အပိုင်း ၃
Viewers 12k

Chapter 3



သူထွက်သွားပြီးနောက် ယွင်ချင်းစီ၏ အပြုံးတို့ ပျောက်ကွယ်သွားတော့၏။

ပြတင်းပေါက်ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲဖွင့်လိုက်ရာ အေးစက်သော လေတစ်သုတ် ဝင်ရောက်လာပြီး ယွင်ချင်းစီ၏ ဝင်းလက်နေသော မျက်ဝန်းအစုံတို့ မှေးကျဉ်းသွားတော့သည်။

သူ့ဘဝတွင် လီယင်းကို ချစ်ခဲ့ရသည့်အတွက် လုံးဝ နောင်တမရ။ ထိုသူကို များစွာ ချစ်မြတ်နိုးခဲ့ကာ သူ့အတွက် လွတ်ရာလွတ်ကြောင်းပင် မချန်ခဲ့မိသည့်အတွက် မျိုးနွယ်တစ်ခုလုံး အသတ်ခံခဲ့ရသည်ကိုသာလျှင် နောင်တရမိပေသည်။

နောက်ထပ် ဘယ်တော့မှ ထပ်မဖြစ်စေရဘူး ...

ဒီဘဝမှာ သူ့မိသားစုကို သေချာပေါက် ကာကွယ်ရမယ် လီယင်းနဲ့ မယ်တော်ကြီးကို ယွင်မိသားစုက ဘယ်လောက်အထိ အင်အားကြီးပြီး ကြောက်ဖို့ကောင်းလဲ ပြီးတော့ တိုင်းပြည်တစ်ဝက်ကို ဘယ်လိုသိမ်းပိုက်မလဲဆိုတာကို ရှင်းရှင်းကြီး သိသွားအောင်ကို ပြပေးမယ် ...

လေမှာ ပိုမိုပြင်းထန်လာသည်။

အမတ်ချုပ်အိမ်တော်နှင့် မနီးမဝေး တစ်နေရာတွင် ကျိုးကျောက်သည် ခပ်သုတ်သုတ် လာနေသော အမည်မဲ့ လှည်းတစ်စီးကို တွေ့လိုက်ရသည်။ ၎င်းကို ဟန့်တားရန် ရည်ရွယ်ချက် မရှိသော်ငြား ဘေးနားတွင် လိုက်ပါလာသူကို တွေ့လိုက်ရသည့်အခါတွင်မူ ခြေလှမ်းတို့ ချော်ကျလုမတတ် အပြေးလာကာ နှုတ်ဆက်လိုက်ရတော့သည်။

“လူကြီးမင်းလျှို ...”

လျှိုကျီရူက သူ့ကို စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။

“ဘာလို့ မင်းရဲ့လှည်းကို မရွှေ့သေးတာလဲ ...”

ထိုအခါမှ ကျိုးကျောက်လည်း လမ်းဖယ်ပေးရန် အမြန် အမိန့်ပေးကာ အလောတကြီး မောင်းနှင်သွားသည့် ဧကရာဇ်၏ လှည်းကိုသာ တထူးတဆန်း ငေးကြည့်နေလိုက်တော့သည်။

ထိုစဉ် လှည်းထဲ ထိုင်နေသူက လက်ကြယ်သီးတို့ကို ပွတ်သပ်နေခြင်းအား ရပ်တန့်ကာ ပြောလိုက်သည်။

“သူ့ကို ခေါ်လာခဲ့ ...”

လျှိုကျီရူက လက်ကို ယမ်းပြလိုက်လျှင် သက်တော်စောင့်နှစ်ဦး ရှေ့တက်လာကာ ကျိုးကျောက်ကို ဆွဲခေါ်လာလိုက်သည်။

“အရှင် ...အရှင်က ဘာကို ဆိုလိုချင်တာပါလဲ ...”

