Chapter 25
“ဧကရီက မင်းအတွက် ခွင့်လွှတ်မှု တောင်းခံပေးခဲ့တယ်ဆို ...”
ဒီအရူးကောင်က သူမကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပေးခဲ့တယ်တဲ့လား ...
နဉ်ရိုက နှုတ်ခမ်းနှစ်လွှာကို တင်းတင်းကြပ်ကြပ် ဖိကိုက်ထားလိုက်၏။ ငွေရောင်ပုလဲမျက်ရည်တို့က မျက်ဝန်းအိမ်အနှံ့ လျှံထွက်လာတော့သည်။
“နန်းတော်ကို ရောက်လာတဲ့ အသစ်လေးတွေထဲမှာ အိုက်ကျားက မင်းကို သဘောအကျဆုံးပဲ မင်းက လှလည်းလှတယ် စိတ်ထားလေးလည်း ကောင်းတယ် တကယ်လို့ မင်းသာ အရှင့်ရဲ့ ရင်သွေးကို လွယ်နိုင်ခဲ့မယ်ဆိုရင် မင်းတင်မကဘူး မင်းမိသားစုရဲ့ အနာဂတ်ကပါ အလားအလာ ကောင်းလာမှာ ပြီးတော့ မင်းရဲ့ မိခင်ကလည်း ဇနီးကောင်းတစ်ယောက်အနေနဲ့ ခံစားခွင့်ရှိတာတွေ အကုန်လုံးကို ခံစားနိုင်တော့မှာလေ ...”
နဉ်ရို၏ မိခင်သည် တရားဝင်ဇနီး ဖြစ်သည့်တိုင် သားမမွေးနိုင်သည့်အတွက် ခင်ပွန်းဖြစ်သူ၏ မြတ်နိုးတန်ဖိုးထားခြင်းကို မခံစားရ။ သို့သော် ကိုယ်လုပ်တော်ဖွား သားတစ်ဦးဖြစ်သည့် နဉ်ယီမှာမူ တရားဝင်သားတစ်ဦးသာ ခံစားခွင့်ရှိသည့် ရပိုင်ခွင့်များကို တပျော်တပါး ခံစားရသည့်အပြင် ဖခင်၏ ကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်ပေးခြင်းကိုပါ ခံလိုက်ရသေးသည်။
မယ်တော်ကြီး ပြန်သွားပြီးနောက် နဉ်ရိုသည် ခါးသီးလှသော ဆေးခွက်ကို တစ်လုပ်တည်းအပြီး မော့ချလိုက်သည်။ သူမ၏ အကြည့်တို့မှာလည်း တစ်ဖြည်းဖြည်း တင်းမာခက်ထန်လာတော့၏။
ဝေါယာဉ်ဘေးမှ ကပ်လိုက်လာကာ အတွင်းသို့ လှမ်းကြည့်နေသည့် ချင်ယန်ကို မယ်တော်ကြီးက မေးလိုက်သည်။
“ဘာပြောချင်လို့လဲ ...”
“ဒီအစေခံက မယ်တော်ကြီးရဲ့ ရည်ရွယ်ချက်ကို နားမလည်လို့ပါ ...”
မယ်တော်ကြီးက သူမ၏ အမေးစကားကို ပြန်မဖြေ။
ယွင်ချင်းစီက နောက်ထပ် လုံးဝ ဂရုမစိုက်ဘဲ အရာအားလုံးကို လွှတ်ချလိုက်လိမ့်မည်ဟု သူမအနေဖြင့် လုံးဝ မယုံကြည်နိုင်။ အကယ်၍ ယွင်ချင်းစီသာ အရူးမထတော့ပါလျှင် လီယင်းကလည်း သူ့အပေါ် ရက်စက်တော့မည် မဟုတ်၊ သို့ပါလျှင် ယွင်မိသားစုကို လုံးဝ တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။
.........
