အပိုင်း ၁၅
Viewers 13k

Chapter 15



နန်းမြို့တော် ထိုက်ချီနန်းဆောင် ...

ဧကရီမယ်တော်ကြီးက ကောင်းမွန်စွာ ထိန်းသိမ်းပြုပြင်ထားသော လက်တို့ဖြင့် သစ်ကိုင်းခြောက်များအား ဖြတ်တောက်ရင်း အပင်အား စိတ်ရှည်လက်ရှည် အကိုင်းချိုင်ကာ ပြောလိုက်သည်။

“အရှင်က အမတ်ချုပ်အိမ်တော်ကို နောက်တစ်ခါ ကြွချီသွားပြန်ပြီလား ...”

ဘေးတွင် ရပ်နေသည့် သူမ၏ အနီးကပ်အစေခံ ချင်ယန်က ခေါင်းကို ငုံ့လျက် ပြန်ဖြေလိုက်သည်။

“အမတ်ချုပ်အိမ်တော်ကို ခဏခဏကို သွားနေတာပါ ...”

“သူ မရူးသေးတာ မဆန်းတော့ပါဘူး ...”

သူမက ပြက်ရယ်ပြုလိုက်သည်။

“သူ ဒီတစ်ခေါက် ကံကောင်းသွားတယ် ဧကရာဇ်က သူ့ဆီကို ခဏခဏ အပြေးလေး လာနေတာဆိုတော့ ကောင်းကင်ပေါ်အထိ ရောက်အောင်ကို မြှောက်စားခံနေရတာပဲ ...”

ချင်ယန်က လှောင်ပြောင်ရယ်မောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် သူက အမတ်ချုပ်အိမ်တော်ရဲ့ အငယ်ဆုံးသားပဲဟာ တဇွတ်ထိုးနိုင်တာ သိပ် မထူးဆန်းပါဘူး ...”

“အသုံးမကျလိုက်တာ ..."

ကတ်ကြေးကို စင်ပေါ် ပစ်တင်ကာ တစ်ဖက်သို့ လှည့်လာသည်နှင့် တစ်ပြိုင်နက် ချင်ယန်က သူမ၏ လက်ကို အဝတ်တစ်စဖြင့် ချက်ခြင်း သုတ်ပေးလိုက်သည်။

“အလွယ်တကူ ရလာတဲ့ အလိုလိုက်ခံရမှုက သဘောကျစရာ မကောင်းဘူးလေ အရှင်က ဒီအမှန်တရားကို မသိတော့ သိက္ခာကျစရာ လုပ်ရပ်တွေကို လုပ်နေတော့တာပဲ ...”

“ဒီတစ်ခေါက် ဧကရီက သူ့လက်ကောက်ဝတ်ကို လှီးပစ်တော့ အရှင်လည်း တော်တော်လေး ထိတ်လန့်သွားတယ် ထင်ပါတယ် ...”

“ဘယ်လိုပဲဖြစ်ဖြစ် သူ့အနေနဲ့ သွားခေါ်ဖို့တော့ လိုနေတုန်းပဲလေ ကျိုးကျောက်ရဲ့ ဒဏ်ရာရော ဘယ်လိုနေသေးလဲ ...”

“သူက အရှင်ကြောင့် တော်တော်လေး ထိတ်လန့်သွားပါတယ် ...”

“အရှင်က သူ့အရေးကိစ္စတွေမှာ အိုက်ကျား ဝင်ပါတာကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူးလေ ဒါတောင် ကျိုးကျောက်က ဒီအကြောင်း ထုတ်ပြောရဲတာ ... အသက်ရှင်နေတာကို ကံကောင်းတယ်မှတ် ...”
(အိုက်ကျား - ဧကရီမယ်တော်ကြီးက သူ့ကိုယ်သူ ပြန်ရည်ညွှန်းလိုက်တဲ့ စကားပါ )

ပင်မထိုင်ခုံတွင် ဝင်ထိုင်ကာ လတ်လတ်ဆတ်ဆတ် နှပ်ထားသည့် လက်ဖက်ရည်ခွက်ကို ယူပြီး ပြောလိုက်သည်။

“ဒါပေမယ့် ဒီတစ်ခေါက် အရှင့်ကို ကိုင်တွယ်ရတာ အတော်လေး ခက်တာပဲ ဒီလိုပုံစံမျိုး တစ်ခါမှကို မတွေ့ဖူးဘူး …”

“ဧကရီရဲ့ ဒဏ်ရာက အရှင့်ကို အတော်လေး ဒေါသထွက်သွားစေတယ် ထင်ပါတယ် ...”