လျှိုကျီရူက မျက်မှောင်ကြုတ်ပြလိုက်၏။ အမှန်စင်စစ်တွင် သူလည်း နားလည်ရခက်နေပေသည်။ ဧကရာဇ်အရှင်မှာ တစ်ခုခုကို စိုးရိမ်နေသည့်နှယ် လွန်စွာ စိတ်လောကြီးလွန်းနေ၏။

နှစ်ဦးလုံးမှာ အနီးကပ်အစေခံများ ဖြစ်ကြသည့်အတွက် ကျိုးကျောက်ကို မျက်နှာသာပေးသည့်အနေဖြင့် ခပ်တိုးတိုး ရှင်းပြလိုက်သည်။

“အရှင်က ဒီနေ့ စိတ်မကြည်ဘူး ...”

ကျိုးကျောက်မှာလည်း အရူးမဟုတ်ရာ ချက်ခြင်း ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။

မိမိခစားရသည့် အရှင်သခင် စိတ်အခြေအနေ မကောင်းပါလျှင် ဆူညံပူညံ လုပ်သည်ထက် ပါးစပ်ကို အသာပိတ်ထားသည်ကသာ မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်ပေသည်။

ထို့အပြင် သူ့အဖို့ ယွင်အမတ်ချုပ်စံအိမ်တော်သို့ လိုက်လာရ၍လည်း ပြဿနာမရှိ။ ယွင်ချင်းစီက ပြဿနာ ရှာထားနှင့်လောက်ပြီး ဖြစ်ပေရာ ကောင်းကင်သားတော်သာ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရပါလျှင် သူ့ကို ပို၍ပင် ရွံရှာသွားဦးမည်ဖြစ်သည်။

ပွဲကြီးပွဲကောင်းပဲ ...

ထိုသို့တွေးပြီးပြီးချင်း နောက်ကျောတစ်ခုလုံး အေးစက်လာသည့်အတွက် အယောင်ယောင်အမှားမှားဖြင့် နောက်ပြန်လှည့်ကြည့်မိသွားတော့သည်။ လှည်း၏ လိုက်ကာစတို့ အနည်းငယ် လှုပ်ယမ်းနေရာ အထဲတွင် ထိုင်နေသူမှာ သူတို့ကို လှမ်းကြည့်လိုက်သည့်ဟန်ပင်။

ဖြတ်ခနဲ ကြည့်လိုက်ခြင်းမျှသာ ဖြစ်သည့်အတွက် မည်သူကမှ ထိုအကြည့်၏ အဓိပ္ပါယ်ကို မသိလိုက်ကြချေ။

ရုတ်ချည်း အေးစက်လာမှုနှင့်အတူ ကျိုးကျောက်၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့၏။

မဟုတ်မှလွဲရော အရှင်က ငါ ဧကရီကို သူ့ဘာသာသူ ထိခိုက်အောင်လုပ်ဆိုပြီး အကြံပေးခဲ့တာကို သိသွားတာများလား ...

လီယင်း စီးနင်းလာသည့်လှည်း အမတ်ချုပ်အိမ်တော်ရှေ့သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လျှိုကျီရူက သူရောက်လာကြောင်း အကြောင်းကြားလိုက်၏။ထိုအခါ အမတ်ချုပ်ယွင်က ယွင်ချင်းစီနှင့် သူ့အစ်ကိုနှစ်ယောက်ကို ခေါ်ကာ အလျင်အမြန် ရောက်ရှိလာတော့သည်။

“အရှင့်ကို နှုတ်ခွန်းဆက်သပါတယ် အရှင်ကိုယ်တိုင် ဒီလိုမျိုး ကြွရောက်လာပေးတာကိုက ဒီငယ်သားတို့အတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီ ညံ့ဖျင်းလှတဲ့ ကြိုဆိုရေးအပေါ် ခွင့်လွှတ်ပေးဖို့ကိုလည်း တစ်ပါတည်း တောင်းဆိုပါရစေ ...”

ကိုယ်ကိုကိုင်းညွတ်ကာ အနူးအညွတ် အရိုအသေပေးမည်ပြုစဉ် သန်မာလှသည့် လက်တစ်စုံက သူ့ကို ဟန့်တားလိုက်၏။

“ဆရာက ယဉ်ကျေးလွန်းနေပါပြီ ...”

