Chapter 6
မိသားစုနှင့်အတူ ထမင်းလက်ဆုံ စားခြင်းမှအပ ယွင်ချင်းစီသည် မည်သူတစ်ဦးတစ်ယောက်နှင့်မှ ကောင်းကောင်း မရင်းနှီးသေးချေ။ တစ်နေကုန် အိမ်ထဲတွင်သာ တစ်ယောက်တည်း အချိန်ကုန်နေကာ ပြီးခဲ့သည့် အတိတ်ဘဝတွင်လည်း အထီးကျန်ဆန်စွာသာ ကုန်ဆုံးခဲ့ရသည့်အတွက် အနည်းငယ် ရင်းနှီးလာစေရန် မလုပ်ဆောင်နိုင်သေးချေ။
မိသားစုဝင်များနှင့် အနည်းငယ် နီးကပ်လာခြင်းကြောင့် သူ့စိတ်အခြေအနေမှာ ယခင်ထက် လွန်စွာ ပြေလျော့လာရကြောင်းမှာမူ ထုတ်ပြောနေရန်ပင် မလိုအပ်ချေ။ ယွင်ချင်းစုက သူတို့ကို ယွင်ချင်းစီနှင့် ရင်းရင်းနှီးနှီး နေခိုင်းသည့် ဖခင်ဖြစ်သူတွင် အခြားအကြံအစည်များ ရှိနေနိုင်သည်ဟုလည်း တပ်အပ်မပြောရဲ။ ယွင်ချင်းစီကို နေ့စဉ်နေ့တိုင်း ပျော်ရွှင်အောင် ထားခြင်းအားဖြင့် သူတို့ကို သူ၏ အရင်းနှီးဆုံးသူများအဖြစ် သတ်မှတ်လာကာမှ ...
လီယင်းကို စွန့်ခွာရန် ဖျောင်းဖျကြမည်ဖြစ်သည်။
ယွင်ချင်းစုမှာ အနည်းငယ် တုန့်ဆိုင်းနေဆဲပင်။ မိခင်ဖြစ်သူ သေဆုံးသွားပြီးနောက် ယွင်ချင်းစီသည် ယွင်မိသားစုနှင့် ဆက်ဆံရေးး ဖြတ်တောက်ခဲ့ကာ ယခု အပြင်လူများ၏ အနိုင်ကျင့်ခြင်းကို ခံရကာမှသာ ဖခင်နှင့် အစ်ကိုဖြစ်သူများကို လာရှာပေတော့သည်။
ဘာဖြစ်လို့များ ပြန်လာနေသေးတာလဲ ...
ကုလားထိုင်ကို လှည့်ကာ ညီဖြစ်သူ၏ ကျေနပ်နေသည့် မျက်နှာကို လှည့်ကြည့်လိုက်သည်။
သူ ယွင်ချင်းစီ အနားသို့ကပ်ကာ စပ်စုလိုသည်က တစ်ဝက်၊ စကားစ ရှာသည်က တစ်ဝက်ဖြင့် ထုတ်မေးလိုက်သည်။
“ဘာတွေ လုပ်နေတာလဲ ...”
“အရောင်ဆိုးဆေး လုပ်နေတာ ...”
သူက အလေးအနက် ရှင်းပြလိုက်သည်။
“ဒီပန်းဝတ်ရည်က တော်တော်လေး အရောင်တောက်တော့ ကြွေထည်တွေပေါ်မှာ သုံးလို့ရတယ် အပူချိန်ကိုသာ ကောင်းကောင်း ကိုင်တွယ်နိုင်ရင် မီးဖုတ်ပြီး ထွက်လာတဲ့ ကြွေထည်ရဲ့ အရောင်က တော်တော်လေး လင်းတယ် ...”
“ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး အတွေးပေါ်လာရတာလဲ ...”