တန်ဖိုးထားကာ အမြတ်တနိုး ထိန်းသိမ်းရမည့် ပစ္စည်းတို့မည်သည် တန်ဖိုးကို အကဲဖြတ်ပြီးမှသာ အများရှေ့ ချပြရမည်ဖြစ်သည်။ ယွင်ချင်းစီအနေဖြင့် သူကိုယ်တိုင် ပြုလုပ်ထားသည့် ကြွေထည်ကို အမတ်ချုပ်အိမ်တော်သို့ တိုက်ရိုက် ပို့ဆောင်လိုက်၍ ရသော်ငြား တန်ဖိုးကို မသိရပါလျှင် လက်ဆောင်ပေးခြင်းဟူသည့် အနှစ်သာရ ပျောက်ကွယ်ပေးလိမ့်မည်။ ထိုသို့ တွေးပြီးသည့်နောက် သူ့ကြွေထည်ကို ပါကျန်းကျွီသို့ ပို့ဆောင်ရန် အမိန့်ပေးလိုက်သည်။
သူက ညွှန်ကြားလိုက်၏။
“လူတွေကိုပါ ဖိတ်ပြီးတော့ ပြသလိုက် ရောင်းဖို့ မဟုတ်ဘူး...”
ဤလောကတွင် လူတိုင်း ပါကျန်းကျွီ၏ ဂုဏ်သတင်းကို သိရှိထားပြီးဖြစ်ရာ ဖိတ်ကြားလွှာကို လက်ခံရရှိပြီးသည်နှင့် တစ်ပြိုင်နက် အမတ်ချုပ်ယွင်၏ ဘက်တော်သားအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့သည်။
မနက်ခင်း ညီလာခံ ပြီးစီးသည်နှင့် တစ်ပြိုင်နက် မြောက်များစွာသော မှူးမတ်များ ပါကျန်းကျွီသို့ အသီးသီး ထွက်လာလိုက်ကြတော့သည်။
နည်းပညာပိုင်းဆိုင်ရာ အတားအဆီးများကြောင့် မျက်မှောက်ခေတ် ကြွေထည်အများစုမှာ လွန်စွာ အကြမ်းဆန်ကာ အရောင်အသွေးမှာလည်း ပြတ်သားကြည်လင်ခြင်း မရှိ။ အမတ်ချုပ်ယွင်နှင့် စစ်သူကြီးချုပ်ချိုးတို့ အပြိုင်အဆိုင် လုခဲ့ရပါသည့် ကြွေထည်သည်ပင်လျှင် တုနှိုင်း၍ မမှီနိုင်သည့် ရတနာအဆင့်သို့ ရောက်ရှိနှင့်နေပြီဖြစ်ရာ ယခု ပါကျန်းကျွီကပင် ရှုစားရန် အထူးတလည် ဖိတ်ကြားရပါသည့် ကြွေထည်မှာ သာမန်အဆင့်တော့ မဟုတ်နိုင်ချေ။
စစ်သူကြီးချုပ်သည် ဤတစ်ကြိမ်တွင်တော့ သေချာပေါက် အရယူနိုင်ရမည်ဟု စိတ်ဆုံးဖြတ်ထားပြီး ဖြစ်ရာ အမတ်ချုပ်ယွင်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်မှောင်ကြုတ်မိလိုက်တော့၏။ သူတို့နှစ်ဦးသည် သက်တမ်းတစ်ဝက်ခန့် တိုက်ခိုက်ခဲ့ကြပြီး ဖြစ်သည့်တိုင် မည်သူကမှ အရှုံးမပေးသေး။
ယခုလည်း နှစ်ဦးသား ဝင်ပေါက်တွင် ဆုံမိကြရာ တစ်ယောက်နှင့်တစ်ယောက် ပုခုံးချင်း တွန်းတိုက်လျက် ဝင်လာလိုက်ကြ၏။ မထင်မှတ်ထားစွာပင် သူတို့နှစ်ဦး၏ ထိုင်ခုံများမှာ ဘေးချင်းကပ်လျက် ဖြစ်နေရာ အမတ်ချုပ်ယွင်က မျက်မှောင်ကြုတ်လျက် အေးစက်တင်းမာနေသော မျက်နှာထားဖြင့် ဝင်ထိုင်လိုက်သည်။
စစ်သူကြီးချုပ်ချိုးက မကျေမနပ် ရေရွတ်လိုက်သည်။
“ကံဆိုးလိုက်တာ ...”
