ရွှေရောင်များဖြင့် ဝင်းလက်တောက်ပနေသည့် ချီဖန့်နန်းတော်သည် နန်းမြို့တော်၏ အရှေ့မြောက်ဘက် အစွန်ဆုံးတွင် တည်ရှိ ကာ မိုင်ထောင်ပေါင်းများစွာ ကွာဝေးသည့် နေရာကပင် လှမ်းကာ မြင်နေရပြီး ညအချိန်တွင် ထိုနန်းတော်မှတစ်ဆင့် ရှန့်ယန် လေးမြို့၏ မြင်ကွင်းကျယ် ရှုခင်းကို ခံစားကြည့်ရှုနိုင်ပေသည်။
ထိုနန်းမြင့်မျှော်စင်မှာ ဧကရီယွင်အတွက် တည်ဆောက်ပေးထားခြင်းဖြစ်ကြောင်း ရှန့်ယန်တွင် နေထိုင်သူအားလုံး သိရှိထားပြီးဖြစ်သည်။ ယွင်မိသားစု တစ်ခုလုံး ထောင်သွင်း အကျဉ်းချကာ ကွပ်မျက်ခြင်း ခံရပြီး ယွင်ချင်းစီမှာလည်း အအေးနန်းဆောင်သို့ အပို့ခံလိုက်ရပြီး ဖြစ်သည့်တိုင် တော်ဝင်ကြင်ယာတော်နဉ်မှာ ထိုနန်းတော်ကို အံတင်းတင်းကြိတ်လျက်သာ မော့ကြည့်နေရသည်။
ညအချိန်၏ အအေးဓာတ်မှာ ဓားသွားတစ်လက်နှယ် ထက်ရှလှသည်။ လေကာနိုင်သည့် မီးအိမ်များ ကိုင်ဆွဲလျက် ကင်းလှည့်နေကြစဉ် ရဲမက်တစ်ဦးက ရုတ်တရက် အံ့ဩတကြီး ရေရွတ်လိုက်၏။
“မျှော်စင်ပေါ်မှာ လူတစ်ယောက် ရှိနေတယ် ...”
လက်ရန်းတစ်နေရာတွင် ဆွတ်ဆွတ်ဖြူ ဝတ်ရုံကို ဆင်မြန်းထားသည့် အမျိုးသားတစ်ဦးက လေဒဏ်ကို အံတုကာ မတ်တပ်ရပ်နေသည်။
လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင်က ကျန်ရဲမက်များကို ဦးဆောင်ကာ ချပ်ဝတ်တန်ဆာအသံတို့ ဆူဆူညံညံ ထွက်ပေါ်သည်အထိ ပြေးလာလိုက်သည်။
“ဘယ်လိုလူက အတင့်ရဲပြီး မျှော်စင်ပေါ်အထိ တက်ဝံ့တာလဲကွ ...”
အေးစက်လှသည့် ကောင်းကင်၊ နှင်းလွှာထုတို့ ဖုံးအုပ်ထားသည့် မြေပြင်အလယ်တွင် ထိုအမျိုးသားသည် အအေးဒဏ်ကို အနည်းငယ်မျှပင် ကာကွယ်မပေးနိုင်သည့် ဝတ်စုံတစ်ထည်နှင့် သူ့ခြေထောက်များဖြင့် ကိုက်ညီခြင်းမရှိ၊ တစ်ဖက်နှင့်တစ်ဖက် မတူညီသော ဖိနပ်တို့ကို စီးထားကာ နီလာဆံထိုးတစ်ချောင်းကိုလည်း ဆင်မြန်းထားသေးသည်။ မျှော်စင်ထိပ်မှ ဝှီးခနဲ ခုန်ချလိုက်ပြီးသည့်နောက် နှင်းလွှာထုတို့ ဖုံးအုပ်ထားသည့် ကျောက်ပြားထက်သို့ ခေါင်းအပ်သွားတော့သည်။
အနီရောင် ဇီးပန်းပွင့်သဖွယ် သွေးစက်များ နေရာအနှံ့ ပျံ့နှံ့သွားတော့၏။
ကျန်စကားတို့မှာ ရဲမက်၏ လည်ချောင်းဝတွင်ပင် ပျောက်ကွယ်သွားတော့သည်။
မြေပေါ်သို့ ပြုတ်ကျလာသူကို မည်သူမှ မထိကိုင်ရဲကြ။။
