အပိုင်း ၈
Viewers 12k

Chapter 8



သူ့ကို ဆွဲခေါ်လာသည့်သူ ကန်စပ်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျန်တစ်ဦးက ရှေ့တိုးကာ ဒူးထောက်ထိုင်ချပြီး စကိတ်ဖိနပ်ကို သာမန်ဖိနပ်ဖြင့် လဲလှယ်ပေးလိုက်သည်။

ချန်လန်ရေကန်၏ အနောက်တောင်ဘက်ခြမ်းတွင် လေဒဏ်ကို ကာကွယ်ပေးနိုင်သည့် ခန်းစီးစတို့ အပြည့်တပ်ဆင်ထားသည့် အဆောင်ငယ်တစ်ခု ရှိပေသည်။ ထိုအထဲတွင် မီးသွေးမီးဖို တစ်ခုနှင့်အတူ နူးညံ့လှသည့် ညောင်စောင်းတစ်ခုလည်း ရှိနေသေးကာ မျက်နှာချင်းဆိုင်ဘက်ခြမ်းစီမှ ဆူညံသံများကိုလည်း မကြားရ၊ အဆောင်ပတ်လည်တွင် အစောင့်အကြပ်များ ချထားသည့်အတွက် မည်သူမှ ဝင်ရောက်လာ၍ မရချေ။
လီယင်းက သူ့ကို နူးညံ့သည့် ထိုင်ခုံထက်တွင် တင်ကာ သူ့ရှေ့ ထိုင်ချပြီး စကိတ်တို့ကို ချွတ်ပေးလိုက်သည်။

ရှည်လျားလှသည့် ဆံနွယ်တို့က သူ့ပုခုံးထက်မှတစ်ဆင့် ယွင်ချင်းစီ၏ ခြေထောက်ပေါ်အထိ ကျဆင်းလာ၏။ သူက ယွင်ချင်းစီ၏ ခြေထောက်ကို အနွေးအိတ်ထဲ ထည့်ပေးကာ တစ်ခဏမျှ အသံတိတ်နေပြီးကာမှ မော့ကြည့်လိုက်သည်။

ဤသည်မှာ ယွင်ချင်းစီ၏ မှတ်ဉာဏ်ထဲတွင် အနက်ရှိုင်းဆုံးအထိ ထွင်းထုထားသည့် အရင်းနှီးဆုံး ရုပ်ရည်သွင်ပြင်ပင် ဖြစ်သည်။ ကြွေထည်ကဲ့သို့ ဖြူဖွေးလှသည့် အသားအရေ၊ နက်မှောင်နက်ရှိုင်းလှသည့် အကြည့်တို့ကို ပိုင်ဆိုင်ထားသည့် လီယင်းသည် နဂါးဝတ်ရုံနှင့် သရဖူကို ဆင်မြန်းထားလေတိုင်း အနားသို့ မကပ်နိုင်လောက်သည်အထိ ကြီးကျယ်မြင့်မြတ်လွန်း၍ တပ်မက်စိတ်များ ထွက်ပေါ်လာစေသူပင် ဖြစ်သည်။

သူ့ကို မြေအောက်ခန်းတွင် သိမ်းဆည်းထားသည့် ဝိုင်အရက်ဟု တင်စားရပါလျှင် ယွင်ချင်းစီသည် ဝိုင်ရနံ့နောက်သို့ လိုက်ပါလာသည့် သောက်သုံးသူသာ ဖြစ်ပေလိမ့်မည်။ ဝိုင်ရနံ့ကြောင့် ရူးသွပ်မတတ် ဖြစ်နေသည့်တိုင် နေရာအတိအကျကို ယခုထိတိုင် ရှာမတွေ့သေးချေ။

လီယင်းသည် သူ့ကိုယ်သူ အလွှာလွှာအထပ်ထပ်ဖြင့် ဖုံးကွယ်ထားကာ သူသာ တစ်လွှာချင်း ခွာထုတ်နိုင်ပါလျှင် ကျန်ဘဝသက်တမ်း တစ်လျှောက်တွင် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်နိုင်လိမ့်မည်ဟု တွေးခဲ့မိသည့်အတွက် သူ့နောက် တကောက်ကောက်လိုက်ခြင်းကို လုံးဝ မရပ်တန့်ခဲ့ခြင်း ဖြစ်သည်။

