Chapter 23
လီယင်းက သေတ္တာအဖုံးကို လှပ်ကာ အေးစက်ဖြူဖွေးနေသည့် ကြွေထည်နှုတ်ခမ်းကို လက်ဖြင့် အသာထိကြည့်လိုက်၏။ အတိတ်ဘဝက ကွဲအက်သွားသည့် ကြွေထည်၏ အသံကိုပင် ပြန်လည်ကြားယောင်မိလာတော့သည်။
(ယွင်ချင်းစီမှာ မြေပေါ်သို့ အရူးတစ်ယောက်နှယ် လဲကျလုမတတ် ဖြစ်သွားသည့်အတွက် သူ့ကို အမြန် ပြန်ဆွဲထားလိုက်ရသည်။
မြေပေါ်သို့ လဲကျမသွားသည့်တိုင် နီရဲနေသော မျက်ဝန်းတစ်စုံဖြင့် နေရာတွင် မလှုပ်မယှက် ရပ်နေဆဲပင်။
သူ သေသေချာချာ ဖန်တီးခဲ့ပါသည့် ကြွေထည်အား ဖျက်ဆီးလိုက်မိသည့်အပေါ် တစ်ခွန်းမျှပင် အပြစ်တင်ခြင်း မရှိခဲ့။ ပျာယာခတ်စွာဖြင့်ပင် ပြောလိုက်သေးသည်။
“တောင်းပန်ပါတယ် မင်းကို နောက်တစ်ကြိမ် ဒေါသထွက်စေမိပြီ ...”
လီယင်းက တစ်ခုခု ပြောလိုခဲ့သော်ငြား နောက်ဆုံးတွင်တော့ ဘာတစ်ခွန်းကိုမှ မပြောနိုင်ခဲ့။ )
သစ်သားအဖုံးကို ပြန်လည်ကာ ဖုံးပေးလိုက်သည်။ ထို့နောက် လက်ကို ဂရုတစိုက် ဆန့်ထုတ်ကာ လှည်းနံရံကို မှီလျက် အိပ်ငိုက်နေသူအား ပွေ့ဖက်လိုက်၏။ သူ့မျက်ဝန်းအောက်ခြေတွင် မှောင်မိုက်မှုအချို့ ထွက်ပေါ်လာတော့သည်။
ယွင်ချင်းစီ နိုးလာသည့်အခါ သူသည် ကျန်းရှင်းနန်းဆောင်သို့ ရောက်နေကြောင်း သတိပြုမိလိုက်သည်။ ကျယ်ဝန်းလှသည့် နဂါးကုတင်ပေါ်တွင် အိပ်စက်နေကာ တစ်ဖက်သို့ လှည့်ကြည့်လိုက်သည့်အခါ လီယင်းကို မတွေ့ရ။ အိပ်ယာဘေးရှိ လိုက်ကာစများကို တင်းတင်းကြပ်ကြပ် ပိတ်ထားကာ သစ်သားသေတ္တာကိုလည်း သူ့နံဘေးတွင် ထားထားပေးသည်။ သူ ဂရုတစိုက် ဖန်တီးခဲ့ပါသည့် ကြွေထည်တစ်စုံမှာ သေတ္တာထဲတွင် ဘေးရန်ကင်းစွာ တည်ရှိနေသည်။
ယမန်နေ့ညက ဟန်မဆောင်နိုင်လောက်အောင်ပင် အိပ်ချင်ငိုက်မြည်းခဲ့ရာ ဤကြွေထည်ကို ယူလာပေးသူမှာ လီယင်းသာ ဖြစ်ပေလိမ့်မည်။
သူ့အနေဖြင့် စကားကို ရှည်ရှည်ဝေးဝေး မပြောလို။ အဝတ်အစားလဲရန် အိပ်ယာမှ ထလာစဉ် လီယင်းကလည်း တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့အနား ရောက်လာကာ ပြောလိုက်သည်။
“နိုးလာပြီလား ကိုယ် တစ်ယောက်ယောက်ကို မနက်စာ ယူလာဖို့ ပြောလိုက်မယ် ...”
“မဟုတ်တာ ကိုယ့်နန်းဆောင်ကိုယ်ပဲ ပြန်ပြီး စားပါ့မယ် ..."
သူ့စကား အဆုံးမှာပင် အပြင်ဘက်မှ အစီရင်ခံသည့်အသံတစ်ခုကို ကြားလိုက်ရသည်။
“အရှင်နဲ့ ဧကရီကို အစီရင်ခံပါတယ် ကြင်ယာတော်နဉ်က တွေ့ခွင့်တောင်းနေပါတယ် ...”
လီယင်းက ချက်ခြင်းပင် သူ့ကို လှည့်ကြည့်လာသည့်အတွက် မျက်တောင်တဖျတ်ဖျတ်ခတ်လျက် ပြောလိုက်သည်။
“သူမက ဒီကို ဘာလာလုပ်တာလဲ ...”
သူ သဝန်တိုတတ်ကြောင်း နန်းတော်တစ်ခုလုံး သိထားသည့်အတွက် အစီရင်ခံသည့် အစေခံက သတိကြီးကြီးထားကာ ပြန်ဖြေလိုက်သည်။
“သူမက အရှင့်အတွက် ဟင်းလျာအချို့ ချက်ပြုတ်လာတယ်လို့ ကြားမိပါတယ် ...”
လီယင်းက ပြောလိုက်သည်။
“ကိုယ်တော့်မှာ တော်ဝင်စားဖိုဆောင် ရှိနေပြီးသား ...”
ယွင်ချင်းစီက ပြောလိုက်သည်။
“သူမကို ဝင်ခွင့်ပေးလိုက် ...”
အစီရင်ခံသည့် အစေခံမှာ သူ့နားသူပင် မယုံကြည်နိုင်။ လီယင်းကလည်း သူ့ကို ငေးစိုက်ကြည့်နေသည့်အတွက် ယွင်ချင်းစီက သူ့စကားကို ဆက်ပြောလိုက်ရတော့သည်။
“ဘာလဲ ငါ့စကားတွေကို အလေးမထားတော့တာလား ...”
နန်းတွင်းအစေခံက အလျင်အမြန် တောင်းပန်ကာ နဉ်ရိုကို ခေါ်ရန် ပြန်ထွက်သွားတော့သည်။
ယွင်ချင်းစီက သစ်သားအဝတ်လှန်းစင်ပေါ်ရှိ အပေါ်ရုံကို ယူကာ ပြန်ထွက်ခွါတော့မည်ပြုစဉ် လီယင်းက သူ့အနောက်လိုက်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ဧကရီက ဘာကို ဆိုလိုချင်တာလဲ ..."
“ကြင်ယာတော်နဉ်က သူမရဲ့ စိတ်အားထက်သန်မှုတွေကို ပြသနေတာလေ ...”
သူက လွန်စွာ စိတ်ကောင်းစေတနာကောင်း ရှိလေဟန်ဖြင့် နားချလိုက်သည်။
“အရှင် သုံးဆောင်လိုက်ပါ ကျွန်တော်မျိုးက အရင် ပြန်နှင့်လိုက်ပါ့မယ် ...”
ခြုံလွှာကို လွှမ်းခြုံမည်ပြုစဉ် လက်တစ်ဖက်က သူ့ခြုံလွှာကို ဆွဲထားလိုက်၏။ လီယင်းက သူ့ကို ပြန်ခွင့်မပြု။
ယွင်ချင်းစီက ခြုံလွှာကို ပြန်ဆွဲလိုက်သည့်တိုင် သူ့လက်ထဲ ပြန်ပါမလာသည့်အတွက် လီယင်း၏ ခြေဖဝါးကိုသာလျှင် အားအပြည့်ဖြင့် ရက်စက်စွာ နင်းချလိုက်သည်။
ထိုအခါမှ လီယင်းက လွှတ်ပေးလိုက်တော့၏။ သူ့မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် မှောင်မိုက်နေတော့သည်။
ယွင်ချင်းစီ ဝတ်ရုံ ခြုံပြီးစဉ်မှာပင် ကန့်လန့်ကာတစ်ဖက်ခြမ်းစီမှ ခြေသံများ ကြားလိုက်ရတော့သည်။ ကြင်ယာတော်နဉ်က ကန့်လန်ကာစကို အသာတွန်းဝင်လာကာ နူးညံ့စွာ ပြောလိုက်သည်။
“အရှင် ... ဒီကြင်ယာတော်က အရှင့်အတွက် ကြာစေ့စွတ်ပြုတ်လေး ချက်လာပေးပါတယ် ပြီးတော့ ...”
