Chapter 4
အမတ်ချုပ်ယွင်၏ စကားများမှာ သူပြောလိုသည်များနှင့် တစ်ထပ်တည်းပင်။ သူ့အဖေက သူ၏ ရူးကြောင်ကြောင်လုပ်ရပ်များကို မတော်တဆမှုအဖြစ် တံဆိပ်ကပ်ကာ လီယင်းအား တိုက်ရိုက် အပြစ်တင်လိမ့်မည်ဟု ထင်မထားခဲ့ခြင်းသာ ဖြစ်ပေသည်။
ပြီးခဲ့သည့်ဘဝက သူ့အဖေသည် ညင်သာသိမ်မွေ့ကာ သတိကြီးကြီးထားတတ်ပြီး လီယင်းအရှေ့သို့ ရောက်လေတိုင်း ခါးကိုပင် မသိမသာ ကိုင်းညွတ်ထားတတ်သူဖြစ်သည်။ သူတို့နှစ်ဦးမှာ အုပ်စိုးသူနှင့် မှူးမတ်၊ ဆရာနှင့် ကျောင်းသား ဖြစ်သော်လည်း အစေခံနှင့် အရှင်သခင်ဟူသည်နှင့်ပင် ပို၍ တူနေသေးသည်။
ယခု ပြန်တွေးကြည့်ပါမှ ဖခင်ဖြစ်သူသည် လီယင်းအနေဖြင့် သူ၏ ရိုကျိုးမှုကို ထောက်ထားကာ စိတ်ပျက်ဖွယ် သားဖြစ်သူအား အနည်းငယ် ပိုမိုကောင်းမွန်စွာ ဆက်ဆံပေးရန် မျှော်လင့်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် လီယင်းကမူ ယွင်ချင်းစီကို ကောင်းကောင်းမွန်မွန် ဆက်ဆံရန် ပျက်ကွက်ခဲ့ရုံသာမက ယွင်မိသားစုကိုပါ မျက်ခြည်မပျက် စောင့်ကြည့်ခဲ့သေးသည်။ ဖခင်ဖြစ်သူက တတ်စွမ်းသမျှအားလုံး ဆောင်ရွက်ခဲ့သည့်တိုင် တစ်ခုမျှပင် မအောင်မြင်သည့်အတွက် စိတ်ပျက်ဒေါသထွက်ခဲ့ရသော်ငြား ယွင်ချင်းစီကမူ ခေါင်းမာစွာဖြင့် လီယင်းကိုသာလျှင် အရူးအမူး ချစ်ကြိုက်နေခဲ့သည်။
ပြီးခဲ့သည့်ဘဝတွင် သူ့အဖေသည် လီယင်းရှေ့၌ မည်သည့်အခါကမှ ကျောကို ဆန့်တန်းကာ မရပ်ခဲ့ဖူးချေ။
လက်ဖက်ရည်ခွက်ကို တင်းတင်းဆုပ်ထားသည့် လီယင်း၏ လက်ဆစ်တို့ ဖြူလျော်လာတော့၏။ နောက်ဆုံးတွင်တော့ အကြည့်တို့ကို ယွင်ချင်းစီထံမှ ဖယ်ခွာကာ အမတ်ချုပ်ယွင်အား စိုက်ကြည့်လိုက်တော့သည်။
“ဆရာ ဒေါသမထွက်ပါနဲ့ မနေ့က ဧကရီ ထိခိုက်သွားရတယ်ဆိုတာကလည်း တကယ်တမ်းတော့ ဒီတပည့်ရဲ့ အပြစ်တွေပါ ...”
“အရှင်က အရမ်း အလေးအနက် ထားလွန်းနေပါပြီ ...”
အမတ်ချုပ်ယွင်က လက်နှစ်ဖက်ကို စုကပ်လျက် ပြောလိုက်သည်။
“ဒါက ကလေးကို ကောင်းကောင်း မသင်ပြပေးနိုင်လို့ အရှင့်ကို ဒေါသထွက်ပြီး တော်ဝင်မိသားစုကို မျက်နှာပျက်စေမိတဲ့ ဒီလူအိုကြီးရဲ့ အပြစ်တွေပါ အခု ဒီကလေးလည်း အိမ်ပြန်ရောက်လာပြီဆိုတော့ သူ့ကို နောက်နောင် ဧကရီဆိုတဲ့ ဂုဏ်ပုဒ် မညှိုးနွမ်းရလေအောင် တင်းတင်းကြပ်ကြပ် သင်ပြပေးလိုက်ပါ့မယ် ...”
