အပိုင်း ၁၆
Viewers 12k

Chapter 16



ယွင်ချင်းစီက မယ်တော်ကြီးကို သူ့ထက်ပင် ပိုမိုအလေးထားကြောင်း အမတ်ချုပ်ယွင်လည်း သိထားပြီး ဖြစ်ပေသည်။ သူမသည် လီယင်း၏ မယ်တော်ဖြစ်ကာ ယွင်ချင်းစီက လီယင်းကို တန်ဖိုးထားသည့်အတွက် သူမကိုလည်း ထပ်တူ အလေးထားမည် ဖြစ်ပေသည်။

မယ်တော်ကြီးအဖို့ သူရှောင်ပေးခြင်းက ပို၍ ကောင်းပေသည်။ မြေခွေးအိုကြီးကို ဘေးနားထားကာ ယွင်ချင်းစီကို အရူးလုပ်နိုင်ရန် မလွယ်ကူလှချေ။

သူမက ပြောလိုက်သည်။

“အိုက်ကျားအနေနဲ့ ရိုင်းပျမိသွားပါပြီ ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“မလိုအပ်ပါဘူး ...”

မယ်တော်ကြီးကျန်း၏ အပြုံးတို့ အေးခဲကာ သူ့ကို မယုံကြည်နိုင်လေဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

ယွင်ချင်းစီက သူမဘက်လှည့်ကာ နူးညံ့စွာ ပြောလိုက်သည်။

“ဘာအကြောင်းကိစ္စကြောင့်များ မယ်တော်ကိုယ်တိုင် ကြွရောက်လာရတာလဲ မသိဘူး ...”

ဒီစုန်းမကြီးက သူ့အဖေကို ရှေ့ထားပြီးကို သူမရဲ့ အရုပ်ဆိုးတဲ့ ဘက်ခြမ်းကို ထုတ်ပြရဲလား စောင့်ကြည့်ရသေးတာပေါ့ ...

အမတ်ချုပ်ယွင်က နေရာတွင် တစ်ဖန် ပြန်ထိုင်လိုက်သည်။

မယ်တော်ကြီးကလည်း ခပ်ဖြည်းဖြည်း ဝင်ထိုင်ကာ ပြောလိုက်သည်။

“ဒီနေ့ အရှင်က ဘိုးဘေးတွေကို ကန်တော့ဖို့ တော်ဝင်သင်္ချိုင်းကို သွားတော့ မင်းကို လာတွေ့နိုင်ဦးမှာ မဟုတ်ဘူး ...”

သူမက ယွင်ချင်းစီကို ပြင်းပြင်းထန်ထန် တွန်းမထုတ်ရန် တစ်ဖက်လှည့်ဖြင့် သတ်ိပေးလိုက်သည်။ ကောင်းကင်သားတော်တွင် လုပ်ဆောင်ရန် အရေးကိစ္စများစွာ ရှိနေသည့်အတွက် သူ့ကို နေ့စဉ်နေ့တိုင်း လာရောက် ချော့မော့နှစ်သိမ့်မနေနိုင်။

အမတ်ချုပ်ယွင်က ဝင်ပြောလိုက်သည်။

“အရှင်က တကယ်ကို သားသမီးဝတ္တရား ကျေပွန်တဲ့ သားတစ်ပါးပဲ ...”

ယွင်ချင်းစီကလည်း ထပ်ဖြည့်ပြောလိုက်သည်။

“အရှင်က တော်ဝင်သင်္ချိုင်းကို အရင်ကလည်း အကြိမ်နည်းနည်းလောက် ရောက်ဖူးတယ်လေ သူ ယခင်ဧကရာဇ်နဲ့ ဘာတွေများ ဆက်သွယ်လဲ သိချင်ပါရဲ့ ...”

မယ်တော်ကြီးကျန်း “?”

“ဆက်သွယ်တယ်” ဆိုတာ ဘာကိုဆိုလိုတာလဲ ...

