အပိုင်း ၂၂
Viewers 13k

Chapter 22



လီယင်းက သူ့ရှေ့တွင် ထိုင်နေကာ ဘေးနားရှိ သေတ္တာကို ခပ်ဖွဖွ ထိကြည့်နေ၏။ သူ့ကို စိုက်ကြည့်မိပြီးနောက် ယွင်ချင်းစီ၏ မျက်နှာနှင့် ခြေလက်များ အေးစက်သွားတော့သည်။ သူက လီယင်း၏ အင်္ကျီလက်ကို ဆွဲကာ သေတ္တာပေါ်မှ ဖယ်ချလိုက်၏။

လီယင်း၏ လက်ဖမိုးက အိပ်ယာကြမ်းခင်းနှင့် ထိရိုက်မိသွားကာ လက်ချောင်းများမှာလည်း နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ရီသွားတော့သည်။

ယွင်ချင်းစီက ငုတ်တုတ်ထထိုင်ကာ သေတ္တာကို ပွေ့ထားပြီး မေးလိုက်သည်။

“ဘာလို့ ဒီကို ရောက်နေတာလဲ ....”

“မင်း ဘာတွေ လုပ်ထားလဲ ကြည့်လို့ရမလား ...”

လီယင်းက မတ်တပ်ထရပ်ကာ ဝါးထိုင်ခုံပေါ် ဝင်ထိုင်လိုက်သည်။ သူ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုင်ခုံမှ ကျိုုးအက်သံများ ထွက်ပေါ်လာတော့သည်။ သူ့အကြည့်တို့နောက် လိုက်ကြည့်ရင်း ယွင်ချင်းစီမှာ ချက်ခြင်းပင် သတိကပ်နိုးကြားသွားတော့သည်။

“ငါ့ပစ္စည်းတွေကို ဘာလုပ်ချင်လို့လဲ ....”

လီယင်းက သေတ္တာကိုသာ ဆက်တိုက် ကြည့်နေသည့်အတွက် စောင်ကို မကာ သေတ္တာကို စောင်ထဲ ထည့်ဖွက်ထားလိုက်၏။

လီယင်း “.. ကြည့်ရုံလေးတင်လေ ...”

“မပြနိုင်ဘူး ...”

“ကိုယ် လုံးဝ မထိပါဘူး ...”

“ဘာဖြစ်ဖြစ် လုံးဝ မပြဘူး ...”

လီယင်းက မျက်မှောင်ကြုတ်ကာ စောင်ကိုသာ ဆက်တိုက် စိုက်ကြည့်နေလိုက်သည်။

ယွင်ချင်းစီကလည်း မျက်မှောင်တို့ တွန့်ကျုံ့လျက် လက်ကို ဆန့်ထုတ်ကာ သူ့ကို တွန်းလိုက်၏။

“မင်း .. သွားတော့ ...”

“ကိုယ် အခုမှ ရောက်လာ ...”

ယွင်ချင်းစီက ဂရုမစိုက်။ သူ့ကို ကန်ထုတ်ကာ ပြောလိုက်သည်။

“ထွက်သွား ...”


အုတ်ဖိုအဆောက်အဦးမှာ ယိုယွင်းပျက်စီးနေသည့်အတွက် ဧကရာဇ်၏ ဘရိုကိတ်ကျောက်စိမ်းဝတ်ရုံလွှာနှင့် လိုက်ဖက်ကိုက်ညီခြင်း မရှိ။ သူ၏ ရှည်လျားလှသည့် အရပ်အမောင်းမှာလည်း အနည်းငယ် ခက်ထန်ဟန် ပေါ်နေပေသည်။

ယွင်ချင်းစီက သူ့ကို ထိထိမိမိ ကန်လိုက်နိုင်သည့်တိုင် ခပ်ဝေးဝေးသို့ ရောက်မသွား။ ခြေထောက်ကို ပြန်ရုတ်သိမ်းကာ ထွက်ပေါ်လာသည့် မှတ်ဉာဏ်တို့ကြောင့် မျက်မှောင်ကြုတ်လျက် အေးစက်စွာ ပြောလိုက်သည်။

“ထွက်သွား ငါ့နား မလာခဲ့နဲ့ ...”

