အပိုင်း ၁၈
Viewers 13k

Chapter 18



ဇနီးဖြစ်သူ အခြားယောက်ျားတစ်ဦးအား မျက်စိကျသွားမည့် ဖြစ်ရပ်ကို မည်သည့်ယောကျာ်းကမှ သည်းခံနိုင်မည် မဟုတ်ချေ။ ဇနီးသည်ကို မချစ်သည့်တိုင် ထိုကဲ့သို့သော ကိစ္စမျိုးမှာ သိက္ခာကျဆင်းဖွယ်ရာဟု ခံစားရသေးရာ ဧကရာဇ်တစ်ပါးအဖို့ သာ၍ပင် ခွင့်မလွှတ်နိုင်ဖွယ် ကောင်းလှသေးသည်။

ဤသည်မှာ အမျက်ထွက်အောင် တမင်တကာ ကြံစည်ခြင်းဖြစ်ကြောင်း များစွာ သိသာလှပေသည်။

လီယင်း၏ အမူအယာတို့ ရေခဲသဖွယ် အေးစက်လာတော့၏။

.........


“လပြည့်ည” အဆောင်တော်၌ ...

အစိမ်းဖျော့ရောင် ဝတ်စုံကို ဝတ်ဆင်ထားသူတစ်ဦးက စားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို တွန်းချကာ ပစ်ပေါက်ဖျက်ဆီးနေသည်။ ကြွေထည်ဖြင့် ပြုလုပ်ထားသည့် ခွက်များမှာလည်း ကြမ်းပြင်သို့ ပစ်ပေါက်ခံရသည့်အတွက် အစိတ်စိတ်အမြွာမြွာ ပျက်စီးသွားတော့၏။

နဉ်ရိုက ဒေါသကြီးစွာဖြင့် ပြောလိုက်သည်။

“အရှင်က သူ့ကို ပြန်ခေါ်လာပြန်ပြီလား ...”

“ကြင်ယာတော်နဉ် ကျေးဇူးပြုပြီး ဒေါသစိတ်ကို ထိန်းပါ ...”

“ဘယ်လိုလုပ် ထိန်းနိုင်မှာလဲ ...”

သူမ၏ မျက်နှာတစ်ခုလုံး ဒေါသစိတ်ကြောင့် ရဲရဲနီကာ ခေါင်းတွင် ဆင်ယင်ထားသည့် အဆင်တန်ဆာတို့ပင်လျှင် လှုပ်ယမ်းသွားတော့သည်။

“ယွင်ချင်းစီက သူ့လူတွေကို ငါ့နန်းဆောင်ထဲ ခေါ်ချလာတာကို အရှင်က သူ့ကို ဆူတာငေါက်တာတောင် မလုပ်ခဲ့ဘူး လူတိုင်းရဲ့ အရှေ့မှာပဲ အရှင့်ကို မေ့ဆေးအပ်နဲ့ ထိုးတယ် ဒါလည်း စိတ်မဆိုးဘူး အရှင့်ကို အရမ်းကို သည်းမခံနိုင်လောက်တဲ့အထိ ကျူးကျော်စော်ကားတာတောင်မှ ခေါင်းပေါက်ရုံလောက်နဲ့ပဲ ပြီးသွားတယ် ...”

ပြောရင်းပြောရင်းဖြင့်ပင် ဒေါသပိုကြီးလာပြန်တော့သည်။

“ဒါက... တော်ဝင်နန်းတော်က ယွင်ချင်းစီရဲ့ လုပ်ရပ်တွေက ဘယ်လိုနည်းနဲ့မှ သည်းမခံနိုင်လောက်တာကိုတောင် အရှင်က သူ့ကို ခေါင်းပေါက်အောင်ပဲ လုပ်ခဲ့တယ် ...”

“နင်တို့တွေပြောတော့ ဒီတစ်ခေါက် ယွင်ချင်းစီက လုံးဝ ပြန်မလာနိုင်တော့ဘူးဆို ဒီတစ်ခေါက် သေချာပေါက်ကို နန်းစွန့်ရတော့မှာလို့ မပြောခဲ့ဘူးလား အခု ဘာလို့ သူက တော်ဝင်အခမ်းအနားနဲ့တောင် ပြန်ခေါ်လာခံရတာလဲ ...”