အမတ်ချုပ်ယွင်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ အင်္ကျီလက်ကို ခါယမ်းပြီး အတွင်းဝန်ဟန် ရှိရာဘက်သို့ လှည့်နေလိုက်သည်။
ထိုသည်ကို မြင်လိုက်သည့် စစ်သူကြီးချုပ်ချိုးကလည်း အလားတူပင် အတွင်းဝန်နဉ် ရှိရာဘက်သို့ လှည့်နေလိုက်၏။
လက်ဖက်ရည်ခွက်များ လာချပေးပြီး မကြာမီ ဆိုင်တာဝန်ခံက ဖန်သေတ္တာတစ်ခုကို အနီရောင် အဝတ်စဖြင့် ဖုံးအုပ်လျက် ပဟေဠိဖြစ်ဖွယ် ကောင်းစွာ သယ်ဆောင်လာလိုက်သည်။
ဆူညံနေသော အခန်းတစ်ခုလုံး ရုတ်ချည်း ငြိမ်ကျသွားကာ စစ်သူကြီးချုပ်က ပြောလိုက်သည်။
“ဘယ်အချိန် စမှာလဲ ...”
“စစ်သူကြီးချုပ်ရေ စိတ်အေးအေးထားပါ လူကြီးမင်းလျန့် ရောက်လာတာနဲ့ ချက်ခြင်း စတင်မှာပါ ...”
အမတ်ချုပ်ယွင်က ပြောလိုက်သည်။
“လူကြီးမင်း လျန့်ချိုးရုန်ကို ပြောချင်တာလား ...”
“ဟုတ်ပါတယ် ...”
အမတ်ချုပ်ယွင်က ခေါင်းတဆတ်ဆတ်ငြိမ့်ကာ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း “ဒီတစ်ခေါက်လာရတာ တန်သွားပြီ” ဟု တိတ်တခိုး တွေးလိုက်မိတော့သည်။ ဤလောကတွင် လျန့်ချိုးရုန်သည် ထူးကဲအမြင်စွမ်းရည်ပိုင်ရှင်ဖြစ်ကာ အကောင်းဆုံးကြွေထည်ကို မြင်တတ်သူအဖြစ် ထင်ရှားလှပေသည်။
လျန့်ချိုးရုန် လာမည်ကို စောင့်နေစဉ် မြင်းခွာသံများ ကြားလိုက်ရသည့်အတွက် အားလုံး တံခါးဝသို့ တစ်ညီတစ်ညာတည်း လှည့်ကြည့်မိလိုက်ကြတော့သည်။
ဓားကိုင်ဆောင်ထားသည့် တပ်ကြပ်များက ပါကျန်းကျွီအဆောက်အဉီးတစ်ခုလုံးကို ဝိုင်းရံထားလိုက်ကြတော့သည်။ အမတ်ချုပ်နှင့် စစ်သူကြီးချုပ်တို့ အကြည့်ချင်း ဆုံသွားကာ တပ်သားများ၏ ဝတ်စုံကို သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာပျက်သွားကြတော့သည်။
ဆိုင်တာဝန်ခံ၏ မျက်နှာထားလည်း အနည်းငယ် ပြောင်းလဲသွားကာ အပြုံးတစ်ပွင့်နှင့်အတူ အလောတကြီး နှုတ်ခွန်းဆက်လိုက်သည်။
“ဘုရင်ခံကျန်း ဖြစ်နေတာကိုး ...”
“တာဝန်ခံလျှို ...”
ကျန်းစစ်ယုံက လက်ကို ယမ်းပြကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
“ဒီနေ့ ပါကျန်းကျွီမှာ ရတနာအသစ်တစ်ခု ရှိတယ်လို့ ကြားမိတော့ အဖေက ကျွန်တော့်ကို လာကြည့်ခိုင်းလိုက်လို့ပါ တာဝန်ခံလျှိုအနေနဲ့ သူ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ..."
ဆိုင်တာဝန်ခံ၏ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်သွားကာ ပြောလိုက်သည်။
“ဘုရင်ခံကျန်းက မသိသေးဘူးပဲ ဒီပစ္စည်းကို သခင်လေးတစ်ယောက်က ပြသဖို့အတွက်ပဲ ပေးပို့ထားတာပါ ရောင်းဖို့ မဟုတ်ပါဘူး ..."
