အပိုင်း ၁၃
Viewers 12k

Chapter 13



လီယင်းရဲ့ ဆဌမမြောက်ညီတော် လီယန်က မျက်နှာကို မည်းနေအောင် ဆေးခြယ်ပြီး ပုဂ္ဂလိက ရေခဲပြင်ပြိုင်ပွဲမှာ တိတ်တိတ်လေး လာပြိုင်တယ်ပေါ့ ...

ယွင်ချင်းစီ၏ မျက်ခုံးတို့ စုတွန့်သွားတော့သည်။ လီယန်က သူ့အနား ခုန်ဝင်လာကာ လက်ထဲရှိ သေတ္တာကို ဖွင့်ပြလိုက်သည်။

“ဒါက ပုဂ္ဂလိကပြိုင်ပွဲဆိုပေမယ့် ဆုကတော့ သိပ်မဆိုးပါဘူး ငှက်ပိစိလေးတွေ ထွင်းထားတဲ့ ကျောက်စိမ်းဖြူတစ်စုံတဲ့ မရီးတော် ကြည့်ကြည့်ပါဦး ...”

သူက ဆုတံဆိပ်ကို ယွင်ချင်းစီရှေ့သို့ အားတက်သရော ယမ်းပြလိုက်သည်။

လီယင်းနှင့် လီယန် နှစ်ဦးလုံးမှာ လွန်လေပြီးသော ဧကရာဇ်၏ ဒုတိယဧကရီမှ မွေးဖွားလာခြင်း ဖြစ်သည်။ ပထမဧကရီ မီးဖွားရင်း ကွယ်လွန်သွားသည့်အတွက် ဒုတိယမိဖုရားက လက်ရှိ ဧကရီမယ်တော်ကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူမသည် ပထမမိဖုရားနှင့် တစ်ချိန်တည်း မီးဖွားခဲ့ခြင်း ဖြစ်သော်လည်း ထိုမိဖုရားထက် ပိုမိုကာ ကံကောင်းသည့်အတွက် လီယင်းကို မွေးပြီးပြီးချင်းပင် ဧကရီအဖြစ်သို့ ရောက်ရှိခဲ့သည်။

နှစ်အနည်းငယ်အကြာတွင် လီယန်နှင့် လီဖုဟူ၍ သားအမြွာနှစ်ယောက်ကို ထပ်မံ ဖွားမြင်နိုင်ပြန်သည်။

ပြီးခဲ့သည့် အတိတ်ဘဝက ယွင်ချင်းစီသည် လီယန်နှင့် လီဖုတို့ဖြင့် ဆက်ဆံရေး ကောင်းမွန်လှပေသည်။ အအေးနန်းဆောင်သို့ အပို့ခံခဲ့ရသည့် အခါတွင်လည်း လီယန်က လီယင်းထံ အပြေးသွားကာ သူ့အတွက် ကူညီဖျောင်းဖျပေးခဲ့သော်ငြား လီယင်းကမူ အညှာအတာမဲ့စွာဖြင့် ဆွဲထုတ်ပြီး ကြိမ်ဒဏ်အချက်လေးဆယ်ပင် ပြစ်ဒဏ်ပေးလိုက်သေးသည်။

ယွင်ချင်းစီ သေကြောင်းကြံသွားသည့်အချိန်က လီယန်မှာ ထိုဒဏ်ရာများကြောင့် အိပ်ယာထက်လှဲကာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။

သို့သော် ယခုဘဝတွင်မူ လီယင်းနှင့်ရော ဧကရီမယ်တော်ကြီးနှင့်ပါ ထိတွေ့ဆက်ဆံတော့မည် မဟုတ်ဟု ဆုံးဖြတ်ထားရာ လီယန်ကို ယခင်အတိုင်း ဆက်ဆံရန် မဖြစ်နိုင်တော့ချေ။

ယွင်ချင်းစီက သူ့ကို ဖျတ်ခနဲ လှမ်းကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

“တကယ်ကို ကောင်းတာပဲ အားယန်က တော်လိုက်တာ...”

