အပိုင်း ၁၁
Viewers 13k

Chapter 11



တစ်ဖြည်းဖြည်း ထူထဲလာသည့် နှင်းမှုန်များကြောင့် ခြံဝန်းတစ်ခုလုံး အခြားအရောင်များ ရောနှောခြင်း မရှိ၊ ဝန်းကျင်တစ်ခုလုံး အဖြူရောင်ဖြင့်သာ ပြည့်နှက်နေပေသည်။

ယွင်ချင်းစီအနေဖြင့် အလုပ်လုပ်ရာတွင် ကောင်းစွာ မြင်ရရန် လိုအပ်သဖြင့် အခန်းအလင်းရောင်မှာ လွန်စွာ တောက်ပနေပေသည်။ သို့သော် အိပ်ယာကိုမူ ကန့်လန့်ကာဖြင့် ကာရံထားသည့်အတွက် အနည်းငယ် မှိန်ဖျော့နေသည်။

သူက ခေါင်းအုံးကို မှီလိုက်၏။ နက်မှောင်လှသည့် ဆံနွယ်ကို အနက်ရောင် သစ်သားဆံထိုးဖြင့် ထုံးဖွဲ့ထားသည်မှာ တလက်လက် တောက်ပနေသည့် မင်ရောင်သဖွယ်ပင်။ သူ့ရှေ့တွင် ထိုင်နေသည့် လီယင်းကပါ အနားသို့ တိုးလာသည့်အတွက် ဆံနွယ်အချို့က ပုခုံးပေါ်မှ ကျော်ကာ ကျဆင်းလာပြီး မျက်ဝန်းတို့မှာလည်း တဖျတ်ဖျတ် တောက်ပနေပေသည်။

ပြီးခဲ့သည့် ဘဝတွင် ယွင်ချင်းစီ၏ နည်းလမ်းများကို ၁၂ နှစ်တာ အသားကျခဲ့ကာ ယခုဘဝတွင်လည်း လေးနှစ်လုံးလုံး မြင်တွေ့ခဲ့ရသည့်အတွက် သူ့တွင် ဤအကြံမျိုး ရှိလာသည့်အပေါ် အထူးအထွေ မအံ့ဩမိချေ။

အတိတ်ဘဝက ယွင်ချင်းစီသာ ဖြစ်ပါလျှင် နှောင့်နှေးခြင်း မရှိဘဲ နားအကာများကို ချက်ခြင်း ဝတ်ဆင်ပေးကာ တစ်ညလုံး ဝမ်းသာအားရ အိပ်စက်မည် ဖြစ်ပေသည်။ အကြောင်းမှာ လီယင်းဘက်မှ လက်ဆောင်အကြောင်း အရင်စကားစလာ၍ ဖြစ်သည်။

သခင်လေး လင်း‌ရှောင်ဟွိုက်ကို မဆိုထားနှင့်၊ မိုးနတ်မင်းကိုယ်တိုင် ကိုယ်ထင်ပြလျှင်ပင် ယွင်ချင်းစီ၏ ပထမဦးစားပေးမှာ လီယင်းသာ ဖြစ်ပေသည်။

ယွင်ချင်းစီက ခပ်ရွဲ့ရွဲ့ ပြုံးလိုက်၏။ အတိတ်ကာလတွင် သူ စိတ်အားထက်သန်လွန်းခဲ့လေသလား သို့တည်းမဟုတ် ယခုလက်ရှိတွင် လီယင်းက လွန်စွာ ကျေနပ်အားရလွန်းနေသလား မပြောတတ်တော့ချေ။

“ဒါက အရှင့်အတွက် မဟုတ်ပါဘူး ...”

သူက လီယင်းလက်ထဲရှိ နားအကာကို ပြန်ဆွဲယူကာ ပြောလိုက်သည်။

“ဒါက ရှောင်ဟွိုက်အတွက် ...”

လီယင်း၏ အမူအယာ အေးခဲသွားကာ အကြည့်တို့လည်း ရုတ်ချည်း အမှောင်ကျသွားတော့သည်။

“သူ့အတွက်နဲ့ ဒါကို မင်းလက်နဲ့ ကိုယ်တိုင်ကိုယ်ကျ ချုပ်ခဲ့တာပေါ့ ဟုတ်လား …”

“ဟုတ်ပါတယ် ...”

