အပိုင်း ၅
Viewers 12k

Chapter 5


ယွင်ချင်းစီသည် သူတို့ ထိမ်းမြားပြီးကာစက လီယင်း ပေးအပ်ခဲ့သည့် ကတိစကားကို တစ်ရက်မျှပင် မေ့မပစ်ခဲ့။ နောက်ပိုင်း ကြင်ယာတော်တစ်ပါး တင်မြှောက်ပြီးလေတိုင်း လီယင်းက ထိုသူများအား ချစ်ကြိုက်သွားမည်ကို ကြောက်ရွံ့ခဲ့ရသည်။ ထိုသို့ ခံစားမိလေတိုင်း လီယင်းက သူသည်သာ ဧကရီ၊ ထိုကြင်ယာတော်များမှာ အတုအယောင်မျှသာ ဖြစ်သည်ဟု နှစ်သိမ့်ပေးလေ့ ရှိပေသည်။

ထို့နောက် အရာအားလုံး ပြောင်းလဲသွားတော့၏။ နှစ်ဦးအကြား ချစ်ခြင်းတရားနှင့် ကတိစကားတို့ကို အမှတ်ရသူမှာ သူတစ်ဦးတည်းသာ ဖြစ်ပေသည်။ လီယင်းကို သာမန်ခင်ပွန်းတစ်ဦးအဖြစ်သာ မှတ်ယူထားသော်လည်း လီယင်းကမူ သူ့ကိုယ်သူ တိုင်းပြည်အုပ်စိုးသူအဖြစ်သာလျှင် ထာဝစဉ် ခံယူထားပေသည်။

ဤဘဝတွင်မူ သူသည် လီယင်း၏ သရုပ်မှန်ကို အမြဲ သတိရနေကာ သူနှင့် အတတ်နိုင်ဆုံး အငြင်းမပွားဘဲ နေထိုင်ရန်သာ ကြိုးစားတော့မည်ဖြစ်သည်။

လက်ရန်းကို လက်ထောက်မိသွားသည်နှင့် တစ်ပြိုင်နက် ခါးတို့ကို ဆန့်တန်းလိုက်၏။

နီးနီးကပ်ကပ် ရပ်နေခြင်းဖြစ်ရာ ပုခုံးစွန်းတို့ ထိကပ်နေသည့်အတွက် နှင်းမှုန်တို့ကို သယ်ဆောင်လာသည့် လေရူးပင်လျှင် ဦးတည်ရာ ပြောင်းလဲလိုက်ရတော့သည်။

လီယင်းက စကားတစ်ခွန်းကို ချန်ရစ်ကာ ထွက်ခွာသွားလိုက်တော့သည်။

“ကောင်းပြီ ...”

လျှိုကျီရူကလည်း သူ့နောက်မှ ခပ်သုတ်သုတ် လိုက်လာရင်း လေသံကို မြှင့်ကာ ပြောလိုက်တော့သည်။

“အရှင်မင်းကြီး ပြန်ကြွ ...”

“တိတ်စမ်း ....”

လီယင်းက ပြောလိုက်သည်။

လျှိုကျီရူက ချက်ခြင်း အသံတိတ်ကာ ခေါင်းကို ငုံ့လျက် သူ့နောက်မှ ခပ်သွက်သွက် လိုက်လာတော့သည်။

စင်္ကြန်လမ်းမှ ချောင်းကြည့်နေသည့် ကျိုးကျောက်မှာမူ သူ့အကြည့်တို့ကိုပင် မယုံနိုင်တော့။

အရှင်က တကယ်ကြီး ယွင်ချင်းစီကို လာခေါ်တယ် ပြီးတော့ သူ့ကို ပြန်ခေါ်ဖို့ သပ်သပ်နဲ့တင် ဒီအထိ ရောက်လာတာ ...

လီယင်းက လှေကားပေါ်မှ ဆင်းကာ ဝေါယာဉ်ထဲ ဝင်ထိုင်ပြီးသည့်နောက် လေအလျဉ်ဖြင့် ပြန်လည်ပျောက်ကွယ်သွားတော့သည်။

ယွင်သားအဖအားလုံး နှင်းမှုန်ကြားတွင် ရပ်ကာ ဦးညွတ်အရိုအသေပေးလိုက်ကြသည်။

“အရှင့်ကို လိုက်ပါပို့ဆောင်ပါတယ် ...”