ယခု ပြန်စဉ်းစားကြည့်ပါလျှင် သူသည် အနည်းငယ်သော တုန့်ပြန်ချက်လေး ရနိုင်ရေးအတွက် ကျားကုတ်ကျားခဲ ကြိုးစားခဲ့သူ တစ်ဦးမျှသာ ဖြစ်ပေသည်။

လီယင်းက လက်ကိုမြှောက်ကာ သူ့နားရွက်ကို ဖုံးအုပ်ထားသည့် နားအကာအား ဆွဲချွတ်လိုက်၏။

တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေကြပြီးသည့်နောက် သူကသာလျှင် စကားစလိုက်တော့သည်။

“ကိုယ်တော့်ကို ဘာမှ ပြောစရာ မရှိဘူးလား ...”

ယွင်ချင်းစီက နားရွက်တို့ကို ထိကိုင်ကာ ပြောလိုက်သည်။

“အေးတယ် ...”

လီယင်းက နားရွက်တို့ကို သူ့လက်ဖဝါးဖြင့် အုပ်ပေးထားလိုက်သည်။ သူ့လက်ဖဝါးမှာ လွန်စွာ ကြီးမားသည့်အပြင် ယွင်ချင်းစီကို ဆွဲခေါ်လာခဲ့ရသည့်အတွက် အနွေးဓာတ်တို့ ရှိနေဆဲဖြစ်သည်။

ယွင်ချင်းစီမှာ ဇဝေဇဝါ ဖြစ်သွားသည့်ဟန်။

လျှိုကျီရူက နားအကာအသစ်တစ်ခု ယူလာပေးသည့်အခါ လီယင်းက ကိုယ်တိုင် ဝတ်ပေးကာ ပြောလိုက်သည်။

“မအေးတော့ဘူး မဟုတ်လား ...”

ယွင်ချင်းစီက တုံဏှိဘာဝေ ဖြစ်နေဆဲပင်။

“လင်းဟွိုက်ကျင်း ပေးတာထက် ပိုနွေးတယ် မဟုတ်လား ...”

သူက ယွင်ချင်းစီ၏ ထောက်ခံမှုကို အကုန်အစင် လိုချင်နေသည့်နှယ် အားတက်သရော စိုက်ကြည့်လိုက်သည်။

‘အားယင်းပေးတာ ဘယ်ဟာမဆို အားလုံးထက် ပိုကောင်းတယ်’

ဤသည်မှာ ယွင်ချင်းစီ မကြာမကြာ ပြောလေ့ရှိသည့် စကားချိုချိုလေးများ ဖြစ်ပေသည်။

“ကောင်းပါတယ် ...”

ယွင်ချင်းစီက ပြန်ဖြေလိုက်သည်။

လျှိုကျီရူက ဖိနပ်အသစ်တစ်ရန် ယူလာပေးသည့်အခါ လီယင်းက ကိုယ်တိုင် ဝတ်ပေးရင်း မေးလိုက်ပြန်သည်။

“ဒီဖိနပ်တွေကလည်း ကောင်းတယ် မဟုတ်လား ...”

“အင်း ...”

ယွင်ချင်းစီက သဘောတူလိုက်သည်။

ယွင်ချင်းစီက သူ့ကို မြှောက်ပင့်ချီးကျူးခြင်း အလျဉ်းမရှိတော့။ သူ့ကြင်နာမှုကို လက်ခံခြင်းလည်းမရှိ၊ ငြင်းဆန်ခြင်းလည်း မရှိတော့ချေ။

သူ့ကိုယ်သူ အပြစ်တင်သည့် အရိပ်အယောင်တို့ လီယင်း၏ အကြည့်ထဲတွင် ထွက်ပေါ်လာတော့သည်။

“ကိုယ်တော် ပေးတဲ့ ပစ္စည်းတွေက “အင်း” ဆိုတဲ့ စကားတစ်ခွန်းပဲ တန်တာလား ...”

သူ ဘာဖြစ်ချင်နေတာလဲ ...

ယွင်ချင်းစီက မျက်ခုံးကို အသာပင့်ကာ အမြန် ပြုံးပြလိုက်သည်။

“အရှင် ချီးမြှင့်တဲ့ ပစ္စည်းတိုင်းက အရမ်းကို ကောင်းမွန်ပါတယ် ...”