သူမ၏ ပုံစံမှာ စိတ်ရိုင်းဝင်နေသည့် တောကြောင်တစ်ကောင်နှယ်၊ မနာလိုစိတ်တို့က တစ်ကိုယ်လုံးအနှံ့ လျှံထွက်လာတော့သည်။

“အဲဒါက ကောင်းကင်ဘုံသားတော်ရဲ့ ခမ်းနားလှတဲ့ တော်ဝင်ဝေါယာဉ်လေ ဂုဏ်သရေအရာမှာလည်း ပြိုင်ဘက်မရှိ၊ သမိုင်းတစ်လျောက်မှာလည်း တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ ကိစ္စကို ဘာလို့ ဘာလို့ ယွင်ချင်းစီအတွက် ဖြစ်ရတာလဲ ဘာလို့ သူ့အတွက် ဖြစ်ရတာလဲ ...”

စားပွဲကို ကန်ကျောက်လိုက်သည့် သူမ၏ ရင်အစုံမှာလည်း ဒေါသစိတ်ကြောင့် ထိန်းမနိုင်သိမ်းမရ တုန်ရီလာတော့သည်။ ခြေနှစ်လှမ်း ရှေ့တိုးလာသည်နှင့် တစ်ပြိုင်နက် မူးဝေသွားသည့်အတွက် ဘေးနားတွင် ရပ်နေသော မော့မော့က သူ့ကို ကူတွဲပေးထားလိုက်ရ၏။ သူမသည်လည်း နားလည်ရခက်မှုနှင့် စိတ်ဓာတ်ကျမှုတို့ကို ထပ်တူ ခံစားနေရပေသည်။

“ဘာလို့ဆို သူ့နောက်မှာ အမတ်ချုပ်ယွင် ရှိနေလို့လေ ပြီးတော့ အနောက်တောင်ဘက်က မင်းသားချင်က သူ့မိခင်ဘက်က အဘိုး ပြီးတော့ ရှို့ဖန်းသံအမတ်ကလည်း စစ်တပ်ကို ထိန်းချုပ်ထားတာ ဆိုတော့ အရှင့်အနေနဲ့ သူ့ကို သတိကြီးကြီးထားတယ်ဆိုတာ သဘာဝကျပါတယ် ...”

“အရှင်က သတိကပ်ထားရုံတင်လို့ တကယ် ထင်နေတာလား ...”

နဉ်ရို၏ မျက်ဝန်းတစ်ခုလုံး မျက်ရည်စတို့ ရစ်သိုင်းလာတော့သည်။ သူမ၏ ခံစားချက်တို့ကို ဖုံးကွယ်ထား၍ မရတော့၊ ရင်ဘက်တစ်ခုလုံး မြင့်ချည်နိမ့်ချည် ဖြစ်လာတော့သည်။

“အရှင်သာ သူ့ကို တကယ် သတ်ချင်ရင် လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ပါတယ်ဆိုပြီး ပြစ်ဒဏ်ပေးလိုက်ပြီ တကယ်လို့ အဲဒီ့နေရာမှာတင် အသတ်ခံရရင်တောင် အမတ်ချုပ်ယွင်ရော ချင်မိသားစုရော ရှောင်မိသားစုရော ဘာတစ်ခွန်းမှ ပြောရဲမှာ မဟုတ်ဘူး ဘာလို့ဆို အစကတည်းက ယွင်ချင်းစီရဲ့အမှား ဖြစ်နေလို့လေ ...”

သူမက မြည်တမ်းငိုကြွေးလိုက်သည်။

“အရှင်က သူ့ကို မသတ်ချင်ဘူးပဲထား အေးအေးချမ်းချမ်းလေး ကွာရှင်းပြီး နန်းမြို့တော်ကနေ နှင်ထုတ်လိုက်လို့ ရသားပဲ ဒီလိုမှ မဟုတ်လည်း သူ့ကို ပြန်ခေါ်ဖို့ တပ်ဖွဲ့တစ်ဖွဲ့ပဲ စေလွှတ်လိုက်လေ ဘာလို့ ပြည်သူတွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်ရလောက်တဲ့အထိ တော်ဝင်အခမ်းအနားနဲ့ ကိုယ်တိုင် သွားခေါ်လာရတာလဲ အရှင်က ဘာတွေ လုပ်နေတာလဲ သူ့လုပ်ရပ်က ဧကရီ စွန့်ပစ်ခံလိုက်ရပြီဆိုတဲ့ သတင်းမှားတွေကို ရှင်းလင်းပြီး ယွင်ချင်းစီကို ချော့မော့နှစ်သိမ့်ချင်လို့ မဟုတ်လား ...”