အမတ်ချုပ်ယွင်သည် အင်ပါယာတက္ကသိုလ်တွင် ပညာသင်ကြားပေးခဲ့ဖူးသူတစ်ဦး ဖြစ်ပေသည်။ ယခင်ဧကရာဇ်မှာ အစောကြီးကတည်းက နတ်ရွာစံသွားသည့်အတွက် လီယင်းသည် ထီးနန်းဆက်ခံချိန်တွင် ၁၃ နှစ်သားသာ ရှိပေသေးသည်။ တိုင်းပြည်ကို အုပ်ချုပ်ရာတွင် အမတ်ချုပ်ယွင်ကိုပါ တာဝန်ပေးအပ်ခန့်ထားခဲ့သည့်အတွက် သူ့ကို “ဆရာ” ဟု ခေါ်ဝေါ်ခြင်းမှာလည်း မှားသည်ဟု မဆိုနိုင်ပေ။

သို့သော် သူ့အပြုအမူများမှာ လွန်စွာ ဖော်ရွေလွန်းလှသည်ဟု အမတ်ချုပ်ယွင်သာမက လျှိုကျီရူကပါ တွေးလိုက်မိကြတော့သည်။ အမတ်ချုပ်ယွင်က ကိုယ်ကို ပြန်လည်တည့်မတ်လျက် နှုတ်ခွန်းဆက်လိုက်၏။

“ကျေးဇူးပြုပြီး အထဲကို ကြွပါ ဒီလောက် နှင်းကျနေတဲ့အချိန်မှာ ဘယ်လိုအကြောင်းကိစ္စမျိုးနဲ့ အရှင် ..”

လီယင်း၏ ရုတ်ချည်း ရပ်တန့်လိုက်မှုကြောင့် စကားသံအားလုံး ပျောက်ကွယ်သွားတော့၏။ သူ့အကြည့်တို့သည် နှင်းလွှာထုကို ဖြတ်ကာ အမတ်အိမ်တော်၏ စင်္ကြန်ခုံးတွင်သာ ကပ်ငြိသွားတော့သည်။

နို့စိမ်းရောင် သားမွေးဝတ်ရုံကို ဆင်မြန်းကာ နဖူးတွင်လည်း ပတ်တီးတို့ကို စည်းထားပြီး အဖြူရောင် သားမွေးအင်္ကျီလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် အမျိုးသားတစ်ဦးက သူတို့ရှိရာဆီသို့ အေးဆေးသက်သာစွာ လျှောက်လာ၏။

လီယင်းမှာမူ နေရာတွင် ရပ်လျက်သာ ငေးကြည့်နေဆဲ ဖြစ်သည့်အတွက် လျှိုကျီရူလည်း ရှေ့တစ်လှမ်းတိုးကာ ဧကရာဇ်ကို ဆီစိမ်ထီးဖြင့် အုပ်မိုးပေးရင်း လီယင်းနှင့် ယွင်ချင်းစီတို့ကို အပြန်ပြန်အလှန်လှန် အကဲခတ်နေလိုက်သည်။

နီးကပ်လာသည့်အခါ အကြည့်နှစ်စုံတို့ တွေ့ဆုံသွားကြတော့၏။

ယွင်ချင်းစီ ကြောင်အနေစဉ်မှာပင် လီယင်းက လက်ကို အသာဆန့်တန်းကာ ဖွင့်ဟထားလိုက်သည်။

ယခင်အတိုင်း သူ့ရင်ခွင်ထဲ အပြေးဝင်လာမည့် ယွင်ချင်းစီကို စောင့်မျှော်နေမိ၏။

ထိုသို့ တွေးသူမှာ သူတစ်ယောက်တည်း မဟုတ်၊ အမတ်ချုပ်ယွင် အပါအဝင် ထိုနေရာတွင် ရှိနေသူအားလုံး အတူတူပင်ဖြစ်သည်။