ယွင်ချင်းစီက ခန်းမဆောင်ထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်လာလိုက်သည်။ သူ့အဖေနှင့် အစ်ကိုများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကာ အမတ်ချုပ်ယွင်က မသိမသာ ပြုံးလျက် စကားတစ်ခွန်းမှ မဆိုဘဲ လက်ဖက်ရည်ခွက်ကို ကိုင်ပြီးသာ ထိုင်နေလိုက်သည်။


ယွင်ချင်းရှောင်မှာ အနည်းငယ် ရှုပ်ထွေးနေသည့်ဟန်၊ ယွင်ချင်းစုကမူ ပွင့်ပွင့်လင်းလင်းပင် ထုတ်မေးလိုက်သည်။

“ဘာလို့ သူနဲ့ ပြန်လိုက်မသွားတာလဲ ...”

“ကျွန်တော် ...”

“တိုင်းပြည်ရဲ့ အုပ်ချုပ်သူကိုယ်တိုင်ကတောင် ကိုယ်တိုင်ကိုယ်ကျ လာခေါ်ပေးတဲ့ဟာ ဘာတွေများ ကောင်းတာ ရှိနေလို့ သူ့ကို လက်ဗလာနဲ့ ပြန်သွားခိုင်းရတာလဲ ...”

ယွင်ချင်းစု၏ စကားများမှာ ပြစ်တင်ဆုံးမဟန်တို့ ပြည့်နှက်နေသော်ငါး အမူအယာမှာမူ အားအင်ပြည့်ဝကာ လေပေါ်ပင် လွင့်ပျံတော့မတတ်ပင်။

“ဘယ်ကနေ သတ္တိတွေ ရလာတာလဲ သူ မင်းကို မလိုချင်တော့မှာ မကြောက်ဘူးလား ...”

“အစ်ကို(၄)...”

ယွင်ချင်းရှောင်က ညင်သာစွာ ပြောလိုက်၏။ ယွင်ချင်းစုက သူ့ဘက် ပြန်လှည့်ကြည့်ရင်း ခေါင်းကိုစောင်းကာ နှာခေါင်းကို ပွတ်သပ်လျက် ပြန်ပြောလိုက်သည်။

“မနေ့က မင်း အများကြီး ဆူညံပူညံ လုပ်ခဲ့တယ် မဟုတ်လား ဘေးပတ်ပတ်လည်ကို ကြည့်လိုက်စမ်းပါ ဘယ်သူ ထိခိုက်မလဲ သိရအောင် ...”

ဖခင်ဖြစ်သူ၏ အကြည့်စူးစူးတို့ကြောင့် ပါးစပ်ကို ပိတ်ထားလိုက်ရတော့၏။

ယွင်ချင်းရှောင်ကမူ တိတ်တိတ်လေးသာ ထိုင်နေသည်။ အိမ်ထဲတွင် ဖြစ်နေသည့်တိုင် အမြဲလိုလို သတိကပ်ထားတတ်သူ ဖြစ်ပေသည်။

ယွင်ချင်းစုကလည်း စကားဆက်မပြောတော့သည့်အတွက် ခန်းမဆောင်ထဲရှိ လေထုမှာ အနည်းငယ် ကသိကအောက် ဖြစ်လာတော့သည်။

“ဟုတ်သားပဲ ...”

ယွင်မိသားစု၏ အိမ်တော်ထိန်းအိုကြီးက ပေါင်ကိုပုတ်ကာ အလန့်တကြား ထပြောလိုက်သည်။

“နေ့လည်စာ စားချိန်တောင် ရောက်နေပြီ သခင်ကြီး စားသောက်ဖို့ ပြင်ဆင်လိုက်ရတော့မလား ...”