“ဒါပေမယ့် အဲဒီ့နေ့က အရှင် ဧကရီကို စွန့်ပစ်ချင်လို့ သူ့အစောင့်အကြပ်တွေကိုတောင် သိမ်းယူခဲ့တာ မဟုတ်ဘူးလား ... ဘာလို့ ချက်ခြင်းလက်ငင်းကြီး စိတ်ကူးပြောင်းသွားရပြန်တာလဲ ...”

နဉ်ရိုက ကြီးစွာ သက်ပြင်းချရင်း ပြောလိုက်သည်။

“မသိဘူး ငါ သိတာဆိုလို့ ယွင်ချင်းစီ နန်းတော်ထဲ ပြန်ရောက်လာပြီ ဆိုတာကိုပဲ သိတယ် သူ ငါ့ကို အလွတ်မပေးမှာ ကြောက်မိတယ် ဒီအရူးကောင်က ... အရှင်သာ သူ့ကို ဒီအတိုင်း ထင်ရာစိုင်းခွင့် ဆက်ပေးထားရင် နန်းတော်ထဲက အရှင်နဲ့ နီးနီးကပ်ကပ်ရှိတဲ့သူ ဘယ်သူ့ကိုမဆို သတ်ပစ်တော့မှာ ကျိန်းသေတယ် ...”

မော့မော့၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားကာ တအံ့တဩ မေးလိုက်သည်။

“ဒါဆို ကျွန်မတို့တွေ ဘယ်လိုလုပ်ရမလဲ ...”

“ဘယ်လိုလုပ်ရမှာလဲ ...”

နဉ်ရိုက အံတင်းတင်းကြိတ်ကာ ခက်ထန်စွာ ပြောလိုက်သည်။

“အမြီးကို ခြေနှစ်ချောင်းကြား ထည့်ပြီး အတတ်နိုင်ဆုံး ဖွက်ထားရတော့မှာပေါ့ ...”

“ဒီလိုလုပ်ဖို့တော့ မလိုအပ်ပါဘူး ...”

မော့မော့က တစ်ခဏမျှ တွေးကာ နူးညံ့စွာ ပြောလိုက်သည်။

“ကြင်ယာတော် မေ့နေပြီထင်တယ် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အရှင်က သူ့ကြောင့် အများကြီး ပင်ပန်းနေရပြီလေ ဒီနေ့ သူ့ကို ပြန်ခေါ်တဲ့ အခမ်းအနား ဆိုတာကလည်း အပြင်လူတွေကို ဟန်ပြလုပ်ဖို့ပဲ နေမှာပေါ့ သူ နန်းတော်ထဲ ပြန်ရောက်လာနိုင်ရင်တောင် အရှင်က သူ့ကို တိတ်တိတ်လေး ပစ်မှတ်ထားနေတော့မှာလေ သူ့ဘဝကလည်း ကျွန်မတို့ထက် ဘယ်လိုနည်းနဲ့မှ သာမှာ မဟုတ်ဘူး ...”

နဉ်ရို၏ အမူအယာမှာ အနည်းငယ် မင်သက်သွားတော့သည်။

မော့မော့ပြောတာ ဟုတ်သားပဲ အရှင်က ယွင်ချင်းစီကို နှစ်သိမ့်တယ် ဆိုဦးတောင် သူ့စိတ်ထဲမှာတော့ ဘယ် အလိုကျတော့လိမ့်မလဲ... ပြီးခဲ့တဲ့တစ်ခေါက် သူမနဲ့ ယွင်ချင်းစီ အငြင်းပွားကြတုန်းကလည်း အရှင်က သူမဘက်ကနေ နေပေးခဲ့တာလေ ဒါကြောင့်လည်း ယွင်ချင်းစီက သူမကို မုန်းနေတာပေါ့ ဒါကြောင့်လည်း အနောက်ဆောင် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ညဉ့်နက်သန်းခေါင်ကြီး သူမရဲ့ “လပြည့်ည”နန်းဆောင်ကို လူအင်အားအပြည့်နဲ့ ဝင်လာတာပေါ့ ...