ဧကရာဇ်ဟောင်း နတ်ရွာစံသွားတာဖြင့် ကြာလှနေပြီကို အခု ကိုယ့်ယောကျ်ားကိုယ် ပြန်ကျိန်ဆဲနေတာလား ...

အမတ်ချုပ်ယွင်က ဝင်ပြောလိုက်သည်။

“ဒီငယ်သားရဲ့ သားဖြစ်သူက ယခင်ဧကရာဇ်ကလည်း အရှင့်ကို နားလည်ပေးပါ့မလား မသိဘူးလို့ ဆိုလိုချင်တာပါ ရေမြေ့အရှင်တွေ အားလုံးက အကျင့်စရိုက် မတူညီကြဘူးလေ ...”

ယွင်ချင်းစီက ဆက်ပြောလိုက်သည်။

“အဖေက အသိဉာဏ်ဗဟုသုတ ကြွယ်ဝတေ့ ယေဘုယျအချက်တွေကို စုစည်းပြီး ကွာခြားချက် ရှာဖွေတဲ့ အပိုင်းကို ကျွမ်းကျင်ပိုင်နိုင်ပါတယ် အရှင်က တော်ဝင်သင်္ချိုင်းကို မကြာခဏ သွားနေတာဆိုတော့ မဟုတ်မှလွဲရော လွန်လေပြီးတဲ့ ခမည်းတော်ကို လွမ်းဆွတ်မိလို့များလား ...”

အမတ်ချုပ်ယွင်က အရဲကိုးကာ ပြောလိုက်သည်။

“ယခင်ဧကရာဇ်နဲ့ အရှင့်ရဲ့ သားအဖ ဆက်ဆံရေးက အင်မတန်မှကို နက်ရှိုင်းတော့ လူတိုင်းက အရှင့်ရဲ့ သားသမီးဝတ္တရား ကျေပွန်မှုကို ကောင်းကောင်းကြီး သိထားကြပါတယ် ...”

ယွင်ချင်းစီက သူမကို တမင်တကာ ပစ်မှတ်ထားနေကြောင်း သူကိုယ်တိုင်လည်း သဘောပေါက်ပေသည်။

တူညီတဲ့ အချက်တွေကို စုစည်းပြီး ကွာဟချက်ကို လေ့လာတယ် ဟုတ်လား ဒီလိုသာဆို လီယင်းက ဘယ်လိုလုပ် အိပ်မက််ဆိုး မက်မှာလဲ ပြီးတော့ အရှင်က တော်ဝင်သင်္ချိုင်းကို ခဏခဏ သွားတဲ့အကြောင်း ဆက်တိုက်တွေ ထည့်ပြောနေတာ သူက လီယင်းကို အိပ်မက်ဆိုးမက်တယ်လို့ အကြောင်းပြပြီးသာ သွားသွားပြီး ကန်တော့နေတာ တကယ်တမ်းတော့ အဖေနဲ့ မခွဲနိုင်တဲ့ ကလေးပေါက်စလိုပဲလို့ လှောင်ရယ်ချင်နေတာ မဟုတ်လား ...

တိတ်တခိုး သက်ပြင်းချကာ သူ၏ အငယ်ဆုံးသားလေး စကားဆက်မပြောတော့ဘဲ မယ်တော်ကြီး၏ မျက်နှာကို အကဲခတ်မိရန် မျှော်လင့်လိုက်မိတော့သည်။

ယွင်ချင်းစီကမူ အလျင်မလို။

“အရှင့်ကို ယခင်ဧကရာဇ်က ပျိုးထောင်ခဲ့တယ် ဆိုပေမယ့် ...”

သူက မယ်တော်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

“အရှင်က တော်ဝင်သင်္ချိုင်းကို ကြွချီနေတဲ့ အချိန်မှာ မယ်တော်က ဘယ်လိုအကြောင်းကြောင့် ကျွန်တော့်ကို လာတွေ့ဖို့ အချိန်ရလာတာလဲ ...”