လီယင်း၏ နှုတ်ခမ်းတို့ ကွေးညွတ်ကျကာ နှလုံးသားတစ်ခုလုံး တင်းကြပ်သွားတော့သည်။

“ဘာလို့ ကိုယ့်ကို နှင်ထုတ်နေရတာလဲ ...”

ဘာလို့ဆို မင်းကို မုန်းလို့ပေါ့ ...

“ဘာလို့ဆို ဒီနေရာက အရှင် နေသင့်တဲ့နေရာ မဟုတ်လို့ပါ ...”

ယွင်ချင်းစီက ကျိုးကြောင်းဆီလျော်စွာ ပြောလိုက်သည်။

“အရှင်ရဲ့ နဂါးခန္ဓာကိုယ်က အရမ်းကို တန်ဖိုးကြီးလွန်းတဲ့အတွက် နန်းဆောင်ကိုပဲ ပြန်ကြွပေးပါ ...”

“... ဒီနေ့ည သန်းခေါင်ကျရင် ပြန်လာမယ်လို့ လူလွှတ်အကြောင်းကြားထားသေးတယ် မဟုတ်လား ဘာလို့ ပြန်မလာတာလဲ ...”

“အစီအစဉ် ပြောင်းသွားလို့ပါ ...”

ယွင်ချင်းစီက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

“နှင်းတွေ အရမ်းကျနေလို့ ပြန်မလာတော့တာပါ ...”

“ဘာလို့ လူတစ်ယောက်လွှတ်ပြီး ကိုယ့်ကို အကြောင်းမကြားခိုင်းရတာလဲ ..."

“အရမ်းကို နောက်ကျနေပြီဆိုတော့ ...”

ယွင်ချင်းစီက တွေးဆဆဖြင့် ပြောလိုက်သည်။

“တစ်ခြားလူတွေကို ဒုက္ခမပေးချင်လို့ပါ ...”

ဤသည်မှာ တစ်ခါက လီယင်း သူ့ကို ပေးခဲ့ဖူးသည့် အကြောင်းပြချက်ဖြစ်သည်။ သူ အလုပ်အားလပ်သည့်အခါ ယွင်ချင်းစီ၏ နန်းဆောင်သို့ လာရောက်လည်ပတ်ပါမည်ဟု ကတိပေးခဲ့သည့်အတွက် ယွင်ချင်းစီမှာ သူကိုယ်တိုင် ချက်ပြုတ်ထားသည့် ဟင်းလျာများကို အကြိမ်ကြိမ်အဖန်ဖန် နွှေးကာ စောင့်ဆိုင်းခဲ့သော်ငြား နောက်ဆုံးတွင်တော့ အားလုံးကို လွှင့်ပစ်ကာ တစ်ကိုယ်တည်း အိပ်စက်လိုက်ရတော့သည်။ သို့သော် လီယင်းသည် အခြားသူများအပေါ် ကြင်နာသနားတတ်ကာ သူတစ်ယောက်တည်းကိုသာ အလေးမထားခြင်းလေလားဟု တွေးမိ၍ တစ်ညလုံး အိပ်မပျော်ခဲ့ရ။

တစ်နေ့နေ့တစ်ချိန်ချိန်တွင် လီယင်းအား အလားတူ စကားလုံးမျိုးသုံးကာ ပြန်လည်ချေပနိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။

လီယင်းက လက်ကို မြှောက်လျက် ရှေ့တစ်လှမ်း တိုးလာ၏။ သူ့ပုံစံမှာ တစ်ခုခုကို ရှင်းပြလိုသည့်နှယ်။

“အနာဂတ်ကျရင် ...”

ယွင်ချင်းစီက ခြေထောက်တို့ကို တစ်ဖန် ဆန့်ထုတ်လိုက်ပြန်၏။ ဖြူဖွေးလှသည့် ခြေချောင်းတို့ကို ကြမ်းတမ်းစွာ လှုပ်ယမ်းပြလိုက်သည်မှာ လီယင်းကို ခြိမ်းခြောက်လိုသည့် အလားပင်။

လီယင်းက သူ၏ အေးစက်ကျဉ်းမြောင်းလှသည့် မျက်ဝန်းတစ်စုံကို ငေးကြည့်ကာ နောက်ပြန်ဆုတ်ရင်း ပြောလိုက်သည်။

“ကိုယ် မင်း ပြန်လာမှာကို စောင့်နေမယ် ...”