ထို့နောက် ယွင်ချင်းစီကို တွေ့လိုက်ရ၏။
သူမ မျက်နှာပေါ်ရှိ အပြုံးတို့ ရုတ်ချည်း အေးခဲသွားကာ ခေါင်းကို ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားတော့သည်။
ဘုရားရေ .. ဘာလို့ ယွင်ချင်းစီပါ ရှိနေရတာလဲ ...
အခု သူက သူမကို ထပ်ပြီး မုန်းတော့မှာပဲ ...
နောက်နားတွင် ကပ်ပါလာသည့် မော့မော့က သူမ၏ အင်္ကျီစကို ဆွဲလိုက်မှသာ အသိပြန်ကပ်လာတော့သည်။ အတိတ်က ယွင်ချင်းစီ အပေါ် ထားရှိသည့် ဧကရာဇ်၏ သဘောထားကို ပြန်စဉ်းစားကာ သတ္တိမွေးလျက် အရိုအသေပေးလိုက်သည်။
“အရှင်နဲ့ ဧကရီအရှင့်ကို နှုတ်ခွန်းဆက်သပါတယ် ...”
လီယင်းကမူ ယွင်ချင်းစီကိုသာ စိုက်ကြည့်နေဆဲပင်။ သူ၏ နက်မှောင်လှသည့် အကြည့်တို့က အေးဆေးလေးနက်ကာ တည်ငြိမ်နေ၏။
ယွင်ချင်းစီမှာ ကြင်ယာတော်နဉ်ကို လွန်စွာ သဘောကျနေခြင်းဖြစ်သည်။ လီယင်းကို သူ့နှလုံးသားထဲမှ ဖယ်ထုတ်လိုက်ပြီးသည့်နောက် ထိုသူ၏ ကြင်ယာတော်မှာ လွန်စွာ လှပလှကြောင်း သတိထားမိသွားတော့သည်။
ဒီခါးလေးရယ် ဒီမျက်နှာလေးရယ် ပြီးတော့ သိမ်သိမ်မွေ့မွေ့ ရုပ်ရည်လေးရယ် ... ဒီအမျိုးသမီးကတော့ တကယ်ကို ချစ်ခင်မြတ်နိုး အလိုလိုက်ပေးချင်စရာ ရုပ်ရည်လေးနဲ့ မွေးဖွားလာတာပဲ ...
နဉ်ရိုမှာ တစ်ကိုယ်လုံး တုန်ရီသွားကာ လီယင်း၏ အနောက်ဘက်သို့ တိတ်တဆိတ် စိုက်ကြည့်လျက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဧကရီအရှင် ဘာလို့ ဒီကြင်ယာတော်ကို ကြောက်စရာကောင်းလောက်အောင် စိုက်ကြည့်နေရတာပါလဲ ...”
လီယင်း အမုန်းဆုံးမှာ သဝန်တိုစိတ် များလွန်းသည့် ယွင်ချင်းစီ၏ မျက်နှာဖြစ်ရာ ဤအချက်ကို အသုံးချရပေလိမ့်မည်။
ဘုရားရေ ဧကရီအရှင်က လူတွေကို ခြိမ်းခြောက်နေပြန်ပြီ ကယ်ကြပါဦး ...
နဉ်ရိုသည် လီယင်း၏ ပထမဆုံး ကိုယ်လုပ်တော် မဟုတ်။ ပြီးခဲ့သည့် နှစ်ဝက်ခန့်ကမှ နန်းတော်ထဲသို့ ရောက်လာခဲ့ခြင်း ဖြစ်သော်ငြား ထိုသို့ ရောက်မလာခင်ကတည်းကပင် ယွင်ချင်းစီ၏ သံသယလွန်ကဲကာ သဝန်တိုရန်လိုတတ်သည့် စိတ်ထားအကြောင်း ကြားထားပြီး ဖြစ်သည်။
အစောပိုင်းကာလများတွင် ဧကရာဇ်က သူ့ကို ဖြောင်းဖျနားချသေးသော်ငြား နောက်ပိုင်းတွင် အနောက်ဆောင်တစ်ခုလုံး ယွင်ချင်းစီ၏ ပိုင်နက်ဖြစ်လာကာ သူရိုက်လိုလျှင်ရိုက်၊ သတ်လိုလျှင်သတ်၊ ဧကရာဇ်၏ စကားများကိုပင် အရာမသွင်းတော့ချေ။
ယွင်ချင်းစီသည် လူသတ်လိုသည်သာမက ကောင်းကင်ဘုံသားတော်အနား နီးကပ်ရန် ကြံစည်နေသည့် ကိုယ်လုပ်တော်များအား မျက်ခြည်မပြတ် စိုက်ကြည့်ရခြင်းကိုလည်း လွန်စွာ သဘောကျလှပေသည်။ နဉ်ရို၏ မှတ်ဉာဏ်ထဲတွင် ယခုအချိန်အထိ နက်နက်ရှိုင်းရှိုင်း မှတ်မိနေဆဲ ဖြစ်ရပ်တစ်ခု ရှိသေးပေသည်။ သူမ နန်းတော်ထဲ ရောက်လာအပြီး သုံးရက်ခန့်အကြာတွင် ဧကရီက လက်ဖက်ရည်အတူတူသောက်ရန် လူလွှတ်ဖိတ်ကြားခဲ့၏။
များစွာ စိုးရိမ်ပူပန်ကာ သူ့ဖိတ်ကြားချက်ကို လက်မခံလိုသော်လည်း လာရောက်အကြောင်းကြားသူက ဤသို့ အေးစက်စွာ ပြောလိုက်သည်။
“ဧကရီအရှင်က အမိန့်ပေးလိုက်တာပါ တကယ်လို့ ကိုယ်လုပ်တော်နဉ်သာ ဒီအမိန့်ကို မလိုက်နာရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ခံနိုင်ရည် ရှိပါ့မလား ဆိုတာကို ဒီအစေခံက စိုးရိမ်မိပါတယ်...”
