Chapter 20
ယွင်ချင်းစီက သူ့အနားသို့ တုန်ရီစွာ ရောက်လာကြသူများကို နောက်တစ်ကြိမ် အမိန့်ပေးလိုက်သည်။
“မတ်မတ်ရပ်ကြ ...”
ခါး၊ ခြေထောက်၊ ပုခုံးနှင့် ကျောပြင်တို့ကို စေ့စေ့စပ်စပ် အကဲခတ်ပြီးသည့်နောက် လီယင်းဘက်သို့လှည့်ကာ ရွှင်မြူးစွာ ပြောလိုက်သည်။
“ဒါဆို ရပြီ သူတို့ကို နန်းဆောင်ကို ခေါ်သွားတော့မယ် ...”
လီယင်း၏ ထက်ရှလှပါသည့် အကြည့်တို့က မြောက်များစွာသော လူငယ်တို့ကြား ဖြတ်သန်းကာ အလယ်ရှိ အချောမောဆုံး မျက်နှာပိုင်ရှင်ထံ ရပ်တန့်လျက် ပြောလိုက်သည်။
“ဧကရီ မိန့်တဲ့အတိုင်း ဆောင်ရွက်လိုက်ကြ ...”
ယွင်ချင်းစီက လွန်စွာ စိတ်ကျေနပ်သွားသည့်ဟန်။
“ကောင်းပြီ နန်းဆောင်ကို ပြန်ကြမယ် ...”
လက်ကို ဆန့်ထုတ်လိုက်သည့်အတွက် ရင်ရှီက ရှေ့တစ်လှမ်းတိုးကာ တွဲပေးမည် ပြုလိုက်သော်လည်း နီးကပ်လာသည့် အရိပ်တစ်ခုကို တွေ့လိုက်ရသည့်အတွက် ချက်ခြင်း နောက်ပြန်ဆုတ်လိုက်တော့သည်။
လီယင်းက သူ့လက်ကို ကိုင်ထားကာ ပြောလိုက်သည်။
“အခု နည်းနည်းတောင် နောက်ကျနေပြီကို သူတို့တွေကို မနက်ဖြန်မှပဲ ဖျော်ဖြေခိုင်းပါ့လား ...”
ယွင်ချင်းစီက သူ့ကို စိုက်ကြည့်လိုက်သည်။
သူ့ဘက်ကသာ အလျော့ပေးလိုက်ရတော့၏။
“ဒါဆိုလည်း ဒီနေ့ပေါ့ ...”
ဝေါယာဉ်က ဂီတပညာရှင်ခြောက်ဦး ခြံရံလျက် နန်းဆောင်သို့ ပြန်လည်ထွက်ခွာလာလိုက်သည်။
ချောင်ယန်နန်းဆောင်ရှေ့ ရောက်သည့်အခါ ယွင်ချင်းစီက လွန်စွာ စဉ်းစားပေးတတ်သူ တစ်ဦးနှယ် ပြောလိုက်သည်။
“တကယ်လို့ အရှင် အရမ်း ပင်ပန်းနေရင်လည်း အရင်ပြန်ပြီး အနားယူနှင့်လိုက်ပါလား ...”
သူ့ရည်မှန်းချက် ပြည့်ဝသွားပြီ ဖြစ်သည့်အတွက် လီယင်း ရှိခြင်းမရှိခြင်းက အရေးမပါတော့။ ထိုယောကျာ်း၏ မျက်နှာကို မြင်နေရပါလျှင် သူ၏ ပျော်ရွှင်ခြင်းများ အလိုလို ဆိတ်သုဉ်းသွားသည့်နှယ်။
လီယင်းက သူ မပင်ပန်းကြောင်း တိတ်တဆိတ် အရိပ်အယောင် ပြလိုက်ကာ ယွင်ချင်းစီကို ပွေ့ဖက်လျက် နန်းဆောင်ထဲသို့ ဝင်လာလိုက်သည်။
ယွင်ချင်းစီလည်း နားလည်ရခက်သွားတော့၏။
“ဘာတွေ လုပ်နေတာလဲ ...”
“မင်းကို အဖော်ပြုပေးမလို့လေ ...”
