အပိုင်း ၇
Viewers 13k

Chapter 7



ရေခဲပြင်ပွဲတော်သည် ကျေးလက်ရိုးရာ ပွဲတော်တစ်ခုမျှသာ ဖြစ်သော်ငြား ရံဖန်ရံခါတွင် ဧကရာဇ်အရှင်မင်းမြတ်ကိုယ်တိုင်ပင်လျှင် ပါဝင်ဆင်နွှဲလေ့ ရှိသည် နှင်းလွှာပြင်တွင် လျှောစီးကာ တစ်ယောက်နှင့်တစ်ယောက် ကျီစယ်ကစားရသည့် ဤပွဲတော်မှာ ပြည်သူအားလုံး၏ အနှစ်သက်ဆုံး ပွဲတော်ဟုပင် ဆိုရလောက်ပေမည်။

မူလကမူ ယခုနှစ်အတွက် ပွဲတော်ကျင်းပရေး ဌာနမှ ကြိုတင်ပြင်ဆင်ကာ လုံခြုံရေးကိစ္စများ ဆောင်ရွက်ပေးရန် စစ်စခန်းများကိုပါ အကြောင်းကြားရမည် ဖြစ်သော်လည်း အစီအစဉ်အားလုံးကို စဉ်းစားပြီးချိန်မှာပင် ဧကရာဇ်နှင့် ဧကရီအကြား အငြင်းပွားမှု ဖြစ်ပွားခဲ့သဖြင့် အားလုံးကို ဆိုင်းငံ့ထားလိုက်ရတော့သည်။

ဤအကြောင်းခြင်းရာမှာ လူထုကြားအထိ ပျံ့နှံ့သွား၏။

ယွင်ချင်းစီနှင့် လင်းဟွိုက်ကျင်းတို့ ဆက်လျှောက်လာကြစဉ် လူတစ်စု၏ တီးတိုးစကားသံများကို ကြားလိုက်ရသည်။

“ဒီတစ်ခေါက် ချန်လန်ရေကန်က တော်ဝင်မိသားစုအတွက် သီးသန့်ထင်တယ်နော် အရှင်မင်းကြီးက ဒီနှစ် ကြွမလာဘူးလား ...”

“မင်း မသိသေးဘူးလား အရှင်က အခုတလော အတော်လေးကို စိတ်အနှောင့်အယှက် ဖြစ်နေတာလေ ဘယ်လိုဖြစ်ပြီး ငါတို့နဲ့ လာပြီး ပွဲတော်ကို ပျော်ပျော်ကြီး ဆင်နွှဲနိုင်မှာလဲ ...”

“ဘာကို ဆိုလိုတာလဲ ...”

“အရမ်းကို လွှမ်းမိုးလိုစိတ်များပြီး သဝန်တိုတတ်တဲ့ ဧကရီယွင်ကြောင့် အရှင် အရမ်းကို ဒေါသထွက်သွားလို့လေ ငါကြားတာတော့ သူက နန်းတော်ထဲကနေတောင် ကန်ထုတ်ခံလိုက်ရပြီ ဆိုလားပဲ နန်းတော်ထဲမှာ အလုပ်လုပ်နေတဲ့ ငါ့အစ်ကိုက ပြောတာ ဒီတစ်ခေါက်တော့ ဧကရီယွင်အနေနဲ့ အခြေအနေတွေကို ပြန်ပြောင်းနိုင်ဖို့ မလွယ်ဘူးတဲ့ ...”

“ငါလည်း ကြားမိတယ် ဒါပေမယ့် အရှင်က သူ့ကို မြတ်နိုးတယ် မဟုတ်လား ..."

“အမှန်ပဲပေါ့ ငါလည်း သူ ဘာတွေ တွေးနေမှန်းကို နားမလည်တော့ပါဘူးကွာ ကလေးလည်း မမွေးနိုင်၊ အရှင့်ကိုကျလည်း တစ်ခြားလူတွေနဲ့ ထိတွေ့ခွင့် မပေးနဲ့ တော်ဝင်မိသားစုကို မျိုးဆက်ပျက်သွားအောင် လုပ်နေသလား မှတ်ရတယ် အရှင်က သူ့ကို မုန်းပြီပေါ့ကွ မင်းပဲ စဉ်းစားကြည့်လေ အမတ်ချုပ်ယွင်ရဲ့ သားဖြစ်ပြီး ဘာလို့များ ဒီလောက်အထိ ထောင်လွှားမောက်မာနေရတာလဲ မသိဘူး ...”

