အပိုင်း ၂၁
Viewers 13k

Chapter 21



လီယင်းက တည်ငြိမ်စွာဖြင့် လှည့်ထွက်သွားရင်း ပြောလိုက်သည်။

“မနက် မိုးမလင်းခင်အထိ ဘယ်သူမှ ချောင်ယန်နန်းဆောင်ထဲကနေ ထွက်ခွာခွင့် မပြုဘူး ...”

ယွင်ချင်းစီ၏ မှတ်ဉာဏ်ထဲတွင် ယခုလက်ရှိသူသည် နူးညံ့ညင်သာကာ ကြင်နာတတ်သည့် မင်းကောင်းမင်းမြတ်တစ်ပါးသာ ဖြစ်နေသေးသည့်အတွက် နတ်ဆိုးသားရဲတစ်ကောင်အဖြစ်သို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ကြောင်းကို မည်သည့်နည်းနှင့်မျှ သိခွင့်မပြုနိုင်။

နေရောင်ခြည်တို့ တစ်ဖြည်းဖြည်း စတင်ထွက်ပေါ်လာမှသာ အရှေ့ဘက်ခန်းမဆောင်တွင် တစ်ညလုံး ဒူးထောက်ရ၍ ခြေထောက်ပင် မရှိတော့ဟု ခံစားနေရသူများ မနည်း ကုန်းရုန်းထလိုက်ရတော့သည်။

ကောင်းကင်ဘုံသားတော်ကို အပြစ်ပြုမိထားသည့် ရွမ်လျန်မှာ အများအကြားတွင် တစ်ယောက်တည်း ဖယ်ကြဉ်ခံထားရသည်။ အခြား ဂီတပညာရှင်များက တစ်ယောက်နှင့်တစ်ယောက် တွဲကာ လျှောက်လာသော်ငြား သူကမူ နောက်နားတွင် ကျန်ရစ်ကာ လက်တစ်ဖက်က တံခါးကို အားပြုလျက် ကျန်တစ်ဖက်က ဗျတ်စောင်းကို ကိုင်ကာ တစ်ဖြည်းဖြည်း လျှောက်လာခဲ့ရသည်။

ဗျတ်စောင်းသမား၏ ဆံနွယ်တို့က နံရံအနီပေါ် ပြန့်ကြဲနေကာ သူ့အမူအယာမှာလည်း အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေသည့်ဟန်။ နောက်တွင် ကျန်ရစ်ခဲ့သည့် ချောင်ယန်နန်းဆောင်ကို နက်နဲစွာ စိုက်ကြည့်နေလိုက်သည်။

အရှင်က သတင်းတွေထဲက ဧကရာဇ်နဲ့ မတူသလို ဧကရီကလည်း ကောလဟာလတွေထဲကလို မဟုတ်ဘူးပဲ...
(ဘာအမှားမှလဲမလုပ်မိပဲနဲ့နော်🥺)
........


ယမန်နေ့က သောက်ခဲ့သည့် ဝိုင်၏အစွမ်းကြောင့် ယွင်ချင်းစီသည် နေ့လည်သုံးနာရီခန့်အထိ အိပ်မောကျသွားခဲ့သည်။ သူနိုးလာချိန်တွင် ချောင်ယန်နန်းဆောင်တစ်ခုလုံး သန့်ရှင်းထားပြီးဖြစ်ကာ မျက်လုံးကို ပွတ်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာသစ် ဆေးကြောရန် ကူညီပေးမည့် အစေခံများ ရောက်လာ၏။ထိုစဉ် ရင်းနှီးနေသည့် ရနံ့တစ်ခုကို ရလိုက်သည်။ စိမ်းပြာရောင်ချို အမွှေးအိုး ...

လက်ကို ယမ်းပြကာ ဘေးနားရှိ အစေခံအားလုံးကို နှင်ထုတ်လိုက်ပြီး နဖူးကို ပွတ်သပ်လျက် စားပွဲတွင် ဝင်ထိုင်လိုက်စဉ် အနားသို့ လူတစ်ဦး တိတ်တဆိတ် ရောက်လာ၏။

“ဧကရီအရှင် ဒါက ဒီလအတွက် သတင်းတွေပါ ...”