ထိုအခါမှ ယွင်ချင်းစီလည်း သူ အခန်းထဲမှ ထွက်လာခြင်းသည် ဖခင်နှင့် ညီအစ်ကိုများနှင့်အတူ နေ့လည်စာ စားလို၍ဖြစ်ကြောင်း သတိရသွားတော့သည်။

မည်သူတစ်ဦးတစ်ယောက်ကမှ မငြင်းဆန်သည့်အတွက် အိမ်တော်ထိန်းအိုကြီးလည်း အမြန်ပြင်ဆင်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အားလုံး ထမင်းစားပွဲ၌ နေရာယူပြီးသား ဖြစ်သွားတော့သည်။

ယွင်ချင်းစုက ထမင်းပန်းကန်ထဲ ခေါင်းစိုက်ကာ အသည်းအသန် ငုံ့စားနေစဉ် ဒုတိယအစ်ကို၏ အသံတိတ် ကန်ကျောက်ခြင်းကို ခံလိုက်ရသည့်အတွက် စားလက်စ ထမင်းပင်လျှင် သီးသွားတော့သည်။

“ဧကရီ နန်းတော်ကို ဘယ်အချိန် ပြန်မှာပါလဲ ...”

ထို့နောက်တွင်တော့ အမတ်ချုပ်ယွင်နှင့် ယွင်ချင်းရှောင်တို့၏ ရေခဲရိုက်အကြည့်များ သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာတော့သည်။

စကားကောင်းကောင်း မပြောတတ်ရင်လည်း မပြောဘဲနေလေ ...

“ဒဏ်ရာတွေ သက်သာအောင် အရင်လုပ်လိုက်ပါဦးမယ် ...”

“အိမ်တော်မှာပဲ အားအင်ဖြည့်မှာလား ...”

သူ့စကား ဆုံးသည်နှင့် တစ်ပြိုင်နက် အမတ်ချုပ်ယွင်က တူကိုချကာ ထမင်းစားခန်းမှ ထွက်ခွါသွားတော့သည်။ ထိုသို့ ထွက်မသွားမီ ယွင်ချင်းစုကို နောက်တစ်ကြိမ် စူးစူးရဲရဲ စိုက်ကြည့်လိုက်သေးသည်။

ယွင်ချင်းရှောင်က တူကို ကောက်ကိုင်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း ထမင်းစားနေတာပဲ ပိုကောင်းမယ်ထင်တယ်...”

ယွင်ချင်းစီက နားမလည်ဟန်ဖြင့် မော့ကြည့်လျက် ပြောလိုက်သည်။

“ကောင်းပါပြီ ...”

အိမ်တော်ထိန်းက အမတ်ချုပ်နောက် အမြန်လိုက်သွားကာ ပြောလိုက်သည်။

“သူတို့တွေက အသက်မကွာကြဘူးလေ ပြီးတော့ သခင်လေးက ဒီလိုမျိုးပဲ ဖြစ်နေကြဆိုတော့ စတုတ္ထသခင်လေးရဲ့ တုန့်ပြန်ပုံက ပုံမှန်ပါပဲ ...”

အမတ်ချုပ်ယွင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“သူက ပြန်ချင်နေတုန်းပဲ ...”

“ကျွန်တော့်အမြင်တော့ ဒီနေ့ သခင်လေးရဲ့ နေရာက အရမ်း ရှင်းလင်းသွားပါပြီ ဘာလို သူ့ကို ကွာရှင်းစေချင်တယ်လို့ မပြောလိုက်တာလဲ ...”

“မဖြစ်ဘူး ...”

အမတ်ချုပ်က လက်ကို ယမ်းပြကာ ပြောလိုက်သည်။

“သူ ဘာတွေးနေလဲ ငါတို့ မသိဘူး ဒီလိုသာ အလောတကြီး ပြောလိုက်ရင် သူ နောက်တစ်ကြိမ် ...”

“သခင်လေးက ရဖို့ ခက်ခဲတယ်ဆိုတာမျိုး လုပ်နေတယ်လို့ ထင်နေတာလား ...”

အိမ်တော်ထိန်းက သက်ပြင်းချလိုက်သည်။

“တကယ်သာဆို ဒီကိစ္စက အတော်ခက်ခဲဦးမှာပဲ ...”

