အပိုင်း ၁၀
Viewers 13k

Chapter 10



ထိုသူမှာ အမတ်နဉ်၏သား နဉ်ယီပင်ဖြစ်သည်။ သူက စိတ်ထဲမှ တိတ်တိတ်လေး ကျိန်ဆဲလိုက်၏။

မင်းအဖေနဲ့ အမတ်ချုပ်ယွင်က တစ်နေကုန် အငြင်းအခုန် ဖြစ်နေကြတာ မင်းသာ ယွင်မိသားစုရဲ့ သားတွေကို ကြောက်ရမှန်း မင်းအဖေရော သိရဲ့လား... စစ်သူကြီးချုပ်ရဲ့သားက တစ်ခြားတစ်ယောက်နောက်မှာ ပုန်းနေတယ်ဆိုတာသာ သိလို့ကတော့ ရှက်လွန်းလို့ သေတော့မှာပဲ ...

သူက လေးစားရိုသေစွာဖြင့် ပြောလိုက်သည်။

“ဧကရီ၊ စတုတ္ထသခင်လေးယွင်နဲ့ လင်းရှောင်ဟွိုက်ကို နှုတ်ဆက်ပါတယ် ...”

ကြည့်လေ ဒီမှာရှိတဲ့သူ အကုန်လုံးက သူ့ထက် ရာထူးကြီးတဲ့သူတွေဟာကို ချိုးယန်က သူ့ကိုယ်သူ ဘာတွေလုပ်နေလဲရော သိရဲ့လား ကျည်ဆံကို ကာကွယ်ဖို့အတွက် ငါ့ကို ရှေ့တန်း တွန်းပို့တယ်ပေါ့ ...

“သခင်လေးနဉ် ...”

ယွင်ချင်းစုနှင့် လင်းဟွိုက်ကျင်းက ပြန်လည်နှုတ်ဆက်လိုက်၏။

နဉ်ယီက အရဲစွန့်ကာ ပြောလိုက်သည်။

“ဒါဆို ကျွန်တော်တို့ အရင် သွားနှင့်ပါ့မယ်နော် ...”

ချိုးယန်ကမူ အသံတစ်သံမျှပင် မထွက်နိုင်၊ သူ့အနောက်မှသာ တုန်တုန်ရီရီဖြင့် လိုက်ပါလာတော့သည်။

သူ့အဖေနှင့် အစ်ကိုကြီးတို့က အိမ်တွင် ယွင်ချင်းစီအကြောင်း မကြာခဏ ပြောကြကာ ထိုသို့ ပြောလေတိုင်းလည်း စက်ဆုပ်သည့် အမူအယာမျိုး ပြသလေ့ရှိပေသည်။ ယွင်ချင်းစီက လီယင်းအနောက် တကောက်ကောက်လိုက်ကာ သူ့ဘဝတစ်သက်တာလုံး သက်တောင့်သက်သာ နေရရေးအတွက် တရားဝင် ရာထူးတစ်ခု ရရှိရန်ပင် ကြံစည်ခဲ့ကြောင်း ရှန့်ယန်တွင် နေထိုင်သူအားလုံး အသိပင် ဖြစ်သည်။

အစောပိုင်းတွင် ချိုးယန်သည် ယွင်ချင်းစီအပေါ် အထင်အမြင် သေးခဲ့သော်ငြား နောက်ပိုင်းတွင်မူ ဖခင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူထံမှ သူ၏ ရက်စက်ကာ အညှာအတာ ကင်းမဲ့သည့် နည်းလမ်းများအကြောင်း တစ်စတစ်စ ကြားလာရတော့သည်။ ကောက်ကျစ်ကာ သဝန်တိုစိတ် ကြီးမားသည့် သူ့အကြောင်းကို နန်းတော်တစ်ခုလုံး ကောင်းစွာ သိရှိထားပြီးဖြစ်သည်။