လွန်လေပြီးသည့် ဧကရာဇ်က လီယင်းကို လွန်စွာ ချစ်ခင်သည့်တိုင် မယ်တော်ကြီးကျန်းကိုမူ လုံးဝ ချစ်ခင်ခြင်း မရှိ၊ တစ်ဦးနှင့်တစ်ဦး ဧည့်သည်တော်များသဖွယ် လေးစားမှုသာ ရှိကြောင်း အားလုံးအသိပင် ဖြစ်သည်။ ထိုအကြောင်းကို လီယင်းလည်း သိထားသည့်အတွက် တော်ဝင်သင်္ချိုင်းသို့ သွားလေတိုင်း သူမကို ခေါ်ဆောင်သွားခြင်း မရှိပေ။

သို့သော် သူ သွားလေတိုင်း သူမကို နှုတ်ဆက်သွားလေ့ ရှိပေသည်။ ဤတစ်ကြိမ်တွင်မူ လုံးဝ နှုတ်ဆက်ခြင်းမပြု။

ယွင်ချင်းစီက ထိုအကြောင်းကို မသိသည့်တိုင် သူမကမူ လီယင်း ဂူသင်္ချိုင်းသို့ သွားရောက် ကန်တော့ရာတွင် သူမ၏ ခံစားချက်ကို ထည့်မတွက်ဘဲ ပွင့်လင်းမြင်သာစွာ ထွက်ခွာခဲ့ရုံသာမက သူမကို အလေးမထားသည့်နှယ် မသွားခင် နှုတ်ဆက်ခြင်းပင် မပြုတော့ကြောင်း သဘောပေါက်သွားပေသည်။

မူလက ထိုကိစ္စနှင့် စပ်လျဉ်း၍ များစွာ မတွေးခဲ့ဖူးသော်ငြား ယခုမူ လီယင်း၏ အပြုအမူများသည် ယခင်နှင့် လုံးဝ မတူညီတော့ကြောင်း ရုတ်ချည်း သဘောပေါက်သွားတော့သည်။

ယွင်ချင်းစီက ထင်မှတ်မထားစွာ ချက်ကောင်း ထိမိလိုက်သည့်နှယ်။မယ်တော်ကြီး၏ မျက်နှာတစ်ခုလုံး အေးစက်တင်းမာသွားတော့သည်။

အမတ်ချုပ်ယွင်က လေထုကို ပေါ့ပါးသွားစေရန် ကြိုးစားလိုက်သည်။

“...မယ်တော်ကြီးက မင်းအတွက် စိတ်ပူလို့ပါ ...”

“အမတ်ချုပ်ယွင် ...”

သူမက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“အရှင်က အိုက်ကျားရဲ့ သားတော် ဖြစ်ပေမယ့် ဘက်လိုက်တဲ့ စကားမျိုး လုံးဝ ပြောမှာ မဟုတ်ဘူး ဒီကိစ္စတွေ ဖြစ်လာတယ် ဆိုတာကလည်း အားစီဘက်က အရင်ရန်စလို့ ဖြစ်လာတာလေ တကယ်လို့ သူ့နေရာမှာ အခြားတစ်ယောက်ယောက်သာဆို အရှင့်ရဲ့ နဂါးခန္ဓာကိုယ်ကို ထိခိုက်စေတဲ့အတွက် လုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခံရမှာ ကျိန်းသေပဲ အခု အရှင်က ဒီကိစ္စကို ပေါ့ပေါ့ပါးပါးလေးပဲ သဘောထားဖို့ ကြိုးစားနေရင် အမတ်ချုပ်ယွင်အနေနဲ့လည်း အခြေအနေကို ဂရုတစိုက် ချိန်ညှိရမယ်လေ ....”

အရှင်က မင်းတို့ ယွင်မိသားစုကို လုံလုံလောက်လောက် မျက်နှာသာ ပေးပြီးသွားပြီ မင်းရဲ့ အငယ်ဆုံးသားကို ပြဿနာတွေ ပိုများလာအောင် ခေါင်းမာခွင့် မပေးထားနဲ့တော့ ...

