Chapter 17
“ကိုယ် မင်းကို လာခေါ်ဖို့ ရောက်လာတာ အိမ်ပြန်ကြရအောင် ...”
သူ့နောက်နားတွင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် နဂါးဝေါယာဉ် အပါအဝင် ယွင်ချင်းစီအတွက် အထူးပြုလုပ်ပေးထားသည့် ဇာမဏီဝေါယာဉ်ပါ ပါရှိလာသည့်အတွက် ယွင်ချင်းစီအနေဖြင့် သူနှင့်အတူ ထိုင်လိုသည်ဖြစ်စေ၊ တစ်ဦးတည်းသီးသန့် ထိုင်လိုသည်ဖြစ်စေ အဆင်ပြေလှပေသည်။
ဤတစ်ခေါက်တွင် လီယင်းသည် ယွင်ချင်းစီကို နန်းတော်သို့ ပြန်ခေါ်နိုင်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ ထို့အပြင် နန်းတော်ထဲမှ ဝေါယာဉ်ထွက်လာပြီး နေ့တစ်ပိုင်းအတွင်း “အစွန့်ပစ်ခံ ဧကရီ” ဟူသည့် ကောလဟာလများ လုံးဝ ပျောက်ကွယ်သွားမည်ဖြစ်ကြောင်းကိုလည်း ကောင်းကောင်း သိထားပေသည်။
ယွင်ချင်းစီအနေဖြင့်လည်း တိုင်းပြည်၏ ဧကရီအဖြစ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိကာ လူထောင်သောင်းများစွာတို့၏ ရိုသေခစားမှု အောက်တွင် ဝင့်ထည်စွာ နေထိုင်နိုင်တော့မည် ဖြစ်ကာ သူ့အထက်တွင် ဧကရာဇ်တစ်ဦးတည်းသာလျှင် ရှိပေသည်။
သူ့အနေဖြင့် ဧကရာဇ်ကိုယ်တိုင် လာရောက် ခေါ်ဆောင်သည်ကို ငြင်းပယ်ရန် အကြောင်း မရှိပေ။
ဤသည်ကို မယ်တော်ကြီးကျန်းလည်း ကောင်းစွာ သဘောပေါက်ထားပြီးဖြစ်သည်။
သို့သော် အတွင်းစိတ်ထဲတွင်မူ ယွင်ချင်းစီ ငြင်းဆန်လိမ့်မည်ဟု မျှော်လင့်မိနေဆဲပင်။ လီယင်းက ဤနေ့ရက်အတွက် များစွာ အားစိုက်ထုတ်ကာ ပြင်ဆင်ခဲ့ရာ ဤခရီးစဉ်မှာ သူ့အတွက် များစွာ အရေးကြီးလှကြောင်း ထင်ရှားပေသည်။ ယွင်ချင်းစီသာ သူမ လာရောက်စဉ်ကနှင့် အလားတူညီစွာ ထောင်လွှားမောက်မာခဲ့ပါလျှင် အားလုံး ပျက်စီးသွားမည်ဖြစ်သည်။
လူအများရှေ့မှောက်တွင် ကောင်းကင်ဘုံသားတော်အား ငြင်းဆန်ခြင်းသည် ယွင်မိသားစု၏ အာဏာကို အသုံးချ၍ ဧကရာဇ်အား အာခံခြင်းနှင့် အတူတူပင်ဖြစ်သည်။
လီယင်းသည် ယွင်မိသားစုကို မည်သို့မျှ သည်းခံတော့မည် မဟုတ်ချေ။
ထို့အပြင် ယွင်မိသားစုမှအပ ...