အုတ်ဖိုတွင် အနွေးဓာတ်ပေးနိုင်သည့် နဂါးကုတင် မရှိ၊ မီးခိုးမထွက်သည့် မီးသွေးမီးဖိုတစ်ခုသာလျှင် အသံတဖျောက်ဖျောက် မြည်လျက် အရှိန်ညီးညီး တောက်လောင်နေသည်။

ယွင်ချင်းစီက လီယင်းကို မေးမြန်းလိုဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

ယွင်ချင်းစီက သူ့ရှေ့တွင် ရပ်မြဲအတိုင်း ရပ်နေသူကို ငေးကြည့်ရင်း လီယင်းအကြောင်း ကောင်းကောင်း နားမလည်သေးကြောင်း သဘောပေါက်သွားတော့သည်။ ယွမ်ပေါင်ကို မေးမြန်းရန် အခွင့်အရေး ရခဲ့သည့်တိုင် ယွမ်ပေါင်က လီယင်းသည် ကောင်းစွာ အိပ်မပျော်သည်မှအပ မည်သို့မျှ မထူးခြားကြောင်းသာ ပြောခဲ့သည်။

သူ့အကြည့်တို့ အနည်းငယ် အေးစက်လာကာ ပြောလိုက်သည်။

“ဆိုတော့ အရှင်က ကျွန်တော့်ကို မစောင့်နိုင်တော့လို့ လာရှာတာပေါ့ ...”

“ဟုတ်တယ် ...”

မောင်းထုတ်ခြင်း မခံရတော့သည့် လီယင်းက မျက်လွှာချလျက် ပြောလိုက်သည်။

“ဒီညက နှင်း တအားကျတဲ့အပြင် လေကလည်း ထန်သေးတယ် ကိုယ့်အပေါ်ဝတ်ရုံပေါ်မှာကို နှင်းတွေ အများကြီးပဲ ဒီထဲကို မဝင်ခင်လေးတင် ချွတ်လာခဲ့ရတာ ...”

အခန်းထဲရှိ အလင်းရောင်မှာ လွန်စွာ မှိန်ဖျော့လှ၏။ လီယင်း၏ ဆံပင်တစ်ဝက်ခန့်မှာ နှင်းစက်တို့ အရည်ပျော်ကျကာ စိုရွှဲနေကြောင်း သိလိုက်ရသည့်အခါ ယွင်ချင်းစီ၏ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသွားတော့သည်။

“လေတွေထန် နှင်းတွေကျနေမှန်း သိရဲ့နဲ့ ဘာလို့ ဒီအထိ ကိုယ်တိုင် လိုက်လာချင်ရတာလဲ ...”

“ကိုယ် ...”

လီယင်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

“ကိုယ် မင်းကို တွေ့ချင်လို့ ...”

ထိုစဉ် စက္ကူပြတင်းပေါက်က ရုတ်ချည်း ယိမ်းထိုးကာ လေတိုးသံများ မြည်ဟီးလာသည့်အတွက် ပြတင်းပေါက်ရှေ့တွင် ထိုင်နေသော ယွင်ချင်းစီက နားကို အုပ်လျက် ပြန်မေးလိုက်သည်။

“ဘာပြောလိုက်တာလဲ ...”

ရှေ့တစ်လှမ်း တိုးလာသည့် လီယင်းကို တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ပြောလိုက်၏။

“ခပ်ဝေးဝေးနေ ထားပါ အဆင်ပြေတယ်ဆိုရင်လည်း နန်းဆောင်ကိုပဲ ပြန်လိုက်ပါတော့ အိပ်ချင်ပြီ ...”

“ဒီမှာ ဘယ်လိုလုပ် အိပ်မှာလဲ ...”

