အပိုင်း ၉
Viewers 13k

Chapter 9



အရှင်မင်းကြီး ဒီလိုမျိုး နူးနူးညံ့ညံ့နဲ့ သူ့စိတ်သဘောထားကို ထုတ်ပြတယ်ဆိုတာမျိုးက အရမ်းရှားတာ ဧကရီတော့ အရမ်းကို ပျော်နေတော့မှာပဲ ဒီနေ့ပဲ အရှင်နဲ့အတူတူ နန်းတော်ကို ပြန်လိုက်သွားတော့မယ်နဲ့ တူပါတယ် ...

ထိုစဉ် သူ့အရှေ့သို့ လူရိပ်နှစ်ခု ရောက်ရှိလာ၏။လင်းကျီရူက ခန်းဆီးစအနားသို့ကပ်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီး စတုတ္ထသခင်လေးယွင် ရောက်လာပါတယ် ...”

နားနေဆောင်အတွင်းထဲရှိ လေထုမှာ နွေးထွေးသည့်တိုင် ယွင်ချင်းစီကမူ နှုတ်ဆိတ်နေဆဲပင်။ လီယင်းက သူ့အကြည့်တို့ကို ရှောင်ရှားကာ ယူလာသည့် နားအကာကို ဝတ်ပေးပြီး ပြောလိုက်သည်။

“ရေခဲပြင်ပေါ် သွားချင်သေးရင် ကိုယ် အဖော်ပြုပေးမယ် ...”

ထိုအခါမှ ယွင်ချင်းစီ၏ စကားသံ ထွက်ပေါ်လာတော့သည်။

“မလိုအပ်ပါဘူး ...”

လီယင်း၏ ညင်သာလှသည့် မျက်နှာ တစ်ခဏမျှ အေးခဲသွားတော့သည်။

“အရှင့်ရဲ့ စိုးရိမ်ပေးမှုအတွက် အရမ်းကို ကျေးဇူးတင်ပါတယ် ဝမ်းလည်းဝမ်းမြောက်မိပါတယ် ...”

ယွင်ချင်းစီက ဆက်ပြောလိုက်သည်။

“စတုတ္ထအစ်ကို ကျွန်တော့်ကို ရှာတွေ့ပြီဆိုတော့ အရင် သွားနှင့်လိုက်ပါ့မယ် ...”

လီယင်း၏ ပုခုံးတို့ကို တွန်းတိုက်ကာ ဘေးတွင် ပစ်ထားသည့် စကိတ်တို့ကို ကောက်ယူပြီး ခန်းဆီးစကို အသာမ၍ ထွက်လာလိုက်သည်။ ရေခဲပြင်ကို ဖြတ်ကာ တိုက်ခတ်လာသည့် အေးစက်စက်လေငွေ့ကို ရုတ်ချည်း ခံစားလိုက်ရကာ သူ့ကို စိုက်ကြည့်နေသည့် ယွင်ချင်းစီနှင့် လင်းဟွိုက်ကျင်းတို့ကို တွေ့လိုက်တော့သည်။

ယွင်ချင်းစီက တစ်ခိုက်ခိုက် တုန်ရီစွာဖြင့်ပင် စကိတ်တို့ကို ပြန်ဝတ်ဆင်လျက် သူတို့ ရှိရာသို့ အမြန် ပြေးသွားလိုက်သည်။

“စောစောက အရှင်မင်းကြီးက လုပ်စရာတစ်ခုရှိတယ်ဆိုပြီး ခေါ်သွားလို့ စိုးရိမ်စိတ်နဲ့ စောင့်နေလိုက်ရတာလား ...”

လင်းဟွိုက်ကျင်းက သူ့နားရွက်တို့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မစောင့်လိုက်ရပါဘူး ...”

ယွင်ချင်းစုကမူ အနည်းငယ် မပျော်မရွှင် ဖြစ်နေသည့်ဟန်။

“မင်းကြီးက မင်းကို ဘာပြောသေးလဲ ...”