အမတ်ချုပ်ယွင်က မျက်မှောင်ဖွဖွ ကျုံ့လိုက်၏။ ဖခင်တစ်ဦးအနေဖြင့် ယွင်ချင်းစီကို လီယင်းဖြင့် လမ်းခွဲစေလိုသည့်တိုင် တော်ဝင်အခမ်းအနားမှာ သူ့အိမ်ရှေ့တိုင် ဆိုက်ရောက်လာသည့်အတွက် ငြင်းဆန်ရန်လည်း မလွယ်ကူလှချေ။
ခံစားချက်တို့ တစ်မဟုတ်ချင်း ရှုပ်ထွေးလာတော့၏။
ယွင်ချင်းစီက နန်းတော်သို့ ပြန်လိုက်ရန် ငြင်းဆန်လိုက်ပါစေဟု မျှော်လင့်မိသည့်တိုင် ထိုသို့ ငြင်းဆန်လိုက်ပါလျှင်လည်း ယွင်မိသားစုက တော်ဝင်မိသားစုအား အာခံပါသည်ဟူသည့် သတင်းမှာ လဝက်အတွင်းမှာပင် တစ်နိုင်ငံလုံးအနှံ့ ပျံ့နှံ့သွားတော့မည် ဖြစ်သည်။
ကာလရှည်ကြာလာလေလေ ပို၍ ပြဿနာ ကြီးမားလာနိုင်မည့် အနေအထားတွင် ရှိနေပေသည်။
အမျိုးမျိုးသော အတွေးစတို့ ထွက်ပေါ်လာသည့်တိုင် လူထောင်သောင်းများစွာရှေ့တွင် မည်သူကမှ ကိုယ့်အတွေးကို ထုတ်မပြောရဲကြ။ အသက်ရှူအောင့်ကာသာ ယွင်ချင်းစီ၏ ဆုံးဖြတ်ချက်ကို စောင့်နေလိုက်ကြသည်။
ယွင်ချင်းစီက လီယင်းကို စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။ မယုံကြည်နိုင်ဟန်တို့က သူ့မျက်နှာတွင် အထင်းသား ပေါ်လွင်နေကာ အကြည့်တို့မှာလည်း သရော်လိုဟန်တို့ အနည်းငယ် စွန်းထင်းနေသည်။
လီယင်းကလည်း အသက်ကို ခပ်ဖွဖွ ရှူသွင်းကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ဤသည်မှာ သူ့စိတ်ထဲ မသက်မသာ ခံစားရလေတိုင်း လုပ်လေ့ရှိသည့် အမူအယာဖြစ်သည်။ ထိုအကြောင်းကို သိထားသည့် လျှိုကျီရူမှာလည်း အလားတူပင် စိုးရိမ်ပူပန်လာရတော့သည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လီယင်းသည် အိပ်မက်ဆိုးများ ညတိုင်း မက်လေ့ရှိသည်။ နိုးထလာချိန်တိုင်း မျက်ဝန်းအစုံတို့ သွေးချင်းချင်းနီရဲကာ ရူးသွပ်လုမတတ်ပင်။ အတော်ကြာ ငေးငိုင်နေပြီးကာမှသာ တစ်ဖြည်းဖြည်း ပြန်လည်သက်သာလာခဲ့သည်။
အိပ်မက်ဆိုး မက်နေစဉ်အတွင်း သည်းမခံနိုင်လောက်အောင် နာကျင်ရသည့် ဖြစ်ရပ်မျိုးကို ကြုံတွေ့ရ၍သာလျှင် နိုးထလာချိန်တိုင်း ရူးသွပ်မတတ် ဖြစ်နေရကြောင်း လျှိုကျီရူလည်း ခန့်မှန်းမိသည်။
တစ်ခါတစ်ရံတွင် သူ့ကိုပင် လက်ရှိရောက်နေသည့် ခုနှစ်နေ့ရက်များအကြောင်း မေးလေ့ရှိသေးသည်။
ဧကရာဇ်သည် ယခုနေ့ရက်ကို လွန်စွာ စောင့်မျှော်ခဲ့ရရာ ဧကရီကိုသာ ပြန်လည်မခေါ်ဆောင်နိုင်ခဲ့ပါလျှင် ပြည်သူများအရှေ့တွင် မျက်နှာပျက်ရမည့်အပြင် ကံဆိုးသူအချို့မှာ အသက်ပင်လျှင် စတေးရမည့် အနေအထားမျိုး ဖြစ်ပေသည်။
ညတိုင်း အိပ်မက်ဆိုးကြောင့် လန့်နိုးလာသည့် ဧကရာဇ်မှာ လွန်စွာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
အားလုံး အသံတိတ်သွားကြပြီးသည့်နောက် ယွင်ချင်းစီဘက်မှ စတင်လှုပ်ရှားလာတော့သည်။ သူက ခြေတစ်လှမ်း နောက်ဆုတ်ကာ အနည်းငယ် ဦးညွတ်လျက် ပြောလိုက်၏။
“ဒီငယ်သားက အမြန်ဆုံး ပြန်လာခဲ့ပါ့မယ် ..."