ယွင်ချင်းစီ၏ အမူအယာမှာ ထက်သန်လေးနက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ လီယင်းက သူ့ကို စိုက်ကြည့်ကာ သက်ပြင်းအချို့ ချလိုက်သည်။

“ဘာလို့လဲ ...”

“သူက အေးနေတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ နားတွေကို ကြင်နာစွာ နွေးထွေးစေခဲ့တယ် ဒါပေမယ့် ကောင်းကောင်း မထိန်းသိမ်းနိုင်လို့ ဒါတွေကို ပျက်စီးသွားစေမိတယ်လေ သေချာပေါက်ကို အလျော်ပြန်ပေးရမှာပေါ့ ...”

“ကြင်နာစွာနဲ့ ဟုတ်လား ...”

တလိမ့်လိမ့် တက်လာသည့် ဒေါသလှိုင်းလုံးများကြောင့် လီယင်း၏ ရင်ဘက်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်ကုန်တော့သည်။

“ကြင်နာတတ်တာလား ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ အကြံအစည်တွေ ရှိနေတာလား ...”

“တကယ်ကို ကြင်နာတတ်တာပေါ့ ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“နေရာအနှံ့မှာ အတင်းစကားတွေ ပြောနေကြတာ သူက နားအကာတစ်စုံပဲ ပေးခဲ့တယ် ဆိုပေမယ့် သူ့ရဲ့ တကယ့်ရည်ရွယ်ချက်က ဒီသွားပုတ်လေလွင့် ပြောတဲ့စကားတွေကနေ ကာကွယ်ပေးချင်တာလေ ဒီလို ရည်ရွယ်ချက်ကောင်းကို သေချာပေါက် တန်ဖိုးထားရမှာပေါ့ ...”

လီယင်း၏ နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်ရီလာတော့သည်။

“တန်ဖိုးထားရမယ် ဟုတ်လား ...”

ယွင်ချင်းစီက သူ့ကို ကြည့်ရုံသာ စိုက်ကြည့်နေလိုက်သည်။

လီယင်းက သူ ကြားခဲ့သည်မှာ သေချာသလား အတည်ပြုနိုင်ရန် တစ်လုံးချင်း ပြန်ရွတ်လိုက်သည်။

“မင်း ဘာပြောနေတာလဲ ဆိုတာကိုရော သိရဲ့လား ယွင်ချင်းစီ မင်းက ဧကရီတစ်ပါးနော် ဧကရီတစ်ပါးက တစ်ခြားယောကျ်ားတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို ရင်ထဲထည့်ထားသင့်ရဲ့လား..."

“ယောကျ်ားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ သူတိုင်းကို ကျွန်တော်လည်း ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံမှာ ...”

“သံသယ ဝင်တာတွေကို ဘယ်လို ရှောင်ရှားရမလဲ နားမလည်ဘူးလား ..."

လီယင်းက သူ့ကိုယ်သူ ထိန်းချုပ်ကာ ပြောလိုက်သည်။

“လင်းဟွိုက်ကျင်းက ငါ့အဒေါ်ရဲ့ သားနော် ...”

“သိပါတယ် ...”

“သူက မင်းကို ကြိုက်နေတာလို့ ...”

ယွင်ချင်းစီက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“အိုး ...”

“...”

ဒီလိုလေးပဲ တုန့်ပြန်တာလား ...

လီယင်း၏ မျက်နှာတစ်ခုလုံး သုန်မှုန်သွားကာ ယွင်ချင်းစီကို စိုက်ကြည့်ပြီး ခါးသီးစွာ ပြောလိုက်သည်။

“ဒါတွေ သူ့ကို ပေးတာကို တားမြစ်တယ် ...”

“သူ့ကို ကတိပေးထားပြီးသား ...”

“ခွင့်မပြုဘူး ...”

လီယင်းက ပြောလိုက်သည်။

“ကတိပေးထားပြီးသား ဖြစ်ရင်တောင် ခွင့်မပြုဘူး ဒါ အမိန့်ပဲ ..."