ယွင်ချင်းစီမှာ သူ့ဂုဏ်ပုဒ် ညှိုးနွမ်းသည်အထိ မည်သည့်လုပ်ရပ်မျိုး လုပ်ခဲ့သလဲဟု မေးလာပါလျှင် လီယင်းကို အရာအားလုံးထက် ပိုမိုကာ ချစ်ခဲ့မိခြင်းသာ ရှိသည်ဟု ဖြေရပေလိမ့်မည်။
ယွင်ချင်းစီက မျက်လွှာချလျက် နှုတ်ခမ်းထောင့်စွန်းကိုသာ အသာဖိကိုက်ထားလိုက်တော့သည်။
အားကိုးရမယ့် အဖေတစ်ယောက် ရှိနေတယ်ဆိုတဲ့ ခံစားချက်က ဒီလိုပါလား ပြီးခဲ့တဲ့ဘဝက သူသာ စောစောစီးစီး အသိတရား ဝင်ခဲ့မိရင်၊ အဖေနဲ့ ပြီးတော့ ညီအစ်ကိုတွေနဲ့ ပိုပြီး ရင်းနှီးခဲ့မိရင်၊ မယ်တော်ကြီးနဲ့ ဝေးဝေးနေခဲ့မိရင်၊ နောက်ပြီး နှစ်ယောက်လုံးကို သင့်တော်တဲ့ အကွာအဝေးတစ်ခု ခြားထားခဲ့မိရင် ထောင်ချောက်ထဲ ကျခဲ့ရမှာ မဟုတ်ဘူး ...
အမတ်ချုပ်ယွင်၏ ငြင်းဆန်မှုမှာ လုံလောက်သည်ထက်ပင် ပိုမိုသိသာလွန်းလှသည်။ ဧကရာဇ်က ယွင်ချင်းစီကို ဒဏ်ရာရစေခဲ့သည့် အပြင် အကြောင်းကြားခြင်း တစ်စုံတစ်ရာ မပါရှိဘဲ အိမ်တော်သို့ ပြန်လွှတ်လိုက်သည့်အပေါ် စိတ်ခုမိနေခြင်းဖြစ်သည်။ အမတ်ချုပ်အိမ်တော်ကို အကြောင်းမကြားသည့်အပြင် မိဘအိမ်သို့ ပြန်လာရာတွင် လုပ်ဆောင်ရမည့် လုပ်ရိုးလုပ်စဉ်များကိုပါ ပျက်ကွက်ခဲ့ခြင်းသည် ယွင်ချင်းစီအပေါ် မကျေနပ်ကြောင်း အတိအလင်း ဖော်ပြခြင်းသာ ဖြစ်သည်ဟု ယူဆလိုက်ပေသည်။
အတိတ်ကာလများတွင်သာ ဤကဲ့သို့ ဖြစ်ပွားခဲ့ပါလျှင် ယွင်ချင်းစီသည် အားလုံးကို မေ့ဖျောက်၍ တပျော်တပါးကြီး ပြန်လိုက်သွားမည် ဖြစ်သည်။ သို့သော် ယခုမူ သူသည် စိတ်ကို ထိန်းချုပ်ရန် ကြိုးစားစပြုလာပြီ ဖြစ်သည့်အတွက် ယွင်မိသားစုသည် သူ၏ အကြီးမားဆုံး နောက်ခံအင်အား ဖြစ်လာတော့သည်။
ထို့အပြင် နန်းတော်သို့ ပြန်လိုက်သွားရခြင်းမှ ကာကွယ်ပေးခြင်းသည် နန်းဆောင်ရှေ့၌ ဒူးထောက်တောင်းပန်ရခြင်းနှင့် နှိုင်းယှဉ်ပါလျှင် လားလားမျှ မပြောပလောက်ချေ။ ဤတစ်ကြိမ်တွင်မူ သူ့တွင် ခိုင်လုံသည့် အကြောင်းပြချက်နှင့် လုံလောက်သော ဂုဏ်သိက္ခာတို့ ရှိနေပြီးဖြစ်သည်။
လီယင်းက နှုတ်ခမ်းကို ခပ်ဖွဖွ ဖိကိုက်လိုက်၏။ သူ့စိတ်သဘောထားကို မည်သည့်အခါကမှ မနူးညံ့ခဲ့ဖူးရာ ယွင်ချင်းစီအနေဖြင့် အကြည့်တစ်ချက်ဖြင့်ပင်လျှင် ထိုသူ အခက်တွေ့နေကြောင်း တပ်အပ်ပြောနိုင်ပေသည်။