အကြောင်းမှာ လီယင်းအနောက်သို့ တကောက်ကောက်လိုက်ရန် ကြိုးစားခဲ့လေတိုင်း အနှောင့်အယှက်မခံလိုသည့်သူက လက်မှုပညာ သင်ပေးမည့် ဆရာများစွာ ရှာဖွေပေးကာ သူ့အပေါ် ရောက်ရှိနေသည့် ယွင်ချင်းစီ၏ အာရုံတို့ကို လမ်းလွှဲပေးလေ့ရှိသည်။ ယွင်ချင်းစီကလည်း သူ့စိတ်တိုင်းကျ သင်ယူကာ ပြီးခဲ့သည့် ဘဝတွင် လွန်စွာ လက်ရာပြောင်မြောက်လှသည့် ကြွေထည်တစ်စုံကိုပင် ဖန်တီးခဲ့ဖူးသည်။ ၎င်းကို လီယင်းအား ပြသရန် အားရဝမ်းသာ ယူဆောင်လာစဉ် ရုံးတော်တွင် ဘေးကြပ်နံကြပ် အခြေအနေမျိုးကို ကြုံခဲ့ရသည့် လီယင်းက သူ့ကို တွေ့သည်နှင့် တစ်ပြိုင်နက် စိတ်အနှောင့်အယှက် ဖြစ်လာကာ ထိုကြွေထည်အား ပစ်ပေါက်ကာ ဖျက်ဆီးလိုက်တော့သည်။
ကြွေထည် ဖန်တီးခြင်းနှင့် စပ်လျဉ်း၍ သူ့ကို သင်ကြားပေးခဲ့သည့် ဆရာက ထိုအကြောင်း ကြားသည့်အခါ အရင်းအမြစ်များအား ဖြုန်းတီးသည်ဟုဆိုကာ လွန်စွာ ဒေါသထွက်သွားခဲ့တော့သည်။
ယွင်ချင်းစီ၏ အမူအယာတို့ အနည်းငယ် အေးစက်သွားတော့သည်။ ထို့နောက်တွင်မှ တစ်ဖန် ပြုံးလျက် ပြောလိုက်၏။
“ရောင်းလို့ ရတယ်လေ ပြီးတော့ အဖေလည်း သဘောကျတယ် မဟုတ်လား သူ့အတွက် လုံးဝကို ပြီးပြည့်စုံတဲ့ ကြွေထည် ဖန်တီးပြီး အံ့ဩသွားအောင် လုပ်ပေးချင်လို့ ကော သူ့ကို တိတ်တိတ်လေး သွားမပြောလိုက်နဲ့နော် ...”
ယွင်ချင်းစုက တစ်ခဏမျှ ကြောင်အနေပြီးကာမှ ပြန်မေးလိုက်သည်။
“အဖေ့ကို လက်ဆောင်ပေးချင်လို့လား ...”
“ဟုတ်တယ် ...”
ယွင်ချင်းစီက ခေါင်းပြန်ငုံ့ကာ ပန်းပွင့်ကို အရည်ညှစ်ထုတ်ရင်း ပြောလိုက်သည်။
“အဖေ့ကို ပျော်ရွှင်အောင် လုပ်ပေးချင်လို့ ...”
ယွင်ချင်းစုကမူ သူ့လက်ရာနှင့် ပတ်သက်၍ များစွာ မျှော်လင့်မထားသော်လည်း ရည်ရွယ်ချက်ကပင်လျှင် သူ့နှလုံးသားကို နူးညံ့စေနှင့်ပြီ ဖြစ်ပေသည်။ ယွင်ချင်းစီ၏ ခေါင်းကို ပွတ်သပ်ရန် ကြံစည်လိုက်သော်ငြား လက်ကိုသာ ပြန်ချထားလိုက်တော့သည်။
ယွင်ချင်းစီက သူ့ကို လျှို့ဝှက်ထားရန် တောင်းဆိုသည့်တိုင် ယွင်ချင်းစုမှာမူ လုံးဝ ထိန်းမထားနိုင်။ ညီဖြစ်သူ၏ ခြံဝန်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ပင်မခြံဝန်း ရှိရာဆီသို့ တန်းတန်းမတ်မတ် သွားလိုက်တော့၏။
“အဖေ ရှောင်စီက အဖေ့ကို အံ့ဩစရာကောင်းတဲ့ လက်ဆောင်တစ်ခု ပေးချင်လို့တဲ့ ...”
အမတ်ချုပ်ယွင်၏ လေသံမှာ သူ့လုပ်ရပ်အပေါ် အနည်းငယ် ဝေဖန်လိုသည့်ဟန်။
“အံ့ဩစရာ ကောင်းတာဆို ဘာလို့ ငါ့ကို ကြိုပြီး လာပြောနေတာလဲ ...”
“အိုး ...”
ယွင်ချင်းစုမှာ ရေအေးတို့ဖြင့် ပက်ခံလိုက်ရသည့်နှယ်။
“ဒီသားက စကားများမိသွားပါပြီ ...”
ထွက်သွားတော့မည် ပြုစဉ် အမတ်ချုပ်ယွင်က သူ့ကို လှမ်းတားကာ မေးလိုက်သည်။
“အံ့ဩစရာ လက်ဆောင်က ဘာတဲ့လဲ ...”