နန်းတော်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လီယင်းက ကျင်းရှန်းနန်းဆောင်သို့ တန်းတန်းမတ်မတ် လျှောက်လာလိုက်သည်။ ကျိုးကျောက်က သူ့ကိုစောင့်ကြည့်ရင်း ကောက်ချက်ချလိုက်၏။

အရှင်က ယွင်ချင်းစီကို တကယ်ကြီး ဒေါသထွက်နေတာပဲ ...

မယ်တော်ကြီး၏ ညွှန်ကြားချက်ကို ဖျတ်ခနဲ သတိရလိုက်သည့်အတွက် ချက်ခြင်း ထပ်ကြပ်မကွာ ပြေးလိုက်သွားတော့သည်။

“အရှင် အရှင် ကျေးဇူးပြုပြီး စိတ်ကို တည်တည်ငြိမ်ငြိမ် ထားတော်မူပါ အရှင်က ဒီနေ့ ဧကရီကို ပြန်ခေါ်ခဲ့ပေမယ့် ဧကရီကတော့ သူ့အတွက် ဘယ်ဟာက ကောင်းတယ်ဆိုးတယ် ဆိုတာကို မသိဘူး အရှင်သာ ခွင့်ပြုမယ်ဆိုရင် ဒီငယ်သားက မယ်တော်ကြီးဆီ သွားလိုက်ပါ့မယ် သူမက နည်းလမ်းကောင်းတစ်ခု ရှာ...”

အလင်းသဖွယ် လျင်မြန်လှသည့် ခြေလှမ်းတို့ ချက်ခြင်း အရှိန်လျော့သွားတော့သည်။

ကျိုးကျောက်က လျှိုကျီရူကို အကဲခတ်လိုက်လျှင် တစ်ဖက်သူက သူကို သေလူတစ်ဦးသဖွယ် ကြည့်နေကြောင်း သတိထားမိလိုက်တော့၏။

ချက်ခြင်း နောက်ပြန်ဆုတ်ကာ ဒူးထောက်တောင်းပန်လိုက်သည်။

“ဒီအစေခံက စကားများလွန်းသွားပါတယ် ဒီ.. ဒီအစေခံကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ ...”

သူ၏ ခွင့်လွှတ်မှု တောင်းခံခြင်းမှာ စံနမူနာဖြစ်ထိုက်လှသော်ငြား အတွင်းစိတ်ထဲတွင်မူ နည်းနည်းမျှပင်လျှင် ကြောက်ရွံ့ခြင်း မရှိ။ အနောက်ဆောင်၏ သခင်သုံးဦးအနက် ယွင်ချင်းစီ တစ်ဦးတည်းကသာ ကြောက်ဖွယ်ကောင်းကာ ဧကရာဇ်မှာ ကြင်နာတတ်ပြီး မယ်တော်ကြီးမှာ ပို၍ပင် ဖော်ရွေသေးသည်။ ထိုသားအမိ နှစ်ဦးလုံးက ယွင်ချင်းစီကို မုန်းတီးကြရာ မည်သည့် ကိစ္စမျိုးမှ ဖြစ်မလာနိုင်ချေ။

ထို့အပြင် ယွင်ချင်းစီကိုလည်း သူတို့နှင့် သက်ဆိုင်ပါသည်ဟု မည်သည့်အခါကမှ မှတ်ယူမထားကြသူများလည်း ဖြစ်နေသေးပေသည်။

ရွှေချည်ထိုး ဖိနပ်တစ်စုံ ခပ်လှမ်းလှမ်းသို့ ရောက်သွားသည့်အတွက် စိတ်သက်သာရာ ရသွားစဉ်မှာပင် အသံတစ်ခုကို ရုတ်ချည်း ကြားလိုက်ရတော့သည်။

လီယင်းက နံရံတွင် ချိတ်ဆွဲထားသည့် ဓားရှည်တစ်လက်ကို ဆွဲထုတ်လာ၏။

လျှိုကျီရူအပါအဝင် အားလုံး ဒူးထောက်လိုက်ကြတော့သည်။

ကျိုးကျောက်မှာ နေရာတွင်သာ ကြောင်အနေကာ ရင်းနှီးနေသည့် ဖိနပ်တစ်စုံ သူ့အရှေ့သို့ ရောက်လာကာ လည်ပင်းပေါ်သို့ အေးစက်သည့် ဓားသွား ကျရောက်လာကြောင်း သိလိုက်ရသည့်အခါ ချွေးသီးချွေးပေါက်တို့ တလိမ့်လိမ့် ကျဆင်းလာတော့သည်။

“အ ... အရှင် ...”