“တာဝန်ခံလျှို ...”
ကျန်းစစ်ယုံက သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
“ဒီလောကကြီးမှာ ရောင်းဖို့မဟုတ်ဘူးဆိုတဲ့ ပစ္စည်းမျိုး မရှိဘူးလေ အဲဒီ့လူကို အကြောင်းကြားပေးပါ ဘယ်လောက်ပဲ ဖြစ်ဖြစ် ငါတို့ ကျန်းမိသားစုက ... တတ်နိုင်တယ်လို့ ..."
စစ်သူကြီးချုပ်ချိုးက အော်ပြောလိုက်၏။
“မင်းက အတော်လေးကို သတ္တိကောင်းနေတာပဲ ...”
သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းစစ်ယုံက ချက်ခြင်း ခြေတစ်လှမ်းတိုးကာ အလောတကြီး နှုတ်ဆက်လိုက်သည်။
“ဒါ စစ်သူကြီးချုပ်ချိုး မဟုတ်လား အမတ်ချုပ်ယွင်လည်း ရှိနေတာပဲ ...”
သူက အမတ်ချုပ်ယွင်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“လူကြီးမင်းတို့ နှစ်ယောက်ကလည်း အသစ်ထွက်ပေါ်လာတဲ့ ပြီးပြည့်စုံတဲ့ ကြွေထည်ကို လာကြည့်ကြတာလား ...”
“ငါတို့က ကြည့်ဖို့လာတာ မင်းက ခိုးရဲသလား ..."
စစ်သူကြီးချုပ်ချိုးက လက်ချောင်းများကို အသံမြည်အောင် လှုပ်ရှားပြလိုက်လျှင် ကျန်းစစ်ယုံ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။ အမတ်ချုပ်ယွင်က စစ်သူကြီးချုပ်၏ အင်္ကျီလက်ကို ဆွဲချကာ ပြောလိုက်သည်။
“တကယ်လို့ မြို့စားအိုကြီးကျန်းက ကြည့်ရုံပဲ ကြည့်ချင်တာဆို ဘာလို့ သူကိုယ်တိုင် လာမကြည့်တာလဲ ...”
(ဒီနားမှာ သူ့ရာထူးကို နည်းနည်းလေး မရှင်းဘူး Marquis လို့ ရေးထားတာ ရာထူးအနေနဲ့ဆို Duke ထက် အဆင့်နိမ့်ပေမယ့် မြို့စားနယ်စားအဆင့်လို့လည်း ပြောထားလို့ လောလောဆယ်တော့ မြို့စားလို့ပဲ သုံးပါမယ်)
“အမတ်ချုပ်ယွင်က မသိသေးဘူးထင်တယ် တမြန်မနေ့က ကျွန်တော့်အဖေ နောက်ပြန်လဲကျသွားတယ်လေ အစ်မအကြီးဆုံးက တော်ဝင်သမားတော်ကို ပင့်လိုက်တော့ သူက အဖေ့က်ို အိပ်ယာထဲ လှဲပြီးပဲ အနားယူရမယ်လို့ မှာထားလို့ပါ ...”
မယ်တော်ကြီးကျန်းကို စကားထဲ ထည့်ပြောလိုက်သည်မှာ လှည့်ကွက်အကြီးကြီးတစ်ခုပင်။ စစ်သူကြီးချုပ်၏ မျက်နှာကြွက်သား တုန်ရီသွားကာ အမတ်ချုပ်ယွင်လည်း အသံတိတ်သွားရတော့သည်။
ထိုသည်ကို မြင်လိုက်ရသည့် ကျန်းစစ်ယုံ၏ အမူအယာမှာ အောင်ပွဲခံလိုဟန်တို့ အနည်းငယ် ဖုံးလွှမ်းသွားတော့သည်။ သူက ခါးကို ဆန့်တန်းလျက် ပြောလိုက်၏။
“ကျွန်တော့်အဖေကလည်း ဒီမှာ ရှိနေတဲ့ လူကြီးမင်းတို့လိုပဲ အရမ်းကို စိတ်အားထက်သန်နေတာပါ ဒီနေ့ ပြသမယ့် ရတနာကို အရမ်းကို တန်ဖိုးထားပေမယ့် ခန္ဓာကိုယ်အနေအထားအရ အဆင်မပြေဖြစ်နေတော့ ကျွန်တော်ကပဲ အဖေ့ကိုယ်စား အားလုံးကို နားလည်ပေးဖို့ တောင်းဆိုပါရစေ ...”