ယွင်ချင်းစုက ဟွန့်ခနဲ အသံပြုကာ သူ့ဘက် ပြန်လှည့်လာပြီး အလေးအနက် ပြောလိုက်သည်။
“အဖေ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးကြွေထည် ဖြစ်လိမ့်မယ်တဲ့ ...”
အမတ်ချုပ်ယွင်မှာမူ ထိုစကား ကြားလိုက်ရကတည်းက မဖြစ်နိုင်မှန်း သိနှင့်နေပြီးဖြစ်သည်။
“အခုခေတ် လူငယ်တွေကတော့လေ ကောင်းကင်ကြီး ဘယ်လောက်မြင့်ပြီး မြေကမ္ဘာထုကြီး ဘယ်လောက် ထူလဲဆိုတာကို မသိကြတော့ဘူးပဲ ကြွေထည်လုပ်ငန်းအကြောင်း သူ ဘာသိလို့လဲ မင်းကရော ဒီစကားတွေကို ယုံတာပဲလား ကြွေထည်ဖိုကြီးတစ်ခုလုံးကို မီးလောင်သွားတဲ့အထိ တစ်သက်လုံး ကြိုးစားနေလို့တောင် အကောင်းဆုံးကြွေထည် ထွက်လာပါ့မလား ...”
“သူပြောတာပဲ ယုံတာ မယုံတာကတော့ အဖေ့အပိုင်းပေါ့ ...”
အမတ်ချုပ်ယွင်က လက်ကို ယမ်းပြကာ သူ့ကို ထွက်သွားခိုင်းလိုက်တော့သည်။
နောက်တစ်နေ့မနက် ညီလာခံသဘင်တွင် အတွင်းဝန်ဟန်က အမတ်ချုပ်ယွင်အနား တိုးကပ်လျက် တီးတိုးမေးလိုက်သည်။
“ ကျွန်တော်ကြားတာတော့ ဟိုတစ်နေ့က ခင်ဗျားရဲ့ အိမ်တော်ကို အရှင်မင်းကြီး ကြွလာသေးတယ်ဆို ...”
အမတ်ချုပ်ယွင်က သာမန်ကာလျှံကာ ပြန်မေးလိုက်သည်။
“ဘယ်လိုလုပ် သိတာလဲ ...”
“လှည်းအရှေ့က လိုက်လာတဲ့ လူကြီးမင်းလျှိုကို တစ်ယောက်ယောက်က သတိထားမိသွားတယ်လေ ...”
အတွင်းဝန်ဟန်က သက်ပြင်းချကာ ပြောလိုက်သည်။
“ဘာဖြစ်လို့ ဧကရာဇ်ကို မျက်နှာပျက်စေအောင် ဧကရီကို သူနဲ့ ပြန်လိုက်ခွင့် မပေးဘူးလို့ မပြောလိုက်ရတာလဲ ...”
အမတ်ချုပ်ယွင်က ခေါင်းကိုသာ ယမ်းပြလိုက်သည်။ သူ့သူငယ်ချင်းဟောင်းရှေ့တွင် ဖြစ်နေသည့်တိုင် အလုံးစုံကို ယုံကြည်စွာ ဖွင့်ဟ၍ အဆင်မပြေသည့်အတွက် သာမန်မျှသာ ပြောလိုက်သည်။
“အရှင်က သူ့ကို အထူးတလည်ကြီး လာခေါ်တာ မဟုတ်ပါဘူး သူ ရှောင်စီကို ဘယ်လိုသဘောထားလဲဆိုတာ မင်းလည်း သိပြီးသားပဲကို ...”
“ဒီလိုကိုး ...”
အတွင်းဝန်ဟန်က ချက်ခြင်း သဘောပေါက်သွားသည့်ဟန်။
“ဒါပေမယ့် အရှင်က သူ့ဆန္ဒ မပြည့်ဝမချင်း အလွယ်တကူ လက်လျော့ပါ့မလား ...”
အမတ်ချုပ်ယွင်က အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ဖြင့် သက်ပြင်းချလိုက်သည့်အတွက် သူ့ပုခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်ရသေးသည်။
“ဒါပေမယ့် အခု ဧကရီက အိမ်တော်မှာ ပြန်နေဖို့ ဆန္ဒရှိနေတာဆိုတော့ မင်း စိတ်အေးလို့ ရပါပြီ ...”