ထိုသူသည် နန်းတော်၏ ပိုင်ရှင် တစ်နည်းဆိုရပါလျှင် ကောင်းကင်သားတော်၏ ဧကရီပင် ဖြစ်ပေသည်။
ထိုသည်သာမက လူတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်သော ထောင်လွှားမောက်မာ လွှမ်းမိုးလိုစိတ်များကာ လူသားဆန်စိတ် ကင်းမဲ့လှသည့် သူ့ပုံရိပ်ကြောင့် ဤကဲ့သို့ အဆုံးသတ်သွားသည်ကို မည်သူကမှ မယုံကြည်နိုင်၊ သံသယပင် ပွားလာကြတော့သည်။
အချို့ကမူ ယွင်ချင်းစီသည် ဧကရာဇ်ကြောင့် စိတ်နှလုံးအစုံ ကွဲပျက်ကြေကွဲသွားရသည့်အတွက် ချီဖန့်နန်းတော်တွင် အဆုံးစီရင်ရန် ရွေးချယ်ခဲ့သည်ဟု ယုံကြည်ကြသည်။ သူ့ကို တော်ဝင်ဆွေတော်မျိုးတော်များက မုန်းတီးကာ အပြင်လူများက ကြောက်ရွံ့ခဲ့ကြသည့် တိုင် သူသည် ကောင်းကင်သားတော်ကို စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်လောက်အောင် အစဉ်ချစ်ခင်ခဲ့သူ ဖြစ်ပေသည်။
ဧကရာဇ်က သူ့တစ်မိသားစုလုံးကို ဖျက်ဆီးလိုက်သည်ကိုပင် အမှုမထား၊ သို့သော် အအေးနန်းဆောင်သို့ အပို့ခံလိုက်ရသည်ကိုတော့ လွန်စွာ စိတ်နှလုံး ထိခိုက်သွားခဲ့ရသည်။ သူသည် သူရူးတစ်ယောက်နှယ် ချစ်ရဲ၊ မုန်းရဲ၊ ဘဝကို လက်လွှတ်အရှုံးပေးရဲသူ ဖြစ်ပေသည်။
သူ့ဘဝတစ်လျှောက်လုံး ယခုကဲ့သို့ တိတ်ဆိတ်မနေခဲ့ဖူး၊ အစဉ်သဖြင့် မနာလိုမှု၊ ထောင်လွှာမောက်မာမှုတို့ဖြင့် ကယောင်ချောက်ခြားဖြစ်ကာ စိတ်အစဉ်မှာလည်း လေရူးသဖွယ် ထာဝစဉ် ပြောင်းလဲနေတတ်ပြီး အမြဲလိုလို ရန်လိုနေတတ်သူ ဖြစ်ပေသည်။ မည်သူကမှ သူ၏ ထက်ရှအေးစက်ကာ မောက်မာပြီး အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံကို ရင်မဆိုင်ရဲ။ ဤသို့ဖြင့် သူ့ရုပ်ရှည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် တင့်တယ်လှသည့် အချက်ကို အားလုံးက လျစ်လျူရှုမိသွားကြတော့သည်။
နက်မှောင်သည့် ဆံနွယ်၊ နှင်းလွှာသဖွယ် ဖွေးဖွေးဖြူနေသည့် အသားအရေကို ပိုင်ဆိုင်ထားသူမှာ ပန်းချီကားတစ်ချပ်အလား ထင်မှတ်ရသည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးတို့ အလျင်အမြန် စီးကျကာ ဝတ်ဆင်ထားသည့် ဝတ်ရုံရှည်ကိုသာမက နှင်းလွှာထုတစ်ခုလုံးကိုပါ နီရဲသွားစေသည်မှာ ဟင်္သာပြဒါးရိုင်းတို့ အများအပြား မှောက်ကျထားသည့်နှယ်။