အမတ်ချုပ်ယွင်က ပြောလိုက်သည်။
“ဒီကြွေထည်ပိုင်ရှင်က ငါတို့ကို ရှုစားဖို့သပ်သပ်ပဲ ဖိတ်တာဆိုတော့ သူ့မှာလည်း ငွေကြေး ရှားပါးတဲ့ပုံ မပေါ်ဘူး မြို့စားကြီး အနေနဲ့လည်း ကြည့်ပြီးတာနဲ့ ဒီကြွေထည်ကို ချက်ခြင်း ပြန်ပေးဖို့ မျှော်လင့်ပါတယ် ..."
“သေချာတာပေါ့ ...”
ကျန်းစစ်ယုံက ရှေ့တစ်လှမ်းတိုးကာ အနီရောင်အဝတ်စကို ဖယ်ချလိုက်လျှင် အားလုံး မတ်တပ်ရပ်ကာ ကြည့်လိုက်မိကြတော့၏။ သို့သော် ထိုသူက ပျက်ရယ်ပြုဟန် ပြုံးကာ သစ်သားသေတ္တာကို ချိတ်ပိတ်ယူဆောင်လျက် ပြောလိုက်သည်။
“အနားယူတော့မယ် ...”
သူ မြင်းပေါ် တက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့လုပ်ဖော်ကိုင်ဖက်တစ်ဉီးက မေးလိုက်၏။
“တကယ်လို့ ဒီကြွေထည်ရဲ့ ပိုင်ရှင်က လာရှာရင် တကယ် ပြန်ပေးမှာလား ...”
“ပြန်ပေးရမယ် ဟုတ်လား ...”
ကျန်းစစ်ယုံက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။
“မြို့စားကျန်းရဲ့ အိမ်တော်ထဲကို ရောက်လာတဲ့ ပစ္စည်းအားလုံး မြို့စားအိမ်တော်ကပဲ ပိုင်တယ် ဘယ်သူက လာတောင်းရဲလဲ ...”
ပါကျန်းကျွီတစ်ခုလုံး နှမြောတသ အသံတို့ ပြည့်နှက်သွားတော့သည်။
ဤကြွေထည်မှာ မူလပိုင်ရှင်၏ ပိုင်ဆိုင်မှု မဟုတ်နိုင်တော့ကြောင်း အားလုံး သိသွားကြတော့သည်။
သူက မယ်တော်ကြီးကျန်းထက် ပိုပြီး အင်အားကြီးနေရင်တော့ တစ်မျိုးပေါ့ ...
ဤအကြောင်း ယွင်ချင်းစီ ပြန်ကြားရချိန်တွင် မွန်းတည့်လုနီးပါးပင် ရှိနေပြီဖြစ်သည်။ ထိုအချိန်က ပန်းပင် စိုက်ပျိုးသည့် မှန်လုံအိမ်ထဲ ထိုင်ကာ ပန်းပင်များကို ဂရုစိုက်နေဆဲဖြစ်သည်။ ထိုစကား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ကြောင်အသွားတော့၏။
“ငါ့ကြွေထည်ကို ယူသွားတာ ကျန်းစစ်ယုံလို့ ပြောချင်တာလား မယ်တော်ကြီးကျန်းရဲ့ မောင်လေ ...”
ကျင်းဟွမ်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ဆိုင်တာဝန်ခံ ပြောတာကတော့ ငွေလိုချင်ရင် မြို့စားကျန်းရဲ့ အိမ်တော်ကိုပဲ သွားလိုက်ပါတဲ့ ...”
“မရောင်းဘူးလို့ မပြောလိုက်ဘူးလား ..."
“ဒါက ...”