ယခုအချိန်တွင် ယွင်ချင်းစီသည် ချင်ပြည်နယ်၏ တစ်ဦးတည်းသော အုပ်ချုပ်သူ ဖြစ်သည့်အတွက် သတင်းအချက်အလက် အားလုံးမှာ သူ့လက်ထဲမှ တစ်ဆင့်သာ လီယင်းဆီသို့ ရောက်ရှိရသည်။

သူက စားပွဲခုံကို ခေါက်ကာ အထဲမှ စာအုပ်အချိုု့ကို မီးလင်းဖိုထဲ ပစ်ထည့်လိုက်သည်။

“ရှေ့လျှောက် ယွင်၊ ချင်နဲ့ ရှောင်မိသားစုတွေကို ဆက်ပြီး စောင့်ကြည့်နေစရာ မလိုတော့ဘူး ကျန်းမိသားစုကိုသာ ပိုပြီး စုံစမ်းထား ...”

ချင်နယ်မြေ၏ အုပ်စိုးသူက သူ့ကို အကဲခတ်နေလိုက်သည်။

သခင်နဲ့ ဘုရင်မယ်တော်နဲ့က အမြဲတမ်း မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့ကြတာ မဟုတ်လား ဘယ်လိုဖြစ်လို့ ရန်လိုတဲ့ အငွေ့အသက်တွေ ရနေရတာလဲ ...

မည်သို့ပင်ဖြစ်စေ မိဘဘက်မှ မိသားစုများကို ကာကွယ်လိုသည့် ယွင်ချင်းစီ၏ ဆန္ဒကြောင့် အနည်းငယ် စိတ်အေးသွားရတော့သည်။ ပြီးခဲ့သည့် ခြောက်လခန့်က ယွင်ချင်းစီ၏ လုပ်ရပ်များမှာ တစ်စထက်တစ်စ ပြင်းထန်ရူးသွပ်ခဲ့ရာ သူ့ခံစားချက်များကြောင့် နောက်ပြန်ဆုတ်စရာ လမ်းကြောင်း မကျန်တော့မည်ကို အမြဲလိုလို စိုးရိမ်နေခဲ့ရသည်။

သူက ခေါင်းကိုငုံ့ကာ ပြောလိုက်သည်။

“ဒီငယ်သားက အမိန့်ကို နာခံပါ့မယ် ...”

“လီယင်းကရော ဘယ်လိုနေလဲ ...”

“အရှင်က အခုတလော တစ်ခြားသူတွေရဲ့ နန်းဆောင်ကို မသွားဘဲ ကျန်းရှန်းနန်းဆောင်မှာပဲ နေ့တိုင်း နေနေပါတယ် ညတိုင်း အိပ်မက်ဆိုးတွေ မက်နေတယ်လို့တော့ ကြားပေမယ့် အသေးစိတ်ကိုတော့ မသိရပါဘူး ...”

လီယင်းကို ထောက်လှမ်းရသည့် အကြောင်းအရင်းမှာ အခြားသူများနှင့် လုံးဝမတူ၊ သူ့အပေါ် စိတ်ရောကိုယ်ပါ သစ္စာရှိနေသရွေ့ လီယင်း လုပ်လိုသည့် အရာနှင့် စပ်လျဉ်း၍ ဝင်ရောက်စွက်ဖက်လိုခြင်းမရှိ။ ထို့ကြောင့် တပ်မှူးလင်းက လီယင်းနှင့် ပတ်သက်သည်များကို ပြန်လည်မတင်ပြခဲ့ပေ။

သို့သော် ယနေ့တွင်မူ ဧကရီအရှင်မှာ စိတ်ကူးပြောင်းသွားသည့်ဟန်။

“ရှေ့လျှောက် ဒီလိုကိစ္စတွေကို အစီရင်ခံနေစရာ မလိုတော့ဘူး သူက ယွင်မိသားစုကို အနှောင့်အယှက်ပေးဖို့ ကြံစည်နေသလားပဲ သိချင်တယ် ...”

တပ်မှူးလင်းက ကြောင်အသွားတော့သည်။

ယွင်ချင်းစီက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဘာလဲ ...”

တပ်မှူးက ခေါင်းငုံ့ကာ ပြောလိုက်သည်။

“နားလည်ပါပြီ ...”

“ပြီးတော့ မင်းရဲ့ လူသစ်လေး ...”

ယွင်ချင်းစီက ပြောလိုက်သည်။

“ရှေ့လျှောက် အဆင်မပြေရင် ငါ့လက်ထဲ လွှဲထားပေးလို့ ရတယ် ...”

