ရသည်။ ယခုမူ သူမမှာ လဲကျလုမတတ်ပင်ဖြစ်နေသည်။
“အား….”
သူမ အော်လိုက်သည်။ မျက်လုံးထဲတွင် ဗလာသာဖြစ်နေပြီး ချက်ချင်းပင် သူမ သတိလစ်သွားတော့သည်။
*****
ယွင်ရုန်မှာ သူမကိုယ်သူမ နားမလည်နိုင်ဖြစ်နေသည်။ ထိုညက ကားထဲတွင် လုဟယ်နျန် သူမအား နမ်းလိုက်သည့် အချိန်ကတည်းက လုဟယ်နျန်ကို မြင်တိုင်း သူမ ရှက်သလိုဖြစ်နေမိသည်။ လုဟယ်နျန်ကို မြင်လျှင် သူမနှလုံးခုန်သံမှာ ပိုမြန်လာပြီး ပါးပြင်များ ပူနွေးလာကာ အသက်ရှူသံလည်း ပိုမြန်လာလေသည်။ သူမ အင်တာနက်မှ တဆင့်ရှာကြည့်သော်လည်း အင်တာနက်ဆရာဝန်က သူမအား ပြင်းထန်သော ရောဂါတစ်မျိုးခံစားနေရသည်ဟု ပြောလေသည်။ ဤရောဂါသာ လူသားကိုယ်ပေါ်တွင် စွဲကပ်ပါက ကုနိုင်ကယ်နိုင်ရန် လမ်းမရှိဟု ဆိုလေသည်။
ဒါပေမဲ့ ငါက တောင်စောင့်နတ်လေ… ဘယ်လိုလုပ်ပြီး ရောဂါရမှာလဲ… လူကြားထဲနေတာ ကြာသွားလို့ လူသားတွေရဲ့ ရောဂါတွေပါ ကူးစက်လာတာတော့ မဟုတ်ဘူးမလား…
လုဟယ်နျန်မှာ လက်တလော သူ့အား ကောင်မလေးရှောင်နေသည်ကို သတိထားမိလေသည်။ သူတို့ အတူရှိနေလျှင်ပင် ယခင်ကကဲ့သို့ စကားများစွာ မပြောပေ။ ဤသည်မှာ သူ့အား စိတ်ပူစေ၏။ သို့သော် သူကိုယ်တိုင် ကြီးကြပ်တင်ပြရမည့် လုပ်ငန်းစဉ်တစ်ခုကြောင့် ဥရောပသို့ သွားရန် အကြောင်းဖန်လာသည်။ သေချာတွေးတောပြီးနောက် ကောင်မလေးမှာလည်း နိုင်ငံပြင်ပသို့ မထွက်ခွာဖူးသဖြင့် သူမကိုပါ တစ်ပါတည်း ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
နေ့လည်စာစားချိန်အတွင်း လုဟယ်နျန်က သူစဉ်းစားထားသည်ကို ယွင်ရုန်အား ပြောပြပြီး သူမ လိုက်ချင်သလားဟု မေးလိုက်သည်။
ယွင်ရုန်မှာ ခေါင်းကိုငုံ့၍ အစာစားဆဲ တန်းလန်းဖြစ်သည်။ လုဟယ်နျန်၏ အမေးကို ကြားသောအခါ သူမအကြံအိုက်သွားသည်။ အမှန်တကယ်တွင် သူမ သူနှင့်အတူလိုက်ကာ လည်ပတ်ချင်လှသည်။ သို့သော်လည်း ခရီးစဉ်အစမှ အဆုံးထိ လုဟယ်နျန်နှင့် နှစ်ယောက်တည်း ရှိနေရမည်ဟု တွေးမိသောအခါ သူမ အနည်းငယ် နေရခက်သွားသည်။ ဒီတလောမှပင် သူမ ဥက္ကဌအား ကြည့်လိုက်တိုင်း ရောဂါပို၍ ပြင်းထန်လာသကဲ့သို့ ခံစားနေရလေသည်။ သို့သော် သူမမှာ တောင်စောင့်နတ်တစ်ဦးဖြစ်ကာ မွေးကတည်းက မည်သည့်ရောဂါမှ မခံစားဖူးချေ။ ယခုပထမဆုံးအကြိမ် နေမကောင်းဖြစ်ချိန်တွင်မူ မည်သို့လုပ်ရမည်ကို သူမ မသိတော့ပေ။