သူက ရိုသေလေးစားစွာဖြင့်ပင် မတ်တပ်ထရပ်လိုက်သေးသည်။

“အရှင့်ရဲ့ ကြင်နာမှုအတွက် ဒီငယ်သားက ကျေးဇူးတင်ပါတယ် ...”

လီယင်းက သူ့ပုခုံးတို့ကို ဖိကိုင်ကာ ပြန်ထိုင်စေရင်း နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။

“ကိုယ် ဘာကို ကြားချင်သလဲ မင်း သိပါတယ် ..."

ယွင်ချင်းစီက နားမလည်သည့် အမူအယာမျိုး ပြသလိုက်သည်။

“အရှင်က ဘယ်လိုစကားမျိုးကို ကြားလိုပါသလဲ ..."

“...”

သူ ပြောချင်ရင်တောင် ထုတ်ပြောလို့ရပါ့မလား ...

သူက တိုင်းပြည်ရဲ့ အုပ်စိုးသူ ရှင်ဘုရင်လေထုတ်ပြောချင်ဦးတောင် သူ့သိက္ခာမာနတွေက ထုတ်ပြောခွင့်ပြုမှာ မဟုတ်ဘူး ...

ပြီးတော့ ဒီစကားတွေကို မျိုချဖို့ခက်တဲ့ နွားမစင်လိုပဲ သဘောထားခဲ့တာလေ ...

ယွင်ချင်းစီက သူ့ကို စိုက်ကြည့်နေကာ လီယင်းကလည်း သူ့ကို တစ်ဖန် အကဲခတ်နေလိုက်သည်။ မည်သူကမှ တစ်ဖက်သူ ဘာကြောင့် ကျိုးကြောင်း မဆီလျော်သည့် လုပ်ရပ်မျိုး လုပ်နေမှန်း နားမလည်ကြချေ။

ဆင်တူတဲ့ အချက်တွေ အရမ်းများတဲ့ လူနှစ်ယောက်က ဘာဖြစ်လို့ တစ်ယောက်အကြောင်းကို တစ်ယောက် မခန့်မှန်းတတ်ကြတော့တာလဲ...


အတိတ်အချိန်က ယွင်ချင်းစီသည် ဤကဲ့သို့ အရေးမပါသော စကားများ တစ်နည်းဆိုရပါလျှင် အခြားသူတို့၏ အမြင်တွင် အရေးမပါလှသည့် စကားများကို ပြောရခြင်းအား လွန်စွာ နှစ်ခြိုက်ခဲ့သည်။

အရှင်မင်းမြတ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဧကရီ၏ နှုတ်ထွက်စကားတို့သည် ပျားရည်သုတ်ထားသည့်နှယ် ချိုမြိန်လာကြောင်း အားလုံး သိထားပြီးဖြစ်သည်။ သူ၏ စိတ်နေစိတ်ထားမှာ လူတိုင်း ကြောက်ရွံ့ရလောက်သည်အထိ အေးစက်ခက်ထန်သည့်တိုင် လီယင်း၏ အရှေ့တွင်မူ နွေဦးစမ်းရေနှယ် နူးညံ့ပျော့ပျောင်းနေပေသည်။

နူးညံ့ညင်သာမှုအပေါင်းကို မကွယ်ဝှက်စတမ်း ထုတ်ဖော်ပြသနေသည်မှာ သူ၏ ချစ်မြတ်နိုးစိတ်များအား လီယင်းမသိမည်ကို စိုးကြောက်နေသည့်အလား။ သူ့နှလုံးသား၏ မူပိုင်ရှင်မှာ လီယင်းတစ်ဦးတည်းသာဖြစ်ကြောင်း တည့်တိုး ထုတ်မပြောရုံတမည်သာ ရှိတော့သည်။

သို့သော် လီယင်း၏ တွန်းပို့မှုကြောင့် ထိုလုပ်ရပ်နှင့် စကားလုံးအားလုံး ပျောက်ကွယ်ကာ ယခုလက်ရှိ အနေအထားသို့ ရောက်ရှိလာ တော့သည်။ ယွင်ချင်းစီမှာ ယခင်အတိုင်း ကျိုးနွံနာခံတတ်နေဆဲ ဖြစ်သည့်တိုင် သူနှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေသကဲ့သို့ စိမ်းကားသည့် ခံစားချက်မျိုးကိုလည်း ခံစားနေရသည်။