ကောင်းကင်နှင့် မြေကြီးတို့ ပျောက်ကွယ်သွားသည့်နှယ် သွေးရောင်မရှိတော့သည့် နှုတ်ခမ်းပါးတစ်စုံနှင့်အတူ မျက်ဝန်းတို့ကို ညင်သာသိမ်မွေ့စွာ ဖိပိတ်လိုက်တော့သည်။
လုံခြုံရေးတပ်ဖွဲ့မှူး၏ လည်ချောင်းတစ်ခုလုံး ဆို့နင့်ကာ နောက်တစ်ဖန် ထပ်မကြည့်ရဲတော့။
များမကြာမီ နန်းတော်ထဲတွင် ရှိသူတိုင်း ဧကရီအကြောင်း စကားတစ်ခွန်းမှ မဟတော့ရန် တားမြစ်ခြင်း ခံလိုက်ရတော့သည်။ အမျှော်အမြင် ကြီးမားကာ ကြင်နာတတ်ပါသည်ဆိုသည့် ကောင်းကင်ဘုံ၏ သားတော်မှာ ပါးစပ်ဖွာတတ်သည့် အစေခံတိုင်းကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တတ်သူတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။
ဤကိစ္စအားလုံးမှာ ရွှမ်ကျင့်၏ ၁၅ နှစ်မြောက်၊ ယွင်ချင်းစီ ဧကရာဇ်နှင့် ထိမ်းမြားအပြီး ၁၂ နှစ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြောက်များစွာသော ကြင်ယာတော်တို့ မနာလိုတပ်မက်ခဲ့ရသည့် ချီဖန့်နန်းတော်မှာ ယခင်အတိုင်း တောက်ပဝင်းလက်နေဆဲ ဖြစ်သော်ငြား လူတိုင်း၏ အမြင်မှ ပိတ်ဆို့ခြင်း ခံရကာ တားမြစ်နေရာတစ်ခု ဖြစ်လာခဲ့တော့သည်။
ထို့အပြင် ယွင်ချင်းစီ၏ အမည်မှအစ သူနှင့် ပတ်သက်သမျှတိုင်းမှာ နန်းတော်၏ ကန့်သတ်ချက် ဖြစ်လာကာ မည်သူမှ ထိုအကြောင်းကို မဆွေးနွေးရဲကြတော့ပေ။
ပြင်းထန်လှသည့် နှင်းမှုန်တို့က ပြတင်းပေါက်ကို တရစပ် လာရောက်တိုက်ခတ်နေသည်။
ရင်ရှီနှင့် ကျင်းဟွမ်တို့ နှစ်ဦးလုံး မီးသွေးမီးဖိုဘေးထိုင်ကာ ပြတင်းပေါက်ဘေးရှိ ညောင်စောင်းတွင် လဲလျောင်းကာ နှင်းကျသံကို နားဆင်နေသူအား အကဲခတ်နေလိုက်ကြ၏။
ထိုသူ၏ မဟူရာရောင် ဆံနွယ်တို့ တစ်စစီ ပြန့်ကြဲနေကာ ကိုယ်နေဟန်ထားမှာလည်း ပျင်းရိငြီးငွေ့နေသည့်ဟန်။ နဖူးနှင့် ခါးထက်တွင် အဖြူရောင် ပက်တီးစတို့ စည်းနှောင်ထားပြီး သွယ်လျလှသည့် လက်ချောင်းတို့ဖြင့် လက်တန်းကို စည်းချက်ကျကျ တီးခေါက်နေသည်မှာ လွန်စွာ စိတ်အေးလက်အေးနှင့် သက်တောင့်သက်သာ ဖြစ်နေသည့်အလားပင်။
ထိုသူမှာ ဧကရီယွင်ပင် ဖြစ်သည်။ သို့သော် ဧကရီယွင်ဟုလည်း မထင်ရ။
မည်သူကမှ သူ့ရုပ်ရည်သွင်ပြင်ကို မတုပနိုင်သည့်အတွက် ဧကရီယွင်သာဖြစ်ကြောင်း သိသာထင်ရှားလှသည့်တိုင် အကယ်၍ ဧကရီယွင်သာ ဟုတ်မှန်ပါလျှင် ဤကဲ့သို့ စိတ်အေးလက်အေး ရှိနေမည် မဟုတ်ချေ။