ယွင်ယွီက ထိုစကားကို မကျေနပ်သည့်တိုင် ပြဿနာ၏ အရင်းအမြစ်မှာ ယွင်ချင်းစီ၏ မနာလိုစိတ်မှ မြစ်ဖျားခံလာခဲ့ခြင်း ဖြစ်သည့်အတွက် လက်ခံရုံမှအပ မရှိတော့ချေ။

“မယ်တော်ကြီးရဲ့ စကားက မှန်ပါတယ် ဒီကလေးက တော်တော်လေး ခေါင်းမာတော့ ဒီအမတ်အိုကြီးကပဲ သူ့ကို ကြပ်ကြပ်မတ်မတ် သင်ကြားပေးလိုက်ပါ့မယ် ...”

မယ်တော်ကြီးက သက်ပြင်းချကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အရှင်က ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်တော့ ဒီတစ်ခေါက် သူ့အပြုအမူတွေက သေချာပေါက် အလောသုံးဆယ် ဖြစ်သွားမှာပဲ သူက မင်းရဲ့ စိတ်ပျက်မှုကို နားလည်တယ် ဆိုပေမယ့် မင်းကလည်း ဧကရီတစ်ပါးလေ မင်းသာ မိဘအိမ်မှာပဲ နေနေရင် လူတွေအမြင်မှာ ဘယ်လိုဖြစ်သွားမလဲ ...”

“ဧကရီ? …”

ယွင်ချင်းစီက ပြောလိုက်သည်။

“သူက ကျွန်တော့်ရဲ့ ခန်းဝင်နဲ့အတူ ပါလာတဲ့ အစောင့်အကြပ်တွေကို သိမ်းယူထားတာတောင် အခုထိ ကျွန်တော်က ဧကရီ ဖြစ်နေသေးတယ်လား မယ်တော်အနေနဲ့ရော ဘယ်လိုထင်လဲ ..."

မယ်တော်ကြီးက ပြုံးပြကာ ဤသို့ တွေးလိုက်သည်။

မင်းက ဒါကြောင့် ဒေါသထွက်နေတာပေါ့ ဟုတ်လား ...

“မင်းတို့တွေ အတူတူရှိလာကြတဲ့ နှစ်တွေတောင် မနည်းတော့တာကို ဒီလို အသေးအဖွဲလေးတွေကို ဂရုစိုက်နေဦးမလို့လား မယ်တော်ကပဲ မင်းကို လာကြိုပေးမယ်လေ ဧကရီမယ်တော်ရဲ့ အစောင့်အကြပ်တွေဆိုရင်ကို လုံလုံလောက်လောက် ကောင်းမွန်နေပြီ မဟုတ်လား ...”

မခံချိမခံသာ ဖြစ်သွားရသည့် အမတ်ချုပ်ယွင်က ဝင်ပြောလိုက်သည်။

“အခုလေးတင်ပဲ မယ်မယ်က အရှင့်ခန္ဓာကိုယ်ကို မလေးမစားလုပ်တာက သေဒဏ်တောင် ပေးလို့ရတဲ့ ပြစ်မှုဆိုပြီး ပြောခဲ့တယ်လေ အခုကျ ဒါကို အသေးအဖွဲလေးလို့ ပြောပြန်ပြီ ကျွန်တော့်ရဲ့ သားက ဒါကို ဂရုမစိုက်ရင်တောင် အရှင်ကမှ ပထမဆုံး အလေးမထားခဲ့တဲ့သူ မဟုတ်လား ...”

ဧကရီမယ်တော်ကြီးကျန်း “...”

