အပိုင်း ၁၄
Viewers 13k

Chapter 14



“ငါ လုပ်လိုက်မယ် မင်းတို့ သွားကြတော့ ...”

“?”

ကျင်းဟွမ်၏ မျက်လုံးအစုံတို့ ပြူးကျယ်သွားတော့၏။

“ဧကရီက မျက်နှာသစ်ဆေးကြောပြီး အဝတ်အစားလဲဖို့ လိုအပ်နေပါသေးတယ် ...”

“ကောင်းပြီ ...”

လီယင်းက ရေဇလုံကို ချက်ခြင်း လွှဲပြောင်းယူလိုက်သည်။

ယွင်ချင်းစီ၏ မျက်ခုံးတို့က ပို၍ပင် တွန့်ချိုးလာတော့၏။

နန်းတွင်းထဲသို့ ကြင်ယာတော်အသစ်တစ်ဦး ဝင်ရောက်လာချိန်သည် လီယင်း သူ့ကို အားကုန်ထုတ်ကာ ချော့မော့ခဲ့သည့် နောက်ဆုံးအကြိမ်ပင် ဖြစ်ပေသည်။ နောက်ပိုင်း ကြင်ယာတော်အသစ်များ ထပ်မံရောက်လာလေလေ ယွင်ချင်းစီက ပို၍ ပြဿနာ ရှာလေလေ ဖြစ်သော်ငြား လီယင်းကမူ သူ့ကို စကားအနည်းငယ်ဖြင့်သာ ချော့မော့နားချတော့သည်။ ယွင်ချင်းစီက လွန်စွာ စိတ်လိုက်မာန်ပါဖြင့် သူ့ကိုယ်သူရော အခြားသူများကိုပါ ထိခိုက်အောင် လုပ်သည့်တိုင် များစွာ အရေးမစိုက်တော့။

နောက်ပိုင်းတွင်မူ သူ့ကို ချော့မောနားချခြင်းပင် မလုပ်တော့ချေ။

ယခုအကြိမ်တွင်မူ ယွင်ချင်းစီကို အိပ်ယာပေါ်မှ ကန်ချကာ ရှင်းလင်းချက်တစ်စုံတစ်ရာမျှပင် မပေးဘဲ နန်းတွင်းမှ နှင်ထုတ်သည့် အဆင့်အထိ ရောက်ရှိသွားတော့သည်။ နှစ်ဦးအကြား ဆက်ဆံရေးကို ဖြတ်တောက်ရန်ပင် စိတ်ဆုံးဖြတ်ပြီးသည့်ဟန်။

၎င်းမှာ အတိတ်ဘဝမှ ဖြစ်ရပ်များ ဖြစ်သည့်တိုင် ယခုဘဝတွင်လည်း အလားတူပင် ဖြစ်ပွားလာမည်ဖြစ်သည်။

လီယင်းက ဧကရီမယ်တော်ကြီးရဲ့ စကားကို နားထောင်ပြီးတော့ ယွင်ချင်းစီသာ နန်းချခံရရင် ယွင်မိသားစုကို သူ မထိန်းချုပ်နိုင်တော့ဘူးလို့များ သဘောပေါက်လိုက်လို့လား ...

ဒီလိုမျိုးဆိုလည်း ဖြစ်နိုင်တာပဲနော် ...

လီယင်း မည်မျှအထိ စိတ်ရှည်ကြောင်း သူအသိဆုံး ဖြစ်သည်။ အတိတ်ဘဝတွင် အမတ်ချုပ်အိမ်တော်အား တစ်ချက်တည်း ဖြိုချနိုင်သည့် သက်သေကို လက်ဝယ်ရရှိသည်အထိ အမျိုးမျိုးသော စောင့်ကြည့်ခံရမှုများနှင့် သူ့ဘဝတစ်ခုလုံးကို လက်ထဲ ထည့်ထားသည့် ယွင်ချင်းစီကို နှစ်ပေါင်းများစွာကြာ စိတ်ရှည်စွာ သည်းခံစောင့်ဆိုင်းခဲ့သည်။

ဒါဆို မယ်တော်ကြီးဆီက အမှာစကား ရောက်လာပြီးပြီးချင်း သူ့ကို နန်းတော်ထဲ ပြန်ဖို့ လာခေါ်တာကိုရော ဘယ်လို ရှင်းပြရမလဲ ...