ထိုအခါမှ လျှိုကျီရူလည်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချကာ အစေခံများကို ဦးဆောင်လျက် ယွင်ချင်းစီအနောက်သို့ ထပ်ကြပ်မကွာ လိုက်သွားလိုက်တော့သည်။
အမတ်ချုပ်ယွင်က နဖူးတွင် စီးကျလာသည့် ချွေးအေးများကို သုတ်လိုက်သည်။ ကွာရှင်းပြတ်စဲမည့် အကြောင်းမှာ နောက်ပိုင်းတွင်မှ ဆက်လက်ဆွေးနွေး၍လည်း ရသော်ငြား တော်ဝင်အခမ်းအနားမှာမူ မျက်ကွယ်ပြုထား၍ မရပေ။
ယွင်ချင်းစီတွင်လည်း မိသားစုကို ကာကွယ်လိုသည့်ဆန္ဒ ရှိနေသည့်အတွက် ဝမ်းမြောက်ရသည့်တိုင် ဝမ်းနည်းစိတ်တို့လည်း အနည်းငယ် ထွက်ပေါ်လာရတော့သည်။
ဘယ်အရာတွေကများ သူ့သားအငယ်ဆုံးလေးကို ဒီလောက်အထိ ငဲ့ညှာတွေးတောတတ်သွားစေတာလဲ ...
လီယင်း၏ တောင့်တင်းနေသော ခန္ဓာကိုယ်လည်း ပြေလျော့သွားကာ ဟန်မဆောင်နိုင်လောက်အောင်ပင် ပြုံးမိသွားတော့သည်။ အမတ်ချုပ်ယွင်က ပြောလိုက်၏။
“အရှင် အထဲဝင်ပြီး စောင့်နေရအောင်ပါ ...”
လီယင်းက ခေါင်းအသာငုံ့လျက် သူ့နောက်မှ လိုက်ပါသွားကာ မယ်တော်ကျန်းကို ကြည့်မိသည့် တစ်ခဏ၌ အပြုံးတို့ ပိုမိုနက်ရှိုင်းပြီး အကြည့်တို့ အမှောင်ကျသွားတော့သည်။
“မယ်တော်လည်း ဒီမှာ ရှိနေတာပဲ ...”
သူက ပြောလိုက်သည်။
မယ်တော်ကြီးက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိသည့်တိုင် ကြင်နာစွာဖြင့်သာ ပြောလိုက်သည်။
“အိုက်ကျားကလည်း ဧကရီကို လာတွေ့တာပါ အရှင်ကရော ဘယ်လိုအကြောင်းကြောင့်များလဲ တကယ်လို့ ဧကရီကို လာကြိုချင်ရင် ဘာလို့များ မယ်တော့်ကို မပြောရတာလဲ ...”
“ကိုယ်တော့်ရဲ့ ပေါ့ဆချက်ပါ ...”