ယွင်ချင်းစီက မျက်လုံးတို့ကို စုကျုံ့လိုက်၏။ လီယင်းမှာ လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်နေသည့်တိုင် သူ့ရှေ့တွင်မူ သဘောထားကြီးပြနေဆဲဖြစ်သည်။
ထားပါ လီယင်းက ပျော်ပျော်ရွှင်ရွှင် မနေချင်မှတော့ သူ့ကို စိတ်ညစ်အောင် လုပ်ကြတာပေါ့ ...
စားပွဲကို ပြန်လည်ခင်းကျင်းကာ ချောမောလှသည့် လူရွယ်လေးများက တူရိယာ တီးမှုတ်ပြီး ကချေသည်များ တင့်တယ်စွာ ယိမ်းနွဲ့ကခုန်နေသည်ကို တွေ့လိုက်ရကာမှသာ ယွင်ချင်းစီလည်း အပြည့်အဝ စိတ်တိုင်းကျသွားတော့သည်။
ဖျော်ဖြေနေသူများကို ခဏခဏ ငေးစိုက်ကြည့်နေသည့် သူ့အကြည့်တို့မှာ နှစ်လိုသဘောကျမှုတို့ လျှံကျနေကာ ထိုသူတို့ထံမှလည်း ရှက်ရွံ့ပူပန်နေသည့် အကြည့်တို့ကို မကြာခဏ လက်ခံရရှိလိုက်သေးသည်။
လီယင်း၏ အကြည့်တို့မှာမူ ဓားသွားသဖွယ် အေးစက်တင်းမာလာတော့၏။
သူနှင့် အကြည့်ချင်း ဆုံလိုက်မိသည့် ဂီတသမားတစ်ဦးမှာ ကြက်သီးတဖျန်းဖျန်းထသည်အထိ ကျောချမ်းသွားရတော့သည်။ ခေါင်းကို အမြန် ငုံ့ချကာ တူရိယာ တီးမှုတ်ခြင်းတွင်သာ အာရုံစိုက်ထားလိုက်တော့၏။
အချိန်ကောင်းလေးတစ်ခု ပိုင်ဆိုင်ထားသည့် ယွင်ချင်းစီက လွန်စွာ ဝမ်းမြောက်ပျော်ရွှင်နေသည့်နှယ် အကသမားများကို အားရဝမ်းသာ လက်ခုပ်ဩဘာပေးလိုက်သည်။
“အရမ်းကို ကောင်းတာပဲ ...”
ထိုစဉ် ရှည်လျားလှသည့် လက်မောင်းတစ်စုံက သူ့ခါးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ ပေါင်ပေါ်သို့ ပွေ့တင်လိုက်၏။ မော့ကြည့်လာသော ယွင်ချင်းစီ၏ နှုတ်ခမ်းထက်တွင် သစ်သီးကိတ်မုန့်တို့ ပေကျံနေသည်။
ထိုသူက သူ့နှုတ်ခမ်းကို သုတ်ပေးကာ ပါးပေါ်ကျနေသည့် ဆံနွယ်တို့ကို သပ်တင်ပေးပြီး တီးတိုးပြောလိုက်သည်။
“ဘာလို့ အရမ်းတွေ ပျော်နေရတာလဲ ...”
“အလှလေးတွေ အများကြီး ရှိနေတာကို ဘာလို့ မပျော်ရမှာလဲ ...”
လီယင်းက ပြုံးလိုက်သည်။ ခပ်နွေးနွေး ဝိုင်တစ်အိုးကို ကောက်ယူကာ အသီးဝိုင်တစ်ခွက် ငှဲ့ပြီး သူ့ကို ပေးလိုက်သည်။
“အလှလေးတွေက ဝိုင်ကောင်းတစ်ခွက်နဲ့ ပေါင်းစပ်ရမှာပေါ့ ...”
ဒါက ကျိုးကြောင်းဆီလျော်သားပဲ ...
ယွင်ချင်းစီက ဝိုင်ခွက်ကို လှမ်းယူလိုက်သော်လည်း လီယင်းက သူ့လက်တို့ကို ရှောင်ဖယ်လိုက်၏။ ကျက်သရေ တင့်တယ်လှသည့် နဂါးဝတ်ရုံတော်ကို ဝတ်ဆင်ထားသော ဧကရာဇ်က ဝိုင်ခွက်ကို သူ့နှုတ်ခမ်းနား တိုးပေးကာ အဓိပ္ပါယ်အပြည့်ဖြင့် ပြောလိုက်သည်။
“ကိုယ်တော်ကပဲ ဧကရီကို ပြုစုပေးပါ့မယ် ...”