“ဘာမှ မပြောပါဘူး ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“ဒီနေရာကနေ စကိတ်စီးပြီး ပြန်ကြရအောင် ပြီးမှ ဖိနပ်လဲပြီး ကျင်းယာလို့မှာ သွားပြီး စားသောက်ကြမယ်လေ အဆင်ပြေလား ...”

လင်းဟွိုက်ကျင်းက ပြောလိုက်သည်။

“တိုက်ဆိုင်လိုက်တာ ဒီကို ရောက်မလာခင်တုန်းက တစ်ယောက်ယောက်နဲ့ ချိန်းထားသေးတယ် မင်းတို့ရဲ့ တတိယအစ်ကိုလည်း အဲဒီမှာ ရှိနေမယ်ထင်တယ် ...”

“တကယ်လား ...”

ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်သွားတော့သည်။

“သူက မနက်ဆိုလည်း အစောကြီးထသွား နောက်ကျမှ ပြန်လာနဲ့ အရိပ်လေးတောင် မတွေ့ရတာ တော်တော်ကြာနေပြီ ...”

“သွားရအောင် ...”

ယွင်ချင်းစီက သူ့ကို ကူတွဲပေးကာ သုံးဦးလုံး ကန်တစ်ဖက်ခြမ်းဆီသို့ အမြန်သွားလိုက်ကြတော့သည်။

ခန်းဆီးစ တစ်ဖန် ပွင့်ဟလာပြန်၏။ နွေးထွေးသည့် အဆောင်ထဲမှ ထွက်လာသည့်တိုင် လီယင်း၏ ခန္ဓာကိုယ်မှာ ရေခဲပြင်ထက်ပင် ပိုမိုအေးစက်နေပေသည်။ လျှိုကျီရူက ဧကရာဇ်၏ ခါးတွင် ချိတ်ဆွဲထားသည့် အဆောင်အယောင်နှင့် ပန်းထိုးဖိနပ်တို့ကိုသာ စိုက်ကြည့်နေကာ သူ့အမူအယာကို လုံးဝ မစူးစမ်းရဲပေ။

လီယင်းက ရေခဲပြင်ထက် ခြေချကာ မြေပေါ် ကျန်ရစ်နေသည့် ချည်သားဖိနပ်တစ်စုံကို ကောက်ယူပြီး ယွင်ချင်းစီ၏ ပုံရိပ် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေလိုက်သည်။

“လျှိုကျီရူ ...”

လျှိုကျီရူက ချက်ခြင်း ရှေ့တစ်လှမ်းတိုးလိုက်သည်။

“အရှင် ဘာများ မှာကြားချင်ပါသလဲ ...”

“ဧကရီ မိဘအိမ်ကို ပြန်တဲ့အခါ သူ့ကို ဘာတွေ ပြင်ဆင်ပေးရသလဲ ...”

“ဒါ ... ဧကရီ နန်းတော်ကို ဝင်လာတဲ့ အချိန်မှာ တိုင်းပြည်ရဲ့ အခြေအနေက ခိုင်မာနှင့်နေပြီးသားဆိုရင် ခြွေရံသင်းပင်း လှည်းအစီး နှစ်ဆယ်၊ အနီရောင်၊ အပြာရောင်နဲ့ အဖြူရောင်ထီး တစ်စုံ၊ ကျက်သရေမင်္ဂလာနဲ့ ပြည့်ဝတဲ့ ပန်းချီကား ဆယ့်ရှစ်ချပ်၊ တော်ဝင် အစောင့်အကြပ် ရှစ်ဆယ်၊ တပ်သားသုံးရာနဲ့ မြင်းလေးကောင်တို့ကနေ လမ်းကြောင်း ရှင်းပေးရပါတယ် … မိဘအိမ်ကို ပြန်တဲ့ကိစ္စကတော့ ဒီလောက်အထိ မကြီးကျယ်ပါဘူး ...”

“ငါကိုယ်တော်အတွက် ဆိုရင်ရော ...”