ကိုယ်လုပ်တော်နဉ်မှာ အရဲစွန့်ကာ ထွက်လာရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။
ထိုနေ့က ယွင်ချင်းစီသည် နန်းဆောင်အစေခံတစ်ဦးကို အပြစ်ပေးနေခဲ့သည်။ ထိုအစေခံ၏ နေထိုင်မှုဘဝပုံစံမှာ လွန်စွာ ကောင်းမွန်လှ၏။သူ့လက်များမှာ အမျိုးသမီးအစေခံများထက်ပင် ကောင်းမွန်လှကာ ဆံပင်ဖြီးသင်ပေးရာတွင် လွန်စွာ ကျွမ်းကျင်လှသူ ဖြစ်စသည်။ ထိုသူသည် လီယင်း၏ အနီးကပ် အစေခံတစ်ဦးဖြစ်ကာ ဧကရာဇ်၏ ကုတင်ပေါ်သို့ တွယ်တက်ရန် အကြံရှိနေကြောင်း ကြားသိလိုက်ရသည်။
လီယင်းအဖို့ ထိုသူသည် ဆံပင်ဖြီးသင်ပေးသည့် အစေခံငယ်တစ်ဦးမျှသာ ဖြစ်သော်ငြား ယွင်ချင်းစီကမူ ဧကရာဇ်အား တပ်မက်သည့်သူ မည်သူတစ်ဦးတစ်ယောက်ကိုမှ သည်းခံခဲ့ခြင်း အလျဉ်းမရှိရာ မတုန့်မဆိုင်းဘဲ ချက်ခြင်း အပြစ်ပေးလိုက်တော့သည်။
အားလုံးကို ထိုင်ခုံများ သယ်လာကာ သူနှင့်အတူ အပြစ်ပေးသည့် လုပ်ငန်းစဉ်ကို ကြည့်ရှုရန် အမိန့်ပေးလိုက်၏။
ထိုအပြစ်ပေးခံရသည့် အစေခံမှာလည်း အမှန်တကယ်ပင် အကြံအစည်များ ရှိနေပေသည်။ အပြစ်ပေးခံရချိန်တွင် ဧကရာဇ်ကိုယ်တိုင် ကြွချီလာစေရန် ဆွဲဆောင်ကာ လီယင်းကို ခါးသီးစွာ ငိုကြွေးပြရင်း သူ အပြစ်ကင်းပါကြောင်း ခုခံပြောဆိုလိုက်တော့သည်။
လီယင်းက ခြေလှမ်းတို့ကို ပိုမို အရှိန်တင်ကာ ဧကရီအနားသို့ ရပ်လိုက်၏။ သူ့လေသံမှာ အနည်းငယ် ချော့မော့ပြောဆိုဟန်တို့ ရောစွက်နေသည်။
“သူက သာမန် မိန်းမစိုးလေး တစ်ယောက်ပဲကို အသက်ချမ်းသာပေးလိုက်ပါ ရှေ့လျှောက် သူ့ကို ကိုယ့်ဆံပင်တွေ အဖြီးမခိုင်းတော့ဘူးလေ ...”
“သာမန်မိန်းမစိုးလေး ဟုတ်လား ...”
ယွင်ချင်းစီက သူ့ကို အကြည့်မလွှဲစတမ်း စိုက်ကြည့်လိုက်သည်။
“သူ ကျွန်တော့်ရှေ့မှာ ပြောတော့ကျ ဒီလို မဟုတ်ပါဘူး ...”
ထိုအစေခံက မျက်ရည်လည်ရွှဲဖြင့် အော်ဟစ်ငိုယို တောင်းပန်လိုက်သည်။
“ဒီငယ်သားက ဝမ်ဖေး ဘာတွေ ပြောနေလဲဆိုတာကို နားမလည်ပါဘူး ဒီငယ်သားက တကယ်ကို အရှင်နဲ့ ပတ်သက်ပြီး ဘာမှ မကြံစည်ရဲပါဘူး ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးတော်မူပါ အရှင် ...”
လီယင်းက အတည်ပြုလိုဟန်ဖြင့် စိုက်ကြည့်လိုက်လျှင် အားလုံးက တစ်ညီတစ်ညာတည်း ခေါင်းခါယမ်းပြလိုက်၏။ မည်သူကမှ ထိုအစေခံ ယွင်ချင်းစီအား ပြောခဲ့သည့် စကားကို မကြားလိုက်ကြပေ။ သူတို့ ရောက်လာချိန်တွင် ထိုအစေခံမှာ သစ်သားတုတ်ဖြင့် ဖိခြေခြင်း ခံနှင့်ရပြီးဖြစ်သည်။
(သူ ပြောချင်တာကလေ ကိုရီးယားကားတွေထဲကလို ထိုင်ခုံမှာ ကြိုးနဲ့ချည်ပြီး ခြေထောက်နှစ်ချောင်းကို တုတ်နဲ့ ဖိထားတဲ့ ပုံစံမျိုးကို ပြောချင်တာ ထင်တယ် ကြိမ်ဒဏ်ပေးတာတော့ မဟုတ်ဘူး )
လီယင်းက ယွင်ချင်းစီကို ဆွဲလာလိုက်လျှင် တစ်ဖက်သူကလည်း အသာတကြည် လိုက်လာလိုက်၏။ အပြင်ဘက်သို့ အတူတူ ထွက်လာကာ ပြောလိုက်သည်။
“သူ့ကို လွှတ်လိုက်ပါ ...”
ထိုအခါမှ ကိုယ်လုပ်တော်များလည်း အသက်ရှူချောင်သွားတော့သည်။
အပြစ်ပေးခံနေရသည့် အစေခံကလည်း လွန်စွာ အားရဝမ်းသာစွာဖြင့် ဝမ်းလျားမှောက်လျက် လီယင်းကို ကတိုက်ကရိုက် ကျေးဇူးတင်လိုက်သည်။
လီယင်းက သူ့ကို ပြောလိုက်သည်။
“ဧကရီကို ကျေးဇူးတင်လိုက် ...”
အစေခံက ယွင်ချင်းစီကို ငေးကြည့်နေကာ ခေါင်းကို အကြိမ်ကြိမ်အဖန်ဖန် ဦးတိုက်လျက် ကျေးဇူးတင်လိုက်သည်။
“ကြင်နာပေးတဲ့အတွက် ဧကရီကို ကျေးဇူးတင်ပါတယ် ...”
ကြည့်ရတာ ဒီကိစ္စတွေအားလုံး ပြီးသွားပြီထင်တယ် ...
အစေခံက ချက်ခြင်း ထရပ်ကာ ပြေးထွက်သွားပြီး ဓားကိုင်ထားသည့် အစောင့်များရှေ့သို့ အရောက်တွင် ယွင်ချင်းစီ၏ အော်သံကို ကြားလိုက်ရသည်။
“ရပ်လိုက်စမ်း ...”
ယွင်ချင်းစီက သူ့အနား လှစ်ခနဲ ရောက်လာကာ တစ်ခဏမျှ စိုက်ကြည့်နေလိုက်သည်။
သွယ်လျဖြူဖွေးလှသည့် လက်တစ်စုံဖြင့် အစောင့်လက်ထဲရှိ ဓားကို ဆွဲထုတ်ကာ အဝကျယ် အင်္ကျီလက်အနားကို ခါယမ်းလိုက်သည်။
ကိုယ်လုပ်တော်တစ်ဦးက စူးစူးရှရှ အော်ဟစ်လိုက်၏။
လီယင်းကလည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်သည်။
ထိုအစေခံက သွေးများ ပန်းထွက်လာသည့် လည်ပင်းကို ကိုင်ထားရင်း စကားတစ်ခွန်းမျှပင် မဆိုနိုင်ဘဲ လဲကျသွားတော့သည်။
“သူ့ကို မသတ်ပါဘူးလို့ ကတိပေးခဲ့တယ်လေ ...”
“သူက အစေခံတစ်ယောက်ပဲလေ ...”
သူက လီယင်းကို တည့်တည့်စိုက်ကြည့်လိုက်သည်။
“ဘာလို့ သူ့ကို ဆက်ပြီး ထားထားမှာလဲ ...”
“ယွင်ချင်းစီ ...”
“ပြောတော့ ကျွန်တော့်ကို ယုံတယ်ဆို ...”
ယွင်ချင်းစီက ပြောလိုက်သည်။
“ယုံရင် သူ့ကို လွှတ်ပေးလို့ မပြောသင့်ဘူးလေ ...”