ချိုးယန်၏ အဒေါ်မှာလည်း ကြင်ယာတော်တစ်ဦးပင်ဖြစ်သည်။ သူ နန်းတော်ထဲသို့ အလည်အပတ်သွားစဉ် နို့စိမ်းရောင် သားမွေးထည်ကို ဝတ်ဆင်လျက် မြင့်မားသည့် ထိုင်ခုံထက်တွင် မျက်နှာသေဖြင့် ထိုင်ကာ နွေဦးလက်ဖက်ရည်ကို တစ်ငုံသောက်နေသည့် ယွင်ချင်းစီကို တွေ့လိုက်ရသည်။ သူ့ရှေ့တွင်မူ အရိုက်ခံထားရ၍ သွေးအလိမ်းလိမ်း ကပ်နေသည့် အစေခံတစ်ဦး ရှိနေပေသည်။

နန်းတွင်းအစေခံ၏ လမ်းပြမှုနှင့်အတူ ချိုးယန်လည်း ဘေးနားတွင် အသက်ရှူသံ မထွက်စေဘဲ ရပ်ကြည့်နေလိုက်သည်။ များမကြာမီ ထိုအစေခံ အသက်ပျောက်သွားကာ နန်းတော်အပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရ၏။

ထို့နောက် ယွင်ချင်းစီက သူ့အနား ရောက်လာကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ခေါင်းမော့လိုက် ...”

ချိုးယန်က သူ့ကို ဖြူလျော်နေသည့် မျက်နှာဖြင့် မော့ကာ ကြည့်လိုက်၏။

ယွင်ချင်းစီမှာ လွန်စွာ လှပသည့်တိုင် သူ့ကို ကြည့်မိသူတိုင်း သူ့အလှကို သတိမပြုမိ။ သုန်မှုန်ကာ သွေးဆာနေသည့် အကြည့်တို့ကိုသာလျှင် စွဲထင်မှတ်မိနေကြပေသည်။

“ကြည့်ကောင်းသားပဲ ...”

ချိုးယန်က သူ့ထက်ပင် အရပ်ပုသေးသည့် ကောင်လေးကို ငေးကြည့်နေစဉ် မေးစေ့တစ်ခုလုံး ဖျစ်ညှစ်ခံလိုက်ရတော့၏။

“မင်းကလည်း အရှင့်ကို ခစားဖို့ ရောက်လာတာပဲလား ...”

ချိုးယန် “...”

ယွင်ချင်းစီက သူ့ကို အမျိုးသားအချစ်တော်အသစ်ဟု ထင်နေခြင်းဖြစ်သည်။

သူသည် စစ်သူကြီးချုပ်၏ သားဖြစ်ကြောင်း သိလိုက်ရသည့်အခါ ယွင်ချင်းစီက ပြုံးပြလိုက်သော်ငြား မျက်ဝန်းထဲရှိ သွေးဆာနေသော အရိပ်အယောင်တို့မှာမူ အဆိပ်ငွေ့သဖွယ် ချိုးယန်၏ အရေပြားကို တမြည့်မြည့် တိုက်စားသွားတော့သည်။

“စစ်သူကြီးချုပ်က အမြဲတမ်း အနောက်ဆောင်ကို အထင်သေးနေခဲ့တာပါ ဘယ်လိုဖြစ်ပြီးများ ဒီလိုအကြံမျိုး ရလာပါလိမ့်နော် ...”

ချိုးယန်မှာ ရှင်းမပြ၍ မရတော့။

“ကျွန်တော့် အဒေါ်ကို တွေ့ဖို့ ရောက်လာတာပါ ...”

“အိုး ...”

လူသတ်ချင်စိတ်တို့ ရုတ်ချည်း ပျောက်ကွယ်ကာ ယွင်ချင်းစီက သူ့မေးစေ့ကို ချက်ခြင်း လွှတ်ပေးလိုက်ပြီး တောင်းပန်စကားလည်း မဆို၊ အပိုစကားလည်း တစ်ခွန်းမှ မပြောဘဲ နောက်လှည့်မကြည့်စတမ်း ထွက်ခွါသွားတော့သည်။

ချိုးယန်မှာ ခြေထောက်တို့ ပျော့ခွေကျသွားသည်အထိ ကြောက်ရွံ့ကာ ထိုနေရာမှ ထွက်လာခဲ့သည့်တိုင် အသိစိတ် ပြန်မကပ်နိုင်သေးချေ။