ထုံးတမ်းစဉ်လာအရ မိဘအိမ်သို့ ပြန်လာရချိန်တိုင်း ယွင်ချင်းစီသည် အမတ်ချုပ်အိမ်တော်သို့ သွားရောက်နှုတ်ဆက်ပြီးသည်နှင့် တစ်ပြိုင်နက် ငယ်စဉ်က မိခင်ဖြစ်သူနှင့်အတူ နေထိုင်ခဲ့သည့် ခြံဝန်းငယ်တွင်သာ အချိန်ကုန်ဆုံးလေ့ရှိသည်။ သူတို့ သားအဖနှစ်ဦး၏ ဆက်ဆံရေးမှာ လွန်စွာ အဆင်မပြေလှကြောင်းကိုလည်း မြို့တော်တစ်ခုလုံး သိရှိကြပြီး ဖြစ်ပေသည်။
အမတ်ချုပ်ယွင်က ခေါင်းငြိမ့်ကာအဆန်းတကြယ် မေးလိုက်သည်။
“မင်း ပြီးပြည့်စုံတဲ့ ကြွေထည်မျိုးကို တွေ့ဖူးလား ..."
“မင်းလည်း ဒီလောကထဲမှာ ကျင်လည်နေတာ ကြာလှပြီကို ပြီးပြည့်စုံတဲ့ ကြွေထည်မျိုးဆိုတာ မရနိုင်မှန်း သိရမှာပေါ့ ...”
အတွင်းဝန်ဟန်မှာ ထိုအကြောင်း ဆက်ပြောလိုဟန်မတူ။
“တကယ်လို့ ရှိတယ်ပဲထား နန်းတော်ထဲ ရောက်နေလောက်ရောပေါ့ မင်း မြင်ဖူးလို့လား ...”
အမတ်ချုပ်ယွင်က ထိုအခါမှ စိတ်အေးသွားသည့်ဟန်။
ပြီးပြည့်စုံတဲ့ ကြွေထည်မျိုး ထွက်လာဖို့ဆိုတာ မဖြစ်နိုင်မှန်း လူတိုင်း အသိပဲကို ယွင်ချင်းစီကတော့ သူ့ကို ပေးချင်တဲ့ ရည်ရွယ်ချက် ရှိနေတုန်းပဲ ဒီလိုမျိုး သားသမီးဝတ္တရား ကျေပွန်တာမျိုးနဲ့ဆို နောက်ထပ် ဘာကိုမှ ဆုမတောင်းချင်တော့ဘူး ...
ယွင်ချင်းစီအနေဖြင့် လုပ်နိုင်မည် မဟုတ်မှန်း သိထားသည့်တိုင် မည်သို့မှ မပြော။ ထိုသို့ ဆန္ဒရှိသည်ကပင်လျှင် သူ့နှလုံးသားတစ်ခုလုံးကို ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်လာအောင် စွမ်းဆောင်နိုင်နေပြီဖြစ်သည်။
အတွင်းဝန်ဟန်က ဆက်ပြောလိုက်သည်။
“ဒီအကြောင်းနဲ့ ဆက်ပြီး သတိရသွားလို့ ပြောရဦးမယ် ပါကျန်းကျွီက ဆိုင်ဖွင့်လိုက်ပြီတဲ့ စစ်သူကြီးချုပ်ချိုးတောင် အဲဒီ့ဆိုင်ကို သွားကြည့်ပြီးပြီလို့ ကြားတယ် ငါတို့ရော သွားကြည့်ကြမလား ...”
အမတ်ချုပ်ယွင်မှာ အံ့အားသင့်သွားတော့သည်။
“ပါကျန်းကျွီ ဟုတ်လား ...”
သူသည်လည်း ထိုဆိုင်သို့ ရောက်ပြီးဖြစ်ကြောင်း သတိရသွားတော့၏။
“အမတ်ချုပ်ယွင် ...”
နောက်နားဆီမှ အသံတစ်ခုကို ကြားလိုက်ရသည့်အခါ အတွင်းဝန်ဟန်က လှည့်ကြည့်ပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။
“စစ်သူကြီးချုပ်ချိုး ...”
စိုးရိမ်နေသည့် အမူအယာကို တပ်ဆင်လျက် ရှေ့တစ်လှမ်း တိုးလာသူကို တွေ့လိုက်ရသည့်အခါ အမတ်ချုပ်ယွင်၏ အမူအယာမှာလည်း သိမ်မွေ့နက်နဲလာတော့သည်။
“ရှောင်စီက ဒဏ်ရာရလာလို့ အိမ်မှာ အားပြန်မွေးနေရတယ်ဆို အခု သူ ဘယ်လိုနေသေးလဲ ဒဏ်ရာက အရမ်းပြင်းလား ...”
