အပိုင်း ၁၂
Viewers 13k

Chapter 12


လျှိုကျီရူက မီးအိမ်ကို ထွန်းကာ လေအကာကိုပါ တပ်ဆင်လိုက်သည့်အတွက် မှိန်ဖျော့ဖျော့ အလင်းရောင်က အခန်းထဲရှိ အမှောင်ထုကို ဖုံးလွှမ်းသွားတော့သည်။ သို့သော် ၎င်းကပင်လျှင် လီယင်း ခန္ဓာကိုယ်ပေါ်ရှိ အမှောင်ထုကို မပယ်ဖျောက်နိုင်သေးပေ။

အခန်းထဲသို့ ဝင်မလာခင် သူ အပြင်ဘက်တွင် မည်မျှကြာအောင် ရပ်နေခဲ့မှန်း မည်သူမှ မသိနိုင်ချေ။ ပုခုံးနှင့် ခေါင်းပေါ်တွင် နှင်းမှုန်လွှာတို့ ဖုံးလွှမ်းနေကာ ဆံပင်ပေါ်ရှိ နှင်းစက်တို့မှာ ရေခဲအဖြစ်သို့ပင် ပြောင်းစပြုနေပြီဖြစ်သည်။ အသံမှာလည်း နက်ရှိုင်းအက်ကွဲနေ၏။

“သုံးရက် သုံးရက်အတွင်းမှာ ဧကရီကို နန်းတွင်းကို ပြန်လည် ခေါ်ဆောင်မယ် ...”

“သုံးရက် ...”

လျှိုကျီရူမှာ ညဉ့်နက်သန်းခေါင်ကြီး ဤသို့ လာပြောလိမ့်မည်ဟု လုံးဝ မျှော်လင့်မထား။ ထို့ကြောင့် အံ့ဩတကြီး ပြန်လည်ရေရွတ်လိုက်တော့သည်။

“ပုံမှန်ဆို ဒီလို ပွဲတော်မျိုးကို စီစဉ်ဖို့ဆို အနည်းဆုံး တစ်လလောက် လိုအပ်ပါတယ် ခုနစ်ရက်ဆိုတာကကို တော်တော်လေး ခက်ခဲတယ်လို့ ပြောလို့ရနေပါပြီ ...”

“ပြောပြီးပြီ...”

လီယင်းက ရုတ်ချည်း ရှေ့တိုးလာ၏။ သူ့မျက်နှာမှာ ဆွတ်ဆွတ်ဖြူနေကာ မျက်နှာအချိုးအစားတို့ကပင်လျှင် အထူးတဆန်း တင်းမာခက်ထန်နေတော့သည်။ ကြမ်းကြုတ်လှသည့် အကြည့်တို့ကြောင့် မျက်ဝန်းထဲရှိ သွေးကြောများပင်လျှင် ပေါက်ထွက်လုမတတ် တုန်ခါလာတော့သည်။

“သုံးရက်အတွင်း ဧကရီကို နန်းတွင်းထဲ ပြန်လည်ခေါ်ဆောင်မယ် ...”

ဤအခိုက်အတန့်တွင် သူ့ပုံစံမှာ လူ့အရေပြားကို ခွါချလိုက်သည့် နတ်ဆိုးတစ်ကောင်နှယ်။ လျှိုကျီရူ၏ မျက်ခုံးတို့ သိသိသာသာ တွန့်စုသွားကာ သက်ပြင်းရှိုက်လျက် ပြန်ဖြေလိုက်သည်။

“မှန်လှပါ ဒီအစေခံ သင့်လျော်အောင် စီမံလိုက်ပါ့မယ် ...”

မီးအလင်းရောင်တို့ ထွန်းညှိထားသည့် အခန်းထဲဝယ် နက်မှောင်လှသည့် ခပ်သွယ်သွယ် ပုံရိပ်တစ်ခု နံရံပေါ်သို့ ထင်ဟပ်လာတော့သည်။ ထိုအရိပ်က ခြေထောက်တို့ကို ငုံ့ကြည့်လိုက်သည့်နှယ် ကိုယ်ကို ကိုင်းညွတ်လိုက်၏။ ထိုအရိပ်၏ စကားသံကပင်လျှင် နူးညံ့နေပေသည်။

“အပင်ပန်းခံပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ် ...”