ယွင်ချင်းစီက ချက်ခြင်း သဘောပေါက်လိုက်သည်။ ထီးနန်းဆက်ခံပြီးနောက် လီယင်းသည် မယ်တော်ကြီး၏ နှိုးဆော်မှုကြောင့် ကျန်းမိသားစုကို အာဏာများ ဆက်တိုက် ပေးအပ်ခဲ့ရာ ယခု သူ့ဉီးလေးများသည် မြို့တော်တပ်ဖွဲ့၏ သုံးပုံတစ်ပုံခန့်ကို အရယူထားနိုင်ပြီးဖြစ်သည်။ အကယ်၍ ဤကြွေထည်သည် သာမန်လူတစ်ဦး၏ ပိုင်ဆိုင်မှုသာ ဖြစ်ပါလျှင် မြို့စားအိမ်တော်သို့ သွားရောက်ကာ ပြန်လည်တောင်းခံရဲမည် မဟုတ်ချေ။
အကယ်၍ တောင်းရဲသည့်တိုင် မြို့စားအိမ်တော်က တစ်ခုခု ကြံစည်ဦးမည်ဖြစ်သည်။ တန်ရာတန်ကြေးနှင့် စပ်လျဉ်း၍လည်း သူတို့ကသာ ပြောရေးဆိုခွင့်ရှိသူ ဖြစ်နေပေသည်။
ကောင်းပြီလေ ...
ကျန်းမိသားစုကို ရှင်းထုတ်ချင်ပေမယ့် အကြောင်းပြချက် ရှာမတွေ့ဘူး ဖြစ်နေတာ အခု သူတို့ဘက်က အမှားလုပ်လာမှတော့ ဒါကို အခွင့်ကောင်းယူရမှာပေါ့ ...
ယွင်ချင်းစီက ဂေါ်ပြားကို ချကာ ပြောလိုက်သည်။
“ကျန်းရှန်းနန်းဆောင်ကိုသွား အရှင့်ကို အချိန်ရရင် ဒီဘက် ကြွချီလာပေးဖို့ လျှောက်တင်လိုက် ....”
တကယ်ကို စိတ်ဝင်စားစရာ ကောင်းနေပြီ ...
လီယင်းက သူ့အပေါ် အရမ်းကို စိတ်အားထက်သန်သလို သရုပ်ဆောင်ပြချင်နေမှတော့ သူ ဘယ်လောက်အထိ သရုပ်ဆောင်နိုင်မလဲ စမ်းသပ်ရသေးတာပေါ့ ပြီးတော့ အမှားကျူးလွန်တဲ့သူက ကျန်းမိသားစု ဖြစ်နေတဲ့အချိန် သူ ဘယ်ဘက်က ရပ်တည်မလဲ ကြည့်ရမယ်လေ ...
လီယင်းရဲ့သရုပ်ဆောင်ချက်တွေက လုံလုံလောက်လောက် မကောင်းရင်တော့ သူ့ကို ကြောင်သူတော်မျက်နှာဖုံး ဆွဲချွတ်ပါတယ်ဆိုပြီး အပြစ်မတင်နဲ့ ...
များမကြာမီ ကျင်းဟွမ်က လီယင်း၏ ကိုယ်ရံတော်နှင့်အတူ ပြန်လည်ရောက်ရှိလာသည်။
ဧကရာဇ် ဝေါယာဉ်ပေါ်မှ ဆင်းလာချိန်တွင် ချောင်ယန်နန်းဆောင်အနှံ့ နှင်းလွှာတို့ ပျံ့နှံ့နေဆဲ ဖြစ်သည်။ အစီရင်ခံမည့်သူကို စောင့်ဆိုင်းမနေဘဲ အရှေ့ဘက်ခန်းမဆောင်ထဲသို့ ချက်ခြင်း ဝင်လာလိုက်သည်။
ခန်းမဆောင်တစ်ခုလုံး ဗလာဖြစ်နေ၏။
အစေခံတစ်ဦး လက်ဖက်ရည်နှင့် ရေခွက်ကို သယ်ဆောင်လာကာ တလေးတစား ပြောလိုက်သည်။
“အရှင်မင်းကြီး ဧကရီက အနွေးနန်းဆောင်မှာ ရေချိုးသန့်စင်နေပါတယ် ကျေးဇူးပြုပြီး တစ်ခဏလောက် စောင့်ဆိုင်းပေးတော်မူပါ ...”