သူ့အကြည့်တို့မှာ လမိုက်ည၏ မြစ်တစ်စင်းနှယ် နက်မှောင်ကာ ခန့်မှန်းရ ခက်ခဲလှပြီး သွေးဆောင်ဖျားယောင်းလိုဟန်တို့လည်း အနည်းငယ် ရောယှက်နေသည်။
ယွင်ချင်းစီ၏ မျက်လုံးတို့ အနည်းငယ် ပြူးကျယ်သွားတော့၏။
လီယင်းက ဘာလို့ ဒီလောက်အထိ ကောင်းနေရတာလဲ ...
သင်္ကာမကင်း ဖြစ်သွားသည့်တိုင် လီယင်းသာ သူ့ကို အမှန်တကယ် သတ်လိုပါလျှင် အဆိပ်ခတ်သည့် နည်းလမ်းမျိုး သုံးလိမ့်မည် မဟုတ်ဟု တွေးမိသည့်အတွက် ချက်ခြင်း စိတ်အေးသွားကာ သူ့လက်ထဲက ဝိုင်ခွက်ကို ငုံ့သောက်လိုက်သည်။
အသီးဝိုင်မှာ ချိုမြိန်လွန်းလှ၏။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ထပ်လိုချင်သေးတယ် ...”
ပြီးခဲ့သည့် အတိတ်ဘဝက ဖြစ်ရပ်များကို ချန်ထားခဲ့ပါလျှင် ဧကရာဇ်လီသည် ရှားပါးအလှတရားကို ပိုင်ဆိုင်ထားသူဖြစ်ကာ ချောမောလှပါသည်ဆိုသည့် ဂီတပညာရှင်များပင်လျှင် သူ့ကို မယှဉ်ပြိုင်နိုင်။ ထိုကဲ့သို့သော အလှလေးက သူ့ကို ပြုစုလိုပါသည်ဟု တောင်းဆိုလာသည့်အခါ ယွင်ချင်းစီတွင် ငြင်းရန်အကြောင်းမရှိပေ။
လီယင်းက သူ့ကို ရင်ခွင်ထဲ ထွေးပွေ့ကာ ဝိုင်တစ်ခွက် ငှဲ့ပေးပြီး စိတ်ရှည်လက်ရှည် တိုက်လိုက်၏။
သုံးခွက် သောက်ပြီးသည့်နောက် ယွင်ချင်းစီလည်း ရီဝေယစ်မူးစ ပြုလာတော့သည်။ အသိစိတ်က ကြည်လင်နေဆဲ ဖြစ်သော်ငြား ခန္ဓာကိုယ်မှာမူ အနည်းငယ် ယိမ်းထိုးစ ပြုလာသည်။သူသာ ဆက်သောက်နေပါလျှင် လီယင်းကို အပြစ်ပြုမိတော့မည် ဖြစ်သည့်အတွက် လက်ကို ယမ်းပြလိုက်သည်။
“တော်ပြီ ...”
လီယင်းက နားနားကပ်ကာ လွန်စွာ ချုပ်တည်းထားရသည့် လေသံဖြင့် ပြောလိုက်သည်။
“နောက်ဆုံးတစ်ခွက်လေ ...”
“တော်ပြီ ...”
လီယင်း၏ လေငွေ့တို့နှင့် ထိတွေ့လိုက်သည့် နေရာတွင် ကြက်သီးထလာရသည့်အတွက် ခေါင်းကို တစ်ဖက်စောင်းကာ သူ့မျက်နှာကို တွန်းလွှတ်ပြီး ပြောလိုက်သည်။
“တော်ပြီလို့ ...”
လီယင်းကလည်း သူ့က်ို ဆက်လက်သွေးဆောင် မနေတော့ဘဲ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလျက်နှင့်ပင် ဖျော်ဖြေရေးကို ဆက်လက် ကြည့်ရှုနေလိုက်သည်။ ဝါးပင်နှယ် သွယ်လျလှသည့် လက်ချောင်းတို့ဖြင့် ဂီတပညာရှင်များကို လက်ယပ်ကာ လှမ်းခေါ်လိုက်သည်။
ဂီတပညာရှင်အားလုံး ကြောင်အသွားကာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်မိတော့သည်။ လီယင်းက ထူးထူးကဲကဲ ချောမောနေသူကို ညွှန်ပြကာ လက်ယမ်းပြလိုက်သည်။
ထိုသူက တီးလက်စ တူရိယာကို ထားရစ်ကာ တုန့်ဆိုင်းလေးလံစွာ လျှောက်လာ၏။ လီယင်းက သူ့ဘေးရှိ ထိုင်ခုံကို ညွှန်ပြလိုက်လျှင် ချက်ခြင်း ဒူးထောက်ချလိုက်တော့သည်။
“အရှင်မင်းကြီး ...”