“ဘာပဲပြောပြော သူတို့က ငယ်ကျွမ်းဆွေတွေလေ ...”

မယ်တော်ကြီးက ပြောလိုက်သည်။ သူမ၏ အမူအယာမှာ ရုတ်ချည်း နူးညံ့သိမ်မွေ့သွား၏။

“ဒါဆို သူ့ကို ပြန်လာဖို့ ချော့မော့နားချရတော့မှာပေါ့ ...”

သူမက မညှာမတာ ပြောလိုက်သည်။

“အရှင်က သူ့ကို ပြန်လာဖို့ မချော့နိုင်ရင် ဒီငယ်သား ...”

“အရှင်က သူ့နောက်ကို လိုက်ရုံပဲ လိုက်နိုင်မှာပေါ့ ဘယ်လိုဖြစ်လို့ ပြန်လာဖို့ပါ ချော့မော့နေရဦးမှာလဲ ...”

မယ်တော်ကြီးက အရေးမပါလေဟန်ဖြင့် ပြောလိုက်သည်။

“သူ ကြောက်သွားအောင် ခြောက်ရမယ်လေ သူ့ကိုသာ မျက်စိစုံမှိတ်ပြီး ခွင့်လွှတ်လိုက်ရင် ထောင်လွှားမောက်မာပြီး တစ်ဇွတ်ထိုး ဆန်လာတော့မှာပေါ့ ...”

အမတ်ချုပ်ယွင်နှင့် သခင်မယွင်တို့သည် မြို့တော်တစ်ခုလုံး အားကျရလောက်အောင် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြသူများ ဖြစ်သော်လည်း အမတ်ချုပ်ယွင်က ချစ်မှုရေးရာ ကိစ္စရပ်တစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် နှစ်ဦးသား ပြတ်စဲသွားကြတော့သည်။ သခင်မယွင်သည် ထိုကဲ့သို့သော ကိစ္စရပ်မျိုးကို လုံးဝ သည်းမခံနိုင်သူဖြစ်ရာ ကိုယ်ဝန် လွယ်ထားလျက်နှင့်ပင် ဆင်ခြေဖုံးရှိ အိမ်တော်သို့ ပြောင်းရွှေ့ပြီး အမတ်ချုပ်ယွင်ကို ထိုခြံဝင်းထဲသို့ ခြေတစ်လှမ်းပင် ချခွင့်မပြုတော့။ မွေးစမှ အသက်ခုနစ်နှစ်အထိ ယွင်ချင်းစီကို သူမတစ်ယောက်တည်းသာလျှင် ပြုစုစောင့်ရှောက်ခဲ့ပေသည်။

ကိုယ်ဝန်ဆောင်စဉ်ကာလ၌ စိတ်ဖိစီးမှု လွန်စွာ ပြင်းထန်ခဲ့ရသည့်အပြင် ခင်ပွန်းဖြစ်သူသည် အခြားမိန်းမတစ်ဦးနှင့် နှစ်ရှည်လများ ပတ်သက်ခဲ့ကြောင်းကိုပါ သိလိုက်ရသည့်အတွက် သူမ၏ စိတ်အခြေအနေ ပြိုလဲပျက်စီးစ ပြုလာတော့သည်။ သူမ၏ မျှော်လင့်ချက် အလုံးစုံကို ယွင်ချင်းစီထံ ပုံအောကာ မည်သူတစ်ဦးတစ်ယောက်နှင့်မှ ဆက်သွယ်ခွင့် မပြု၊ သူမအနားတွင်သာ အချိန်ပြည့် နေစေကာ ဖခင်အကြောင်းလည်း တစ်ခွန်းမျှပင် ပြောခွင့်မပြုခဲ့ချေ။