ထို့နောက် “ချွမ်” ဟူသည့် အသံတစ်ခု ကြားလိုက်ရတော့သည်။
ခက်ထန်လှသည့် စကားသံနှင့်အတူ သွေးစွန်းနေသည့် ဓားကို လီယင်း ခြေထောက်နားသို့ ပစ်ချလိုက်သည်။
ယွင်ချင်းစီက လီယင်းကို အရှေ့ထား၍ လူတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ သတ်လိုက်လိမ့်မည်ဟု မည်သူမှ ထင်မထားကြ။ နဉ်ရိုမှာလည်း ထိုကိစ္စကြောင့် သွေးပျက်သွားကာ ရက်ပေါင်းများစွာကြာ ဖျားနာသွားတော့သည်။
ထိုစဉ်က ယွင်ချင်းစီ၏ စိတ်နေစိတ်ထားကို လွန်စွာ ကြောက်ရွံ့သွားရသည့်အတွက် လကုန်သည်အထိ မသက်သာခဲ့။ သို့သော် ယွင်ချင်းစီ ပြောခဲ့သည့်အတိုင်းပင် လီယင်းက သူ့ကို မယုံကြည်တော့ကြောင်း အမြန် သတိထားမိသွားတော့သည်။
နန်းတော်ထဲသို့ ရောက်လာကာစ ကိုယ်လုပ်တော်တစ်ဦးက ဧကရာဇ်အရှေ့တွင် ချော်လဲကျကာ လီယင်းအား ယွင်ချင်းစီက သူမကို အကွက်ဆင် ချောက်ချပါသည်ဟု ငိုကြွေးတိုင်ကြားလိုက်သည်။
လီယင်းက ယွင်ချင်းစီကို အပြစ်တင်ခြင်းမပြု၊ သို့သော် သူ့ရှင်းပြချက်များကိုလည်း နားမထောင်ခဲ့ချေ။ ထိုအစား ထိုကိုယ်လုပ်တော်အား တော်ဝင်ဆေးကုသဆောင်သို့ သွားရန်သာ ပြောလိုက်ပြီး ယွင်ချင်းစီကို အရေးမစိုက်စွာ ဖြတ်ကျော်လာလိုက်သည်။
နဉ်ရိုသည် ငယ်စဉ်ကတည်းက ဤကဲ့သို့ ညစ်ပတ်အောက်တန်းကျသည့် နည်းလမ်းများကို လွန်စွာ ရွံမုန်းလှသော်ငြား ချစ်မြတ်နိုးခြင်း ခံလိုသည့်အခါ သတ္တိမွေးကာ အသုံးချလိုက်ရတော့သည်။ လီယင်းက ယွင်ချင်းစီကို ဂရုမစိုက်တော့သည့်တိုင် နောက်ပိုင်းတွင် သူမကို ခပ်တိုးတိုး သတိပေးလိုက်သည်။
“ဧကရီကို ထပ်ပြီး ရန်မစနဲ့တော့ ...”
ထိုအခါမှ ဧကရာဇ်သည် သူ့လက်အောက်ရှိ လူများ၏ လှည့်ကွက်ကို မသိခြင်း မဟုတ်ကြောင်း သဘောပေါက်သွားတော့သည်။ ယွင်ချင်းစီ အပြစ်ကင်းစင်သည်ဖြစ်စေ၊ အပြစ်ရှိသည်ဖြစ်စေ လီယင်းက မည်သို့မျှ သဘောမထားချေ။
အမတ်ချုပ်အိမ်တော်၏ ဩဇာအာဏာကို ကြောက်ရွံ့သောကြောင့်လေလား၊ သို့တည်းမဟုတ် ယွင်ချင်းစီကို မနှစ်သက်၍လေလား၊ သို့မဟုတ်ပါလျှင် ယွင်ချင်းစီက သူ့အပေါ် ကာလကြာရှည်စွာ မညှာမတာ ပြုမူဆက်ဆံခဲ့လေသောကြောင့်လားတော့ မသိ၊ ယွင်ချင်းစီနှင့် အငြင်းအခုန် လုပ်ရမည်ကို အလိုအလျောက် ရှောင်ဖယ်ကာ သူ၏ ခင်ပွန်းသည်ဟူသော နေရာနှင့် ကောင်းကင်ဘုံသားတော် ဧကရာဇ်ဟူသည့် ရာထူး မပျောက်ပျက်သွားစေရန် အေးစက်ရက်စက်သည့် လျစ်လျူရှုထားခြင်းနည်းလမ်းကိုသာလျှင် လက်ကိုင်ထားတော့သည်။
အနည်းငယ် ဝမ်းနည်းဖို့ ကောင်းလှသော်ငြား ပျက်ရယ်ပြုဖွယ်လည်း ကောင်းလှပေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ၊ သူမအတွက်မူ ယွင်ချင်းစီသည် ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးရုံမှအပ အမှန်တကယ် အရေးစိုက်ပေးနေရန် မလိုအပ်သည့် စက္ကူကျားတစ်ကောင်မျှသာ ဖြစ်ပေသည်။
ကြည့်လေ သူ့အကြည့်တွေက အရမ်းကို ကြောက်ဖို့ကောင်းနေတာကို အရှင်က သူ့ကို သေချာပေါက် အပြစ်တင်တော့မှာပဲ ...
သူမကိုယ်သူမ နူးညံ့အပြစ်ကင်းစင်ကာ ကရုဏာသက်ဖွယ်ရုပ်သွင်မျိုးဖြစ်အောင် ပြင်ဆင်လိုက်သည်။
အတိတ်ကာလများက ယွင်ချင်းစီသည် ဤကဲ့သို့သော ပုံစံဖြင့် မိန်းမများမှာ လွန်စွာ ရွံရှာဖွယ်ကောင်းလှသည်ဟု ထင်ခဲ့မိသော်ငြား ယခုမူ အနည်းငယ် ချစ်စရာကောင်းလှသည်ဟုပင် ထင်မြင်မိလာတော့သည်။ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာကာ တည်ငြိမ်စွာ တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ် ...”
နောက်ကျောပေးကာ ရပ်နေသည့် လီယင်းက သူ့ဘက် ပြန်လှည့်လာကာ သူ ပြောလက်စ စကားများကို ဖြတ်ပြောလိုက်သည်။
“ဘာက ကြောက်စရာကောင်းနေတာလဲ ...”
ယွင်ချင်းစီ “?”
လီယင်း၏ အကြည့်တို့က မည်းမှောင်ကာ လေသံမှာလည်း လွန်စွာ အေးစက်နေပေသည်။
“ဧကရီအရှင်ကိုတောင် အသရေဖျက်ရဲတာ သေချာပေါက်ကို အပြစ်ပေးခံရသင့်တာပေါ့ လာကြစမ်း ...”
နဉ်ရိုက လီယင်းကို စနောက်နေသည်ဟုသာ ထင်လိုက်မိသည်။
ယွင်ချင်းစီကလည်း အလားတူပင် ထင်လိုက်မိ၏။
များမကြာမီ အစေခံတစ်ယောက် အထဲဝင်လာရာ လီယင်းက ပြောလိုက်သည်။
“သူမကို ဆွဲထုတ်သွားလိုက်ကြစမ်း ကြိမ်ဒဏ်အချက်ငါးဆယ် ပေးပြီးတော့ နန်းတော်ထဲက နှင်ထုတ်လိုက် ...”
ယွင်ချင်းစီ “?”
သူက လီယင်းကို အထူးတဆန်း ပြန်စိုက်ကြည့်လိုက်၏။ ကိုယ်လုပ်တော်နဉ်မှာလည်း ဆွဲထုတ်သွားခြင်း ခံရမှကာ လီယင်းက အတည်ပြောနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားပြီး မျက်နှာလှလှလေးတစ်ခုလုံး အရောင်အသွေးဖျော့တော့သွားတော့သည်။
“အရှင် အရှင် ဒီကိုယ်လုပ်တော်က မှားသွားမှန်း သိပါပြီ အရှင် ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ ...”
ဆွဲထုတ်သွားခံရသည်နှင့် တစ်ပြိုင်နက် သူမ၏ မော့မော့က ဒူးထောက်ကာ ကြမ်းပြင်ကို ဦးတိုက်လျက် တောင်းပန်လိုက်သည်။
“အရှင် အရှင် ကျေးဇူးပြုပြီး သက်ညှာပေးပါ ကိုယ်လုပ်တော်နဉ်မှာ ဘာ မကောင်းတဲ့ အကြံအစည်မှ မရှိပါဘူး ဘာကိုမှ လျှို့ဝှက်ကြံစည်ထားတာလည်း မရှိပါဘူး အရှင် ကျေးဇူးပြုပြီး သနားငဲ့ညှာပေးပါ အရှင် ကြင်ယာတော်ကို ခွင့်လွှတ်ပေးတော်မူပါ ...”
“သူမကိုပါ ဆွဲထုတ်သွားပြီး ကြိမ်ဒဏ်ပေးလိုက်စမ်း ...”