သစ်သားဇလုံ တင်ထားသည့် စင်ဘေးတွင် ဝင်ထိုင်ကာ လက်တစ်ချောင်းမျှ မလှုပ်ရှားဘဲ လီယင်းကို စိုက်ကြည့်လိုက်သည်။

လီယင်းသည် သူ့ကို ပြုစုစောင့်ရှောက်ပေးရာတွင် အထူးကျွမ်းကျင်လှသူဖြစ်သည်။ သူ ငယ်စဉ်အခါ အခြားခြံဝင်း၌ နေထိုင်စဉ်က ပြင်းစွာ နာမကျန်းဖြစ်ခဲ့ဖူးသေးသည်။ ထိုအခါ မင်းသားဘဝသာ ရှိသေးသည့် လီယင်း ရောက်လာကာ သူ့ကို ကိုယ်တိုင်ကိုယ်ကျ ပြုစုစောင့်ရှောက်ခဲ့ပေသည်။

အင်္ကျီလက်တို့ကို ပင့်တင်ကာ နူးညံ့လှသည့် လက်ကိုင်ပုဝါကို ရေထဲနှစ်ပြီး တစ်ဝက်ခန့် ညှစ်ကာ ယွင်ချင်းစီ၏ မျက်နှာကို သုတ်ပေးလိုက်သည်။

ယွင်ချင်းစီက သူ့ကိုသာ ဆက်ပြီး ငေးကြည့်နေ၏။

ထူးဆန်းသည့် ကိစ္စများစွာ ဖြစ်ပွားခဲ့သည့်တိုင် လီယင်းကိုယ်တိုင် ရောက်လာသည့်အတွက် ယွင်ချင်းစီမှာ သူ့အတွက် အနည်းငယ် တန်ဖိုးရှိနေဆဲဟု ကောက်ယူ၍ ရပေသည်။ ထို့ကြောင့် ယွင်ချင်းစီလည်း ယဉ်ကျေးချင်ယောင်မဆောင်၊ ခပ်ပေါ့ပေါ့ ပြောလိုက်တော့သည်။

“အရှင်က ဒီငယ်သားရဲ့ အနီးကပ်အစေခံတွေကို နှင်ထုတ်လိုက်တော့ အရှင်ကိုယ်တိုင်ပဲ ဂရုစိုက်ပေးသင့်တယ် မဟုတ်လား ကျွန်တော်က စိတ်မကြည်ရင် လူရိုက်တတ်တယ်နော် ...”

အေးစက်နေသည့် အမူအယာမှာ ဟာသပြောနေသည်နှင့် လားလားမျှ မတူ။ သို့သော် လီယင်းကမူ နူးညံ့စွာ ပြုံး၍ပင် ပြောလိုက်သေးသည်။

“ကိုယ် သိပါတယ် ...”

ယွင်ချင်းစီ၏ အသားအရေမှာ ဖွေးဖွေးဖြူကာ အရိုးအဆစ်တို့မှာလည်း အအေးဒဏ်ကြောင့် တောင့်တင်းနေ၏။ အပြင်ဘက်မှ ပြန်ရောက်လာကာစ ဖြစ်ရာ မျက်နှာတစ်ခုလုံး အေးခဲနေပြီး ရေနွေးစိမ်ထားသည့် ပုဝါဖြင့် သုတ်ပေးလိုက်မှသာလျှင် သွေးရောင် ပြန်လွှမ်းလာတော့သည်။

လီယင်းက ပုဝါကို ရေထဲ နောက်တစ်ကြိမ် ပြန်စိမ်ကာ သူ့ကို ခပ်ဖွဖွ သုတ်ပေးလိုက်ပြန်သည်။

