အပိုင်း ၁၉
Viewers 12k

Chapter 19



ယွင်ချင်းစီ နိုးလာသည့်အခါ လီယင်းကို မတွေ့ရတော့။ အလုပ်မများပါဟု ပြောသည့်တိုင် အမှန်တကယ် အလုပ်မများရန် မဖြစ်နိုင်လှချေ။ သမ်းဝေကာ အဝတ်အစား ပြန်လဲပြီး လန်းဆန်းတက်ကြွလာအောင် ပြင်ဆင်လိုက်သည်။

ဧကရာဇ်ဖြစ်ရခြင်းနှင့် နှိုင်းယှဉ်ပါလျှင် ဧကရီဖြစ်ရခြင်းက ပို၍ ကောင်းမွန်ပေသေးသည်။ အားလပ်ချိန် အများအပြားကို ပိုင်ဆိုင်ထားကာ ခေါင်းမာလှသည့် လူအိုကြီးများနှင့်လည်း နေ့တိုင်း မျက်နှာချင်းဆိုင်နေရန် မလိုအပ်ချေ။

အတိတ်ဘဝက လီယင်းသည် ယွင်ချင်းစီ သူ့ကို တွယ်ကပ်မနေနိုင်စေရန် အလို့ငှာ ငွေကြေးအမြောက်အများ အကုန်အကျခံကာ မှန်လုံအိမ်တစ်ခု တည်ဆောက်ပေးခဲ့သည်။

တော်ဝင်ဉယျာဉ်ထဲရှိ ပန်းပင်အများစုမှာ နှင်းဒဏ်ကြောင့် ညှိုးလျော်သွားပြီ ဖြစ်သော်ငြား မှန်လုံအိမ်ထဲတွင်မူ ကောင်းမွန်စွာ ပွင့်လန်းနေကြဆဲပင်။ယွင်ချင်းစီက ထိုမှန်လုံအိမ်ထဲသွားကာ အပင်များကို ရေလောင်းပေးပြီး အလှဆင်ရန် အလို့ငှာ ပန်းအချို့ ခူးလိုက်သည်။

ညရောက်သည်နှင့် တစ်ပြိုင်နက် ပင်မနန်းဆောင်မှာ ရှင်းလင်းပြင်ဆင်ပြီးဖြစ်သည်။လီယင်းက သူ့ကတိကို မဖျက်ဘဲ သူနှင့်အတူ အချိန်ကောင်းလေးများ ကုန်ဆုံးရန် ရောက်ရှိလာခဲ့သည်။

ယွင်ချင်းစီက အားရဝမ်းသာစွာဖြင့် အဝတ်အစားလဲကာ စားပွဲတွင် ဝင်ထိုင်ရင်း ခန်းမထဲ ဝင်လာမည့် ဂီတပညာရှင်များကို မျှော်လင့်တကြီး စောင့်ဆိုင်းနေလိုက်သည်။

ဘေးတွင် ထိုင်နေသည့် လီယင်းကလည်း သူ့အမူအယာတို့ကို အသေးစိတ် အကဲခတ်နေ၏။

“နန်းတော်ထဲမှာ တစ်ခြားသူ မရှိတော့ဘူးလား ...”

သူက မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

“ဘယ်လိုဖြစ်ရတာလဲ ...”

ယခင်က သောက်စားပျော်ပါးကခုန်ခြင်းကို မမွေ့လျော်သည့်တိုင် သူ စားသောက်လေတိုင်း ချောမောလှသည့် လူငယ်လေးများကို တွေ့ရစမြဲဖြစ်သော်လည်း ယခု သူ့ရှေ့တွင် ရှိနေသူများမှာမူ အရုပ်ဆိုးသည်ဟုပင် ဆို၍ရလောက်သည်အထိ ဝါညိုညို၊ လန်းဆန်းခြင်း အလျဉ်းကင်းမဲ့သည့် မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။