ကြင်ယာတော်နဉ်၏ ညှိုးငယ်နေသော မျက်နှာလှလှမှာ တစ်ဖန် ပြန်လည်လန်းဆန်းတောက်ပလာပြန်တော့သည်။

“အခွင့်အရေး ရှိနေသေးတာပဲ ...”

......


ယွင်ချင်းစီက လီယင်း ဒေါသထွက်လာမည်ဟု မျှော်လင့်ထားပြီး ဖြစ်သည့်တိုင် ကြောက်ရွံ့ခြင်း အလျဉ်းမရှိ၊ ဒေါသထွက်မည်ကိုပင် မျှော်လင့်စောင့်စားနေပုံ ပေါ်နေသေးသည်။

ပြီးခဲ့သည့် အတိတ်ဘဝက လီယင်းကို အမျိုးစုံ အလိုလိုက် အကြိုက်ဆောင်ခဲ့ရကာ လီယင်းဘက်မှ သူ့ကို အကြည့်တစ်ချက် စွန့်ကြဲလာသည်နှင့် တစ်ပြိုင်နက် စိတ်ထဲတွင် သူ့အတွက် မတရားလှဟု ခံစားရသည့်တိုင် ထိုခံစားချက်ကို မျက်ကွယ်ပြုကာ လီယင်း ၏ အရေးကိစ္စများကိုသာလျှင် အရေးအကြီးဆုံးအဖြစ် ရှေ့တန်းတင်ခဲ့သည်။

ယခုမူ သူလည်း နားလည်လိုစ ပြုလာတော့သည်။ လီယင်းက သူ့ကို ပြန်ခေါ်ရန် လူထုအင်အား အပြည့်အဝ အသုံးချခဲ့ရာ သူ့တွင် အကြံရှိနေပြီး ဖြစ်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ သို့သော် လီယင်း၏ သဘောထားက မည်သို့ပင် ဖြစ်နေပါစေ သူ၏ ဧကရီရာထူးကို ထိခိုက်လိမ့်မည် မဟုတ်ချေ။

သူ့ကို သည်းခံကာ ချော့မော့နှစ်သိမ့်နေသည့် လီယင်းအား စောင့်ကြည့်ရခြင်းမှာ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ဒေါသတကြီးဖြင့် လက်သီးလက်မောင်းတန်းကာ သူ့သရုပ်မှန်အား ပြသလာပါလျှင်မူ ပို၍ပင် စိတ်ဝင်စားဖွယ် ကောင်းပေလိမ့်မည်။

သူ့လက်ကျန်ဘဝတစ်လျှောက် လီယင်းကို ဂုဏ်သရေရှိ ဧည့်သည်အဖြစ် လေးစားစွာ ဆက်ဆံရန် ဆုံးဖြတ်ထားသော်ငြား လီယင်းက လွန်စွာ ချစ်ခင်မြတ်နိုးသူတစ်ဦးအဖြစ်သာ ဆက်လက် သရုပ်ဆောင်နေသေးသည့်အတွက် လက်တုန့်ပြန်ရန် အခွင့်အရေးကို စောင့်နေသည့် ယွင်ချင်းစီအား မည်သူမှ အပြစ်မဆိုသာတော့ချေ။

သို့သော် အရှင်သည်လည်း ပြီးခဲ့သည့်ဘဝက သူ့ကို ၁၂ နှစ်တာ အောင့်အည်းသည်းခံခဲ့သူ ဖြစ်ရာ ပြင်းထန်လှသည့် အသက်ရှူသံတို့ကို ပုံမှန်ပြန်ဖြစ်အောင် ထိန်းချုပ်ရင်း သူ့ကို စိုက်ကြည့်လျက် ခေါ်လိုက်သည်။

“လျှိုကျီရူ ..."