အမတ်ချုပ်ယွင်က ပြောလိုက်သည်။
“မယ်တော်ကြီးကလည်း ဧကရီကို နန်းတော်ကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် ရောက်နေတာပါ စောစောလေးကမှတင် အရှင်က ဧကရီကို အလိုမရှိတော့ဘူးလို့တောင် စနောက်နေလိုက်သေးတယ် ...”
သူက ရယ်ရယ်မောမောဖြင့် မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း သားအမိနှစ်ဦး၏ အမူအယာကို တစ်လှည့်စီ အကဲခတ်လိုက်သည်။ မယ်တော်ကြီး၏ အမူအယာ အနည်းငယ် ပြောင်းလဲသွားကြောင်း သတိပြုမိလိုက်၏။ လီယင်းကလည်း သူမကို အဓိပ္ပါယ်ဖော်ရန် ခက်ခဲသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။
ဤဧကရာဇ်၏ စိတ်နေစိတ်ထားမှာ ယခင်ထက်ပင် ပိုမိုနက်ရှိုင်းကာ သီးသန့်ဆန်လာတော့သည်။
သားအမိနှစ်ဦးအကြား လေထုမှာ ယခင်နှင့် အနည်းငယ် ကွဲပြားလာတော့သည်။
ယွင်ချင်းစီမှာ အဝတ်အစားလဲရန်အတွက်ပင်လျှင် နာရီဝက်ခန့် အချိန်ယူလိုက်ရသော်ငြား လီယင်းကမူ ကြည်သာရွှင်ပျနေဆဲပင်။ အမတ်ချုပ်ယွင်နှင့် အေးအေးဆေးဆေး စကားပြောနေဆဲမှာပင် လျှိုကျီရူ ရောက်လာကာ ခပ်ပြုံးပြုံးဖြင့် အစီရင်ခံလိုက်သည်။
“အရှင်မင်းကြီး ဧကရီ ကြွချီလာပါပြီ ...”
မော့ကြည့်လိုက်မိသူအားလုံး ထိတ်လန့်သွားကြတော့သည်။
ဆောင်းတွင်းအလယ် လပြက္ခဒိန်၏ ၁၂ လမြောက်လ ဖြစ်သည့်အတွက် ဆီးနှင်းတို့လည်း ကျဆင်းစ ပြုလာတော့သည်။ စင်္ကြန်လျှောက်လမ်းအဆုံးတွင် ငွေရောင်ဝတ်ရုံရှည် ဝတ်ဆင်ကာ တည့်မတ်ဖြောင့်တန်းလှသည့် ကိုယ်နေဟန်ထားဖြင့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ ဆံပင်တို့ကို မြင့်မားသည့် သရဖူ၊ အနံကျယ်သည့် ဆံထိုးတို့ဖြင့် ဖြီးသင်ထုံးဖွဲ့ထားကာ အင်္ကျီလည်ပင်းရှိ သားမွေးစတို့တွင် ရွှေနှင့်ကျောက်စိမ်းတို့ စီခြယ်ထားသည်။ အနားသို့ တစ်ဖြည်းဖြည်း ရောက်လာသည့်တိုင် ခြေသံ တစ်သံကိုမှ မကြားရ။
ငွေချည်ထိုးဖိနပ်ဖြင့် အလျင်အမြန် လျှောက်လှမ်းလာသည့်အတွက် ဝတ်ရုံအနားစတို့ လှုပ်ယမ်းလာတော့သည်။
ဦးညွတ်ကာ အရိုအသေပြုမည်ပြင်စဉ်မှာပင် လီယင်းက အနားရောက်လာကာ သူ့လက်ကို ဆုပ်ကိုင်လျက် တစ်ခဏမျှ စိုက်ကြည့်လိုက်သည်။
အနားသို့ တိုးကပ်ကာ ပြောလိုက်၏။
“ကိုယ်နဲ့အတူ နန်းတော်ကို ပြန်ကြရအောင် ...”