ထိုအချိန်မှစ၍ ယွင်ချင်းစီသည် လီယင်းနှင့် မသက်ဆိုင်သည့် မည်သည့်ကိစ္စကိုမှ စိတ်မဝင်စားကြောင်း သဘောပေါက်သွားတော့သည်။

မည်သို့ပင်ဖြစ်စေ ထိုစဉ်က တွေ့ခဲ့ရသည့် ယွင်ချင်းစီ၏ ရက်စက်ကြမ်းကြုတ်မှုတို့က သူ့ကို အချိန်ပြည့် ခြောက်လှန့်နေသည့်အတွက် ရက်အနည်းငယ်ခန့် ကောင်းစွာ အိပ်စက်၍ မရတော့ချေ။

ယွင်ချင်းစီသည် အစောက သူပြောခဲ့သည်များကို ကျိန်းသေ မှတ်မိနေပေလိမ့်မည်။ ထိုသူသည် လီယင်း၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီဟု ပြောသူများကို အမုန်းဆုံး ဖြစ်သည်။

သူ လက်ထပ်ပြီးသည့်နောက် အမတ်ချုပ်ယွင်သည် သားဖြစ်သူကို သတိရသည့်စိတ်ကြောင့် သူနေထိုင်ခဲ့ရာ ခြံဝန်းကို မကြာမကြာ သန့်ရှင်းရေး လုပ်ပေးကြောင်းကိုလည်း ကြားခဲ့ဖူးသေးသည်။

ဘယ်လောက်တောင် ထိရှစရာ ကောင်းလိုက်တဲ့ သားအဖ ဆက်ဆံရေးလဲ ...

သို့သော် ယွင်ချင်းစီကမူ လုံးဝ အသိအမှတ် မပြု။ အမတ်ချုပ်ယွင်ကို ဤသို့ပင် စကားနာထိုးလိုက်သေးသည်။

“ဘာလို့ သန့်ရှင်းရေး လုပ်တာလဲ အချိန်တိုအတွင်း လီယင်း မောင်းထုတ်တာကို ခံရပါစေလို့ မျှော်လင့်နေတာလား ...”

ဒီ ကြောက်စရာကောင်းတဲ့ ယွင်ချင်းစီက ဘယ်သူ့ကိုမှကို အလျော့မပေးဘူးပဲ ...

ချိုးယန်မှာ လွန်စွာ ကြောက်ရွံ့လွန်း၍ ယွင်ချင်းစီ၏ လက်ချက်ဖြင့် သေရမည့်အစား သူ့အဖေ ဆူပူကြိမ်းမောင်းသည်ကိုသာ ခံလိုက်ချင်သည်ဟုပင် တွေးလိုက်မိတော့သည်။

နဉ်ယီကလည်း စိုးရိမ်တကြီး စောင့်နေပေသည်။

ယွင်ချင်းစုက သာမန်ကာလျှံကာဖြင့် ပြောလိုက်၏။

“သွား ...”

မည်သူကမှ သူ့စကားကို ယုံကြည်ဟန်မတူ၊ နေရာတွင်သာ မလှုပ်မယှက် ရပ်နေကြဆဲ ဖြစ်ပေသည်။

ယွင်ချင်းစီက ရေတစ်ခွက် ငှဲ့လိုက်ပြီးနောက် သူ့ကို ကြည့်နေသူများ ရှိနေကြောင်း သိလိုက်ရသည့်အခါ တစ်ခဏမျှ စဉ်းစားပြီး တံခါးအပြင်တွင် ရပ်နေသူများကို ပြောလိုက်သည်။

“ဘာလဲ ငါနဲ့အတူတူ ထမင်းစားချင်ကြသေးလို့လား ...”

ထိုအခါမှ ချိုးယန်က သူတို့အခန်းရှိရာဆီသို့ လှစ်ခနဲ ပြေးထွက်သွားတော့သည်။ နဉ်ယီကမှ သူ့ထက် တည်ငြိမ်ကာ ဟန်မပျက် ဆက်နေနေနိုင်သေးသည်။

သီးသန့်ခန်းထဲ ရောက်သည့်အခါ နှစ်ယောက်လုံး စားပွဲပေါ် လှဲချရင်း ချိုးယန်က အထူးတဆန်း ပြောလိုက်သည်။

“သူ ကွာရှင်းလိုက်တာလား ...”