“ဧကရီ သူက အရမ်းငယ်လွန်းသေးတယ်လို့ မထင်ဘူးလား ...”

ထိုလူသစ်လေးမှာ ယွင်ချင်းစီ လမ်းမထက်မှ ခေါ်ယူလာသည့် သူတောင်းစားပေါက်စလေး ဖြစ်ကာ သူ့ကို ခေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် တပ်မှူးလင်းလက်ထဲ ထည့်ပေးပြီး နှစ်နှစ်ခန့် လျစ်လျူရှုထားခဲ့သည်။ ပြီးခဲ့သည့် တစ်ခေါက်က သတင်းပေးရန် ထိုကောင်လေး ရောက်လာခဲ့သေးသော်ငြား ယွင်ချင်းစီက ချင်ပြည်နယ်တွင် လူအင်အား ရှားပါးနေသလားဟု ပြန်မေးခဲ့သည့်အတွက် သူ့ရှေ့သို့ လုံးဝ ပေါ်ထွက်မလာတော့ချေ။

နောက်ပိုင်း၌ တပ်မှူးအသစ် ဖြစ်လာခဲ့၍သာ မဟုတ်ပါလျှင် ယွင်ချင်းစီသည် သူခေါ်လာခဲ့သည့် သူတောင်းစားလေးကို အမည်ပင် မှတ်မိမည် မဟုတ်ချေ။

ယခု ထိုကောင်လေး၏ အမည်မှာ ကန်လီဖြစ်ကြောင်း မှတ်မိသွားတော့သည်။

အချက်အလက်တို့ကို လှန်လှောကြည့်နေသည့် ယွင်ချင်းစီ၏ အမူအယာမှာ အနည်းငယ် နူးညံ့လာသည်။ သူက ပြောလိုက်၏။

“လူငယ်လေးကိုလည်း လေ့ကျင့်ရေး ဆင်းနိုင်မယ့် အခွင့်အရေး ပေးသင့်တယ်လေ ...”

တပ်မှူးထွက်သွားပြီးကာမှ ယွင်ချင်းစီလည်း အချက်ပြသင်္ကေတ အစားထိုးမည့်အကြောင်း ပြောရမည်ကို မေ့သွားခဲ့ကြောင်း သတိရသွားတော့သည်။ သို့သော် အစားထိုးရန် သင့်လျော်သည့် အရာကို စဉ်းစား၍ မရသေး။

ချင်ပြည်ထောင်စု၏ အမည်ကပင်လျှင် “ချစ်ခြင်းချည်မျှင်” ဟူသည့် စကားနှင့် သံတူကြောင်းကွဲ ဖြစ်ကာ လီယင်း၏ အင်အား တည်မြဲဖို့အရေး ကူညီပေးရန် အဓိက ရည်ရွယ်ကာ လီယင်းအပေါ် သူ၏ စိတ်အားထက်သန်မှုတို့ကို သက်သေပြသခြင်းလည်း ဖြစ်သည်။

သူသာ အချက်ပြသင်္ကေတကို လဲလိုပါလျှင် နာမည်ကိုလည်း ပြောင်းရမည်ဖြစ်သည်။

ဒီအတွက်နဲ့ သူတို့ကို ခေါ်ရမှာလဲ ထူးဆန်းသလိုပဲ ...

ဒီအကြောင်း ထပ်ပြီး စဉ်းစားဦးမှပါ ...

ယွင်ချင်းစီက တစ်ခဏမျှ စာဖတ်ပြီးနောက် သမ်းဝေလာသည့်အတွက် စားပွဲပေါ် လှဲချလိုက်သည်။ ဤကဲ့သို့သော လုပ်ငန်းဆောင်တာများမှာ အမှန်တကယ်ကို မနှစ်သက်လှ။ ဖြစ်နိုင်ပါလျှင် သခင်လေးချိုးကဲ့သို့သာ နေထိုင်လိုပေသည်။ လှပချောမောသူများအား ကြည့်ရှုရင်း နေ့တိုင်း မျက်စိအစာကျွေးကာ လှပသည့် ရှုမျှော်ခင်းများအား ခံစားရင်း သောက်စားပျော်ပါး၍သာ နေလိုပေသည်။

ပေါ့ပေါ့ပါးပါး နေလိုရမယ့် ဘဝမျိုးလေး ...

ခွေးဘုရင် လီယင်းရဲ့ အပြစ်တွေပဲ ...