Chapter 24
ကိုယ်လုပ်တော်နဉ်မှာ ကြိမ်ဒဏ်ပေးသည့် တန်းလျားပေါ်တွင် ဝမ်းလျားမှောက်ခံထားရပြီးဖြစ်ကာ ခေါင်းမော့ကြည့်လိုက်သည့်အခါ အထိန်းတော်ကိုပါ တွေ့လိုက်ရသည့်အတွက် တစ်ကိုယ်လုံး အေးခဲသွားတော့သည်။ ရုန်းကန်ကာ ထထိုင်လိုက်သော်ငြား မိန်းမစိုးများက သူမကို တစ်ဖန် ဖိထားလိုက်ပြန်၏။
တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီကာ မျက်ရည်တို့ ဖြိုင်ဖြိုင်ကျဆင်းလျက် ပြောလိုက်သည်။
“အရှင် ကျေးဇူးပြုပြီး ငဲ့ညှာပေးပါ အရှင် ကျေးဇူးပြုပြီး သက်ညှာပေးတော်မူပါ ဒီကိုယ်လုပ်တော်က နောက်ထပ် အတင့်မရဲတော့ပါဘူး ဒီကြင်ယာတော်က နောက်ထပ် မလုပ်ရဲတော့ပါဘူး ...”
သူမ၏ ငိုယိုအော်ဟစ်သံများက ခန်းမအနှံ့ ပြည့်လျှံသွားရာ ယွင်ချင်းစီက နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
“ဒါက ...”
“မင်းကို အနှောင့်အယှက် ဖြစ်စေလို့လား ...”
လီယင်းက ထပ်မံ အမိန့်ပေးလိုက်ပြန်သည်။
“သူမ ပါးစပ်ကို ပိတ်ထားလိုက် ...”
“နေပါဦး ...”
ယွင်ချင်းစီက လွန်စွာ ရှားပါးလှသည့် အမူအယာတစ်ခု ချိတ်ဆွဲလျက် အောက်သို့ ဆင်းလာလိုက်သည်။ ခုံတန်းလျားပေါ်ရှိ အမျိုးသမီးမှာ ဆံပင်တို့ ရှုပ်ပွနေကာ ရွှေဆံထိုးမှာလည်း မြေပေါ်သို့ ပြုတ်ကျနေပြီး မျက်ဝန်းအိမ်တစ်ခုလုံး မျက်ရည်စတို့ဖြင့် ရွှဲရွှဲစိုနေသည်။ ထိုအမျိုးသမီးမှာ ပြီးခဲ့သည့် ဘဝတွင် သူ၏ အကြီးမားဆုံးပြိုင်ဘက် ဖြစ်ခဲ့သူဖြစ်သည်။
နဉ်ရိုက အသက်ကယ်ကြိုးတစ်မျှင် တွေ့လိုက်ရသည့်နှယ် သူ့ကို စိုက်ကြည့်လိုက်၏။
“ဧကရီအရှင် ဧကရီ ကျွန်မ မှားသွားပါတယ် နောက်ထပ် မလုပ်ရဲတော့ပါဘူး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး မရိုက်ပါနဲ့တော့ အရမ်းကို နာကျင် နာကျင်ရလို့ပါ ဧကရီအရှင် ကျွန်တော်မျိုးမ မှားသွားပါတယ် ...”
ပြီးခဲ့သည့်ဘဝက နဉ်ရိုသည် အမတ်ချုပ်အိမ်တော်နှင့် သူမဖခင်အိမ်တော်၏ အထောက်အပံ့များသာမက အရဲစွန့်ရဲသည့် သတ္တိများလည်း ရှိခဲ့သည့်အတွက် တော်ဝင်ကြင်ယာတော်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ ယွင်ချင်းစီကို ကြောက်လန့်သည့်တိုင် သူ့ကို ဆက်လက် ရန်စခဲ့၏။ လီယင်းကလည်း အနောက်ဆောင်တစ်ခုလုံး ယွင်ချင်းစီတစ်ယောက်တည်း လွှမ်းမိုးခြယ်လှယ်မည်ကို စိုးရိမ်စိတ်ကြောင့် သူနှင့် ယှဉ်ပြိုင်နိုင်မည့်သူတစ်ဦးကို ရွေးချယ်ရန် ကြိုးပမ်းလာကာ အခြားကိုယ်လုပ်တော်များက ယွင်ချင်းစီကို ရန်မစရဲသည့်အတွက် နဉ်ရိုကိုသာလျှင် မှီခိုအားထားခဲ့ရတော့သည်။
(ရှေ့အပိုင်းတွေမှာ E tran က နဉ်ရိုကို လက်ရှိဘဝမှာ ကြင်ယာတော်လို့ ရေးခဲ့ပေမယ့် တကယ်တမ်းတော့ ကိုယ်လုပ်တော်အဆင့်ပဲ ရှိပါသေးတယ်တဲ့ ရှေ့မှာ သူ သုံးခဲ့တဲ့အတိုင်း ကြင်ယာတော်လို့ သုံးခဲ့ပေမယ့် ဒီအပိုင်းကနေစပြီး ကိုယ်လုပ်တော်လို့ပဲ သုံးပါ့မယ်နော်)
နဉ်ရိုမှာ လီယင်း၏ ဓားတစ်ချောင်းမျှသာ ဖြစ်သော်ငြား ထိုဓားကို ကောင်းစွာ အသုံးပြုကာ ယွင်ချင်းစီ၏ နှလုံးသားအား အချိန်ကိုက် ထိုးသွင်းနိုင်ခဲ့သည်ဆိုသည့် အချက်ကိုမူ မငြင်းဆန်နိုင်ချေ။
ယခုမူ ယွင်ချင်းစီက စိုးစဉ်းမျှ ဂရုမစိုက်တော့သည့်အတွက် ထိုဓါးကို တစ်စစီဖြုတ်ကာ လွှင့်ပစ်တော့ပေမည်။
ဤကဲ့သို့ လွှင့်ပစ်လိုက်ရသည်မှာ အနည်းငယ်တော့ နှမြောစရာပင်။
“ကောင်းပြီ ...”
ယွင်ချင်းစီက ပြောလိုက်သည်။
“တော်လောက်ပြီ ...”
အပြစ်ပေးရန် တာဝန်ကျသည့် မိန်းမစိုးများက တုန့်ခနဲ ရပ်ကာ ဧကရာဇ်အား လှမ်းကြည့်လိုက်ကြသည်။
အပေါ်ဝတ်ရုံကြိုးကို ကောင်းစွာ မချည်နှောင်ထားသည့်အတွက် ပုခုံးပေါ်သို့ ကပိုကရို လျောကျနေရာ ယွင်ချင်းစီ၏ ပုံစံမှာ နူးညံ့သည့်တိုင် ပျင်းရိလေးတွဲ့နေဟန်မျိုး ဖြစ်နေပေသည်။ ငွေရောင်ဘရိုကိတ်ဖိနပ်ဖြင့် နှင်းလွှာထုပေါ် လျှောက်လှမ်းလာသည့်အတွက် အသံတကျွီကျွီ မြည်ဟီးလာတော့သည်။
နဉ်ရိုမှာ အပြစ်ပေးတန်းလျားပေါ်တွင် လှဲနေရဆဲဖြစ်ကာ မျက်ရည်များကြောင့် မျက်နှာတစ်ခုလုံး ရွှဲရွှဲစိုနေ၏။ နှာတရှုံ့ရှုံ့ဖြင့် ယွင်ချင်းစီကို မော့ကြည့်လာသည့် အကြည့်တို့တွင် ကြောက်လန့်သည့် အရိပ်အယောင်တို့ စွန်းထင်းနေပေသည်။
“ဧကရီအရှင် ကျွန်မ မှားသွားပါတယ် နောက် မလုပ်ရဲတော့ပါဘူး ...”