ယမန်နေ့ မနက်အစောပိုင်း သူပင် အိပ်ယာမှ မနိုးသေးခင် ဧကရာဇ်အရှင်က သူ့ကို ဒေါသတကြီးဖြင့် အိပ်ယာပေါ်မှ ဆွဲချခဲ့သည့်အတွက် နဖူးတွင် ဒဏ်ရာရကာ သွေးများစွာ စီးကျလာခဲ့သည်။
ဒေါသစိတ်တို့ မချုပ်ငြိမ်းသေးသည့် ဧကရာဇ်က သူ့ကို ယွင်အိမ်တော်သို့ ပြန်ပို့ရန်ပင် အမိန့်ပေးလိုက်သည့်အခါ ရူးသွပ်လုမတတ် အသည်းအသန် တောင်းပန်လိုက်၏။ ထိုသို့ တောင်းပန်သည့်တိုင် အချည်းနှီးသာ ဖြစ်သည့်အတွက် ဧကရာဇ်၏ သနားမှုကို ရရှိရန် အလို့ငှာ မိမိခါးကို ကိုယ်တိုင် လှီးဖြတ်လိုက်တော့သည်။ တော်ဝင်သမားတော် အချိန်မီ ရောက်လာခဲ့သော်ငြား သွေးထွက်လွန်သည့် ဒဏ်ကြောင့် ဧကရီမှာ သတိလစ်နှင့်နေပြီး ဖြစ်ပေသည်။
ဧကရာဇ်ကမူ ... ယွင်ချင်းစီကို အကြည့်တစ်ချက်ပင် မစွန့်ကြဲ၊ ကြိုတင်အကြောင်းကြားခြင်းလည်း မရှိ၊ မိဘအိမ်သို့ အလည်အပတ် ပြန်ရာတွင် လုပ်သင့်လုပ်ထိုက်သည့် လုပ်ရိုးလုပ်စဉ်တို့ကိုပင် မဆောင်ရွက်စေဘဲ သတိလစ်နေဆဲမှာပင် ဝန်ကြီးချုပ်အိမ်တော်သို့ ပြန်ပို့ရန် စေခိုင်းလိုက်သည်။ ကြိုတင်အကြောင်းကြားထားခြင်း မရှိသည့်အတွက် ဝန်ကြီးချုပ်အိမ်တော်တွင် ဧကရီကို ကြိုဆိုမည့်သူ တစ်ဦးတစ်ယောက်မှ ရှိမနေရာ ယွင်ချင်းစီမှာ အိမ်တော်၏ အရှေ့တွင်ပင် ကြာမြင့်စွာ စောင့်ဆိုင်းလိုက်ရတော့သည်။
အတိအလင်း ထုတ်ဖော်ကြေငြာခြင်း မရှိသည့်တိုင် ဧကရာဇ်၏ အပြုအမူများမှာ သူ့ကို စွန့်ပစ်လိုက်ခြင်းနှင့် မကွာခြားလှပေ။
အားလုံးက သူ နိုးလာပါလျှင် အရူးအမူး သောင်းကျန်းလိမ့်မည်ဟု တွက်ဆထားလိုက်ကြတော့၏။
ထိုမှန်းဆချက်အတိုင်း ကွက်တိပင်။ လူသူကင်းမဲ့နေသည့် အခန်းထဲတွင် နိုးထလာသည်နှင့် တစ်ပြိုင်နက် ဧကရာဇ်ကို ရှာဖွေရန် နန်းမြို့တော်သို့ ခြေဗလာဖြင့် အပြေးပြန်သွားတော့၏။ ဒဏ်ရာရထားသည့် ခါးထက်မှ သွေးစက်တို့ ဆက်တိုက် စီးကျလာသည့်တိုင် အမှုမထား၊ မည်သူကမှလည်း သူ့ကို ရပ်တန့်ရန် မဖြောင်းဖြနိုင်ကြချေ။
သို့သော် ခြေလှမ်းအနည်းငယ် လှမ်းအပြီးမှာပင် အိမ်တော်သို့ ပြန်လာသည့် ဝန်ကြီးချုပ်ယွင်ကို တွေ့လိုက်ရ၏။ သားဖြစ်သူ၏ လုပ်ရပ်မှာ လွန်စွာ ရှက်ဖွယ်ကောင်းလှသည်ဟု တွေးမိသည့် ဝန်ကြီးချုပ်က သူ့ကို အိမ်တော်သို့ ပြန်ခေါ်ကာ ဖမ်းချုပ်ထားလိုက်တော့သည်။