ယွင်ချင်းစီက တစ်ခဏမျှ တွေးကာ ပြောလိုက်သည်။

“ဒါဆို အရှင် ဒီနားအကာတွေကို သဘောကျရင် ယူလိုက်ပါ ...”

လီယင်းမှာ အလိုလိုက်ခံလိုက်ရသည့်နှယ်။ ပြီးခဲ့သည့်ဘဝတွင် ယွင်ချင်းစီသည် များစွာ အားအင်စိုက်ထုတ်ခဲ့ရသည့်အတွက် ငြင်းခုန်ရင်း သူ့ကို အနှောင့်အယှက် မပေးလိုတော့။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် မသိမ်းသွင်းနိုင်ရာ လွှတ်ချလိုက်ခြင်းကသာ ပိုမိုကောင်းမွန်ပေလိမ့်မည်။ လီယင်းက ဧကရာဇ်၊ သူက ဧကရီဖြစ်ရာ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားခြင်းက ပိုမို ကောင်းမွန်ပေသည်။

ခဲရောင် နားအကာမှာ အမွေးပွပွဖြင့် လွန်စွာ နွေးထွေးမည့်ဟန်။ ဤအနွေးဓာတ်မှာ သူ့အပိုင်သာ ဖြစ်သင့်ပေသည်။

လီယင်းက လက်ချောင်းတို့ကို အနည်းငယ် လှုပ်ရှားလိုက်သော်ငြား ချက်ခြင်း လှမ်းမယူဘဲ ယွင်ချင်းစီကို ပြန်မေးလိုက်သည်။

“ဒါဆို လင်းဟွိုက်ကျင်း အတွက်ကရော ...”

ယွင်ချင်းစီက အခြားတစ်ယောက်အား ချုပ်ပေးရန် ညွှန်ကြားလိုက်မည် သို့မဟုတ်ပါလျှင် “အရှင် ကျွန်တော် သူ့ကို ရှင်းလည်း ရှင်းမပြတော့ဘူး ဂရုလည်း မစိုက်တော့ဘူး” ဟု ပြောလာမည်ဟု မျှော်လင့်လိုက်သည်။

ယွင်ချင်းစီက ပြောလိုက်သည်။.

“သူ့အတွက် နောက်တစ်ခု ချုပ်ပေးလိုက်ပါ့မယ် ...”

လီယင်းမှာ မနာလိုမှုကို ခံစားလိုက်ရပြန်သည်။

“... သူ့ကို ပေးနေရဦးမှာလား ...”

“အရှင် ...”

ယွင်ချင်းစီက သူ့ကို သတိပေးလိုက်ရပြန်သည်။

“အရှင်က သူ့ပစ္စည်းကို ဖျက်ဆီးခဲ့တာနော် အခု ကျွန်တော်က အရှင့်လုပ်ရပ်ရဲ့ နောက်ဆက်တွဲကို ကူပြီး ဖြေရှင်းပေးနေတာ ပြီးတော့ သူ့ကိုလည်း ကတိပေးထားပြီးသား လူဆိုတာ ကိုယ့်ကတိကို တည်ရမယ်လေ ...”

“ဒီကိစ္စလောက်ကို ရှေ့ထွက် ဖြေရှင်းနေစရာ မလိုပါဘူး ...”

“ဒါဆို အရှင်က ဘယ်ရောက်နေခဲ့လဲ ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“လင်းဟွိုက်ကျင်း ရေကန်ဘေးမှာ ရှိနေတုန်းက ဘာလို့ သူ့နားအကာကို မီးရှို့ခဲ့တဲ့သူက အရှင်ပါလို့ မပြောခဲ့တာလဲ ဘာလို့ ကျွန်တော့်ကို ပြန်လွှတ်ပြီး သူနဲ့ ရင်ဆိုင်ခိုင်းရတာလဲ ဘယ်လိုဖြစ်ပြီးများ နန်းတော်ထဲကို စိတ်အေးလက်အေးနဲ့ ပြန်သွားနိုင်ရတာလဲ ...”

“မင်းလက်က ဒဏ်ရာရှိနေသေး ...”

“အရှင် ...”