“သူက အမတ်ချုပ်အိမ်တော်မှာ နှစ်နည်းနည်းပဲ နေခဲ့တာလေ အမတ်ချုပ်ယွင်ရဲ့ သင်ကြားမှုတွေနဲ့ ကြီးလာတာမှ မဟုတ်တာ သူ့အမေနဲ့အတူတူ ကြီးပြင်းလာခဲ့တာ မဟုတ်လား ...”

စကားသံတို့မှာ တစ်ဖြည်းဖြည်း ဝေးဝေးသွားတော့သည်။

ဧကရာဇ်သည် ညှာတာသနားတတ်ကာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံအားပေးသည် ဆိုသည့်တိုင် မည်သူမဆို မိမိ၏ စကားအတွက် တာဝန်ယူရမည်ဖြစ်သည်။ အကယ်၍ တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းပျက်စီးစေနိုင်မည့် ကောလဟာလများသာ ပျံ့နှံ့လာပါလျှင် စတင် ဖြန့်ဝေသူမှာ ကျိန်းသေ အပြစ်ပေးခြင်း ခံရမည်ဖြစ်သည်။

ယွင်ချင်းစီနှင့် လီယင်းအကြား ပြဿနာမှာ နှစ်ကိုယ်ကြားပြဿနာဟု သတ်မှတ်၍မရ။ ထိုသတင်းများအား ပိတ်ဆို့ခြင်း မရှိသည့်အပြင် အကယ်၍ ပိတ်ဆို့လိုသည့်တိုင် ရနိုင်မည်မထင်။ ယွင်ချင်းစီသည် အမတ်ချုပ်အိမ်တော်ရှေ့ပင် မရှောင်၊ ပြဿနာ ရှာခဲ့သူ ဖြစ်ပေသည်။

သို့သော် နန်းစွန့်သည့် ကိစ္စမှာမူ အထိအခိုက် မခံနိုင်သည့် အကြောင်းအရာ ဖြစ်သည့်အတွက် မည်သူကမှ ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲကြချေ။

ယွင်ချင်းစီကမူ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို အစောပိုင်းကတည်းက မျှော်လင့်ထားပြီး ဖြစ်ပေသည်။ နန်းတော်မှ နှင်ထုတ်ခံရပြီးနောက်ပိုင်း သူ့ဂုဏ်သတင်း လုံးဝ ပျက်ယွင်းသွားပြီဖြစ်ရာ သူ့ကို မုန်းတီးသူများက သူ မည်မျှအထိ ရက်စက်ကြမ်းကြုတ်ကြောင်း သွားပုတ်လေလွင့် ပြောကြတော့မည် ဖြစ်ပြီး သူ့ကို ချစ်ခင်သူများကမူ ... ချစ်ခင်သူဟူ၍ မရှိသည့်အတွက် မည်သူကမှ ဤအတင်းအဖျင်းတို့ကို ဖိနှိပ်ရန် ကြိုးစားမည် မဟုတ်ပေ။

ယွင်ချင်းစုက သူ့အမူအယာကို တိတ်တဆိတ် အကဲခတ်နေ၏။ ပျံ့နှံ့နေသည့် သတင်းများအား မတားဆီးခြင်းမှာ အမတ်ချုပ်ယွင်၏ အကြံသာ ဖြစ်ပေသည်။ သူက ဤအခြေအနေကို အသုံးချကာ ယွင်ချင်းစီအား လီယင်းသာ သူ့ကို အမှန်တကယ် မြတ်နိုးပါလျှင် သတင်းမှားများပင် ထွက်လာမည် မဟုတ်ဟု သဘောပေါက်စေလိုခြင်းဖြစ်သည်။

လီယင်းက သူ့ကို ဂရုမစိုက်ဟုသာ ယုံကြည်သွားပါလျှင် ကွာရှင်းရန် နားချလိုသည့် သူတို့၏ အကြံ တစ်ဝက်ခန့် အောင်မြင်ပြီဟု ဆိုနိုင်ပေသည်။

ယွင်ချင်းစီမှာမူ ထိုအတင်းစကားတို့က သူ့အပေါ် မည်သို့မှ မသက်ရောက်နိုင်သည့်နှယ် လွန်စွာ တည်ငြိမ်နေပေသည်။