ခရီးစဉ်တွင် သူမနေမကောင်းဖြစ်ပြီး လုဟယ်နျန်၏ ကိစ္စအား နှောင့်နှေးစေပါက ခက်ချေမည်။ ယွင်ရုန်က လက်ထဲမှ ထမင်းစားတူအား ကိုက်၍ တွေဝေစွာဖြင့် ပြောလိုက်သည်။
“ကျွန်မ မသွားတာ ပိုကောင်းမှာပါ… စီးပွားတက်အောင် လုပ်ပေးရဦးမှာဆိုတော့ ရုံးထဲမှာ နေတာက ပိုကောင်းတယ်လေ…”
သူမ၏စကားမှာ ရင်ထဲမှလာသည့် စကားနှင့်မတူချေ။ လုဟယ်နျန်က မေးမည့်ဟန်ပြုစဉ်မှာပင် ယွင်ရုန်၏ ဖုန်းမှ အသံမြည်လာသည်။ ဖုန်းခေါ်သူမှာ ရန်ရှန်းဖြစ်ပြီး တောင်ပိုင်းတွင် မကြာသေးမီက မိုးခေါင်ရေရှားမှု ဖြစ်သွားကြောင်း သတင်းလှမ်းပေးခြင်းဖြစ်သည်။ နွေရာသီ ရောက်လာကတည်းက မည်သည့်မိုးမျှ မရွာချေ။ အစပိုင်းတွင် မည်သူမှ အလေးမထားကြသော်လည်း ထိုနှစ်၏ တိုင်ဖွန်းမုန်တိုင်းပင် မတိုက်ခတ်သောအခါ စိတ်ပူစပြုလာကြသည်။ တောင်ပိုင်းမှာ တိုင်ဖွန်းတိုက်ခတ်သည့် ဧရိယာအတွင်းပါသဖြင့် မုန်တိုင်းမတိုက်ခြင်းမှာ ပုံမှန်မဟုတ်ပေ။
တောင်ပိုင်းတွင် အထူးရုံးတော်လည်း တည်ထောင်ထားခြင်းမရှိလေရာ ဤပြဿနာမှာ ရုံးချုပ်သို့ တိုက်ရိုက်ရောက်သွားသည်။ မြို့တော်ရှိ ဌာနချုပ်က လူတစ်ဦးအား သွားရောက် စုံစမ်းစစ်ဆေးရန် တာဝန်ပေးလိုက်ရာ အကယ်ပင် မိစ္ဆာတစ်ကောင်၏ လက်ချက်ဖြစ်နေ၏။ တောင်ပိုင်းဧရိယာတစ်ခုလုံးတွင် နွေရာသီ၌ မိုးလုံးဝမရွာစေရန် တားနိုင်စွမ်းရှိသည့် ထိုမိစ္ဆာမှာ ပေါ့သေးသေးဟုတ်ဟန် မတူပေ။ ထို့ကြောင့်ပင် သူတို့က ယွင်ရုန်အား လှမ်း၍ အကူညီတောင်းခြင်းဖြစ်သည်။
“သူတို့တွေ စုံစမ်းတော့ ဘာမိစ္ဆာဆိုတာ သိရပြီးပြီလား…”
ယွင်ရုန်က မေးလိုက်သည်။
ရန်ရှန်းမှာ ခေတ္တမျှတိတ်ဆိတ်သွားသည်။
“ကြိုတင်ကောက်ချက်ချထားတာတွေအရတော့ ဟန်းပါ့ လို့ထင်တာပဲ… အနည်းဆုံး နှစ်တစ်ထောင်သက်တမ်းတော့ ရှိလိမ့်မယ်…”
ဟန်းပါ့ ဟူသောအရာမှာ အခြားသော မိစ္ဆာများနှင့် မတူပေ။ ဟန်းပါ့တစ်ကောင်၏ နှစ်တစ်ထောင်သက်တမ်းမှာ မိစ္ဆာတစ်ကောင်၏ နှစ်တစ်ထောင်အဆင့်တက်မှုနှင့် မိုးနဲ့မြေကဲ့သို့ ကွာခြားလှသည်။