ယွင်ချင်းစီမှာ စိတ်မရှည်တော့။

“ဘာလို့ အနှောင့်အယှက် ပေးနေတာလဲ အရှင်နဲ့ ကျွန်တော့်အကြားမှာ ဟန်ဆောင်နေစရာမှ မလိုအပ်တာ ဒဏ်ရာဆိုတာကလည်း ကျွန်တော်မျိုးရဲ့ အရူးထမှုအတွက် ရလာတဲ့ တန်ရာတန်ကြေးလေ ဒါကို ရှန့်ယန်တစ်မြို့လုံး သိနေပြီးသားဖြစ်လို့ အရှင့်အနေနဲ့ ထပ်ကာထပ်ကာ သတိပေးနေစရာ မလိုအပ်ပါဘူး ...”

ယွင်ချင်းစီကမူ လီယင်းက ဟန်ဆောင်ကာ သူ့ကို တမင်တကာ အရှက်ခွဲနေသည်ဟု ခံစားနေရဟန်ပင်။ လီယင်း၏ လက်ချောင်းတို့ တဆတ်ဆတ် တုန်ရီကာ နှလုံးသားတစ်ခုလုံး နာကျင်သွားသည့်အတွက် စိတ်ကို ငြိမ်ငြိမ်ထားကာ ရှင်းပြလိုက်သည်။

“မင်းအတွက် စိတ်ပူမိရုံတင်ပါ ...”

“လင်းဟွိုက်ကျင်းအတွက် နားအကာ ချုပ်ပေးမှာကို စိတ်ပူတာပါ... အရှင် ရောက်လာတဲ့ အချိန်မှာ ကျွန်တော် ရေချိုးပြီးလို့ လင်းဟွိုက်ကျင်းအတွက် နားအကာတောင် ချုပ်ပေးနေပြီလေ ဒီလောက် အချိန်အကြာကြီး ချုပ်နေတာတောင် စိတ်ပူကြောင်း တစ်ခွန်းမဟတာ အရှင့်အတွက် ချုပ်ပေးတယ်လို့ ထင်နေလို့ မဟုတ်လား ...”

“မင်းရေချိုးနေတုန်း ရောက်လာတာ မဟုတ် ...”

“...”

သူ တကယ်ကြီးကို လိမ်ခဲ့တာပဲ ...

ယွင်ချင်းစီက မေးလိုက်သည်။

“ဒါဆို ဘယ်အချိန်က ရောက်လာတာလဲ ...”

“မင်း ပြီးကာနီးမှ ...”

လီယင်းက နှုတ်ခမ်းတို့ကို ဖိကိုက်ရင်း ဖြေလိုက်၏။

အား ... ကိုယ့်ခြေထောက်ပေါ် ပြုတ်ကျလာမယ့် ခဲလုံးကိုမှ ကိုယ်တိုင် မြှောက်မိတာပါ့လား ...

“ကိုယ်ရောက်လာတော့ မင်းက အပ်ချည်စကိုတောင် ဖြတ်ပြီးနေပြီ ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“ဒါဆို ဒီအချိန်တိုလေးအတွင်းမှာလည်း ဝမ်းသာသွားတာပဲ မဟုတ်လား အရှင့်ရဲ့ ပထမဆုံး တုန့်ပြန်ချက်က ဒီနားအကာကို ဝတ်ပေးခိုင်းတာလေ အဲဒီ့အချိန်တုန်းကရော ဘာဖြစ်လို့များ စိတ်မပူခဲ့တာလဲ ...”

သူက ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည်။

“အရှင့်ရဲ့ ကြင်နာတတ်ချင်ယောင်ဆောင်တဲ့ အရည်အချင်းက အရင်ကလောက် မကောင်းတော့ဘူးပဲ ...”