သူ့လက်ရှိ အနေအထားကြောင့် လျှိုကျီရူမှာ ပင်ပန်းသည်ဟုလည်း စောဒက မတက်ရဲ၊ နှောင့်လည်း မနှောင့်နှေးရဲတော့ချေ။

နောက်တစ်နေ့မနက် မိုးလင်းသည်နှင့် တစ်ပြိုင်နက် စစ်သူကြီးချုပ်ချိုး၏ အိမ်တော်သို့ အပြေးသွားလိုက်ရတော့သည်။ သူ ရောက်သွားချိန်တွင် ချိုးရှန်းက ကြာပွတ်ဖြင့် လေ့ကျင့်နေသည်။ လျှိုကျီရူ တံခါးဝကို ဖြတ်ကာ အိမ်ထဲ ရောက်လာစဉ်မှာပင် စတုတ္ထသခင်လေးချိုး၏ သက်ပြင်းချသံကို ကြားလိုက်ရတော့သည်။

“အစ်ကိုကြီး ကျွန်တော် မလုပ်နိုင်တော့ဘူး တကယ်ကို မလုပ်နိုင်တော့ဘူးလို့ ခဏလောက် နားကြရအောင်လေ ...”

ချိုးရှန်းက သူ့လက်ထဲရှိ ကြာပွတ်ကို ရွှမ်းခနဲ လွှဲယမ်းလိုက်သည့်အခါ ချိုးယန်မှာ ညဉ်းတွားရင်းပင် လက်မောင်းတို့ကို ဆန့်တန်းလျက် ပြန်လည်လေ့ကျင့်လိုက်ရတော့သည်။

“စစ်သူကြီးချိုး ...”

ချိုးယန်သည် ချိုးမိသားစု၏ အကြီးဆုံးသား၊ စစ်သူကြီးချုပ်ချိုး တန်ဖိုးအထားရဆုံး သား ဖြစ်ပေသည်။ သူက ကြာပွတ်ကို အစေခံလက်ထဲ အမြန် ထည့်ကာ ရှေ့တစ်လှမ်းတိုး၍ နှုတ်ဆက်လိုက်သည်။

“လျှိုလူကြီးမင်း …”

“အရှင်မင်းကြီးက နောက်နှစ်ရက်နေရင် တိုင်းခန်းလှည့်လည်မယ်လို့ မှာကြားလိုက်တဲ့အတွက် စစ်သူကြီးအနေနဲ့ ကျွမ်းကျင်တပ်သား အချို့ကို စုစည်းပြီး အနီးကပ် လိုက်လံစောင့်ကြပ်ပေးမယ်လို့ မျှော်လင့်ပါတယ် ..."

ချိုးရှန်းမှာ လွန်စွာ အံ့ဩသွားရသည့်ဟန်။

“အရဲစွန့်ပြီး မေးပါရစေ ဘယ်လို အရေးကြီးကိစ္စကြောင့်များ အခမ်းအနားနဲ့အတူ ကြွချီဖို့ လုပ်ရတာပါလဲ ..."

“ဒီအကြောင်းက ပြောရမှာ ခက်တယ် ...”

လျှိုကျီရူက သက်ပြင်းချလိုက်သည်။

“အမိန့်တော်ကို ပို့ဆောင်ပြီးပြီဆိုတော့ ပြန်လိုက်ပါဦးမယ် သင့်လျော်သလို စီမံဖို့ မမေ့ပါနဲ့နော် ...”

သူ့အနေဖြင့် ဤအတိုင်းအတာမျှအထိသာ အကြံပေးနိုင်ပေသည်။

ချိုးရှန်းက အလေးအနက် ပြန်ဖြေလိုက်သည်။

“အကြံပေးတဲ့အတွက် လူကြီးမင်းကို ကျေးဇူးတင်ပါတယ် ...”