(အိပ်မက်ဆိုး မက်ရသည့် ညတစ်ည ... ပြဒါးရောင်သွေးစက်များပက်ဖြန်းခံထားရသည့် နှင်းမှုန်များကအေးခဲကာ ထိုသွေးစက်တို့၏ ပိုင်ရှင်မှာလည်း နီညိုရောင် သွေးအိုင်အလယ်တွင် ဆံနွယ်တို့ ပြန့်ကြဲလျက် လဲကျနေသည်။ လီယင်းက ခဲတောင့်နေပြီဖြစ်သည့် ချစ်ရသူ၏ ခန္ဓာကိုယ်ကို အလောတကြီး ပွေ့ထူကာ ကျန်းရှန်းနန်းဆောင်သို့ ခေါ်သွားပြီး အနွေးဓာတ်ပေးရန် မီးဖိုရှေ့သို့ ထိုင်လိုက်၏။ အရိုးအဆစ်တို့ကိုပင် ဂရုတစိုက် ရွေ့ပြောင်းပေးနေလိုက်သေးသည်။

သို့သော် သူ့ခန္ဓာကိုယ်မှာ လုံးဝ ပူနွေးမလာတော့။

သူ့ကို နွေးထွေးစေရန် မလိုအပ်လှကြောင်း လွန်စွာ သိသာလှပေသည်။ အရှိန်တညီးညီး တောက်ပနေသည့် နေမင်းသဖွယ် ပူပြင်းခြောက်သွေ့နှင့်နေပြီဖြစ်သည်။

လီယင်းက သူ့ရင်ခွင်ထဲတွင် ရှိနေသူ နွေးထွေးလာစေရန် မီးသွေးများ ထပ်ဖြည့်ခိုင်းလိုက်သည့်တိုင် ထိုသူမှာ ပူနွေးမလာ။

ဒေါသတကြီးဖြင့် မီးသွေးမီးဖိုကို ကန်ကျောက်လိုက်ရာ မီးသွေးစများ ပြန့်ကြဲသွားပြီး နဂါးဝတ်ရုံကိုသာမက သူ့အရေပြားကိုပါ မီးစွဲသွားသည့်တိုင် နာကျင်မှုကို ခံစားရဟန် မတူပေ။

ကောဇောကိုပါ မီးစွဲသွားသည့်အတွက် လျှိုကျီရူက အခြားသူများအား မီးငြိမ်းသတ်ရန် အော်ဟစ်ခိုင်းစေနေသံများဖြင့် ကျန်းရှန်းနန်းဆောင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။ လီယင်းက ယွင်ချင်းစီကို နဂါးပုလ္လင်ရှိရာဆီသို့ သယ်သွားလိုက်၏။ လျှိုကျီရူက နန်းဆောင်တွင်းရှိ မီးတောက်ကို အလျင်အမြန် ငြိမ်းသတ်ကာ သူ့နောက်ပါးရှိ နန်းတော်အစေခံတို့က လည်း မီးသွေးတုံးများကို တစ်ခုမကျန် ကောက်ယူသိမ်းဆည်းနေလိုက်သည်။ သူက အနားကပ်ကာ အရဲစွန့်ပြီး ပြောလိုက်၏။

“အရှင် ...”

“ရေနွေးနွေးလေး ပြင်လာခဲ့ ...”

သူက အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။

“ကိုယ်တော် ဧကရီရဲ့ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးမယ် ...”

ရဲရဲနီနေသည့် သွေးရေဇလုံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ရေပတ်ဝတ်တစ်ခုလုံးလည်း သွေးစတို့ စိုရွှဲကုန်သည့်အတွက် နောက်ထပ် အသစ်ပေါင်းများစွာ ပြောင်းလဲအသုံးပြုလိုက်ရတော့သည်။ ချစ်ရသူကို တစ်နေ့လုံး တစ်ညလုံး ရင်ခွင်ထဲ ပွေ့ပိုက်ကာ အနွေးဓာတ်ပေးသည့်တိုင် အရိုးအဆစ်နှင့် ကြွက်သားများ အေးစက်တောင့်တင်းလာတော့သည်။ အရေပြားတွင် သွေးရောင်လွှမ်းခြင်း အလျဉ်းမရှိတော့။ ),*သူ့အတွေးတွေပါ*