အချို့မှာ စကားကိုပင်လျှင် ပြေပြစ်ဆီလျော်စွာ ပြောတတ်သည့်ဟန် မတူ။

ကခုန်နေသည့် မိန်းမပျိုများက မျက်နှာဖုံးများ တပ်ဆင်ထားကာ ဂီတပညာရှင်များမှာမူ တစ်ယောက်မှပင် ဆွဲဆောင်မှုရှိသည့် ရုပ်ရည်မျိုး ပိုင်ဆိုင်မထားကြပေ။

ယွင်ချင်းစီက မျက်လုံးကို တင်းတင်းပိတ်ထားလိုက်သည်။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် ရုတ်ချည်း ခံစားချက်တို့ ဆိုးဝါးလာတော့၏။

လျှိုကျီရူက မျက်လုံးကို မော့ကာ အကဲခတ်လိုက်ပြီး ကျေနပ်နေသည့် ဧကရာဇ်၏ အမူအယာကို တွေ့လိုက်ရကာမှ စိတ်အေးသွားရတော့သည်။

သေချာပေါက်ကို ကျေနပ်ရမှာပေါ့ ဒီဂီတပညာရှင်တွေ အကုန်လုံးက နန်းတော်အပြင်ဘက်ကနေ ရှာလာတာကို သူတို့ရဲ့ အရည်အချင်းကတော့ တော်တော်လေး ကောင်းတယ်ဆိုပေမယ့် ရုပ်ရည်သွင်ပြင်ပိုင်းက ချို့ယွင်းချက်တွေ ရှိနေတယ်လေ ...

ထိုစဉ်မှာပင် ထက်ရှလှသည့် အကြည့်စူးစူးတစ်ချက်ကို လက်ခံရရှိလိုက်သည့်အတွက် နှလုံးခုန်နှုန်းပင်လျှင် ဟန်ချက်ပျက်သွားတော့သည်။

အရှင်က ကျေနပ်ပေမယ့် ဧကရီကတော့ သေချာပေါက်ကို မကျေမနပ် ဖြစ်နေပြီထင်တယ် ...

ဧကရာဇ်ကို နောက်တစ်ကြိမ် ပြန်လည် အကဲခတ်လိုက်လျှင် လက်ချောင်းတို့အား တင်းတင်းဆုပ်ထားသည်ကို သတိပြုမိလိုက်သည့်အတွက် သူ့အမူအယာအားလုံး အေးခဲသွားတော့သည်။

ယွင်ချင်းစီက ပြောလိုက်သည်။

“လူကြီးမင်းလျှိုရဲ့ မျက်လုံးတွေက မကောင်းတော့ဘူး ထင်တယ်နော် ...”

လီယင်း “ဒါဆိုလည်း ဖောက်ထုတ်လိုက် ...”

လျှိုကျီရူ “...?”

ယွင်ချင်းစီ၏ အကြည့်တို့က သူ့ထံ ရောက်ရှိလာကာ တရိပ်ရိပ် တိုးလာသော ဒေါသစိတ်ဖြင့် ဝုန်းကနဲ ထရပ်ကာ ပြောလိုက်သည်။

“အိမ်ပြန်ချင်တယ်...”

ကခုန်ဖျော်ဖြေသူများနှင့် ဂီတပညာရှင်အားလုံးလည်း တစ်ပြိုင်တည်း ရပ်တန့်ကာ အကြောင်သား ငေးကြည့်နေလိုက်ကြတော့သည်။

မနက်တုန်းက ယွင်ချင်းစီက သူသာ စိတ်တိုင်းမကျရင် သူ့အဖေအိမ် ပြန်မယ်လို့ ပြောခဲ့တယ်လေ အဲဒီ့စကားက တကယ်နဲ့တူတယ် ...

လီယင်းက လျှိုကျီရူကို စိုက်ကြည့်လိုက်လျှင် တစ်ဖက်သူက အမြန် ဖြေကြားလိုက်၏။

“ဧကရီ ဧကရီအရှင် ဒါက ဒီငယ်သားရဲ့ အပြစ်ပါ ကြည့်ရတာ ဒီအစေခံကြီးက အသက်အရွယ် အိုမင်းလာလို့ လူငယ်လေးတွေနဲ့ အမြင်မတူတော့တာ ထင်ပါတယ် ဧကရီ ကျေးဇူးပြုပြီး ဒီငယ်သားကို နောက်တစ်ကြိမ် အခွင့်အရေးလေး ပေးပါ ...”