“... မဟုတ်လောက်ဘူး ထင်တယ်နော် ...”

ချိုးယန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“နန်းချခံရနိုင်ခြေရော ရှိလား ...”

နဉ်ယီ၏ နှလုံးသားတို့ ခုန်ပေါက်သွားတော့သည်။ အကယ်၍ ယွင်ချင်းစီသာ နန်းချခံရပါလျှင် သူ့တတိယအစ်မသည် ဧကရီရာထူးကို ရရှိမည်ဖြစ်သည်။

ဒါပေမယ့် ယွင်ချင်းစီရဲ့ ကိစ္စကလည်း တစ်မျိုးတစ်ဖုံ ပြောင်းသွားတဲ့အပြင် အမတ်ချုပ်ယွင်ကလည်း ရှိနေသေးတာဆိုတော့ တတိယအစ်မက ဒီတစ်သက် ဧကရီ မဖြစ်တော့ဘူး ထင်တယ် ...

နဉ်ယီက တစ်ခဏမျှ ဆိုင်းတွနေပြီးကာမှ ပြောလိုက်သည်။

“စတုတ္ထသခင်လေးရော ဘယ်လိုထင်လဲ အမြန်ဆုံး ဖြစ်လာနိုင်မှာ ရှိတယ်လို့ ထင်လား …”

“သူသာ နောက်တစ်ကြိမ် အရူးထလာရင် ...”

ချိုးယန်က မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။

“ဒါမှမဟုတ် အမတ်ချုပ်ယွင် ပြိုလဲသွားရင် …”

“...”

ခက်မယ့်ပုံပဲနော် ...

နဉ်ယီက ပြောလိုက်သည်။

“ကျွန်တော့်အထင်တော့ သူ ဘာလို့ ဆက်ပြီး အရူးမထတော့တာလဲ ဆိုတာကို အရင် စုံစမ်းသင့်တယ်နော် ...”

“သူ့ခေါင်းက ရုတ်တရက်ကြီး ပြန်ကောင်းသွားလို့ နေမှာပေါ့ ...”

ချိုးယန်က မြေပဲဆံကို အခွံခွါရင်း ပြောလိုက်သည်။

“အရင်ကဆို အရှင်ကလွဲပြီး ဘယ်သူ့ကိုမှ ဂရုစိုက်ခဲ့တာ မဟုတ်ဘူးလေ ...”

မနက်ပိုင်းက သူ့ကို ရန်လာစသည့် လူငယ်လေးအား ရုတ်ချည်း စဉ်းစားလိုက်မိ၏။ ရေခဲပြင်ပေါ်တွင် တောက်ပတက်ကြွစွာ ခုန်ပေါက်ပြေးလွှားနေသည်မှာ ပြန်လည်မွေးဖွားလာသည့် ဇာမဏီတစ်ကောင်နှယ်ပင်။

ထိုသို့ တွေးနေရင်း လက်ကို မတော်တဆ ကိုက်မိသွားတော့သည်။

နဉ်ယီ၏ အံ့ဩနေသည့် အကြည့်တို့အောက်တွင် သူ့ဦးနှောက်တစ်ခုလုံး ဗလာ ဖြစ်သွားတော့သည်။

“... မဟုတ်မှလွဲရော သူ အရှင့်ကို အရူးအမူး မဖြစ်တော့တာ တစ်ခြားတစ်ယောက်ကို အရူးအမူး ဖြစ်နေလို့များလား ...”

နဉ်ယီ “!!!!!”

“... သူသာ ထပ်ပြီး အရှင့်ကို ကပ်တွယ်မနေတော့ဘူးဆိုရင် အမတ်ချုပ်အိမ်တော်က ဒါကို အခွင့်ကောင်းယူပြီး အေးအေးချမ်းချမ်း လမ်းခွဲဖို့ ကြံမှာပဲ အရှင်ကလည်း သူ့ကြောင့် တော်တော်လေး ပင်ပန်းပြီး စိတ်ပျက်နေတာဆိုတော့ သဘောတူမှာ သေချာတယ် ...”