ယွင်ချင်းစီကို ဆုပ်ကိုင်ထားသည့် သူ့လက်တို့မှာ ပူနွေးကာ ချွေးစတို့ပင်လျှင် အနည်းငယ် ထွက်ပေါ်လာတော့သည်။
မနီးလွန်း၊ မဝေးလွန်း၊ ဧကရာဇ်နှင့် ဧကရီတို့အကြား ရှိသင့်သည့် အကွာအဝေးမျိုးခြားကာ လျှောက်လှမ်းလာသော်ငြား လီယင်းက သူ့အနား ရှိနိုင်ရန် ခြေလှမ်းတို့ကို တမင်တကာ နှေးကွေးစေလိုက်တော့သည်။
အနက်ရောင်နှင့် ငွေရောင်ဖိနပ်နှစ်စုံတို့ အတူတူ ထွက်လာလိုက်ကြသည်။ ရွှေရောင်ဇာမဏီနှင့် ခြေကိုးချောင်း နဂါးတို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် သံချပ်ကာတပ်ကာ အချက်ပြကာ ရဲမက်အားလုံး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက် အရိုအသေပေးလိုက်ကြတော့သည်။ မြင်းတပ်သားများသာလျှင် ဒူးမထောက်ဘဲ ကျန်ရှိနေကာ တစ်ညီတစ်ညာတည်း အော်ဟစ်လိုက်ကြသည်။
“နန်းတော်ကို ပြန်ရောက်လာတဲ့ ဧကရီအရှင့်ကို ကြိုဆိုပါတယ် မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ...”
လီယင်းက ယွင်ချင်းစီကို မေးလိုက်သည်။
“ကိုယ်နဲ့အတူ ကျောက်စိမ်းဝေါယာဉ်နဲ့ လိုက်ချင်လား ...”
ရှည်လျားလှသည့် မျက်တောင်ရှည်တို့ကို တဖျတ်ဖျတ်ခတ်ကာ ယွင်ချင်းစီက တိတ်တဆိတ် ပြန်ဖြေလိုက်သည်။
“ဒီငယ်သားက မဝံ့ရဲပါဘူး ဇာမဏီဝေါယာဉ်နဲ့ပဲ လိုက်ပါ့မယ် ...”
လီယင်းကလည်း သူ့ကို အတင်းအကြပ် မတိုက်တွန်း။
ကျောက်စိမ်းဝေါယာဉ်၏ အနောက်တွင် ရပ်နေသည့် တော်ဝင်အစောင့်အကြပ်များ လှုပ်လှုပ်ရွရွဖြစ်ကာ ဧကရီအတွက် လမ်းဖယ်ပေးလိုက်သည်။ ယွင်ချင်းစီ၏ ခပ်ပြုံးပြုံး အကြည့်အောက်တွင် လီယင်းသည် သူ့လက်ကို ဆက်ကာ ကိုင်ထားရင်း ဇာမဏီဝေါယာဉ် ရှိသည့်နေရာအထိ လိုက်ပို့ပေးလိုက်သည်။
ဝေါယာဉ် စတင်ထွက်ခွာတော့မည့် အချိန်တွင် ချိုးရှန်းက မြင်းပေါ် တက်လိုက်သော်လည်း ခြေနင်းမှ ချော်ကျကာ မြင်းကုန်းနှီးဖြင့် မေးစေ့ကို ရိုက်မိလုမတတ် ဖြစ်သွားတော့သည်။ ထိုစဉ် ဘေးနားမှ တပ်သားတစ်ဦးက ပြောလိုက်သည်။
“စစ်သူကြီး ဂရုစိုက်ပါ ...”