ယွင်ချင်းစီက သူ့ကို လျစ်လျူရှုထားလိုက်၏။

သူသည်လည်း အရူးမဟုတ်ရာ ဤကိစ္စမှာ လီယင်းက တမင်တကာ ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်ပေသည်။

သူ ပြန်မလာရင် အားလုံး အဆင်ပြေနေပေမယ့် သူ ပြန်ရောက်လာတာနဲ့ တစ်ပြိုင်နက် ဒီလူက သူ့ကို တိတ်တိတ်လေး အနိုင်ကျင့်ဖို့ ကြံစည်တော့တာပဲ ...

လီယင်းသာ သူ့ကို မပျော်ရွှင်ရအောင် လုပ်ရဲရင် သူလည်း မပျော်မရွှင် ဖြစ်မှာပဲ နန်းတော်ထဲကို အသာတကြည် ပြန်လိုက်လာပြီး အရင်ဘဝကလို နာနာခံခံလေး နေမယ်လို့များ ထင်နေလား အိပ်မက်သာ မက်နေလိုက် ...

လီယင်းမှာ တကယ်ကို သူ့ကို သတ်နိုင်တဲ့ စွမ်းရည် ရှိနေတာပဲ ...

မင်းခမ်းမင်းနားနဲ့တောင် ပြန်ခေါ်လာခံရတာကို သူ့ကို ကျေနပ်အောင်လုပ်ပေးဖို့ လီယင်းကို မကြံစည်နိုင်ရင် သူ့နာမည်ကို ယွင်ချင်းစီလို့ မခေါ်တော့ဘူး ...

လျှိုကျီရူမှဦ သူ့ကိုလည်း မတားရဲ။ နန်းတော်တံခါးဝအထိ ထွက်သွားသော ယွင်ချင်းစီကို ငေးကြည့်ရင်း အကြည့်စူးစူးတစ်ခုကို ခံစားမိလိုက်တော့သည်။

စူးရှလှသည့် အကြည့်မှာ သူ့အဝတ်တို့ကို ဖောက်ထွင်းလျက် အေးစက်သည့် ဓားသွားဖြင့် ထိုးသွင်းနေသည့်နှယ်။

လီယင်းက သူ့ကို အတော်ကြာ စိုက်ကြည့်နေပြီးနောက် လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ စိတ်စေတနာကောင်းမွန်ဟန်ဖြင့် ပြောလိုက်သည်။

“လျှိုလူကြီးမင်းရဲ့ မျက်လုံးတွေက မကောင်းတော့ဘူး ဆိုမှတော့ ဂီတပညာရှင်တွေ ရွေးချယ်တဲ့နေရာမှာ ကိုယ်တော်ကိုယ်တိုင် ကူညီပေးမယ်လေ...”

ယွင်ချင်းစီ “?”

လျှိုကျီရူက နဖူးပေါ်က ချွေးတို့ကို တိတ်တဆိတ် သုတ်ကာ တွေးလိုက်သည်။

ဘာတွေ ဖြစ်ကုန်တာလဲ ဧကရီအရှင်က ဒီတစ်ခေါက် နန်းတော်ထဲ ပြန်ရောက်လာပြီးကတည်းက ဟိုးအရင်ကထက် ပိုပြီးကို မောက်မာ ထောင်လွှားလာတော့တာပဲ ...

အတိတ်တွင် ယွင်ချင်းစီသည် မည်သူ့ကိုမှ ဂရုမစိုက်ဟု ဆိုသည့်တိုင် ဧကရာဇ်ကိုမူ ဂရုစိုက်ခဲ့ဆဲဖြစ်သည်။ ယခုမူ အရှင့်ကိုပင် လေးစားခြင်း အလျဉ်းမရှိတော့။

လီယင်း၏ အကြည့်တို့နှင့် နောက်တစ်ကြိမ် ဆုံတွေ့လိုက်ရပြန်သည်။

သူက သဘောတူလိုက်သည်။

“ဒီအစေခံက ဧကရီ့အတွက် စီစဉ်ပြင်ဆင်ပေးဖို့ သွားလိုက်ပါဦးမယ် ...”