ယွင်ချင်းစီမှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားရတော့သည်။
လီယင်းက ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ ဘာကြောင့်များ စိတ်ကူးပြောင်းသွားရတာလဲ သူလည်း ပြန်ပြီး မွေးဖွားလာတာများလား တကယ်လို့ ပြန်မွေးဖွားလာတယ်ပဲထား သူ့ပုံစံနဲ့ဆို ယွင်မိသားစုကို ညင်ညင်သာသာ ဆက်ဆံဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ သူ့အကြောင်းကို ကောင်းကောင်း သိတာပေါ့ သူ့မျက်လုံးထဲမှာ လီမိသားစုရဲ့ နိုင်ငံနဲ့ အကျိုးအမြတ်ကပဲ အရေးပါတာလေ ကျန်တဲ့သက်ရှိသက်မဲ့တွေ အကုန်လုံးက သူ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ ...
အနောက်ဆောင်ထဲက တစ်ချို့ ကြင်ယာတော်တွေဆိုတာလည်း ယွင်ချင်းစီ အနောက်ဆောင်တိုက်ပွဲတွေအကြား အလုပ်ရှုပ်နေပြီး သူ့နောက် လိုက်မနေနိုင်အောင် အသုံးချတဲ့ နယ်ရုပ်သာသာပဲ ကျန်တဲ့ကြင်ယာတော်တွေကတော့ သူ ထိန်းချုပ်ဖို့ ကြံစည်နေတဲ့ အမတ်တွေရဲ့ သမီးတွေလေ ...
ဒါကြောင့် လီယင်းသာ ဒုတိယအခွင့်အရေး ရတယ်ဆိုရင် မယ်တော်ကြီးရဲ့ စကားကို နားထောင်နေစရာတောင် မလိုတော့ဘူး ဒီအခြေအနေကို အခွင့်ကောင်းယူ၊ သူ့လက်ထဲမှာ ရှိနေတဲ့ အချက်အလက်တွေကို အသုံးချပြီး ယွင်ချင်းစီကို ကန်ထုတ်ပစ်မှာပဲလေ ပြီးတာနဲ့ အမတ်ချုပ်အိမ်တော်ကို အမြန်ဆုံး သိမ်းပိုက်၊ ယွင်မိသားစုရဲ့ ခြေလက်တွေကို ဖြတ်တောက်ပြီး အမတ်ချုပ်ယွင်ကို အင်အားမရှိတော့အောင်လုပ်မှာ မဟုတ်လား ...
ယွင်ချင်းစီက ဖြစ်နိုင်ချေရှိသည်များကို စဉ်းစားကြည့်ပြီးနောက် လီယင်းသည် ပိုမိုကြီးမားသည့် အကြံအစည်တစ်ခုကို စီစဉ်နေသည်ဟုသာ ကောက်ချက်ချလိုက်တော့သည်။
ခပ်ပြုံးပြုံးဖြင့် ဝင်ပြောလိုက်သည့် လျှိုကျီရူမှာ ဧကရာဇ်ကို ဂရုအစိုက်ဆုံး ဘက်တော်သားဟူသည့် ဂုဏ်ပုဒ်ဖြင့် လွန်စွာ ထိုက်တန်လှပေသည်။
“အမတ်ချုပ်ယွင်အနေနဲ့ အခြေအနေတစ်ခုလုံးကို ခြုံငုံသုံးသပ်သင့်တယ်နော် အနောက်ဆောင်ကို ကြီးကြပ်ရတဲ့ တာဝန်က တစ်ရက်လေးတောင် လစ်ဟင်းလို့ မရပါဘူး ...”