လီယန်ကမူ သူ၏ ခပ်ခွါခွါနေလိုမှုကို သတိမပြုမိသေး၊ ဆုတံဆိပ်ကို သူ့ထံ လှမ်းပေးကာ ပြောလိုက်သည်။

“တကယ်လို့ မရီးတော် ကြိုက်ရင် မရီးတော်ကိုပဲ ပေးလိုက်မယ်လေ ...”

ယခုလက်ရှိတွင် လီယန်သည် နန်းပြင်သို့ ထွက်ကာ ကိုယ်ပိုင်စံအိမ်ဖြင့် နေထိုင်ခွင့် မရသေးရာ ရေခဲပြင်ပြိုင်ပွဲ ဝင်ပြိုင်ရန် နန်းတော်မှ တိတ်တိတ်လေး ခိုးထွက်ခဲ့ရပေသည်။ အကယ်၍ သူသာ ဆုကို ပြန်ယူသွားပါလျှင် သေချာပေါက် ရှာတွေ့ကာ အပြစ်ပေးခံရမည် ဖြစ်သည့်အတွက် ယွင်ချင်းစီကို ပေးလိုက်ခြင်းက ပိုကောင်းပေသည်။

သူ့အနေဖြင့်လည်း ယွင်ချင်းစီနှင့် ပိုမိုရင်းနှီးလိုပေသည်။ လူတိုင်းက လီယင်းကို စိတ်သဘောထား ကြီးမြတ်ကာ စေတနာသဒ္ဓါတရား ကောင်းလှသည်ဟု ပြောကြသော်ငြား အမှန်တကယ်တွင်မူ သူ့တွင် အကြင်နာတရား များစွာ မရှိလှ။ ညီငယ်များအား စည်းကမ်း ချမှတ်ရာတွင် အညှာတာကင်းမဲ့လှကာ နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ လီယန်တွင် အကူအညီတောင်းပိုင်ခွင့်ပင် မရှိခဲ့ချေ။ ယွင်ချင်းစီ ပေါ်ထွက်လာမှသာလျှင် သူလည်း ဘေးရန်ကင်းသွားရတော့သည်။

လီယင်းသည် လက်မထပ်ခင်ကတည်းကပင် ယွင်ချင်းစီ၏ စကားကို နားထောင်ကာ လက်ထပ်ပြီးသည့်အခါ ပို၍ပင် နာခံမှု ရှိလာတော့သည်။ ပြီးခဲ့သည့်အတိတ် နှစ်အနည်းငယ်က လီယန် ပျင်းရိကာ နန်းပြင်သို့ ခိုးထွက်လိုလေတိုင်း ယွင်ချင်းစီထံ အပြေးသွားကာ ပုန်းနေလေ့ ရှိသည်။ အကြောင်းမှာ လီယင်းသည် ယွင်ချင်းစီ၏ ရှေ့မှောက်၌ မည်သည့်အခါမှ ဒေါသပုန်ထလေ့ မရှိ၍ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း မကြာခဏ ရန်ဖြစ်စကားများကြသည့်တိုင် နောက်ဆုံးတွင် လီယင်းကသာ ယွင်ချင်းစီကို ပြစ်တင်ကြိမ်းမောင်းသူ ဖြစ်ပေသည်။

လီယန်က သူ့ကို နှစ်သိမ့်ပေးလိုသော်ငြား ယွင်ချင်းစီက လက်မခံ။

လီယင်း၏ သူ့အပေါ် အလိုလိုက်၊ အနွံတာခံမှု အားလုံးတွင် ဖုံးကွယ်ထားသည့် အကြောင်းအရင်းများ အသီးသီး ရှိကြကာ သူ့လိုက်လျောချက်အားလုံးကို နောက်တစ်ချိန်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ မသက်ဆိုင်သူများကြောင့် လီယင်းနှင့် ထိပ်တိုက်တွေ့တော့မည် မဟုတ်သလို သူ့မိသားစု အရေးကိစ္စကိုလည်း ထပ်မံ အလေးထားတော့မည် မဟုတ်ချေ။

“အားယန် ကိုယ်တိုင် ရလာခဲ့တာကို သိမ်းမထားချင်ဘူးလား ...”

“ဒါပေမယ့် ကျွန်တော် ...”