“ဟမ် ...”
အသံများကို ကြားလိုက်ရသည့် ယွင်ချင်းစီက လီယင်း၏ ရင်ခွင်ကို မှီကာ ခပ်မတ်မတ် ထိုင်လိုက်သည်။ သူ့အကြည့်တို့မှာ ရီဝေမှုန်ဝါးနေ၏။
“ဘာလို့ ဒီကို ရောက်နေတာလဲ ...”
လီယင်းက သူ့ခါးကို မလွှတ်စတမ်း ဖက်ထားရင်း ညင်သာစွာ ပြောလိုက်သည်။
“သူက ဧကရီကို အဖော်ပြုပြီး တစ်ခွက်လောက် သောက်ပေးချင်လို့တဲ့ ကိုယ့်ရဲ့ ဧကရီကရော သူ့ကို အခွင့်အရေးတစ်ခုလောက် ပေးချင်လား ...”
ဂီတပညာရှင်၏ နဖူးတွင် ချွေးပေါက်တို့ စီးကျလာတော့သည်။ ယွင်ချင်းစီက အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။
“သောက်လေ သောက်ချင်လို့လား ...”
ထိုသူကလည်း အသက်ကို ဖက်ဖြင့်ထုပ်ကာ ဝိုင်နှစ်ခွက် အမြန်ငှဲ့ပြီး ယွင်ချင်းစီကို တစ်ခွက် ဆက်သလိုက်သည်။
“ဧကရီအရှင် ... ကျေးဇူးပြုပြီး ...”
လီယင်းက ပြောလိုက်သည်။
“မင်းနာမည်က ဘာလဲ ...”
“ဒီငယ်သားရဲ့ မျိုးရိုးနာမည်က ရွမ် နာမည်ကတော့ လျန် ဖြစ်ပါတယ် ...”
“ရွမ်လျန် ...”
လီယင်းက ယွင်ချင်းစီကို ပြောလိုက်သည်။
“သူ့ကို သဘောကျလား ...”
ယွင်ချင်းစီက သူ့ကို အတော်ကြာ စိုက်ကြည့်နေပြီးကာမှ ပြောလိုက်သည်။
“ကောင်းပြီ ...”
ချိုမြိန်သည့် အပြုံးတစ်ပွင့်ကို မသိမသာ လှစ်ဟပြရင်း နူးညံ့စွာ ပြောလိုက်သည်။
“ဒါပေမယ့် အားလျန်က ငါနဲ့အတူ သောက်ချင်မှတော့ ကိုယ်တိုင် တိုက်သင့်တာပေါ့ ...”
ရွမ်လျန်၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။
လီယင်း၏ လက်မောင်းတို့လည်း တင်းကြပ်သွားတော့၏။ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမှုကြောင့် မနာကျင်ရသည့်တိုင် သူ့လက်မောင်း ကြွက်သားတို့မှာမူ သံမဏိသဖွယ် မာကျောနေပြီဖြစ်သည်။
“အမ် ...”
ယွင်ချင်းစီက သူ့ကို တအံ့တဩ ပြန်မေးလိုက်သည်။
“မရဘူးလား...”
“ရတာပေါ့ ...”
သူ့အသက်ရှူသံတို့မှာ ပုံမှန်ထက် ပိုမိုပြင်းထန်လာတော့သည်။
“ကိုယ့်ဧကရီ ပျော်နေတယ်ဆို အားလုံး အဆင်ပြေတယ် ...”