လက်ကို ဆန့်တန်းကာ ပေါင်ပေါ် တင်ထားသည့် ယွင်ချင်းစီ၏ လက်ကို လှမ်းကိုင်မည်ပြုစဉ်မှာပင် ယွင်ချင်းစီက နားတွင် အုပ်ထားသည့် နားအကာကို ရုတ်ချည်း ဆွဲချွတ်လိုက်သည်။ သူ့ပုံစံမှာ ထိတွေ့မှုကို ရှောင်ရှားရန် တမင်တကာ လုပ်ဆောင်လိုက်သည့် အလားပင်။

လီယင်းက မျက်ခုံးတို့ ပင့်လျက် ပြောလိုက်သည်။

“မင်း ဒဏ်ရာကို ကြည့်ကြည့်ချင်တယ် ...”

ဤသည်မှာ ယွင်ချင်းစီ၏ လက်ကို ကိုင်လို၍ တမင်တကာ အကြောင်းပြခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်သူကမူ လက်ကို နောက်ပို့ကာ မျက်လွှာချ၍ပင် တီးတိုးပြောလိုက်သေးသည်။

“စိုးရိမ်ပေးတဲ့အတွက် အရှင့်ကို ကျေးဇူးတင်ပါတယ် ဒီငယ်သားက အားလုံး သက်သာနေပါပြီ ...”

“ပူပန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ...”

လီယင်းက သူ့ရှေ့ ထိုင်ချကာ ကျောက်သားစားပွဲပေါ် လက်တင်လျက် သူ့ကို ငုံ့မိုးကြည့်ပြီး မေးလိုက်သည်။

“ဘာဖြစ်နေတာလဲ ဘာဖြစ်လို့ ငါ့ကို ဒီလိုမျိုး ဆက်ဆံနေရတာလဲ ...”

ယွင်ချင်းစီ၏ နှလုံးသားထဲတွင် လီယင်းကသာ အရေးအကြီးဆုံးဖြစ်ကာ သူ့ကို ရတနာတစ်ပါးနှယ်၊ ကျန်ဘဝတစ်လျှောက်လုံး အဖော်ပြုသွားပေးရမည့် ခင်ပွန်းတစ်ယောက်နှယ် မှတ်ယူထားခဲ့သည်။

သို့သော် ထိုသတ်မှတ်ချက်အားလုံးမှာ ပြီးခဲ့သည့် အတိတ်မျှသာ ဖြစ်ပေသည်။

ယွင်ချင်းစီက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ နှုတ်ခမ်းတို့ကို ယောင်ယောင်လေး ကွေးညွတ်လိုက်သည်။

လီယင်းမှာ အထင်လွဲခံနေရပြီဟုသာ ခံစားလိုက်ရတော့သည်။

အသက်ရှူသံ ခပ်ပြင်းပြင်းနှင့်အတူ မတ်တပ်ထရပ်လိုက်သူကို ငေးကြည့်ရင်း ယွင်ချင်းစီသည် လီယင်း၏ အကျင့်တစ်ခုကို သတိရသွားတော့သည်။ အမျက်ခြောင်းခြောင်းထွက်သည့်တိုင် ဒေါသတို့ကို ထွက်ပေါက်ပေး၍ မရလေတိုင်း တစ်နေရာတည်းတွင်သာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတတ်ပြီး ဘေးနားတွင် ခစားနေသည့် အစေခံများကမူ တဆတ်ဆတ် တုန်ရီနေသည့် ခန္ဓာကိုယ်တို့ဖြင့် ကြမ်းပေါ် မှောက်ကာ ဧကရာဇ်အရှင် ဖြေရှင်းချက်တစ်ခု စဉ်းစား၍ ရသည်အထိ၊ သို့မဟုတ်ပါလျှင် ကန့်လန်ကာစများကို ဆုတ်ဖြဲကာ စားပွဲခုံကို တွန်းလှန်၍ ဒေါသစိတ်တို့ကို ဖြေဖျောက်နိုင်သည်အထိသာ စောင့်နေရုံသာ ရှိပေသည်။