ယွင်ချင်းစီက အဖြူရောင်ကျောက်စိမ်းငှက်ရုပ်တစ်စုံကို သူ့လက်ထဲ ပြန်ထည့်ပေးကာ လေးနက်စွာ ပြောလိုက်သည်။

“ဒါက မင်းရဲ့ ဆုတံဆိပ်လေ မင်းကို ချစ်တဲ့သူတွေက သေချာပေါက်ကို ဂုဏ်ယူနေမှာပေါ့ ...”

လီယန်၏ တောက်ပနေသည့် မျက်ဝန်းတို့ ပြူးကျယ်ကာ အသက်ရှူသံတို့ မြန်ဆန်လာပြီး ငယ်သွေးများ တရစပ် ထိုးတက်လာတော့သည်။

“ဒါဆို အစ်ကိုတော်က ...”

ယွင်ချင်းစီက လေးနက်စွာ ပြောလိုက်သည်။

“အားယန်က စွမ်းဆောင်နိုင်စွမ်း ရှိတဲ့သူ ပြီးတော့ ကိုယ် ဘာလုပ်ချင်တယ်ဆိုတာကိုလည်း ရွေးချယ်ပိုင်ခွင့် ရှိတယ်လေ ...”

လီယန်၏ မျက်နှာတစ်ခုလုံး ရှက်သွေးဖြန်းသွားတော့၏။

ယွင်ချင်းစီက သူ့ကို ဤကဲ့သို့ ပြောလိမ့်မည်ဟု လုံးဝ စိတ်မကူးခဲ့ဖူးချေ။

လီယန်သာမက အနားတွင် ရှိနေသူအားလုံး၏ အမူအယာများ ထူးဆန်းသွားကြတော့သည်။

လေအလျဉ်သဖွယ် စိတ်အပြောင်းအလဲ မြန်ဆန်ကာ ကယောင်ကတမ်း ဖြစ်တတ်သည့် ယွင်ချင်းစီမှာ ညတွင်းချင်း လူစားလဲခံလိုက်ရသည့်နှယ်၊ ပုလဲသဖွယ် နူးညံ့ကာ အပြစ်ကင်းစင်လာတော့၏။

ချိုးယန်က သူ့ကို ငေးစိုက်ကြည့်နေလိုက်သည်။

အတိတ်က ယွင်ချင်းစီမှာ လှပသည့်တိုင် သူ့အလှမှာ ထက်ရှကာ ပူလောင်လွန်းလှသည်။ ထောင်လွှားမောက်မာမှုတို့ကို ချုပ်တည်းထားသည့် ယခုလက်ရှိ ယွင်ချင်းစီမှာမူ လက်သည်းဖွက်ထားသည့် ကြောင်တစ်ကောင်နှယ် ညင်သာနူးညံ့ကာ အန္တရာယ် ကင်းလှပေသည်။

“စောစောပြန်တော့ အပြင်မှာ နောက်ကျတဲ့အထိ ကစားမနေနဲ့ ...”

သူက မမေ့မလျော့ အကြံပေးလိုက်သည်။

“လုံခြုံရေးကို အဓိက အလေးထား ...”

ချိုးယန်အနား ဖြတ်လာသည့်အခါ တစ်ဖက်သူ၏ ရူးကြောင်ကြောင် အမူအယာကို တွေ့လိုက်ရတော့သည်။

ထိုအမူအယာကြောင့် သူ့ကို ပြန်မကြည့်ဘဲပင် မနေနိုင်တော့။

ဘယ်လိုဖြစ်ပြီးတော့များ ချိုးမိသားစုနဲ့ ယွင်မိသားစုကို ပြိုင်ဘက်တွေလို့ တွေးကြတာလဲ မသိဘူး စစ်သူကြီးချုပ်ချိုးနဲ့ အမတ်ချုပ်ယွင်က တစ်သက်လုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာ ဆိုပေမယ့် ဒီအရူးကောင် ချိုးယန်က ဘယ်လိုဖြစ်ပြီးများ သူ့အဖေ့ပြိုင်ဘက်ရဲ့ သားဖြစ်လာရတာလဲ ...