မျက်ဝန်းအိမ်တွင် ငွေ့ရည်ဖွဲ့ကာ အကြည့်တို့ ငိုက်စိုက်ကျလျက် မျက်တောင်ရှည်ကြီးများ တဆတ်ဆတ် တုန်ရီလာတော့၏။ သွယ်လျလှသည့် လက်တစ်စုံဖြင့် ရေပတ်ဝတ်ကို ဇလုံထဲ နှစ်လိုက်ပြန်သည်။ လက်ဖမိုးထက်တွင် ဖောင်းကြွနေသည့် သွေးကြောပြာ များမှာ ရေထဲနှစ်လိုက်သည့်အခါ ပို၍ပင် သိသာထင်ရှားလာသယောင်။ ပုဝါကို ပြန်ထုတ်ကာ ရေညှစ်ပြီး သွေ့ခြောက်စေလျက် ယွင်ချင်းစီ၏ မျက်နှာနှင့် လည်ပင်းကို ပွတ်သပ်ပေးလိုက်သည်။

“ရေက နည်းနည်း အေးသွားပြီ ထင်တယ် ရေနွေးလေး နည်းနည်းလောက် ထပ်ထည့်လိုက်ရမလား ...”

“ကောင်းပါပြီ ..."

ယွင်ချင်းစီက သူ့ကိုသာ ငေးကြည့်နေဆဲပင်။

လီယင်း၏ ယခုလက်ရှိပုံစံမှာ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းလှသည်ဟု ရုတ်တရက် ခံစားမိလာတော့၏။ လီယင်းသည် အမတ်ချုပ်အိမ်တော်ကို လွန်စွာ ကြောက်ရွံ့လှသည့်တိုင် ယွင်ချင်းစီကို ချော့မော့ရန် ဤနေရာအထိ ရောက်လာနိုင်သေးသည်။ ယွင်ချင်းစီကို လွန်စွာ မုန်းတီးလှသည့်တိုင် ထိုမုန်းတီးစိတ်ကို သည်းခံကာ သူ့ကို အရူးအမူး ချစ်မြတ်နိုးပြီး သူ့အတွက် ငဲ့ညှာစဉ်းစားပေးတတ်သည့်နှယ်ပင် ဟန်ဆောင်လိုက်သေးသည်။

အတိတ်ဘဝက လီယင်းမှာလည်း ဤသို့နှယ်ပင်။ အမတ်ချုပ်ယွင် ဒူးထောက်တောင်းပန်ခဲ့စဉ်ကလည်း ခြိမ်းခြောက်ခံရသည်ဟု ခံစားမိသည့်အတွက် နန်းတော်ထဲ ပြန်ရောက်လာသော ယွင်ချင်းစီကို လုံးဝ မဆန့်ကျင်ရဲတော့ချေ။

အရှက်ခွဲမှုတို့ကို အံကြိတ်ခံကာ မည်သည့် မလိုလားချက်ကိုမှ မပြသဘဲ ယွင်ချင်းစီ၏ ထိန်းချုပ်မှုကို နောက်ထပ် ရှစ်နှစ်ကြာ တိတ်တဆိတ် သည်းခံခဲ့သည်။ ထိုနှစ်များအတွင်း မည်သည့် ကြင်ယာတော်၊ အမျိုးသားအချစ်တော်နှင့်မှ မထိတွေ့၊ ယွင်ချင်းစီ နောက်တစ်ကြိမ် စိတ်ရူးပေါက်သွားမည်ကို စိုးရိမ်သည့်နှယ် သူ့ကိုသာလျှင် တက်တက်ကြွကြွ ဆွဲဆောင်နေတော့သည်။

ယွင်ချင်းစီမှာလည်း လွန်စွာ သံသယကြီးလှသည့်အတွက် သူ့လက်ထဲမှ ချင်ပြည်ထောင်စုကို အပြည့်အဝ ထိန်းချုပ်ခွင့်ရရန် လီယင်းမှာ ခုနစ်နှစ်နီးပါးခန့် ကြိုးစားလိုက်ရသည်။ ထိုအချိန်မှာ ယွင်ချင်းစီက သူ့ကို အပြည့်အဝ သစ္စာရှိပါသည်ဟု လက်ခံစပြုလာသည့်အချိန် ဖြစ်သည်။