ဤအမူအကျင့်မှာ ထီးနန်းဆက်ခံပြီး မကြာမီတွင်ပင် ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကာ ထိုစဉ်က လီယင်းသည် ၁၃ နှစ်အရွယ်သာ ရှိပေသေးသည်။ မြောက်များစွာသော မှူးမတ်အိုကြီးများက အသက်အရွယ် ငယ်ရွယ်သည်ကို အကြောင်းပြုကာ သူ့ကို မျိုးစုံ ဖိနှိပ်ရန် ကြံစည်ခဲ့ကြသည်။ ထိုဖြစ်ရပ်များက သူ့နှလုံးသားတွင် အစိုင်အခဲအဖြစ် ကျန်ရစ်နေတော့သည်။

အမတ်ချုပ်ယွင် ဒူးထောက်တောင်းပန်ခဲ့သည့် ဖြစ်ရပ်မှာလည်း ထိုဖြစ်ရပ်များနှင့် အလားတူညီသည့် ဖိနှိပ်ခြိမ်းခြောက်မှုတစ်ခုပင် ဖြစ်ပေသည်။

ယွင်ချင်းစီက ထိုနေရာတွင်သာ ထိုင်နေဆဲပင်။ ဤဘဝတွင်လည်း လီယင်း၏ အတွေးတို့ကို ထိုးဖောက်မြင်လိုသေးသော်ငြား မမြင်နိုင်ခဲ့။

နာနာခံခံ ပြုမူပြီး သူ့ကို အနှောင့်အယှက် မပေးတာမျိုးက လီယင်း အမြဲတမ်း လိုချင်နေတဲ့ဟာ မဟုတ်ဘူးလား ဘာလို့ အခု ဒေါသထွက်နေရပြန်တာလဲ ...

အရိပ်တစ်ခု ကျရောက်လာသည့်အတွက် သူကိုယ်တိုင်ပင်လျှင် သတိမပြုမိဘဲ မော့ကြည့်လိုက်မိ၏။ အရပ်ရှည်ရှည်နှင့် အမျိုးသားက ကိုယ်ကို ကိုင်းညွတ်ကာ လက်နှစ်ဖက်ကို ကျောက်တုံးစားပွဲပေါ် ထောက်ထားလိုက်သည်။ လီယင်း၏ အသက်ရှူသံ ငွေ့ငွေ့တို့က သူ့မျက်နှာပေါ် ရိုက်ခတ်လာကာ ဦးထုပ်အနားစကို တွန်းလိုက်သည်။ ထို့နောက် သူ့အကြည့်တို့က ထင်ကျန်ရစ်နေဆဲ အမာရွတ်ပေါ်သို့ ကျရောက်သွားတော့၏။

ဦးထုပ်အနားစ ပင့်တင်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီ၏ ပုခုံးတို့ အနည်းငယ် ကျုံ့သွားတော့သည်။

သူ့နဖူးပေါ်ရှိ ဒဏ်ရာမှာ များစွာ မပြင်းထန်လှ။ မှိန်ဖျော့သွားပြီ ဖြစ်သည့်တိုင် ဖြူဖွေးလှသည့် အသားအရေပေါ်တွင်မူ အနည်းငယ် အရုပ်ဆိုးနေဆဲ ဖြစ်ပေသည်။

လီယင်းက သူ့ကို တစ်ခဏမျှ စိုက်ကြည့်ကာ သစ်သားထိုင်ခုံတစ်ခုကို ရွှေ့ပြီး သူ့ဘေးနား ဝင်ထိုင်လိုက်သည်။ ထို့နောက် အင်္ကျီလက်အတွင်းမှ ဆေးပုလင်းတစ်ခုကို ထုတ်ပေးလိုက်သည်။

“ဒါက တောင်ပိုင်း ရှင်းကျန်းက ထုတ်တဲ့ ဒဏ်ကြေလိမ်းဆေး မင်းကို လိမ်းပေးရမလား ...”

“ဒီငယ်သားရဲ့ အိမ်တော်မှာလည်း ဆေးဝါးကောင်းတွေ ရှိပါတယ် အရှင့်ရဲ့လက်ထဲက ဆေးလိုတော့ အစွမ်းမထက်ပေမယ့် ဒီငယ်သားရဲ့ ဒဏ်ရာလောက်ကိုတော့ ကောင်းကောင်းကြီး ကုသပေးနိုင်ပါတယ်...”

“မင်းရဲ့ လက်ကရော ...”