နောက်ပိုင်းတွင် အမတ်ချုပ်ယွင်၏ အိမ်ထောင်ရေးအရှုပ်အထွေးမှာ အမှန်မဟုတ်ကြောင်း သိလိုက်ရသည့်အတွက် သားဖြစ်သူကို ဖခင်ထံ တုန့်ဆိုင်းစွာဖြင့် ပြန်ပို့လိုက်တော့သည်။ သို့သော် အိမ်တော်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် ယွင်ချင်းစီတစ်ယောက် ပြင်းစွာ ဒဏ်ရာရရှိခဲ့သဖြင့် ပြန်လည်ကောင်းမွန်စပြုရန် အစပျိုးနေသော လင်မယားဆက်ဆံရေး တစ်ဖန် ပျက်စီးသွားရတော့သည်။ သခင်မယွင်အဖို့ ယွင်ချင်းစီကသာလျှင် သူမ၏ ဘဝတစ်ခုလုံးဖြစ်ရာ တစ်နှစ်နီးပါး သတိလစ်မေ့မြောနေသူကြောင့် ရင်ကွဲနာကျသွားရရှာလေတော့သည်။

ယွင်ချင်းစီတွင် အပေါင်းအသင်းဟူ၍လည်း မရှိ၊ မိခင်ဖြစ်သူကလည်း သေဆုံးသွားကာ ဖခင်ဖြစ်သူကိုလည်း ပြင်းစွာ နာကျည်းမုန်းတီးနေသည့်အတွက် လီယင်းသည် သူ့နှလုံးသားထဲရှိ သခင်မယွင်၏ နေရာကို အစားထိုးဝင်ရောက်နိုင်လုနီးပါး ဖြစ်သွားတော့သည်။

လီယင်းကသာ သူ့အတွက် အသက်ကယ်ကြိုးတစ်ချောင်း ဖြစ်ရာ လီယင်းက သူ့ကို စွန့်ပစ်သွားနိုင်သည်ဟု ခြိမ်းခြောက်ပါလျှင် ပိုပြီး ထိရောက်မှု ရှိပေလိမ့်မည်။

ချင်ယန်က ခေါင်းကိုငုံ့ကာ အားတက်သရော ပြောလိုက်သည်။

“ဒီအစေခံကို သင်ပြပေးတဲ့အတွက် မယ်မယ့်ကို ကျေးဇူးတင်ပါတယ် ...”

နန်းတော်သို့ ပြန်ရောက်လာသည့် ယွမ်ပေါင်မှာလည်း လျှိုကျီရူ၏ ဆင့်ခေါ်ခြင်းကို ခံလိုက်ရသည့်အတွက် အရိုအသေပြုကာ သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။

“လျှိုလူကြီးမင်း ...”

“ငါကြားတာတော့ ဒီနေ့ မင်းက ဧကရီရဲ့ သစ်သားဆွဲပြားလေးကို ကောက်ရခဲ့တာဆို ဒါက အရှင်နဲ့ ဧကရီအကြားက ချစ်ခြင်းမေတ္တာ အမှတ်အသားလေ ...”

လျှိုကျီရူက သူ့ကို ပြုံးပြရင်း ထိုင်ရန် ပြောလိုက်သည်။

“ဒါက အရှင့်အတွက် အရမ်းကို အရေးကြီးတဲ့ ပစ္စည်းလေ ဒါကြောင့် အရှင်က မင်းကို ဆုချီးမြှင့်ဖို့ အထူးတလည်ကို မှာကြားခဲ့တာ ...”

လက်ခုပ်တီးလိုက်သည့်အခါ ဗန်းတစ်ခုကို ကိုင်ထားသည့် အစေခံတစ်ဦး ရောက်ရှိလာသည်။ လက်ကိုမြှောက်၍ အဝါရောင် ပိုးထည်စကို လှပ်ပြလိုက်သည့်အခါ ဗန်းပေါ်တွင် တင်ထားသည့် ပစ္စည်းကို ငေးကြည့်ရင်း ယွမ်ပေါင်၏ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားတော့သည်။

ခေါင်းပေါ်တွင် ထက်ရှလှသည့် ဓားချွန်တစ်ချောင်းဖြင့် ချိန်ရွယ်ခံထားရသည့်နှယ် ကျောက်ရုပ်သဖွယ် အေးစက်တောင့်တင်းသွားတော့၏။

လျှိုကျီရူက သက်ပြင်းချကာ လက်ကို အလောတကြီး ယမ်းပြလိုက်သည်။

“အိုက်ယား ဘယ်လိုလုပ်ရပါ့ ကြည့်လိုက်ပါဦး ယွမ်ပေါင်ကုန်းကုန်းလေးက အရမ်းကို လန့်သွားတော့မှာပဲ သွား သွား ဗီရိုထဲက သုံးထပ်မြောက် အထပ်မှာ ထားထားတဲ့ ပစ္စည်းကို သွားယူချေ ....”