“စစ်သူကြီးချုပ်အနေနဲ့ အရမ်းကြီး စိုးရိမ်နေစရာ မလိုပါဘူး သားဖြစ်သူက အားလုံး အဆင်ပြေနေပါပြီ ...”
“ဇနီးသည်ကို သတင်းသွားမေးဖို့ လွှတ်ချင်တာ ဒါပေမယ့် ယွင်မိသားစုမှာ မိသားစုဝင် အမျိုးသမီး တစ်ယောက်မှ မရှိတာကို သတိရသွားတော့ အဆင်မပြေလောက်လို့ လူချင်းတွေ့မှ မေးမယ်လို့ပဲ ဆုံးဖြတ်လိုက်တာ ...ရှောင်စီက သူ့ဘာသာသူ ဒဏ်ရာရအောင် လုပ်တာလား ...”
ယွင်မိသားစုတွင် မိသားစုဝင် အမျိုးသမီးဟူ၍ နှစ်ယောက်သာ ရှိကာ အကြီးဆုံးသမီးဖြစ်သူမှာ အစောကြီးကတည်းက ရှို့ဖန့်သံအမတ်နှင့် ထိမ်းမြားကာ ခင်ပွန်းဖြစ်သူနှင့်အတူ လင်းကျိုးတွင် အခြေချနေသည့်အတွက် ဧကရာဇ်၏ ဆင့်ခေါ်မှု မခံရမချင်း မြို့တော်သို့ ပြန်လာ၍ မရချေ။ သခင်မယွင်မှာမူ ယခင်ကတည်းက ကျန်းမာရေး ညံ့ဖျင်းသူ ဖြစ်ကာ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်အတွင်း ယွင်ချင်းစီ ဒဏ်ရာရသွားပြီးနောက် သူ့အတွက် ပူပန်နေရသည့်အတွက် သူမ၏ ကျန်းမာရေးကို အလေးမထားနိုင်တော့။ ရှစ်နှစ်သားအရွယ် ယွင်ချင်းစီက သတိပြန်လည်လာပြီးနောက် သူ့ဘေးတွင် လဲလျောင်းနေသည့် မိခင်ဖြစ်သူကို တွေ့လိုက်သည့်အခါ သူ့ကို စောင့်ရှောက်ရင်း ပင်ပန်းလွန်း၍ အိပ်ပျော်နေသည်ဟုသာ ထင်ခဲ့ပေသည်။
စိတ်မပါလက်မပါဖြင့် စားသောက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို စမ်းကြည့်လိုက်သည့် အခါတွင်မှ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေကြောင်း သိရှိသွားတော့သည်။ သူ သတိပြန်လည်လာမည်ကို စောင့်နေရင်းပင် ကွယ်လွန်သွားခြင်း ဖြစ်ပေသည်။
ထိုစဉ်မှစ၍ ယွင်ချင်းစီသည် ဖခင်ဖြစ်သူက သူ့အား တိုက်ရိုက် သတ်ခဲ့ခြင်း မဟုတ်သည့်တိုင် သူမကို သွယ်ဝိုက်၍ သေစေခဲ့သည်ဟု တစ်ထစ်ချ မှတ်ယူထားလိုက်တော့သည်။
သူ မေ့မြောနေစဉ် အမတ်ချုပ်ယွင်နှင့် သခင်မယွင်တို့ ကွာရှင်းပြတ်စဲကြကာ သူမက သူ့ကို ခြံဝန်းထဲပင် အလာမခံတော့ကြောင်း ယွင်မိသားစုတစ်ခုလုံး အသိပင်ဖြစ်သည်။ ထို့ကြောင့် ယွင်ချင်းစီက အမတ်ချုပ်ယွင်အား ဈာပနာအခမ်းအနားသို့ပင် လာရောက်ခွင့် မပြု၊ အမတ်ချုပ်ယွင်ကလည်း သူ့ကို စိတ်အနှောင့်အယှက် မပေးဘဲ ဇနီးဖြစ်သူအား ဂူသွင်းမြှုပ်နှံသည်ကို အဝေးတစ်နေရာမှသာ ရပ်ကြည့်နေခဲ့ပေသည်။
စစ်သူကြီးချုပ်ချိုး၏ စကားများမှာ လွန်စွာ ပြင်းထန်လှသော်ငြား အမတ်ချုပ်ယွင်ကမူ တည်ငြိမ်နေဆဲပင်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အငယ်ဆုံးသားဖြစ်သူ မည်မျှအထိ သိတတ်လိမ္မာခဲ့ကြောင်း တွေးမိသည့်အခါ ပြုံးပင် ပြုံးလိုက်မိသေးသည်။
“အိမ်တွင်းရေးကိစ္စတွေကို ဒီနေရာမှာ မပြောတော့ပါဘူး တကယ်လို့ စစ်သူကြီးသာ စိတ်ဝင်စားရင် လက်ဖက်ရည်ဆောင်မှာ စကားဆက်ပြောကြတာပါ့ ကျွန်တော်လည်း ကျောင်းသား ချိုးဝေ့နဲ့ ချိုးယန်ရဲ့ အခြေအနေကို မေးချင်နေတာ ...”