ထိုအချိန်က လီယင်းသည် ယွင်ချင်းစီမှအပ မည်သူကိုမှ ထိတွေ့ပတ်သက်ခဲ့ခြင်း လုံးဝ မရှိ။ သို့သော် သူ့ရည်မှန်းချက်များမှာမူ ယွင်ချင်းစီအပါအဝင် အားလုံးအား တစ်စမကျန် ဝါးမျိုဖျက်ဆီးမည့် မီးတောက်သဖွယ် အင်အားကြီးထွားစ ပြုနေပြီဖြစ်သည်။

ယွင်ချင်းစီကလည်း ရံဖန်ရံခါတွင် လီယင်းက သူ့ကို မုန်းနေလိမ့်မည်ဟု တွေးခဲ့ဖူးပေသည်။ ဧကရာဇ် ဖြစ်သည့်တိုင် ဧကရာဇ်တစ်ပါး၏ လွတ်လပ်မှုကို မခံစားရ။ လင်းရှင်းနန်းတော်တွင် အလှလေးများနှင့် မမွေ့လျော်နိုင်သည့်အပြင် အများပြည်သူ၏ ရှေ့မှောက်တွင် သူအမုန်းတီးရဆုံးသူကို လွန်စွာ ချစ်ခင်လေသယောင်လည်း ဟန်ဆောင်ပြရသေးသည်။ အကြောင်းမှာ ယွင်ချင်းစီက သူနှင့် ရင်းနှီးပူးကပ်စွာ နေထိုင်ရခြင်းကို နှစ်ခြိုက်လှ၍ ဖြစ်သည်။

ယွင်ချင်းစီ အလိုရှိခဲ့သည်မှာလည်း အခြားအရာများ မဟုတ်၊ သူ့စိတ်နှလုံးကိုသာလျှင် ဖြစ်ပေသည်။ လီယင်းက သူ့နောက်လိုက်ကာ ဂရုစိုက်ပေးသရွေ့ သူကလည်း လီယင်း၏ ခံစားချက်များကို ဂရုစိုက်ကာ မည်သည့် နိုင်ငံ့အရေးအခင်းကိစ္စကိုမှ ဝင်ရောက်စွက်ဖက်မည် မဟုတ်၊ ဤတိုင်းပြည်မှာ လီယင်း၏ တိုင်းပြည်ဟုသာ ထာဝစဉ် မှတ်ယူထားခဲ့သူ ဖြစ်သည်။

သို့သော် ယခုမူ ...

အမတ်ချုပ်အိမ်တော်ကို ကြောက်လို့ စိတ်သဘောထားတွေတောင် အများကြီး ပြောင်းလဲသွားတယ် ဆိုမှတော့ သူ့ကို ဒီ့ထက်ပိုပြီး ကြောက်သွားအောင် လုပ်လိုက်ရ ကောင်းသား ...

သူက ယွင်ချင်းစီကို မုန်းနေတာ မဟုတ်လား ဒါဆို ဒီ့ထက်ပိုပြီး မုန်းလာအောင် လုပ်လိုက်ကြတာပေါ့ ...

ယွင်ချင်းစီက ခေါင်းကိုစောင်းကာ လီယင်း၏ လက်အား သူ့လည်ပင်းနှင့် ပါးအကြား ညှပ်ထားလိုက်သည်။

လီယင်း၏ မျက်ခုံးတို့ ရုတ်ချည်း ပင့်တက်သွားတော့၏။

နူးညံ့သည့် ပါးပြင်ဖြင့် လီယင်း၏ လက်ကို အကြိမ်ကြိမ် အဖန်ဖန် ပွတ်သပ်ရင်း မေးလိုက်သည်။

“အရှင်က နေ့တိုင်း လာနေတာ ကျွန်တော့်ကို တကယ်ပဲ နန်းတော်ကို ပြန်ခေါ်ချင်နေတာလား ...”

လီယင်းက သူ့ကို ထိတွေ့ချင်သည့် စိတ်များအား အသည်းအသန် ထိန်းချုပ်ကာ ပြန်ပြောလိုက်သည်။

“ဒါ ဖြစ်သင့်တာပဲလေ ...”