ထိုစဉ် နားနှစ်ဖက်ကို နွေးထွေးသည့် အရာတစ်ခုက ဖုံးအုပ်သွားသည့်အတွက် အနည်းငယ် ကြောင်အမိသွားတော့သည်။ လင်းဟွိုက်ကျင်းက အမွှေးပွနားအကာတစ်ခုကို ထုတ်ယူကာ သူ့နားရွက်တွင် တပ်ပေးလိုက်ခြင်း ဖြစ်ပေသည်။

နားရွက်နှစ်ဖက်လုံး နွေးထွေးသွားသည့် ခံစားချက်ကြောင့် သူကိုယ်တိုင်ပင် သတိမပြုမိဘဲ ခပ်ပြုံးပြုံး စကားပြောနေသည့် လင်းဟွိုက်ကျင်းကို မော့ကြည့်မိသွားတော့သည်။

“မင်းနားရွက်တွေကိုလည်း ကြည့်လိုက်ပါဦး အကုန် အေးစက်နီရဲနေတာပဲ အပြင်ထွက်ကာနီး အမေ ငါ့ကို ဒီဟာ ပေးတော့ ငါ့အတွက် အသုံးမဝင်ဘူးလို့ ထင်မိလို့ မင်းကို တပ်ပေးလိုက်တာ ...”

ထူထဲလှသည့် နားအကာက အသံအများစုကို အလိုလို ပိတ်ဆို့ပြီးဖြစ်သွားကာ ယွင်ချင်းစီ၏ အကြည့်ထဲတွင် နွေးထွေးမှုတို့ ဖြတ်သန်းသွားတော့သည်။

ယွင်ချင်းစု၏ နှလုံးသား တုန်ဟီးသွားကာ သတိကြီးကြီးထားလျက် မေးလိုက်သည်။

“ဒါက မသင့်လျော်ဘူး မဟုတ်လား ...”

“ဘာဖြစ်လို့လဲ ...”

လင်းဟွိုက်ကျင်းက ယွင်ချင်းစီကို ပြန်ကြည့်ကာ အားရကျေနပ်စွာ ပြောလိုက်သည်။

“မလှဘူးလား ...”

အမှန်တကယ်လည်း လှပလွန်းလှပေသည်။ ယွင်ချင်းစီသည် ကြည်လင်လှသည့် အလှတရားဖြင့် မွေးဖွားလာခဲ့သူ ဖြစ်ရာ သားမွေးဦးထုပ်နှင့် နားအကာတို့ ဝတ်ဆင်လိုက်သည့်အခါ တောင်စဉ်တောင်တန်းကြားမှ ထွက်ပေါ်လာသည့် လွန်စွာတောက်ပကာ ဉာဏ်ရည်ထက်မြက်လှသည့် နတ်မိစ္ဆာလေလားဟု ထင်မှတ်သွားရတော့သည်။

နားအကာ ဝတ်ဆင်၍ မသင့်လျော်ခြင်း မဟုတ်၊ ယွင်ချင်းစီသည် ဧကရီတစ်ပါး ဖြစ်ရာ သူစိမ်းယောကျ်ားတစ်ယောက် ပေးလာသည့် ပစ္စည်းကို လက်ခံခြင်းက မသင့်လျော်ခြင်းသာ ဖြစ်ပေသည်။ ယွင်ချင်းစုက ဘေးပတ်လည်သို့ အကဲခတ်ကာ မည်သူမှ အာရုံစိုက်မနေကြောင်း သေချာမှ ပြောလိုက်သည်။

“လင်းကောကို အမြန် ကျေးဇူးတင်လိုက်လေ ...”

ယွင်ချင်းစီသည် သူတို့နှင့်အတူ ကြီးပြင်းလာခဲ့သူဖြစ်ရာ အစ်ကိုကြီးက ညီငယ်လေးအား ဂရုစိုက်ပေးခြင်းသည် ရေးကြီးခွင်ကျယ် ဖြစ်ရမည့် ကိစ္စမျိုး မဟုတ်ချေ။

သူ့ကို ကလေးတစ်ဦးနှယ် ဆက်ဆံသည့်အပေါ် ယွင်ချင်းစီကလည်း လွန်စွာ နှစ်ခြိုက်နေပေသည်။ မျက်လုံးတို့ ကွေးညွတ်သည်အထိ ပြုံးကာ နာခံမှုအပြည့်ဖြင့် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် လင်းကော ...”