“သွားခွင့်မပြုဘူး ...”

ယွင်ချင်းစီက လီယင်းကို စိုက်ကြည့်လိုက်သည်။

“သူ့ကို ဘယ်လိုတွေ ကြည့်နေတာလဲ ...”

လီယင်းက သူ့ကို စိတ်ရှည်လက်ရှည် ပြန်ဖြေလိုက်သည်။

“မင်းကြောင့် သူ ကြောက်သွားလို့ ကိုယ်က နှစ်သိမ့်ပေးနေတာပါ ...”

လျှိုကျီရူ “...”

လိမ်နေတာပဲ ...

“ကျွန်တော့်ကို အရူးတစ်ယောက်လို မဆက်ဆံနဲ့ ....”

ဧကရီက အားလုံးကို မြင်လိုက်သည့်ဟန်။

“ခင်ဗျားက သူ့ကို ကောင်းတာတွေကို ဖွက်ထားစေချင်နေတာ ...”

လီယင်းက သူ့စကားများကို နားမလည်သည့်နှယ် ပြုံးပြနေလိုက်သည်။

“ကိုယ်ဖြင့် တွေးတောင် တွေးမကြည့်ဖူးဘူး ...”

“ဒါဆိုလည်း ...”

ယွင်ချင်းစီက သူနှင့် စကားနိုင် လုမနေတော့။

“ဒါဆိုလည်း ကျွန်တော်နဲ့အတူတူ လိုက်ရွေးပေးဖို့ အရှင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ ...”

သူက လေသံကို ဖိကာ ပြောလိုက်သည်။

“အခုပဲ သွားကြရအောင်...”


လျှိုကျီရူမှာ လီယင်း၏ မျက်နှာကိုပင် မော့မကြည့်ရဲတော့။

ဧကရီ ယောကျ်ားတစ်ယောက်ကို ရွေးချယ်တဲ့နေရာကို ဘုရင်ကိုယ်တိုင် လိုက်ပြီး အဖော်ပြုပေးတယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပဲ ...

ဒီတစ်ခေါက် နန်းတော်ကို ပြန်လာပြီးနောက်ပိုင်း ဧကရီရဲ့ စိတ်နေစိတ်ထားတွေက ပြောင်းလဲမသွားပေမယ့် အရှင့်အပေါ် ထားတဲ့ သဘောထားတွေကတော့ တစ်ခြားတစ်ယောက်လိုကို ပြောင်းလဲသွားတာ ...

“ဝေါယာဉ် ခပ်သေးသေးနဲ့ပဲ သွားကြတာပေါ့ ...”

လီယင်းက တွန်းထုတ်မခံရခင်အထိ ယွင်ချင်းစီ၏လက်ကို ဆက်တိုက် တွဲကိုင်ထားလိုက်သည်။

လက်မောင်းတို့ အနည်းငယ် တင်းကြပ်လာကာမှသာ လွှတ်ပေးလိုက်တော့၏။

ယွင်ချင်းစီက သူနှင့်အတူ ဝေါယာဉ်တစ်ခုတည်း သုံးရသည်ကို စိတ်ထဲမထား။ ဝေါယာဉ်၏ ဘေးဘက်နံရံကို မှီထိုင်ကာ နှင်းထုလွှာတို့ ဖုံးအုပ်နေသည့် တော်ဝင်နန်းတော်ကို ငေးကြည့်ရင်း အကြည့်တို့က အရှေ့မြောက်စွန်းဆီသို့ ရောက်ရှိသွားတော့သည်။