ဓားသွားသဖွယ် အေးစက်ထက်ရှသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

“မယ်တော်ကြီးက မင်းကို အမတ်ချုပ်အိမ်တော် သွားခိုင်းတယ် မင်း ဧကရီကို ဘာတွေ ပြောခဲ့တာလဲ ...”

အရှင်က ငါ တစ်ခုခု ပြောခဲ့လို့ ဧကရီ နန်းတော်ကို ပြန်လိုက်မလာတာဆိုပြီး သံသယ ဝင်နေတာလား ...

“မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ပါဘူး ...”

သူက လက်ကို အသည်းအသန် ခါယမ်းပြလိုက်သည်။

“မယ်တော်ကြီးက ဒီအစေခံကို ဧကရီထံ သွားရောက်လည်ပတ်ဖို့ပဲ ခိုင်းစေခဲ့တာပါ အရှင် ကျေးဇူးပြုပြီး အထင်မလွဲလိုက်ပါနဲ့ တကယ်လို့ မယ်တော်ကြီးက တစ်ခုခု ပြောခဲ့တယ် ဆိုရင်တောင် အရှင်နဲ့ ဧကရီရဲ့ အကျိုးကို ရှေးရှုပြီး ...”

ရှည်လျားလှသည့် ဓားသွားကို ဝှေ့ယမ်းလိုက်သည်မှာ ရွှံ့တုံးကို လှီးဖြတ်လိုက်သည့်နှယ်ပင်။ ကျိုးကျောက်၏ နားရွက်များ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

လျှိုကျီရူမှာ မျက်ဆန်အိမ်တို့ ပြူးကျယ်သွားကာ သူမြင်လိုက်ရသည်ကိုပင် မယုံကြည်နိုင်တော့။ သူ့ဘေးနားတွင် ရှိနေသူများမှာမူ မျက်နှာကို မြေကြီးနှင့် အပ်လျက် တစ်ကိုယ်လုံး တုန်ရီနေကြကာ အသက်ပင် မရှူရဲကြတော့ချေ။

အပ်ကျသံပင် ကြားရမတတ် ဆိတ်ငြိမ်သွားတော့၏။

ကျိုးကျောက်၏ အနည်းငယ် ကျန်ရစ်နေဆဲဖြစ်သည့် နားရွက်အပိုင်းအစတို့မှ ပူနွေးနွေးသွေးများ စီးကျလာသည်။

အသည်းခိုက်မတတ် နာကျင်ရသည့်တိုင် အသံတစ်သံမျှပင် မထွက်ရဲ။ ဓားသွားရှည်က သူ့ပုခုံးထက်တွင် ရှိနေဆဲဖြစ်ကာ အကယ်၍ လီယင်း စိတ်တိုင်းကျစေမည့် အဖြေမျိုးသာ မပေးနိုင်ပါလျှင် နားရွက်နေရာတွင် သူ့ခေါင်း ဖြစ်သွားနိုင်သည်ဟု အသံတိတ် ခြိမ်းခြောက်နေသည့်ဟန်။

“မယ် ... မယ်တော်ကြီးက ... ဒီအစေခံကို ဧကရီဆီ လွှတ်တာက ... အ ... အရှင့်ကို ကူညီချင်လို့ပါ ...”

“ဆက်ပြော ...”

“ဧကရီသာ သူ့ကိုယ်သူ ထိခိုက်အောင် လုပ်မယ်ဆိုရင် အမတ်ချုပ်ယွင်က အရှင့်ကို သေချာပေါက် လာပြီး တောင်းဆို ...”