ရွမ်လျန်က ဝိုင်ခွက်ကို ယူကာ သူ့နှုတ်ခမ်းနားသို့ တေ့ပေးလိုက်၏။ ယွင်ချင်းစီက သူ့လက်ထဲက ဝိုင်ကို ငုံ့သောက်ရင်း ဖြူဖွေးလှသည့် လက်ချောင်းသွယ်သွယ်တို့ကို ငေးကြည့်မိသည့် တစ်ခဏ၌ ထိုဝိုင်မှာ ယစ်မူးဖွယ် မကောင်းတော့ကြောင်း သတိထားမိသွားသည်။
“အားလျန်ရဲ့ လက်တွေက တကယ်လှတာပဲ နောက်တစ်ခွက်လောက် သောက်ကြမလား ...”
လီယင်း၏ အကြည့်တို့မှာ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်လာတော့သည်။ ရွမ်လျန်က အသက်ကို အလောတကြီး ရှူရှိုက်ရင်း ကြောက်မက်ဖွယ် အကြည့်အောက်မှပင် ယွမ်ချင်းစီကို ဝိုင်နောက်တစ်ခွက် တိုက်လိုက်ရတော့သည်။
ကြည်လင်နေသည့် ဝိုင်တို့က ယွင်ချင်းစီ၏ မေးစေ့မှတစ်ဆင့် ဖြူဖွေးလှသည့် လည်တိုင်တစ်လျောက် စီးကျသွားတော့သည်။ ပါးနှစ်ဖက် ရဲရဲနီကာ ခေါင်းလည်း မူးလာသည့်အတွက် လီယင်း၏ ရင်ခွင်ကို မှီကာ သူ့အင်္ကျီကော်လာကို ကိုင်ဆွဲပြီး ပြောလိုက်သည်။
“မနက်ဖြန်လည်း အချိန်ကောင်းလေးတွေ လိုချင်တယ် ...”
လီယင်းက ပြောလိုက်သည်။
“အားလုံး ဝမ်ဖေးရဲ့ ဆန္ဒအတိုင်း ဖြစ်စေရမယ် ...”
သူက ယွင်ချင်းစီကို ပွေ့ချီကာ အင်္ကျီတစ်ထည်လုံး ချွေးများဖြင့် စိုရွှဲပြီး လက်ဖမိုးပေါ် နဖူးအပ်လျက် မြေပေါ်တွင် ပြားပြားမှောက်နေသူကို ပြောလိုက်သည်။
“ကြားလိုက်လား ...ဧကရီက မင်းကို အရမ်း သဘောကျနေတယ် ...”
“ဒီည ဒီမှာပဲနေ ...”
တီးတိုးစကားသံ တစ်ခုနှင့်အတူ အားလုံး မြေကြီးပေါ် ဒူးထောက်လိုက်ကြတော့သည်။
လီယင်းက ကြွေပန်းထိုးထားသည့် အရောင်တောက်တောက် လိုက်ကာကို ဖြတ်ကျော်ကာ အတွင်းခန်းထဲ ဝင်သွားလိုက်သည်။
အပြင်ဘက်တွင်မူ အားလုံးက မလှုပ်မယှက် ဒူးထောက်နေကြဆဲဖြစ်ကာ တေးဂီတသံလည်း မကြားရ၊ ဝန်းကျင်တစ်ခုလုံး လွန်စွာ ဆိတ်ငြိမ်သွားတော့သည်။
လျှိုကျီရူက မျက်လုံးတို့ကို တင်းတင်းမှိတ်ထားလိုက်၏။
အတိတ်တွင် လူတကာနှင့် လိုက်လံ သဝန်တိုခဲ့ရသူမှာ ယွင်ချင်းစီ ဖြစ်သော်ငြား ယခုမူ ပြောင်းလဲသွားချေပြီ။
သို့သော် အောက်ခြေရှိ လူများမှာမူ ကံဆိုးမိုးမှောင် ကျနေဆဲပင်။
ယွင်ချင်းစီ၏ ခန္ဓာကိုယ်ကို အိပ်ယာပေါ်သို့ အသာတင်ပေးလိုက်၏။ သေရည် ယစ်မူးသည့် ဒဏ်ကြောင့် ပါးနှစ်ဖက်မှ လည်ပင်းအထိ ရဲရဲနီနေသည်။ လီယင်းက ကျောက်စိမ်းသရဖူကို ချွတ်ပေးကာ မဟူရာဆံနွယ်တို့ကို လက်ချောင်းဖြင့် အသာ ထိုးဖွပေးလိုက်၏။ သူ့လက်တို့မှာလည်း အနည်းငယ် တုန်ရီနေပေသည်။
သက်ပြင်းကြီးကြီးချကာ သူ့နှလုံးသားထဲမှ မီးတောက်တို့ကို ငြိမ်းသတ်သည့်တိုင် မလုပ်ဆောင်နိုင်။ လက်ကို ဆန့်တန်းလျက် ယွင်ချင်းစီ၏ ခါးပေါ်ရှိ ကျောက်စိမ်းခါးပတ်ကို ချွတ်ပေးမည် ပြုလိုက်သည်။
ယွင်ချင်းစီက သူ့ဧကရီလေ ကိုယ့်ဧကရီနဲ့ကိုယ် နီးနီးကပ်ကပ် နေချင်တာ ဘာလို့ စိတ်ကို ထိန်းနေရမှာလဲ ...