အမတ်ချုပ်ယွင်သည် ကာလရှည်ကြာ မှူးမတ်ဖြစ်လာခဲ့သည့်အတွက် တစ်ဖက်သူ၏ စကားကို ချက်ကျလက်ကျ ဆုပ်ကိုင်ရာတွင် အထူး ကျွမ်းကျင်လှပေသည်။

“မယ်မယ် ဒီအမတ်အိုကြီးက မျှမျှတတ ဆက်ဆံပေးဖို့ တစ်ခုပဲ တောင်းဆိုချင်ပါတယ် အရှင်က ဒေါသထွက် စိတ်ပျက်ရင် ယွင်မိသားစုက ဘာတစ်ခွန်းမှ မပြောဘဲ အပြစ်ကို စိတ်လိုလက်ရ လက်ခံခဲ့ပေမယ့် ထုံးစံအရ ပါဝင်လာတဲ့ အစောင့်အကြပ်တွေကို သိမ်းယူခံလိုက်ရပြီးနောက်ပိုင်း အမျိုးမျိုးသော အတင်းအဖျင်းတွေကြောင့် သားဖြစ်သူရဲ့ ဂုဏ်သတင်း ပျက်ယွင်းနေရပါတယ် အခု မယ်တော်ကြီးက သူ့ကို ဧကရီလို့ နာမည်တပ်ပြီး နန်းတော်ထဲကို ပြီးစလွယ် ပြန်ခေါ်သွားမယ်ဆိုရင် ဒီအမတ်အိုကြီးအနေနဲ့ လုံးဝ ခွင့်ပြုမပေးနိုင်ပါဘူး ...”

မယ်တော်ကြီးကလည်း ဤပြိုင်ဘက်မှာ သူမအတွက် လွန်စွာ ခက်ခဲလှကြောင်း သိထားသည့်အတွက် ယွင်ချင်းစီကိုသာလျှင် ခြိမ်းခြောက်လိုက်တော့သည်။

“ရှောင်စီ မင်း တွေးကြည့်ဖူးလား တကယ်ပဲ မယ်တော်နဲ့အတူ နန်းတော်ကို ပြန်မလိုက်လာတော့ဘူးလား ခု အရှင်က အရှက်ရနေတာတောင် မင်းကို ခွင့်လွှတ်ချင်နေတုန်းပဲ ဒါပေမယ့် တကယ်လို့ သူသာ ...”

အမတ်ချုပ်ယွင်၏ မျက်နှာ မဲမှောင်ကာ လက်ဖက်ရည်ခွက်ကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်တော့သည်။

သူမကို မြင်ရကာမှ သားဖြစ်သူ ပိုပိုပြီး ခေါင်းမာကာ တစ်ပါးသူအား သံသယလွန်ကဲစွာဖြင့် ကြီးပြင်းလာရခြင်း၏ အကြောင်းအရင်းကို သဘောပေါက်သွားရတော့သည်။

သူက ပေါ့ပေါ့ပါးပါး ပြန်ပြောနေသည့် ယွင်ချင်းစီကို မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒါဆိုလည်း သူ ကျွန်တော့်ကို စွန့်ပစ်လိုက်ပေါ့ ...”

အမတ်ချုပ်ယွင်က ရုတ်ချည်း စိတ်သက်သာရာ ရသွားတော့၏။

မယ်တော်ကြီးမှာမူ စိတ်နှလုံး တင်းကြပ်ကာ မတ်တပ်ထရပ်မိလုမတတ်ပင် ဖြစ်သွားတော့သည်။ သူမက ခပ်တိုးတိုး ပြောလိုက်၏။

“ရှင်းရှင်းလင်းလင်း စဉ်းစားကြည့် တကယ်လို့ အရှင်ကသာ မင်းကို ထပ်ပြီး မလိုချင်တော့ရင် ...”

အမတ်ချုပ်ယွင်မှာ လုံးဝ လက်ပိုက်ကြည့်မနေနိုင်တော့။

လီယင်းက မလိုချင်တော့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ သူ့သားမှာ အဖေရယ် အစ်ကိုတွေရယ် ရှိနေသေးတယ် ပြီးတော့ သူကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှ မှီခိုနေစရာ မလိုဘူး ဒီလိုမျိုး ခြိမ်းခြောက်ခံရစရာလည်း မလိုဘူး ...

