အပိုင်း ၂
Viewers 12k

“ရွှမ်ကျင်း ခုနစ်နှစ်မြောက် ...”
ယွင်ချင်းစီက အသက်ရှင်နေတုန်းပဲ ပြီးတော့ အခုထိ သူ့ကို အရူးအမူး ချစ်မြတ်နိုးနေတုန်း ...
ခပ်တိုးတိုး ရယ်မောသံနှင့်အတူ ဧကရာဇ်၏ မျက်နှာထက်တွင် မျက်ရည်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည့်အတွက် ဘေးတွင် ရပ်နေသူအားလုံး ထိတ်လန့်သွားတော့သည်။
ထို့နောက် သူ့ဆံပင်ရှည်ကို ဖြီးသင်ကာ နန်းစွန့်ရန် အမိန့်စာအား မီးပုံထဲ ပစ်ထည့်ရန် အမိန့်ပေးသံကိုပါ တစ်ပါတည်း ကြားလိုက်ရ တော့သည်။
နတ်ဆိုးဝိဉာဉ် ပြန်လည်ပျောက်ကွယ်ကာ စကားသံတို့လည်း တစ်ဖန် နူးညံ့လာပြန်တော့သည်။
“ဝေါယာဉ်တစ်ခု ပြင်ဆင်ထားလိုက် ရိုးရိုးရှင်းရှင်းဆို ရပြီ ငါကိုယ်တော် ဝန်ကြီးချုပ်ရဲ့ အိမ်တော်ကို ကြွချီမယ် ...”
ထို့နောက် လျှိုကျီရူဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“စောစောက အိပ်မက်ဆိုးကြောင့် ထိတ်လန့်သွားတာ အကြီးအကဲကို ခြောက်လှန့်မိစေပြီ ...”
လျှိုကျီရူက ချက်ခြင်း ပြန်ဖြေလိုက်၏။
“အရှင် စိုးရိမ်တော်မမူပါနဲ့ ဒီငယ်သားက ဘာကိုမှ မမြင်လိုက်ပါဘူး ...”
လီယင်းက နှုတ်ခမ်းတို့ ကွေးညွတ်လျက် ကြင်နာသည့် အပြုံးတစ်ပွင့်ကို လှစ်ဟလိုက်သည်။ နဂါးဝတ်ရုံတော်ကို လက်ချောင်းတို့ဖြင့် ပွတ်သပ်ရင်း ညင်သာသိမ်မွေ့သည့် ဘုရင်တစ်ပါးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားတော့သည်။
သဘောမနောကောင်းကာ အရည်အသွေးပိုင်းဆိုင်ရာတွင်ရော၊ စိတ်နေသဘောထားဆိုင်ရာတွင်ပါ ပြီးပြည့်စုံလှသည့် ကောင်းကင်ဘုံ၏ သားတော်တစ်ပါးအဖြစ် ပြန်လည်ရောက်ရှိလာတော့သည်။
...............
ယွင်ချင်းစီက နူးညံ့လှသည့် ညောင်စောင်းထက်တွင် ထိုင်ကာ ကျင်းဟွမ် တင်ပြသည်ကို သမ်းဝေလျက် နားထောင်နေ၏။
“မယ်တော်ကြီးက လူတစ်ယောက် လွှတ်လိုက်ပါတယ် ပြီးတော့ အခု အဲဒီ့သူက အရှေ့ခန်းမဆောင်ထဲမှာ စောင့်နေပါတယ် ...”
“ကောင်းပြီ ...”
ယွင်ချင်းစီ၏ လေသံမှာ လွန်စွာ တည်ငြိမ်ကာ စိတ်လှုပ်ရှားသည့် အရိပ်အယောင် တစ်ခုကိုမှ မတွေ့ရ။
ကျင်းဟွမ်လည်း နားလည်ရခက်သွားတော့၏။ မယ်တော်ကြီးသည် ဧကရီနှင့် အရှင်မင်းမြတ်ကို သင့်မြတ်စေရန် စွမ်းစွမ်းတမံ ကြိုးစားပေးသူဖြစ်ကာ သူတို့နှစ်ဦးအကြား ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားလေတိုင်း ဧကရီကို မကြာခဏ လာရောက် နှစ်သိမ့်ပေးလေ့ ရှိသည့်အတွက် ယခုကိစ္စတွင်လည်း သူမ ဝင်ပါလိုသည့် အရိပ်အယောင်မျိုး တွေ့ရသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီသည် အခွင့်အရေးကို အမိဖမ်းရန် အစွမ်းကုန် ကြိုးစားတော့မည်ဖြစ်သည်။
သူက နားမလည်နိုင်တော့ဟန်ဖြင့် မေးလိုက်သည်။
“အရှင် သူ့ကို တွေ့ချင်လား ...”