“ကြင်ယာတော်နဉ်ကလည်း မှူးမတ်မျိုးနွယ်တစ်ယောက် ပြီးတော့ သင်ကြားရေးအပိုင်းမှာလည်း ထူးချွန်၊ ပါရမီနဲ့လည်း ပြည့်စုံတဲ့သူ ဆိုတော့ အနောက်ဆောင်ကို ကြီးကြပ်ဖို့အတွက် သူမကပဲ ယာယီ တာဝန်ယူပေးပါလိမ့်မယ် ...”
လီယင်း၏ မျက်နှာတစ်ခုလုံး အုံ့မှိုင်းသွားတော့၏။
လျှိုကျီရူမှာလည်း အနည်းငယ် ရှက်ရွံ့သွားရတော့သည်။ ဤတစ်ကြိမ် ဧကရာဇ်နှင့် ဧကရီ အကြီးအကျယ် ပြဿနာဖြစ်ရခြင်း၏ အကြောင်းအရင်းမှာ ဧကရာဇ်သည် ယမန်နေ့ညက ကြင်ယာတော်နဉ်၏ ဖိတ်ကြားချက်ကို မငြင်းဆန်ခဲ့၍ ဖြစ်သည်။ ယွင်ချင်းစီက သူ့အတွက် မည်သည့်အရာမဆို လုပ်ပေးနိုင်သော်ငြား အခြားသူတစ်ဦးနှင့် နီးစပ်သွားမည်ကိုမူ လုံးဝ လက်သင့်မခံနိုင်ပေ။
အခြွေအရံများ ခြံရံကာ ကြင်ယာတော်နဉ်၏ နန်းဆောင်သို့ ကြွလာပြီး ဧကရာဇ်၏ မျက်စိရှေ့တွင်ပင် သူမကို ဖမ်းချုပ်ထားလိုက်တော့၏။
ကြင်ယာတော်နဉ်က အော်ဟစ်ကာ အကူအညီ တောင်းခံသည့်အခါ ဝိုင်သောက်ထား၍ အနည်းငယ် ရီဝေနေသည့် ဧကရာဇ်က သူ့ကို သာမန်ကာလျှံကာ နှစ်သိမ့်လိုက်သည်။
“ကိုယ်တော်က ဒီကို သေရည်သောက်ဖို့ပဲ ကြွလာတာပါ တစ်ညလုံး အချိန်ကုန်ဆုံးမှာမှ မဟုတ်တာ ...”
“ဒါဆိုလည်း အားယင်းက ကျွန်တော်နဲ့အတူ နန်းဆောင်ကို ပြန်လိုက်ခဲ့ပါ ..."
“ခဏနေရင် လာခဲ့မယ် ...”
သူက တုန်ရီနေသည့် ကြင်ယာတော်နဉ်ကို စိုက်ကြည့်ကာ အသံတိတ် သက်ပြင်းချပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“သူမကို အရင် လွှတ်ပေးလိုက်ပါ ..."