လျှိုကျီရူက အထဲသို့ အမြန်ဝင်လာလိုက်၏။

“အရှင် ဘာများ မှာကြားချင်ပါသလဲ ...”

“သဘင်ဌာနကို သွားပြီးတော့ “ငယ်ရွယ်ချောမောပြီး ကြည့်ကောင်းတဲ့ ဂီတပညာရှင်” နည်းနည်းလောက် သွားရှာခဲ့ ...”

အကြည့်တို့မှာ ယွင်ချင်းစီထံမှ ဖယ်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် အသူတစ်ရာချောက်နက်သဖွယ် မည်းမှောင်သွားတော့သည်။ သို့သော် လေသံမှာမူ ညင်သာနေဆဲပင်။

“ဒီည ကိုယ်တော်က ဧကရီကို အဖော်ပြုပြီး အချိန်ကောင်းလေးတွေ ကုန်ဆုံးမယ် ...”

လီယင်းမှာ မျက်နှာတစ်ခုလုံး သွေးမရှိတော့၊ မျက်ဝန်းနှစ်ဖက်မှာလည်း အသူတစ်ရာချောက်သဖွယ် မည်းမှောင်ကာ နီမြန်းသည့် နှုတ်ခမ်းတစ်စုံမှာ သွားဖြူဖြူတို့ အတိုင်းသား မြင်ရသည်အထိ ပြုံးရယ်နေသည်။ လျှိုကျီရူက နဖူးတွင် စီးကျလာသည့် ချွေးပေါက်များကို အသာသုတ်ရင်း ပြောလိုက်သည်။

“ကျွန်တော်မျိုး အခုပဲ သွားလိုက်ပါ့မယ် ...”

သူ ထွက်သွားပြီးနောက် ယွင်ချင်းစီ ရှိရာဘက်သို့ ပြန်လှည့်လာသည့် လီယင်း၏ အမူအယာမှာ ပန်းပေါင်းစုံ ပွင့်လန်းနေသည့် လပြည့်ညသဖွယ် နူးညံ့ညင်သာသွားပြန်သည်။

“ကိုယ့်ရဲ့ ဧကရီ ကျေနပ်ပါရဲ့လား ..."

“ဟုတ်ကဲ့ ...”

ယွင်ချင်းစီက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ကျေနပ်ပါတယ် ...”

“ကိုယ် ဒီနေ့ ရုံးတော် တက်စရာ မလိုဘူး တစ်ခုခု စားပြီး လမ်းလျှောက်ထွက်ကြမလား ...”

“တစ်မနက်လုံး လှုပ်ရှားသွားလာနေရတော့ ပင်ပန်းနေပြီ ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“စားသောက်ပြီးရင် အိပ်တော့မယ် ...”

တစ်ရေးတစ်မော အိပ်စက်ခြင်းမှာ သူ့အတွက် မရှိမဖြစ် လိုအပ်လှပေသည်။

လီယင်းက နေ့လည်စာ ပြင်ဆင်ရန် အမိန့်ပေးလိုက်ကာ ဟင်းလျာအားလုံးမှာ ယွင်ချင်းစီ ကြိုက်နှစ်သက်သည့် ဟင်းလျာများ ဖြစ်ပေသည်။ စားသောက်ကြပြီးနောက် ယွင်ချင်းစီက အဝတ်အစားလဲရန် ပြင်လိုက်၏။ ဇာမဏီဝတ်ရုံကို ချွတ်ကာ တစ်ဖက်သို့ လှည့်လိုက်စဉ် နဂါးဝတ်ရုံကို ချွတ်နေသည့် လီယင်းကို တွေ့လိုက်ရသည်။

ယွင်ချင်းစီ “???”

“မနေ့က ရုံးတော်အရေးကိစ္စတွေ အကုန်လုံး ကိုင်တွယ်ပြီးသားဆိုတော့ ဒီနေ့အတွက် လုပ်စရာအလုပ် မရှိဘူးလေ မင်းနဲ့အတူတူ ပိုပြီးတော့ အချိန်တွေ ကုန်ဆုံးချင်လို့ ...”