ကျိုးကျောက်က အရူးတစ်ယောက်နှယ် အသည်းအသန် အရိုအသေပေးကာ ဆက်ပြောလိုက်သည်။

“ဒီအစေခံက မလိမ်ညာရဲပါဘူး အရှင် ဒီငယ်သားက တမင်တကာ ကြံစည်ပြီး ဧကရီ နန်းတော် ပြန်လာမယ့်ကိစ္စကို နှောင့်နှေးအောင် လုပ်တာ မဟုတ်မှန်း အရှင်လည်း သိပါတယ် ...”

“ဘယ်နှကြိမ်မြောက်လဲ ...”

“ပထမ ... ပထမဆုံးအကြိမ်ပါ တကယ်ကို ဒါ ပထမဆုံးပါ အရှင် .. ဧကရီက နာကျင်ရတာကို အရမ်း ကြောက်တတ်လို့ အရင် ဘယ်တုန်းက ဘယ်တုန်းကမှ ...”

အားနည်းနုံးခွေစွာဖြင့် ငိုကြွေးလိုက်သည်။ တဆတ်ဆတ် တုန်ရီနေသော နှလုံးသားနှင့်အတူ မြေကြီးပေါ် မှောက်ချလိုက်ကာ လုံးဝ ပြန်မော့မကြည့်ရဲတော့။

အရှင်က ဧကရီကို မုန်းနေတာ မဟုတ်ဘူးလား ဘာလို့ ချက်ခြင်းကြီး စိတ်အနှောင့်အယှက် ဖြစ်သွားရတာလဲ ...

ဓားကို လွှဲလိုက်သည့် လီယင်း၏ ရုပ်သွင်မှာ လွန်စွာ ကြောက်မက်ဖွယ်ရာပင်။

“သူက နာတာကို ကြောက်တတ်မှန်းတော့ သိသေးတယ်ပေါ့ ...”

လျှိုကျီရူ၏ အကြည့်တို့ ရုတ်ချည်း လှုပ်ခတ်သွားကာ လီယင်း ဒေါသထွက်ရခြင်း၏ အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။ ပြီးခဲ့သည့် အတိတ်ကာလအတွင်း ဧကရာဇ်နှင့် ဧကရီအကြား စစ်အေးတိုက်ပွဲကို မျက်မြင် ကြုံခဲ့ရကာ ဧကရီက သူ့ခါးကို ညွှန်ပြနေသည့်တိုင် ဧကရာဇ်ကမူ အေးစက်စွာဖြင့်သာ အကြည့်လွှဲသွားပြီး အခြား မည်သည့်အရာမှ ဆက်မဖြစ်တော့ကြောင်းကိုလည်း ကိုယ်တိုင် မြင်တွေ့ခဲ့ရပေသည်။

ယွင်ချင်းစီတွင်လည်း သူ့ကိုယ်ပိုင် မာနနှင့်သိက္ခာ ရှိသူဖြစ်ရာ ယမန်နေ့ကကဲ့သို့ ပြိုလဲပျက်စီးပြီး သူ့ကိုယ်သူ နာကျင်အောင် မလုပ်မီ စိတ်ထဲတွင် မည်မျှအထိ အစိုင်အခဲ ဖြစ်နေကြောင်း မည်သူမှ မသိနိုင်ချေ။

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ယွင်ချင်းစီ ပိုပိုပြီး ခက်ထန်ရက်စက်လာတာ အံ့ဩစရာ မရှိတော့ပါဘူး ဧကရာဇ်ကိုတောင် ထောင်ချောက်ဆင်ရဲပါတယ်လို့ စဉ်းစားနေတာ လက်စသတ်တော့ နောက်ကွယ်မှာ အားပေးအားမြှောက်လုပ်တဲ့သူတွေ ရှိနေတာကိုး ...

“အရှင် ...”