(ဟန်းပါ့ မှာ မိုးခေါင်ရေရှားမိစ္ဆာဖြစ်သည်။)
ကောလာဟလများအရ ဟန်းပါ့မှာ မိုးနတ်မင်း၏ သမီးဖြစ်ကာ နတ်ဘုရားဦးခေါင်ပင် ရှိသည်ဟု ဆိုကြသည်။ မိစ္ဆာများမှာ သဘာဝအလျောက် နတ်ဘုရားများအား ကြောက်ကြသောကြောင့် အထူးရုံးတော်တွင် နှစ်ထောင်ချီအဆင့်ရှိမိစ္ဆာများ မည်မျှပင်ရှိနေစေကာမူ ဟန်းပါ့အား ကြောက်ရွံကာ ကိုင်တွယ်နိုင်ကြမည်မဟုတ်ပေ။ ထို့ကြောင့်လည်း ယွင်ရုန်အား ဆက်သွယ်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်အခေါက် ယွင်ရုန် ဟယ်ပေါ်အား သတ်လိုက်စဉ်က သူမကိုယ်ခန္ဓာသည်လည်း အားသာချက်ရသွားသည်။ သူမ၏ မူလသွင်ပြင်အား မမြင်နိုင်သော်လည်း သူတို့ထက် ပို၍ အစွမ်းထက်သည်ကိုတော့ သိထားကြသည်။
ဟန်းပါ့မှာ မကောင်းဆိုးဝါးတစ်ကောင်သာဖြစ်ရာ ယွင်ရုန်သာ ကူညီမည်ဆိုပါက ဟန်းပါ့အား သတ်ရမည်ဖြစ်သည်။ ဟန်းပါ့အားသတ်ရန် သွားရမည့် ခရီးမှာ ဥပရောခရီးစဉ်နှင့် အတော်လေး ကွာခြားမည်ဖြစ်သည်။ ဤခရီးစဉ်တွင် သူမ၏ ဝိညာဉ်စွမ်းအင်တော်တော်များများလည်း ကုန်စေနိုင်လေသည်။ တန့်ချိုးတောင်နယ်နိမိတ်အား ကျော်လွန်ခရီးသွားပြီးကာမှ ဤနယ်မြေမှ ကိစ္စများအား မကိုင်တွယ်နိုင်တော့မည်ကိုလည်း သူမ စိတ်ပူပန်ရသည်။
ယွင်ရုန်မှာ တန့်ချိုးတောင်မှ တောင်စောင့်နတ်ဖြစ်လေရာ တခြားသူများ၏ ကိစ္စအား လိုက်လံဆောင်ရွက်ခြင်းဖြင့် သူမနယ်မြေမှ လူများအား လျစ်လျူမရှုထားလိုပေ။
သူမ အတန်ကြာသည်အထိ တွေဝေနေလေသည်။
ထိုတွေဝေမှုကို ခံစားမိသောအခါ ရန်ရှန်းက မဆိုင်းမတွပင် ဖြေလိုက်သည်။
“စီနီယာ ကျွန်မတို့ ဌာနချုပ်က အလကားတော့ မကူခိုင်းပါဘူး… ဒီတစ်ခေါက် ဟန်းပါ့ကိုသာ သတ်ပေးနိုင်မယ်ဆိုရင် ခေါင်းဆောင်က ဆုကြေးငွေ ဆယ်သန်းပေးမှာပါ… စီနီယာကို ၈ သန်းပေးပါမယ်…”
ပြီးခဲ့သည့်အခေါက်တွင် ယွင်ရုန်တစ်ယောက် ငွေကြေးမက်မောသည်ကို ရန်ရှန်းသိလိုက်ရသည်။ ထို့ကြောင့်ပင် ၈ သန်းပေးမည်ဟု ကမ်းလှမ်းခြင်းဖြစ်သည်။ အားလုံး၏ ကြိုးပမ်းအားထုတ်မှုလည်း ပါသေးသဖြင့် ယွင်ရုန်အား အကုန်တော့ မပေးနိုင်ချေ။ သူတို့ကိုယ်တိုင်လည်း ခွဲတမ်းရရန်လိုပေသည်။