သူ့ဘေးနားရှိ ပြတင်းပေါက်မှာ လေတိုက်လိုက်သည်နှင့် တစ်ပြိုင်နက် အချိန်မရွေး ပွင့်လာတော့မည့်ဟန် ရှိနေသဖြင့် ယွင်ချင်းစီကို နားချလိုက်သည်။

“နန်းတော်ကိုပဲ ပြန်ကြရအောင်ပါ ...”

“ဒီမှာလည်း အဆင်ပြေပါတယ် ...”

ယွင်ချင်းစီက စောင်ကို ဆွဲကာ တိတ်တိတ်လေး တွေးလိုက်သည်။

အအေးနန်းဆောင်ထက်တော့ အများကြီး ပိုကောင်းပါတယ် အနည်းဆုံးတော့ သူ့မှာ ခြုံစရာ ဂွမ်းစောင်ရယ်၊ အနွေးဓာတ်ပေးမယ့် မီးသွေးမီးဖို တစ်လုံးရယ်၊ ပြီးတော့ အချိန်မရွေး ခစားနေမယ့် အနီးကပ် အစေခံတစ်ယောက်ရယ် ရှိနေသေးတာပဲကို ...

နန်းတော်ထဲမှာ ထိန်ထိန်ညီးနေတဲ့ မီးအလင်းရောင်တွေရယ် ပြီးတော့ လစ်ဟာနေတဲ့ ဝမ်းဗိုက်တစ်စုံရယ်လည်း ရှိသေးတယ် ...

လေက တဟူးဟူး တိုက်ခတ်နေဆဲပင်။ စောင်ကို ဆွဲခြုံလိုက်သည်နှင့် တစ်ပြိုင်နက် သူ အိပ်နေသည့် ဝါးကုတင်က တကျွီကျွီ မြည်သွားတော့၏။

ယိုယွင်းနေသည့် ပြတင်းပေါက်ရှေ့တွင် ထိုင်ကာ ခေါင်းအုံးများအား စီရီရန် ရှေ့သို့ အနည်းငယ် ကိုင်းလိုက်သည်။

လီယင်းကမူ အဆုံးအစမဲ့သည့် ဝဲဂယက်ထဲ နစ်မွန်းသွားသည့်နှယ် လှုပ်ရှားမှုတို့ တစ်မဟုတ်ချင်း ငြိမ်သက်သွား၏။ မျက်ဝန်းအိမ်တစ်ခုလုံး နက်မှောင်နက်ရှိုင်းမှုတို့ဖြင့် ဖုံးလွှမ်းသွားကာ တစ်စထက်တစ်စ စိုရွှဲလာသည့် ချွေးများကြောင့် ဝတ်ဆင်ထားသည့် ဘရိုကိတ်ပိုးထည်သည်ပင်လျှင် လေးလံလာတော့သည်။

ဒီလိုအချိန်ဆို ယွင်ချင်းစီက ခက်ခက်ခဲခဲ ရှင်သန်ရတာတွေကို မသိဖူး၊ မကြုံဖူးသေးဘူး မဟုတ်လား ...

ယွင်ချင်းစီက အိပ်ယာထဲ လှဲတော့မည်ပြုစဉ် ထွက်မသွားသေးသော လီယင်းကို သတိပြုမိလိုက်သည့်အတွက် သူ့ကို နောက်တစ်ကြိမ် မောင်းထုတ်လိုက်ပြန်သည်။

“ဒီမှာ ရှိနေသေးတုန်းလား ...”

ထိုစဉ် သူ့အနီးသို့ ရုတ်တရက် ချဉ်းကပ်လာသည့် အရိပ်တစ်ခုကြောင့် လီယင်းက မြားတစ်စင်းနှယ် အရှိန်ပြင်းစွာ ပြေးဝင်လာလိုက်သည်။ ဘန်းခနဲ မြည်သံတစ်ခုနှင့်အတူ ပြတင်းပေါက်တစ်ချပ်လုံး ပွင့်ဟသွားကာ အပြင်ဘက်ရှိ နှင်းမှုန်တို့က အခန်းထဲသို့ အလုံးလိုက် အရင်းလိုက် ဝင်ရောက်လာတော့သည်။ ပြုတ်ထွက်သွားသော တံခါးရွက်က လီယင်း၏ ပုခုံးနှင့် ရိုက်မိကာ ဒုတ်ခနဲ အသံမြည်သွားတော့သည်။