“ကျွန်တော်ကတော့ ကိုယ့်ဘာသာကိုယ်ပဲ အိပ်ချင်ပါတယ် ...”

ယွင်ချင်းစီက ပွင့်ပွင့်လင်းလင်း ငြင်းဆန်လိုက်သည်။ အိပ်ယာပေါ် လှဲချကာ ခြေထောက်တို့ကို ဆန့်ကားလိုက်သည့်အတွက် အတွင်းဝတ် အင်္ကျီက အိပ်ယာတစ်ခုလုံးနီးပါးကို ဖုံးအုပ်သွားတော့သည်။

“တစ်ရေးတစ်မော အိပ်တာလောက်ကတော့ ဘယ်သူမှ အဖော်ပြုပေးဖို့ မလိုပါဘူး ...”

လီယင်း၏ အကြည့်တို့က သူ့ခြေဖျားထံ ကျရောက်သွားကာ သူ့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်လိုက်သည်။ လည်ဇလုပ်ပင်လျှင် ဆက်တိုက် လှုပ်ရှားသွားကာ သူ့အနားသို့ ခပ်ဖြည်းဖြည်း လျှောက်လာလိုက်၏။

ယွင်ချင်းစီ၏ မျက်ခုံးတို့ တွန့်စုသွားတော့သည်။

လီယင်းက ကိုယ်ကိုကိုင်းကာ သူ့အင်္ကျီအနားစတို့အား နေရာရွေ့ပြီး ဝင်ထိုင်လိုက်သည်။ မတွေးသင့်သည်များကို မတွေးမိစေရန် သူ့ကိုယ်သူ တွန်းအားပေးရင်းး ပြောလိုက်သည်။

“ဒီနေ့ မင်းကို အခမ်းအနားနဲ့ လာကြိုတာက ကောလဟာလတွေ ပျောက်သွားစေချင်ရုံပဲ ...”

ကောလဟာလတွေ ပျောက်သွားစေချင်လို့လား ဒါမှမဟုတ် သူ့ကို မသတ်ခင် အချိုသပ်တာလား ဆိုတာကို ဘယ်သူက သိမှာတဲ့လဲ ...

ယွင်ချင်းစီက သူနှင့် စကားပင် ပြောလိုဟန်မတူ။

“ကျန်းရှန်းနန်းဆောင်ကို ပြန်ပါတော့ ...”

“ချင်းစီ ...”

လီယင်းက သူ့ခြေဖဝါးတို့ကို လှမ်းကိုင်လိုက်သည်။ ချက်ခြင်း နောက်ပြန်ဆုတ်ကာ ထိုင်သည့်ပုံစံ ပြောင်းပြီး ခြေဖဝါးတို့ကို အင်္ကျီအနားစထဲ ထည့်လိုက်သည့် ယွင်ချင်းစီ၏ ပုံစံမှာ လွန်စွာ မပျော်မရွှင် ဖြစ်နေသည့်ဟန်။

လီယင်းလည်း သူ့လက်တို့ကို ပြန်ရုတ်လိုက်ရတော့၏။

“ပြီးခဲ့တဲ့ အခေါက်က .... ကိုယ့်အမှားပါ ကိုယ် မင်းရဲ့ အစောင့်အကြပ်တွေကို မသိမ်းလိုက်သင့်ဘူး ...”

“တစ်ယောက်ယောက်ကို စွန့်ပစ်ချင်ရင် အစောင့်အကြပ်တွေကို သေချာပေါက် သိမ်းယူရမှာပဲလေ ...”

“ကိုယ် မင်းကို မစွန့်ပစ်ချင်ပါဘူး ..."

“ဒါပေမယ့် ဒီအကြောင်း တွေးခဲ့ဖူးတယ် မဟုတ်လား ..."

“...”

အကြောင်းပြချက်လေးကို ပေးလို့ မရတော့ဘူးပဲ ...

ယွင်ချင်းစီက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဘာလို့ နန်းတော်ကို ပြန်ခေါ်လာသလဲဆိုတဲ့ အကြောင်းအရင်းကို အရှင်ရော ကျွန်တော်ရော နှစ်ယောက်လုံး ရှင်းရှင်းလင်းလင်း သိနေပြီးသားပဲ မဟုတ်လား ...”