“အရှင်... ပုံမှန်အားဖြင့် အရှင် နန်းတော်ကနေ ထွက်ခွါတဲ့အချိန်မှာ လှည်းအစီးသုံးဆယ်၊ တော်ဝင်အစောင့်အကြပ် တစ်ရာနဲ့ ရှေ့ပြေးတပ်သားက တစ်ထောင်ထက် ပိုသွားနိုင်ပါတယ် ခြွေရံသင်းပင်း အရေအတွက်ကတော့ သွားမယ့် ခရီးစဉ်ပေါ်မှာ မူတည်ပြီး ကွာဟနိုင်ပေမယ့် အနည်းဆုံး ဒုဗိုလ်ချုပ်ထက် ပိုပြီး ရာထူးကြီးတဲ့ စစ်သူကြီးတစ်ယောက်၊ သံချပ်ကာတပ်သားတွေ၊ မြင်းတပ်သား၊ လေးတပ်သားနဲ့ လေးဖက်လေးတန်ကနေ ကာကွယ်ပေးရတဲ့ တပ်သားတွေ၊ ပြီးတော့ ရှေ့ပြေးတပ်ဖွဲ့နဲ့ နောက်ပိုင်းတပ်ဖွဲ့တွေလည်း ပါဝင်ရပါတယ် ...”

လျှိုကျီရူက တစ်ခဏမျှ ရပ်တန့်ပြီးကာမှ ဆက်ပြောလိုက်သည်။

“ဒါပေမယ့် အတိအကျကတော့ ပွဲလမ်းသဘင် ကျင်းပရေး ဌာနနဲ့ စစ်မက်ရေးရာဌာနရဲ့ အပြီးသတ်ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ် ...”

“တိုင်းခန်းလှည့်လည်ရင် သုံးတဲ့ ခြွေရံသင်းပင်း အရေအတွက်အတိုင်းပဲ ဧကရီကို နန်းတော်ထဲ ပြန်ခေါ်ဖို့ သွားမယ် ...”

လျှိုကျီရူက ကန်ဘေးတွင်သာ အကြောင်သား ရပ်ကျန်နေခဲ့တော့သည်။

ကောင်းကင်ဘုံသားတော်၏ ခရီးစဉ်များကို အရေးကြီး ခရီးစဉ်၊ အသေးအဖွဲနှင့် ထုံးဓလေ့နှင့် သက်ဆိုင်သည့် ခရီးစဉ်ဟူ၍ သုံးမျိုး ပိုင်းခြားထားကာ ယခု သူပြောသွားသည်များမှာ သာမန်ခရီးစဉ် အသေးလေးတစ်ခုအတွက် လိုအပ်သည့် အခြေခံအချက်များသာ ဖြစ်ပေသည်။ ဧကရီတစ်ပါး မိဘအ်ိမ်သို့ အလည်ပြန်ခြင်းမှာ ကိစ္စကြီး မဟုတ်သော်ငြား ဧကရာဇ်၏ ခရီးစဉ်အဖြစ် ပါဝင်လာမည့် ကိစ္စမှာမူ မကြားစဖူး အကြားထူးသည့် ကိစ္စမျိုးသာ ဖြစ်ပေလိမ့်မည်။

သူက အမြန် ပြေးလိုက်သွားလိုက်၏။

“အရှင် အရှင်က ဧကရီကို ချစ်မြတ်နိုးမှန်း ဒီငယ်သား သိပါတယ် ဒါပေမယ့် ဒီလိုမျိုး ခရီးစဉ်မျိုးမှာ လမ်းကြောင်းရှင်းပေးဖို့အတွက် စစ်သူကြီးနှစ်ဦးတောင် လိုအပ်တာဆိုတော့ ဧကရီကို နန်းတော် ပြန်ခေါ်ရုံလေးတင်ကို ဒါမျိုး လုပ်တာက အရမ်း ချဲ့ကားလွန်းရာ မကျဘူးလား ...”

“ကိုယ်တိုင်သွားမယ် ...”

လျှိုကျီရူ “...ဒါကို ပြင်ဆင်ဖို့ဆို အချိန်တွေ အများကြီး လိုအပ်ပါတယ် ...”

“အချိန်ခုနစ်ရက် ရမယ် ...”