လီယင်းက သူ့ကို ပွေ့ဖက်ကာ သူ့ခန္ဓာကိုယ်ဖြင့် ကာထားပေးသည့်အတွက် ယွင်ချင်းစီသည်လည်း တံခါးရွက်ဖြင့် အရိုက်ခံလိုက်ရသည့် အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပေသည်။

လီယင်းက စကားတစ်ခွန်းမှ မဆို၊ မထိခိုက်သည့် လက်တစ်ဖက်ဖြင့် နောက်တစ်ကြိမ် ပြန်ပွင့်မလာစေရန် တံခါးရွက်ကို ဖိပေးထားလိုက်သည်။

“တစ်ယောက်လောက် ဝင်လာကြစမ်း ...”

သူက ပြောလိုက်၏။

ယွင်ချင်းစီကို မ ထူလိုက်ကာ ဝါးကုတင်ကို ခပ်ဝေးဝေးသို့ ရွှေ့လိုက်ပြီးနောက် အစောင့်တစ်ဦးက ပြတင်းပေါက်ကို သံချွန်အချို့ ရိုက်ကာ ပိတ်လိုက်သည်။ အုတ်ဖို၏ တာဝန်ရှိသူက နဖူးပေါ် စီးကျလာသော ချွေးပေါက်များကို ခိုးသုတ်ကာ ပြောလိုက်၏။

“ဒီနေရာကို တော်ဝင်နန်းတော်က ဧည့်သည်တော်တွေ ကြွချီလာလိမ့်မယ်လို့ တစ်ခါမှ မတွေးထားခဲ့ဖူးပါဘူး ပြတင်းပေါက်တွေက တကယ်ကို ပျက်စီးယိုယွင်းနေတာလည်း အမှန်ပါ ဒါပေမယ့် တော်ဝင်ဧည့်သည်တော်တွေ ထိခိုက်ပါစေဆိုတဲ့ ရည်ရွယ်ချက်တော့ တကယ်ကို မရှိခဲ့ပါဘူး အရှင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ ...”

လီယင်း၏ အကြည့်တို့က လွန်စွာ နက်ရှိုင်းလေးလံနေ၏။ ယွင်ချင်းစီက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မနေ့က ဒီမှာ အိပ်တုန်းက အဆင်ပြေပါတယ် ဒီနေ့က လေတအားထန်ပြီး နှင်းလည်း ကျလို့ ဖြစ်မှာပါ ဒီမှာ ညအိပ်ဖို့ ဆုံးဖြတ်ခဲ့တာ ကျွန်တော်ဖြစ်တဲ့အတွက် ဒီက အရာရှိနဲ့ ဘာမှ မဆိုင်ပါဘူး ...”

ထိုသို့ ပြောပြီးကာမှ ပြတင်းပေါက်ဖြင့် ခိုက်မိခဲ့သူမှာ သူမဟုတ်၊ နာကျင်မှုကို အံတုကာ ရပ်လျက် စကားပြောနေရသူမှာလည်း သူမဟုတ်ကြောင်း သတိရသွားတော့သည်။ သူ့စကားများကို ပြန်ပြင်ပြောမည် ပြုစဉ်မှာပင် လီယင်း၏ စကားသံကို ကြားလိုက်ရသည်။

“ရတယ် အားလုံး ထွက်သွားကြတော့...”

သူက လီယင်းကို တစ်ဖန် စိုက်ကြည့်မိလိုက်ပြန်သည်။

ဟုတ်သားပဲ အရှင်မင်းမြတ်ရဲ့ အရေပြားက ကြမ်းတမ်းပြီး အသားထူတဲ့ဟာ ဒီလောက်လေး နာတာကတော့ သူ့အတွက် ဘာမှတောင် မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် သူ့(ယွင်ချင်းစီ)ကို အတိုးနဲ့ ပြန်ပေးဆပ်ရမှာပဲဟာ...