ယခုအချိန်တွင် ချီဖန့်နန်းဆောင်ကို မတည်ဆောက်ရသေး။ ပြီးခဲ့သည့် ဘဝက လီယင်းသည် သူ့ကို နန်းတော်သို့ ပြန်ခေါ်လာပြီးသည့်နောက် ယွင်ချင်းစီ၏ ကိုယ့်ကိုယ်ကို ထိခိုက်အောင် ကြံစည်ခြင်းက အမတ်ချုပ်အိမ်တော်အား ဒေါသထွက်စေမည်ကို စိုးရိမ်သည့်အတွက် ချီဖန့်နန်းဆောင်ကို လက်ဆောင်အဖြစ် ပေးအပ်ကာ စိတ်အေးစေခဲ့သည်။

ယခုမူ ထိုနန်းတော်နေရာမှာ ဗလာဖြစ်နေကာ မျက်စိဖမ်းစားဖွယ်ရာ အဆောက်အဦး တစ်ခုတစ်လေမျှပင် မရှိသေး။

ယွင်ချင်းစီ၏ အကြည့်တို့ ဖျတ်ခနဲ လှုပ်ရှားသွားကာ တီးတိုးပြောလိုက်သည်။

“အမေ့ကို လွမ်းတယ် ...”

လီယင်း၏ မျက်ဝန်းတို့ ကျဉ်းမြောင်းသွားတော့၏။ သူက နံရံကို မှီကာ ထိုင်နေသည့် ယွင်ချင်းစီအား သတိရလွမ်းဆွတ်စွာဖြင့် စိုက်ကြည့်နေလိုက်သည်။

“နန်းတော်ကနေဆို အလွန်ဆုံးမှ မြို့တော်ရဲ့ အစွန်အဖျားမှာ ရှိနေတဲ့ ခြံဝင်းတွေလောက်ပဲ မြင်လို့ရမှာပေါ့ ...”

လီယင်း၏ မျက်နှာတစ်ခုလုံး မည်းမှောင်ကာ မေးရိုးတို့ တင်းမာလာတော့သည်။

စကားသံ တစ်ခွန်းမှ ထွက်မလာသည့်အတွက် လှည့်ကြည့်လာသော ယွင်ချင်းစီ၏ အကြည့်တို့ကိုပါ တမင်တကာ ရှောင်လွှဲလိုက်၏။

ပြီးခဲ့တဲ့ ဘဝတုန်းက ဒီလိုမျိုး မဟုတ်ပါဘူး မဟုတ်မှလွဲရော အမတ်ချုပ်အိမ်တော်အထိ မင်းခမ်းမင်းနားနဲ့ လာကြိုတာနဲ့တင် ယွင်မိသားစုကို လုံလုံလောက်လောက် မျက်နှာသာပေးပြီးပြီလို့ ထင်နေတာလား ...

ယွင်ချင်းစီက နှုတ်ခမ်းတို့ကို ကွေးညွတ်ကာ ပြောလိုက်သည်။

“ပြီးခဲ့တဲ့ မင်းဆက်ရဲ့ အအေးနန်းဆောင်က အရှေ့မြောက်ဘက်စွန်းမှာတဲ့ ကြားဖူးတာတော့ မြို့တော်ထဲကို ရန်သူတွေ ထိုးဖောက်ဝင်ရောက်လာတုန်းက ကြင်ယာတော်တွေ တစ်ဒါဇင်ကျော်လောက်က ငွေရောင်ပိုးပုဝါစတွေ ခေါင်မိုးမှာ တွဲလောင်းချည်ပြီး အဆုံးစီရင်သွားကြတယ်တဲ့ နောက်ပိုင်းကျ အဲဒီ့နေရာမှာ ညညဆို လေတိုက်တိုင်း လှုပ်ရှားနေတဲ့ အလောင်းကောင်တွေကို တွေ့ကြရတယ်ဆိုပဲ ဒီလိုနဲ့ အဲဒီ့အအေးနန်းဆောင်ကို မသွားဖို့ တားမြစ်ထားလိုက်တာ နှစ်တစ်ရာတောင် ကျော်သွားပြီတဲ့ ..."