သို့သော် မယ်တော်ကြီး၏ စကားအရ ဤသို့သော ခြိမ်းခြောက်မှုမျိုးမှာ ပထမဆုံးအကြိမ် မဟုတ်၊ ရှေ့တွင်လည်း ကြိမ်ဖန်များစွာ ဖြစ်ပွားပြီးဖြစ်ကြောင်း အလိုလို သဘောပေါက်သွားပေသည်။

သူက တည်ကြည်စွာ ပြောလိုက်သည်။

“ဒါဆို သူက ကျွန်တော်နဲ့ နေပါလိမ့်မယ် ...”

ယွင်ချင်းစီက မျက်လွှာချလျက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

မယ်တော်ကြီး၏ အမူအယာတို့ အေးခဲသွားကာ လှောင်ရယ်လိုက်သည်။

မယုံပါဘူး ယွင်ချင်းစီလား လီယင်းကို လမ်းခွဲနိုင်မှာ ...

ထိုစဉ် အပြင်ဘက်မှ အိုးစည်ဗုံမောင်းသံများကို ကြားလိုက်ရသည်။

မြင်းတပ်သားများက လမ်းကြောင်းရှင်းကာ တော်ဝင်အစောင့်အကြပ် စစ်သူကြီးများက ခြေလျင်တပ်၊ လေးတပ်၊ ဒူးလေးတပ်နှင့် တပ်စိတ်များစွာ ခြံရံလျက် ထွက်ပေါ်လာ၏။လူထောင်သောင်းများစွာ၊လှည်းရထားပေါင်းများစွာ ခြံရံလျက် အမတ်ချုပ်အိမ်တော်သို့ ကြွချီလာသည့် ကောင်းကင်သားတော်၏ အပြုအမူမှာ ချဲ့ကားလွန်းရာရောက်သည်ဟု ပြောလျှင်ပင် လွန်အံ့မထင်။

အိမ်တော်ထိန်းတင်းက အလျင်အမြန် အစီရင်ခံလိုက်၏။

“အမတ်ချုပ်ယွင် အရှင်က ဧကရီကို နန်းတော်ကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် ဗိုလ်ပါအပေါင်း ခြံရံပြီး ကြွချီလာပါတယ် ...”

ကျက်သရေရှိစွာ မတ်တပ်ရပ်လိုက်သည့် မယ်တော်ကြီးမှာလည်း ထိုစကားတို့ကို ကြားလိုက်ရသည့် တစ်ခဏ၌ ခြေထောက်တို့ ပျော့ခွေကာ ထိုင်ခုံပေါ် လဲကျသွားတော့သည်။ မျက်နှာတစ်ခုလုံးလည်း သွေးဆုတ်ဖြူလျော်နေတော့၏။

..........

အိမ်တော်၏ ပင်မတံခါးဝကို ဖွင့်ကာ အမတ်ချုပ်ယွင် ဦးဆောင်လျက် အငယ်ဆုံးသခင်လေး အပါအဝင် အိမ်စေများ၊ အစေခံများနှင့် အစောင့်အကြပ်အားလုံး ဂိတ်ပေါက်ဝသို့ ထွက်ကာ ဧကရာဇ်အား ကြိုဆိုနှုတ်ခွန်းဆက်လိုက်ကြတော့၏။

ကျောက်စိမ်းဝေါယာဉ်ပေါ်မှ ခြေကျင်းဝတ်နားအထိ ရှည်လျားသည့် နဂါးဝတ်ရုံတော်နှင့် နဂါးချည်ထိုးဖိနပ် ဝတ်ဆင်ထားသော ကောင်းကင်သားတော် ဆင်းလာသည်နှင့် တစ်ပြိုင်နက် ဘေးတစ်ဖက်တစ်ချက်စီရှိ တော်ဝင်အစောင့်အကြပ်အားလုံး ဒူးထောက်ကာ အရိုအသေ ပေးလိုက်ကြသည်။ လီယင်းက ဦးညွတ်အရိုအသေပေးနေသည့် အမတ်ချုပ်ယွင်ကို အမြန် မတ်တပ်ရပ်စေလိုက်၏။

တိတ်ဆိတ်နေသည့် ဝန်းကျင်တွင် သူ၏ တည်ငြိမ်လှသည့် စကားသံကသာ ပြတ်ပြတ်သားသား ထွက်ပေါ်လာတော့သည်။

“ဆရာ ယဉ်ကျေးနေစရာ မလိုအပ်ပါဘူး ...”