ထိုသူနှစ်ဦးမှာ စစ်သူကြီးချိုး၏ တတိယနှင့် စတုတ္ထသားများ ဖြစ်ကာ အမတ်ချုပ်ယွင်ကို ဆရာဟု ခေါ်ဝေါ်ခဲ့ကြရသူများ ဖြစ်ပေသည်။ တစ်ယောက်မှာ သင်ကြားရေးတွင် အာရုံမစိုက်၊ ပျော်ပါးကစားရသည်ကိုသာ စိတ်ဝင်စားပြီး ကျန်တစ်ဦးမှာ မိန်းမလှလေးများ ပေါများသည့် နေရာမျိုးတွင်သာ ကျင်လည်ကျက်စားလိုသူ ဖြစ်ပေသည်။ အကြီးဆုံးသား ချိုးရှန်းကို စိတ်ပူရန် မလိုခဲ့ရသမျှ ဤသားနှစ်ဦးကြောင့် စစ်သူကြီးချိုးမှာ ဆထက်တိုးကာ ဒေါသပုန်ထနေရသည်။
စစ်သူကြီးချိုး၏ မျက်နှာထက်တွင် မထီမဲ့မြင်ဟန်တို့ ထွက်ပေါ်လာတော့သည်။
“ချိုးမိသားစုရဲ့ ကလေးတွေ ဘယ်လောက်ပဲ ဆိုးသွမ်း ဆိုးသွမ်း ယောကျ်ားတစ်ယောက်ရဲ့ အနောက်ကိုတော့ တကောက်ကောက် လိုက်မနေပါဘူး အခု အရှင်က ဧကရီကို ထုံးတမ်းဓလေ့တွေ တစ်ခုမှ မဆောင်ရွက်ဘဲ မိဘအိမ် ပြန်ပို့လိုက်တာ နန်းချတဲ့ အမိန့်ကို တရားဝင် မကြေငြာသေးတာပဲ ရှိတယ်လေ သခင်လေးယွင် ဘယ်လိုတွေ အကွက်ရွှေ့ဦးမလဲ ကြည့်ချင်စမ်းပါရဲ့ အရှင်မင်းမြတ် မရှိဘဲ အသက်မရှင်နိုင်တဲ့သူဆိုတော့ ပွဲကြီးပွဲကောင်းတစ်ခု တွေ့ရဦးမှာပဲ ...”
အင်္ကျီလက်ကို ခါယမ်းကာ ထွက်သွားသူအား ငေးကြည့်ရင်း အမတ်ချုပ်ယွင်လည်း မျက်မှောင်ကြုတ်ထားလိုက်မိတော့သည်။ ထိုသူ ပြောသွားသည်များမှာ သူ စိုးရိမ်နေသည်များနှင့် တစ်ထပ်တည်းပင် ဖြစ်ပေသည်။
ပိုင်ဆိုင်ရန် ခဲယဉ်းလေသယောင် အကွက်ရွှေ့လိုသည့် ယွင်ချင်းစီ၏ အတွေးအကြံတို့ကို အတတ်နိုင်ဆုံး ပပျောက်စေကာ ဧကရာဇ်နှင့် အမြန်ဆုံး လမ်းခွဲနိုင်စေရန် လွန်စွာ အရေးကြီးနေပေသည်။
သူက အတွင်းဝန်ဟန်ကို နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်တော့သည်။
“ငါ ပါကျန်းကျွီကို နောက်တစ်ခေါက်သွားဖို့ လိုနေပြီ ...”
ပစ္စည်းကောင်းတို့မည်သည် ရန်သူ့လက်ထဲ အပါခံ၍ မဖြစ်ချေ။
.........