လီယင်းက ခေါင်းကို ယမ်းပြလိုက်သည်။ သူ့အသံမှာ အနည်းငယ် မပြတ်မသား ဖြစ်နေသည်။

“မင်း မသိပါဘူး ...”

သူ ပြောလိုသည်များကို ယွင်ချင်းစီက နားမထောင်လို။

“ထားလိုက်ပါ ဂရုမစိုက်ဘူး ...”

လီယင်းလည်း ဆက်မပြောတော့။

ယွင်ချင်းစီက အိပ်ယာပေါ် လှဲချကာ သူ့ကို စိုက်ကြည့်ပြီးနောက် တစ်ဖက်လှည့်ပြီး စောင်ကို အတင်းဆွဲခြုံလိုက်သည်။

လီယင်းက သူ့ဘေးတွင် တစ်ခဏမျှ ထိုင်နေပြီးနောက် အိပ်ယာပေါ် လက်ထောက်ကာ အသက်အောင့်ထားလျက် သူ့အနား တစ်ဖြည်းဖြည်း တိုးသွားလိုက်သည်။

ယွင်ချင်းစီက ချက်ခြင်း ပြန်လှည့်လာရာ သူ့နောက်ကျောနှင့် လီယင်း၏ လက်ဖဝါး မထိမိခင်မှာပင် လီယင်းက အလိုလို နောက်ပြန်လဲကျလုမတတ် ဖြစ်သွားသည့်အတွက် လဲမကျရန် သူ့ပုခုံးကို အားပြု ကိုင်ထားလိုက်ရတော့သည်။

ယွင်ချင်းစီက သူ့အောက်တွင် ပုံလျက်သား လှဲနေလိုက်မိတော့သည်။ အနည်းငယ် အိပ်ချင်နေပြီ ဖြစ်သည့်တိုင် မျက်စိတို့ကို အားစိုက်ဖွင့်ကာ ပြောလိုက်သည်။

“ထွက်မသွားသေးဘူးလား ...”

“ခဏ ထိုင်နေဦးမယ် ...”

“အပြင်ဘက်မှာ ထိုင်ခုံတွေ ရှိတယ် ...”

“တကယ်တော့ ကိုယ်လည်း နည်းနည်းလေး အိပ်ငိုက်လာလို့ ...”

“အလှညောင်စောင်းပေါ်မှာ လှဲလို့ရတယ် ....”

“... ကိုယ် ခဏလေးပဲ လှဲချင်တာလေ ...”

“ဒါဆိုလည်း ကျန်းရှန်းနန်းဆောင်ကို ပြန်ပြီးတော့ လှဲလိုက်ပါ ...”

သူ ဝင်အိပ်မည်ကို စိုးရိမ်သည့်ဟန် ယွင်ချင်းစီက ခြေလက်တို့ကို ဆန့်တန်းလျက် ပြောလိုက်သည်။

“မထွက်ခင် ခန်းဆီးစတွေကိုပါ ချပေးသွား အရမ်း လင်းနေတော့ အိပ်လို့ မရဘူး ...”

နောက်ဆုံးတွင်တော့ လီယင်းလည်း လက်များကို ပြန်ရုတ်သိမ်းကာ မတ်တပ်ရပ်ပြီး ခန်းဆီးစများကို ချပေးလိုက်ရတော့သည်။

ထူထဲလှသည့် ခန်းဆီးစက အလင်းရောင်အားလုံးကို ပိတ်ဆို့တားဆီးလိုက်သည့်အတွက် များမကြာမီမှာပင် ယွင်ချင်းစီလည်း အိပ်မောကျသွားတော့သည်။

လီယင်းက အပြင်ဘက်တွင် ၁၅ မိနစ်ခန့် ထိုင်နေပြီးကာမှ အိပ်ယာအနားသို့ ပြန်လျှောက်လာကာ ခန်းဆီးစကို မ,တင်လိုက်သည်။ ယွင်ချင်းစီ အိပ်မောကျနေမှန်း သေချာအတည်ပြုပြီးကာမှသာ အိပ်ယာပေါ်သို့ ဖွဖွလေး ဝင်ထိုင်လိုက်၏။