တစ်ခဏမျှ လှဲနေပြီးနောက် အစေခံတစ်ဦးအား လီယင်းကို အကြောင်းကြားရန် ညွှန်ကြားလိုက်သည်။

“အုတ်ဖိုကို သွားမယ် ...”

ထိုအကြောင်းကို လီယင်း ကြားသည့်အခါ ပြီးခဲ့သည့် ဘဝက ယွင်ချင်းစီသည် ကြွေထည်ပြုလုပ်ခြင်း အပါအဝင် အမျိုးမျိုးသော ပညာရပ်များကို အမြောက်အများ သင်ယူခဲ့ကြောင်း သတိရသွားသည့်အတွက် သူ့ကို မတားမြစ်တော့။

“သူ့ကို သွားခွင့်ပြုလိုက်ပါ ...”

နောက်ရက်များတွင် ယွင်ချင်းစီသည် မနက်အစောကြီးကတည်းက ထွက်သွားကာ ညဉ့်နက်မှ ပြန်လာတတ်ပြီး တစ်ခါတစ်ရံ ညလုံးပေါက် ပြန်မလာခဲ့တော့။ လီယင်းက သူ့နန်းဆောင်သို့ နေ့တိုင်း ရောက်လာသည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရ။ ယွင်ချင်းစီ ထားခဲ့သည့် သတင်းအချက်အလက်များကို စစ်ဆေးကြည့်ပြီးနောက် ယွင်၊ချင်နှင့် ရှောင်မိသားစုတို့နှင့် ပတ်သက်သည့် သတင်းများကို တစ်ခုမှ မတွေ့ရကြောင်း သတိထားမိလိုက်တော့သည်။

ညောင်စောင်းမှသည် ပြတင်းပေါက်အနား၊ တစ်ဖန် ပန်းပင် စိုက်ပျိုးသည့် အခန်း၊ ထို့နောက် ခြံဝင်းထဲမှသည် ချောင်ယန်နန်းဆောင် ဝင်ပေါက်အထိ အပြန်ပြန်အလှန်လှန် လျှောက်နေလိုက်၏။

လျှိုကျီရူက သူ့ကို ဝတ်ရုံတစ်ထည် လွှမ်းခြုံပေးကာ ပြောလိုက်သည်။

“ပြီးခဲ့တဲ့ညက ဧကရီက အုတ်ဖိုမှာပဲ ညလုံးပေါက်နေပြီး အဲဒီက ဆရာကြီးတွေနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်တဲ့ ..."

“ကောင်းပြီ ...”

ယွင်ချင်းစီသည် လှပသည့် ကြွေထည်တစ်စုံ ပြုလုပ်နေကာ နောက်ရက်ပိုင်းအတွင်း ပြီးစီးမည်ဖြစ်ကြောင်း သူသိထားပြီးဖြစ်သည်။

ထို့အပြင် ထိုကြွေထည်ကို သူ့ထံ ပေးအပ်မည်ဖြစ်သည်။

ဒါပေမယ့် အဲဒါတွေ အကုန်လုံးက အတိတ်မှာ ဖြစ်ခဲ့တာတွေဆိုတော့ အခုရော ဘာတွေ ဆက်ဖြစ်လာမှာလဲ ...

“နှစ်တောင် ကူးတော့မယ် ...”

လျှိုကျီရူက ပြောလိုက်သည်။

“နှင်း ထပ်ကျလာပြန်ပြီဆိုတော့ ရှေ့နှစ်ကျ သီးနှံအထွက်တိုးတော့မယ်ထင်တယ် ...”

“အမ်း ...”

“...”

လျှိုကျီရူက တလွင့်လွင့် ကျဆင်းလာသည့် နှင်းမှုန်များကို ငေးကြည့်ရင်း ပြောလိုက်သည်။

“ကျွန်တော်မျိုးတို့ ကျန်းရှန်းနန်းဆောင်ကိုပဲ အရင်ပြန်ကြမလား …”

“သူ ဘယ်အချိန် ပြန်လာမယ်လို့ ပြောခဲ့သလဲ ...”

“သန်းခေါင်ယံလောက်မှပါ ...”