လီယင်းက တည်ငြိမ်စွာ ထိုင်နေလိုက်သည်။
လျှိုကျီရူက သူ့ကိ အကြိမ်အနည်းငယ်ခန့် ကြည့်နေပြီးနောက် ထုတ်ပြောလိုက်မိတော့သည်။
“အရှင် အရင်ဆုံး အပေါ်ဝတ်ရုံကို ချွတ်ထားလိုက်ပါလား ...”
ထိုအခါမှ လီယင်းလည်း သတိကပ်သွားကာ မတ်တပ်ထရပ်၍ ဝတ်ရုံကို ချွတ်ပြီး ငယ်သားများထံ ကမ်းပေးလိုက်သည်။ ထို့နောက်တွင်မှ မီးဖိုအနားသွားကာ ခန္ဓာကိုယ်ကို နွေးထွေးစေလိုက်၏။
ပြန်ရောက်လာပြီးနောက်ပိုင်း ယွင်ချင်းစီသည် နူးညံ့နွေးထွေးနေခဲ့ရာ လီယင်းသည် သူသာ အေးစက်သည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေပါလျှင် ယွင်ချင်းစီအား ခြောက်လှန့်မိသလို ဖြစ်သွားမည်ကို စိုးရိမ်နေပေသည်။
နောက်ဆုံးတော့ လိုက်လိုက်လျောလျော ဖြစ်သွားပြီဆိုတော့ သူ့ကို ခွင့်လွှတ်လိုက်ပြီဆိုတဲ့ သဘောလား ...
မီးဖိုထဲရှိ ရွှေရောင်အမျှင်တန်းတို့ ထွက်ပေါ်တောက်လောင်နေသည့် မီးသွေးတုံးများကို ငေးကြည့်ရင်းသာ စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။
ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေကြောင်းကိုမူ သူကိုယ်တိုင်ပင် သတိမပြုမိ။
“အားယင်း ...”
ယွင်ချင်းစီ၏ အသံမှာ လွန်စွာ ကြည်လင်ကာ နဝမကောင်းကင်ဘုံမှ ဇာမဏီငှက်၏ မြည်ကြွေးသံသဖွယ်လည်း အံ့ဖွယ်ကောင်းလှသေးသည်။
လီယင်းက သူ့ကို လှည့်ကြည့်လိုက်၏။
လူငယ်လေးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ရှည်လျားလှသည့် ဆံနွယ်တို့က ပုခုံးထက်တွင် ကပိုကရို ကျဆင်းနေသည်။ မျက်နှာမှာ ကျောက်စိမ်းသဖွယ် နူးညံ့ပြီး နွေဉီးသဖွယ် တောက်ပလှ၏။ အနည်းငယ် စိုစွတ်နေသည့် မျက်ခုံးတို့နှင့် ရေကြည်ထဲသို့ ခပ်ဖျော့ဖျော့ မင်ပြာတစ်ပေါက် ချထားသည့်နှယ် မျက်ဝန်းတစ်စုံတို့မှာ လူ့နှလုံးသားကို ထိကပါးရိကပါး ကျီစယ်သွားတော့သည်။
လီယင်း၏ နှလုံးသားတစ်ခုလုံး ရုတ်ချည်း စူးရှနာကျင်သွားတော့၏။
မျက်ဝန်းအိမ်တို့ စိုစွတ်သွားကာ ခပ်ဖြည်းဖြည်း ထရပ်လျက် ပြောလိုက်သည်။
“မင်း ကိုယ့်ကို ရှာတယ်ဆိုလို့ ...”
ယွင်ချင်းစီက ခေါင်းငြိမ့်ပြကာ အနားတိုးလာ၏။
လတ်ဆတ်လှသည့် ဆပ်ပြာရနံ့ ခပ်သင်းသင်းကြောင့် လီယင်း၏ အသက်ရှူသံတို့ မသိမသာ မြန်ဆန်လာကာ လည်ချောင်းတစ်ခုလုံး တင်းကြပ်သွားတော့သည်။
“ဘာဖြစ်လို့လဲ ...”