လီယင်း၏ အမူအယာတို့မှာ သုန်မှုန်လာတော့သည်။

“ဘာလို့ အစမရှိ အဆုံးမရှိဘဲ ဒီအကြောင်းကို ရုတ်တရက်ကြီး ထပြောရတာလဲ ...”

“ဒီလောက် နေရာအကျယ်ကြီး အလကား ဖြစ်နေတာ ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“တကယ်လို့ အဲဒီ့နေရာမှာသာ ရှုမျှော်ခင်း ကြည့်လို့ရမယ့် မျှော်စင်တစ်ခုလောက် တည်ဆောက်လိုက်ရင် အနာဂတ်ကျ နန်းတော်ထဲကနေ ထွက်ခွာစရာ မလိုဘဲ မြို့တော်တစ်ခုလုံးကို ကြည့်လို့ရသွားပြီလေ ...”

လီယင်းက နာကျင်မှုကို ရင်တွင်ပိုက်ကာ မျက်စိမှိတ်လျက် ပြောလိုက်သည်။

“မဆောက်ဘူး ...”

“ဘာလို့လဲ ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“ကျွန်တော်ကဖြင့် နန်းဆောင်နာမည်ကိုတောင် တွေးပြီးနေပြီကို “ချီဖန့်နန်းဆောင်” လို့ ခေါ်ကြမယ်လေ ...”

ထိုတစ်ခဏ၌ပင် လီယင်းသည် အတိတ်ဆိုးများထံ ပြန်လည်ရောက်ရှိသွားတော့သည်။


(အင်္ကျီလက်အနားစကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် ဖြူဖွေးလှသော လက်တစ်စုံ၊ သေသပ်ကောင်းမွန်လှသည့် ငွေရောင်ဖိနပ်တို့ဖြင့် အပေါ်ထပ်အထိ တရစပ် ပြေးတက်လာ၏။

“အားယင်း မြန်မြန်လေး ...”

ထိုအသံကို ကြားလိုက်ရသည့် တစ်ခဏ၌ ရယ်လိုစိတ်ကို ထိန်းချုပ်၍ပင် မရတော့။

“ဘာတွေ အလျင်လိုနေတာလဲ ...”

“ဒါ ငါ့အတွက် အားယင်းပေးထားတဲ့ အဆောင်လေ မစောင့်နိုင်တော့ဘူး ...”

ထိပ်ဆုံးထပ်ရှိ လေတိုက်နှုန်းမှာ လွန်စွာ ပြင်းထန်လှသည်။ လူငယ်လေးက တွဲထားသည့် သူ့လက်ကို လွှတ်၍ လက်ရန်းအနီး သွားကာ လက်မောင်းနှစ်ဖက်ကို ဆန့်တန်းလျက် မတ်တပ်ရပ်လိုက်သည်။ ရှည်လျားလှသည့် ဆံနွယ်တို့က လေနှင့်အတူ လွင့်မျော ကခုန်နေ၏။

သူက အပြုံးတစ်ခုကို ချိတ်ဆွဲလျက် နောက်နားတွင်သာ တိတ်တဆိတ် ရပ်နေလိုက်သည်။ ထိုစဉ် နောက်ထပ် သူ့ကိုယ်ခွဲတစ်ဦးက တီးတိုးပြောလိုက်၏။

“ယွင်ချင်းစီ ဒီကိုလာခဲ့ အနားအထိ မသွားနဲ့ ယွင်ချင်းစီ ...”

သူ့ကိုယ်သူလည်း ပြောလိုက်ပြန်သည်။

“ဆွဲထား လီယင်း မင်း သူ့ကို ဆွဲထားမှ ရမယ် ငါပြောနေတာ ကြားရဲ့လား လီယင်း မင်း သူ့ကို ဖမ်းဆွဲထားရမယ်လို့ ...”