ဗန်းကို သယ်လာသည့် အစေခံက အလျင်အမြန် တောင်းပန်ကာ ဓားမြှောင်ကို အဝတ်စဖြင့် ပြန်ဖုံးရင်း အမြန် ပြန်ထွက်သွားလိုက်သည်။ လျှိုကျီရူက သက်ပြင်းချကာ ပြောလိုက်ပြန်၏။

“အခုခေတ် အစေခံတွေက အတော်လေးကို အသုံးမကျကြတာပဲ ရှောင်ကုန်းကုန်းရေ ... လာ လာ လက်ဖက်ရည်လေး သောက်ရင်း စကားပြောကြရအောင် …”

ယွမ်ပေါင်မှာ လက်ဖက်ရည်ခွက်ကို ယူလိုက်သည့်တိုင် တဆတ်ဆတ် တုန်ရီနေသေးသည့်အတွက် လက်ဖက်ရည်အားလုံး သူ့ကိုယ်ပေါ် မှောက်ကျသွားတော့၏။ လျှိုကျီရူက လက်ကိုင်ပဝါတစ်ထည်ကို ချက်ခြင်း ထုတ်ပေးပြီး ကြင်နာစွာ ပြောလိုက်သည်။

“ဂရုစိုက်ပါ ...”

“လူ... လူကြီးမင်းက ကျွန်တော့်ကို ဘာများ ပြောချင်တာလဲ မသိဘူး ...”

ဧကရာဇ်အနား အနီးကပ် ခစားရသူများမှာ အရူးများ မဟုတ်ကြ။ လျှိုကျီရူက ပြုံးကာ ပြောလိုက်သည်။

“အရှင်နဲ့ ဧကရီအကြားမှာ ကတောက်ကဆလေးတွေ ရှိနေတယ် ဆိုပေမယ့် သူတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာကြတာဆိုတော့ ဘယ်သူမှ သူတို့ဆက်ဆံရေးကို မယှဉ်နိုင်ဘူး ...”

ယွမ်ပေါင်က သူ့ကိုသာ ငေးကြည့်နေလိုက်သည်။

သူက ဆက်ပြောလိုက်၏။

“ရှေ့ရက်ပိုင်းတွေမှာ အရှင်က အိပ်မက်ဆိုးတွေ ညတိုင်း မက်နေခဲ့တာ ဒီအတောအတွင်း ပြုမူပြောဆိုပုံတွေကလည်း အတိတ်ကနဲ့ မတူဘူး ဒါပေမယ့် သမားတော်ရွှမ် စစ်ဆေးတဲ့အခါမှာတော့ ဘာပြဿနာမှ မရှိပါဘူးတဲ့ ဧကရီကို စိုးရိမ်စေဖို့ မလိုဘူးပေါ့ ...”

မနက် အိပ်ယာနိုးလာချိန်တွင် သူ မည်မျှအထိ စိတ်ရူးဖောက်တတ်ကြောင်း ဧကရီကို မသိစေလို။ ထိုအကြောင်းကို ယွမ်ပေါင်လည်း သဘောပေါက်ထားပြီး ဖြစ်ပေသည်။

ဆုလာဘ်ကို ပြန်ပြောင်းလာသည့် အစေခံ ရောက်လာပြီ ဖြစ်သည့်အတွက် လျှိုကျီရူက အဝတ်စကို ဒုတိယအကြိမ် လှပ်ပြလိုက်ပြန်သည်။ ထိုဗန်းပေါ်တွင် ငွေတုံးများနှင့် ထောက်ခံစာတစ်စောင်ကို တွေ့လိုက်ရ၏။

“ငါ ကြားသလောက်ဆို မင်းအမေက နာမကျန်းဖြစ်လို့ အိပ်ယာထဲ လဲနေပြီး ညီမငယ်နှစ်ယောက်လည်း ရှိနေသေးတယ်ဆို ဒီငွေသားတွေကို အသုံးပြုလိုက်လေ ဒီထောက်ခံစာကတော့ မင်းရဲ့ညီလေးကို ဟန်ဟွာကျောင်းတော်ကို ဝင်ခွင့်ပြုတဲ့စာ တကယ်လို့ သူသာ ထူးထူးချွန်ချွန် လေ့လာနိုင်ရင် ရာထူးတစ်ခု ကျိန်းသေ ရလာမှာပဲ ...”