ယွင်ချင်းစီက သူ့ရှေ့တည့်တည့်ရပ်ကာ အပြစ်ကင်းစင်ကာ ကြည်လင်သည့် မျက်ဝန်းတို့ဖြင့် အကြည့်ချင်း စုံစေလိုက်၏။ သူ့ပုံစံမှာ လွန်စွာသန့်စင်ကာ အန္တရာယ် ကင်းမဲ့လှပေသည်။
“ဘာလို့လဲ ...”
သူ့ပုံစံမှာ အတော်လေး မကျေမနပ် ဖြစ်သွားသည့်ဟန်။
“အားလုံး အဆင်ပြေနေရင် အရှင့်ကို ရှာလို့ မရဘူးလား ...”
မီးသွေးတုံးတို့က ကြေးနီရောင် မီးပြင်းဖိုထဲတွင် အရှိန်တညီးညီး တောက်လောင်နေသည်။
ဧကရာဇ်က နေရာတွင် ရပ်လျက်သာ ဧကရီကို အသံတိတ် စိုက်ကြည့်နေလိုက်သည်။
ယွင်ချင်းစီသည် အနွေးခန်း ရေချိုးဆောင်မှ ထွက်လာကာ နဂါးအနွေးမီးဖို ဖိုထားသည့် ခန်းမဆောင်ထဲသို့ ချက်ခြင်း ဝင်လာသည့်အတွက် အပူဒဏ်ကြောင့် ပါးနှစ်ဖက် ရဲရဲနီနေကာ လည်ပင်းမှ ညှပ်ရိုးတို့အထိ အနီရောင်ခပ်ဖျော့ဖျော့တစ်လွှာ ဖုံးအုပ်သွားတော့သည်။
သူ့ပုံစံမှာ ဖန်ပန်းကန်ထဲ ထည့်ထားသည့် ကြည်လင်လှသော စပျစ်သီးများနှယ် သန့်စင်မြူးကြွမှုအပြည့်။ ချိုမြကာ ဆွဲဆောင်မှု ပြည့်ဝလှပေသည်။
အားလုံးက အစစ်အမှန်လိုပဲ ...
ဒါပေမယ့် ယွင်ချင်းစီက ဘယ်လိုဖြစ်လို့ ဒီလိုမျိုး သတိကပ်ထားတာတွေကို အလွယ်တကူ ခွါချနိုင်လိုက်တာလဲ ပြီးတော့ ဘာလို့များ သူ့ကို ဒီလောက်အထိ အလွယ်လေး ခွင့်လွှတ်ပေးနိုင်ရတာလဲ ...
သူ့အကြည့်တို့ နူးညံ့သွားကာ မေးလိုက်သည်။
"တကယ်လား ..."
"တကယ်ပေါ့ ..."
ယွင်ချင်းစီက အလေးအနက် ပြန်ဖြေလိုက်သည်။
"ကျွန်တော်က အရှင့်ကို တကယ်ကို တွေ့ချင်နေတာပါ ..."
သူ့နှုတ်ခမ်းတို့ ပွင့်ဟလာသည်နှင့် တစ်ပြိုင်နက် လီယင်း၏ အတွေးစအားလုံး တစ်စစီ ပျက်စီးသွားတော့၏။
လီယင်းက သူကိုယ်တိုင်ပင်လျှင် သတိမထားမိဘဲ လက်ကို ဆန့်ထုတ်ကာ အသက်ကို ဖွဖွရှူလျက် အနားသို့ တစ်ဖြည်းဖြည်း တိုးကပ်လာသည်။ ယွင်ချင်းစီကလည်း နာခံမှုရှိစွာ ပူးပေါင်းပေးသော်ငြား ထိတွေ့မှုကို ရှောင်ရှားလိုက်၏။ ကန့်လန့်ကာနောက်သို့ ဝင်ပုန်းကာ ခေါင်းကိုစောင်းလျက် မေးလိုက်သည်။
"ဒီကို မလာခင် စားခဲ့ပြီးပြီလား ..."
လီယင်းက သူသွားရာနောက်သို့ တကောက်ကောက် လိုက်ကြည့်ရင်း ပြောလိုက်သည်။
"အင်း ..."