လီယင်းက သူ့ကို ချက်ခြင်း ပြန်လှည့်ကြည့်လိုက်သည်။

ဆံပင်၊ မျက်တောင်နှင့် မျက်လုံးတို့မှာ အသူတစ်ရာ ချောက်နက်သဖွယ် နက်မှောင်နက်ရှိုင်းနေရာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်နေသည်ကို အတိုင်းသား တွေ့နေရပေသည်။

ယွင်ချင်းစီအနေဖြင့် ထိုအချင်းအရာကို မနှစ်သက်။

ယခု သူ ပြန်လည်မွေးဖွားလာကာ အရာအားလုံးလည်း ပြန်လည်စတင်လာပြီဖြစ်သည်။ ဖခင်ဖြစ်သူနှင့် အစ်ကိုများလည်း အသက်ရှင်နေသေးရာ လီယင်းနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခြင်းသည် ယွင်မိသားစု ပိုမို တည်မြဲစေမည့် နည်းလမ်းကောင်းတစ်ခုပင် ဖြစ်သည်။

လီယင်းကို ဆက်ပြီး မတွယ်တာလိုတော့၊ ဧည့်သည်တစ်ဦးအဖြစ် သဘောထားကာ အကျိုးတူ ပူးပေါင်းသည့် ဆက်ဆံရေးကိုသာလျှင် အကောင်းဆုံး ထိန်းသိမ်းထားလိုတော့သည်။ အတိတ်ဘဝက လီယင်းကို ကူညီကာ အမတ်များအား စောင့်ကြည့်အကဲဖြတ်ပေးခြင်းဖြင့် ချင်မင်းဆက်အင်ပါယာကို တည်ထောင်ခဲ့သည်။ ၎င်းမှာ ကြောက်မက်ဖွယ် တွန်းအားတစ်ရပ် ဖြစ်ကာ လီယင်းကို သက်တောင့်သက်သာဖြင့်ပင် အင်အားကြီး ဧကရာဇ်တစ်ပါး ဖြစ်စေခဲ့သည့် အားလည်း ဖြစ်ပေသည်။

နောက်ပိုင်းတွင် ချင်ပြည်ထောင်စုအား လုံးဝဥဿုံ လက်လျော့ပစ်ရန် လီယင်း၏ ဖြောင်းဖျခြင်းကို ခံလိုက်ရသည့်တိုင် သူ့လက်ထဲရှိ ဝှက်ဖဲ တစ်ဝက်ခန့်ကိုပင်လျှင် လက်မလွှတ်ပေးခဲ့ချေ။

ယခုမူ ချင်ပြည်ထောင်စုသည်လည်း သူ့လက်ထဲတွင်သာ ရှိနေဆဲဖြစ်ကာ ၎င်း၏ ခေါင်းဆောင်ကလည်း သူ့ကိုသာလျှင် အသိအမှတ်ပြုဆဲ ဖြစ်သည်။ တစ်နည်းဆိုရပါလျှင် လစဉ်လတိုင်း လီယင်းလက်ထဲသို့ ရောက်လာသည့် သတင်းအချက်အလက်များအားလုံးမှာ သူ့လက်ထဲမှ ဖြတ်သန်းလာခြင်းသာ ဖြစ်ပေသည်။

လီယင်းမှာလည်း ဧကရာဇ်ကောင်းတစ်ပါး ဖြစ်ရန်သာ စိတ်ထဲရှိရာ ယွင်ချင်းစီက သူ့ကို ဆက်ပြီး မတွယ်တာတော့ရန် ဆုံးဖြတ်လိုက်သည်။ ယခုဘဝတွင်မူ တစ်ယောက်လိုအပ်သည်များကို ကျန်တစ်ယောက်က ဖြည့်ဆည်းပေးရင်း ရေမြေတောတောင်တို့ကို အေးအေးချမ်းချမ်း အုပ်စိုးနိုင်ပေတော့မည်။

ဒါမှ အလုပ်မဖြစ်ရင်လည်း သူ့ကို သတ်ပစ်ရုံပေါ့ ...

သို့သော် လီယင်း၏ ခြေလှမ်းများက သူ့ကို ယနေ့အချိန်ထိတိုင် ဟန်ချက်ပျက်စေဆဲပင် ဖြစ်သည်။

သူတို့ရဲ့ သန့်စင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ဆက်ဆံရေးမျိုးက ဒီလို အရှက်မရှိတဲ့ အကြံမျိုးကြောင့် ပြက်ရယ်ပြုခံရတယ်ဆိုတာ ဖြစ်မှ မဖြစ်သင့်တာ ...