လီယင်းက နှစ်လှမ်းခန့် လှမ်းပြီးကာမှ နန်းဆောင်ထဲသို့ ပြန်သွားလိုက်သည်။ ဖတ်ရှုရမည့် အစီရင်ခံစာများ ယူလာရန် အမိန့်ပေးလိုက်ကာ နာရီကို မကြာခဏ လှမ်းကြည့်နေလိုက်သည်။

နောက်ဆုံးတွင်တော့ ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ ချောင်ယန်နန်းဆောင်မှ နောက်တစ်ကြိမ် ထွက်လာလိုက်ပြန်သည်။

နှင်းမြူတို့ ကျဆင်းနေဆဲ ဖြစ်သည့်အတွက် လျှိုကျီရူက ထီးတစ်ချောင်းကိုင်ကာ သူ့နောက်လိုက်လာရင်း ပြောလိုက်သည်။

“အရှင် ဘယ်ကို ကြွချီမလို့ပါလဲ ကျွန်တော် ဝေါယာဉ် စီစဉ်ခိုင်းလိုက်ရမလား ...”

“ဒီကနေ အရှေ့ဂိတ်အထိဆို ဘယ်လောက်ကြာအောင် လမ်းလျှောက်ရလဲ …”

“၁၅ မိနစ်လောက်ပါ ...”

“ဒါဆို သွားမယ်...”

လျှိုကျီရူက သူ ဆိုလိုချင်သည်ကို ချက်ခြင်း သဘောပေါက်လိုက်၏။ ဧကရီသာ အချိန်မှန် ပြန်လာပါလျှင် အရှင် အရှေ့ဂိတ်သို့ ရောက်မည့်အချိန်တွင် နှစ်ဦးသား ဆုံတွေ့ကြမည်ဖြစ်သည်။

သူက တိတ်တဆိတ် သက်ပြင်းချလိုက်၏။

ဘာတွေ ဖြစ်ကုန်မှန်းကို မသိတော့ပါဘူး နှစ်ယောက်လုံး ကောက်ကာငင်ကာကြီးကို ပြောင်းလဲကုန်ကြတာ အရှင်တစ်ယောက်ထဲ ပြောင်းလဲသွားတာ ဒါမှမဟုတ် ဧကရီတစ်ယောက်တည်း အရင်နဲ့ မတူတော့တာဆိုရင် သိပ်ကောင်းမှာပဲ ...

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သဟဇာတ ဖြစ်သွားကြတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အေးအေးဆေးဆေး လမ်းခွဲပြီး လုံးဝ မပတ်သတ်တော့တာမျိုးဆို ကောင်းမှာပဲ ဒါမှ အောက်ကလူတွေလည်း ဒုက္ခ မခံရမှာ ...

နှင်းမြူလွှာထုက စက္ကူထီးပေါ်သို့ တရစပ် ကျဆင်းနေကာ လွန်စွာ ဖြည်းညှင်းစွာ လမ်းလျှောက်နေသည့် လီယင်းမှာ အချိန်ဖြုန်းတီးလိုသည့်ဟန်။

နာရီဝက်ခန့် ကြာမှသာလျှင် အရှေ့ဘက်ဂိတ်သို့ ရောက်လာတော့သည်။

ထီးတွင်ပင်လျှင် နှင်းလွှာထုတို့ ထူထဲနေပြီ ဖြစ်သည့်အတွက် ဂိတ်တွင် တာဝန်ကျနေသည့် အစောင့်က စိုးရိမ်တကြီး မေးလိုက်သည်။

“အရှင် အထဲမှာ ဝင်ထိုင်ချင်လား ...”

“မလိုဘူး ...”

ထိုသူက တိတ်တဆိတ် နောက်ပြန်ဆုတ်ကာ သူ့ကိုသာ တထူးတဆန်း ငေးကြည့်နေလိုက်သည်။

ဟိုးတုန်းကဆို ဧကရီက အရှင့်ကို ဒီဂိတ်နားမှာ မကြာခဏ လာစောင့်တတ်တာ အခု အရှင်ကလည်း ဧကရီကို စောင့်နေတာများလား ...

မဖြစ်နိုင်လိုက်တာ ဒါက ရေမြေ့အရှင်လေ ပေါက်ကရတွေ တွေးမိနေတာပဲ ဒီတိုင်း နှင်းတွေကို ရှုစားဖို့ ထွက်လာတာ နေမှာပါ ...

အစောင့်က လူသူကင်းမဲ့နေသည့် ဂိတ်တံခါးကို ငေးကြည့်ကာ ရေရွတ်လိုက်သည်။

ဟုတ်တယ်မဟုတ်လား ...