လျှိုကျီရူ ခပ်သုတ်သုတ် ပြန်ထွက်သွားသည်ကို အခွင့်ကောင်းယူကာ ချိုးယန်က မေးလိုက်သည်။

“အစ်ကိုကြီး လျှိုလူကြီးမင်း ကိုယ်တိုင်တောင် ရောက်လာတာဆိုတော့ အရေးကြီးတာ တစ်ခုခုများ ဖြစ်လို့လား ..."

“မေးစရာ လိုသေးလို့လား ...”

ချိုးရှန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒါပေမယ့် အရေးကြီးတယ်ပဲထား ဘာလို့ ဒီလောက်အထိ အလျင်စလိုကြီး ပြင်ဆင်ရတာလဲ ...”

“ဘာလို့ဆို အရှင့်အတွက်ပဲ အရေးကြီးတာ တစ်တိုင်းပြည်လုံးအတွက် မဟုတ်လို့ပေါ့ ...”

ချိုးယန်က အသေးစိတ် ခွဲခြမ်းစိတ်ဖြာရင်း လက်ခုပ်တီးကာ ပြောလိုက်သည်။

“ဧကရီကို နန်းတွင်းထဲ ပြန်ခေါ်ဖို့ အမတ်ချုပ်အိမ်တော်ကို သွားမှာများလား ...”

“ဧကရီကို ဟုတ်လား ...”

ချိုးရှန်း၏ အကြည့်တစ်ခုလုံး လှောင်ပြောင်လိုသည့် အရိပ်အယောင်တို့ လွှမ်းမိုးလာတော့သည်။

“ဒီအရူးကောင်ကလေ သူနဲ့တန်လို့လား ...”

“...တကယ်တမ်းတော့ သူက ဒီလောက်ကြီးလည်း သည်းမခံနိုင်စရာ ကောင်းနေတာ မဟုတ်ဘူးလို့ ထင်တာပဲ ...”

“မင်းကို ရေခဲပြင်မှာ အနိုင်ကျင့်သွားတာ သူ မဟုတ်ဘူးလား ...”

ချိုးယန်က ခါးကို ဆန့်တန်းကာ အလေးအနက် ပြောလိုက်သည်။

“သူက လူတိုင်းကို လိုက်ပြီး အနိုင်ကျင့်နေတာမျိုးနဲ့တော့လည်း မတူပါဘူး ...”

“ဟမ်...”

ချိုးရှန်းက ကြာပွတ်ကို နောက်တစ်ကြိမ် လွှဲယမ်းကာ ပြောလိုက်သည်။

“ပိုပြီး လေ့ကျင့်ထား မင်းသာ ဘာမှ မသင်ယူနိုင်ရင် မျက်နှာလှလှလေးကို ပိုင်ဆိုင်ရတဲ့ ခံစားချက်က ဘယ်လိုဆိုတာကိုပါ မေ့သွားအောင် လုပ်ပေးမယ် ...”

ချိုးယန်က အံတင်းတင်းကြိတ်ကာ ကြာပွတ်ကို လွှဲယမ်းလိုက်သည်။

“ကောက ဒေါသထွက်နေတာပဲ တကယ်လို့ အရှင်သာ သူ့ကို တကယ်ကြီး နန်းတွင်းထဲ ပြန်ခေါ်ဖို့ ကြံနေတာဆိုရင် သူ့ကို ချော့မော့ဖို့အတွက် အရှင်က ဂုဏ်သရေရှိ စစ်သူကြီးတစ်ဦးကို လက်ဆောင်အဖြစ် ချီးမြှင့်မှာပဲ ..."

ချိုးရှန်းက လှောင်ရယ်လိုက်သည်။

“မယုံနိုင်စရာပဲ သတင်းပေး တပ်သားတောင် မပါဘဲ မိဘအိမ် ပြန်ခဲ့ရတဲ့ သူကများ တကယ်လို့ ယွင်ချင်းစီသာ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ရင် မင်းက ငါ့အစ်ကိုကြီးပဲ ...”

..........