“ဒါက ကျွန်တော်မျိုး ကိုယ့်ဘာသာကိုယ် အရူးထပြီး လုပ်မိတဲ့ အကျိုုးဆက်လေးပါ ဒီငယ်သားပဲ ဂရုစိုက်လိုက်ပါ့မယ် ...”

လီယင်းက ဆေးဘူးကို တင်းတင်းဆုပ်ထားကာ တစ်ခဏမျှ အသံတိတ်နေပြီးကာမှ ဆက်ပြောလိုက်သည်။

“ဒီတစ်ခေါက် ကိုယ်တော် မင်းကို အပြစ်ပြုခဲ့မိတာပဲ မင်း စိတ်ဆိုးသွားတာလည်း မဆန်းပါဘူး ...”

“မလုပ်ဝံ့ပါဘူး ...”

ယွင်ချင်းစီက စစ်မှန်လေးနက်စွာ ပြောလိုက်သည်။

“ဒီကိစ္စတစ်ခုလုံးက ကျွန်တော်မျိုးရဲ့ အမှားတွေပါ ကျွန်တော့်ကို နေရာမှာတင် သေဒဏ်မပေးလိုက်တာကိုက သက်ညှာလွန်းရာ ကျနေပါပြီ ...”

“...”

လီယင်းက စကားတစ်ခွန်းမှ မဆို၊ သူ့ကိုသာ အသံတိတ် စိုက်ကြည့်နေတော့၏။ ယွင်ချင်းစီ၏ အမူအယာမှတစ်ဆင့် သူ ဒေါသထွက်နေရုံမျှသာ ဟုတ်မဟုတ် အကဲခတ်နေသယောင်။

သို့သော် သူကလည်း ယွင်ချင်းစီအကြောင်း ကောင်းကောင်း သိထားသူဖြစ်ရာ တည်ငြိမ်ကာ စိတ်အားထက်သန်လှသည့် မျက်နှာထားမှာ လှည့်ကွက်များ ဖန်တီးနေခြင်းမျှသာ ဖြစ်သည်ဟု ယုံကြည်ရန် ခဲယဉ်းလွန်းလှပေသည်။

“အရှင် ...”

ယွင်ချင်းစီက ပြောလိုက်ပြန်သည်။

“စတုတ္ထအစ်ကိုက ကျွန်တော့်ကို စောင့်နေပါတယ် အကြာကြီး ပျောက်သွားရင် သူ စိတ်ပူနေမှာကို စိုးရိမ်ရလို့ ...”

လီယင်းက နှုတ်ခမ်းထောင့်တို့ကို ကွေးညွတ်ရင်း သရော်လိုက်သည်။

“ပြီးတော့ မင်းရဲ့ လင်းကောရော မဟုတ်လား ...”

ယွင်ချင်းစီမှာလည်း အနည်းငယ် အံ့အားသင့်သွားတော့သည်။

စောစောက သူ့နောက်ကို လူတစ်ယောက် လိုက်ချောင်းနေတယ်လို့ ခံစားနေရတာ အဲဒါ လီယင်းလား ...

“ဟုတ်ကဲ့ လင်းကောလည်း ဒီမှာ ရှိနေပါတယ် ...”

လီယင်း၏ အမှုမထားလိုဟန် အပြုံးတို့ ရုတ်ချည်း ပျောက်ကွယ်ကာ လက်ချောင်းများ ထုံကျင်လာတော့သည်။ လက်ကို ဆုပ်ချည်ဖြန့်ချည် အကြိမ်ကြိမ် ပြုလုပ်ရင်း စားပွဲပေါ်ရှိ အမွှေးပွ နားအကာကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“လင်းကောရဲ့ နားအကာကိုပဲ ပြန်ဝတ်ချင်တာလား ...”

ယွင်ချင်းစီက တစ်ခဏမျှ တွေးနေကာ လီယင်းပေးထားသည့် နားအကာကို ချွတ်၍ ပြောလိုက်သည်။

“ဒါဆို ဒီပစ္စည်းတွေကို အရှင့်ထံ ပြန်အပ်ပါ့မယ် ...”

“...”

လီယင်းက သူ့ကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ပြန်သည်။

ယွင်ချင်းစီက လင်းဟွိုက်ကျင်း ပေးထားသည့် နားအကာတစ်စုံကို လှမ်းယူမည်ပြုစဉ်မှာပင် ထိုနားအကာတစ်ခုလုံး ထိုင်ခုံဘေးရှိ မီးသွေးမီးဖိုထဲကျကာ လောင်ကျွမ်းသွားတော့သည်။

ယွင်ချင်းစီ “...”