များမကြာမီ ...

“ဘယ်အချိန်ရှိပြီလဲ ...”

“သန်းခေါင်ယံအချိန် ရောက်နေပါပြီ ...”

သိပ်မကြာခင်မှာပင် ...

“အခု ဘယ်အချိန် ရှိပြီလဲ ...”

“သန်းခေါင်ယံကို ကျော်လွန်သွားပါပြီ...”

“အခုရော ...”

“.... သန်းခေါင်ယံအချိန်ကို ကျော်လွန်သွားပါပြီ ...”

နောက်တစ်ကြိမ် စိုက်ကြည့်ခြင်းကို ခံလိုက်ရပြန်သည့်အခါ လျှိုကျီရူလည်း အရဲစွန့်လျက် ပြန်ဖြေလိုက်ရတော့သည်။

“သန်းခေါင်ယံ လွန်သွားပါပြီ ...”

လီယင်း၏ မျက်နှာထား တစ်မဟုတ်ချင်း အေးစက်သွားတော့၏။

အချိန်အတော်ကြာ မတ်တပ်ရပ်နေခဲ့ရာ ထီးဆောင်းထားသည့်တိုင် ပုခုံးပေါ်တွင် ဆီးနှင်းမှုန်များ တင်ကျန်နေကာ နှင်းလွှာထု ခပ်ပါးပါး တစ်ခု ဖြစ်ပေါ်နေတော့သည်။

လျှိုကျီရူက ပြောလိုက်သည်။

“နှင်းတွေ ကျနေတယ် အရှင့်အနေနဲ့ လူလွှတ်ပြီး မေးစေချင်လား ...”

“ကောင်းပြီ ...”

လျှိုကျီရူက တစ်ယောက်ယောက်ကိုခေါ်ကာ အမိန့်ပေးမည်ပြုစဉ်မှာပင် လီယင်း၏ စကားသံကို ကြားလိုက်ရသည်။

“သွက်လက်တဲ့ မြင်းတစ်ကောင် ယူလာခဲ့ ...”

ထိုအချိန်တွင် ယွင်ချင်းစီမှာ အိပ်မောကျနှင့်နေပြီဖြစ်သည်။ အုတ်ဖိုဌာန၏ အခြေအနေမှာ ရိုးရှင်းသည့်တိုင် သူသည် ဧကရီတစ်ပါး ဖြစ်သည့်အတွက် အနားယူရန် ကြံရွယ်ပါလျှင် နန်းတွင်းအစေခံများက သူအနားယူနိုင်ရန် အကောင်းဆုံး ပြင်ဆင်ပေးကြမည် ဖြစ်သည်။

အိပ်ယာမှာ များစွာ မကျယ်ဝန်းလှ။ ပြတင်းပေါက်မှာလည်း အနည်းငယ် ယိုယွင်းနေသည့်တိုင် အအေးနန်းဆောင်တွင် နေထိုင်ခဲ့ရသူတစ်ဦးအနေဖြင့် ယွင်ချင်းစီသည် လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးနိုင်သော နေရာတစ်ခု ရှိလျှင်ပင် လွန်စွာ ကျေနပ်နေပြီဖြစ်သည်။

အိပ်ယာဘေးတွင် ချထားသည့် သစ်သားသေတ္တာကို ထိကိုင်ကာ မနက်ဖြန် လက်ဆောင်ကို လက်ခံရရှိသည့်အခါ အံ့ဩတကြီး ဖြစ်သွားမည့် သူ့အဖေ၏ မျက်နှာကို မြင်ယောင်ရင်း ပျော်ရွှင်လာတော့သည်။

ထိုကြွေထည်မှာ နေ့လည်ကတည်းက အပြီးသတ်ပြီး ဖြစ်သော်လည်း ဆရာကြီးက သူ့ကို ပြန်ခွင့်မပြုဘဲ တစ်ည ဆက်နေစေခဲ့သည်။ ညနေပိုင်းတွင် မိတ်ဆွေဟောင်းအချို့ ရောက်လာကာ သူ့ကြွေထည်ကို အကဲခတ်ကြသည့်အတွက် ချီးကျူးမှုများကို များစွာ လက်ခံရရှိခဲ့ရသည်။

အိပ်မောကျတော့မည့်ဆဲဆဲတွင်ပင် အပြင်ဘက်ဆီမှ မြင်းခွါသံ အမြောက်အများကို ကြားလိုက်ရတော့သည်။

ဆူညံသံကြောင့် လန့်နိုးလာကာ လှုပ်ရှားသွားလာသံများကို ဝေဝေဝါးဝါး ကြားလိုက်ရသည်။

“အရှင့်ကို နှုတ်ခွန်းဆက်သပါတယ် ..."