(ဒီမှာ ဧကရာဇ်ကိုရော ဧကရီကိုပါ အတူတူ သုံးနှုန်းထားတော့ အရှင်လို့ပဲ သုံးပါ့မယ်နော် သခင်လေးလို့လည်း သုံးလို့မရ၊ မယ်မယ်လို့ သုံးရင်လည်း အဆင်မပြေလောက်ဘူးလို့ ခံစားရလို့ပါ)
သူ့စကားသံ အဆုံးမှာပင် အပြင်ဘက်မှ တစ်ခစ်ခစ် ရယ်မောသံတစ်ခုကို ကြားလိုက်ရတော့သည်။
“မယ်တော်ကြီးက ဧကရီကို တွေ့ဆုံဖို့ ဒီအစေခံကို စေလွှတ်လိုက်ပါတယ် ...”
ယွင်ချင်းစီက ခပ်ဖျော့ဖျော့ပြုံးကာ ညောင်စောင်းပေါ်မှထပြီး ထိုင်ခုံပေါ် ပြောင်းထိုင်လျက် ပြောလိုက်သည်။
“ကျိုးကုန်းကုန်းက ရောက်တောင် ရောက်လာပြီ ဆိုမှတော့ အထဲကိုသာ ဝင်ခဲ့ပါ ...”
အထဲသို့ ဝင်လာကာ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာဒဏ်ချက်တို့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျိုးကုန်းကုန်းက သက်ပြင်းချကာ ရှေ့တစ်လှမ်းတိုးပြီး စစ်မှန်လေးနက်စွာ ပြောလိုက်သည်။
“အိုက်ယား မယ်တော်ကြီးသာ ဒီဒဏ်ရာတွေကို မြင်သွားရင်တော့လေ သူမ နောက်တစ်ကြိမ် စိတ်သောက ရောက်သွားမှာကို စိုးရိမ်မိပါရဲ့ ...”
ယွင်ချင်းစီက မပွင့်တပွင့်သာ ပြုံးပြလိုက်သည်။
နောက်ပိုင်းတွင် သူ့မျက်စိရှေ့၌ပင် ရင်ရှီကို လည်ပင်းညှစ်သတ်ခဲ့သည့် ကျိုးကျောက်ကို တွေ့ခဲ့၍သာ မဟုတ်ပါလျှင် ထိုမိန်းမမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလှကြောင်း သိလိမ့်မည် မဟုတ်ချေ။ ထိုအမျိုးသမီးသည် သူ့ကို သားအရင်းအဖြစ် သဘောထားပါသည်ဟု တဖွဖွ ပြောကာ လီယင်းနောက် လိုက်သည့်အပေါ် ချီးကျူးပြီး သူနှင့် လက်ထပ်ရန်ပင် အလောတကြီး တိုက်တွန်းခဲ့သေးသည်။
အစပိုင်းကတည်းက သူ့ကို ချဉ်းကပ်လာသည့် လီယင်း၏ ရည်ရွယ်ချက်မှာ သူမှတစ်ဆင့် အမတ်ချုပ်အိမ်တော်ထဲ ဝင်ရောက်နိုင်ရန်သာ ဖြစ်ပြီး သူကသာလျှင် မယ်တော်ကြီး၏ ပယောဂကြောင့် လီယင်းကို ချစ်ကျွမ်းဝင်သွားခဲ့ခြင်း ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်ကတည်းက လီယင်းနောက် တကောက်ကောက်လိုက်ခဲ့ကာ သူသာ လီယင်းနှင့် ထာဝရ လက်တွဲလိုပါလျှင်၊ လီယင်းနှင့် လက်ထပ်လိုပါလျှင် မည်သို့မည်ပုံ ကြံစည်ရမည်ဟု လမ်းပြခဲ့သူမှာ မယ်တော်ကြီးပင်ဖြစ်သည်။
ဤသို့ဖြင့် ယွင်ချင်းစီသည် သူ့ဆွေမျိုးများနှင့် တစ်စထက်တစ်စ အလှမ်းဝေးကွာကာ ရန်သူများနှင့် လက်တစ်ကမ်းအလိုအထိ ရောက်လာခဲ့ရတော့သည်။
“မယ်တော့်ရဲ့ ဂရုစိုက်ပေးမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြန်ပြောပေးပါ ...”