ချောင်ယန်နန်းဆောင်ရှိ အိပ်ယာမှာ လွန်စွာ ကြီးမားလှသည့်အပြင် ယွင်ချင်းစီကလည်း ငြိမ်သက်စွာ အိပ်စက်နေသည့်အတွက် ကုတင်တစ်ဝက်ခန့်ကိုသာ နေရာယူထားကာ သူ နိုးစဉ်ကကဲ့သို့ လွှမ်းမိုးချုပ်ကိုင်လိုသည့် အငွေ့အသက်တို့ကို များစွာ မတွေ့ရတော့ချေ။

သို့သော် လီယင်းကမူ အိပ်ယာအစွန်းတွင် ဝင်ထိုင်ကာ ဒူးနှစ်ဖက်ကို လက်ဖြင့် ပိုက်လျက်သာ တိတ်တဆိတ် ငေးကြည့်နေလိုက်သည်။

ချောင်ယန်နန်းဆောင်တစ်ခုလုံးကို ယွင်ချင်းစီ သုံးလေသုံးထရှိသည့် အမွှေးနံ့သာများ ထွန်းညှိထားကာ ထိုရနံ့မှာ ခန်းဆီးနောက်သို့ ရောက်လေလေ ပိုပြီး ပြင်းထန်လာလေဖြစ်သည်။ လီယင်းက ၎င်းကို အတော်ကြာ ရှူရှိုက်ကာ မေ့ဖျောက်၍ မရနိုင်သည့် ထိုရနံ့က သူ့နှလုံးအိမ်ထဲသို့ တစ်ဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်ပြီး သံမဏိဓားတစ်ချောင်း အသွင်ဆောင်ကာ သွေးချင်းချင်းနီရဲနေသော ဒဏ်ရာတို့ ချန်ထားနေသည်ကို ခွင့်ပြုထားလိုက်သည်။

အဲဒီတုန်းက ယွင်ချင်းစီက သူ့ကို ဒီလောက်အထိ မမုန်းခဲ့ပါဘူး ...


,......

လျှိုကျီရူက သဘင်ဌာနသို့ ချက်ခြင်း ထွက်လာလိုက်၏။

နန်းတော်ထဲရှိ ဂီတပညာရှင်အားလုံးမှာ ကြည့်ကောင်းသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ အားလုံးမှာ ဧကရာဇ်ကို အခစားဝင်လိုကြသူများ ဖြစ်သည့်အတွက် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ရုပ်ရည်ချောမောရမည် ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံသားတော်က “ရုပ်ရည်ချောမောခန့်ညားသော ဂီတပညာရှင်” ဟူ၍ အထူးတလည် မိန့်ကြားခဲ့သည့်အတွက် ထိုကိစ္စမှာ ထင်သလောက် မရိုးရှင်းလှပေ။

ထို့ကြောင့် သူက သဘင်ဌာန၏ အဓိက တာဝန်ရှိသူကို ပြောလိုက်၏။

“လူနည်းနည်းလောက် ရွေးလာခဲ့လိုက် မျက်စိထဲမှာ ထင်းမနေမယ့်သူမျိုး ...”

တာဝန်ရှိသူမှာလည်း စိတ်ရှုပ်ထွေးသွားရတော့၏။ သူက လျှိုကျီရူကို ပင်မခန်းမဆောင်သို့ ခေါ်လာကာ ထိုနေရာရှိ ကြည့်ကောင်းလှသူအချို့ကို ညွှန်ပြပြီး ပြောလိုက်သည်။

“လျှိုလူကြီးမင်း ဘယ်တစ်ယောက်ကများ မျက်စိမဖမ်းစားနိုင်စရာ ကောင်းလို့လဲ ...”

ဂီတပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် ခေါင်းမော့လာလိုက်ကြ၏။ အချို့မှာ သာမန် ကြည့်ကောင်းရုံမျှသာ ဖြစ်သော်လည်း အချို့မှာမူ ထူးထူးကဲကဲ ချောမောနေလွန်းသည့်အတွက် လျှိုကျီရူ၏ နှလုံးသားတစ်ခုလုံး စိတ်ပျက်မှုတို့ ပြည့်နှက်သွားတော့သည်။


Xxxxxxc