သူ့ကိုယ်သူ အားပေးလိုက်သော်ငြား ရုတ်ချည်းပင် သေရည်ဒဏ်ကြောင့် ငွေ့ရည်ဖွဲ့နေသည့် မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်လိုက်ရသည်။
ယွင်ချင်းစီကလည်း မျက်တောင်တဖျတ်ဖျတ်ခတ်လျက် သူ့ကို ဝေဝေဝါးဝါး စိုက်ကြည့်လိုက်သည်။
“ချင်းစီ ...”
သူ့ကိုယ်သူ ယုံကြည်မှုတို့ ရုတ်ချည်း ပျောက်ဆုံးကာ ယွင်ချင်းစီ၏ နဖူးကို အသာထိလျက် အသက်မရှူစတမ်း ပြောလိုက်သည်။
“အားယင်းကို ထပ်ပြီး မချစ်တော့ဘူးလား ...”
ယွင်ချင်းစီက တစ်ခွန်းမှ မဆို။
လီယင်း၏ မျက်ဝန်းတစ်ခုလုံး ထူထဲလှသည့် ငွေ့ရည်တို့ ရစ်သိုင်းသွားကာ အသံလည်း အက်ကွဲတုန်ရီလာတော့သည်။
“ကိုယ့်ကို စိတ်ဆိုးနေတာပဲ မဟုတ်လား ဟင် ...”
“ဟမ် …”
ယွင်ချင်းစီက သူ့စကားကို နားမလည်။
သူ့လက်ဖမိုးတစ်ခုလုံး သွေးကြောပြာများ ထင်းထွက်လာကာ ယွင်ချင်းစီ၏ နူးညံ့လှသည့် မျက်နှာလေးကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ ရှည်လျားလှသည့် မျက်တောင်ရှည်ကြီးများမှာ သူသာ နမ်းလိုက်ပါလျှင် တစ်မဟုတ်ချင်း စိုစွတ်လာတော့မည့်နှယ်။
ယွင်ချင်းစီက မျက်မှောင်ကြုတ်ကာ သူ့မျက်နှာကို ပြင်းထန်စွာ တွန်းလွှတ်လိုက်သည်။
သူက မနှစ်မြို့မှု အပြည့်ဖြင့် ပြောလိုက်၏။
“မင်းကို မလိုချင်ဘူး ...”