ထိုညက ယွင်ချင်းစီသည် လွန်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ကာ နောက်တစ်နေ့မနက် သူနိုးလာသည့်အခါ အိပ်ယာခေါင်းရင်းတွင် အကြည်ရောင် ဆေးဘူးတစ်ဘူးကို တွေ့လိုက်ရသည်။

ထိုဆေးမှာ ကန်ဘေးရှိ နားနေဆောင်တွင် လီယင်း လိမ်းပေးချင်ခဲ့သည့်ဆေး ဖြစ်ကြောင်း သတိရလိုက်မိတော့သည်။ ယမန်နေ့က ၎င်းကို ငြင်းပယ်ခဲ့သော်ငြား တစ်ညကုန်လွန်ပြီးသည့်အခါ သူ့နားသို့ ရောက်လာပြန်သည်။

မနေ့က တော်တော်လေး နောက်ကျကာမှ နှင်းတွေကျ လေတွေတိုက်နေတာကိုတောင် မမှုဘဲ ရောက်လာတာ ဒီဆေးဘူး ပေးချင်လို့လား ...

သူ့မှာ မကောင်းတဲ့အကြံ ရှိနေတာမှ မဟုတ်ရင် အပမှီလာတာပဲ ဖြစ်ရမယ် ...

အနွေးထည်တစ်ထည် ဝတ်ကာ အိပ်ယာမှထ၍ အံဆွဲကို လှပ်ပြီး အထဲမှ နက်မှောင်လှသည့် သစ်သားဆွဲပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ထိကိုင်ရန် လေးလံလှကာ ထွင်းထုထားသည့် ပန်းပုလက်ရာများမှာလည်း ရှုပ်ထွေးလှသည်။ သို့သော် မကြာခဏ သန့်ရှင်းရေး လုပ်ထားသည့်အတွက် မျက်နှာပြင်တစ်ခုလုံး ချောမွတ်နေပြီး ပန်းပုလက်ရာများအကြားတွင်ပင် ဖုန်တစ်စက်မှ ကပ်ငြိနေခြင်း မရှိချေ။

ထိုဆွဲပြားမှာ လီယင်းကိုယ်တိုင် အနီရောင်သစ်သားတုံးကို ဖြတ်တောက်ပြီး ထွင်းထုပေးခဲ့ခြင်း ဖြစ်ပေသည်။ လှိုင်းတွန့်သဏ္ဌာန် မျက်နှာပြင်တွင် ရေ၊လှိုင်း၊ ကြယ်၊ လ၊ ဇာမဏီငှက်နှင့် အခြားသော ဒြပ်စင်များကို ပေါင်းစုကာ ယွင်ချင်းစီ၏ နာမည်မှ “စီ” ဟူသည့် စကားလုံးကို အကျယ်တဝင့် ထွင်းထုပေးထားသည်။

လီယင်းတွင်လည်း အလားတူပင် ပုံစံတူညီသည့် ဆွဲပြားတစ်ခုရှိကာ သူ့ဆွဲပြားနှင့် လိုက်ဖက်ညီသည့် နဂါးတစ်ကောင်ဖြင့် သူ့နာမည်စာလုံး “ယင်း”ကို ထွင်းထုထားသည်။

ထိုမျှပင် မကသေး။ ဤဆွဲပြားနှစ်ခုတွင် သံလိုက်များလည်း ထည့်သွင်းထားသည့်အတွက် တစ်ခုနှင့်တစ်ခု နီးကပ်သွားလေတိုင်း အပြန်အလှန် ဆွဲငင်ကာ ၎င်းတို့ကို ခွါထားလိုပါလျှင် ခွန်အားများစွာ စိုက်ထုတ်ရပေမည်။ ယွင်ချင်းစီကို ပေးခဲ့စဉ်က နှစ်ခုလုံးကို ပူးကပ်ထားသည့်အတွက် တစ်ခုတည်းဟုသာ ထင်ခဲ့သည်။ လီယင်းက သူ့လက်ကို ကိုင်ကာ ထိုဆွဲပြားနှစ်ခုအား ခွဲပြီး သူ့ကို တစ်ခု ပေးခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ သူတို့ ထိမ်းမြားပြီးကာစ ကာလက ပေးခဲ့သည့် ချစ်ခြင်းအမှတ်အသားပင်ဖြစ်သည်။