လျှိုကျီရူက အဓိပ္ပါယ်အပြည့်ဖြင့် ထပ်ပြောလိုက်သည်။

“ယွမ်ပေါင် အရှင့်ရဲ့ ကရုဏာတော်ကို ကျေးဇူးတင်လိုက်လေ ...”

ကရုဏာကို လက်ခံမလား ငြင်းမလားဆိုတာကတော့ မင်းအပိုင်းပေါ့ ...

ဒါက ဆုလာဘ်လည်း ဖြစ်နိုင်သလို သေမိန့်လည်း ဖြစ်သွားနိုင်တယ်လေ ...

အမတ်ချုပ်အိမ်တော်မှ ပြန်ရောက်လာပြီးနောက် ချင်ယန်သည် ဧကရီမယ်တော်၏ အဆောင်သို့ ချက်ခြင်း သွားရောက်ကာ အစီရင်ခံ တင်ပြလိုက်သည်။ များမကြာမီ ဒေါသတကြီး အော်ဟစ်သံတစ်ခု နန်းဆောင်အပြင်ဘက်အထိ ပျံ့လွင့်လာတော့၏။

“ဘာ ...”

ဧကရီမယ်တော်က သုန်မှုန်စွာဖြင့် မေးလိုက်သည်။

“ယွင်ယွီက ဘာပြောလဲ ...”

“အမတ်ချုပ်ယွင်က သူ့ရဲ့ နိမ့်ကျလှတဲ့ ရာထူးအဆင့်အတန်းကြောင့် ဧကရီကို မေးခွန်းမထုတ်ရဲပါဘူးတဲ့ ...”

“ရိုင်းလိုက်လေ ...”

မယ်တော်ကြီးက ခါးသီးစွာ ပြောလိုက်သည်။

“ယွင်မိသားစုက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးကို အထိန်းအကွပ် မဲ့လာတာပဲ အခု ငါ့မိသားစုကိုပါ ပေါ်ပေါ်တင်တင် ဆန့်ကျင်ရဲနေပြီပေါ့ ...”

ယွင်မိသားစုကိုသာ ဖြုတ်မချနိုင်ရင် ဒုက္ခတွေ ဖြစ်ကုန်တော့မှာပဲ ...

သူမက ခက်ထန်လှသည့် အကြည့်တို့ကို ရုတ်သိမ်းကာ ဆက်မေးလိုက်သည်။

“အရှင်က အခမ်းအနားနဲ့ နန်းပြင်ထွက်တာ ဘာလို့လဲ သိလား ...”

“ကျွန်တော်မျိုးမ ကြားရသလောက်တော့ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အရှင်က အိပ်မက်ဆိုးတွေ ဆက်တိုက် မက်ခဲ့ပါတယ်တဲ့ သူ့ရဲ့ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ နည်းလမ်းတွေကို ယခင်ဧကရာဇ်က မကျေနပ်ဖူးလို့ ထင်မိတဲ့အတွက် တော်ဝင်သင်္ချိုင်းကို သွားပြီး ကန်တော့မလို့ပါတဲ့ ...”

လီယင်းသည် သားသမီးဝတ္တရား ကျေပွန်သူဖြစ်ကာ ဖခင်ဖြစ်သူ ယခင်ဧကရာဇ်ဟောင်းနှင့်လည်း လွန်စွာ ရင်းနှီးလှသူ ဖြစ်ပေသည်။ ယခင်ဧကရာဇ်မှာ ပိုင်ဆိုင်မှုကိုသာ သိမ်းယူကာ အသက်ကို မလိုချင်သည့် ဘုရင်မျိုး ဖြစ်ပေသည်။ အကျင့်ပျက်ခြစားသည့် မှူးမတ်များကို ကိုင်တွယ်ရာ၌ ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူကာ ထိုသူတို့ကို ထောင်သွင်း အကျဉ်းချခြင်း သို့မဟုတ်ပါလျှင် ရှေ့တန်းစစ်မြေပြင်သို့သာ စေလွှတ်လေ့ ရှိသော်ငြား လီယင်းကမူ သူနှင့်မတူ၊ ပိုင်ဆိုင်မှုကိုသာမက အသက်ကိုပါ သိမ်းယူလိုပေသည်။