လီယင်း၏ မျက်နှာ တစ်ဖက်သို့ တွန်းလွှတ်ခံလိုက်ရ၏။
ပြန့်ကြဲသွားသော ထူထဲလှသည့် အနက်ရောင်ဆံနွယ်တို့က သူ့ခံစားချက်များကို ကောင်းကောင်း ဖုံးကွယ်ပေးထားကာ တစ်ခဏမျှ ကြာကာမှ မျက်နှာကို ပြန်လှည့်လျက် ကုတင်ပေါ်တွင် အိပ်စက်နေသူကို ကြည့်လိုက်သည်။
ထိုအချိန်က ယွင်ချင်းစီသည် ၁၉ နှစ်သာ ရှိသေးကာ သူ့အနားတွင် ကော်ကပ်ထားသည့်နှယ် ထပ်ကြပ်မကွာ လိုက်ပါနေခဲ့သော အချိန်လည်း ဖြစ်ပေသည်။ သူ ပြောသည့်စကား သုံးခွန်းလျှင် နှစ်ခွန်းခန့်က “အားယင်း” ဟူသည့် စကားလုံးများ ပါဝင်နေသည်။
ယွင်ချင်းစီက အိပ်ယာပေါ် လူးလှိမ့်နေရင်း ဝတ်ဆင်ထားသည့် အဝတ်အစားတို့မှာ လွန်စွာ ထည်ဝါလွန်းအားကြီး၍ အိပ်စက်ရန် အဆင်မပြေလှဟု ခံစားမိလာတော့သည်။ သူသည် အမြဲလိုလို အလိုလိုက် အကြိုက်ဆောင်ပေးသူများဖြင့် ကြီးပြင်းလာသူ ဖြစ်သည့်အတွက် အိပ်စက်ချိန်တွင်ပင် သက်တောင့်သက်သာ အိပ်စက်နိုင်ရန် အလို့ငှာ နူးညံ့လှသည့် အတွင်းဝတ်ရုံကို ဝတ်ဆင်ရပေသည်။
ကလေးဘဝက မိခင်ဖြစ်သူနှင့် အတူနေထိုင်ကာ ယွင်စံအိမ်တော်နှင့် အဆက်အသွယ် လုံးဝမရှိသည့်တိုင် မိခင်ဖြစ်သူ ချင်ဖေးလောမှာလည်း မှူးမတ်တစ်ဦး၏သမီး ဖြစ်ပေသည်။ နောက်ပိုင်းတွင် သားဖြစ်သူနှင့် ပတ်သက်၍ လွန်စွာ ကာကွယ်လွှမ်းမိုး ပိုင်ဆိုင်လိုစိတ် ကြီးမားလာခဲ့သည့်တိုင် သူ့ကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ ကောင်းစွာ ပျိုးထောင်ပေးခဲ့သည့်အတွက် ယွင်ချင်းစီသည် ပစ္စည်းဥစ္စာ ရှားပါးသည့် ဆင်းရဲခြင်းကို လုံးဝ မကြုံတွေ့ခဲ့ရဖူးချေ။
လီယင်းက သူ့ကို ပွေ့ထူကာ လေသံအေးဖြင့် ချော့မော့ရင်း ဝတ်ဆင်ထားသည့် ဘရိုကိတ်အထည်များကို ချွတ်ပေးလိုက်သည်။
ဝိုင်အရက်၏ လွှမ်းမိုးမှုကြောင့် ယွင်ချင်းစီမှာ အလျင်အမြန်ပင် အိပ်မောကျသွားတော့၏။
နာရီဝက်ခန့် ကြာပြီးနောက် ...
အရှေ့ဘက် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်နေဆဲပင်။ လီယင်းက ကန့်လန့်ကာ အနောက်မှ ထွက်လာကာ ရွမ်လျန်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
ရွမ်လျန်က လက်ဖမိုးတွင် နဖူးကပ်လျက် မလှုပ်မရှားဘဲ မှောက်နေဆဲပင်။ ရှည်လျားလှသည့် ဆံနွယ်တို့က ပုခုံးကိုကျော်ကာ ကျဆင်းနေ၏။
“မင်းက ဗျတ်စောင်းတီးတဲ့သူလား ...”
ဧကရာဇ်၏ ခပ်နိမ့်နိမ့်လေသံကြောင့် သူ့ခံစားချက်တို့ကို မှန်းဆ၍ မရနိုင်။ ထို့ကြောင့် ရွမ်လျန်လည်း သတိကြီးကြီးထား၍သာ ပြန်ဖြေလိုက်ရတော့သည်။
“မှန်လှပါ ...”
“မင်းရဲ့ လက်တွေက အတော်လေး လှတာပဲ ...”
ထိုစကားသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် စိတ်ထဲမှ တစ်ခုခုကို အလိုလို ခံစားမိလိုက်တော့၏။
“ဧကရီက မင်းရဲ့ လက်တွေကို အရမ်းကြိုက်နေတာဆိုတော့ ဒါလေးတွေကို ဖြတ်ပြီး သူ့ကို ပေးမယ်ဆို ဘယ်လိုနေလဲ ...”
လျှိုကျီရူ၏ နှလုံးသားတစ်ခုလုံး အေးခဲသွားကာ ရွမ်လျန်လည်း အသက်ပင် မရှူနိုင်တော့။ စိတ်တည်ငြိမ်အောင် မနည်း ထိန်းချုပ်ကာ ပြန်ဖြေလိုက်ရသည်။
“တကယ်လို့ ဒါကသာ ဧကရီအရှင်ကို စိတ်ကျေနပ်စေမယ်ဆိုရင် ဒီငယ်သားက စိတ်မရှိပါဘူး ဒါပေမယ့် ဒီငယ်သားသာ အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တဲ့ လက်တွေ ဆုံးရှုံးလိုက်ရမှန်းသိရင် ဧကရီ စိတ်ကျေနပ်ပါ့မယ်လို့ အရှင့်အနေနဲ့ သေချာပါရဲ့လား ....”