ထိုမြင်ကွင်းကို အကြိမ်ပေါင်း ထောင်သောင်းမက ထပ်ကာထပ်ကာ ကြုံတွေ့ဖူးထားသည့်အတွက် ဆက်ဖြစ်လာမည့် အရာကို သိနေသော်ငြား နောက်ထပ် လီယင်းမှာမူ လုံးဝ မသိသေးချေ။ သူက ယွင်ချင်းစီကိုသာလျှင် မြတ်နိုးမှုအပြည့်ဖြင့် တိတ်တဆိတ် စိုက်ကြည့်နေလိုက်သည်။

ယွင်ချင်းစီက သူ့ဘက်လှည့်ကာ ပြုံးမပြခင်အထိ စိုက်ကြည့်နေမြဲပင်။

“ငါ မင်းကို အောက်ကနေ စောင့်နေမယ် ...”

နောက်ဆုံးတွင်တော့ တိတ်တိတ်လေး ရပ်နေသည့် လီယင်းလည်း အခြေအနေကို သဘောပေါက်သွားတော့သည်။ ရှေ့သို့ အလောသုံးဆယ် ပြေးသွားကာ သူ့ကို လှမ်းဆွဲရန် လက်ဆန့်ထုတ်လိုက်သော်ငြား အေးစက်လှသည့် နှင်းလွှာထုထဲ ခေါင်းစိုက်ကျသွားသည့် ချစ်ရသူကို ကြောင်အစွာဖြင့်သာ ငေးကြည့်နေလိုက်ရတော့သည်။

သွေးစက်တို့က သူ့မျက်နှာကို ပက်ဖြန်းလာ၏။

တစ္ဆေပေါင်း ထောင်သောင်းမက ပေါင်းစုကာ သူ့အနားတွင် တစ်ညီတစ်ညာတည်း အော်ဟစ်နေကြသည့်နှယ်။ လီယင်းက နဖူးကို တင်းတင်းဖိထားလိုက်သည်။ ဦးနှောက်တစ်ခုလုံး စူးရှနာကျင်လာသည့်အတွက် မျက်နှာတွင် သွေးရောင်မရှိ၊ ဖြူလျော်လာတော့သည်။ နားထင်တွင်လည်း ချွေးစေးတို့ တွဲလွဲခိုနေ၏။ )

“အရှင် အရှင် ...”

ရင်းနှီးနေသည့် အသံကို ကြားရကာမှ ထိုအိပ်မက်ဆိုးမှ ရုန်းထွက်နိုင်လာတော့သည်။ မျက်ဝန်းတစ်ခုလုံး အမှောင်ကျနေကာ အကြိမ်အနည်းငယ်ခန့် အသက်ကို ရှူသွင်းပြီးမှသာလျှင် သူ့ရှေ့တွင် ရပ်နေသူကို ကွဲကွဲပြားပြား မြင်လိုက်ရတော့၏။ လျှိုကျီရူက တိုးညှင်းစွာ မေးလိုက်သည်။

“ကျွန်တော်တို့ ရောက်ပါပြီ ...”

ဘေးသို့ လှည့်ပတ်အကဲခတ်နေသည့် သူ့အကြည့်ကို သတိထားမိသည့် လျှိုကျီရူက အလိုက်သတိ ပြောလာ၏။

“စောစောက ဧကရီက အရှင့်ကို ခေါ်နေပါသေးတယ် အရှင်က သူ့ကို လျစ်လျူရှုထားတော့ ကိုယ်တိုင် ဆင်းသွားပါပြီ ...”

လီယင်း၏ မျက်ခုံးတို့ ပင့်တက်သွားတော့သည်။ ယွင်ချင်းစီမှာ အမှန်တကယ်ပင် ဝေါယာဉ်ပေါ်မှ ဆင်းကာ တံခါးပေါက်ကို ဖြတ်၍ သူ့အကြည့်အောက်မှ ပျောက်ကွယ်သွားပြီဖြစ်သည်။

ချက်ခြင်း ထရပ်လိုက်သူကို လျှိုကျီရူက သတိပေးလိုက်ရပြန်၏။

“အရှင့်ရဲ့ မျက်နှာ ....”