သူက နန်းတွင်းသူနန်းတွင်းသားများအပေါ် ညှာတာထောက်ထားတတ်သော်ငြား အကျင့်ပျက်ခြစားသည့် အမတ်များကိုမူ လွန်စွာ မုန်းတီးလှပေသည်။ လာဘ်စားကြောင်း သိရှိသည်နှင့် တစ်ပြိုင်နက် ထိုသူများကို ထောင်သွင်းအကျဉ်းချလေ့ ရှိသည်။ ပြစ်မှုကျူးလွန်သူမှာ မိသားစုခေါင်းဆောင်သာ ဖြစ်သည့်အတွက် ကျန်ရှိသည့် ဇနီးသားသမီးများကို အပြစ်ပေးရန် မသင့်လျော်ဟု အယူခံ ဝင်ကြသည့် အမတ်များ ရှိသော်ငြား လီယင်းကမူ ထိုလာဘ်စားခြင်းကြောင့် ရရှိလာသည့် အကျိုးအမြတ်များအား တပျော်တပါး သုံးစွဲရာတွင် ပြစ်မှုကျုးလွန်သူများသာမက မိသားစုဝင်များလည်း ပါဝင်သည့်အတွက် အပြစ်ဒဏ်ကိုလည်း ခံယူသင့်သည်ဟု ဆိုလာပေသည်။

ပြီးခဲ့သည့် နှစ်များအတွင်း တရားရုံးတော်ကို ပြန်လည်ဖွဲ့စည်းကာ အရာရှိပေါင်းများစွာကို သေဒဏ်ပေးပြီး ပြည်သူလူထု၏ အကျိုးကို ရွက်သယ်ပိုးခဲ့သည်။ မကောင်းမှုဟူ၍ မြူတစ်မှုန်စာမျှပင် မပြုလုပ်ထားသူများက သူ့ကို ကြင်နာသနားကာ စေတနာထားတတ်သည့် ဂုဏ်သရေနှင့် တင့်တယ်လှသော မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ် သတ်မှတ်ကြသော်လည်း ဒုစရိုက်မှု၌ ပျော်မွေ့ကြသူများကမူ သူ့ကို အရိုးထဲအထိ မုန်းတီးကြပေသည်။

သို့သော် အများစုမှာ သားသမီးအတွက် ငွေရှာကြသူများ ဖြစ်ရာ အဖေလာဘ်စားပါလျှင် သားသမီးကိုပါ ပြစ်ဒဏ်ပေးသည့် ဥပဒေကို အတည်ပြုပြီးနောက်ပိုင်း အဂတိမှုခင်းများ မရှိသလောက် နည်းပါးသွားတော့သည်။

လီယင်းသည် တော်ဝင်သင်္ချိုင်းသို့ မကြာခဏ သွားရောက်ကန်တော့ခဲ့ဖူးသော်ငြား မည်သည့်အခါကမှ ကြီးကျယ်ခမ်းနားစွာ မသွားခဲ့ဖူး။ ခပ်လျှိုလျှိုသာလျှင် သွားလေ့ရှိသူဖြစ်ရာ မယ်တော်ကြီးလည်း ဤတစ်ကြိမ် အိပ်မက်ဆိုးက သူ့ကို လွန်စွာထိတ်လန့်စေခဲ့၍ ဖြစ်ပေလိမ့်မည်ဟုသာ ကောက်ချက်ချလိုက်တော့သည်။

သူမက ပြောလိုက်သည်။

“တော်ဝင်သင်္ချိုင်းကို အခမ်းအနားနဲ့ သွားတာဆိုရင် သုံးရက်အတွင်း ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး မနက်ဖြန် သူ နန်းတွင်းက ထွက်ခွာတာနဲ့ တစ်ပြိုင်နက် အမတ်ချုပ်အိမ်တော်ကို အလည်အပတ် သွားကြတာပေါ့ ...”