သူတို့နှစ်ဦးအကြားတွင် ဤကဲ့သို့သော အကြောင်းပြချက်ကြောင့် ဖြစ်ပွားခဲ့သည့် ပြဿနာများမှာ ရေတွက်၍ပင် မရနိုင်တော့။ အခြားသူထံ ဆောင်တော်ကူးသည့် လီယင်းကို လက်ပူးလက်ကြပ် မိခဲ့သည့် အကြိမ်များမှာလည်း နှစ်နှစ်အတွင်း မနည်းလှကာ ထိုသို့ မိလေတိုင်းလည်း ယွင်ချင်းစီက အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ကာ ပြဿနာအမျိုးမျိုး ရှာလေ့ ရှိပေသည်။
သူ ရှေ့တစ်လှမ်းတိုးကာ ဆေးသုတ်ထားသည့် အပ်တစ်ချောင်းဖြင့် ဧကရာဇ်၏ လက်မောင်းအား ထိုးစိုက်လိုက်သည်ကို လျှိုကျီရူက ကိုယ်တိုင် တပ်အပ်မြင်ခဲ့ရပေသည်။ ဧကရာဇ်မှာ ခုခံနိုင်ခြင်း အလျဉ်းမရှိ၊ ချက်ခြင်း သတိလစ်မေ့မြောသွားကာ ယွင်ချင်းစီက သူ့ဝမ်းဗိုက်တွင် ခေါင်းအပ်စေလျက် လျှိုကျီရူ၏ ဖျောင်းဖျချက်ကို နားမထောင်၊ ဧကရာဇ်အား သူ့အဆောင်တော်သို့ သယ်သွားရန်သာ အစေခံများကို အမိန့်ပေးလိုက်သည်။
ညင်သာသိမ်မွေ့လှသည့် ရုပ်ဆင်းအင်္ဂါကို ပိုင်ဆိုင်ထားသည့်တိုင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတို့ကသာ ဖုံးလွှမ်းနေပေသည်။
“ငါ့ရဲ့ အားယင်းကို ထိရဲတဲ့သူ ဘယ်သူမဆို ငါ့နှလုံးသားကို အစိမ်းလိုက် တူးထုတ်သွားတာနဲ့ အတူတူပဲ ဒီလို လုပ်ရပ်မျိုး လုပ်ရဲတဲ့သူ ဘယ်သူမဆို သေလမ်းကိုပဲ လှမ်းစေရမယ် ...”
ကြင်ယာတော်နဉ်မှာလည်း သူ့ကို ဤမျှအထိ ထောင်လွှားမောက်မာလိမ့်မည်ဟု တွေးပင် တွေးမထားခဲ့ဖူးရာ မျက်နှာတစ်ခုလုံး ဖြူဖျော့လျက် ဟန်မဆောင်နိုင်လောက်အောင်ပင် တုန်ရီလာတော့သည်။
နန်းဆောင်သို့ ပြန်ရောက်ပြီးနောက် ယွင်ချင်းစီသည် စိတ်အာရုံ ထွေပြားစေသည့် အမွေးနံ့သာကို ထွန်းညှိခဲ့သည်ဟုပင် သတင်းထွက်ခဲ့သေးသည်။ကောင်းကင်သားတော်၏ စိတ်အာရုံတို့ ရီဝေယစ်မူးကာ အရိုင်းဆန်လာပြီး .... တစ်ညလုံး နာခံမှုတို့ ပြည့်ဝခဲ့ရာ မနက်နိုးလာသည့်အခါ ဧကရာဇ်၏ ဒေါသရေချိန်တို့မှာ ယခင်ထက်ပင် ပိုမိုမြင့်တက်လာတော့သည်။
လျှိုကျီရူ၏ အမြင်တွင်မူ ယွင်ချင်းစီကသာလျှင် အမှားလုပ်ခဲ့သူ ဖြစ်ပေသည်။ ကောင်းကင်ဘုံသားတော်ဖြစ်သော ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိပါးကာ အရှက်ရစေခြင်းမှာ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခြင်းနှင့် မခြားနားလှပေ။
ထို့ကြောင့် နောက်တစ်နေ့မနက် နိုးလာသည့်အခါ သူ့ကို အပိုင်းပိုင်း ခုတ်ထစ်မပစ်ဘဲ နဖူးကိုသာ ရိုက်ခွဲလိုက်ခြင်းမှာ ကြီးစွာသော သက်ညှာမှုဟုပင် ဆိုရမည်ဖြစ်သည်။
သို့သော် ယခုမူ အမတ်ချုပ်ယွင်က ယွင်ချင်းစီသည် စည်းမျဉ်းစည်းကမ်းများကို နားလည်မှုမရှိ၊ လွန်စွာ ထောင်လွှားမောက်မာပြီး လွှမ်းမိုးလိုစိတ် ကြီးမားမှုကြောင့် ရေမြေ့ရှင်အား အမျက်ရှစေရပါသည်၊ သားဖြစ်သူကို ကောင်းစွာ မသင်ပြနိုင်ခဲ့ရာ ဧကရာဇ်က သူ့ကို အိမ်တော်သို့ ပြန်ပို့လာသည့်အခါ စည်းကမ်းတင်းကြပ်စွာဖြင့် ဆိုဆုံးမရန်မှအပ ရွေးချယ်စရာ မရှိတော့ဟု ဆိုလာပြန်သည်။ ယွင်ချင်းစီကို အမှန်တကယ် တင်းကြပ်စွာ သင်ကြားမည်လေလားဟု တပ်အပ်ပြောရန် ခဲယဉ်းသည့်တိုင် နန်းတော်သို့ ပြန်မလွှတ်လိုသည့် သူ့ဆန္ဒမှာမူ သိသာထင်ရှားလှပေသည်။
လီယင်းမှာလည်း အလားတူပင် ခံစားမိသည့်ဟန်၊ မျက်လွှာတို့ကို မှေးစင်းလျက် ပြောလိုက်သည်။
“ကိုယ်တော် ဧကရီနဲ့ပဲ သီးသန့် စကားပြောချင်တယ် ...”