ပျက်စီးယိုယွင်းနေသော အခန်းတစ်ခုလုံး ပြန်လည် ငြိမ်သက်သွားကာ ယွင်ချင်းစီကလည်း နောင်တရခြင်း အလျဉ်းမရှိတော့။ ဝါးကုတင်ပေါ် တက်၍သာ ပြန်လည် အိပ်စက်လိုက်တော့သည်။

အခန်းကို နွေးထွေးအောင် လုပ်ရန်မှာ မလွယ်ကူလှ။ လေတိုက်လိုက်သည်နှင့် တစ်ပြိုင်နက် အနည်းငယ် ရှိနေသော နွေးထွေးမှုအားလုံး ပျောက်ကွယ်သွားရာ အင်္ကျီတစ်ထည်သာ ဝတ်ထားသည့် ယွင်ချင်းစီမှာ ခိုက်ခိုက်တုန်အောင် ချမ်းအေးလာတော့သည်။

လီယင်း၏ လက်ဖျားထိပ်တို့က သူ့ခြေကျင်းဝတ်ကို လှမ်းကိုင်လိုက်ကာ စောင်လွှမ်းခြုံပေးရင်း ပြောလိုက်သည်။

“မင်း ဒီမှာ ညအိပ်မှာဆို ကိုယ်လည်း မင်းနဲ့အတူ နေမယ် ...”

ယွင်ချင်းစီက မျက်ခုံးတို့ကို ပင့်မြှောက်လျက် သူ့ကို စိုက်ကြည့်လိုက်သည်။

လီယင်း၏ ညာဘက်ပုခုံး နာကျင်သွားရာ နှုတ်ခမ်းတို့ကို ဖိကိုက်လျက် ကုတင်ပေါ် ဖြည်းဖြည်းချင်း ဝင်ထိုင်ရင်း ပြောလိုက်သည်။

“မင်းက အမြဲတမ်း ကိုယ် ဘာလုပ်လဲ စောင့်ကြည့် ...”

ဤသည်မှာ မမျှော်လင့်ထားသည့် ကိစ္စပင်။

သူ ထိုင်ချလိုက်သည့်အခါ ခန္ဓာကိုယ်အလေးချိန်ကြောင့် ဝါးကုတင်တစ်ခုလုံး ညွတ်ကျလာတော့၏။ ယွင်ချင်းစီက သူ့သစ်သားသေတ္တာကို ပွေ့ဖက်ထားလိုက်ကာ လီယင်းကလည်း အလိုလိုပင် သူ့ကို ပွေ့ဖက်ထားမိတော့သည်။

ပျက်စီးသွားသော ဝါးကုတင်ထက်တွင် ယွင်ချင်းစီသည် သူ့အပေါ်သို့ အရှိန်ပြင်းစွာ လဲကျသွားတော့သည်။

ယခု အမှန်တကယ်ပင် မအိပ်စက်နိုင်တော့သည့် ယွင်ချင်းစီမှာလည်း လီယင်းအမည်ရ လူသားထိုင်ခုံပေါ်တွင် ကူကယ်ရာမဲ့စွာ ထိုင်နေရင်း အလျော့ပေးလိုက်ရတော့သည်။

“ထားလိုက်တော့ နန်းတော်ကိုပဲ ပြန်မယ် ...”

လီယင်းက ချက်ခြင်း မတ်တပ်ထရပ်ကာ အနွေးခြေအိတ်နှင့် ဂွမ်းဖိနပ်တို့ ဝတ်ပေးလိုက်၏။ ယွင်ချင်းစီက သေတ္တာကို ကိုင်ထားရင်း သူ့ရှေ့တွင် ငုတ်တုတ်ထိုင်နေသည့် လီယင်းကို စိုက်ကြည့်နေစဉ် ခြေဖဝါးတစ်ခုလုံး နူးညံ့နွေးထွေးသွားသည်ကို ခံစားလိုက်ရတော့သည်။

ဖိနပ်ကို ဝတ်ပေးပြီးနောက် လီယင်းက ကျင်းဟွမ် ယူလာပေးသည့် အပေါ်ထပ်အနွေးဝတ်ရုံကိုပါ ကိုယ်တိုင် ဝတ်ဆင်ပေးလိုက်သည်။