ငွေရောင်ဖိနပ်တစ်စုံ သူမရှေ့သို့ ရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက် တန်းလျားကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်၏။
“မှားသွားပါတယ် ကျွန်မ မှားသွားပါတယ် ဧကရီအရှင် ကျေးဇူးပြုပြီး ဒီကျွန်တော်မျိုးမကို မသတ်လိုက်ပါနဲ့ ...”
သူမ၏ နူးညံ့ကာ တုနှိုင်းမဲ့စွာ လှပသည့် မျက်နှာတစ်ခုလုံး မျက်ရည်တို့ဖြင့် ရွှဲရွှဲစိုသွားတော့၏။ ယွင်ချင်းစီက လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ကာ သူမကို ကမ်းပေးလိုက်သည်။
“မိတ်ကပ်တွေ ပျက်ကုန်ပြီ ...”
နဉ်ရိုလည်း ကြောင်အသွားတော့၏။
ယွင်ချင်းစီ၏ နူးညံ့ညင်သာမှုတို့မှာ အမြဲလိုလို ဧကရာဇ်တစ်ဦးတည်းအတွက်သာ ဖြစ်ခဲ့ရာ အချို့က သူ့ကို ကောင်းကင်ဘုံသားတော်အတွက် နတ်ဘုရားများက ပေးအပ်လိုက်သည့် ရှားပါးရတနာဟုပင် တင်စားကြသည်။ သူ၏ ရုပ်ဆင်းသွင်ပြင်မှာ မင်သက်အံ့ဩဖွယ်ကောင်းလောက်အောင် တင့်တယ်လှသည့်တိုင် သူ့အပြုံးကို မြင်တွေ့နိုင်ရန်မှာ သာမန်သူတို့အဖို့ မဖြစ်လာနိုင်သည့် အိပ်မက်တစ်ခုပင်။
ဒါက ယွင်ချင်းစီရော ဟုတ်ရဲ့လား ...
ဘာလို့ သူမအပေါ် အရမ်းကြီး ကောင်းပေးနေရတာလဲ ...
နဉ်ရိုက အတော်ကြာ တုန့်ဆိုင်းနေပြီးကာမှ တုန်ရီသော လက်အစုံဖြင့် လက်ကိုင်ပုဝါကို လှမ်းကာယူလိုက်သည်။
သူမ ထိုင်နေသည့် ခုံတန်းလျားမှာ ပြင်းထန်စွာ ကန်ကျောက်ခံလိုက်ရသည့်အတွက် ရုတ်ချည်းဆိုသလို နှင်းလွှာထုပေါ် ပြုတ်ကျကာ ကြောက်လန့်တကြား အော်ဟစ်လိုက်မိတော့သည်။
လီယင်းက ယွင်ချင်းစီ၏ လက်နှင့် လက်ကိုင်ပုဝါကို သူ့လက်ဖဝါးကြီးဖြင့် အတူတူ ကိုင်ထားကာ သူမကို ကြည့်လျက် အေးစက်စွာ ပြောလိုက်သည်။
“ဘာလို့ သူ့ကို ကျေးဇူးမတင်တာလဲ ...”
အထိန်းတော်ဖြစ်သူက အနားသို့ အလျင်အမြန် ရောက်လာကာ နဉ်ရိုကို ကူတွဲပေးလိုက်သည်။ သူမက ခေါင်းငုံ့ကာ ဒူးထောက်ချလျက် ပြောလိုက်သည်။
“ကြင်နာပေးတဲ့အတွက် ဧကရီ့ကို ကျေးဇူးတင်ပါတယ် ...”
“သွားတော့ ...”
နဉ်ရိုမှာ အနည်းငယ် မရေမရာ ဖြစ်သွားသည့်ဟန်။
သွား ဘယ်ကို သွားရမှာလဲ ... “လပြည့်ည” အဆောင်တော်ကို ပြန်သွားရမှာလား ဒါမှမဟုတ် နန်းပြင်ကိုလား ...
သူမကို နန်းတော်ထဲမှ ထွက်သွားရန် ပြောသည့် လီယင်း၏ စကားများကို မှတ်မိနေဆဲဖြစ်သည်။
ယွင်ချင်းစီက ပြောလိုက်သည်။
“ကိုယ်လုပ်တော်နဉ် နန်းဆောင် ပြန်ကြွတော့မှာကို ဘာလို့ လာပြီး မကူညီကြတာလဲ ...”
ဒါဆို သူမက နန်းတော်ထဲမှာ ဆက်နေလို့ ရတယ်လို့ ဆိုလိုချင်တာလား ...
ကိုယ်လုပ်တော်နဉ် ထွက်သွားပြီးကာမှ ယွင်ချင်းစီက လီယင်းကို စိုက်ကြည့်လိုက်သည်။ တစ်ဖက်သူကလည်း သူ့ကို တစ်ခဏမျှ ကြည့်နေပြီးကာမှ မျက်လွှာချလိုက်၏။
ယွင်ချင်းစီက ကိုယ်ကိုကိုင်းကာ ကိုယ်လုပ်တော်နဉ် ပြုတ်ကျခဲ့သော ရွှေဆံထိုးကို ကောက်ယူပြီး ပြောလိုက်သည်။
“ဒီဆံထိုးက တော်တော်လေးကို လှတာပဲ ဒီည အရှင် ဒီဆံထိုးကို သူမဆီ ယူသွားပေးမယ် မဟုတ်လား ...”
လီယင်းက နှုတ်ခမ်းတို့ကို တင်းတင်းစေ့ကာ ပြောလိုက်သည်။
“စောစောက ကိုယ် သူမကို နန်းတော်ကနေ နှင်ထုတ်ချင်တယ်ဆိုတာ တကယ်ပြောနေတာ ...”
“ဘာလို့လဲ ...”
“သူမက မင်းနဲ့ကိုယ့်ရှေ့မှာကို လိမ်ညာရဲတယ်လေ ဒါမျိုးက ကြီးလေးတဲ့ အပြစ်ဒဏ် ခံစားသင့်တယ် ..."
ပိုပိုပြီးကို ထူးဆန်းလာပြီ ...
ယွင်ချင်းစီက မေးကို မသိမသာ ပင့်မော့ကာ ကြည့်လိုက်၏။ သူ့အကြည့်တို့မှာလည်း စိတ်ဝင်စားသည့် အရိပ်အယောင်တို့ အနည်းငယ် ရောစွက်နေသည်။
“ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဒီလိုကိစ္စတွေ တစ်ခေါက်ထပ်မက အများကြီး ဖြစ်ခဲ့တာပဲဟာ ဘာလို့ အရှင်က အခုမှ ကောက်ကာငင်ကာ အပြစ်ပေးချင်ရတာလဲ ...”
“ကိုယ် ...”
ယွင်ချင်းစီက သူ့စကားများကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်၏။
လီယင်းက “ကိုယ်” ဟူသည့် စကားမှအပ တစ်ခွန်းမှ ဆက်ပြောနိုင်မည် မဟုတ်ကြောင်း သိနေပြီးဖြစ်သည်။ လီယင်းသည်လည်း မယ်တော်ကြီးကျန်းကဲ့သို့ပင် မမျှတ၊ အကျိုးအကြောင်း မဆီလျော်သည့် သူ(ယွင်ချင်းစီ)ကို အမတ်ချုပ်အိမ်တော်ကို ချုပ်ကိုင်နိုင်မည့် လက်နက်တစ်ခုအဖြစ်သာ သဘောထားကြောင်း သိနေပြီးဖြစ်သည်။
သူက ဤသို့ တွေးလိုက်၏။
ငါ့ရဲ့ ကိုယ်ကျိုးအတွက် မင်း အရင်လိုမျိုး ငါ့ကို ရူးသွပ်စွဲလမ်းနေတာမျိုးပဲ လိုချင်တယ်လို့လည်း လက်လွတ်စပယ် ပြောရဲမှာ မဟုတ်ဘူးလေ ...
လီယင်းမှာ အမှန်တကယ်လည်း “ကိုယ်” ဟူသည့် စကားမှအပ ဆက်၍ မပြောနိုင်တော့။
“ခန်းမဆောင်ထဲ ညစာစားရင်းနဲ့ စကားပြောကြရအောင်လေ ...”