ထို့နောက် ယွင်ချင်းစီ၏ ဒဏ်ရာမရှိသည့် လက်တစ်ဖက်ကို ဆွဲကာ ခန်းမဆောင်၏ အရှေ့ဘက်သို့ ခေါ်ထုတ်လာလိုက်၏။
ယွင်ချင်းစီက မျက်မှောင်ကြုတ်လျက် လိုက်လာခဲ့ရသည်။ ထူထဲလှသည့် အဝတ်စတို့ ကြားခံရှိနေသည့်တိုင် ဧကရာဇ်၏ ပြင်းထန်လှသည့် ခွန်အားကြောင့် နာကျင်မှုကို ခံစားမိနေဆဲပင်။
“အရှင် ...”
သူ့ကျောပြင်တစ်ခုလုံး လျှောက်လမ်းနံရံနှင့် ထိကပ်သွားကာ လီယင်းက ရှေ့တစ်လှမ်းတိုးပြီး လက်မောင်းတို့အကြား ဖိပိတ်ထားလိုက်၏။ ယွင်ချင်းစီ၏ ဖြူလျော်နေသည့် မျက်နှာကို မြင်လိုက်ရသည့် တစ်ခဏ၌ သူ၏ စိတ်မရှည်မှုနှင့် ဒေါသစိတ်အားလုံး အငွေ့ပျံကာ ပျောက်ကွယ်သွားတော့သည်။ ခံစားချက်တို့ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ မေးလိုက်၏။
“တကယ်ပဲ မင်းမိသားစု အိမ်တော်မှာ နေခဲ့ချင်တာလား ...”
ယွင်ချင်းစီ၏ ခါးတစ်ခုလုံး နာကျင်နေပြီဖြစ်ရာ အနည်းငယ် တုန်ရီနေသည့် လက်တို့ကို ဘေးချထားလျက် ပြန်ဖြေလိုက်သည်။
“ကျွန်တော်မျိုးရဲ့ အဖေ ပြောသွားတာ မှန်ပါတယ် ကြင်ယာတော်နဉ်လည်း အနောက်ဆောင်ကို အုပ်ချုပ်နိုင် ...”
“တော်လောက်ပြီ ...”
လီယင်းက သူ့စကားတို့ကို ဖြတ်ပြောလိုက်သည်။
“ယွင်ချင်းစီ မင်းကိုယ်မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး အကုန် ငါကိုယ်တော်ရဲ့ အမှားတွေလို့ပဲ ထင်နေတာလား ...”
ဒါက သူထင်ထားတာနဲ့ အရမ်းကြီးကို ခြားနားလွန်းနေပြီ ယွင်ချင်းစီက ဒီလို ဖြစ်မနေသင့်ဘူးလေ ...
မဟုတ်မှလွဲရော ... မဟုတ်ဘူး ဒါလည်း မဖြစ်နိုင်ဘူး သူ ဘယ်လိုမှ လက်သင့်မခံနိုင်ဘူး ...
“ကောင်းပါပြီ ကျွန်တော််လည်း မှားသွားပါတယ် ...”