သူ လှည်းထဲ ရောက်သွားသည်အထိ ချိုးယန်မှာ ကြောက်ရွံ့စိတ်ကို ရုန်းမထွက်နိုင်သေးချေ။

ယွင်ချင်းရှောင်သည် ယုံကြည်အားကိုးရသည့်အတွက် လီယန် နန်းတော်သို့ လုံခြုံဘေးကင်းစွာ ပြန်ရောက်နိုင်ရန် ရဲမက်အချို့ စီစဉ်ပေးမည်ဖြစ်ကြောင်း ကောင်းကောင်းသိထားပေသည်။

ယွင်ချင်းစုမှာလည်း ညီဖြစ်သူ၏ အပြုအမူကြောင့် ကြောင်အနေဆဲပင်။ သူက ချိုးယန်ကို အံ့ဩတကြီး မေးလိုက်သည်။

“မင်း သူ့ကို ရန်စထားသေးလား ...”

ချိုးယန် “..ငါလား ရန်စရဲမှာ ...”

ယွင်ချင်းစီမှာ လှပသည့် ရုပ်ရည်သွင်ပြင်ဖြင့် မွေးဖွားလာသည့်တိုင် ကင်းမြီးကောက်သဖွယ် အဆိပ်ပြင်းလှသူ ဖြစ်ပေသည်။ ချိုးယန်မှာ ဦးနှောက်ချို့ယွင်းနေ၍သာ မဟုတ်ပါလျှင် သူ့ကို မည်သည့်နည်းနဲ့မျှ ရန်စရဲမည် မဟုတ်ချေ။

ယွင်ချင်းစုမှာလည်း သူ့စကားကို အလျင်အမြန် သဘောတူလိုက်ရတော့သည်။

“ဟုတ်သားပဲနော် ...”

ယွင်ချင်းစီက အိမ်ပြန်ရောက်ပါလျှင် ဖခင်အိုကြီး၏ မကျေနပ်ချက်များကို နားထောင်ကာ သူ့ကို နှစ်သိမ့်ပေးရန်ပင် ကြံရွယ်နေလိုက်သေးသည်။

ပုံမှန်အားဖြင့် သူ့အဖေနှင့် စကားများများပြောလေ့ မရှိသော်ငြား ယနေ့တွင်မူ ထိုအခွင့်အရေးကို အသုံးပြုကာ သူ့စိတ်ရင်းမှန်ကို ပြသမည်ဖြစ်သည်။ ခြံဝင်းထဲသို့ လှည်းရပ်လိုက်သည့်အခါ အသက်ကို ပြင်းပြင်းရှူ၍ ထွက်လာလိုက်သည်။

အိမ်တော်ရှေ့တွင် နန်းမြို့တော်မှ အစောင့်အကြပ်များစွာကို တွေ့လိုက်ရသည်။ ခန်းမဆောင်ထဲတွင်မူ သူ့ဖခင်သည် လီယင်းရှေ့၌ ထိုင်ကာ ကိုယ်စိတ်သုံးပါးလုံး ထိန်းချုပ်လျက် လက်ဖက်ရည်ကို သောက်နေပေသည်။

နှစ်ဦးအကြားရှိ စားပွဲပေါ်တွင် ရှိမနေသင့်သည့် ကြွေထည်တစ်စုံက အခန့်သား နေရာယူထားသည်။

..............

ထိုအချိန်မှာပင် ချိုးယန်ကလည်း ခေါင်းငိုက်စိုက်ချလျက် အိမ်ပြန်ရောက်လာ၏။ သူပင် အိမ်ထဲသို့ ခြေမချရသေး၊ လက်ဖက်ရည်ပန်းကန်လုံးတစ်ခု လွင့်ပျံလာသည့်အတွက် စိတ်နှင့်လူနှင့် မကပ်သူပင်လျှင် အလန့်တကြား ဖြစ်သွားရတော့သည်။

အမတ်ချုပ်ယွင် ပြောရမည်ဖြစ်သည့် ဒေါသတကြီး အော်ဟစ်သံများက စစ်သူကြီးချုပ်ချိုး၏ ပါးစပ်ဖျားမှ ထွက်ပေါ်လာတော့သည်။