နောက်နားရှိ လီယင်းက မျက်နှာသေဖြင့် ရှေ့သို့ တိုးတော့မည်ပြုစဉ် လျှိုကျီရူက သူ့အင်္ကျီအနားစကို ကမန်းကတမ်း လှမ်းဆွဲလိုက်သည်။

“အရှင် ဘေးမှာ ကြည့်နေတဲ့သူတွေ အများကြီး ရှိနေပါတယ် ...”

သူတို့နှစ်ဦးသာ ဤနေရာတွင် နောက်တစ်ကြိမ် ပြဿနာ ဖြစ်ပါလျှင် လွန်စွာ မျက်နှာပျက်ရပေလိမ့်မည်ဟု မသိမသာ သတိပေးလိုက်၏။

လီယင်း၏ မျက်နှာတစ်ခုလုံး တင်းမာခက်ထန်ကာ ဘေးနားရှိ သစ်သားဈေးဆိုင်လေးကို ဖျက်ဆီးလိုက်သည့်အတွက် ဆိုင်ရှင်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေတော့သည်။

လျှိုကျီရူက အမြန် ရှေ့ထွက်လာကာ ပျက်စီးမှုအတွက် ပေးလျော်လိုက်၏။

“မနက်ကတည်းက ဘာမှ မစားရသေးဘူး မင်းရော ဗိုက်ဆာပြီလား ...”

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အစာအိမ်မှ အသံမြည်လာသည့်အတွက် ယွင်ချင်းစုက ညီဖြစ်သူကို မေးလိုက်သည်။

“ဒီနားမှာ သကြားမှုန် ဖြူးထားတဲ့ နှင်းဖက်ထုပ် ရောင်းတဲ့ဆိုင် ရှိတယ် အဲဒီကိုပဲ သွားကြရအောင် ...”

ယွင်ချင်းစီက ခြေလှမ်းတို့ကို ရပ်ကာ အနောက်သို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်ပြီးကာမှ ပြောလိုက်သည်။

“ကောင်းပါပြီ ...”

သုံးဦးသား ဖက်ထုပ်ဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။ ယွင်ချင်းစီက သူ့အစ်ကို ကမ်းပေးလာသည့် ဇွန်းဖြင့် ဖက်ထုပ်တစ်ဇွန်းစာ ခပ်ကာ အသာအယာ မှုတ်၍ စားလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ဘေးဘီသို့ သာမန်ကာလျှံကာ အကဲခတ်လိုက်၏။

“ရှောင်စီ ပြီးရင် နှင်းလျှောစီးပြိုင်ပွဲကို သွားချင်သေးလား ...”

လင်းဟွိုက်ကျင်း၏ အမေးစကားကို အစ်ကိုဖြစ်သူ ယွင်ချင်းစုက ဝင်ဖြေလိုက်သည်။

“သူက အခုထိ ဒဏ်ရာတွေ မသက်သာသေးဘူး ...”

လင်းဟွိုက်ကျင်းမှာ လွန်စွာ နှမြောတသ ဖြစ်နေသည့်ဟန်။

“ရှောင်စီက စကိတ်စီးတတ်တယ် မဟုတ်လား ငါ မှတ်မိသေးတယ် ...”

ယွင်ချင်းစီ ပထမဆုံးအကြိမ် စကိတ်စီးခဲ့သည်မှာ လီယင်း၏ ဦးဆောင်မှုကြောင့် ဖြစ်ကာ နောက်ပိုင်းတွင် လီယင်းက သူ့ဘဝထဲသို့ ကြိမ်ဖန်များစွာ ရောက်ရှိလာတော့သည်။ မိခင်ဖြစ်သူ သေဆုံးမှုအပြီး ရှစ်နှစ်သားအရွယ် ယွင်ချင်းစီသည် အစွန်ဆုံး ခြံဝန်းထဲတွင်သာ နေထိုင်ကာ မည်သူ့ကိုမှ အတွေ့မခံတော့။ သို့သော် လီယင်းကမူ သူ့ထံ မကြာခဏ လာရောက်လည်ပတ်လေ့ ရှိပေသည်။ အရိုက်အရာ ဆက်ခံရမည့် မင်းသားတစ်ပါး ဖြစ်သည့်အတွက် သူ့ကို မတားမြစ်နိုင်၊ လျစ်လျူရှုထားရုံသာ ရှိပေတော့သည်။