ချိုးရှန်း၏ မျက်နှာတစ်ခုလုံး မဲမှောင်သွားကာ မြင်းပေါ်သို့ နောက်တစ်ကြိမ် ပြန်တက်လိုက်သည်။
အရှင်က အခု ဘာတွေ လုပ်နေတာလဲ ယွင်မိသားစု ဘယ်လောက်အထိ အင်အားကြီးကြီး ဧကရာဇ်ကိုယ်တိုင် ဝေါယာဉ်ပေါ် လိုက်ပို့ရလောက်တဲ့အထိတော့ အင်အားမကြီးဘူး မဟုတ်လား ...
ကောင်းတယ် သိပ်ကောင်းတယ် ယွင်မိသားစုကတော့ ကြွားစရာ နောက်တစ်ခု ရသွားပြီပဲ ...
နဉ်ရိုက နည်းနည်းလေးမှ အသုံးမကျဘူး ...
ဝေါယာဉ် စတင်ထွက်ခွါကာမှ မယ်တော်ကြီးလည်း သုန်မှုန်သည့် မျက်နှာထားနှင့်အတူ လှည်းထဲသို့ ဝင်သွားတော့သည်။ လက်ချောင်းတို့ကို တင်းတင်းဆုပ်ထားကာ သူမ၏ အမူအယာမှာ လွန်စွာ မဲမှောင်နေတော့၏။
အရှင်က ဘာတွေ တွေးနေတာလဲ ...
ထူထဲလှသည့် နှင်းထုတို့အလယ်တွင် အစောင့်အကြပ်တို့ ခြံရံလျက် တစ်ဖြည်းဖြည်း ချီတက်လာလိုက်၏။ ယွင်ချင်းစီက ဇာမဏီဝေါယာဉ်တွင် ထိုင်ကာ ကျောက်စိမ်းနဂါးဝေါယာဉ်ကို စိုက်ကြည့်ရင်း စဉ်းစားနေလိုက်သည်။
ဒူးထောက်ကာ ငေးကြည့်နေကြသူများ၏ စကားသံအချို့က သူ့နားထဲသို့ အတိုင်းသား ဝင်ရောက်လာ၏။
“အရှင်က ဧကရီကို ကိုယ်တိုင်ကိုယ်ကျကို နန်းတော်ထဲ ပြန်လာခေါ်တာနော် အရင်က တစ်ခုခု နားလည်မှု လွဲနေတာ ရှိလို့များလား ...”
“ငါ ဟိုးအရင်ကတည်းက ပြောသားပဲ ယွင်မိသားစုရဲ့ အငယ်ဆုံးသခင်လေးက ထောင်လွှားမောက်မာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ဧကရီရဲ့နေရာကို ယှဉ်နိုင်မယ့်သူမှ မရှိတာ ...”
“ငါကြားတာတော့ ဧကရီနဲ့ အရှင်က ငယ်ချစ်တွေတဲ့ တစ်ယောက်နဲ့တစ်ယောက် အရမ်းကို နက်နက်ရှိုင်းရှိုင်း ချစ်ကြတာဆိုပဲ သတင်းတစ်ခုတောင် ရှိသေးတယ်လေ လက်ထပ်ပွဲလုပ်လို့ နှစ်ယောက် အပြန်အလှန် ကန်တော့ကြတော့ အရှင်က ဧကရီ အရင် ခေါင်းမော့လာမှာကို တမင် စောင့်နေပေးခဲ့တာတဲ့ ...”
“ဟားဟားဟား ဘယ်လိုဇာတ်လမ်းကြီးလဲကွ အရှင်က သူ့ကို ဘယ်လောက်ချစ်ချစ် ရာနဲ့ချီပြီး ရှိနေတဲ့ မှူးမတ်တွေ အရှေ့မှာတော့ ဒီလိုမျိုး ရှက်စရာကိစ္စမျိုးကို လုပ်ပါ့မလား...”