သူ စိတ်တိုင်းကျစေရန် လွန်စွာ အားစိုက်ထုတ်နေသည့် လီယင်း၏ လုပ်ရပ်များကပင်လျှင် သူ့တွင် ကြီးမားသည့် အကြံအစည်တစ်ခု ရှိနေကြောင်း ဖော်ပြနေပေသည်။ သူ့အပြုအမူအားလုံးမှာ ယွင်ချင်းစီအား ယခင်ကကဲ့သို့ သူ့အပေါ် ပြန်လည်ကာ အရူးအမူး စွဲလမ်းသွားစေရန် ရည်ရွယ်နေသည်။

မယ်တော်ကြီးနဲ့ သူနဲ့က တကယ်ကို သားအမိ ဖြစ်ထိုက်ပါပေတယ် ...

သို့သော် ယွင်ချင်းစီကမူ စိတ်မပူ။ ယွင်မိသားစုသည် ခေတ်အဆက်ဆက် သန့်ရှင်းရိုးသားကာ သစ္စာရှိခဲ့သည့်အတွက် သူသာ စိတ်ရူးမပေါက်ပါလျှင် လီယင်းတွင် ယွင်မိသားစုကို ထိပါးနိုင်မည့် အကြောင်းအရင်း မရှိချေ။

လီယင်းက သူ့အပေါ် မည်မျှပင် ရင်းနှီးမြှုပ်နှံထားပါစေ ငွေကုန်ဆုံးရုံသာ ရှိပေမည်။

တံခါးဝသို့ လှည်းရောက်လာသည်နှင့် တစ်ပြိုင်နက် သူက စိတ်အေးလက်အေး ဝင်ထိုင်ကာ လီယင်းကလည်း သူ့အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။

လီယင်းနှင့်အတူ လှည်းတစ်စီးတည်း မစီးလိုသော်ငြား ယခုလက်ရှိ လီယင်းမှာ ယခင်ဘဝက လီယင်းမဟုတ်၊ ထို့အပြင် ယခုလေးတင်မှ ပြတင်းပေါက်ဖြင့် ခိုက်မိလာခဲ့ရသူဖြစ်ရာ သူ့ကိုသာ လှည်းပေါ်မှ နှင်ထုတ်လိုက်ပါလျှင် အတော်လေး လူသားမဆန်ရာ ရောက်ပေလိမ့်မည်။ လှည်းအတူတူ စီးရသည်က အသေးအဖွဲမျှသာ ဖြစ်သော်ငြား လီယင်းသာ နာမကျန်းဖြစ်သွားပါလျှင် ကိစ္စမှာ ပို၍ ကြီးမားသွားပေလိမ့်မည်။

သေတ္တာကို ပိုက်ထားလျက် နံရံဘက် တိုးကာ ပျင်းရိငြီးငွေ့စွာဖြင့်ပင် မျက်စိမှိတ်လျက် လီယင်းနှင့် အကွာအဝေးချင်း ခြားနားထားလိုက်သည်။

ညဉ့်နက်နေပြီ ဖြစ်သည့်အပြင် လှည်းကလည်း ဘယ်ညာယိမ်းနွဲ့နေသည့်အတွက် အိပ်ချင်စိတ်တို့ တစ်ဖြည်းဖြည်း ထွက်ပေါ်လာတော့သည်။

ယွင်ချင်းစီက သမ်းဝေလိုက်၏။

သူ့ကို စိုက်ကြည့်နေသည့် လီယင်းကလည်း မသိလိုက် မသိဘာသာဖြင့် နာကျင်နေသည့် လက်မောင်းနှင့် ပုခုံးတို့ကို ကျန်လက်တစ်ဖက်ဖြင့် ပွတ်သပ်နေမိလိုက်သည်။

ယွင်ချင်းစီက ဖြစ်ပျက်သွားသည်များနှင့် စပ်လျဉ်း၍ တစ်ခွန်းတစ်လေမှပင် မပြောခဲ့သည့်အတွက် လီယင်းအနေဖြင့်လည်း ဤသည်မှာ တမင်တကာ ရည်ရွယ်လေသလား၊ မတော်တဆလား မသိချေ။ ထိုအကြောင်းကို လုံးလုံးလျားလျား မေ့လျော့ကာ ငိုက်မြည်းစ ပြုလာတော့သည်။