“ဒီသခင်ကြီးက အဲဒီ့ကြွေထည်ကို ပြီးခဲ့တဲ့လကတည်းက မျက်စိကျနေခဲ့တာကွ ယွင်ယွီအတွက် အတားအဆီးတွေ အများကြီး ကြံစည်ထားခဲ့တာကိုတောင် ... နောက်ဆုံးတော့ သူများအတွက် မင်္ဂလာဝတ်စုံကို ကိုယ့်လက်နဲ့ ကိုယ်တိုင် ချုပ်ပေးခဲ့မိတာပဲ ... ဒေါသမထွက်ပါနဲ့ ဟုတ်လား ဘာလို့ ဒေါသမထွက်ရမှာလဲကွ ဒီကြွေထည်တွေကို ဘယ်သူ ဝယ်သွားလိုက်မှန်းတောင် မသိတာကိုလေ ...”


..........


အမတ်ချုပ်ယွင်၏ စံအိမ်တော်၌ ...

ယွင်ချင်းစီက သူ့အစ်ကိုနှင့်အတူ ဧည့်သည်များကို နှုတ်ဆက်ရန် ခန်းမဆောင်ရှိရာဆီသို့ ထွက်လာလိုက်သည်။

လီယင်းက ကြင်နာစွာ ပြောလိုက်၏။

“ယဉ်ကျေးနေဖို့ မလိုအပ်ပါဘူး ...”

ယွင်ချင်းစီ၏ အကြည့်တို့ စားပွဲထက်သို့ ကျရောက်သွားသည့် တစ်ခဏ၌ ရှင်းမပြတတ်လောက်အောင် ဒေါသထွက်လာကာ သူ့အဖေကို လှမ်းကြည့်လိုက်သည်။

“ဒါက ...”

“အရှင် ဝယ်လာခဲ့တာ ...”

အမတ်ချုပ်ယွင်မှာလည်း ရှက်ရွံ့သည့် ခံစားချက်ကို စိုးစဉ်းမျှ ခံစားမိနေပေသည်။ သူက ဤကြွေထည်ကို များစွာ ကြိုက်နှစ်သက်မိသည့်တိုင် လီယင်းက ပေးအပ်လာသည့် အခါတွင်မူ လက်လည်း လက်မခံနိုင်၊ ငြင်းလည်း မငြင်းဆန်နိုင်တော့ချေ။

“အာ ဒီလိုကိုး ...”

ယွင်ချင်းစီက ပြုံးကာ ပြောလိုက်သည်။

“ဒီလို ထူးခြားကောင်းမွန်တဲ့ ပစ္စည်းမျိုး ပိုင်ဆိုင်ခွင့် ရလာတဲ့အတွက် အဖေ့ကို ဂုဏ်ပြုပါတယ် ...”

လီယင်းကလည်း ချီးကျူးစကားကို မျှော်လင့်နေသည့်ဟန်။

“ကိုယ် ...”

ယွင်ချင်းစီက ထပ်ပြောလိုက်ပြန်သည်။

“ဒီသားရဲ့ ဒဏ်ရာက မသက်သာသေးတဲ့အပြင် နည်းနည်းလေး ပင်ပန်းလာလို့ အရင်ဆုံး ပြန်ပြီး အနားယူပါရစေ ...”

လီယင်းက ပါးစပ်ပိတ်နေသည့်အတွက် အမတ်ချုပ်ယွင်ကသာလျှင် မဖြစ်မနေ ပြောလိုက်ရတော့သည်။

“.. ဒါဆိုလည်း သွားနားလိုက်လေ ...”

ယွင်ချင်းစီက တစ်ချက်မျှပင် စောင်းငဲ့မကြည့်ဘဲ ခန်းမထဲမှ ထွက်လာလိုက်သည်။

ကောင်းတယ် သိပ်ကောင်းတယ် လီယင်းက သူ့အကြံတွေကို ဖျက်ဆီးလိုက်ပြန်ပြီ ...