ယွင်ချင်းစီ၏ အတွေးတစ်ခုလုံး လှောင်ပြောင်လိုစိတ်တို့ဖြင့် ပြည့်နှက်သွားတော့သည်။
တိုင်းပြည်၏ ဓလေ့ထုံးစံအရ ထိမ်းမြားမှုတစ်ခုတွင် ခင်ပွန်းသည်ကိုသာလျှင် အရာရာ ဦးစားပေးရမည်ဟူသည့် အဓိပ္ပါယ်ဖြင့် နှစ်ဦးနှစ်ဖက် ကန်တော့လေတိုင်း ခင်ပွန်းသည်ဘက်မှသာလျှင် ဦးစွာ ခေါင်းမော့လာရပေသည်။ ထိုအချိန်က လီယင်းသည် သူ့ထက် နောက်ကျပြီးမှ ခေါင်းမော့ရန် တမင်တကာ စောင့်ဆိုင်းခဲ့ရာ ယွင်ချင်းစီက သူ့ကို အလေးထားကြောင်း ပြသသည့် အမှတ်အသားတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
အအေးနန်းဆောင်သို့သာ အပို့မခံခဲ့ရပါလျှင် လီယင်းမှာ ခြေလှမ်းတစ်လှမ်းချင်းစီကအစ မည်မျှအထိ အလေးအနက် တွက်ချက်တတ်ကြောင်း သိလိမ့်မည် မဟုတ်ချေ။ သူ့အပေါ် ဂရုစိုက်ပါသည်ဆိုသည့် အသေးစိတ်အချက်အလက်များမှာလည်း သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို ဖုံးကွယ်ထားသည့် ကာလရှည်ကြာ ဖော်စပ်လာသော အဆိပ်တစ်ခွက်သာ ဖြစ်ပေသည်။
ယနေ့ သူ့ကို မင်းခမ်းမင်းနားဖြင့် လာရောက်ကြိုဆိုခြင်းမှာ ကောင်းသည့်ဘက်မှ စဉ်းစားပါလျှင် ဧကရာဇ်သည် သူ့ကို လွန်စွာ ချစ်မြတ်နိုးပြီး ယွင်မိသားစုကိုလည်း အသရေတင့်စေသည်ဟု ယူဆရပေမည်။ သို့တည်းမဟုတ် သူ့ကို အသံတိတ် ခြိမ်းခြောက်ခြင်းဟုလည်း ယူဆနိုင်ပေသည်။
မျက်နှာသာပေးသည် ဖြစ်စေ၊ ခြိမ်းခြောက်သည်ဖြစ်စေ လီယင်း၏ ရည်ရွယ်ချက်မှာ အမတ်ချုပ်စံအိမ်တော်ကို ထိန်းချုပ်ရန်အတွက် ယွင်ချင်းစီကို သူ့အနားထားကာ စောင့်ကြည့်လိုခြင်းသာ ဖြစ်ပေသည်။
ဗိုလ်ပါတစ်ရပ်လုံး ပင်မနန်းဆောင်ရှေ့တွင် ရပ်တန့်သွားသည့်တိုင် ယွင်ချင်းစီ၏ ဝေါယာဉ်ကမူ မရပ်တန့်၊ ချောင်ယန်နန်းဆောင်အထိ ဆက်လက် ထွက်ခွာသွားလိုက်သည်။
ဘေးတစ်ဖက်တစ်ချက်စီရှိ လိုက်ကာအပါးစတို့ကို ပင့်တင်ပြီးနောက် အောက်ဆင်းမည် ပြုစဉ်မှာပင် ယွင်ချင်းစီသည် တစ္ဆေလိုလူကို နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရပြန်တော့သည်။
ဒေါသစိတ်တို့ တရိပ်ရိပ် ထိုးတက်လာ၏။
သူ့ကို နန်းတော်ထဲ ပြန်ခေါ်လာပြီးတာတောင် သူ့ရှေ့ ပေါ်လာနေတုန်းပဲ ...