ယွင်ချင်းစီက ၎င်းဆွဲပြားများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်စိတ်ကြောင့် သူကိုယ်တိုင်လည်း မဝတ်ဆင်၊ လီယင်းအားလည်း ဝတ်ခွင့် မပြုခဲ့ချေ။ သို့သော် ၎င်းကို မကြာခဏ လက်ထဲ ဆုပ်ထားကာ တစ်လက်မမကျန် ထိတွေ့ရင်း သူ့အသွေးအသားထဲအထိ စွဲမြဲနေအောင် မှတ်သားလေ့ ရှိပေသည်။

ဤဆွဲပြားကို ပိုင်ဆိုင်သူမှာ ချင်ပြည်ထောင်စု၏ အမြင့်မားဆုံး အာဏာပိုင်ရှင် အုပ်စိုးသူ တစ်နည်းဆိုရပါလျှင် ယွင်ချင်းစီပင် ဖြစ်ပေသည်။

ယခင်က နေ့စဉ် ဆက်သွယ်ပြောဆိုရာတွင် အထူးပြုလုပ်ဖန်တီးထားသည့် အမွေးနံ့သာအိုးကို အသုံးပြုလေ့ရှိသော်ငြား နန်းတွင်းမှ အလောတကြီး နှင်ထုတ်ခံလိုက်ရသည့်အတွက် ၎င်းကို ယူမလာခဲ့ရ၊ ပြန်သွားယူရန်လည်း စိတ်ကူးမရှိသည့်အတွက် ဤဆွဲပြားကိုသာ အသုံးပြုရပေတော့မည်။

ချင်ပြည်ထောင်စုနှင့် ဆက်သွယ်ရာ၌ ဤအမှတ်အသားကို ပြောင်းလဲအသုံးပြုရန် အချိန်အနည်းငယ်ခန့် လိုအပ်ပေလိမ့်မည်။ လီယင်းကို သူ့ဘဝထဲမှ လုံးဝဉဿုံ ဖယ်ရှားနိုင်ရန် တစ်ဖြည်းဖြည်းချင်း အချိန်ယူရပေလိမ့်မည်။

သူက ထိုသစ်သားဆွဲပြားကို လက်ကောက်ဝတ်တွင် ဝတ်ဆင်ကာ ခေါင်းလောင်းကို တီးလိုက်သည်။ အေးစက်လှသည့် ရာသီဉတုကြောင့် သူ့အဖေနှင့် အစ်ကိုများကို အဖော်မပြုဘဲ အခန်းထဲတွင်သာ မနက်စာစားရန် ဆုံးဖြတ်လိုက်သည်။

ဝတ်စားပြင်ဆင်ပြီးနောက် ယွင်ချင်းစုကို ထွက်တွေ့လိုက်သည်။

“အဆင်ပြေရဲ့လား ရှောင်ဟွိုက်က အခုလေးတင် ရေခဲပြင်ဘက် သွားဖို့ လာခေါ်နေတာ မင်းရောက်လာတာနဲ့ ကွက်တိပဲ ဒီနေ့ အစ်ကို(၂)လည်း အတူတူ လိုက်မယ်တဲ့ ...”

ယွင်ချင်းစီက သူ့နောက်မှ လိုက်လာကာ မေးလိုက်သည်။

“အဖေရော ...”

“အဖေက ပါကျန်းကျွီကို သွားတယ် သူသဘောကျနေတဲ့ ကြွေထည်ကို ဒီနေ့ လေလံတင်မလို့ဆိုလားပဲ သူ ဒါကို မျက်စိကျနေတာ တော်တော်ကြာပြီဆိုတော့ သေချာပေါက်ကို ရအောင်ယူမှာပဲ ...”