လျှိုကျီရူမှာ မည်မျှပင် ဆက်ပြောချင်နေပါစေ ဧကရာဇ်က လှည်းထဲ ရောက်သွားပြီ ဖြစ်သည့်အတွက် ပါးစပ်ကို ပိတ်ထားရုံသာ ရှိတော့သည်။

လှည်းအတွင်းမှ နောက်ထပ် အမိန့်သံတစ်ခု ထွက်ပေါ်လာပြန်၏။

“ယွင်မိသားစုကို လျှို့ဝှက်ထား ...”

ထိုအခါမှ ဧကရာဇ်က ဧကရီကို အံ့ဩသွားစေရန် ကြံရွယ်နေကြောင်း သဘောပေါက်သွားတော့သည်။

ကောင်းကင်ဘုံသားတော်၏ အထူးတလည် မျက်နှာသာပေးမှုမှာ အမတ်ချုပ်ယွင်အတွက် အံ့ဩစရာ ဖြစ်လေမည်လား၊ ထိတ်လန့်စရာ ဖြစ်လေမည်လားကိုမူ သူလည်း မသိတော့ချေ။

အစ်ကိုဖြစ်သူနှင့်အတူ ကန်ထဲမှ ထွက်လာပြီးနောက် ယွင်ချင်းစီက ထိုင်ခုံတစ်ခုပေါ်ထိုင်ကာ ဖိနပ်တို့ကို လဲလှယ်လိုက်သည်။

ဘေးနားတွင် ရပ်နေသည့် လင်းဟွိုက်ကျင်းက တီးတိုးမေးလိုက်၏။

“နားအကာက အသစ်လဲလိုက်တာလား ...”

“ဟုတ်တယ် ...”

သူက တီးတိုး ပြန်ပြောလိုက်သည်။

“ကျွန်တော့်ကြောင့် မီးဖိုထဲ ပြုတ်ကျသွားလို့ ...”

ထို့နောက် ပြောလိုက်သည်။

“တောင်းပန်ပါတယ်...”

မီးရှို့လိုက်သူမှာ လီယင်းဖြစ်သော်ငြား သူကသာလျှင် အပြစ်ရှိသူ ဖြစ်ပေသည်။

လင်းဟွိုက်ကျင်းက သက်ပြင်းတစ်ချက်ချကာ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

“မင်းကိုယ်မင်း အပြစ်တင်နေစရာ မလိုပါဘူး ဒါတွေက ဒီလောက်လည်း အဖိုးတန်နေတာ မဟုတ်ဘူးလေ ...”

သူက စကိတ်ကို အစေခံများလက်ထဲ ထည့်ကာ ယွင်ချင်းစီကို ထူပေးလိုက်သည်။

အနားသို့ ရောက်လာသည့် ယွင်ချင်းစုကလည်း သူ မျက်နှာမကောင်းသည်ကို သတိပြုမိလိုက်သည့်အတွက် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ ...”

“ရှောင်ဟွိုက်ရဲ့ နားအကာကို မတော်တဆ မီးရှို့မိလိုက်လို့ ...”

“ဒါ သူ့အမှား မဟုတ်ပါဘူး ...”

လင်းဟွိုက်ကျင်းက ဝင်ပြောသည့်အခါ ယွင်ချင်းစုက မျက်ခုံးတို့ကိုသာ ပင့်ပြလိုက်တော့သည်။

လူတွေကို နာကျင်အောင် လုပ်တဲ့နေရာမှာ ဆရာကျတဲ့ ခွေးဘုရင်လီယင်းလည်း နောက်ဆုံးတော့ ရှာလကာရည်တွေ သောက်လိုက်ရပြီပေါ့ ...

သူက ညီဖြစ်သူ၏ ခေါင်းကို ပွတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

“ကောင်းပြီ ပြန်ရောက်မှ အဒေါ်တင်းကို သူ့အတွက် နောက်တစ်ခု ထပ်ချုပ်ပေးခိုင်းလိုက်လေ ...”

လင်းဟွိုက်ကျင်းက ပြုံးကာ ပြောလိုက်သည်။

“ရပါတယ် ...”