“ကျွန်တော် ပြန်မလာမှာတော့ မဟုတ်ပါဘူး အရှင့်က ကျွန်တော့်ကို နှင်ထုတ်ခဲ့တာလေ တကယ်လို့ ဒီတိုင်းသာ ပြန်လိုက်လာရရင် မတရားသလို ခံစားရမှာပေါ့ ...”

“ကိုယ်သိပြီ ...”

လီယင်းက ပြောလိုက်သည်။ ယွင်ချင်းစီကို ကြည့်လိုက်မိလေတိုင်း သူ့နှလုံးသားတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်ဟီးလာတော့သည်။ သူက အလေးအနက် ပြောလိုက်၏။

“အလွန်ဆုံးမှ နှစ်ရက်ပဲ နှစ်ရက်ကြာရင် ကိုယ် မင်းကို သေချာပေါက် ရှင်းပြမယ် ...”

ယွင်ချင်းစီက ခေါင်းကို စောင်းငဲ့လိုက်သည့်အခါ နူးညံ့လှသည့် အလှတရားမှာ ပို၍ပင် သွေးဆောင်နိုင်ဖွယ်ရာ ဖြစ်သွားတော့သည်။

“တကယ်လား ...”

“တကယ်ပေါ့ ...”

လီယင်းက လက်မကို မြှောက်လိုက်သော်လည်း ပါးကို ထိမိသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီက ခေါင်းပြန်မတ်ကာ လက်ကို ရှေ့ထားလျက် ပြောလိုက်သည်။

“ကျွန်တော့် လက်တွေကိုလည်း သုတ်ပေး ...”

ယွင်ချင်းစီက ရုတ်ချည်းဆိုသလို ငြိမ်းချမ်းရေး ယူလိုသည့် အရိပ်အယောင်များ ပြသလာသည့်အတွက် လီယင်းလည်း သတိကပ်ထားမှုတို့ကို အနည်းငယ် လျော့ချလိုက်သည်။ လက်သုတ်ပုဝါကို ယူကာ ယွင်ချင်းစီ၏ လက်ချောင်းတို့အား သုတ်ပေးလိုက်၏။ ကြမ်းတမ်းသည့် အဝတ်စဖြင့် သုတ်ပေးခြင်း ခံလိုက်ရသည့်တိုင် ယွင်ချင်းစီ၏ အမူအယာတို့မှာ ပြောင်းလဲခြင်း အလျဉ်းမရှိ။ လီယင်းကိုသာ လွန်စွာ နာခံမှု ရှိစွာဖြင့် စိုက်ကြည့်နေသည်။

သူ့ကို ရင်ဘက်တစ်ခုလုံးနှင့်အပြည့် ယုံကြည်ထားသည့်ဟန်။

ဒါပေမယ့် တစ်ခုခုက မှားနေသလိုပဲ ...

ယွင်ချင်းစီရဲ့ ပုံစံကလေ ပွဲကြီးပွဲကောင်းကြည့်ဖို့ စောင့်နေတဲ့ ကြောင်ငပျင်းတစ်ကောင်လိုပဲ ...

လီယင်းက မျက်ခုံးတို့ တွန့်စုကာ သူ့လက်ကို သုတ်ပေးရင်း ပြောလိုက်သည်။

“အခု အဝတ်အစား လဲတော့မလား ...”

“အရှင်က ကျွန်တော့်ကို အဝတ်အစား လဲပေးချင်လို့လား ...”

“ဒီ့ထက်ပိုပြီး မတောင်းဆိုနိုင်တော့ပါဘူး ...”

“ကောင်းပြီလေ ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“ကျင်းဟွမ် ဆေးသေတ္တာ ယူလာခဲ့ ..."

လီယင်းက အရမ်းကို ချစ်ခင်မြတ်နိုးပါတယ်ဆိုတဲ့ လှည့်ကွက်ကလေးတွေ ကစားချင်နေမှတော့ သူနဲ့အတူတူ အဆုံးအထိ လိုက်ပြီး ကစားပေးရမှာပေါ့ ...