လျှိုကျီရူက ဒူးထောက်လျက်ဖြင့်ပင် ရှေ့နှစ်လှမ်းတိုးကာ ပြောလိုက်သည်။

“အရှင် ကျေးဇူးပြုပြီး စိတ်အေးအေးထားတော်မူပါ ကျိုးကျောက်ကတော့ သေရင်တောင် သနားစရာ မလိုအပ်ပေမယ့် ဧကရီက အခုထိ အမတ်ချုပ်အိမ်တော်မှာပဲ ရှိနေသေးတယ်လေ တကယ်လို့ သူသာ ဒီအကြောင်း ကြားပြီး ကြောက်လန့်သွားရင် ...”

ဤသည်မှာ သွယ်ဝိုက်၍ အရိပ်အယောင် ပြလိုက်ခြင်းပင် ဖြစ်သည်။

လီယင်း၏ ရုတ်ချည်း ပြောင်းလဲလာသော အပြုအမူကို လျှိုကျီရူပင်လျှင် နေသားမကျနိုင်ရာ ယွင်ချင်းစီသာ သိသွားပါလျှင် ရလဒ်မှာ ပို၍ပင် ပြင်းထန်သွားပေလိမ့်မည်။

လီယင်းကို ကြောက်လို့ဆိုပြီး နန်းတော်ကို ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲ ...

ဤသည်မှာ အတွေးခေါင်ခိုက်ရာကျသော်ငြား ဧကရာဇ်၏ အနီးကပ် ကြီးကြပ်သူတစ်ဦး အနေဖြင့် လျှိုကျီရူတွင် ကောင်းကင်သားတော်၏ အတွေးအကြံများကို မှန်ကန်အောင် တည့်မတ်ပေးရမည့်တာဝန် ရှိပေသည်။ ထို့အပြင် သူသည် တိုင်းပြည်အုပ်ချုပ်သူတစ်ဦး ဖြစ်ရုံမက ယွင်ချင်းစီကလည်း နူးညံ့ညင်သာလှသည့် လီယင်းကိုသာလျှင် ချစ်ကျွမ်းဝင်ခဲ့ခြင်း ဖြစ်ပေသည်။
(ရှေ့အပိုင်းတွေမှာ သူ့ကို ဘုရင့်အထိန်းတော် ပုံစံမျိုး သုံးခဲ့ပေမယ့် ဒီမှာကျ ကြီးကြပ်သူလို့ သုံးထားတာရယ် ပြီးတော့ အောက်နားမှာ ဆရာလို့လည်း ခေါ်ထားသေးတော့ လျှိုကျီရူရဲ့ ဇာတ်ကောင်က အထိန်းတော် ဟုတ်မဟုတ် မသေချာဘူး ဖြစ်နေတယ် လောလောဆယ်တော့ အနီးကပ်ကြီးကြပ်သူလို့ပဲ သုံးပါမယ်နော် )
လီယင်းက ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကို တန်ဖိုးထားလေ၍လား၊ သို့တည်းမဟုတ် ယွင်ချင်းစီ ကြောက်လန့်သွားမည်ကို စိုးရိမ်၍လားတော့ မသိ။ ဓားကို ချက်ခြင်း လွှတ်ချကာ ကန့်လန့်ကာနောက်ရှိ စားပွဲထံသို့ ထွက်သွားလိုက်တော့သည်။

လျှိုကျီရူက ကျိုးကျောက်အား ထိုက်ယွမ်ဆေးရုံသို့ ပို့စေကာ မြေပေါ်ရှိ ဓားကို ကောက်ယူလိုက်သည်။ ၎င်းကို သုတ်ကာ နံရံပေါ် ချိတ်နေရင်း ကျန်အစေခံများကိုလည်း ဖြစ်ပျက်သွားသမျှတိုင်းကို မေ့ပစ်ရန် မှာကြားပြီးနောက် ဓားကို နံရံပေါ် ပြန်ချိတ်ကာ ဧကရာဇ်နောက်သို့ လိုက်ပါသွားတော့သည်။

လီယင်းက စကားတစ်ခွန်းမှ မပြော။ ယွင်ချင်းစီနှင့် စကားများရလေတိုင်း ဒေါသတကြီးဖြင့် စားပွဲကို ဆွဲလှန်ပစ်တတ်ကာ လျှိုကျီရူကသာလျှင် သူ့ကို အမြဲ ဖြောင်းဖျခဲ့ရသော်ငြား ယခုမူ ရေမှာ အလွန်နက်ရှိုင်းကာ မျက်နှာပြင်တွင် လှိုင်းထန်ခြင်း အလျဉ်းမရှိသည့်အတွက် လျှိုကျီရူလည်း မည်သို့မည်ပုံ စကားစရမည်မှန်း မသိတော့ချေ။

“ ဆရာရော ကျွန်တော့်ကို ရူးနေတယ်လို့ ထင်လား ...”