သူ့ထံ ကမ်းလာသည့် ဆောင်းဦးပေါက်ဝါးနှယ် ဖြူဖွေးလှသော လက်တစ်စုံကို စိုက်ကြည့်ကာ နှုတ်ခမ်းကို ကိုက်လျက် အားမာန်အပြည့်ဖြင့် မှီချလိုက်သည်။ လီယင်းက သူ့ကို နန်းဆောင်ထဲအထိ တစ်လမ်းလုံး ကူတွဲလာပေး၏။ မြေပေါ်မှောက်ကာ သူရောက်လာသည်ကို ကြိုဆိုနှုတ်ဆက်နေသည့် အစေခံများအား မျက်တောင်တစ်ချက်ပင် ခတ်မပြဘဲ ဖြတ်ကျော်လာကာ လျှိုကျီရူအား သူတို့ကို မည်သူမှ လာမနှောင့်ယှက်စေရန် မှာကြားပြီးနောက် လက်ကို ကြမ်းတမ်းစွာ လွှတ်ချလိုက်သည်။
ငွေရောင်ဝတ်ရုံရှည်ကိုပင် လဲလှယ်ခြင်း မပြုတော့ဘဲ ညောင်စောင်းပေါ် လှဲချကာ ရင်းနှီးကျွမ်းဝင်နေသည့် အိပ်ခန်းဆောင်ကို သတိလက်လွတ် လှည့်ပတ်ကြည့်ရှုနေလိုက်သည်။
ရွှေချည်ထိုး ဇာမဏီဝတ်ရုံမှာ သူ့အတွက် အထူးတလည် ချုပ်လုပ်ပေးထားခြင်း ဖြစ်သည့်အတွက် ပျင်းတိပျင်းရွဲ ထိုင်နေသည့်တိုင် သွယ်လျလှသည့် ခါးကောက်ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ လီယင်းက တစ်ခဏမျှ ငေးကြည့်နေပြီးကာမှ သူ့ဘေးနား ဝင်ထိုင်ကာ ပြောလိုက်သည်။
“ဒီည ကိုယ် မင်းနဲ့အတူ ညစာလာစားမယ် ...”
“ကောင်းပါပြီ ...”
ယွင်ချင်းစီက ပြောလိုက်သည်။
“ဒီငယ်သားက အရှင်နဲ့အတူ အချိန်ကောင်းလေး ပိုင်ဆိုင်ရအောင် အဖော်ပြုပေးမှာ ဖြစ်တဲ့အတွက် ဂီတပညာရှင်နဲ့ အကသမားလေးတွေ စီစဉ်ထားပေးပါ ...”
“ဒါပေမယ့် မင်းက အကသမားတွေကို မကြိုက် ...”
“အလှလေးတွေကို မကြိုက်တဲ့သူ ဘယ်သူရှိလဲ ...”
ယွင်ချင်းစီက ခေါင်းကိုစောင်းကာ ပြောလိုက်သည်။ သူ့ပုံစံမှာ အနည်းငယ် ကျီစယ်လိုသည့်ဟန်။
“ပြီးတော့ ကျွန်တော်ကလည်း မိန်းကလေးတွေကို မကြိုက်ဘူး ဆိုပေမယ့် ယောကျ်ားလေးတွေကိုတော့ အတော်လေး သဘောကျတယ်လေ ...”
“အရှင့်အနေနဲ့ သေချာလေး ရွေးချယ်မှ ရမယ်နော် တကယ်လို့ နန်းတော်ထဲမှာ ဂီတပညာရှင် ချောချောလေး တစ်ယောက်တောင် မရှိဘူးဆိုရင် ဒီဧကရီက အရမ်းကို ပျင်းရိလို့ ...”
သူက လီယင်းကို တမင်သပ်သပ် စနောက်လိုက်သည်။
“အဖေ့အိမ်ကိုပဲ ပြန်ရတော့မှာပဲ ...”
ပြီးတော့ ကျွန်တော့်ကို နေ့တိုင်း ပြန်လာခေါ်ပေါ့ ...
Xxxxxx