နိုးလာသည်နှင့် တစ်ပြိုင်နက် ပြဿနာ ရှာလိမ့်မည်ဟု ယွင်အိမ်တော်တစ်ခုလုံး သိထားပြီးဖြစ်ရာ သူ နောက်တစ်ကြိမ် ပြေးထွက် မသွားနိုင်ရန် အလို့ငှာ ပြတင်းပေါက်တိုင်း၊ တံခါးပေါက်တိုင်းတွင် အစောင့်အကြပ်များ ချထားလိုက်တော့သည်။
သို့သော် ယနေ့မနက် နိုးလာသည့်အခါ ယွင်ချင်းစီသည် ဆူညံသံ တစ်သံမှ မထွက်သည့်အပြင် ရင်ရှီကိုပင် ဆေးပေးရန် အသာတကြည် တောင်းဆိုခဲ့သည်။ မနက်စာကို တိတ်တဆိတ် စားသုံးပြီး အိမ်တော်ထဲတွင်သာ နေထိုင်ကာ မည်သည်ကိုမှလည်း သွားရန် စိတ်မကူး။ သူ့ကျန်းမာရေးကိုသာ အလေးအနက် ဂရုထားနေသည့်ဟန်ပင်။
ရင်ရှီနှင် ကျင်းဟွမ်တို့ နှစ်ဦးလုံး စိတ်ရှုပ်ထွေးသွားကြတော့သည်။ သူတို့သခင်လေးမှာ အခြားတစ်ခုခုကို ကြံစည်နေခြင်းလား သို့တည်းမဟုတ် အမှန်တကယ်ပင် စိတ်တည်ငြိမ်သွားလေသလား မခန့်မှန်းတတ်ကြတော့ချေ။
နန်းမြို့တော်၊ ကျန်းရှန်းခန်းမဆောင် ...
မီးလင်းဖိုထဲတွင် တမြေ့မြေ့ လောင်ကျွမ်းနေသည့် အမိန့်စာကို ငေးကြည့်ရင်း ဧကရာဇ်၏ ဆရာဖြစ်သူ လျှိုကျီရူမှာလည်း ဧကရီ၏ အနီးကပ် အစေခံများနည်းတူ သံသယပွားလာတော့သည်။
ထိုအမိန့်စာမှာ ဧကရီကို နန်းချသည့် အမိန့်စာပင်ဖြစ်သည်။
ထိုအချိန်က ဧကရာဇ်သည် ယွင်ချင်းစီကို အမှန်တကယ်ပင် ဒေါသထွက်နေခဲ့ခြင်းဖြစ်သည်။ သူ့ကို အိပ်ယာပေါ်မှ ဆွဲချရုံသာမက ခေါင်းကို ရိုက်ခွဲခဲ့သည့်အပြင် ကျင်းရှန်းနန်းဆောင်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဧကရီကို နန်းချသည့် အမိန့်စာကိုပါ ချက်ခြင်း ရေးသားခဲ့သည်။
ယွင်မိသားစုမှာ လွန်စွာ အင်အားကြီးမားလှသည်။ ယွင်ချင်းစီမှာ ဖခင်ဖြစ်သူနှင့် ဆက်ဆံရေး မကောင်းမွန်လှသည့်တိုင် သူ၏ ဂုဏ်သတင်းသည် ယွင်မိသားစုနှင့် ဆက်စပ်နေဆဲပင် ဖြစ်သည်။
ဧကရာဇ်၏ မယ်တော်မှာမူ ယွင်မိသားစုအား ရန်စမိမည်ကို စိုးရိမ်သည့်အတွက် ထိုအမိန့်စာအား ရုတ်သိမ်းရန် ဧကရာဇ်ကို အစွမ်းကုန် ဖြောင်းဖြခဲ့သည်။ သို့သော် ထိုအမိန့်စာကို ဖျက်ဆီးခြင်းမပြု၊ စားပွဲပေါ်တွင်သာ တင်ထားသည့်အတွက် အချိန်မရွေး ကြေငြာနိုင်သည့် အနေအထားတွင် ရှိနေပေသည်။ ဧကရာဇ်မှာ ဧကရီကို စွန့်ပစ်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