၈ သန်းဟု ကြားလိုက်သည်နှင့် ယွင်ရုန်၏ မျက်လုံးများတောက်ပသွားသည်။ ထိုအချိန်တွင် သူမ ဘဏ်ထဲမှ စုငွေများမှာ အတော်များနေပြီဖြစ်ရာ ဤ ၈ သန်းပါ ထပ်ပေါင်းနိုင်လျှင် သန်း ၈၀ နားပင် ကပ်နေပြီဖြစ်သည်။ နောက်ထပ် ၁၀ သန်းကျော်ကျော်မျှသာ သူမ ထပ်၍ရှာနိုင်လျှင် သန်း ၁၀၀ ပြည့်ပြီဖြစ်သည်။ ထိုအချိန်ရောက်ပါက သူမ အဆောင်လက်ဖွဲ့နှင့် ဆေးပင်ဆေးရွက်များ ရောင်းချခြင်းဖြင့် ပိုက်ဆံပိုရှာနိုင်သေးသည်။ ဤမျှလောက် ခရီးတွင်နေပြီဆိုပါက တန့်ချိုးတောင်အား ပြန်ဝယ်မည့် ကိစ္စသည် ခက်ခဲတော့မည် မဟုတ်ချေ။
“ကျွန်မ ကူညီမယ်… ဘယ်တော့ သွားကြမလဲ…”
ထိုသို့တွေးလျက် ယွင်ရုန်က မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။
သူမအဖြေကို ကြားသောအခါ ရန်ရှန်းမှာ ပျော်ရွှင်သွားပြီး ပြောလိုက်သည်။
“စီနီယာ… ဌာနချုပ်က လူတွေ အဲဒီကို ရောက်နှင့်နေပါပြီ… ချက်ချင်းသွားပေးလို့ရမလား…”
“ကောင်းပြီ…”
သဘောတူပြီးသောအခါ သူမ ဖုန်းကို ချလိုက်ပြီး လုဟယ်နျန် ထိုနေရာတွင် ရှိနေသေးသည်ကို အမှတ်ရသွားသည်။ သူမက စဉ်းစားကာ ပြောလိုက်သည်။
“ဒုတိယအစ်ကို… ရန်ရှန်းက ဖုန်းခေါ်ပြီး တောင်ပိုင်းမှာ ကူခိုင်းတာ… ကျွန်မ အစ်ကိုနဲ့ ဥရောပကို မလိုက်နိုင်လောက်ဘူး…”
ကောင်မလေး၏ မျက်နှာသေးသေးလေးကို ကြည့်ကာ လုဟယ်နျန်၏ မျက်လုံးများ မည်းနက်သွားသည်။ သူက ယွင်ရုန် နဖူးအား ပုတ်၍ ပြောလိုက်သည်။
“ကိုယ်နဲ့ ဥရောပမလိုက်ရတာ အတော်ပျော်နေတယ်ပေါ့လေ…”
“မဟုတ်ပါဘူး အစ်ကိုကလည်း… ကျွန်မက ပိုက်ဆံလိုနေတာလေ… တန့်ချိုးတောင်ကို ပြန်ဝယ်ဖို့အတွက်… အာ့ကြောင့် တောင်ပိုင်းကို သွားပြီး ကူမှဖြစ်မယ်… အထူးရုံးတော်က ၈ သန်းတောင် ပေးမှာတဲ့…”
လုဟယ်နျန်၏ အပြုအမူမှာ ထိရုံလေးသာဖြစ်သော်လည်း ယွင်ရုန်အတွက် နဖူးတွင် ကျင်ခနဲဖြစ်သွားသောကြောင့် နဖူးအား အလိုအလျောက် လက်နှင့်ထိ၍ ပြောလိုက်လေသည်။
လုဟယ်နျန်က မျက်ခုံးများကို ပင့်၍ ပြောလိုက်သည်။
“ဒါဆို ကိုယ် ဥရောပ ခရီးကို နောက်ရွှေ့ပြီး မင်းကို တောင်ပိုင်းကို အရင်လိုက်ပို့ပေးမယ်…”