လီယင်းပဲ ...

သူသာ ဒီလိုအချိန်ကြီး အပြင်ထွက်ရင် သက်တော်စောင့် အုပ်စုလိုက် ပါလာမှာဆိုတော့ ဆူညံနေတာ မထူးဆန်းတော့ပါဘူး ...

ယွင်ချင်းစီက သူ့ဘေးရှိ သစ်သားသေတ္တာကို ထိကိုင်ကြည့်ကာ တစ်ခုခုကို ရုတ်တရက် သတိရလိုက်သည်။

လီယင်းက သူ့ကို လေ့လာမှုတွင် အားစိုက်ကာ သူ့(လီယင်း)ကို များစွာ ကပ်တွယ်မနေရန် ပြောခဲ့ဖူးသည်။ နန်းတော်သို့ ပြန်လာခွင့် ရပြီးနောက် ယွင်ချင်းစီသည် အချိန်တစ်ချို့ကြာသည်အထိ သူ့အနောက်သို့ တကောက်ကောက် မလိုက်ခဲ့။ သူ မလိုက်လိုတော့၍ မဟုတ်ဘဲ မလိုက်ရဲ၍ ဖြစ်ပေသည်။

သူ လေ့လာထားသည်များ၏ အသီးအပွင့်ကို ရရှိလာမှသာ လီယင်းထံ အပြေးသွားပြီး သူ့ကြိုးစားမှု ရလဒ်ကို ပေးရန် အကြောင်းပြချက် ရှာတွေ့သွားတော့သည်။

သစ်သားသေတ္တာကို ကိုင်ထားသည့် သူ့မျက်နှာတစ်ခုလုံး ရွှင်ပျကာ အကြည့်တို့လည်း ဝင်းလက်နေ၏။ ကျန်းရှန်းနန်းဆောင်သို့ အပြေး ဝင်သွားမည်ပြုစဉ် တားမြစ်ခြင်းကို ခံလိုက်ရသည်။

“ဧကရီအရှင် ...”

လျှိုကျီရူက ပြောလိုက်သည်။

“အရှင်က အခု ဆွေးနွေးပွဲတစ်ခု လုပ်နေပါတယ် ...”

ဆွေးနွေးပွဲ လုပ်နေစဉ်အတွင်း နှောင့်ယှက်ခံရသည့် ကိစ္စမျိုးကို လီယင်းက များစွာ မုန်းတီးလှကြောင်း သိထားသည့်အတွက် သေတ္တာကို ကိုင်ထားလျက် အပြင်ဘက်ခန်းမဆောင်တွင်သာ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည် ။

သို့သော် လီယင်းနှင့် မတွေ့ရသည်မှာ အချိန်အတော်ကြာနေပြီဖြစ်ရာ သူ့ကို လွမ်းဆွတ်လှသည့်အတွက် မကြာခဏ လောဆော်မိရာ လျှိုကျီရူကပင်လျှင် ထုတ်မေးလိုက်ရတော့သည်။

“ဧကရီ အရေးတကြီး လိုအပ်တာများ ရှိနေလို့်လား တကယ်လို့ အရေးကြီးရင် ဒီငယ်သားက အရှင် ရောက်နေတယ်လို့ တင်ပြပေးပါ့မယ် ...”

ထိုစကား ကြားလိုက်သည့်အခါ ယွင်ချင်းစီ၏ မျက်နှာပေါ်တွင် အေးစက်သည့် အမူအယာတစ်ခု ပေါ်ပေါက်လာတော့သည်။

ထိုစဉ်က သူသည် လီယင်းမှအပ မည်သူ့ကိုမှ သဘောမကျခဲ့။ လီယင်းမှလွဲကာ မည်သူ့ကိုမှ အမှုမထားရာ မည်မျှပင် စိတ်လှုပ်ရှားနေပါစေ သူ့လက်ဆောင်ကို လီယင်းမှအပ မည်သူနှင့်မျှ မျှဝေမည် မဟုတ်ပေ။