လူထောင်သောင်းများစွာ၏အလယ်ရှိ ချိုးရှန်း၏ မျက်နှာတစ်ခုလုံး စိမ်းပုတ်သွားတော့သည်။ ပြီးခဲ့သည့် ရက်ပိုင်းက သူပြောခဲ့သည့် စကားများကို ထပ်ကာထပ်ကာ ပြန်လည်ကြားယောင်လာမိတော့၏။

(သူသာ ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ရင် မင်းက ငါ့အစ်ကိုကြီးပဲ")

သူ့အနာဂတ်တစ်ခုလုံး အမှောင်ကျသွားတော့၏။

နန်းစွန့်ခံရလုနီးပါး အခြေအနေအထိ ရောက်ရှိနေပြီဖြစ်သော ဧကရီကို နန်းတော်သို့ ပြန်လည်ခေါ်ဆောင်ရန် ဧကရာဇ်အရှင်၏ တိုင်းခန်းလှည့်လည်သည့် ဝေါယာဉ်အဆောင်အယောင်ကိုပင် အသုံးပြုလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားကြချေ။

သို့သော် မည်မျှပင် တုန်လှုပ်အံ့ဩနေပါစေ အမျိုးမျိုးသော တပ်ဖွဲ့တို့၏ တပ်သားများ၊ တော်ဝင်အစောင့်အကြပ်များနှင့် ဂီတပညာရှင် များမှာမူ လေးနက်တည်ကြည်နေကြဆဲပင် ဖြစ်သည်။

တိုင်းခန်းလှည့်လည်သည့် အခမ်းအနားမှာ တော်ဝင်မိသားစု၏ မျက်နှာစာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကြီးမြတ်မှုကို ကိုယ်စားပြုရာ ရောက်သည့်အတွက် သေးငယ်လှသည့် လွဲချော်မှုတစ်ခုကပင်လျှင် ခေါင်းဖြတ်ခံရလောက်သည်အထိ သက်ရောက်မှု ကြီးမားပေသည်။

ထို့ကြောင့် မည်မျှပင် အံ့ဩတုန်လှုပ်နေပါစေ မည်သူမှ ထုတ်မပြရဲခြင်း ဖြစ်သည်။

မယ်တော်ကြီးကျန်းက အရိုအသေပြုရာမှ ထူမခြင်း ခံလိုက်ရသည့် အမတ်ချုပ်ယွင်ကိုသာ စိုက်ကြည့်နေလိုက်၏။ နူးညံ့ကြင်နာမှုတို့ လျှံထွက်နေသည့် ဧကရာဇ်ကို ငေးကြည့်ရင်း သူ့အကြောင်း စိုးစဉ်းမျှ မသိတော့သည့်နှယ် ခံစားလိုက်ရတော့သည်။

ဘယ်လိုဖြစ်လို့ ယွင်ချင်းစီအတွက်နဲ့ ဒါမျိုး လုပ်နိုင်ရတာလဲ ...

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ယွင်မိသားစုရဲ့ အငယ်ဆုံးသားက ဒေါသထွက်စရာတွေ ဆက်တိုက် လုပ်နေခဲ့တာတောင် အခုအထိ သူ့ကို မုန်းတီးရွံရှာတဲ့စိတ်တွေ မဖြစ်သေးဘူးလား ...

“အရှင့်ကို မေးပါရစေ ဒါက ...”