ထိုစဉ် သူ့ခါးကို ကြည့်နေသည့် မိန်းမစိုးတစ်ဦးနှင့် ရုတ်တရက် အကြည့်ချင်း ဆုံသွားကာ အလျင်အမြန်ပင် အကြည့်တို့ကို ရှောင်လွှဲလိုက်တော့သည်။

ယွင်ချင်းစီက ရှေ့ဆက်လျှောက်သွားရင်း သစ်သားဆွဲပြားကို ခါးထက် ချိတ်ဆွဲလိုက်သည်။

ခြံဝင်းထဲသို့ ပြန်သွားစဉ် အသံတစ်ခုကို အမြန်ကြားလိုက်ရတော့သည်။

“ဧကရီအရှင် ...”

ဤသည်မှာ လီယင်းအနားတွင် သူထားထားသည့် သူလျှို ယွမ်ပေါင်ဖြစ်သည်။

မူလက ချင်ပြည်ထောင်စုဘက်မှ သူ့အား လာရောက်ဆက်သွယ်လာမည်ကို စောင့်ဆိုင်းရန် ပြင်ဆင်ခဲ့သော်ငြား မမျှော်လင့်ဘဲ လီယင်းက သူ့ထံသို့ တိုက်ရိုက် ရောက်ချလာခဲ့သည်။ ယွမ်ပေါင်က သူ့ခါးတွင် ချိတ်ဆွဲထားသည့် သစ်သားဆွဲပြားကို မြင်လိုက်သည့်အတွက် အရေးကြီးကိစ္စ ရှိနေကြောင်း သဘောပေါက်လိုက်၍ အမြန်လိုက်လာခဲ့ခြင်း ဖြစ်ပေသည်။

ယွင်ချင်းစီကလည်း တုန့်ဆိုင်းမနေ။

“အခုတလော နန်းတွင်းမှာ မူမမှန်တာ ရှိလား ...”

“နန်းတွင်းမှာတော့ မရှိပေမယ့် အရှင်မင်းကြီးက ..."

သူပင် စကားမပြောနိင်သေးခင် ခြေသံများကို ရုတ်တရက် ကြားလိုက်ရကာ ရွှေချည်မျှင်တို့ဖြင့် ရက်လုပ်ကာ နဂါးပုံစံ ဖော်ထားသည့် ဝတ်ရုံလွှာကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို ရုတ်ချည်း မြင်လိုက်ရတော့သည်။

ယွမ်ပေါင်လည်း ချက်ခြင်း အသံတိတ်သွားတော့၏။

ယွင်ချင်းစီက အမြန် ပြန်တုန့်ပြန်ကာ ယွမ်ပေါင်၏ လက်ထဲသို့ သစ်သားပြား ထည့်ပေးပြီးကာမှ ပြန်ယူကာ တီးတိုးပြောလိုက်သည်။

“ရှောင်ကုန်းကုန်း ကျေးဇူးတင်ပါတယ် ...”

ယွမ်ပေါင်က ခေါင်းငုံ့ထားလျက် ပြန်ဖြေလိုက်သည်။ သူ့ပုံစံမှာ အနည်းငယ် စိုးရိမ်ပူပန်နေသည့်ဟန်။

“ဒီအစေခံက လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ ...”

လီယင်းက အနားသို့ ရောက်လာနေပြီဖြစ်သည်။ ယွင်ချင်းစီ၏ လက်ထဲရှိ သစ်သားပြားကို တွေ့လိုက်ရသည့်အခါ သူ့အကြည့်တို့ မဲမှောင်သွားတော့သည်။

“ဘာဖြစ်တာလဲ ...”

ယွမ်ပေါင်က ခြေတစ်လှမ်း နောက်ဆုတ်ကာ အရိုအသေပြုလျက် ပြန်ဖြေလိုက်သည်။

“အရှင့်ကို ဖြေဆိုပါတယ် ဧကရီရဲ့ သစ်သားဆွဲပြား ပြုတ်ကျသွားတာကို ဒီငယ်သားက မြင်တွေ့လိုက်လို့ ပြန်လာပေးတာပါ ...”

လီယင်းက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေလိုက်သည်။

“လုပ်တာ ကောင်းတယ် သွားတော့ ...”