ယွင်ရုန် တောင်ပိုင်းသို့သွားသည်မှာ ကူညီလိုသည်ထက် ပိုက်ဆံလို၍ဖြစ်သည်။ ထိုထက်ပိုသည်က လုဟယ်နျန်အား ရှောင်လိုသောကြောင့်ဖြစ်သည်။ သူနှင့် အမြဲတစေအတူရှိနေခြင်းက သူမ ရောဂါအား ပိုဆိုးစေသည်ဟု သူမ တွေးနေမိသည်။ ထို့ကြောင့် ထိုစကားအား ကြားသောအခါ သူမ ချက်ချင်းပင်ပြောလိုက်သည်။
“ဘယ်လိုဖြစ်မှာလဲ… အစ်ကို ဥရောပကို သွားဖို့က လအစကတည်းက စီစဉ်ထားတာလေ.. ကျွန်မကြောင့်နဲ့တော့ အလုပ်ကိစ္စတွေကို မရွှေ့ပါနဲ့… ဘာမှမစဉ်းစားဘဲ ဥရောပကိုသာ သွားပါ… ကျွန်မ ကလေးမဟုတ်တော့ပါဘူး…”
ယွင်ရုန်၏ သိသားထင်ရှားသော ငြင်းဆန်မှုအား လုဟယ်နျန် နားထောင်ပြီးသကာလ ရင်ထဲတွင် နာကျင်သွားသည်။ ဤတစ်ကြိမ်တွင် ဥရောပခရီးစဉ်အား ရွှေ့ဆိုင်းခြင်းမှာ အမှန်တကယ် မလုပ်သင့်သော အရာဖြစ်သည်။ ထိုထက်ပိုသည်မှာ သူကိုယ်တိုင်လည်း ဤခံစားချက်များအား စီစစ်နိုင်ရန်အတွက် ယွင်ရုန်နှင့် ခေတ္တခွဲနေရန် လိုအပ်ပေသည်။
ထိုသို့ စဉ်းစားမိသောအခါ လုဟယ်နျန်က ခေါင်းညိတ်၍ လေးနက်စွာပြောလိုက်သည်။
“ဒီတောင်ပိုင်းက ကိစ္စက အန္တရာယ်များမှာလား…”
“သေချာတော့ မသိသေးဘူး… အရင်သွားပြီး ကြည့်ရမှာပေါ့… ရန်ရှန်းကတော့ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ မိုးခေါင်ရေရှား မိစ္ဆာလို့ ပြောတာပဲ… ကျွန်မ သူ့ကို ကိုင်တွယ်နိုင်မှာပါ…”
ယွင်ရုန် မပြောဘဲ ထိန်ချန်ထားသော စကားများရှိသေး၏။ သူတို့အားလုံးမှာ နတ်ဘုရားများပင် ဖြစ်လင့်ကစား မတူညီမှုများ ရှိနေသေးသည်။
သူမမှာ တောင်မိစ္ဆာတစ်ကောင်ဖြစ်ခဲ့ကာ လူသားများး၏ ကိုးကွယ်ယုံကြည်မှုကြောင့်သာ မြင့်မြတ်သော တည်ရှိမှုအဖြစ်သို့ ပြောင်းသွားခြင်း ဖြစ်လေသည်။ သို့သော်လည်း ဟန်းပါ့ မှာ ထိုကဲ့သို့ မဟုတ်ပေ။ ဟန်းပါ့မှာ နတ်ဘုရားမဟောင်းတစ်ပါးဖြစ်သည်။ ဟန်းပါ့အဖြစ် မပြောင်းမီက သူမမှာ ကောင်းကင်ဘုံ နတ်ဘုရားတစ်ဦးဖြစ်ခဲ့ပြီး အဆုံးမရှိ မှော်စွမ်းအင်ပိုင်ဆိုင်ခဲ့လေသည်။ တောင်ပိုင်းရှိမိစ္ဆာမှာ ဒဏ္ဍာရီလာ နတ်ဘုရားမဟောင်း ဟန်းပါ့ဖြစ်မည် မသေချာသော်လည်း ထိုနာမည်ကို ယူသုံးထားခြင်းအားဖြင့် အစွမ်းထက်မည့်ဟန်ရှိလေသည်။ အမှန်တွင်မူ ယွင်ရုန်မှာ ၁၀၀ ရာနှုန်း မသေချာလှပေ။