မည်သည့်အချိန်မှစကာ သူ့တည်ရှိမှုအား အဆိပ်အတောက် ဖြစ်စေခဲ့သည် မသိ၊ ထိုအမျိုးသားကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် လုံးဝမှပင် မလှုပ်ရှားနိုင်တော့။ဖခင်တို့သည်သာလျှင် သားဖြစ်သူကို နားလည်ပေးနိုင်ဆုံးဖြစ်ရာ ဧကရာဇ်ကိုယ်တိုင် ကြွချီလာသည့်အခါ ယွင်ချင်းစီတစ်ယောက် မည်မျှ ဝမ်းမြောက်နေကြောင်း တွေးနေရန်ပင် မလိုအပ်တော့ချေ၊ အကယ်၍ ဧကရာဇ်သာ ရောက်မလာပါလျှင်လည်း သူ့ကို ရှာဖွေရန် နည်းလမ်းများစွာ စဉ်းစားထားပြီး ဖြစ်ပေသည်။

သူ့နဖူးပေါ်ရှိ ဒဏ်ရာမှာ အနာပင် မကျက်သေးသည့်တိုင် ...

အမတ်ချုပ်ယွင်က အကြည့်လွှဲလိုက်ကာ ယွင်ညီအစ်ကိုများကမူ ထူးမခြားနားလေဟန်ဖြင့်သာ စိုက်ကြည့်နေလိုက်သည်။

ယွင်ချင်းစီသည် လီမိသားစုအား အကြွေးဆပ်ရန် လူ့လောကသို့ ရောက်လာခြင်းဖြစ်ကြောင်း ယွင်မိသားစုတစ်ခုလုံး သိထားပြီး ဖြစ်သည်။

အားလုံး၏ အမူအယာကို သတိပြုမိသော ယွင်ချင်းစီက အမြန်သတိပြန်ကပ်ကာ အပြုံးတစ်ခု ဆင်မြန်းလျက် ခပ်သွက်သွက် လျှောက်လာလိုက်သည်။

လီယင်းက သူ့ကို နှုတ်ဆက်ရန် ကိုယ်ကို ရှေ့သို့ မသိမသာ ကိုင်းညွတ်လိုက်သော်လည်း ယွင်ချင်းစီက သူနှင့် သုံးလှမ်းအကွာတွင် ရပ်ကာ အလွန်အမင်း ရိုသေလေးစားစွာ ပြောလိုက်သည်။

“ဒီငယ်သားက အရှင့်ကို နှုတ်ခွန်းဆက်သပါတယ် ...”

ရှေ့သို့ တိုးလာလုဆဲဆဲ လှုပ်ရှားမှုတို့ ရပ်တန့်သွားကာ မသိမသာ မြှောက်ထားသည့် လက်မောင်းတို့ အောက်ပြန်ကျသွားတော့သည်။ ထိုလှုပ်ရှားမှုတို့မှာ သေးငယ်လှ၍ ဧကရာဇ်ကိုယ်တိုင်မှအပ မည်သူမှ သတိမပြုမိလိုက်ကြချေ။

လက်ကို နောက်ကျောဘက်သို့ ပို့ကာ ဧကရီကိုသာ စိုက်ကြည့်နေလိုက်တော့သည်။

အမတ်ချုပ်ယွင်က ပြန်လှည့်ကြည့်လာကာ ယွင်ညီအစ်ကိုတို့၏ အမူအယာမှာလည်း ထူးဆန်းလာတော့သည်။

ယွင်ချင်းစီက သူ့အဖေကို စိုက်ကြည့်ကာ “အဖေ” ဟု ခေါ်မည်ပြုပြီးကာမှ စကားလုံးတို့ကို ပြန်မျိုချလိုက်တော့သည်။ ပြီးခဲ့သည့် ဘဝတွင် ဤသို့ ခေါ်ခဲလှရာ ယခုအချိန်တွင်မှ ပြောရန်မှာ သူ့အဖို့ အနေခက်လှသည့်အတွက် အခြားစကားတစ်ခွန်းကိုသာ ပြောလိုက်တော့သည်။

“ဒီလောက် နှင်းတွေကျနေတာကို ဘာလို့ ခြံဝင်းထဲမှာ မတ်တပ်ရပ်နေကြတာလဲ ...”