စက္ကန့်ပိုင်းအတွင်းမှာပင် အတွေးပေါင်း ထောင်သောင်းမက ထွက်ပေါ်လာတော့သည်။ ထို့နောက်တွင်မှ ယွင်ချင်းစီက ပြောလိုက်၏။

“ဒီငယ်သား ဆိုလိုတာက ...”

“ကိုယ်သိတယ် ...”

“?”

ဘာသိတာလဲ ...

“မင်းက အရမ်းကို ဒေါသထွက်လွန်းနေလို့ ဒီလိုမျိုး လက်လွတ်စပယ် ပြောလိုက်တာ မဟုတ်လား ...”

အကြောင်းပြချက် ရှာနေရသည့် ပြဿနာကို ကူညီဖြေရှင်းပေးရာ ရောက်သွားသည့်အတွက် ယွင်ချင်းစီလည်း ခေါင်းငြိမ့်ကာ သဘောတူလိုက်တော့သည်။

“ဟုတ်တယ်...”

“နားရွက်တွေကို နွေးအောင်ထား ...”

လီယင်းက ကွဲအက်နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။

“သူ့ကို ဘယ်လိုမျိုး ပြန်ပြီး လျော်ကြေးပေးမလဲ ဆိုတာကတော့ မင်းသဘောအတိုင်းပဲ ...”

ဤသည်မှာ သူ ရင်းနှီးနေသည့် လီယင်း၏ သရုပ်မှန်အစစ် ဖြစ်သည်။ အသေးအဖွဲ ကိစ္စလေးများကို အလေးမထား၊ ရန်ဖြစ်စကားများရာတွင် လေကုန်မခံလိုသူ ဖြစ်သည်။

ယွင်ချင်းစီက နားအကာကို ဝတ်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ ...”

ခါးသီးမှုနှင့် မကြင်နာလိုမှုတို့ကို ဖုံးကွယ်ကာ အပြုအမူကောင်းကာ ကြင်နာတတ်သူ အဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားတော့သည်။ ယွင်ချင်းစီက သူ့ရှေ့တွင် အမြဲတမ်း ကျိုးကြောင်းမဆင်ခြင်တတ်၍ မဟုတ်၊ လီယင်းက သူ့ကို သဝန်တိုဒေါသစိတ်တို့ပေါများသူအဖြစ်သာ ပုံသေ သတ်မှတ်ထား၍ ဖြစ်သည်။ လီယင်းအရှေ့တွင် ယွင်ချင်းစီသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ အဆင်ခြင်မဲ့စွာ ရက်ရက်စက်စက် မပြုမူခဲ့ဖူးချေ။

ဤသည်မှာ အခြားလူများကို ဂရုစိုက်၍ မဟုတ်၊ လီယင်းကို ဂရုစိုက်လွန်း၍သာ ဖြစ်ပေသည်။

သို့သော် ယခုမူ ယွင်ချင်းစီကပင် သူ့ကို ကြင်နာချင်ဟန်ဆောင်ပါသည်ဟု လှောင်ပြောင်စွပ်စွဲလာတော့သည်။

ယွင်ချင်းစီက နက်မှောင်လှသည့် ဆံနွယ်တို့ကို ခေါင်းအုံးပေါ် ဖြန့်ကာ လှဲချလိုက်၏။ နူးညံ့သိမ်မွေ့လှသည့် မျက်နှာမှာ ကျောက်စိမ်းရုပ်တုအလားပင်။ အကြည့်တို့မှာလည်း နူးညံ့နေပေသည်။

“အရှင်မင်းကြီး ...”

သူ့စကားက လီယင်းကို ထွက်သွားချိန်တန်ပြီဟု သတိပေးနေသော်ငြား ယွင်ချင်းစီ၏ ခေါ်သံကို ကြားလိုက်ရသည့် အခါတွင်မူ အနားသို့သာ တစ်ဖြည်းဖြည်း တိုးလာချင်တော့သည်။ သူ့အကြည့်တို့မှာ ငေးမောနေသယောင်။

“အမ် ...”

“ညဉ့်နက်နေပါပြီ ...”