“ဒါက ရှောင်ဟွိုက်အတွက် မင်းသမီးယန်ကျောက်ကိုယ်တိုင် ပြင်ဆင်ပေးထားတာ မဟုတ်လား ...”

“ကိုယ်တော် သူ့ကို ရှင်းပြလိုက်မယ် ...”

“…”

ကောင်းပြီလေ ...

ယွင်ချင်းစီက ပြောလိုက်သည်။

“အရှင့်မှာ ပြောစရာ မရှိတော့ရင် ကျွန်တော့်ကို ခွင့်ပြုပါဦး ..."

သူ မတ်တပ်ထရပ်လိုက်စဉ်မှာပင် လီယင်းက တစ်ဖန် ပိတ်ဆို့လိုက်ပြန်၏။ ရှည်လျားသည့် အရပ်အမောင်းကြောင့် ယွင်ချင်းစီမှာ ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားရပေသည်။ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသည့်တိုင် ဖိနှိပ်လိုသည့် အရိပ်အယောင်ကို ခံစားလိုက်ရသေးသည့်အတွက် ယွင်ချင်းစီလည်း အနည်းငယ် ဒေါသထွက်သွားတော့သည်။ လင်းဟွိုက်ကျင်း၏ နားအကာကို မီးရှို့ပစ်သူမှာ လီယင်းဖြစ်သည့်တိုင် ကောင်းစွာ မထိန်းသိမ်းနိုင်ခဲ့သည့်အတွက် သူ့တွင်လည်း တာဝန်ရှိပေသည်။

ဒီခွေးလိုဘုရင်ကတော့ ...

စိတ်ထဲမှ တိတ်တခိုး ဆဲရေးလိုက်သော်ငြား မျက်နှာပေါ်တွင်မူ တစ်ချက်မျှပင် အရိပ်အယောင် မပြချေ။

“အရှင်မင်းကြီး ဘာများ အလိုရှိပါသေးသလဲ ...”

လီယင်းက သူ့ကို မျက်မှောင်တို့ တွန့်ချိုးလျက် စိုက်ကြည့်ကာ နူးညံ့ညင်သာစွာ ပြောလိုက်သည်။

“ဒီတစ်ခေါက် မင်းကို အမတ်ချုပ်အိမ်တော် ပြန်ပို့တဲ့ ကိုယ်တော်ရဲ့ လုပ်ရပ်တွေက နည်းနည်း မဆင်မခြင် ဖြစ်သွားတယ် မင်းနဲ့ ပတ်သက်တဲ့ သတင်းမှားတွေကိုလည်း ကြားပြီးပြီ ... ဒါတွေကို စိတ်ထဲ ထည့်မထားနဲ့ ..."

ယွင်ချင်းစီ၏ စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်တို့မှာ ဖုံးဖိ၍ပင် မရတော့။ မော့ကြည့်လာသည့် မျက်နှာမှာ “ဘာတစ်ခုကိုမှ နားမလည်ပါ” ဟူသည့် စာသားမျိုး ရေးသားထားသည့်နှယ်ပင်။

“အရှင် ... အရှင်က ဘယ်အချိန်ကစပြီး ဒီလို ကောလဟာလတွေကို ဂရုစိုက်တတ်သွားတာပါလဲ ...”

“ကိုယ် ဒါတွေကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းမယ်လို့ပဲ ပြောချင်တယ် ... ကိုယ် ...”

လည်စေ့တို့ အကြိမ်ကြိမ် ရွေ့လျားသွားပြီးကာမှ စကားသံတို့ ဆက်လက်ထွက်ပေါ်လာတော့သည်။

“ကိုယ် မင်းကို ဂရုစိုက်ပါတယ် ...”

နားနေဆောင် အပြင်ဘက်တွင် ရပ်နေသည့် လျှိုကျီရူမှာ တဆတ်ဆတ် တုန်ရီနေသည့် လက်တို့ကို အင်္ကျီလက်ထဲထည့်ကာ ဖွက်ထားရင်း ဖုံးဖိ၍ မရနိုင်လောက်အောင် ပြုံးလိုက်မိတော့သည်။


Xxxxx