တစ်ခဏမျှ ရပ်တန့်ပြီးကာမှ သူက ဆက်မေးလိုက်သည်။
“အဆင်ပြေလား ...”
“စားနေတဲ့အချိန်နဲ့ အိပ်တဲ့အချိန်မှာ စကားမပြောရဘူး ...”
ယွင်ချင်းစီက သူ့ကို သတိပေးလိုက်သည်။
“ပြီးခဲ့တဲ့အခေါက် အရှင်နဲ့အတူ စားသောက်ရင်း စကားစမြည် ပြောချင်တုန်းက အရှင် သတိပေးခဲ့တာလေ ...”
လီယင်း၏ မျက်တောင်တို့ တဖျတ်ဖျတ်ခတ်ကာ တစ်ခဏမျှ အသံတိတ်သွားပြီးကာမှ ဆက်ပြောလိုက်သည်။
“အရင်က ကိုယ် မှားသွားခဲ့ပါတယ် ...”
“အရင်က အရှင် မှန်ပါတယ် ...”
ယွင်ချင်းစီက ယခင်ဘဝက ဖြစ်ခဲ့သည်များကို ပြန်တွေးကာ ပြောလိုက်သည်။
“ကျွန်တော် အရမ်းကို အကြာကြီး အရူးထခဲ့မိတာဆိုတော့ အရှင်လည်း ပင်ပန်းနေလောက်ရောပေါ့ ဒါ ဖြစ်သင့်ပါတယ် ...”
လီယင်းက သူ့ကို လှမ်းကြည့်လိုက်သည်။
“ဒါပေမယ့် အရှင် ...”
ယွင်ချင်းစီက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“အရှင် ဘာတွေပဲ တွေးတွေး ဘာတွေပဲ လုပ်လုပ် ...ကျွန်တော်ကတော့ အရှင့်အပေါ် နောက်တစ်ကြိမ် အရူးအမူး ဖြစ်တော့မှာ မဟုတ်ပါဘူး ...”
အေးစက်သည့် လေရူးတစ်သုတ် တိုက်ခတ်လာကာ မြေပြင်ရှိ နှင်းမှုန်တို့ကို လွင့်မြူးကခုန်စေတော့သည်။
ယွင်ချင်းစီက အဆုံးမရှိသော ဝန်ထုပ်ကြီးကို လွှတ်ချနိုင်လိုက်သည့်နှယ် နူးညံ့ညင်သာစွာ ပြုံးရင်း အမှုမထားစွာ လှည့်ထွက်သွားလိုက်သည်။
ထိုစဉ် နက်ရှိုင်းအက်ရှသည့် အသံတစ်ခုကို ကြားလိုက်ရသည်။
“ဒါဆို ကိုယ့်ကို ပြောင်းလဲလိုက် ..."
“ကိုယ့်ကို မင်းအတွက် အရူးတစ်ယောက်လို ဖြစ်သွားတဲ့အထိ ပြောင်းလဲလိုက် ...”
ယွင်ချင်းစီက တုန့်ခနဲ ရပ်လိုက်သော်ငြား နောက်ပြန်လှည့်ကြည့်မလာပေ။
.....
ထိုက်ချီနန်းဆောင် ...
ထိုသတင်းကို ကြားလိုက်ရသည့်အခါ မယ်တော်ကြီးလည်း လွန်စွာ အံ့အားသင့်သွားရတော့သည်။
“အရှင်က ကိုယ်လုပ်တော်နဉ်ကို ကြိမ်ဒဏ်ပေးခဲ့တယ်လို့ ပြောချင်တာလား ...”
“ကျွန်တော်မျိုးမ ကြားမိတာတော့ ကိုယ်လုပ်တော်က ဧကရီနဲ့ ထိပ်တိုက် အငြင်းအခုန် ဖြစ်ခဲ့ပါတယ်တဲ့ ...”
ချင်ယန်က ဂရုတစိုက် ပြန်ဖြေလိုက်သည်။
“အရှင်က သူမကို ကြိမ်ဒဏ်အချက်ငါးဆယ် ပေးပြီး နန်းတွင်းကနေပါ နှင်ထုတ်လိုက်ပါတယ် ...”
မယ်တော်ကြီးကျန်း၏ မျက်နှာတစ်ခုလုံး မည်းမှောင်ကာ စိတ်အလိုမကျမှုတို့ အတိုင်းသား ပေါ်ထွက်လာတော့သည်။
“နူးနူးညံ့ညံ့ မိန်းကလေးကို ကြိမ်ဒဏ်အချက်ငါးဆယ် ပေးတယ် အသက်ရှင်ရင်တောင် သက်တမ်းကတော့ တစ်ဝက်လောက်ပဲ ကျန်တော့မှာ သေချာတယ် သူမက တကယ်ကြီး အရိုက်ခံလိုက်ရတာလား ...”
“ဧကရီအရှင်က ဝင်တားလိုက်ပါတယ် ပြီးတော့ ကိုယ်လုပ်တော်နဉ်ကလည်း ဧကရီရဲ့ အမိန့်အတိုင်း “လပြည့်ည” အဆောင်တော်ကို ပြန်ပြီး ဒဏ်ရာတွေ သက်သာလာအောင် ဆေးကုသမှု ခံယူနေပါတယ် ...”
“ဒီ ယွင်ချင်းစီကတော့ ...”
မယ်တော်ကြီးကျန်းမှာ စိတ်ရှုပ်ထွေးသွားသည့်ဟန်။
“ ပြီးတော့ အရှင်ကရော ဘာလို့ ညတွင်းချင်း စိတ်ပြောင်းသွားရတာလဲ ...”
ချင်ယန်ကလည်း အနည်းငယ် တုန့်ဆိုင်းနေပြီးကာမှ ပြန်ဖြေလိုက်သည်။
“ဧကရီကလည်း နန်းတော်အပြင်ကို နှင်ထုတ်ခံထားရတော့ အရှက်ရသွားတယ်နဲ့ တူပါတယ် ရိုးသားပါတယ်ဆိုတဲ့သူတောင် အမျက်ထွက်တတ်သေးတာလေ ဧကရီလို သခင်မယွင်ရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာတဲ့သူဆို ပြောကို မနေပါနဲ့တော့ ...”
“ချင်ဖေးလောကလည်း အတော်လေးကို ခေါင်းမာတာ ...”
မယ်တော်ကြီးကျန်းက အဓိပ္ပါယ်ဖော်ရခက်စွာ ပြုံးရင်း ပြောလိုက်သည်။
“ဒီလို ခေါင်းမာလို့သာ မဟုတ်ရင် စောစောစီးစီး သေပါ့မလား ...”
အသက်အရွယ် ရလာသည့်နှင့်အမျှ အတိတ်ကို ပြန်ပြောင်းအောက်မေ့တတ်လာကာ တစ်ယောက်တည်း စကားပြောတတ်လေ့ရှိကြောင်း သူမအနားတွင် ခစားနေသူတိုင်း သိရှိကြပြီးဖြစ်သည်။
ချင်ယန်က ပြန်မဖြေဘဲ သူမကို ကူတွဲပေးလိုက်သည်။ မယ်တော်ကြီးက နောက်တစ်ကြိမ် ပြောလိုက်ပြန်၏။
“မင်းရဲ့ အမြင်မှာရော အရှင်က ဘာလို့ ပြောင်းလဲသွားတယ်လို့ ထင်လဲ ...”
“ဘာလို့ဆို ဧကရီက သူ့ကိုယ်သူ ထိခိုက်အောင် လုပ်တဲ့အထိကို ရူးသွပ်နေတယ်ဆိုတာကို သိနေလို့ ထင်တယ် ပြီးတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားမိတော့ သူ့နှလုံးသားက နူးညံ့ပျော့ပျောင်းလာလို့များလား ...”