ယွမ်ပေါင် ထွက်သွားပြီးနောက် သူက ယွင်ချင်းစီ၏ လက်ထဲရှိ သစ်သားပြားကို နောက်တစ်ကြိမ် ပြန်စိုက်ကြည့်ကာ နူးညံ့စွာ မေးလိုက်သည်။

“တစ်ခုခု မှားနေတာ ရှိလို့ ချင်ပြည်ထောင်စုနဲ့ ဆက်သွယ်တာလား ...”

ယွင်ချင်းစီမှာ ဝန်မခံလိုသည့်တိုင် ရှောင်ဖယ်၍ မရတော့။

“ဒီလအတွက် အစီရင်ခံစာတွေ ရောက်လာရတော့မှာဆိုတော့ သူတို့ကို ကျွန်တော် အမတ်ချုပ်အိမ်တော်မှာ ရှိနေတယ်လို့ အကြောင်းကြားမလို့ပါ ...”

စင်စစ်အားဖြင့် သူတို့ကို အသိပေးနေရန် မလိုအပ်။ လီယင်းက သူ့ကို နန်းတော်ထဲမှ နှင်ထုတ်လိုက်ပြီဖြစ်ကြောင်း အားလုံး သိထားကြရာ ယွင်ချင်းစီမှာ ပြောပြီးကာမှပင် ဤအကြောင်းပြချက်မှာ ဆီလျော်မှု မရှိဟု သဘောပေါက်သွားတော့သည်။

ဒါပေမယ့် မင်းကို စောင့်ကြည့်နေတဲ့သူနဲ့ ဆက်သွယ်ဖို့ ကြံနေတာ ဆိုပြီးလည်း ပြောလိုက်လို့ မရဘူးလေ ဟုတ်တယ်မဟုတ်လား ...

လီယင်းကလည်း သူ့စကားထဲမှ ဟာကွက်ကို ထောက်မပြ။

“ကိုယ် မင်းကို ပြန်ပို့ပေးရမလား ...”

“ဒီငယ်သားက လမ်းသိပါတယ် ...”

လီယင်းက သူ့စကားတို့ကို ပြန်ပြင်ကာ ပြောလိုက်သည်။

“အဆောင်ပြန်တဲ့လမ်းကို အတူတူ အဖော်ပြုပေးမယ် ...”

ဒီသရဲကောင်က ခွါထုတ်ဖို့ ခက်လိုက်တာ ...

ရှေ့ဆက်လျှောက်သွားသည့် ယွင်ချင်းစီအနောက်သို့ တစ်ဖြည်းဖြည်း ကပ်လိုက်ကာ အကြောင်းအရာတစ်ခု ရှာ၍ စကားစလိုက်သည်။

“ဒီနေ့ ရေခဲပြင်ပြိုင်ပွဲ သွားကြည့်တာ ဘယ်လိုနေလဲ စိတ်ဝင်စားဖို့ ကောင်းလား ...”

“ရှောင်ဟွိုက်ကို နားအကာ ပြန်ပေးတာကိုရော စိတ်ဝင်စားစရာ ကောင်းတယ်လို့ သတ်မှတ်လို့ ရလား ...”

လီယင်းက သုန်မှုန်စွာဖြင့် ပြောလိုက်သည်။

“ကိုယ်ထားခဲ့တဲ့ ဆေးဘူးကိုရော တွေ့လား ...”

“ဒီငယ်သားက အခုထိ အမြင်အာရုံ ကောင်းမွန်နေပါသေးတယ် ...”

“...လိမ်းပြီးသွားပြီလား ...”

“အဝတ်အစား လဲရမယ့်အချိန် မဟုတ်သေးပါဘူး ...”

ဆိုတော့ မလိမ်းရသေးဘူးပေါ့ ...

လီယင်းက ပြောလိုက်သည်။

“အဆောင်ကို ပြန်ကြရအောင် ကိုယ် မင်းကို လိမ်းပေးလို့ ရမလား ...”

“အရှင့်ကို ဒုက္ခမပေးရဲပါဘူး ...”

သူက အကွာအဝေးတစ်ခု ခြားနားထားသည့်တိုင် လီယင်းကမူ ပို၍ပင် ညင်သာသိမ်မွေ့လာတော့သည်။

“ကိုယ်က ဒုက္ခဖြစ်တယ်လို့ မခံစားရပါဘူး ...”