သူက နူးညံ့စွာ ပြောလိုက်သည်။
“ဒီနေ့ ကျိုးကုန်းကုန်းကိုယ်တိုင်တောင် ရောက်လာတာဆိုတော့ မယ်မယ်က ဘာများ မှာကြားလိုက်ပါသေးလဲ ...”
တည်ငြိမ်နေသူကြောင့် ကျိုးကျောက်မှာ အံ့ဩသွားရသည့်တိုင် ယွင်ချင်းစီ၏ မယ်တော်ကြီးအပေါ် သဘောထားကို အကဲခတ်ပြီးနောက် စိတ်သက်သာရာ ရသွားတော့သည်။ သူက အစေခံများအား မောင်းထုတ်စေပြီးကာမှ ပြောလိုက်သည်။
“အရှင်မင်းမြတ်က ဒီတစ်ခေါက်ကိစ္စမှာ မယ်မယ့်ကို ဝင်ပါခွင့် မပြုပါဘူး ဒီအစေခံမှာလည်း အချိန်အများကြီး မရတော့ အတိုချုပ်ပြီးပဲ ပြောပါ့မယ် ..."
ယွင်ချင်းစီက ခေါင်းငြိမ့်ပြလိုက်သည်။
“မယ်မယ်ရဲ့ သဘောအရဆို ဧကရီသာ အရှင်မင်းမြတ်နဲ့ ပြန်ပြီး သင့်မြတ်လိုရင် နည်းလမ်းတစ်ခုပဲ ရှိပါတယ်တဲ့ အဲဒါ ... အဲဒါက ဒုက္ခခံစားဖို့ပါ ...”
ယွင်ချင်းစီက စိတ်ဝင်တစား နားထောင်နေလိုက်သည်။
ကျိုးကျောက်လည်း အနည်းငယ် ပဟေဠိ ဖြစ်သွားတော့၏။ ပုံမှန်အားဖြင့်ဆိုလျှင် ယွင်ချင်းစီသည် ဤသို့ ပြန်ပြောမည်ဖြစ်သည်။
“အားယင်းရဲ့ နှလုံးသားကိုသာ ရနိုင်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လုပ်ဖို့ ဆန္ဒရှိတယ် ...”
မျှော်မှန်းထားသည့် တုန့်ပြန်ချက်မျိုး မရသော်လည်း ဆက်ပြောရန်သာ ရှိတော့သည်။
“အရှင်လည်း သိပါတယ် မယ်မယ်က ဒီနှစ်တွေမှာ အများကြီး ကူညီပေးခဲ့တော့ ဧကရာဇ်က သူမကို မုန်းတီးနေတယ် ဆိုတာကိုလေ ... ဆိုတော့ စိုးရွံ့မိပေမယ့် ဒီတစ်ခေါက်တော့ ဧကရီ့ကို အမတ်ချုပ်ယွင်ပဲ ကယ်တင်ပေးနိုင်တော့မယ် ထင်ပါတယ် ...”
“သူနဲ့ငါက ဘယ်လိုဆက်ဆံရေးမျိုးလဲဆိုတာ သိထားတယ် မဟုတ်လား ...”
“ဘာလို့ဆို အရှင်က သူနဲ့ ရင်းရင်းနှီးနှီး မနေချင်လို့လေ သူက အရှင်နဲ့ ရင်းနှီးဖို့ ဆန္ဒရှိပါတယ် ...”