“ဟုတ်သားပဲ ...”

သူ့အဖေက သူ့ကို အကြည့်တစ်ချက် ပေးကာ လီယင်းဘက်သို့ လှည့်ပြောလိုက်သည်။

“အရှင် ကျေးဇူးပြုပြီး အထဲကြွပါ ..."

လီယင်းလည်း အကြည့်တို့ကို ရုတ်သိမ်းကာ ခန်းမဆောင်ထဲသို့သာ တိတ်တဆိတ် ဝင်လာလိုက်တော့သည်။

ယွင်ချင်းစီကလည်း သူ့အစ်ကိုနှစ်ယောက်၏ သိလိုစိတ်ပြင်းပြနေသည့် အကြည့်တို့ကို လက်ခံရင်း လိုက်ပါလာခဲ့သည်။ အမတ်ချုပ်ယွင်က ဧကရာဇ်၏ မျက်နှာတော်ကို မော်ဖူးကာ အဓိကထိုင်ခုံတွင် ထိုင်စေလျက် လက်ဖက်ရည်များ ပြင်ဆင်ပေးရန် ညွှန်ကြားရင်း မေးလိုက်ပြန်သည်။

“အရှင် ဒီနေ့ နှင်းတွေ အရမ်းကျနေတဲ့အထဲမှာ ဘာ အရေးကြီးကိစ္စများ ဖြစ်ပွားလို့ပါလဲ ...”

လီယင်းက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ရင်း ယွင်ချင်းစီကို လှမ်းကြည့်မိလိုက်ပြန်သည်။ တစ်ဖက်သူကလည်း သူ့ကို ကြည့်နေရာ အကြည့်တို့ စုံသွားသည့်တစ်ခဏ၌ ထိုသူက အလွန်အမင်း ညင်သာကာ နာခံတတ်သည့် အပြုံးတစ်ပွင့်ကို ဖွဖွလေး ပြုံးပြလာ၏။ သူ့ပုံစံမှာ လွန်စွာ ယဉ်ကျေးကာ အကွာအဝေးတစ်ခု ခြားနားထားသည့်ဟန်။

ယွင်ချင်းစီမှာလည်း သူ့ကိုယ်သူ လီယင်းအား သူစိမ်းတစ်ယောက်အဖြစ် တည်ငြိမ်စွာ ကြည့်နိုင်မည့်နေ့သို့ ရောက်လာလိမ့်မည်ဟု ထင်မှတ်မထား။လီယင်းအတွက်မူ သူသည် သူစိမ်းတစ်ယောက်နှင့်ပင် မယှဉ်နိုင်ချေ။

လီယင်းက သူ့ကို စိုက်ကြည့်ကာ စစ်မှန်လေးနက်စွာ ပြောလိုက်သည်။.

“ဧကရီကို နန်းတော်ကို ပြန်ခေါ်ဖို့ ရောက်လာတာ ...”

ယွင်ချင်းစီ “???”

သူ ရောက်လာသည်ကပင်လျှင် မယုံနိုင်လောက်စရာ ကောင်းနေပြီဖြစ်ရာ နန်းတော်သို့ ပြန်ခေါ်လိုသည်ဟုပါ ပြောလာခြင်းမှာ သာ၍ပင် ယုံဖွယ်ရာ မရှိတော့ချေ။

မယ်တော်ကြီးက သူ့ကို တွန်းအားပေးလိုက်လို့များလား ဒါလည်း မဖြစ်နိုင်ဘူး ပြီးခဲ့တဲ့ ဘဝကဆို မယ်တော်ကြီးက ငါ့ကို ကိုယ့်ကိုယ့်ကို ထိခိုက်အောင်လုပ်ဖို့ အောင်အောင်မြင်မြင် အကြံပေးနိုင်ခဲ့တယ်လေ လီယင်း လာခေါ်တယ်ဆိုရင်တောင် ဒါက ငါ ဘာမှမလုပ်မှန်းသိမှ ဆက်ပြီး လှုပ်ရှားရမယ့် နောက်ဆုံးအကြံအစည်လေ အခု ကျိုးကျောက်ထွက်သွားတာ ဘယ်လောက်မှ မရှိသေးဘဲနဲ့ ငါ့ကိုယ်ငါ ထိခိုက်အောင်လုပ်ပြီး အဖေ့ကို ခြိမ်းခြောက်တာမျိုး လုပ်မလုပ် မယ်တော်ကြီးက ဘယ်လိုလုပ် သိမှာလဲ ...