ယွင်ချင်းစီက သူ့ကို မျက်မှောင်ကြုတ်၍သာ စိုက်ကြည့်လိုက်တော့သည်။

လီယင်းက ဤကဲ့သို့ တစ်ခါမှ မပြုမူဖူးသည်တော့ မဟုတ်ပေ။ ထိမ်းမြားမှုအပြီး နှစ်နှစ်ခန့်အကြာတွင် နန်းတော်အတွင်းသို့ ကြင်ယာတော်အသစ်တစ်ပါး ရောက်လာလေတိုင်း သူနှင့် ယွင်ချင်းစီအကြား သွေးအေးစစ်ပွဲ ဖြစ်ပွားခဲ့ကာ ထိုသို့ ဖြစ်လေတိုင်း ယွင်ချင်းစီ၏ နန်းဆောင်တွင် နေထိုင်ကာ သူ့ကို ရက်ရှည်လများ နှစ်သိမ့်နားချပေးလေ့ ရှိပေသည်။

အစောပိုင်း ကာလများတွင် ကြင်ယာတော်အသစ် ဝင်ရောက်လာခြင်းကြောင့် ယွင်ချင်းစီ စိတ်မချမ်းမြေ့ရလေတိုင်း လီယင်းက နည်းလမ်းမျိုးစုံသုံးကာ သူ့ကို ပျော်ရွှင်အောင် ဖန်တီးပေးလေ့ရှိသည်။ တစ်ကြိမ်ကဆိုလျှင် ယွင်ချင်းစီအတွက် ကိုယ်တိုင်ကိုယ်ကျပင် ချက်ပြုတ်ပေးခဲ့ဖူးသေးသည်။

သို့သော် စားဖိုဆောင်တစ်ဝက်ခန့် မီးလောင်ကာ ကောင်းကင်သားတော်၏ လက်လည်း ပြတ်ရှဒဏ်ရာများစွာ ရခြင်းဖြင့်သာ အဆုံးသတ်လိုက်ရတော့သည်။ ထိုဒဏ်ရာများမှာ ယခုအချိန်အထိ အမာရွတ်ကျန်နေဆဲ ဖြစ်သည်။

ထိုအချိန်က လီယင်းသည် သူ့ကို အမှန်တကယ် ချစ်ခင်မြတ်နိုးပါသည်ဟု ခံစားခဲ့ရသော်လည်း ဤသည်မှာ သူ၏ နောက်ဆုံးစည်းမျဉ်းကို တစ်ဖြည်းဖြည်း နိမ့်ပါးစေမည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်လာသည့် ခါးသီးသော လှည့်ကွက်များသာ ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

အခုတစ်ခေါက် လီယင်းရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ ...

ယွင်ချင်းစီအဖို့ ကောက်ချက်ချနိုင်ရန် အချက်အလက် နည်းပါးလွန်းလှပေသည်။

ခြံဝင်းအတွင်း ရောက်သည့်အခါ ကျင်းဟွမ်က သူ့အတွက် ရေနွေးတစ်ဇလုံ သယ်လာပေးလိုက်၏။ ရာသီဥတုမှာ အေးခဲနေသည့်တိုင် ယွင်ချင်းစီသည် အပြင်မှ ပြန်ရောက်လေတိုင်း ကိုယ်လက်သန့်စင်ရသည်ကို ကြိုက်နှစ်သက်သူ ဖြစ်ပေသည်။

ကျင်းဟွမ် အဆောင်ထဲသို့ ရောက်လာသည့် အချိန်တွင် ယွင်ချင်းစီနှင့် လီယင်းတို့က အပေါ်ဝတ်အနွေးထည်များကိုပင် ချွတ်ပြီးနှင့်ကြပြီးဖြစ်သည်။ တစ်ဦးက ဘေစင်ရှေ့ ဝင်ထိုင်ကာ အလုပ်အကျွေးပြုမှုကို ခံယူရန် စောင့်ဆိုင်းနေစဉ် ကျန်တစ်ဦးက ရှေ့နှစ်လှမ်းတိုးကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။


Xxxxx