ယွင်ချင်းစီ၏ မျက်နှာမှာ တည်ငြိမ်နေသည့်တိုင် လက်ချောင်းတို့မှာမူ တုန်ရီနေပေသည်။ ငယ်စဉ်ကတည်းက မိဘနှစ်ဦးအကြား ပဋိပက္ခများကြောင့် မိခင်ဖြစ်သူနှင့်အတူ ဆင်ခြေဖုံးတွင် နေထိုင်ရကာ ခုနစ်နှစ်အရွယ် ရောက်ကာမှ အမတ်ချုပ်အိမ်တော်သို့ ပြန်ရောက်လာရခြင်း ဖြစ်သည်။ ထိုနှစ်တွင်ပင် ဖခင်ဖြစ်သူက သူ့ကို ခရီးတစ်ခုသို့ ခေါ်သွားပြီး ထိုခရီးစဉ်တွင် ဧကရာဇ်မှာ လုပ်ကြံခြင်း ခံလိုက်ရ၏။ချွန်ထက်လှသည့် ဓားသွားများက သူနှင့် ဧကရာဇ်ကို တစ်ပြိုင်တည်း ချိန်ရွယ်လာသည့်အခါ ဖခင်ဖြစ်သူက သူ့ကို စိုက်ကြည့်ပြီး ဧကရာဇ်ရှိရာသို့သာ အပြေး ထွက်သွားခဲ့သည်။
ချွန်ထက်လှသည့် ဓားသွားက သူ့ရင်ဘက်ကို ထိုးဖောက်သွား၏။
ထိုစဉ်မှစကာ ကောင်းမွန်ရန် နောက်ကျနှင့်နေပြီဖြစ်သော သားအဖဆက်ဆံရေးမှာ ပို၍ပင် ဆိုးဝါးလာတော့သည်။
နောက်ပိုင်း မိဘနှစ်ပါး အတိအလင်း ပြတ်စဲသွားသည့် အချိန်မှစ၍ အမတ်ချုပ်ယွင်ကို "အဖေ” ဟု နောက်တစ်ကြိမ် ထပ်မခေါ်တော့။
ယွင်ချင်းစီက လက်ဖက်ရည်တစ်ငုံ ငုံ့သောက်ကာ မျက်တောင်ရှည်တို့ ဖြန့်ချလျက် မျက်ဝန်းထဲရှိ ခံစားချက်များကို ဖုံးကွယ်လိုက်သည်။
“သူ့ကို တောင်းပန်ရမယ်လို့ ဆိုလိုတာလား ...”
“သားအဖဆိုတာ နှလုံးသားချင်း ဆက်နွယ်နေတာလေ တကယ်လို့ ဧကရီသာ ကိုယ့်ကိုယ်ကို မညှာမတာနဲ့ ထိခိုက်အောင် လုပ်ခဲ့ရင် အမတ်ချုပ်ယွင်ရဲ့ နှလုံးသားက သေချာပေါက်ကို ပျော့ပြောင်းလာမှာပါ ..."
ထိုသို့ပြောနေသည့် ကျိုးကျောက်မှာ မျက်နှာနီမြန်းခြင်းလည်း မရှိ၊ နှလုံးခုန်မြန်ခြင်းလည်း မရှိ။ အခြားသူတစ်ယောက်အား ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ရန် တိုက်တွန်းသည့်အပေါ် အားနာစိတ်ပင် ဖြစ်မိဟန် မရှိချေ။
ယွင်ချင်းစီမှာ ရယ်ချင်စိတ်ကို ချုပ်တည်းထား၍ မရတော့။
ပြီးခဲ့တဲ့ဘဝမှာ သူ ဘယ်လောက်အထိ ရူးမိုက်ခဲ့လို့ ဒီလောက်အထိ သိသာနေတဲ့ အကြံအစည်တွေကိုတောင် မမြင်ခဲ့ရတာလဲ သူတို့ရဲ့ စကားတွေကို တကယ်ကြီး ယုံကြည်ခဲ့မိရလောက်တဲ့အထိကိုလေ ...