“ဒါ ... ဒါဆို ငါ့ရဲ့ တတိယညီမ ...”

နဉ်ယီ၏ အကြည့်တို့ ဝင်းလက်တောက်ပသွားတော့သည်။

“အခွင့်အရေး ရှိလာနိုင်သေးတယ်ပေါ့ ...”

ယွင်ချင်းစီ၏ ထိန်းချုပ်လိုစိတ် ကြီးမားမှုကြောင့် မည်သည့် ကြင်ယာတော်ကမှ ဧကရာဇ်ကို ခစားခွင့် မရခဲ့။ အကယ်၍ သူသာ အရှုံးပေးလိုက်ပါလျှင် ဧကရာဇ်လည်း သူ့ထိန်းချုပ်မှုအောက်မှ အလုံးစုံ လွတ်မြောက်သွားတော့မည်ဖြစ်သည်။ ယွင်ချင်းစီမှအပ နန်းတော်ထဲရှိ ကြင်ယာတော်အားလုံးထဲတွင် ရုပ်ရည်အရာတွင်ဖြစ်စေ၊ မိသားစုနောက်ခံတွင်ဖြစ်စေ သူ့တတိယအစ်မကို ကျော်နိုင်သည့်သူ မရှိပေ။ အကယ်၍ သူမသာ ဧကရီ ဖြစ်ခဲ့ပါလျှင် သူသည်လည်း တော်ဝင်မိသားစု၏ ဦးရီးတော် ဖြစ်လာမည်ဖြစ်သည်။

ချိုးယန်က တီးတိုးပြောလိုက်သည်။

“ဒါပေမယ့် သူမျက်စိကျတာ ခံရမယ့်သူကတော့ သနားစရာပဲနော် ...”

“အဲဒီတော့ ဘာဖြစ်လဲ ...”

ဝိုင်အချို့ သောက်ပြီးနောက် နဉ်ယီသည် လေပေါ် မျောလွင့်နေသည့်နှယ် ခံစားလိုက်ရတော့သည်။

“အရှင်မင်းကြီးက စွန့်ပစ်လိုက်ပြီးသားသူကို ဘယ်သူက ပြန်ယူရဲမှာလဲ ...”

“ဘာလို့ မယူရဲရမှာလဲ ...”

ချိုးယန်က မျက်မှောင်ကြုတ်ကာ မကျေမနပ် ရေရွတ်လိုက်သည်။

“လက်ထပ်ပြီး အိမ်ထဲမှာ သိမ်းထားနိုင်ရင် အိမ်တောင် ကြည့်လို့ လှဦးမယ် ..."

သူကတော့ ဒေါသထွက်လွန်းပြီး သေမှာ အရင်ပေါ့ ...

ယွင်ချင်းစီ၏ ဘက်ခြမ်း၌ ...

စားစရာတို့ ရောက်လာချိန်တွင် ယွင်ချင်းကျွင့်က အလုပ်များနေသဖြင့် ညစားလာမစားနိုင်တော့ကြောင်း တစ်စုံတစ်ယောက်က လာရောက် အစီရင်ခံလာသည်။ သူက စေ့စေ့စပ်စပ်ပင် တင်ပြလိုက်သေးသည်။

“လက်ထောက်စစ်သူကြီးက ဧကရီကို စိတ်အနှောင့်အယှက် ဖြစ်စေမိတဲ့အတွက် ဝမ်းနည်းပါတယ်လို့လည်း မှာကြားလိုက်ပါတယ် ...”

ဒါကြီးက အရမ်း ယဉ်ကျေးလွန်းရာ ကျနေပြီ ...

ယွင်ချင်းစုက သတင်းပို့သူကို အရင် ပြန်လွှတ်လိုက်ပြီးကာမှ သူ့ကို ပြောလိုက်သည်။

“တတိယအစ်ကိုက ပွဲလမ်းတွေကို သိပ်သဘောမကျလို့ပါ စိတ်ထဲ မထားနဲ့ ...”

“သိပါပြီ …”

သူက ခေါင်းငုံ့ကာ ပန်းကန်ထဲရှိ ထမင်းကို ခပ်ယူရင်း တီးတိုးပြောလိုက်သည်။

“မိသားစုဝင်တွေပဲဟာ ရှင်းပြနေဖို့ မလိုပါဘူး ...”