အမတ်ချုပ်ယွင်က သူ့အနောက်သို့ အကဲခတ်သည့်နှယ် လှမ်းကြည့်လိုက်သည်။

“ကိုယ်တော့် ဧကရီကို နန်းတော်ပြန်လာဖို့ လာခေါ်တာလေ ...”

အမတ်ချုပ်ယွင်၏ ဘေးတွင် ရပ်နေသည့် ယွင်ချင်းစီမှာ ကမန်းကတမ်း ထွက်လာရသည့်အတွက် အပေါ်ရုံကိုပင် ကောင်းစွာ မခြုံခဲ့ရသည့်နှယ်၊ ပုခုံးထက်တွင် ကပိုကရို လျောကျနေသည်။ ဆံပင်ရှည်တို့ကိုပင်လျှင် ဖြီးသင်ထုံးဖွဲ့ခြင်း မပြုခဲ့ရ။

သူက လျစ်လျူရှုထားဟန်တို့ အနည်းငယ် ရောယှက်လျက် ကြည့်လိုက်သော်လည်း ကြည်လင်ဖြူဖွေးလှသည့် မျက်နှာကြောင့် အားနည်းကာ ကရုဏာသက်ဖွယ်ပင် ကောင်းနေသေးသည်။

ဤသည်မှာ လီယင်း ကောင်းကောင်းသိခဲ့သည့် ယွင်ချင်းစီပင် ဖြစ်သည်။ ပြစ်မျိုးမှဲ့မထင် လှပကာ အသရေတင့်နေခြင်း မဟုတ်သော်ငြား သူ့နှလုံးသားထဲတွင် အရင်းနှီးရဆုံးသူ ဖြစ်သည်။

သူ့နောက်တွင် အစေခံတစ်ဦးက သေသပ်စွာ ခေါက်ထားသော ဇာမဏီဝတ်ရုံ၊ နှစ်လွှာသရဖူနှင့် ငွေချည်ထိုး ဇာမဏီဖိနပ် အပါအဝင် အခြားအသုံးအဆောင်များကို သယ်ဆောင်လာသည်။ လျှိုကျီရူက ရှေ့တစ်လှမ်းတိုးကာ ပြောလိုက်၏။

“ကျေးဇူးပြုပြီး ဧကရီအရှင် ပြန်သွားပြီး ဒီဝတ်စုံကို ဆင်ယင်ပေးပါ ...”

လီယင်းက ဘေးတွင် ရပ်နေသည့် မယ်တော်ကြီးကျန်း၏ သုန်မှုန်လှသော အမူအယာကို ဖျတ်ခနဲ အကဲခတ်မိသွားသည်။ ထိုစဥ် သူ့အကြည့်တို့ထဲ၌ မမျှော်လင့်ထားဟန်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် ထိုအပြောင်းအလဲမှာ မြန်ဆန်လွန်းလှသည့်အတွက် မည်သူမှ သတိမပြုမိလိုက်။

အကြည့်တို့ကိုလွှဲကာ ယွင်ချင်းစီထံ လျှောက်လာလိုက်၏။

လက်ရာမြောက်လှသော ဘရိုကိတ်ပိုးထည်စဖြင့် ပြုလုပ်ကာ ဘေးတစ်ဖက်တစ်ချက်စီတွင် လက်နှစ်လုံးခန့် အရွယ်ရှိ ရွှေပြားတို့ တွဲလွဲကျနေသော အနက်ရောင် သရဖူမှာ အများနှင့် မတူ၊ ကွဲပြားထင်ရှားလှသည့် မျက်နှာတော်ဖြင့် လွန်စွာ လိုက်ဖက်ညီပြီး တင့်တယ်ကာ တော်ဝင်ဆန်သည့် အငွေ့အသက်ကို ပေးစွမ်းနေသည်။

သူက ယွင်ချင်းစီကို ငေးကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။

“ကိုယ် မင်းကို ပြန်ခေါ်ဖို့ ရောက်လာတာ အိမ်ပြန်ကြရအောင် ...”





Xxxxxx