ယွင်ချင်းစီက သူ့ဖခင်၏ ဝါသနာကို သိထားသည့်တိုင် ယခုတစ်ခေါက်တွင် ယွင်အမတ်ချုပ်သည် စိတ်နှလုံးကြေကွဲစွာဖြင့်သာ ပြန်လာရမည်ဖြစ်သည်။ စစ်သူကြီးချုပ်ချိုးက သူသွားရာ လမ်းတစ်လျှောက်တွင် လုံးဝ ရွေ့လျား၍ မရသည့် တွန်းလှည်းနှင့် လမ်းလယ်ခေါင်တွင် ငိုယိုနေသော အမျိုးသမီးတို့ကဲ့သို့သော အတားအဆီးများစွာ ချထားသည့်အတွက် လမ်းခရီး နှောင့်နှေးကြန့်ကြာကာ သူ ရောက်သွားသည့်အချိန်တွင် ထိုကြွေထည်မှာ ရောင်းထွက်နှင့်သွားပြီဖြစ်ကြောင်း ကောင်းကောင်း မှတ်မိနေသေးသည်။

ဤသည်မှာ ယွင်ချင်းစီက အမတ်ချုပ်စံအိမ်တော်ကို အထူးတလည် အာရုံစိုက်၍ မဟုတ်၊ ချင်ပြည်ထောင်စုက အမတ်တိုင်းကို စောင့်ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေးကောင်းမကောင်းကိုပါ အသေးစိတ် စုံစမ်းခဲ့၍ ဖြစ်သည်။

ယခုလက်ရှိ ချင်ပြည်ထောင်စုမှာ နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာမည့် အခြေအနေကဲ့သို့ ကြောက်မက်ဖွယ် မကောင်းလှသေးသည့်တိုင် အခြေတည်စ ပြုနေပြီဖြစ်သည့်အတွက် တိုးတက်ရန် အချိန်ကာလ တစ်ခုမျှသာ လိုပေတော့သည်။

သူ့အဖေကိုတော့ ဤကိစ္စကို ပြောပြလိမ့်မည် မဟုတ်ချေ။ သူ ပိုပြီး စိတ်ပျက်လေလေ နောင်တစ်ချိန် သူ(ယွင်ချင်းစီ) ပြုလုပ်ပေးမည့် ပြီးပြည့်စုံသော ကြွေထည်ကို လက်ခံရရှိသည့်အခါ ပိုပြီး ပျော်ရွှင်သွားမည်ဖြစ်သည်။

အစ်ကိုဖြစ်သူများနှင့်အတူ စိတ်အေးလက်အေး ထွက်ခွါကာ ရှုခင်းလှသည့် အဆောင်တစ်ခုတွင် ထိုင်ပြီး ဖရဲစေ့ လက်တစ်ဆုပ်ခန့်ကို ခပ်ဖြည်းဖြည်း ကိုက်ဝါးနေလိုက်သည်။

ရေခဲပြင်ပေါ်ရှိ လူငယ်လေးများမှာ လွန်စွာ ဖြတ်လတ်သွက်လက်လှသည့်အပြင် ပွဲကြည့်ပရိသတ်ကလည်း သူတို့၏ နာမည်များကို အပြိုင်အဆိုင် ဟစ်အော်အားပေးနေကြသည့်အတွက် ယွင်ချင်းစီလည်း အစွန်နားအထိ သွားကာ တအံ့တဩ ကြည့်နေလိုက်သည်။

အတိတ်ဘဝတွင် သူသည် တစ္ဆေတစ်ကောင်နှယ် နေထိုင်ခဲ့ရသည်။

ဒီကမ္ဘာကြီးမှာ မျက်နှာချောချော၊ ခြေတံရှည်ရှည်၊ ခါးသေးသေးလေးတွေ ပိုင်ဆိုင်ပြီး လီယင်းထက် အများကြီး ငယ်ရွယ်တဲ့ ယောကျ်ားလေးတွေ အများကြီး ရှိနေတဲ့ဟာ ဘာလို့ သူ့ကိုယ်သူ သစ်ပင်တစ်ပင်တည်းမှာပဲ အချည်နှောင်ခံနေမှာလဲ ...