ချန်လန်ရေကန်ကို ထူထဲလှသည့် ရေခဲချပ်တို့ ဖုံးအုပ်လာသည့်အခါ ရေခဲပြင်ပွဲတော် ကျင်းပမည့်အချိန်သို့ ရောက်ရှိလာတော့သည်။
ယွင်ချင်းစီ၏ နဖူးပေါ်ရှိ ဒဏ်ရာမှာ သက်သာစ ပြုနေပြီဖြစ်သည့်အတွက် ပတ်တီးစကို ဖြည်ချကာ ဆောင်းတွင်းကာလ ဖြစ်သည့်အတွက် ဦးထုပ်အနားပန်းကလည်း သူ့ဒဏ်ရာကို လုံလုံလောက်လောက် ဖုံးကွယ်ပေးထားသည်။ မနက်ခင်း စောစောစီးစီး ထကာ ဝတ်စားဆင်ယင်ပြီးနောက် အစ်ကို(၄)နှင့်အတူ ရေကန်ရှိရာသို့ ထွက်လာခဲ့လိုက်၏။
လီယင်းမှာ ခြေတစ်လှမ်း နောက်ကျသွားချေပြီ။ လျှိုကျီရူက အိမ်တော်တံခါးဝမှ ပြန်လှည့်လာကာ သူ့ကို လျှောက်တင်လိုက်သည်။
“အရှင် ဧကရီက စတုတ္ထသခင်လေးနဲ့အတူ ချန်လန်ရေကန်ကို သွားပါတယ်တဲ့ ...”
ရေကန်ဘေးပတ်ပတ်လည်တွင် ပျံကျဈေးသည်များဖြင့် စည်ကားလာကာ တစ်စထက်တစ်စ လူဦးရေ ထူထပ်လာတော့သည်။ ရာသီဥတု သာယာကာ နေရာအနှံ့ နှင်းလွှာထုတို့ ပြည့်နှက်ပြီး ကောင်းကင်တစ်ခွင်လုံး အဖြူအပြာတို့ ရောယှက်လျက် လွန်စွာ လှပနေပေသည်။
ယွင်ချင်းစီက လှည်းထဲမှ ထွက်ကာ မျက်စိစုံမှိတ်လျက် အသက်ကို ပြင်းပြင်းရှူလိုက်၏။ အေးစက်လှသည့် လေငွေ့တို့ကို အဆုတ်ထဲအထိ ရှူသွင်းလိုက်သည့်အခါ တစ်ကိုယ်လုံး အေးမြလန်းဆန်းလာတော့သည်။
ထိုစဉ် ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရသည်။
“ချင်းစီ ...”
ယွင်ချင်းစီက မော့ကြည့်လိုက်ကာ ယွင်ချင်းစုက ပြန်လည်နှုတ်ဆက်လိုက်သည်။
“သခင်လေးဟို ...”
ထိုသူမှာ အခြားမဟုတ်၊ မင်းသမီးယန်ကျောက်၏ တစ်ဦးတည်းသောသား၊ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက လီယင်း၏ စာသင်ဖော် ဖြစ်ခဲ့သူ လင်းဟွိုက်ကျင်းပင် ဖြစ်သည်။
သူသည် ယွင်ချင်းစီနှင့် ဆက်ဆံရေး ကောင်းမွန်သူ၊ တိတိကျကျ ဆိုရပါလျှင် လီယင်းနှင့် ယွင်ချင်းစီ၊ နှစ်ဦးလုံးနှင့် ဆက်ဆံရေးကောင်းတစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။
ပြီးခဲ့သည့် တစ်နှစ်ကျော်က ယွင်ချင်းစီသည် လီယင်းနှင့် လွန်စွာ ရင်းနှီးလှသည့် နန်းဆောင်အစေခံတစ်ဦးကို သတ်ခဲ့သည်ကို ဖြတ်သန်းသွားသည့် လင်းဟွိုက်ကျင်းက မျက်မြင်တွေ့လိုက်၏။ သက်တူရွယ်တူ ဖြစ်သည့်အပြင် အတိတ်က ဟန်ဆောင်မှုများအပေါ် အခြေခံကာ ယွင်ချင်းစီကို ပြင်းပြင်းထန်ထန် ဆုံးမပြစ်တင်ခဲ့သည့်အတွက် နှစ်ဦးသား အငြင်းပွားကြတော့သည်။
ထိုစဉ် လီယင်း ရောက်လာကာ လင်းဟွိုက်ကျင်းကို ပြောလိုက်သည်။ ထိုအချိန်အထိ သူသည် ယွင်ချင်းစီကို အကောင်းပြောပေးရမည်မှန်း သိနေဆဲဖြစ်သည်။
“သူ့ရဲ့ တကယ့် စရိုက်က ဒီလို မဟုတ်ပါဘူး သူက ငါ့ကို အရမ်းချစ်လွန်းလို့ ဒီလို ဖြစ်သွားတာဆိုတော့ ကိုယ်တော်ပဲ သူ့ကို ဂရုစိုက်လိုက်ပါ့မယ် ...”