သူနှင့် လီယင်းအကြား ဝင်ရောက်ဖြန်ဖြေပေးရန် အရူးတစ်ယောက်နှယ် သူ့ကိုယ်သူ ထိခိုက်နာကျင်စေလျက် ဖခင်ဖြစ်သူအား အတင်းအကြပ် အကြပ်ကိုင်ခဲ့သည်။ ဤသို့ဖြင့် မယ်တော်ကြီး တွက်ဆထားသည့် အတိုင်းပင် အမတ်ချုပ်ယွင်လည်း ဧကရာဇ်ထံ အခစား ဝင်လိုက်ရတော့သည်။
ကျန်းရှန်းနန်းဆောင်ရှေ့တွင် တစ်ရက်တစ်ညတိုင်တိုင် ဒူးထောက်အသနားခံခဲ့၏။ သူသည် ရင်သွေးဖြစ်သူအား ခွင့်လွှတ်ပေးရန် တောင်းဆိုနေသည့် ဖခင်အိုတစ်ဦးမျှသာ ဖြစ်သော်ငြား သူ့နောက်ကွယ်ရှိ အင်အားစုတို့ကြောင့် ဧကရာဇ်မှာ သံသယဝင်လာခဲ့တော့သည်။ သူ့တောင်းဆိုချက်ကို လက်ခံခဲ့ခြင်းမှာလည်း ကောင်းကင်သားတော်က ယွင်ချင်းစီ၏ ဖခင်ကို စာနာသနားသောကြောင့် မဟုတ်၊ ယွင်ချင်းစီကို အကြောင်းပြုကာ ယွင်မိသားစုကို ရန်မပြုလို၍သာ ဖြစ်ပေသည်။
ယွင်ချင်းစီ၏ စိတ်အာရုံတို့တွင် သူ့အဖေ ပြန်ရောက်လာခဲ့စဉ်က မြင်ကွင်းကို ပြတ်ပြတ်သားသား မှတ်မိနေဆဲဖြစ်သည်။ အိပ်ယာပေါ်မှ ကမန်းကတမ်း ထလာကာ မောဟိုက်နွမ်းနယ်နေသည့် ဖခင်ဖြစ်သူ၏ မျက်ကွင်းညိုများကို လျစ်လျူရှုပြီး မျှော်လင့်ချက် အပြည့်ဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။
“သူ ကျွန်တော့်ကို လိုချင်သေးရဲ့လား ...”
ဖခင်ဖြစ်သူက သူ့ကို ကရုဏာလွှမ်းသည့် အကြည့်တို့ဖြင့် အတော်ကြာ စိုက်ကြည့်နေပြီးကာမှ မသဲမကွဲ ပြောလိုက်တော့သည်။
“အင်း ...”
ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီက သူရူးတစ်ယောက်နှယ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။
စိတ်လက်မကြည်မသာဖြစ်နေသည့် မိသားစုဝင်များအကြား သူတစ်ယောက်တည်းသာလျှင် ပြုံးရယ်နေခဲ့သည်။ ထိုအချိန်က ယွင်ချင်းစီသည် မည်သည့်အရာကိုမှ အလေးမထား၊ သူ့စိတ်အာရုံ အလုံးစုံကို လီယင်းကသာ ပိုင်စိုးထားပေသည်။
ထိုစဉ်ကတည်းက သူ့ဖခင်သည် ယွင်မိသားစု ပျက်သုဉ်းတော့မည်ဖြစ်ကြောင်း တွက်ဆပြီး ဖြစ်ကြောင်းကိုမူ နောက်ပိုင်းမှသာ နားလည်ခဲ့တော့သည်။
သူ၏ ဒူးထောက်တောင်းပန်မှုသည် မည်မျှပင် ညင်သာပါစေ၊ ကောင်းကင်သားတော်၏ အမြင်တွင်မူ ခြိမ်းခြောက်မှုသာ ဖြစ်ပေသည်။ သားဖြစ်သူ ယွင်ချင်းစီမှာ သူ့လက်ထဲတွင် ရှိနေသည့်အတွက် ပွင့်ပွင်းလင်းလင်း ခြိမ်းခြောက်သည်ဟု မဆိုသာသည့်တိုင် သိုဝှက်ထားသော အကြပ်ကိုင်မှုတစ်ခုပင် ဖြစ်ပေသည်။
ထို့ကြောင့်လည်း လီယင်းက ယွင်မိသားစုကို တစ်စထက်တစ်စ ကြောက်ရွံ့လာကာ နောက်ပိုင်းတွင် ယွင်မိသားစုသည် ကိုယ်ပိုင် အကျိုးအမြတ်အတွက် အုပ်စုတစ်ခု ဖွဲ့စည်းထားကြောင်း ရှာတွေ့သွားတော့သည်။ အမတ်ချုပ်ယွင်က မျိုးနွယ်တစ်ခုလုံး ရှင်သန်နိုင်ရန် အလို့ငှာ ဤသို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထို အရုပ်ဆိုးလှသည့် အခြေအနေအားလုံး ဒူးထောက်တောင်းပန်မှုမှ မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်ပေသည်။
ထိုဒူးထောက်တောင်းပန်ရမှုကြောင့် သန်စွမ်းလှသည့် အမတ်ချုပ်ယွင်၏ ခန္ဓာကိုယ်လည်း တစ်နေ့တစ်ခြား ယိုယွင်းပျက်စီးလာတော့သည်။
သူ့ရဲ့ တကယ့်မိသားစုက ဘယ်သူတွေလဲဆိုတာ ဒီလောက်အထိ သိသာနေတာကို ပြီးခဲ့တဲ့ ဘဝက ယွင်ချင်းစီက တကယ်ကြီး ကန်းနေခဲ့တာပဲ အဖေ့ကို မျက်စိစုံမှိတ်ပြီး မုန်းခဲ့တာကြောင့်နဲ့ပဲ ရန်သူကို ယုံကြည်ပြီး တစ်မိသားစုလုံးကို သေလမ်း ပို့ခဲ့မိတာပါ့လား ...