ထိုအခါမှ ပြန်ထိုင်ကာ မူလအတိုင်း ပြန်ဖြစ်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။

လျှိုကျီရူ၏ အမူအယာမှာလည်း စိုးရိမ်စိတ်တို့ ပြည့်နှက်နေသည့်ဟန်။ အရှင်သည် ဆံထိုးကို အော်ဟစ်ရှာဖွေကာ နိုးထလာသည့် ညမှစ၍ စိတ်နှင့်လူနှင့် မကပ်တော့ကြောင်း သတိထားမိနေပေသည်။

ယွင်ချင်းစီ ပင်မထိုင်ခုံတွင် ဝင်ထိုင်ပြီးကာမှ သူက လျှောက်လာကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“အားလုံးပဲ မတ်တပ်ရပ်လို့ ရပြီ ...”

သဘင်ဌာနအကြီးအကဲများက ချက်ခြင်း ထရပ်ကာ လက်ဖက်ရည်ပူပူလေးများ ယူဆောင်လာရန် အမိန့်ပေးလိုက်သည်။ ယွင်ချင်းစီက လီယင်းကို ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။

လီယင်းက ဘာလို့ ရုတ်တရက်ကြီး တွန့်တိုတတ်သွားရတာလဲ နန်းမြင့်မျှော်စင် ဆောက်ရအောင်လို့ စကားစနေတာကိုတောင် မကြားချင်ယောင်ဆောင်နေလိုက်သေးတယ် ...

လီယင်းက သူ့ဘေး ဝင်ထိုင်ကာ အကြည့်ချင်းဆုံလျက် ရှင်းပြလိုက်သည်။

“အခု ကိုယ် ဒီအကြောင်း တွေးနေတာ ...”

လိမ်ညာတတ်တဲ့ မကောင်းဆိုးဝါးကောင်ပဲ ...

ယွင်ချင်းစီက ဘာမှ ဆက်မေးမနေတော့။

“ဒါဆို စတင်လိုက်ကြရအောင် ....”

လီယင်းက လက်ကို မြှောက်ပြလိုက်လျှင် လျှိုကျီရူက ကြေငြာလိုက်၏။

“ဂီတပညာရှင်အားလုံးကို ခေါ်လာခဲ့ ...”

များမကြာမီ သစ်သားဆံထိုးထိုးကာ အဖြူရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် ဂီတပညာရှင်အားလုံး ယွင်ချင်းစီ၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာကြတော့၏။ လူတိုင်းကို မတ်တပ်ရပ်စေကာ ရည်မွန်သည့် အမူအယာရှိသူ အချို့ကို အကဲခတ်နေလိုက်သည်။

“အားလုံးပဲ ခေါင်းတွေ မော့ထားကြပါ ...”

သူက ပြောလိုက်သည်။

လီယင်းက သူ့ကို မျက်နှာသေဖြင့် စိုက်ကြည့်ကာ လက်ဖက်ရည်ခွက်ကိုသာ တင်းတင်းကြပ်ကြပ် ကိုင်ထားလိုက်သည်။

ယွင်ချင်းစီကမူ ပင်မထိုင်ခုံမှ ထကာ ခပ်ချောချော လူငယ်လေးများကို ကြည့်ရှုနှင့်နေပြီဖြစ်သည်။ သူ့အကြည့်တို့မှာလည်း များစွာ ဝင်းလက်တောက်ပနေ၏။ မျက်စိဖမ်းစားနိုင်ဖွယ် ရုပ်ရည်ပိုင်ရှင်အချို့ကို ညွှန်ပြကာ ပြောလိုက်သည်။

“မင်း မင်း မင်း မင်း မင်း ပြီးတော့ မင်းတို့နှစ်ယောက် ရှေ့ထွက်လာခဲ့ ...”

အရွေးချယ်ခံလိုက်ရသည့် ဂီတပညာရှင်များမှာလည်း ချီးမြှင့်မြှောက်စားတတ်သူနှင့် သေခြင်းတရားကို ဆောင်ကြဉ်းတတ်သူ အရှင်နှစ်ပါးလုံးကို တစ်ပြိုင်တည်း တွေ့လိုက်ရသည့်အတွက် အနည်းငယ် ထိတ်လန့်တုန်လှုပ်လာတော့သည်။


Xxxxx