လုဟယ်နျန်သည်လည်း ဟန်းပါ့ ဟူသော အမည်အား ‘မကောင်းဆိုးဝါးမှတ်တမ်းများ’ စာအုပ်တွင် ဖတ်ဖူးခဲ့သည်။ သူက စိတ်ပူစွာနှင့် ပြောလိုက်သည်။
“ပြီးခဲ့တဲ့အခေါက် မင်း ဟယ်ပေါ်နဲ့ တိုက်ခိုက်တုန်းက အားပြန်မပြည့်သေးဘူး မဟုတ်လား… ဒီတစ်ခါတော့ အလျင်မလိုပါနဲ့လား… မင်း မနိုင်ရင် ထွက်သာပြေးခဲ့နော်… အရေးကြီးဆုံးက မင်းကိုယ်မင်း အရင်ကာကွယ်ဖို့ပဲနော်…”
ယွင်ရုန်မှာ အံ့ဩသွားသည်။ သူမ ထိုစကားများအား တစ်နေရာရာတွင် ကြားဖူးစရှိနေသည်။
မင်းက သာမန်တောင်စောင့်နတ်လေးပဲဟာ… ဘာအစွမ်းတွေ ထုတ်ပြဦးမှာလဲ… ကောင်းကင်ဘုံလက်အောက်မှာ နာမည်ကြီး တောင်နဲ့ မြစ်တွေ အများကြီးဟာ… ပြီးတော့ ဆိုးရွားတဲ့ နတ်တွေနဲ့ မကောင်းဆိုးဝါးတွေလည်း ဘယ်လောက်တောင် များလိုက်သလဲ… ဒီလို အရာတွေနဲ့ တွေ့ရင် စိတ်ထင်တိုင်းလုပ်လို့မရဘူး… ငါ့နောက်မှာပဲ ပုန်းနေနော်… ဟုတ်ပြီလား…
ဒါဆို ရှင်ဒီမှာမရှိရော ဘယ်လိုလုပ်မလဲ…
ကိုယ်ဒီမှာ မရှိရင်… ကိုယ်ဒီမှာ မရှိရင် မင်း မြန်မြန်သာ ထွက်ပြေးတော့… မင်းကိုယ်မင်း ကာကွယ်နိုင်သရွေ့… အဲဒါက အရေးကြီးဆုံးပဲ…
“ယွင်ရုန်…”
ကောင်မလေး အကြာကြီး ငြိမ်နေသည်ကို မြင်ရသောအခါ လုဟယ်နျန်က ငြင်သာစွာ ခေါ်လိုက်သည်။
ယွင်ရုန်မှာ ငိုင်နေရာမှ အသိပြန်ဝင်လာပြီး ခေါင်းမြန်မြန် ညိတ်လိုက်သည်။
“ဒုတိယအစ်ကို… မပူပါနဲ့… ကျွန်မကိုယ့်ဘာသာ ကောင်းကောင်းဂရုစိုက်ပါမယ်…”
စာရေးဆရာတွင် ပြောစရာတစ်ခုရှိသည်။
ရူးပိ
ဤဇာတ်ကောင်အကြောင်း အနည်းငယ်ပြောစရာရှိသည်တွင် ရူးပိမှာ သူမ၏ အတ္တကြောင့် သားများကို ပိုတန်ဖိုးထားပြီး သမီးများအား တန်ဖိုးမထားပေ။ အမှန်တွင် ရူမိသားစု ကိုယ်တိုင်မှာ ထိုကဲ့သို့မိသားစုမျိုး ဖြစ်လေသည်။ စာရေးသူကိုယ်တိုင် ရေးနေစဉ် သက်ပြင်းချရသည်။ မိသားစုတစ်စု၏ သက်ရောက်မှုမှာ လူတစ်ယောက်အား တစ်ဘဝစာ ထိခိုက်စေနိုင်လေသည်။
Editor လည်း လေရှည်ချင်
ရူပိဇာတ်ကောင်ရဲ့ ဖော်ပြချက်က လွန်ကဲသလိုပဲ
ဘယ်လိုပြောရမလဲ ချမ်းသာတဲ့ ပညာတတ်တစ်ယောက် အိမ်ကြီးရှင်တစ်ယောက်နဲ့ကို မတူဘူး 🤧
⛰️