သူ့အနားသို့ တစ်ယောက်ယောက် ရောက်လာကာ လက်ကို နွေးထွေးသည့် အရာတစ်ခုဖြင့် ထိလိုက်ကြောင်း ခံစားလိုက်ရသည့်အတွက် ငုံ့ကြည့်လိုက်လျှင် လက်အနွေးအိတ်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။

လင်းဟွိုက်ကျင်းက ပြောလိုက်သည်။

“ကြည့်နေတုန်း ဒါကို ယူထား အအေးမခံနဲ့ …”

ယွင်ချင်းစီက တစ်ခဏမျှ ကြောင်အသွားသည်။

လီယင်းပြောတာ ဟုတ်သားပဲ လင်းဟွိုက်ကျင်းက သူ့အဒေါ်ရဲ့ သားဆိုတော့ သံသယဖြစ်စရာ ကိစ္စတွေကို ဂရုတစိုက်နဲ့ ရှောင်ကြဉ်ရ မှာပေါ့ ...

သူက လင်းဟွိုက်ကျင်းကို ပြန်မဖြေဘဲ ရင်ရှီအား မနေ့က ချုပ်ထားသည့် နားအကာကို ယူဆောင်လာစေလိုက်သည်။ ထို့နောက် လင်းဟွိုက်ကျင်းလက်ထဲ ထည့်ပေးကာ ...

“ဒါလေး ရှောင်ဟွိုက်ကို ပြန်ပေးမယ် ...”

“တကယ်ကြီး မင်းကိုယ်တိုင် ချုပ်ခဲ့တာလား ..."

လင်းဟွိုက်ကျင်း၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်သွားသော်ငြား ယွင်ချင်းစီ၏ ခါးပေါ်ရှိ အဖြူရောင် ပက်တီးစကို တွေ့လိုက်ရသည့်အခါ ထိုအပြုံးတို့ ရုတ်ချည်း မှိန်ဖျော့သွားတော့သည်။
(ဒီနားမှာလေ ခါးမှာ ပတ်ထားတဲ့ ပတ်တီးစကို ဘယ်လိုဖြစ်ပြီး မြင်ကြတာလဲ မသိဘူးနော် :3)

“တကယ်ဆို အလျင်လိုနေတာမှ မဟုတ်တာ ...”

“အဆင်ပြေပါတယ် ...”

ယွင်ချင်းစီက မျက်လုံးတို့ ကွေးညွတ်သည်အထိ ပြုံးပြလိုက်သည်။ အတိတ်ဘဝတွင် သူ့ဘေးတွင် ရှိနေပေးသူများ၏ ကြင်နာမှုကို သံသယဝင်ကာ လျစ်လျူရှုခဲ့မိသော်ငြား ယခုဘဝတွင်မူ အားလုံးနှင့် လိုက်လျောညီထွေဖြစ်အောင် နေနိုင်ရန် မျှော်လင့်မိတော့သည်။

ကောင်းမွန်သည့် ဂုဏ်သတင်းသည် သူ့အတွက် ခိုင်မာသည့် ရာထူးတစ်ခု တည်ဆောက်ရာတွင် အထောက်အကူ ပြုပေလိမ့်မည်။

လင်းဟွိုက်ကျင်းက နောက်တစ်ကြိမ် သူ့လက်ထဲသို့ အနွေးအိတ်ကို ထည့်ပေးလိုက်ပြန်သည်။ သူ တစ်ခွန်းမှ မပြောရသေးခင်မှာပင် သူတို့နှစ်ဦးကြားသို့ လူတစ်ယောက် တိုးဝင်လာ၏။ ယွင်ချင်းရှောင်က သူ့အနွေးအိတ်ကို ယွင်ချင်းစီလက်ထဲ ထည့်ပေးကာ ပြောလိုက်သည်။

“ဒီနားက လေတိုက်တယ် ကိုယ့်နေရာကိုယ် သွားထိုင်နေ ...”