လှည်းထဲသို့ ရောက်သည့်တိုင် ယွင်ချင်းစီက ခေါင်းငိုက်စိုက်ချထားဆဲ ဖြစ်သည့်အတွက် ယွင်ချင်းစုက သူ့ကိုယ်သူ အပြစ်တင်နေသည်ဟုသာ တွေးလိုက်တော့သည်။

“မင်းက အချုပ်အလုပ်အပိုင်းမှာ ကောင်းတယ် မဟုတ်လား တကယ်လို့ စိတ်မကောင်းဖြစ်မိတယ်ဆိုရင် ရှောင်ဟွိုက်အတွက် အသစ်တစ်ခု ကိုယ်တိုင် ချုပ်ပေးလို့ ရတယ်လေ ...”

ယွင်ချင်းစီ၏ အပ်ချုပ်ပညာမှာ လွန်စွာ ကောင်းမွန်လှပေသည်။ ပြီးခဲ့သည့် ဘဝတွင် လီယင်းအတွက် တစ်နှစ်လျှင် အနည်းဆုံး အင်္ကျီအသစ်တစ်စုံနှင့် ဖိနပ်တစ်ရန် ချုပ်ပေးခဲ့လေ့ရှိသည်။

ထို့ကြောင့် နားအကာတစ်ခုမှာ သူ့အတွက် များစွာ မခဲယဉ်းလှ။ သို့သော် မီးရှို့ခံလိုက်ရသည့် နားအကာမှာ လင်းဟွိုက်ကျင်း၏ မိခင်ကိုယ်တိုင် ချုပ်ပေးထားခြင်း ဖြစ်ပေသည်။ ယွင်ချင်းစီအဖို့ မိခင်ဟူသည် ထူးကဲပုဂ္ဂိုလ်ဖြစ်ရာ မင်းသမီးယန်ကျောက်၏ လက်ရာမှာ တုနှိုင်းမမှီဟု ခံစားနေရသည့်အတွက် တစ်ဖက်သူက သူအစားထိုး ပြန်ပေးသည့် ပစ္စည်းအား အလွယ်တကူ လက်မခံမည်ကို စိုးရိမ်မိပေသည်။

လင်းဟွိုက်ကျင်းကမူ ရုတ်ချည်း ပျော်ရွှင်သွားသည့်ဟန်၊ သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေလိုက်သည်။

“ချုပ်ပေးလို့ ရမလား ...”

လီယင်းသည် ရုံးတော် အရေးကိစ္စများနှင့် အတွေးများကာ လင်းဟွိုက်ကျင်းကို ဖြေရှင်းချက် တစ်စုံတစ်ရာမှ ပေးမလာခဲ့။ ထို့ကြောင့် ယွင်ချင်းစီလည်း တစ်ဖြည်းဖြည်း ဒေါသထွက်လာရသည်။

လီယင်းက လင်းဟွိုက်ကျင်းရဲ့ နားအကာတွေကို နည်းနည်းလေးတောင် တာဝန်မယူဘူးပဲ လင်းဟွိုက်ကျင်းရဲ့ ပစ္စည်းကလည်း ပျက်စီးသွားပြီဆိုမှတော့ သူကိုယ်တိုင် တာဝန်ယူရုံပဲ ရှိတော့တာပေါ့ ...

ခွေးလိုဘုရင် သူ့ကို ပြဿနာတွေပဲ လာလာပေးတယ် ...

လီယင်းက ဒီလို မဆီလျော်တဲ့ လုပ်ရပ်မျိုး လုပ်တတ်မှန်း ဘာလို့များ အစောကြီးကတည်းက မသိခဲ့ပါလိမ့် ...

သူက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ရှောင်ဟွိုက်သာ စိတ်မရှိရင် ...”

လင်းဟွိုက်ကျင်း၏ အကြည့်တို့ ဝင်းလက်ကာ အဓိပ္ပါယ်အပြည့်ဖြင့် ပြောလိုက်သည်။

“ကိုယ် ဆန္ဒရှိတာထက်ကို ပိုပါတယ် ...”

.........