သူ့နှလုံးသားတစ်ခုလုံးကို ရေခဲလွှာတို့ဖြင့် ကာရံကာ အပြင်လူ မည်သူကိုမှ အဝင်မခံခဲ့သော်ငြား မည်မျှပင် အေးစက်သည့် ရေခဲ ဖြစ်နေပါစေ၊ နွေးထွေးမှုနှင့် နှစ်ပေါင်းများစွာ ထိတွေ့လာရသည့်အခါ အေးခဲနိုင်တော့မည် မထင်။ ယွင်ချင်းစီက နှလုံးသားတံခါးကို ဖွင့်ဟကာ လီယင်းကို ဝင်ခွင့်ပေးလိုက်ပြီး မိခင်ဖြစ်သူနှင့်တန်းတူ သူ့ဘဝအတွက် အရေးအကြီးဆုံးသူအဖြစ် သတ်မှတ်လိုက်တော့သည်။

နောက်ထပ် အားကိုးအားထားပြုရမည့် ရပ်ဝန်းငယ်တစ်ခုကို ရှာတွေ့ခဲ့ပြီဟု ထင်ခဲ့မိသော်ငြား အမှန်မှာမူ လှည့်ဖျားတတ်သည့် မြေခွေးတစ်ကောင်အား ဝင်ခွင့်ပြုခဲ့မိခြင်းသာ ဖြစ်ပေသည်။

သူ့အကြည့်ထဲ၌ သရော်လိုသည့် အရိပ်အယောင်တို့ ပြည့်နှက်လာသော်ငြား မျက်နှာမှာမူ ယခင်အတိုင်း နူးညံ့သိမ်မွေ့နေဆဲပင်။

“စကိတ်စီးလို့ အဆင်ပြေပါတယ် ပြီးမှ အတူတူ သွားစီးကြမလား ...”

ယွင်ချင်းစုမှာ ကြောင်အသွားတော့သည်။

“ရလို့လား အဆုတ်က အဆင်ပြေပါ့မလား ...”

“ရပါတယ် အရမ်း အင်တိုက်အားတိုက်ကြီး လှုပ်ရှားရတာမှ မဟုတ်တာ ..."

အဆုတ်ကို ဓားဖြင့် အထိုးခံရပြီးသည့်နောက် ခွန်အားစိုက်ထုတ်ရသည့် အရာတို့ကို လုပ်ဆောင်၍ မရတော့။ သို့သော် ဒဏ်ရာမှာ မပြင်းထန်သည့်အတွက် အလွန်အကြူး မဖြစ်သရွေ့ များစွာ မထိခိုက်နိုင်ပေ။

ဖက်ထုပ်ပူပူလေးတစ်ပွဲ စားပြီးသည့်နောက် ယွင်ချင်းစီ၏ မျက်နှာလည်း သွေးရောင် ပြန်လွှမ်းလာကာ သူ့အစ်ကိုနှင့်အတူ ရေကန်ရှိရာဆီသို့ ထွက်လာလိုက်တော့သည်။ တရားဝင်ပြိုင်ပွဲမှာ မနက်ဖြန်တွင်မှ စတင်မည်ဖြစ်သော်လည်း ယနေ့ကတည်းက လူထူထပ်နှင့်နေပြီးဖြစ်ကာ ကိုယ်ပိုင်စကိတ် ပါရှိနေသရွေ့ ဆန္ဒရှိသလို ဆင်နွှဲနိုင်ပေသည်။

ရေခဲပြင်ပေါ် မတက်မီ ယွင်ချင်းစုက လင်းဟွိုက်ကျင်းကို ညွှန်ကြားလိုက်သည်။

“သူ့ဘယ်ဘက်ခါးမှာ ဒဏ်ရာရှိတယ် ဂရုစိုက်... ပြီးတော့ ရှောင်စီ တကယ်လို့ နေရမသက်သာရင် ချက်ခြင်း ပြောနော် မင်းသာ တစ်ခုခု ဖြစ်လို့ကတော့ အဖေက ငါ့ကို သေချာပေါက် ရိုက်မှာ ...”

“ကောင်းပါပြီ ...”