ချင်ယန်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ဒီအစေခံက ကောင်းကောင်းကြီး မှတ်မိနေပါသေးတယ် ဟိုးအရင်တုန်းက အရှင်က ဧကရီကို စတင် ချစ်ကြိုက်ခဲ့တာလေ အဲဒီ့အချိန်တုန်းကဆို ...”
မယ်တော်ကြီးက သူမကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည့်အတွက် ချက်ခြင်း အသံတိတ်သွားရတော့သည်။
မယ်တော်ကြီးက ခြံဝင်းထဲရှိ နှင်းလွှာထုကိုသာ ဗလာသပ်သပ် စိုက်ကြည့်နေ၏။ စိတ်ဓာတ်ကျနေသည့် အငွေ့အသက်တို့က သူမအနီးတွင် လွှမ်းခြုံထားသည်။ ချင်ယန်က ခေါင်းငုံ့ထားလျက် သူမဘေးတွင် အသံတိတ် ရပ်နေလိုက်သည်။
တစ်ခဏအကြာမှ မယ်တော်ကြီးက နူးညံ့စွာ ပြောလိုက်သည်။
“အိုက်ကျားက သူ့ကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တယ် မဟုတ်လား ...”
ချင်ယန်ထံမှ စကားသံတစ်သံမှ ထွက်မလာ။ မယ်တော်ကြီးက သူမကို စိုက်ကြည့်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။
“သူ ငယ်ငယ်က သဘောကျခဲ့ရတဲ့သူက အခု သူ့ကို အရမ်းချစ်နေတာ ဘယ်လိုဖြစ်လို့ မပျော်ရွှင်ဘဲ နေမှာလဲ ...”
ချင်ယန်က ပြုံးကာ ပြောလိုက်သည်။
“မယ်တော်ကြီးပြောတာ မှန်ပါတယ် ...”
“အဆင်သင့် ပြင်ထားလိုက် အိုက်ကျားက ကိုယ်လုပ်တော်နဉ်ကို သွားတွေ့မယ် ...”
သူမ “လပြည့်ည” အဆောင်တော်သို့ ရောက်ရှိချိန်တွင် ကိုယ်လုပ်တော်နဉ်သည် ဆေးကုသမှု ခံယူပြီး၍ ညောင်စောင်းပေါ်တွင် မှေးစက်နှင့်နေပြီဖြစ်သည်။
လှုပ်ရှားသံများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း မတ်တပ်ထရပ်လိုက်သော်ငြား မယ်တော်ကြီးက ရှေ့တစ်လှမ်းတိုးကာ လက်ကိုဆန့်ပြီး သူမနောက်ကျောကို ဖိလျက် သက်ပြင်းချပြီး ပြောလိုက်သည်။
“ကလေးရယ် ဘာလို့များ အရှင့်ကို အာခံခဲ့ရတာလဲကွယ် ..."
ထိုစကား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် နဉ်ရို၏ မျက်ရည်တို့ တရဟော စီးကျလာတော့သည်။
“အားလုံးက ကျွန်တော်မျိုးမရဲ့ အမှားတွေပါ ဧကရီအရှင်က အရမ်းကို ကြောက်စရာကောင်းတယ်လို့ ပြောခဲ့မိလို့ ...”
“ဒါပဲလား ...”
“ဟုတ်ကဲ့ ...”
နဉ်ရိုက နှာတရှုံ့ရှုံ့ဖြင့် ပြောလိုက်သည်။
“သူ့ မျက်စိရှေ့မှာ ဒီလို မပြောခဲ့သင့်ဘူး ..."
“မိုက်မဲလိုက်တာ ...”
မယ်တော်ကြီးက ခေါင်းကိုယမ်းကာ ပြုံးလိုက်သည်။
“သူ့အကြောင်းကို မေ့သွားခဲ့တာလား သူက ဧကရီအရှင် မင်းက သာမန်ကိုယ်လုပ်တော်လေးပဲ ရှိသေးတာလေ ဘယ်လိုဖြစ်ပြီးတော့ ဒီလို ပြစ်မှုမျိုး ကျူးလွန်ခဲ့ရတာလဲ ...”
“ကျွန်မ ...”
နဉ်ရိုက မကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေကာ သုန်မှုန်စွာ ပြောလိုက်သည်။ .
“အရှင်က သူ့ကို ချစ်တာဆိုတော့ သူ ဘာပြောပြော မှန်တယ်ပဲ ထင်နေမှာလေ ...”
“နာသွားလား ...”
မယ်တော်ကြီးက ပြောလိုက်သည်။
“မယ်တော်က အရှင့်အကြောင်းကို မင်းထက်ပိုပြီးကို သိတာပေါ့ကွယ် မင်းမလုပ်သင့်တဲ့ နည်းလမ်းအချို့လည်း မယ်တော့်ဆီမှာ ရှိတာပေါ့ ...”
နဉ်ရိုမှာလည်း ရူးမိုက်လှသူ မဟုတ်ရာ မယ်တော်ကြီး၏ စကားများထဲမှ နက်ရှိုင်းလှသည့် အဓိပ္ပါယ်ကို သဘောပေါက်လိုက်သည်နှင့် တစ်ပြိုင်နက် မရဲတရဲ မေးလိုက်သည်။
“မယ်တော် ဆိုလိုချင်တာက ...”
မယ်တော်ကြီးက သူမ၏ ရှည်လျားလှသည့် ဆံနွယ်တို့ကို ထိုးဖွပေးရင်း နူးညံ့စွာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူက ထီးမွေနန်းလျာကို မွေးပေးနိုင်မှာမှ မဟုတ်တာ ဒီနန်းတော်ထဲမှာ မိခင်တွေ၊ သားတွေကမှ တန်ဖိုးအကြီးဆုံးလေ ...”
နဉ်ရိုက လီယင်းအကြောင်းတွေးကာ တံတွေးမျိုချလိုက်မိတော့၏။ တစ်ဖန် ယွင်ချင်းစီအကြောင်း တွေးမိကာ တံတွေးမျိုချလိုက်ပြန်ပြီး အားနည်းဖျော့တော့စွာဖြင့် ပြောလိုက်သည်။
“ကျွန်တော်မျိုးမ မလုပ်ဝံ့ပါဘူး ...”
“မလုပ်ရဲဘူးလား ...”
မယ်တော်ကြီးက မေးလိုက်သည်။
“ဒါဆို မင်းက ဒီနန်းတော်ထဲကို ဘာလာလုပ်တာလဲ ...”
နဉ်ရို၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။
ဟုတ်သားပဲ မလုပ်ရဲဘဲနဲ့ နန်းတော်ထဲ ဘာလာလုပ်တာလဲ ဒီလိုဆို သခင်ငယ်လေးတစ်ယောက် ရှာပြီး ဇနီးကောင်းတစ်ယောက် လုပ်နေလိုက်တာကမှ ပိုမကောင်းဘူးလား ...
လက်ချောင်းတို့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ မယ်တော်ကြီးက သူမ၏ ပုခုံးကို ပုတ်ပေးကာ ပြောလိုက်ပြန်၏။
“သူက ဧကရီအတွက်နဲ့ မင်းကို ကြိမ်ဒဏ်ပေးခဲ့တယ် ဒါက သင်ခန်းစာ ယူစရာ ဆိုပေမယ့် အရမ်းကို ရက်စက်လွန်းတယ် မင်းကလည်း မြင့်မြတ်တဲ့ မိသားစုက မိန်းကလေးတစ်ဦးပဲလေ ...”
ဟုတ်တယ် သူမက မြင့်မြတ်တဲ့ မိသားစုက သမီးတစ်ယောက် ဒီနေ့ လူရှေ့သူရှေ့မှာ အပြစ်ပေးခံရတော့ မိတ်ကပ်တွေ ပျက်တဲ့အထိ ငိုခဲ့မိတာ အရမ်းကို ရှက်စရာ ကောင်းတာပဲ ...
“ဧကရီက မင်းအတွက် ခွင့်လွှတ်မှု တောင်းခံပေးခဲ့တယ်ဆို ...”