သူ့ပုံစံမှာ မည်သည်ကိုမှ ဂရုမစိုက်သည့်နှယ် ထာဝစဉ် တည်ကြည်နေသော်ငြား သူ လုပ်သမျှ အပြုအမူတိုင်းမှာ မေးခွန်းထုတ်ဖွယ်ရာ မရှိပေ။

ယွင်ချင်းစီက အနွေးအိတ်ကိုယူကာ နာနာခံခံဖြင့် ထိုင်ခုံရှိရာဆီသို့ ပြန်သွားလိုက်သည်။

ယွင်ချင်းရှောင်ကမူ လင်းဟွိုက်ကျင်းဘေးနားတွင် ရပ်နေဆဲပင်။

“သူက အခုထိ ဧကရီတစ်ပါး ဖြစ်နေဆဲနော် ...”

သူက သတိပေးလိုက်၏။

လင်းဟွိုက်ကျင်းက နားအကာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း တီးတိုးပြောလိုက်သည်။

“သိပါတယ် ...”

ယွင်ချင်းရှောင်က သူ့ပုခုံးကို ပုတ်ပေးကာ ယွင်ချင်းစီ ရှိရာစီသို့ ပြန်သွားလိုက်သည်။

နားနေဆောင်ထဲတွင် ရှိနေသူ မည်သူကမှ စိတ်အေးအေး မထားနိုင်။ ဥပမာအားဖြင့် ယွင်ချင်းစုသည်ပင်လျှင် ကန်အစပ်သို့ ပြေးကာ သူ့အမြင်တွင် ထူးချွန်သည်ဟု ခံစားမိသည့် ကစားသမားကို အော်ဟစ်အားပေးနေပေသည်။ ချိုးယန်ကလည်း အားကျမခံ၊ သူ့ဘေးသို့ တိုးဝင်ကာ ပိုမိုကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

ယွင်ချင်းစုက သူ့ကို စိုက်ကြည့်ကာ မေးလိုက်၏။

“ဘယ်အသင်းကို အားပေးနေတာလဲ ...”

“မင်းကရော ဘယ်အသင်းလဲ...”

“လည်စည်းနီနဲ့ အသင်း ...”

“ငါရောပဲ ...”

နှစ်ဦးသား ချက်ခြင်း အကြည့်ချင်း ဆုံသွားမိကြတော့၏။ ပွဲပြီးဆုံးသွားပြီးနောက် နားနေဆောင်ထဲမှ ထွက်လာသော ယွင်ချင်းစီသည် သူ့အစ်ကို(၄)နှင့် ချိုးသခင်လေးတို့ကို အတူတူ တွေ့လိုက်ရသည့်အတွက် လွန်စွာ နားလည်ရခက်သွားတော့သည်။

“မရီးတော် ...”

လူငယ်တစ်ဦး၏ ကြွတ်ဆတ်ဆတ်အသံကို ကြားလိုက်ရသည့်အတွက် ယွင်ချင်းစီက ခြေလှမ်းတို့ကို ရပ်တန့်လိုက်လျှင် မျက်နှာတွင် အနက်ရောင် ဆေးခြယ်ကာ လည်စည်းအနီရောင် စည်းထားသည့် လူငယ်လေးက သူ့ထံသို့ ဝမ်းသာအားရ ခုန်ပေါက်လာတော့သည်။

ယွင်ချင်းရှောင်က ချက်ခြင်း ရှေ့တစ်လှမ်းတိုးကာ သူ့ကို ဟန့်တားလိုက်၏။

“ငါ .. ငါက ဆဌမ ...”

မျက်နှာတစ်ခုလုံးကို အနက်ရောင်ဆေးတို့ဖြင့် ခြယ်သထားသည့်အတွက် စကားသံ ထွက်လာမှသာလျှင် ယွင်ချင်းစီလည်း သူ့ကို မှတ်မိသွားတော့သည်။

“..အားယန်လား ...”

ယွင်ချင်းရှောင်လည်း သူ့ကို မှတ်မိသွားတော့၏။

“မင်းသားအန်း ...”


Xxxxxx