နောက်ဆုံးစကားလုံးမှာ အဆိပ်အငွေ့အသက်တို့ ပြင်းထန်စွာ ကပ်ငြိနေပေသည်။

.........


နောက်တစ်နေ့မနက် မိုးမသောက်မီမှာပင် နန်းတော်တစ်ခုလုံး လူသံသူသံတို့ဖြင့် ဆူညံပွက်လောရိုက်နေတော့သည်။ တပ်စုအသီးသီး၏ ခေါင်းဆောင်တပ်မှူးတို့က တပ်သားများကို ရေတွက်နေကာ တော်ဝင်အစောင့်အကြပ်များကလည်း လက်နက်တို့ကို ကိုင်ဆောင်လျက် နန်းတော်အရှေ့တံခါးဝသို့ ခပ်သုတ်သုတ် ချီတက်လာကြသည်။

နန်းတော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသော်လည်း တစ်ဖက်ရှိ ယွင်ချင်းစီမှာမူ လွန်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး မိုးလင်းသည်အထိပင် နိုးမလာသေး။ အန်တီတင်း ချက်ပေးထားသည့် ဖက်ထုပ်များ စားသောက်ပြီးနောက် ခုံတွင်ထိုင်ကာ အပေါ်ဝတ်ရုံတစ်ထည် လွှမ်းခြုံလျက် လက်ရေးလှ လေ့ကျင့်နေလိုက်သည်။

နေအလင်းရောင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဧကရာဇ်သည် ကျက်သရေအဖြာဖြာ တင့်တယ်စွာသည့် ထီးတော်ကို မြင့်မြင့်မိုးပေးကာ ဆေးရောင်တို့ စုံလင်စွာ ခြယ်သထားသည့် ယပ်တောင်တို့ ကိုင်ဆောင်ထားသော ရံရွေတော်များ ခြံရံလျက် ကျန်းရှန်းနန်းဆောင်မှ ထွက်ခွာလာ၏။

တစ်ဖက်တွင်မူ နန်းတော်အရှေ့ဂိတ်ပေါက်မှ လှည်းငယ်တစ်စီး ထွက်ပေါ်လာကာ အထဲတွင် မယ်တော်ကြီးက မျက်စိအသာမှိတ်လျက် လိုက်ပါလာ၏။

“လမ်းလွှဲပြီးသွား အရှင့်ရဲ့ လှည်းနဲ့ မတိုက်စေနဲ့ ...”

လီယင်းသာ သူမ ဝင်ပါလာကြောင်း သိသွားပါလျှင် နောက်တစ်ကြိမ် မကျေမနပ် ဖြစ်လိမ့်ဦးမည်ဖြစ်သည်။

ယွင်ချင်းစီက ရုတ်တရက် နှာချေမိလိုက်သည့်အတွက် လက်ကို ယမ်းလိုက်ရာ ရေးလက်စ စာလုံးတို့ စွန်းထင်းသွားတော့သည်။

သက်ပြင်းချကာ ထိုစာရွက်ကို လုံးချေလျက် အမှိုက်ပုံးထဲ ပစ်ထည့်လိုက်၏။

ထိုစဉ် အစေခံတစ်ဦး၏ တင်ပြသံကို ကြားလိုက်ရသည်။

“ဧကရီအရှင် မယ်တော်ကြီးက အရှင့်ထံ အလည်အပတ် ရောက်လာပါတယ် အခု သူမက ခန်းမဆောင်ရှေ့ကို ရောက်နေပါပြီ ...”

အမတ်ချုပ်ယွင်လည်း အိမ်တော်တွင် ရှိနေကာ ဧည့်သည်များကို လက်ခံတွေ့ဆုံနေသည်။

မယ်တော်ကြီးကျန်း၏ အောင်မြင်မှုမှာ ကံကြောင့်သက်သက်သာ မဟုတ်၊ အခြားသော အကြောင်းအရင်းများလည်း ပါဝင်နေပေသည်။ ယွင်ချင်းစီနှင့် လီယင်းတို့၏ လက်ထပ်ပွဲ ဖြစ်မြောက်လာစေရန် အားပေးအားမြှောက် လုပ်သူမှာ သူမ ဖြစ်ကြောင်း အမတ်ချုပ်ယွင်လည်း သိထားသည့်တိုင် ထိုအချိန်က သားဖြစ်သူသည် လီယင်းကို တန်းတန်းစွဲ ချစ်ကြိုက်နေသည့်အတွက် မည်သို့မှ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိခဲ့ပေ။

သားအမိနှစ်ယောက် တစ်ယောက်တစ်လှည့် ရောက်လာနေကြတာ ရယ်တော့ ရယ်ချင်စရာပဲ ...