ယွင်ချင်းစီက ဧည့်သည်ကို နှင်ထုတ်လိုက်၏။

“ပြန်သွားပြီး အနားယူလိုက်ပါတော့ ...”

သူ့ကို ဤတွင် နေခိုင်းမည့်အကြံ မရှိပေ။

လီယင်း၏ မေးရိုးတို့ တင်းကြပ်သွားကာ ယွင်ချင်းစီကိုသာ အသံတိတ် စောင်ခြုံပေးလိုက်သည်။ ယွင်ချင်းစီက သူ့လှုပ်ရှားမှုတို့ကို တိတ်တဆိတ် ငေးကြည့်ရင်း ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ် ...”

လီယင်း “ကောင်းပြီ ...”

မတ်တပ်ရပ်ကာ အိပ်ယာဘေးရှိ ကန့်လန်ကာကို ချပေးလိုက်သည့်တိုင် ထွက်သွားရန် တုန့်ဆိုင်းနေဆဲပင်။

ယွင်ချင်းစီ၏ အကြည့်တို့ တစ်ဖန် ပဟေဠိ ဖြစ်သွားရပြန်၏။

လီယင်း၏ ခြေသံများ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ထွက်မသွားခင် မီးရောင်အားလုံးကို မှိတ်ပေးခဲ့သည့်အတွက် ယွင်ချင်းစီလည်း နန်းတော်ထဲရှိ သူလျှိုနှင့် မည်သို့မည်ပုံ ဆက်သွယ်ရမည်ကို စဉ်းစားရင်းပင် အိပ်မောကျသွားတော့သည်။

များမကြာမီ သွယ်လျသည့် လက်တစ်ဖက်က ထူထဲလှသည့် ကန့်လန်ကာစကို မ တင်ကာ အချိန်အတော်ကြာ ဆုပ်ကိုင်ထားပြီးမှသာလျှင် ပြန်လွှတ်လိုက်တော့သည်။

သူတို့နှစ်ဦးမှာ အရိုးအဆစ်တို့တွင်ပင် ထိုးနှံထားသည့်နှယ် တစ်ဦးအကြောင်းကို ကျန်တစ်ဦးက လွန်စွာ ရင်းရင်းနှီးနှီး သိရှိကြသည်။ လပြည့်အဆောင်တွင် ယွင်ချင်းစီ ငွေအပ်ဖြင့် မထိုးမီ အချိန်အထိ လီယင်းက သံသယဝင်ခြင်း အလျဉ်း မရှိသကဲ့သို့ပင် ယခု ယွင်ချင်းစီသည်လည်း သူ၏ ချဉ်းကပ်လာမှုကို လုံးဝဉဿုံ သတိမပြုမိချေ။

နှင်းထူလှသည့် ညကာလမှာ ကြာရှည်လွန်းလှသည့်အတွက် လူတိုင်း အလျင်အမြန်ပင် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။ လျှိုကျီရူက ချက်ခြင်း အိပ်မက်မှ လန့်နိုးကာ ပိန်းပိန်းမှောင်နေသည့် အခန်းထဲတွင် လူတစ်ယောက် ရောက်နေကြောင်း သတိထားမိလိုက်တော့သည်။

မွှေးညှင်းအားလုံး ထောင်သည်အထိ ထိတ်လန့်သွားကာ ခေါင်းအုံးအောက်ရှိ သံတုတ်ကို အမြန် ဆွဲထုတ်လိုက်သည်။

“အရှင် ...”

နောက်ဆုံးတွင်တော့ ရပ်နေသူကို သတိပြုမိသွားတော့သည်။ လီယင်းက အသံတိတ် မတ်တပ်ရပ်နေကာ အရိပ်မှာ ညအမှောင်ထက်ပင် နက်မှောင်နေပြီး အသက်ရှူသံမှာ အသူတစ်ရာချောက်ထက်ပင် နက်ရှိုင်းကာ အဆုံးအစကင်းမဲ့သည့် အမှောင်ထုတို့က သူ့ခန္ဓာကိုယ်ကို ခေါင်းအစ ခြေအဆုံး လွှမ်းခြုံထားတော့သည်။


Xxxxxxx