ယမန်နေ့ည အိပ်ယာမဝင်မီ ဧကရာဇ်သည် သူ့အတွေးများကို ပြတ်ပြတ်သားသား ပြန်စဉ်းစားကာ ကွာရှင်းပြတ်စဲသည့် အကြောင်းကို အညင်သာဆုံး ကြေငြာရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ ယွင်ချင်းစီအပေါ် သူ၏ နောက်ဆုံးသော သက်ညှာချက်ပင် ဖြစ်သည်။
သို့သော် ယနေ့မနက်ခင်း လျှိုကျီရူတစ်ယောက် ဝတ်စားဆင်ယင်ကာ အခစားဝင်သည့်အခါ အမြဲလိုလို ညင်သာသိမ်မွေ့နေတတ်သည့် ဧကရာဇ်ငယ်သည် ဆံနွယ်တို့ ဖရိုဖရဲဖြစ်ကာ အကြည့်တို့မှာလည်း သိန်းငှက်တစ်ကောင်နှယ် စူးရဲခက်ထန်နေကြောင်း တွေ့လိုက်ရသည်။ သူ့အကြည့်တို့တွင် ရူးသွပ်ရက်စက်မှုတို့ ဖုံးကွယ်ထားသည့်ဟန်။
“ကိုယ့်တော့် ခေါင်းအုံးအောက်မှာ ထားထားတဲ့ ဆံထိုး ဘယ်မှာလဲ ...”
လျှိုကျီရူမှာ သူကိုယ်သူ အသက်အရွယ် ကြီးရင့်လာ၍ စိတ်အခြေအနေ ကမောက်ကမ ဖြစ်လေသလားဟုပင် တွေးလိုက်မိတော့သည်။
ခေါင်းအုံးအောက်မှာ ဆံထိုးထားပြီး အိပ်တတ်တဲ့ ဧကရာဇ်ကို ဘာလို့ မထူးဆန်းဘူးလို့ ခံစားနေရပါလိမ့် ...
မဝံ့မရဲဖြင့် အရိုအသေ ပေးလိုက်၏။
“သတ္တိကောင်းကောင်းနဲ့ပဲ မေးပါရစေ အရှင် ... ဘယ်လို ဆံထိုးအမျိုးအစားပါလဲ ...”
လီယင်း၏ အကြည့်တစ်ခုလုံး အမှောင်ထုတို့ ဖုံးလွှမ်းသွားတော့၏။ မတ်တပ်ထရပ်လိုက်သည့်အခါ ရှည်လျားလှသည့် ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းလှသည့် ဖိနှိပ်ချုပ်ခြယ်မှုတို့ ထွက်ပေါ်လာတော့သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည့် ဧကရာဇ်အရှင်၏ ပုံစံကို မည်သူမှ မတွေ့မမြင်ဖူးကြ။ လျှိုကျီရူ၏ ခြေထောက်တို့ ပျော့ခွေကာ နဖူးတွင်လည်း ချွေးပေါက်တို့ တပြိုက်ပြိုက် ကျဆင်းပြီး သူပင် သတိမပြုမိဘဲ ဒူးထောက်ချလိုက်မိတော့သည်။
ကောင်းကင်ဘုံ၏ သားတော်က သူ့အင်္ကျီကော်လံကို ဆွဲမ လိုက်သည့်အတွက် ချောမောသည့်တိုင် သုန်မှုန်လှသည့် မျက်နှာတော်ကို မော်ဖူးလိုက်ရစဉ်တစ်ခဏတွင် သူ့ဘဝ အဆုံးသတ်တော့မည်ဟုပင် တွေးလိုက်မိတော့သည်။ အသက်ကို အောင့်ကာ မျက်နှာကြွက်သားတို့ တုန်ရီမနေစေရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ လီယင်းသည် နှလုံးသားကို အမြဲလိုလို တင်းတင်းပိတ်ထားကာ ဆင်ဆင်ခြင်ခြင် ပြုမူလေ့ရှိသည့်အတွက် အများ၏ အမြင်တွင် သူသည် ရည်မွန်ကာ သင့်တင့်လျောက်ပတ်သည့် အုပ်ချုပ်သူတစ်ဦး ဖြစ်ပေသည်။ သူ၏ ရည်မွန်မှုအားလုံးမှာ ယွင်ချင်းစီနှင့် ရင်ဆိုင်ရချိန်တွင်မူ အားလုံး ပျက်စီးပျောက်ကွယ်သွားတော့သည်။