ယွင်မိသားစုမှာ အင်အားကြီးမားသည့်တိုင် တော်ဝင်မိသားစုကို မည်သည့်အချိန်ကမှ သစ္စာမဖောက်ခဲ့။ အမတ်ချုပ်ယွင်နှင့် ယခင်ဧကရာဇ်မှာ ညီအစ်ကိုအရင်းအချာနှယ် ရင်းနှီးကြသူများ ဖြစ်သော်ငြား ဤသားအမိအတွက်မူ သူသည် ကောက်ကျစ်သော အကြံတို့ကို ဖုံးကွယ်ထားသူတစ်ဦးသာ ဖြစ်ပေသည်။

အမတ်ချုပ်ယွင်ကလည်း ယွင်ချင်းစီ၏ အတွေးတို့ကို မခန့်မှန်းတတ်၊ ပြန်လည်ကောင်းမွန်ကာစ သားအဖဆက်ဆံရေး တစ်ဖန် ပျက်စီးသွားမည်ကို စိုးရိမ်သည့်အတွက် လီယင်းအကြောင်းကို အစမဖော်ရဲချေ။

ယွင်ချင်းစီလည်း ခန်းမဆောင်ထဲသို့ အမြန် ရောက်လာ၏။ ဝတ်ရုံရှည်တစ်ထည်ကို ခြုံကာ ရှည်လျားလှသည့် ဆံနွယ်တို့ကို သစ်သားဆံထိုးတစ်ချောင်းဖြင့် ထုံးဖွဲ့ထားရုံမှအပ သရဖူပင် မဆောင်းထားသည့် သူ့ပုံစံမှာ ရှင်းသန့်ကာ တင့်တယ်လှပေသည်။

သူ့ကို စိုက်ကြည့်နေသည့် မယ်တော်ကြီး၏ ခံစားချက်တို့လည်း ရှုပ်ထွေးသွားတော့၏။

ယွင်ချင်းစီက သူမကို အပြင်လူအဖြစ် မသတ်မှတ်လေသလား သို့မဟုတ် အလေးမထားလေသလားပင် မပြောတတ်တော့။ ကြင်နာကာ ပူပန်နေသည့် အမူအယာမျိုး အမြန် ချိတ်ဆွဲကာ ထိုင်နေရာမှ လှစ်ခနဲ ထ၍ မေးလိုက်သည်။

“ဒဏ်ရာက ဘယ်လိုနေသေးလဲ မယ်တော့်ကို ကြည့်ခွင့်ပေးပါဦး အလေးချိန်ပါ ကျသွားတာလား ...”

ယွင်ချင်းစီက သူ့ပါးကို ထိကိုင်လိုသည့် လက်နှစ်ဖက်အား ရှောင်ရှားကာ ခြေတစ်လှမ်း နောက်ပြန်ဆုတ်ပြီး အရိုအသေ ပေးလိုက်သည်။

“ဒီသားက တော်ဝင်မယ်တော့်ကို အရိုအသေပြုပါတယ် ...”

တစ်ဖန် ရှေ့တစ်လှမ်းတိုးကာ အမတ်ချုပ်ယွင်ကို ပြောလိုက်သည်။

“အဖေ့ကိုလည်း နှုတ်ခွန်းဆက်ပါတယ် ...”

“မိသားစုတွေပဲဟာ လောကဝတ်တွေ လုပ်နေဖို့ မလိုပါဘူး ...”

အမတ်ချုပ်ယွင်က ပြုံးကာ ပြောလိုက်သည်။

“မယ်တော်ကြီး ကြွချီလာတာဆိုတော့ နှစ်ယောက်သား အေးအေးဆေးဆေး စကားပြောလို့ရအောင် အဖေ ရှောင်ပေးရမလား ...”


Xxxxx