“မထင်ပါဘူး ...”

လီယင်းက ထူးဆန်းစွာ ပြုံးကာ မျက်လွှာချလျက် ပြောလိုက်သည်။

“ကိုယ်တော်က ရူးနေပြီ ...”

လျှိုကျီရူက တစ်ခွန်းမှ ပြန်မပြောရဲသည့်တိုင် သူဆိုလိုချင်သည်ကိုလည်း နားလည်သည့်အတွက် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဒီရက်ပိုင်းထဲ နှင်းတွေ တော်တော်ကျနေတာဆိုတော့ သိပ်မကြာခင် ရေခဲပြင်ပွဲတော်ကို ကျင်းပရတော့မယ်နော် ဒီရက်ပိုင်းထဲတော့ တော်တော်လေး တက်တက်ကြွကြွ ဖြစ်နေကြတော့မှာပဲ အရှင်ရော ဧကရီနဲ့အတူ ချန်လန်ရေကန်နားကို အလည်အပတ် မသွားချင်ဘူးလား ကျွန်တော် မှတ်မိသလောက်ဆို ဧကရီက ဒါကို အတော်လေး သဘောကျခဲ့တာပါ ...”


.............



“ရေခဲပြင်ပွဲတော် ဟုတ်လား ...”

ယွင်အမတ်ချုပ်စံအိမ်တွင် ယွင်ချင်းစီသည် အနီရောင် ဇီးပန်းပွင့်ဝတ်လွှာကို ငရုတ်ဆုံဖြင့် ဖိခြေရင်း အံ့ဩတကြီး မေးလိုက်သည်။

“အစ်ကို(၄)က ကျွန်တော်နဲ့အတူတူ သွားချင်လို့လား ...”

“အဖေ ပြောတာတော့ မင်းက တစ်နေကုန် အိမ်ထဲမှာပဲ နေနေရတော့ ငြီးငွေ့လာရင် ပြန်လည်ထူထောင်ရေးအတွက် မကောင်းဘူးတဲ့ ...”

ယွင်ချင်းစုက သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ မုန့်ချိုတစ်ခုကို ကောက်ယူရင်း ပြောလိုက်သည်။

“အစကတော့ အစ်ကို(၂)ကို အဖော်ပြုခိုင်းမလို့တဲ့ ဒါပေမယ့် ဒီရက်ပိုင်း ရာဇဝတ်ဌာနက အလုပ်များနေတော့ ငါပဲ အဖော်ပြုပေးမယ်လေ ...”

ယွင်ချင်းရှောင်သည် ရာဇဝတ်ဌာန၏ အကြီးအကဲဖြစ်ကာ အကျဉ်းထောင်နှင့် ပတ်သက်၍ တာဝန်ရှိသူဖြစ်ကာ သူ့အချိန်အများစုအား အမှုအခင်း ဖြေရှင်းခြင်းတွင် မြှုပ်နှံထားသည်။ တတိယညီ ယွင်ချင်းကျွင့်မှာ မြို့တော်ကာကွယ်ရေးဌာန အနောက်ပိုင်းတပ်စု၏ လက်ထောက်ဗိုလ်မှူးဖြစ်ကာ စစ်စခန်း ချထားရာနေရာသို့ နေ့တိုင်း သွားရောက်ရပြီး ယွင်ချင်းစုမှာမူ မြို့တော် ကင်းလှည့်တပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်ပေသည်။

ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်သွားကာ ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

“ကောင်းပါပြီ ...”


Xxxxxxx