သူ့ကို ပေးခဲ့သည့် လက်ဆောင်များအားလုံးကို လက်ခံမည် ဖြစ်သော်လည်း ယခုဘဝတွင်မူ လက်ခံရုံမှအပ မည်သို့မှ ပြန်လည်တုန့်ပြန်တော့မည် မဟုတ်ချေ။

ပတ်တီးများကို တစ်လွှာချင်း ခွာချလိုက်ပြီးနောက် ကျောက်စိမ်းရောင်သဖွယ် ခါးထက်ဝယ် နီမြန်းနေသော အမာရွတ်ကို တုန်လှုပ်ဖွယ် တွေ့လိုက်ရတော့သည်။ လီယင်း၏ လက်ချောင်းများ မသိမသာ တုန်ရီသွားကာ စကားတစ်ခွန်းမှ မဆိုဘဲ လက်ကိုင်ပဝါတစ်ထည်ကို အသာယူလျက် ဒဏ်ရာအစွန်းရှိ ဆေးအကြွင်းအကျန်များကို သုတ်ပေးလိုက်သည်။

ထို့နောက် ဆေးဘူးကိုယူကာ ဂရုတစိုက် လိမ်းပေးလိုက်၏။

လီယင်းရဲ့ သရုပ်ဆောင်စွမ်းရည်က အရင်အတိုင်း ကောင်းနေတုန်းပဲ ...

ယွင်ချင်းစီက ထိုသို့တွေးကာ ချက်ခြင်းပင် သူ့ကို ပြင်းထန်စွာ ကန်ကျောက်၍ လွန်စွာ ဒေါသထွက်လေဟန်ဖြင့် နှုတ်ခမ်းကို ဖိကိုက်လျက် ပြောလိုက်သည်။

“နာတယ် ...”

လီယင်းက တစ်ခဏမျှ ရပ်တန့်သွားတော့သည်။

ယွင်ချင်းစီက သူ့ကို ကန်ကျောက်ခဲ့ဖူးသည့်တိုင် ဤကဲ့သို့သော အကြောင်းပြချက်မျိုးကြောင့်တော့ မကန်ခဲ့ဖူးချေ။

ယွင်ချင်းစီက သူ့အပေါ် ထားရှိသည့် လီယင်း၏ ကြင်နာမှုများကို လွန်စွာ တန်ဖိုးထားလှသူ ဖြစ်သည့်အတွက် ဤအခိုက်အတန့်မျိုးကို လုံးဝ ဖျက်ဆီးလိုမည် မဟုတ်ပေ။

လီယင်းက စကားတစ်ခွန်းမှ မဆိုသည့်တိုင် သူ့လှုပ်ရှားမှုများမှာမူ ယခင်ကထက် ပိုမို ညင်သာသွားတော့သည်။ ပတ်တီးကိုယူကာ ယွင်ချင်းစီ၏ ခါးကို နောက်တစ်ကြိမ် ပြန်ပတ်ပေးပြီးနောက်တွင်တော့ ယခင်ထက်ပင် ပိုမိုပြင်းထန်စွာ အကန်ခံလိုက်ရပြန်တော့သည်။

ယွင်ချင်းစီက ဒေါသတကြီး ပြောလိုက်၏။

“ဖြည်းဖြည်းလုပ်လို့ ..”

ကြီးမြတ်လှပါတယ်ဆိုတဲ့ ဧကရာဇ်လီရေ ဒီဘဝမှာရော ခင်ဗျားရဲ့ ရည်မှန်းချက်အတွက် ဘယ်လောက်အထိများ သည်းခံနိုင်မလဲဆိုတာ သိချင်စမ်းပါရဲ့ ...


အတိတ်ဘဝတွင် ယွင်ချင်းစီက သူ့ကို ရန်စလေတိုင်း လီယင်းသည် သတိပေးသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်လေ့ရှိသည်။

သို့သော် ယခုအချိန်တွင်မူ သူသည် မျက်မှောင်ကိုသာ တွန့်စုထားလျက် ပတ်တီးကို ပို၍ညင်သာစွာ ပတ်ပေးလိုက်သည်။

“ခဏလောက် အိပ်မလို့ ...”