ကျင်းယာလို့သည် ရှန့်ယန်မြို့တော်၏ အကောင်းဆုံး စားသောက်ဆိုင်ဖြစ်ကာ လာရောက်စားသုံးသူ အများစုမှာ ဂုဏ်သရေရှိ လူကြီးမင်းများ၊ အထက်တန်းလွှာနှင့် လူထုအကြား ကျော်ကြားသူများ ဖြစ်ကြသည်။ ဤစားသောက်ဆိုင်တွင် စားသောက်ရန် ငွေကြေးကြွယ်ဝရုံမျှဖြင့် မလုံလောက်၊ တရားဝင် ရာထူးတစ်ခုခု ရှိလျှင်ရှိ၊ သို့မဟုတ်ပါလျှင် မှူးမတ်မျိုးရိုး သို့မဟုတ် ၎င်းတို့နှင့် သိကျွမ်းသည့် အသိမိတ်ဆွေ ဖြစ်ရန်လည်း လိုအပ်ပေသေးသည်။

ယွင်ချင်းစုနှင့် အခြားသူများသည် ဤနေရာတွင် မကြာခဏ လာရောက်စားသုံးလေ့ ရှိသည့်အတွက် ဆိုင်ထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် စားပွဲထိုးက သူတို့ကို ဒုတိယထပ်ရှိ အခန်းထဲ လမ်းပြပေးလိုက်၏။ သုံးဦးသား နေရာတွင် ထိုင်ကာ ယွင်ချင်းစုက ယွင်ချင်းစီအတွက် ဝိုင်တစ်ခွက် ငှဲ့ပေးပြီးသည့်အခါ လင်းဟွိုက်ကျင်းက ပြောလိုက်သည်။

“ဒီနေ့ ဧည့်သည်တော်အသစ် ပါလာတော့ ဘယ်ဟင်းလျာတွေ ရနိုင်လဲ ပြောပါဦး ...”

“ဟုတ်ကဲ့ပါ ...”

စားပွဲထိုးက သူတို့ကို မည်သူမည်ဝါဟု မစူးစမ်းဘဲ ဟင်းလျာစာရင်းကိုသာ တရစပ် ရွတ်ပြလိုက်သည်။

“ကျွန်တော်တို့ဆီမှာ ကောင်းချီးအဖြာဖြာ နဂါးဇာမဏီမောင်နှံကိတ်၊ ငါးပါးနီဟင်းလျာ၊ ပုတီးစေ့သဖွယ် ညီညာလုံးဝန်းတဲ့ မက်မန်းသီး၊ ရနံ့သင်းထုံ ပဲခေါက်ဆွဲ၊ နွားချိုဟင်းလျာ၊ ဆီပူထိုးပြီး ကြွပ်ကြွပ်ကြော်ထားတဲ့ ဖားကြော်၊ တရုတ်နံနံစေ့ကို အဓိကအမွှေးအကြိုင်အဖြစ် သုံးထားတဲ့ ပင်ဂွင်းကြော်၊ အသားဆူဖြိုးတဲ့ ဝမ်းဘဲကိုမှ ရွေးပြီး ချက်ထားတဲ့ ဝမ်းဘဲအသားလိပ်၊ နူးညံ့အိစက်ပြီး ကြွပ်ရွနေတဲ့ ရွှေဝါရောင် ငှက်တန်ပူရာ၊ ဖြူဖွေးနူးညံ့နေတဲ့ ကင်းမွန်ဟင်း ... ရေနေသတ္တဝါ၊ ကုန်းနေသတ္တဝါ ရှိရှိသမျှ အကုန်လုံး ကျွန်တော်တို့ဆိုင်မှာ မှာယူလို့ ရပါတယ် လူကြီးမင်းတို့ရဲ့ အကြိုက်အပေါ် မူတည်ပြီး ဘယ်ဟင်းလျာကိုများ မှာယူချင်ပါသလဲ ...”

ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်လာတော့သည်။ သူသည်လည်း ကျင်းယာလို့သို့ မကြာမကြာ လာရောက်စားသောက်ဖူးသည့်တိုင် ၎င်းမှာ နန်းတော်ထဲ မဝင်မီ ကာလများကသာ ဖြစ်ပေသည်။ လင်းယီနှင့် ထိမ်းမြားပြီးသည်မှာပင် လေးနှစ်ကျော် ရှိနေပြီဖြစ်ကာ သူ့လက်ရှိဂုဏ်ပုဒ်အရ ဤသို့သော ဆိုင်မျိုးတွင် လာရောက်စားသောက်ရန် မဆိုထားနှင့်၊ နန်းတော်အပြင်ကိုပင် စိတ်တိုင်းကျ မထွက်နိုင်ရာ ရှန့်ယန်မြို့တော်ရှိ စားသောက်ဖွယ်ရာများမှာ သူ့အဖို့ လွန်စွာ သစ်လွင်ဆန်းပြားနေတော့သည်။

အရသာကောင်းလိမ့်မည်ဟု ခံစားရသည့် ဟင်းလျာအချို့ကို မှာယူပြီးနောက် ယွင်ချင်းစုက ပြောလိုက်သည်။

“ဒီနေ့ ငါတို့လေးယောက်ပဲ ရှိတာ အများကြီးမှာရင် မကုန်ဘဲ နေလိမ့်မယ် စားချင်တာကိုပဲ အရင်ရွေးလိုက် ကျန်တာကို နောက်တစ်ခေါက်မှ လာစားကြတာပေါ့ ...”

“ကောင်းပါပြီ ...”

ယွင်မိသားစုမှာ ကြွယ်ဝသည့်တိုင် အမတ်ချုပ်ယွင်သည် ဖြုန်းတီးရခြင်းကို မနှစ်မျို့သူတစ်ဦး ဖြစ်ကာ လင်းဟွိုက်ကျင်းသည်လည်း ဇာမချဲ့တတ်သူဖြစ်ရာ ဟင်းလျာရွေးချယ်ရေးတာဝန်မှာ ယွင်ချင်းစီထံ ကျရောက်လာတော့သည်။ သူက စွတ်ပြုတ်တစ်ပွဲနှင့် ဟင်းလျာစုစုပေါင်း ရှစ်ပွဲ မှာယူလိုက်လျှင် စားပွဲထိုးက စာရွက်ပေါ် ချရေးပြီး အလျင်အမြန် သွားရောက်စီစဉ်လိုက်တော့သည်။

သီးသန့်ခန်း၏ လိုက်ကာများမှာ တစ်ဝက်မျှသာလျှင် ကာရံထားခြင်း ဖြစ်သည့်အတွက် လှေကားပေါ် တက်လာသူတစ်ဦးကို ချက်ခြင်း တွေ့လိုက်ရသည်။ ချိုးယန်၏ အသံမှာ လွန်စွာ ဒေါသထွက်နေသည့်ဟန်။

“သူ ဘယ်လောက်အထိ မောက်မာသလဲဆိုတာ မင်း လုံးဝ မသိလောက်ဘူး ပြီးတော့ ဟိုယွင်ချင်းစုလည်း ရှိသေးတယ် သူတို့မိသားစုထဲမှာ ဧကရီတစ်ပါး ထွက်ပေါ်လာတယ်ဆိုပြီး အရမ်း ဂုဏ်ယူဝံ့ကြွားနေတာများ မျက်စိနောက်စရာ ကောင်းလိုက်တာ ...”

“သူ ထောင်လွှားမောက်မာပြီး အထက်စီးဆန်တာ ဟိုးအရင်ကတည်းကလေ ဒီနေ့တစ်နေ့တည်းတင်မှ မဟုတ်တာ အဲဒါကြောင့်လည်း ဒီလိုအဖြစ်မျိုးနဲ့ ဇာတ်သိမ်းရတာပေါ့ ...”

တစ်ယောက်ယောက်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

“မင်းလည်း စိတ်ကို အေးအေးထား ...”