ယခုလက်ရှိ ယွင်ချင်းစီမှာ သူမှတ်မိနေသည့် ယွင်ချင်းစီနှင့် လုံးဝ မတူညီကြောင်းကိုမူ ဝန်ခံရပေမည်။

ဘယ်ညာယိမ်းနွဲ့နေသည့် လှည်းက နွေးထွေးကာ သက်တောင့်သက်သာ ရှိလှသည့်တိုင် လီယင်းမှာမူ ရေခဲခန်းထဲ ရောက်နေသည့်နှယ်၊ အရိုးထိတိုင် အေးစိမ့်မှုကို ခံစားလိုက်ရတော့သည်။

ယွင်ချင်းစီ၏ ခေါင်းက ဆက်တိုက် ငိုက်စိုက်ကျလာသည့်အတွက် လီယင်းက လက်ကို ဆန့်တန်းကာ ကူညီမည် ပြုစဉ်မှာပင် အလန့်တကြား မျက်လုံးပွင့်လာသူကို တွေ့လိုက်ရ၏။ သူက လီယင်းကို အတော်ကြာ စိုက်ကြည့်နေပြီးကာမှ ပြောလိုက်သည်။

“အရှင့်ကို ကျေးဇူးတင်ပါတယ် ...”

လွန်စွာ အိပ်ချင်ငိုက်မြည်းနေသည့်တိုင် လှည်းထဲတွင် အိပ်ပျော်သွား၍ မဖြစ်သည့်အတွက် သူ့ကိုယ်သူ တွန်းအားပေးကာ စကားပြောရန် အကြောင်းအရှာတစ်ခုကို ရှာလိုက်သည်။

“ဒဏ်ရာက အရမ်းပြင်းလား ...”

“အဆင်ပြေပါတယ် ...”

“အိုး ....”

စကားဆက်ပြောရန် အခြားအကြောင်းအရာတစ်ခုကို စဉ်းစားလိုက်သော်လည်း စဉ်းစား၍ မရတော့။

လီယင်းကလည်း စကားတစ်ခွန်းမှ မပြော။ ထို့ကြောင့် ယွင်ချင်းစီလည်း ပိုပို၍ ငိုက်မြည်းလာတော့သည်။ လီယင်က ဖြူလျော်နေသည့် နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ကာ လက်ကို အသာမြှောက်လျက် ယွင်ချင်းစီ၏ ခေါင်းကို ကူထိန်းပေးထားလိုက်တော့သည်။

ယွင်ချင်းစီ၏ ခေါင်းက သူ့ဘက်သို့ ထိန်းမနိုင်သိမ်းမရ စောင်းကျလာတော့သည်။ လီယင်း၏ ပုခုံးနှင့် ထိတော့မည်ဟု ခံစားလိုက်ရသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီက တည့်တည့်မတ်မတ် ပြန်ထိုင်ကာ အိပ်ချင်စိတ်တို့ကို အသည်းအသန် မောင်းထုတ်လိုက်တော့သည်။

အကြိမ်ပေါင်းများစွာ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် လီယင်းက သူ့လက်ချောင်းများကို ပြန်ဖယ်လိုက်ရသည်နှင့်သာ အဆုံးသတ်သွားတော့သည်။

နန်းတော်ဆီသို့ ပြန်ရောက်ချိန်တွင် သုံးနာရီ ထိုးနှင့်နေပြီဖြစ်သည်။

အိပ်ချင်စိတ်ကို သည်းမခံနိုင်တော့သည့် ယွင်ချင်းစီမှာလည်း နောက်ဆုံးတွင် နံရံကိုမှီကာ အိပ်မောကျသွားတော့သည်။

သူ့လက်မောင်းထဲရှိ သစ်သားသေတ္တာမှာ အောက်သို့ လျောကျသွားကာ လက်တစ်ဖက်၏ ဖမ်းကိုင်ခြင်းကို ခံလိုက်ရတော့သည်။


Xxxxx