ပြီးတော့ သူမ သိတယ်ပဲထား လီယင်းလိုလူမျိုးက သူမရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်မှာတဲ့လား အလွန်ဆုံးမှ လျှိုကျီရူလောက်ပဲ ရောက်လာနိုင်မှာလေ ...

လီယင်းက ဘယ်လိုဖြစ်ပြီး သူကိုယ်တိုင် ရောက်လာရတာလဲ ...

ယွင်ချင်းစီမှာ လွန်စွာ အတွေးရခက်သွားတော့၏။ ဖခင်ဖြစ်သူကလည်း သူ့ကို အကဲခတ်နေရာ တစ်ခဏမျှ တွေဝေပြီးနောက် ပြန်ပြောလိုက်သည်။

“ဒါပေမယ့် အရှင်က ကျွန်တော်မျိုးကို အမတ်ချုပ်အိမ်တော်ပြန်ပြီး အားပြန်ဖြည့်သင့်တယ်လို့ မိန့်ကြားခဲ့တာလေ ဒဏ်ရာတွေကလည်း အခုထိ မသက်သာသေးဘူးဆိုတော့ …”

လီယင်း၏ အကြည့်တို့ ရုတ်ချည်း အုံကြွလာကာ လက်ဖက်ရည်ခွက်ကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်တော့သည်။

လျှိုကျီရူမှာလည်း ရင်တဒိန်းဒိန်းခုန်လာတော့၏။

ယွင်ချင်းစီက ဘာတွေ လုပ်နေတာလဲ အရှင်က ကိုယ်တိုင်ကြွလာပြီးတောင် သူ့ကို လာခေါ်ပေးတဲ့ဟာ ဘယ်လိုပုံစံမျိုးတွေ လုပ်ပြနေတာလဲ တကယ်ကြီး ရူးသွားတာလား ...

ကမောက်ကမဖြစ်နေသည့် အခြေအနေကို အမြန် ထိန်းသိမ်းလိုက်သည်။

“အရှင်က ဧကရီ အိမ်တော်ကို ပြန်ရောက်လာပြီးကာမှ နောက်ထပ် ဒဏ်ရာရသွားသေးတယ်လို့ ကြားလို့ပါ နန်းမြို့တော်ရဲ့ ထိုက်ယွမ်ဆေးရုံမှာက ထူးချွန်တဲ့ သမားတော်တွေ အများကြီး ရှိနေတာဆိုတော့ ဧကရီရဲ့ ဒဏ်ရာအတွက် စဉ်းစားပြီး လာခေါ်တာပါ ...”

ယွင်ချင်းစီကမူ ထိုစကားများကို တစ်လုံးတစ်ပါဒမျှပင် မယုံကြည်။

ရှစ်နှစ်အကြာတွင် သေသွားခဲ့ရသည့်တိုင် သူ့ကို အိပ်ယာပေါ်မှ ဆွဲချကာ ခါးတွင် ပြတ်ရှဒဏ်ရာ ရှိနေသည့်တိုင် အမတ်ချုပ်အိမ်တော်သို့ ပြန်ပို့ခဲ့သည့် လီယင်း၏ လုပ်ရပ်ကို မည်သို့မျှ မေ့ဖျောက်၍ မရ။ သူ့စကားတစ်ခွန်းချင်းစီတိုင်းကိုပင်လျှင် အတိအကျ မှတ်မိနေဆဲဖြစ်သည်။

“အားအင်ပြန်ဖြည့်ဖို့အတွက် ဧကရီကို အမတ်ချုပ်အိမ်တော်သို့ ပို့ဆောင်စေ ...”