ယွင်ချင်းစီက အရွဲ့တိုက်သည့် လေသံတို့ ရောယှက်လျက် ပြန်ဖြေလိုက်သည်။
“အရှင့်ရဲ့ နဂါးခန္ဓာကိုယ်က ရွှေစတန်ချိန်ပေါင်းများစွာ အဖိုးတန်ပြီး ကျွန်တော်မျိုးက အဆင်ခြင်မဲ့တဲ့ လုပ်ရပ်ကို သတ္တိကောင်းပြီး ကျူးလွန်ခဲ့မိပါတယ် တကယ်လို့ အရှင့်အနေနဲ့ ကျွန်တော်က ကိုယ့်အပြစ်ကို သဘောမပေါက်သေးဘူးလို့ ယူဆပြီး မုန်းတီးနေသေးရင် ...”
တစ်ခဏမျှ ရပ်နေပြီးကာမှ အကြံပေးလိုက်သည်။
“ကျွန်တော့်ကိုလည်း အပ်နဲ့ ပြန်ထိုးမလား ...”
“ဒါက ဘာသဘော ...”
“တောင်းပန်ပါတယ် ...”
ယွင်ချင်းစီက သက်ပြင်းချကာ ပြောလိုက်သည်။
“အားလုံး ကျွန်တော့်ရဲ့ အပြစ်တွေပါ အရှင် ကျေးဇူးပြုပြီး အမျက်မရှလိုက်ပါနဲ့ ...”
တည်ငြိမ်နေသည့် စိတ်သဘောထားကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်ကာ လီယင်း၏ ခက်ထန်လှသည့် ခံစားချက်မှာ သူ့အပေါ် စိုးစဉ်းမျှပင် သက်ရောက်နိုင်ဟန်မတူ။
လီယင်းက မျက်မှောင်ကြုတ်ကာ ယွင်ချင်းစီ၏ လက်မောင်းတို့ကို ဆွဲလျက် သူနှင့် နီးကပ်စေလိုက်သည်။
ဘာဖြစ်ကုန်တာလဲ ဘာဖြစ်လို့ ယွင်ချင်းစီက သူ့ကို စိတ်ကောက်နေရတာလဲ ...
သူ့ခံစားချက်တို့ကို ထိန်းချုပ်ကာ ဆက်ပြောလိုက်သည်။
“ယွင်ချင်းစီ သေချာစဉ်းစားကြည့်လိုက် ကိုယ်တော်က မောင်မင်းကို တစ်ကြိမ်ပဲ ပြန်ခေါ်နိုင်မယ်...”
ကိစ္စအားလုံး သူ့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသည့်အတွက် ခြိမ်းခြောက်သည့် နည်းလမ်းကိုသာလျှင် နောက်တစ်ဖန် အသုံးပြုမိပြန်တော့သည်။ ယွင်ချင်းစီသည် သူ့ကို ငြီးငွေ့ကာ စွန့်ပစ်သွားမည်ကို အကြောက်ဆုံးဖြစ်သည်။ လီယင်းက အခြားသူများကို စိတ်မရောက်သရွေ့ ယွင်ချင်းစီသည် အများရှေ့တွင် ဖြစ်စေ၊ နှစ်ဦးတည်း ရှိနေချိန်တွင်ဖြစ်စေ ညင်သာသိမ်မွေ့စွာဖြင့် သူ့အလိုကျ ဂရုတစိုက် နေထိုင်ပေးမည် ဖြစ်ပေသည်။
လက်ညှိုးတို့ ကွေးကာ လှမ်းခေါ်လိုက်ရုံဖြင့် သူ့ပေါင်ပေါ်သို့ နာနာခံခံဖြင့် လာထိုင်မည့် လူစားမျိုးပင် ဖြစ်သည်။
သူ့ကို ကိုင်တွယ်ရန် ပိုမိုကောင်းမွန်သည့် နည်းလမ်းမျိုး မစဉ်းစားနိုင်တော့သည့်အတွက် ဆွေးမြည့်နေပြီဖြစ်သည့် နည်းလမ်းဟောင်းကိုသာလျှင် ထပ်မံ အသုံးပြုလိုက်ရပြန်တော့သည်။
ယွင်ချင်းစီက ခေါင်းကိုသာ ငုံ့ထားကာ တစ်ခွန်းမျှပင် ခွန်းတုန့်ပြန်မလာခဲ့။