ယွင်ချင်းစုက အနည်းငယ် ရှက်သွားသည့်ဟန်ဖြင့် သူ့ဆံပင်ကို ထိုးဖွလာသည့်အတွက် ယွင်ချင်းစုလည်း အသာ ငြိမ်နေလိုက်ရတော့သည်။ လင်းဟွိုက်ကျင်းက ပြောလိုက်၏။

“မင်းက တကယ်ကို အများကြီး ပြောင်းလဲသွားတယ်နော် ...”

“ဒါဆို အကောင်းဘက်ကို ပြောင်းလဲသွားတာလား ပိုဆိုးတဲ့ဘက်ကို ပြောင်းလဲသွားတာလား ..."

ယွင်ချင်းစီက သူ့ဘက်လှည့်ကာ မေးလိုက်သည်။

လင်းဟွိုက်ကျင်းမှာ အငိုက်ဖမ်းခံလိုက်ရသည့်ဟန်။ တစ်ခဏမျှ စဉ်းစားကာ အလေးအနက် ပြန်ဖြေလိုက်သည်။

“ပိုကောင်းလာတာပေါ့ ...”

ထိုအခါမှ ယွင်ချင်းစီလည်း မျက်လုံးတို့ ကွေးညွတ်သည်အထိ ပြုံးကာ အားရဝမ်းသာ စားသောက်လိုက်တော့သည်။

စားသောက်ပြီးစီးသည့်အခါ စတုတ္ထအစ်ကိုနှင့်အတူ အိမ်တော်သို့ ပြန်ရန် ပြင်ဆင်လိုက်၏၊ လှည်းထဲ မဝင်မီ လင်းဟွိုက်ကျင်းက သူ့ကို နောက်တစ်ကြိမ် သတိပေးလိုက်ပြန်သည်။

“ကိုယ့်အတွက် နားအကာ မမေ့နဲ့နော် ...”

“ကောင်းပါပြီ ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“အကုန်ပြီးသွားရင် လူတစ်ယောက်လွှတ်ပြီး အိမ်တော်ကို ပို့ခိုင်းလိုက်ပါ့မယ် ...”

“မဟုတ်တာ ကိုယ့်ဘာသာကိုယ် လာယူပါ့မယ် ..."

ယွင်ချင်းစီကလည်း လက်ခံလိုက်၏။

သူသည် အကြွေးတင်ရသည်ကို မနှစ်မျို့၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကောင်းစွာ အနားယူထားပြီး ဖြစ်သည့်အပြင် လီယင်း၏ အနောက်သို့လည်း တကောက်ကောက် လိုက်မနေရသည့်အတွက် အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သားရေစနှစ်စကို ယူကာ ပြတင်းပေါက်ဘေး ထိုင်ပြီး အပ်ချုပ်ခြင်းကို စတင်လိုက်တော့သည်။

တစ်ဖြည်းဖြည်း နေရောင်ပျောက်ကွယ်ကာ နှင်းမှုန်တို့ ကျဆင်းလာပြန်၏။ ယွင်ချင်းစီက မိသားစုဝင်များနှင့်အတူ ညစားသွားစားကာ ရေချိုးပြီးနောက် အနည်းငယ် ခြောက်စပြုနေပြီဖြစ်သည့် ဆံပင်နှင့် ပြန်လာခဲ့လိုက်သည်။ ကျင်းဟွမ်က မီးထွန်းထားပြီး ပြောလိုက်သည်။

“ဧကရီ အိပ်ယာဝင်ချိန် ရောက်ပါပြီ ...”

“နှစ်တန်းလောက် ပြီးအောင် ဆက်ချုပ်လိုက်ဦးမယ် မင်းတို့အရင် အိပ်နှင့်ကြတော့ ...”