သို့သော် ယခု သူ့ရှေ့တွင် ရှိနေသည့် လီယင်းမှာမူ လူအရေခြုံထားသည်အား ဖယ်ချကာ အညှာအတာ ကင်းမဲ့မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလာသည့် နတ်ဆိုးတစ်ကောင်နှယ်၊ မည်သည်ကိုမှ အမှုထားတော့ဟန် မရှိပေ။
လီယင်းက သူ့ကို သတ်ဖြတ်လိုနေသည်ဟု ရှင်းရှင်းလင်းလင်း ခံစားမိနေပေသည်။
ထိုစဉ် အကြောင်းကြားရန် ရောက်လာသည့် မိန်းမစိုးငယ်လေးက သူ့အသက်ကို ကယ်တင်ပေးလိုက်တော့၏။
“အရှင့်ကို တင်ပြပါတယ် မယ်တော်ကြီးက အခုပဲ ဧကရီထံကို သွားရောက်လည်ပတ်ဖို့ လူတစ်ယောက် လွှတ်လိုက်တယ်လို့ ကိုယ်ရံတော်တွေက အကြောင်းကြားလာပါတယ် ...”
လီယင်းသည် သူနှင့် ယွင်ချင်းစီအကြား ကိစ္စများကို မယ်တော်ကြီးက ဝင်စွက်ဖက်သည့်အပေါ် မနှစ်မြို့၊ ထို့ကြောင့် ဤသို့သော တင်ပြချက်များအပေါ် အထူးတလည် အရေးပေး အာရုံစိုက်လေ့ ရှိပေသည်။
လျှိုကျီရူမှာ သူပဲ အမြင်မှားသွားလေသလားတော့ မသိ၊ ဧကရာဇ်မှာ ငေးမှိုင်သွားသည်ဟု ခံစားမိလိုက်တော့သည်။
လျှိုကျီရူက အမောတကော ဝင်ပြောလိုက်သည်။
“မယ်တော်ကြီးက မနေ့က ဝန်ကြီးချုပ်အိမ်တော်မှာ ဧကရီကြောင့် နည်းနည်းလေး ရှုပ်ထွေးသွားရတယ်ဆိုတာ သိလိုက်လို့ ယွင်မိသားစုကို နှစ်သိမ့်ပေးဖို့ တစ်ယောက်ယောက် လွှတ်လိုက်တာ ထင်တယ် ကျွန်တော်မျိုး ကြားမိသလောက်ဆို အိမ်တော် ပြန်ရောက်ပြီးကာမှ ဧကရီ နောက်တစ်ကြိမ် ဒဏ်ရာ ရသွားပါတယ်တဲ့ ...”
လီယင်း၏ မေးရိုးတို့ တင်းမားသွားတော့၏။ မျက်တောင်တို့ တဆတ်ဆတ် တုန်ရီကာ မျက်ကြည်လွှာတစ်ခုလုံး ငွေ့ရည်ဖွဲ့သွား တော့သည်။ သူအသံမှာလည်း တစ်ခဏမျှ ဆွံ့အသွားတော့သည်။
“ဧကရီ ... ကိုယ်တော်ရဲ့ ဧကရီ ...”
သူ့စကားသံမှာ တစ်ဝက်တစ်ပြတ်ဖြင့် ရပ်တန့်သွားသည့်အတွက် လျှိုကျီရူလည်း မည်သည်ကို ဆိုလိုခြင်းမှန်း နားမလည်လိုက်။
သူ့အသက်လေးတော့ ချမ်းသာရာ ရသွားရှာပြီ ...
ထို့နောက် စာအုပ်ကို ဆွဲထုတ်ကာ မှတ်တမ်းတစ်ခုကို လက်ဖြင့်ထောက်ထားပြီး ရက်စွဲကိုသာ မမှိတ်မသုန် စိုက်ကြည့်နေသည့် ဧကရာဇ်အား တွေ့လိုက်ရတော့သည်။