အကယ်၍ သူ့ဘက်မှ မည်သို့မှ မလှုပ်ရှားသည့်တိုင် ဧကရီရာထူးမှ ဖြုတ်ချခံရမည် မဟုတ်ချေ။ လီယင်းက သူ့ကို နန်းချလိုလျှင်ပင် မယ်တော်ကြီးက ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ယွင်ချင်းစီတစ်ဦးတည်းကသာလျှင် သူမအတွက် ယွင်မိသားစုကို ထိန်းချုပ်နိုင်မည့် ရုပ်သေးရုပ် ဖြစ်နေ၍ပင် ဖြစ်သည်။
ကျိုးကျောက်မှာ အတွေးရခက်သွားသည့်ဟန်။
“ဧကရီ ဘာဖြစ်လို့များ ရယ်မောရတာပါလဲ ...”
ယွင်ချင်းစီ၏ စိတ်နှလုံးတစ်ခုလုံး ကြည်လင်ကာ အကြည့်တို့ ဝင်းလက်လာတော့သည်။ သူ့မေးခွန်းကို ဖြေရမည့်အစား တန်ပြန်ကာ မေးခွန်းထုတ်လိုက်၏။
“ကုန်းကုန်းကရော ဘယ်လိုအကြောင်းကြောင့် ရယ်တယ်လို့ ထင်လိုက်ရတာလဲ ...”
ကျိုးကျောက်က သူ့ကို အချိန်အတော်ကြာ အကဲခတ်နေကာ သူကမူ ခပ်ပြုံးပြုံးသာ ပြန်စိုက်ကြည့်နေလိုက်သည်။ နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ဖူးသည့် ကျိုးကျောက်အတွက်ပင် သူ့မျက်နှာမှာ နှစ်လိုဖွယ်ကောင်းလှသည်ဟု ဆိုနိုင်ပေသည်။ အချိန်တစ်ခု ကြာသည်အထိ စိုက်ကြည့်မိလိုက်သည်နှင့် တစ်ပြိုင်နက် မူလရည်ရွယ်ချက်ကိုပင် မေ့လျော့သွားရတော့၏။
အကြည့်တို့ကို လွှဲကာ ဧကရီသည် ဧကရာဇ်နှင့် ပြန်လည်သင့်မြတ်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွား၍ ဝမ်းသာလုံးဆို့သွားသည်ဟုသာ ကောက်ချက်ချလိုက်တော့သည်။ လီယင်းနှင့် ပတ်သက်လေတိုင်း ယွင်ချင်းစီသည် အမြဲလိုလို အရူးတစ်ယောက်နှယ် ဖြစ်သွားတတ်ပေသည်။
ထိုသို့ တွေးလိုက်မိသည့်အခါ ကျိုးကျောက်မှာ သူ့ကို အနည်းငယ် အထင်သေးမိသွားတော့၏။ မျှော်လင့်စောင့်စားနေသည့် အမူအယာအချို့ကို လှစ်ဟကာ ပြောလိုက်သည်။
“ဒါဆို ဒီငယ်သားက ဧကရီထံကနေ သတင်းကောင်းကို မျှော်လင့်နေပါ့မယ် ...”
ယွင်ချင်းစီက သာမန်ကာလျှံကာ ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါဆို ကျိုးကုန်းကုန်းလည်း ဂရုစိုက်ပြီး ပြန်ပါ ...”
Xxxxxx