ယွင်ချင်းစီက သူ့ကို ခြေထောက်ဖြင့် ဆက်တွန်းကာ ပြောလိုက်သည်။

“ဖိနပ်တွေ ...”

လီယင်းက ငုတ်တုတ်ထိုင်ချကာ သူ့ဖိနပ်များကို ချွတ်ပေးရင်း ပြောလိုက်သည်။

“ခြေထောက်တွေကို သုတ်ဖို့ လိုသေးတယ် ...”

ဒီမှာ လီယင်းရှိနေမှတော့ သူ့ကိုပဲ သုတ်ခိုင်းကြတာပေါ့ ...

သူက လီယင်း၏ ပေါင်ပေါ်သို့ ခြေထောက်တို့ကို တင်လိုက်သည်။ လီယင်းကလည်းး သူ့ခြေအိတ်တို့ကို ဆွဲချွတ်လျက် ပုဝါအသစ်တစ်ထည် ယူလာပေးရန် အမိန့်ပေးလိုက်၏။

ခြေကျင်းဝတ်မှ ခြေချောင်းများအကြားအထိ နေရာမလပ် ရေနွေးနွေးလေးဖြင့် ဂရုတစိုက် သန့်ရှင်းပေးလိုက်သည်။ ခြေဖဝါးကို ထိမိသည့်အခါ ယွင်ချင်းစီ၏ ခန္ဓာကိုယ် အနည်းငယ် တွန့်ကျုံ့သွားတော့၏။

ထို့နောက်တွင်မှ စိတ်ကိုထိန်းကာ တည်ငြိမ်ဟန်ဆောင်လိုက်တော့သည်။

လီယင်းက သူ ယားတတ်တယ်ဆိုတာကို သိသွားသလားတော့ မသိဘူး ဒါပေမယ့် ခြေဖဝါးကို နောက်တစ်ကြိမ် မထိတော့ဘူး ...

ခြေထောက်ကို သန့်စင်စွာ ဆေးကြောပေးပြီးနောက် ကြွင်းကျန်နေသည့် ရေများကို ခြောက်သွေ့သည့် ပုဝါတစ်ထည်ဖြင့် သုတ်ပေးလိုက်သည်။

ထို့နောက် ယွင်ချင်းစီ၏ စကားသံကိုပင် မစောင့်ဘဲ သူ့ကို ကုတင်ရှိရာဆီသို့ သယ်သွားပေးလိုက်သည်။

ဤအစေခံမှာ လွန်စွာ စိတ်ရှည်လှကာ သူ၏ အလုပ်အကျွေးပြုမှုနှင့် စပ်လျဉ်း၍ မကျေနပ်ဖွယ်ရာပင် မရှိ။ လီယင်းက ယွင်ချင်းစီ၏ ဆံထိုးကို ချွတ်ပေးကာ စောင်ခြုံပေးပြီး သူ့ရင်ဘက်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

ယွင်ချင်းစီက သူ့ကို ဖျတ်ခနဲ စိုက်ကြည့်ကာ တစ်ဖက်လှည့်လျက် မျက်လုံးတို့ကို မှတ်ထားပြီး အိပ်မောကျစ ပြုလာတော့သည်။

အစောပိုင်း ၁၅ မိနစ်ခန့်တွင်မူ ယွမ်ပေါင်၏ တစ်ဝက်တစ်ပျက် စကားများကို တွေးမိနေလိုက်သေးသည်။

အရှင် ... အရှင်က ဘာဖြစ်နေတာလဲ ...

အဖြေကို ရှာမတွေ့မီမှာပင် တစ်ရေးတစ်မော အိပ်စက်ခြင်းကို အသားကျနေသည့် ခန္ဓာကိုယ်ကြောင့် အိပ်ချင်မူးတူးဖြစ်ကာ သက်တောင့်သက်သာဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။

လက်တစ်ဖက်က သူ့နားရွက်အနား ရောက်လာပြီးကာမှ တစ်ဖြည်းဖြည်း နောက်ပြန်ဆုတ်သွား၏။


Xxxxx