သူ့ကိုယ်သင်းနံ့မှာ ထူးကဲလှကာ မျက်နှာသွင်ပြင်မှာလည်း လီယင်း၏ မှတ်ဉာဏ်ထဲတွင် ရှိနေသည်နှင့် တစ်ထပ်တည်း ဖြစ်နေဆဲပင်။ မြင်ရသူတိုင်း အကြည့်လွှဲရန် မေ့လျော့ကာ အသိစိတ်တို့ပင် ပျောက်သွားစေနိုင်လောက်သည့် မျက်နှာမျိုး ဖြစ်ပေသည်။
လီယင်း၏ လည်ဇလုတ်တို့ လှုပ်ရှားသွားပြီး သူ့အနားသို့ တစ်ဖြည်းဖြည်း တိုးကပ်လာမိတော့သည်။
သူ့ခန္ဓာကိုယ်၏ အရေပြား တစ်လက်မချင်းစီကပင်လျှင် ယွင်ချင်းစီကို ပြင်းပြင်းပျပျ တောင့်တနေကာ သူ့ကို လွမ်းဆွတ်လွန်း၍ ရူးတော့မည်လားဟုပင် ခံစားမိလာတော့သည်။ ညပိုင်းသို့ ရောက်လေတိုင်း ဆံထိုးက သူ့နှလုံးသားကို ထိုးဆွနေကာ နှင်းလွှာထုပေါ် ပြန့်ကြဲသွားသည့် သွေးနီစက်များနှင့် သွေးရောင် ပျောက်ကွယ်သွားသော ရုပ်အလောင်းကိုသာလျှင် အမြဲ တွေးမိနေတော့သည်။
ရံဖန်ရံခါတွင် အိပ်မက်ထဲသို့ ယွင်ချင်းစီ ရောက်လာကာ သုန်မှုန်စွာဖြင့် မေးတတ်သေးသည်။
“လီယင်း ဘာလို့ ငါ့ကို မမြတ်နိုးခဲ့ရတာလဲ ...”
ယွင်ချင်းစီက လက်တို့ကို ရွှေ့ကာ နောက်သို့ မှီလိုက်၏။ တစ်ဖြည်းဖြည်း ရီဝေလာသည့် လီယင်း၏ အကြည့်တို့ကို သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် နှုတ်ခမ်းပေါ် ကျရောက်လာတော့မည့် အနမ်းကို ရှောင်ရှားရန် ခေါင်းကို ဘေးဘက်သို့ တမင်တကာ စောင်းထားလိုက်သည်။
လီယင်းက မေးစေ့ကို ပင့်မြှောက်ထားရာ သူ့အမူအယာတို့ကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။
ယွင်ချင်းစီလည်း အလန့်တကြား ဖြစ်သွားရတော့၏။ သူ့အဖေ၏ အိမ်တော်တွင် ရောက်နေခြင်းဖြစ်ရာ ခန်းမထဲမှတစ်ဆင့် သူတို့နှစ်ဦးကို တွေ့လိုက်ပါလျှင် နောက်တစ်ဖန် ဒေါသပုန် ထသွားဦးမည် ဖြစ်ပေသည်။
လီယင်း၏ လက်မောင်းကြားမှ ရုန်းထွက်ကာ တစ်ဖက်သို့ လှည့်လျက် ပြောလိုက်သည်။
“ကျွန်တော်ကတော့ အရည်အချင်း ပြည့်မီတဲ့ ဧကရီတစ်ပါး ဖြစ်လာအောင် သင်ယူရဦးမယ်လို့ပဲ ထင်ပါတယ် ...”
ဒါက လီယင်းကို သဘောခွေ့စေမှာပါ အရင်ဘဝက အချစ်ကို ခေါင်းစဉ်တပ်ပြီး သူနဲ့ ရန်ဖြစ်ရတိုင်း လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြောခံရနေကျလေ သမိုင်းတစ်လျှောက် ဘယ်လို ဧကရီကများ ထောင်လွှားမောက်မာပြီး သဝန်တိုစိတ်တွေ များဖူးလို့လဲ ဧကရာဇ်တစ်ပါးက ဘယ်နေရာမှာ အိပ်ရမလဲဆိုတာလောက်အထိကို ဂရုစိုက်နေရလောက်တဲ့အထိလေ ...
Xxxxxxx