ယွင်ချင်းစီက အပေါ်ခြုံလွှာကို အစေခံလက်ထဲ ထည့်ကာ စကိတ်ဖြင့် နှစ်ကြိမ်တိုင် ခုန်ပေါက်ရင်း ရေခဲပြင်ပေါ် တက်သွားလိုက်တော့သည်။ ယွင်ချင်းစု၏ “လျှောက်မသွားနဲ့" ဟူသည့် စကားကိုပင် အမှုမထား၊ ချက်ခြင်း လူအုပ်ကြား ပျောက်ကွယ်သွားတော့သည်။

ပြီးခဲ့သည့် ဘဝတွင် သူ့အချိန်အားလုံးကို လီယင်းအတွက်သာ ကုန်ဆုံးခဲ့ရရာ ယခု နှင်းလွှာထက်တွင် စိတ်လွတ်လက်လွတ် ပြေးလွှားနေရကာမှ ဘဝကို စိတ်အေးပျော်ရွှင်စွာလည်း ဖြတ်သန်း၍ ရနိုင်ကြောင်း သဘောပေါက်သွားတော့သည်။

သူ့ပုံစံမှာ လှောင်ချိုင့်ထဲမှ လွတ်မြောက်လာသည့် ငှက်တစ်ကောင်နှယ်၊ လူအုပ်ကြားထဲ လှစ်ခနဲ ဖြတ်သန်းသွားလာနေမှုကြောင့် အနားတွင် ရှိနေသူအားလုံး မျက်နှာများ ဖြူလျော်သွားကြတော့သည်။ သို့သော် လူတစ်ယောက်နှင့် တိုက်မိလုမတတ် ဖြစ်လေတိုင်း ကျွမ်းကျင်စွာ ရှောင်ဖယ်သွားလေ့ရှိသည်။

ထိုစဉ် တစ်စုံတစ်ယောက်၏ ကျိန်ဆဲသံကို ကြားလိုက်ရ၏။

“ဘာတွေ အလောသုံးဆယ် ဖြစ်နေတာလဲကွ စကိတ်စီးတာ တော်ကြောင်း ကြွားချင်နေတာလား ...”

ယွင်ချင်းစီက လှည့်ကြည့်လိုက်သည့်အခါ ထိုသူမှာ ချိုးစစ်သူကြီးချုပ်၏ စတုတ္ထသား ချိုးယန်ဖြစ်ကြောင်း သိလိုက်ရတော့သည်။

ချိုးယန်သည် တစ်နှစ်ပတ်လုံး ပြည့်တန်ဆာအိမ်တွင် အခြေချကာ မိန်းမလှလေးများနှင့်သာ ထွေးရောယှက်တင် နေထိုင်လေ့ရှိသူ ဖြစ်ပြီး စကိတ်ပင်လျှင် ကောင်းကောင်း မစီးတတ်ချေ။

ယွင်ချင်းစီက နှုတ်ခမ်းတို့ ကော့ညွတ်လျက် သူ့ဘက် ပြန်လှည့်ကာ တမင်တကာ ရန်စလိုက်တော့သည်။

ချိုးယန်သည် မူလကမူ သူ့စကိတ်ကိုသာ အာရုံစိုက်နေသော်ငြား အရှေ့တွင် ရစ်ဝဲနေသည့် ဝတ်ရုံဖြူကြောင့် တစ်ဖက်သူမှာ တမင်တကာ ရန်စနေခြင်း ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ ဆန်တက်လာသည့် ဒေါသစိတ်တို့နှင့်အတူ မော့ကြည့်ကာ စိတ်ဆိုးမာန်ဆိုး ကြိမ်းမောင်းလိုက်သည်။

“ဒီသခင်လေးကိုတောင် ရန်စရဲတယ် ငါ ဘယ်သူလဲဆိုတာ မင်းသိရဲ့ ...”

နေပါဦး ဒါ ဘယ်သူကြီးလဲ ...

ချိုးယန်မှာ တစ်ခဏမျှ ကြောင်အသွားတော့သည်။ ထို့နောက်တွင်မှ တစ်ဖက်သူ၏ တောက်ပကာ စွဲမက်ဖွယ် ကောင်းလှသည့်တိုင် ထီမထင်ဟန် မျက်နှာထားကို သတိထားမိသွားပြီး ပြောလက်စ စကားတို့ပင် ထစ်အသွားတော့သည်။

“ယွင် ... ယွင်ယွင် ...”

“အရူးကောင် ...”