“ငါက ဘာလို့ ပါးစပ်ကို ပိတ်ထားရမှာလဲ သူက အရမ်းအရမ်းကို အလွန်အကြူးဖြစ်လွန်းတယ်ကွ ရေခဲပေါ်ကို ဇာမဏီတစ်ကောင်လိုကို ခုန်ပေါက်နေတာ သူ့ခြေထောက်အောက်က ရေခဲပြင်ကြီး ကျွံကျပြီး အဲဒီ့နားမှာပဲ တစ်ခါတည်း မသေလိုက်လဲ မသိဘူး ...”

“ပေါက်ကရစကားတွေကို တော်လိုက်တော့ ...”

“နဉ်ယီ မင်းရဲ့ တတိယညီမက လုပ်နိုင်တာလား မလုပ်နိုင်ဘူးလား အခု အရူးကောင်က နှင်ထုတ်ခံလိုက်ရပြီ သူမကို ပိုပြီး ကြိုးစားဖို့ ပြောလိုက် သူမ နန်းတက်ရတဲ့နေ့ကျ ယွင်အိမ်ကို သွားပြီး ဟိုကောင် စိတ်ရူးဖောက်တာကို ကြည့်ဖို့ စောင့်နေတယ်လို့ ...”

နဉ်ယီက သက်ပြင်းချလိုက်သည်။

“အရမ်းအကျယ်ကြီး မပြောနဲ့ ..."

“ငါ့အသံက ဘာဖြစ်နေလို့လဲ အခုက ရေခဲပြင်ပေါ် မဟုတ်ဘူးကွ အဲဒီ့ကောင်သာ ဒီသခင်လေးရှေ့ ထပ်ပေါ်လာကြည့်ပါလား ပြေးပေါက်ကို ရှာတွေ့မှာ မဟုတ်ဘူး သူ့ကို အဖေအမေတပြီး ငိုပြေးရလောက်တဲ့အထိမှ မရိုက်နိုင်ရင် ငါ့မျိုးရိုးနာမည်ကို ‘ယွင်’လို့ ပြောင်းလိုက်မယ် ..."

“မင်းအဖေက သဘောတူပါ့မလား ...”

ရယ်သံတစ်ခုကို ကြားလိုက်ရသည့်အတွက် ချိုးယန်က ပြောလက်စစကားကို ရပ်လိုက်သည့်အခါ သီးသန့်ခန်း၏ ခန်းဆီးများ မြင့်တက်သွားသည်ကို တွေ့လိုက်ရသည်။ ဦးထုပ်တစ်လုံး ဝတ်ဆင်ထားသည့် ယွင်ချင်းစီ၏ ကိုယ်နေဟန်ထားမှာ လွန်စွာ တင့်တယ်လှကာ နှုတ်ထွက်စကားတို့မှာလည်း အလျင်စလို ဖြစ်နေဟန်မရှိ။

“ဘာလဲ မင်းက ငါ့ကို အဖေအမေတပြီး ငိုပြေးရလောက်တဲ့အထိ မရိုက်ချင်တော့ဘူးလား ...”

ချိုးယန်က တစ်ခဏမျှ တိတ်သွားပြီးကာမှ ပြန်ပြောလိုက်သည်။

“ဘယ် ဘယ်သူက မင်းကို ရိုက်မယ်လို့ ပြောလဲ ငါက ယွင်ချင်းစုကို ပြောတာ ...”

ခန်းဆီးစကို ကိုင်ထားသည့် ယွင်ချင်းစုက မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ငါလား ...”

ချိုးယန်က ကြောက်မက်ဖွယ်ကောင်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။

“ဒီလိုဆိုမှတော့ ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“သူ့ကို ကူပြီး လေ့ကျင့်ပေးဖို့ စတုတ္ထအစ်ကိုကိုပဲ အကူအညီ တောင်းရတော့မှာပဲ ...”

ယွင်ချင်းစုက အသံများ ထွက်ပေါ်လာသည်အထိ ကြွက်သားတို့ကို အသာ လှုပ်ရှားပြလိုက်သည်။

ချိုးယန်က ချက်ခြင်း နောက်တစ်လှမ်းဆုတ်ကာ သူ့နောက်တွင် ရပ်နေသူကို ရှေ့ပို့ပြီး ပြောလိုက်သည်။

“မင်း မင်းသွားလိုက် ...”


Xxxxx