ထို့အပြင် လီယင်းသည် သူ့ကို မည်သည့်အချိန်ကမှ အလေးမထားခဲ့သည့်အတွက် လက်ဆောင်ယူလာပေးရုံမျှဟုသာ သိပါလျှင် သူ့ကို သေချာပေါက် အရေးစိုက်လိမ့်မည် မဟုတ်ချေ။

သို့သော် သူကမူ လီယင်းကို လွမ်းဆွတ်လွန်း၍ သူနှင့် စကားပြောခွင့်သာ မရပါလျှင် လီယင်းက သူ့ကို မေ့သွားလိမ့်မည်ဟု တွေးကြောက်လာမိတော့သည်။

လျှိုကျီရူက သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်ထပ် ဆက်မမေးတော့။

လီယင်း ထွက်လာသည့်အခါ ယွင်ချင်းစီ၏ နောက်ကျောပြင်တို့ တည့်မတ်သွားပြီး အေးစက်နေသည့် မျက်နှာတွင် နွေးထွေးသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာတော့သည်။ သူက စိတ်အားထက်သန်စွာဖြင့် ခေါ်လိုက်၏။

“အားယင်း ...”

လီယင်းက သူ့ကို “ဘာလုပ်နေလဲ၊ ဘာတွေ ဖြစ်နေလဲ၊ သူ့ကို လွမ်းနေလား” အစရှိသဖြင့် မေးမြန်းလိမ့်မည်ဟု မျှော်လင့်ခဲ့သော်ငြား လီယင်းကမူ သုန်မှုန်စွာဖြင့် သူ့ကို အကြည့်တစ်ချက်ပင် မစွန့်ကြဲဘဲ လေအလျင်ဖြင့် ဖြတ်လျှောက်သွားတော့သည်။

သူ့နှလုံးသားတစ်ခုလုံး တင်းကြပ်ကာ ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် ပျာယာခတ်သွားတော့၏။ သေတ္တာထဲမှ ကြွေထည်ကို ထုတ်ယူကာ သေတ္တာအဖုံး ပြုတ်ကျသွားသည်ကိုပင် ပြန်မကောက်အား၊ နောက်မှ အမောတကော ပြေးလိုက်သွားလိုက်သည်။

“အားယင်း အားယင်း ငါ ကြွေထည်တွေ ဘယ်လိုလုပ်ရမလဲ လေ့လာနေတာ ကြည့်လိုက်ပါဦး ...”

“ကိုယ်တော် အခု အရမ်း အလုပ်များနေတယ် ...”

“ကြည့်ရုံလေးပဲလေ ဆရာတွေက ငါ့ကို တော်လည်းတော် ကံလည်း အရမ်းကောင်းတယ်တဲ့ သူတို့က နည်းနည်းလောက် ကြည့်ချင်ပါသေးတယ် ပြောတာကိုတောင် ကြည့်ခွင့်မပေးခဲ့ဘူးနော် ...”

သူက လီယင်း၏ အင်္ကျီအနားစကို ဆွဲကာ သူ့လက်ရာအကြောင်းကို စိတ်အားထက်သန်စွာဖြင့် တရစပ် ပြောပြနေလိုက်သည်။

“အားယင်း ငါ မင်းကို ငါ့ရဲ့ ကံကောင်းခြင်းတွေ အကုန်ပေးမယ် မပျော်မရွှင် မဖြစ်နဲ့တော့ ...”

လီယင်းမှာ လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်လှသည့်အတွက် လက်ကို ပုတ်ထုတ်လိုက်မိတော့သည်။

ယွင်ချင်းစီကလည်း သတိကပ်မထားမိသည့်အတွက် လက်ချော်သွားတော့သည်။

ကြွေထည်တစ်ခုလုံး မြေပေါ် ပြုတ်ကျကာ အစိတ်စိတ်အမြွာမြွာ ကွဲအက်ပျက်စီးသွားတော့သည်။

သူ ရုတ်ချည်း ပြေးထွက်သွားမှသာ လျှိုကျီရူက ထိတ်လန့်တကြား ရေရွတ်လိုက်မိတော့သည်။ )

“ဧကရီ ...”

ယွင်ချင်းစီက မျက်လုံးတို့ကို ချက်ခြင်း ဖွင့်ကြည့်လိုက်သည်။

T/Nသူတို့က နောက်ကြောင်းတွေးတာနဲ့တလှည့်စီဆိုတော့ရှုပ်နေမလားမသိဘူးနော်

Xxxx