လီယင်းက သူ့ကို အတော်ကြာ စိုက်ကြည့်နေလိုက်၏။ အကြည့်တို့မှာ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားလုမတတ် ထက်ရှလွန်းလှသည်။
သို့သော် ထိုသို့ စိုက်ကြည့်ရုံမှအပ မည်သို့မှ မလုပ်သည့်အတွက် ရွမ်လျန်လည်း စိတ်အေးသွားရတော့၏။
အသက်ရှူသံ နှစ်ရှိုက်စာမျှ အကြာတွင် နဂါးဖိနပ်ရှည်တစ်စုံက သူ့ပုခုံးကို ပြင်းထန်စွာ ကန်ကျောက်လိုက်သည့်အတွက် စားပွဲပေါ်အထိ လွင့်စင်ကာ ပြုတ်ကျသွားတော့၏။ သစ်သီးနှင့် အချိုပွဲအားလုံး ကြမ်းပေါ် ပြုတ်ကျကာ ပန်းကန်နှင့် ပန်းအိုးများလည်း ကျယ်လောင်စွာ အသံမြည်ပြီး ကွဲအက်ပျက်စီးသွားတော့သည်။
ရွမ်လျန်က ချက်ခြင်း ပြန်ထကာ ဒူးထောက်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်ထပ် ကန်ချက်တစ်ခုကို လက်ခံရရှိလိုက်ပြန်၏။ သူ့မျက်ခုံးတို့ စုကျုံ့သွားတော့သည်။ ယနေ့တွင် အကယ်၍ အသက်ကို မဆုံးရှုံးရသည့်တိုင် ပြင်းစွာ ဒဏ်ရာရတော့မည်ဖြစ်ကြောင်း သိသော်လည်း တစ်ခွန်းမှ မပြောရဲ။ ခန္ဓာကိုယ်ကို ကျုံ့၍သာ အသံတိတ် စောင့်ဆိုင်းနေရတော့သည်။
ထိုစဉ် ကန့်လန့်ကာ နောက်ခြမ်းစီမှ လှုပ်ရှားသံတစ်ခု ကြားလိုက်ရ၏။ ယွင်ချင်းစီ၏ လေသံမှာ လွန်စွာ နူးညံ့ကာ အိပ်ချင်စိတ်တို့ အနည်းငယ် ရောစွက်နေသယောင်။
“ရင်ရှီ ... ဘာသံတွေလဲ ...”
နဂါးဖိနပ်၏ ကန်ကျောက်ချက်တို့ ရပ်တန့်သွားကာ လုံးဝ လှုပ်ရှားမလာတော့။
သတ်ဖြတ်လိုသည့် အကြည့်တို့ကို လက်ခံရရှိလိုက်သည့် ရင်ရှီက အမောတကော ပြန်ဖြေလိုက်သည်။
“ကြောင်တစ်ကောင်ပါ ကြောင်က ပြဿနာ ရှာရင်း သစ်သီးပန်းကန်ကို မတော်တဆ တိုက်ချမိတာပါ ...”
“ဟိုကြောင်နှစ်ကောင်က အစာလုကြပြန်ပြီလား ...”
ယွင်ချင်းစီက ပြောလိုက်သည်။
“သူတို့ကို မောင်းထုတ်လိုက် ...”
ရင်ရှီ “ဟုတ်ကဲ့ ...”
သူ့ကို စိုက်ကြည့်နေဆဲဖြစ်သည့် ဧကရာဇ်ကြောင့် ကောင်းကောင်း သရုပ်မဆောင်နိုင်မည်ကို စိုးရိမ်မိသည့်အတွက် အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်။
“သွား .. သွား .. ထွက်သွားကြ ... ကြောင်စုတ်တွေ ...”
နောက်ဆုံးစကား နှစ်ခွန်းကိုမူ ကျယ်ကျယ်လောင်လောင် ထုတ်မပြောရဲ။
Xxxxx