မီးအိမ်‌ရှေ့တွင် ထိုင်နေသည့်အတွက် မှိန်ဖျော့ဖျော့အလင်းရောင်က သူ့မျက်နှာပေါ်သို့ နူးညံ့စွာ ကျဆင်းနေရာ ကျင်းဟွမ်နှင့် ရင်ရှီတို့ နှစ်ဦးလုံး ယွင်ချင်းစီမှာ ယခင်နှင့် မတူတော့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်မိတော့သည်။

ဒီလို ကြင်နာတတ်တဲ့ ပုံစံမျိုးက ယွင်ချင်းစီမှ မဟုတ်တာ ...

နှစ်ယောက်လုံး ဘေးတွင်သာ ရပ်နေဆဲ ဖြစ်သည့်အတွက် ယွင်ချင်းစီက မျက်ခုံးတို့ကို ပင့်ကာကြည့်ရင်း ဆော်ဩလိုက်သည်။

“သိပ်မကြာခင် အိပ်မှာ မင်းတို့တွေ စောင့်နေစရာ မလိုဘူး ကောင်းကောင်း အနားယူကြတော့ ...”

ထိုအခါမှ နှစ်ယောက်လုံး ကျိုးနွံစွာဖြင့် ထွက်သွားကြတော့သည်။

အခန်းထဲတွင် ယွင်ချင်းစီ တစ်ဦးတည်းသာလျှင် ကျန်ရစ်ခဲ့တော့၏။

နောက်ဆုံးတစ်တန်းကို ချုပ်ကာ ချည်စကို ဖြတ်တောက်ပြီးနောက် နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။

ဒီမှာ တစ်ယောက်ယောက် ...

နောက်နားဆီမှ ရင်းနှီးနေသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

ယွင်ချင်းစီက ချုပ်ပြီးကာစ နားအကာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ မျက်မှောင်ကြုတ်လိုက်သည်။

သတိမရှိလိုက်တာ...

လီယင်းနှင့်အတူ ကာလရှည်ကြာ နေထိုင်ခဲ့သည့်တိုင်၊ ထိုသူနှင့် လွန်စွာ ရင်းနှီးကျွမ်းဝင်ခဲ့သည့်တိုင် အခန်းထဲသို့ ခိုးဝင်လာသည်ကို လုံးဝ သတိမပြုမိခဲ့ချေ။

မီးအိမ်၏ အရှေ့တွင် အရိပ်တစ်ခု ပေါ်လာကာ နောက်တွင် ရပ်နေသူက ကိုယ်ကိုကိုင်းလျက် သူ့ခါးကို ပွေ့ဖက်လိုက်သည်။

ယွင်ချင်းစီက ခါးကို ဆန့်တန်းထားလိုက်၏။ ပါးလွသည့် အင်္ကျီကြောင့် ပုခုံးစွန်းတို့ အတိုင်းသား ပေါ်နေကာ ထိုသူက သူ့ပုခုံးပေါ် မေးတင်ကာ ပွတ်သပ်လိုက်သည်။

လီယင်း လက်သီးဆုပ်ကို ဖြည်ပြကာ မေးလိုက်သည်။

“ဒါကို ရှာနေတာလား ...”

ယွင်ချင်းစီက ခေါင်းငြိမ့်ပြကာ ၎င်းကို ယူမည်ပြုစဉ် သဘောတကျ ရယ်မောသံတစ်ခုကို ကြားလိုက်ရ၏။ လီယင်းက နားအကာနှစ်ဖက်လုံးကို ယူကာ သူ့ကို ပွေ့ဖက်လိုက်သည်။

ယွင်ချင်းစီက အဝတ်စကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိသွားတော့သည်။ လီယင်းက သူ့ကို စောင်ဖြင့် ပွေ့ဖက်ကာ ညောင်စောင်းပေါ် တင်၍ ဇဝေဇဝါ ဖြစ်နေဆဲ မျက်နှာလေးကို ငေးကြည့်လိုက်သည်။ လက်ထဲရှိ နားအကာကို မြှောက်ပြပြီး ပြောလိုက်၏။

“မင်းဒဏ်ရာက မသက်သာသေးဘဲနဲ့ကို ဘာတွေ အလောတကြီး ချုပ်နေရတာလဲ ...”

ရင်းနှီးနေသည့် အသံ၊ အကျွမ်းတဝင်ရှိလှသည့် ညင်သာမှုတို့အလယ်တွင် ယွင်ချင်းစီက ပြန်ဖြေလိုက်သည်။

“ဘယ်အချိန်ကတည်းက ရောက်နေတာလဲ ...”