ယခုလက်ရှိ လီယင်း၏ အပြုအမူများမှာ ပြီးခဲ့သည့် ဘဝနှင့် မည်သည့်အတွက်ကြောင့် မတူညီရသလဲ မသိသည့်တိုင် သူခေါ်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း လိုက်သွားတော့မည် မဟုတ်ချေ။

ယွင်ချင်းစီက မျက်လွှာပင့်ကာ ပြန်ဖြေတော့မည်ပြုစဉ် အမတ်ချုပ်ယွင်၏ စကားသံကို ကြားလိုက်ရတော့သည်။

“ထိုက်ယွမ်ဆေးရုံမှာ ထူးချွန်တဲ့ သမားတော်တွေ အများကြီး ရှိတယ်တဲ့လား ...”

ရှည်လျားလှသည့် မုတ်ဆိတ်တို့ကို ပွတ်သပ်ရင်း ဆက်ပြောလိုက်၏။

“မနေ့က ဧကရီ ပြန်ရောက်လာတဲ့အချိန်မှာ နဖူးနဲ့ ခါးမှာပဲ ထိခိုက်ဒဏ်ရာတွေ ရှိတာတောင် အမတ်ချုပ်အိမ်တော်မှာ ကိုယ်ပိုင်သမားတော်ကို ရှာနေရသေးတာဆိုတော့ အခု နောက်ထပ် မတော်တဆ ရလာတဲ့ ဒဏ်ရာတွေကို ထိုက်ယွမ်ဆေးရုံက တကယ်ပဲ ဂရုစိုက်ပေးနိုင်ပါ့မလား ...”

သူ့လေသံမှာ လီယင်းကို လက်ညှိုးငေါက်ငေါက်ထိုးလျက် ဆူပူကြိမ်းမောင်းတော့မတတ်ပင်။

မင်း မနေ့က ငါ့သားကို ပြန်ပို့တော့ကျ ထိုက်ယွမ်ဆေးရုံကို မေ့ထားတာ မဟုတ်ဘူးလား အခု သူ့ကို ပြန်ခေါ်ချင်ကာကျမှ ဒါကို လာပြီး အကြောင်းပြတယ်ပေါ့ ယွင်မိသားစုရဲ့ အငယ်ဆုံးသားလေးကို ဘယ်သူကမှ ကာကွယ်မပေးချင်ကြဘူးလို့များ ထင်နေတာလားကွ ...

အလုံးစုံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည့် လျှိုကျီရူမှာလည်း ရှက်ရွံ့သွားရကာ ဧကရာဇ်ကိုသာ တိတ်တဆိတ် အကဲခတ်နေလိုက်တော့သည်။

ပြီးခဲ့သည့် အတိတ်ကာလများတွင် အမတ်ချုပ်ယွင်သည် ကောင်းကင်သားတော်အား အရှက်မရှိ ကပ်ငြိနေသည့် ယွင်ချင်းစီ၏ လုပ်ရပ်များကို စိတ်တိုင်းမကျသည့်တိုင် ယွင်ချင်းစီသည် သူ့ကို အသွေးအသားထဲမှ မုန်းတီးကာ တဇွတ်ထိုးဆန်လှသည့်အတွက် မည်သို့မျှ မတတ်နိုင်။

သူ့ကို လိုလိုလားလား ကာကွယ်ပေးလိုခဲ့သည့်တိုင် ယွင်ချင်းစီက ထိုကာကွယ်လိုမှုကို အသိအမှတ် မပြုခဲ့ချေ။

ယခု ယွင်ချင်းစီက စိတ်ကူးပြောင်းကာ ဖခင်ဖြစ်သူကို မှီခိုရန် တွေးလာပြီ ဖြစ်သည့်အတွက် အမတ်ချုပ်ယွင်လည်း သားဖြစ်သူကို အပြည့်အဝ အားပေးထောက်ခံရန် အဆင်သင့် ဖြစ်နေပေတော့သည်။

ဘယ်လိုဖြစ်မလဲ ကြည့်ကြတာပေါ့ ...


Xxxxxx