လန်းဆန်းမှုကို ခံစားလိုက်ရသည့် ယွင်ချင်းစီက မေးကို မြင့်မြင့််မြှောက်ကာ လေအလျဉ်နှင့်အတူ ထွက်ခွာသွားတော့သည်။

ချိုးယန် “...မင်း ... အခုချက်ခြင်း ရပ်လိုက်စမ်း ...”

၎င်းကို မြင်လိုက်ရသည့် ယွင်ချင်းစုက ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း မေးလိုက်သည်။

“သခင်လေးချိုး အဆင်ပြေရဲ့လား သခင်လေးကို စောင့်ရှောက်ဖို့ တစ်ယောက်ယောက်များ ရှာပေးရဦးမလား ...”

“မင်းရဲ့ညီက ဦးနှောက်ရော ကောင်းသေးလား ...”

ချိုးယန်မှာ ယွင်ချင်းစီ၏ နာမည်ကိုလည်း တိုက်ရိုက် မခေါ်ရဲ။ ထို့ကြောင့် ယွင်ချင်းစုကိုသာလျှင် လက်ညှိုးငေါက်ငေါက်ထိုးလျက် ကြိမ်းမောင်းလိုက်သည်။

“လူများကို လိုက်ရန်မစဘဲ စကိတ် မစီးတတ်ဘူးလား ...”

ယွင်ချင်းစုမှာ အံ့အားသင့်သွားသည့်ဟန်။

“သူက မင်းကို အနိုင်ကျင့်လိုက်လို့လား ...”

ချိုးယန်လည်း မကျေမနပ် ဖြစ်သွားတော့သည်။

“အဲဒီတော့ ...”

ယွင်ချင်းစီသည် လီယင်းနှင့် ပတ်သက်သည်များကိုသာလျှင် အရေးကြီးကိစ္စအဖြစ် မှတ်ယူထားသူ ဖြစ်ပေသည်။

အခု လီယင်းနဲ့ မတွေ့တာ နှစ်ရက်တောင် ရှိနေပြီကို တစ်ခြားသူတွေကို အနိုင်ကျင့်ချင်စိတ် ရှိနေသေးတယ်ပေါ့ ...

ယွင်ချင်းစုက လက်ခုပ်လက်ဝါးတီးကာ ဝမ်းသာအားရ ရေရွတ်လိုက်သည်။

“ကောင်းလိုက်တာ ...”

ချိုးယန် “????”

မင်းတို့ ယွင်တစ်မိသားစုလုံး ဦးနှောက် မကောင်းတော့တာလား ...

လင်းဟွိုက်ကျင်းက ယွင်ချင်းစီကို ဂရုတစိုက် လိုက်ကြည့်နေသော်ငြား လူများလွန်း၍လား သို့မဟုတ် ယွင်ချင်းစီကိုယ်တိုင်ကပင်လျှင် စိတ်လှုပ်ရှားနေ၍လား မသိ၊ သူ့ကို လူအုပ်ကြားထဲတွင် ဖျတ်ခနဲသာလျှင် တွေ့လိုက်ရပေသည်။ ယွင်ချင်းစု အမှီလိုက်လာနိုင်သည့် အချိန်တွင်မူ သူ့ကို လုံးဝ ရှာမတွေ့တော့ချေ။

ယွင်ချင်းစီက သူကဲ့သို့ပင် လျင်မြန်လှသည့် လူငယ်လေးများနှင့်အတူ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည့်မှာ ရေခဲပြင်ပေါ် ပျံသန်းနေသည့် သိမ်းငှက်များသဖွယ်ပင်။

ထိုစဉ် သူ့ထက် မြန်ဆန်သူတစ်ဦး ထွက်ပေါ်လာကာ လျှပ်စီးကြောင်းသဖွယ် သူ့ဘေးနားမှ ဖြတ်သန်းသွား၏။ ထို့နောက် လေချွန်သံ တစ်ခုနှင့်အတူ သူ့ခါးကို ပွေ့ဖက်လာသည့် လက်မောင်း၏ အထိအတွေ့ကိုပါ ခံစားလိုက်ရတော့သည်။

အသိစိတ် ကပ်လာသည့် အချိန်တွင်မူ ထိုသူ ဆွဲခေါ်ရာနောက်သို့ လိုက်ပါနှင့်နေပြီဖြစ်သည်။



Xxxxx