“မင်းရေချိုးနေကတည်းက ...”

“...”

အရှက်မရှိလိုက်တာ ...

လီယင်းကမူ ရှက်စရာဟု ခံစားရဟန်မတူ။ သူ့ကို ငေးကြည့်နေသည့် ယွင်ချင်းစီအား သတိပြုမိသည့်အခါ ပါးနှစ်ဖက်ကို ဖျစ်ညှစ်လိုက်၏။

ယွင်ချင်းစီက နောက်ပြန်ဆုတ်လိုက်သည့်အခါ သဘောတကျ ရယ်မောလိုက်ပြန်သည်။

“မင်းက ကိုယ့်ကို ရှောင်ချင်နေတုန်းပဲကိုး ...”

“... အရှင့်မှာ ကိစ္စရှိလို့လား ...”

လီယင်းက သူ့နားသို့ တစ်ဖြည်းဖြည်း တိုးလာသည့်အတွက် ယွင်ချင်းစီလည်း နောက်သို့ တရွေ့ရွေ့ ဆုတ်သွားရတော့သည်။ နောက်ထပ် ဆုတ်စရာနေရာ မရှိတော့သည့်အခါ လက်ကိုမြှောက်ကာ တွန်းလိုက်တော့သည်။

“ဒီလောက် နောက်ကျနေပြီကို ဘာလာလုပ်တာလဲ ...”

လီယင်း၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်မချင်း သူနှင့် နီးနီးကပ်ကပ် မနေလို။ ဤရက်ပိုင်းအတွင်း အိမ်ထဲတွင်သာ ပုန်းနေသည့်အတွက် နန်းတော်၏ အခြေအနေများကိုလည်း မသိရပေ။ အရေးကြီးကိစ္စ ရှိမရှိ စုံစမ်းရန် နန်းတော်ထဲရှိ သူ့သူလျှိုက်ို အရေးတကြီး ဆက်သွယ်ရန် လိုအပ်လာတော့သည်။

လီယင်းက သူနှင့် အကွာအဝေးတစ်ခု ခြားကာ ညင်သာစွာ ပြောလိုက်သည်။

“မင်း ကောင်းကောင်းအိပ်နေလား ကြည့်ဖို့ ရောက်လာတာ ...”

“...”

တော်တော်ကို အားနေတာပဲ ...

ယွင်ချင်းစီက ပြောလိုက်သည်။

“အခု ကြည့်ပြီးပြီဆိုတော့ ကျေးဇူးပြုပြီး ပြန်ပါတော့ ...”

“မင်းအိပ်ပျော်သွားရင် ပြန်မယ် ...”

ယွင်ချင်းစီက အိပ်ယာပေါ်လှဲကာ ပြောလိုက်သည်။

“အိပ်ပျော်သွားပြီ ...”

“မျက်လုံးမှိတ်လေ ...”

“...”

ယွင်ချင်းစီက မျက်လုံးကို မှိတ်ပြီးကာမှ တစ်ဖန် ကြမ်းကြမ်းတမ်းတမ်း ဖွင့်လိုက်သည်။

လီယင်းမျက်နှာမှာ သူနှင့် လွန်စွာ နီးကပ်နေ၏။

အနမ်းတစ်ခု မခိုးယူနိုင်ကြောင်း သိလိုက်ရသည့်အခါ လီယင်းလည်း အနည်းငယ် အနေခက်သွားတော့သည်။ တစ်ခဏမျှ တုန့်ဆိုင်းနေပြီးကာမှ ပြောလိုက်သည်။

“ဒါ ... ကိုယ် ဒါကို အရမ်း သဘောကျတယ် ...”

“...?”

ယွင်ချင်းစီကို ပွေ့ဖက်ချင်စိတ်များအား မနည်းမြိုသိပ်ကာ ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။

“ကိုယ့်ကို ကူ ဝတ်ပေးမလား ...”

“...”

ထို နားအကာများမှာ သူ့အတွက် ချုပ်ပေးထားခြင်းဟု ထင်နေခြင်း ဖြစ်သည်။


Xxxxxx