ယွင်ချင်းစီသည် လင်းဟွိုက်ကျင်းအား ဘာကြောင့် ဤမျှအထိ ကိုယ်ရေးကိုယ်တာဆန်သော အကြောင်းခြင်းရာများကို ထုတ်ပြောခဲ့ကြောင်း နားမလည်ခဲ့၊ လီယင်းက သူ့ကို နားလည်ပေးနိုင်သည်ဟု တွေး၍သာ လွန်စွာ သဘောတွေ့ခဲ့ပေသည်။
နောက်ပိုင်း အအေးနန်းဆောင်သို့ အပို့ခံခဲ့ရသည့်အခါ လင်းဟွိုက်ကျင်းက သူ့ကို ကူညီကာ လီယင်းထံ အသနားခံပေးခဲ့သည်။
“အမတ်ချုပ်ယွင်က အင်အား စုဆောင်းလို့ အပြစ်ရှိတယ် ဆိုရင်တောင် ဧကရီက ဘယ်လိုအပြစ်မျိုး ကျူးလွန်ခဲ့လို့လဲ နှစ်တွေ ဒီလောက် ကြာနေတာတောင် သူ့နှလုံးသားကို တကယ်ကြီး မမြင်တတ်သေးဘူးပဲ အရှင် မေ့သွားပြီလား...”
သူက ယွင်ချင်းစီကို ရှေ့ထား၍ပင် လီယင်းကို မေးခွန်းထုတ်လိုက်သေးသည်။
“အရှင်ပြောတော့ သူ သံသယ လွန်ကဲတာက မွေးရာပါ မဟုတ်ပါဘူးဆို အခု အရှင်က သူ့ကို အတင်းအကြပ် ရက်ရက်စက်စက် ဆက်ဆံချင်နေပြန်ပြီ အရှင်က သူ့ကို သတ်မယ်လို့ တွေးထားတာလား ...”
လီယင်းက ဒေါသပုန်ထကာ သူ့ကို ဆွဲထုတ်ပြီး ကြိမ်ဒဏ် အချက်(၂၀)ပေးရန် အမိန့်ချမှတ်လိုက်သည်။
ထိုအခါမှ လီယင်း ပြောခဲ့သည့် စကားများမှာ သူ့အတွက် မဟုတ်၊ လင်းဟွိုက်ကျင်းအတွက်သာ ဖြစ်ကြောင်း ယွင်ချင်းစီတစ်ယောက် သဘောပေါက်သွားတော့သည်။
(ဒီနားလေးမှာ သူ ဘာပြောချင်တာလည်း သိပ်မရှင်း)
နားတစ်ခုလုံး ဆူညံသွားသည့်တိုင် မျက်နှာအမူအယာမှာမူ ယခင်အတိုင်း သိမ်မွေ့နေဆဲပင်။ အဖြူရောင် ဦးထုပ်က သူ့မျက်နှာကို ပို၍ပင် နှစ်လိုဖွယ် ဖြစ်သွားစေတော့သည်။ လင်းဟွိုက်ကျင်းက ရှေ့တစ်လှမ်းတိုးကာ သူ့ကို နှုတ်ဆက်လိုက်၏။
“ဧကရီကို နှုတ်ဆက်ပါတယ် ...”
“ရှောင်စီလို့ပဲ ခေါ်ပါ ...”
ယွင်ချင်းစုက ဝင်ပြောလိုက်သည်။
“ဘေးမှာ လူတွေ အများကြီး ရှိနေတော့ ဒီလို ခေါ်တာက ပိုပြီး လုံခြုံတယ် ...”
လင်းဟွိုက်ကျင်းက တစ်ခဏခန့် အသံတိတ်သွားပြီးကာမှ မသဲမကွဲ ခေါ်ဝေါ်လိုက်သည်။
“ရှောင်စီ ...”
.......
လီယင်း လိုက်ပါလာသည့်လှည်းက မလှန်းမကမ်းတွင်ရပ်တန့်သွားကာ သူ လိုက်ကာစကို မ ၍ ယွင်ချင်းစီ၏ နံဘေးတွင် ရပ်နေသည့် လင်းဟွိုက်ကျင်းကို စိုက်ကြည့်နေလိုက်သည်။
လျှိုကျီရူမှာ ချက်ခြင်းပင် အပူချိန် ထိုးကျသွားသည်ဟု ခံစားမိလိုက်တော့သည်။
Xxxxx