အပိုင်း ၂၆
Viewers 13k

Chapter 26


ယွင်ချင်းစီက စားပွဲအနီးတွင် ရပ်တန့်လိုက်လျှင် လီယင်းလည်း သူ့အနား သွားကာ လက်ချောင်းတို့ကို ထိကိုင်လိုက်သည်။ တစ်ခဏမျှအကြာ လက်ချောင်းတို့ သီးခြားစီ ပြန်ဖြစ်သွားပြီး ယွင်ချင်းစီက နောက်ပြန်ဆုတ်လိုက်၏။ သူ့အကြည့်တို့မှာ ရေပြင်သဖွယ် ကြည်လင်နေကာ လေသံမှာ ရှက်ရွံ့သည့် အရိပ်အယောင်တို့ ရောစွက်နေသည်။

"တကယ်တော့ ဒါက အပြည့်အဝ မကောင်းမွန်သေးပါဘူး ..."

လီယင်းက သူ့အနားသို့ တစ်ဖြည်းဖြည်း ချဉ်းကပ်လာလိုက်၏။

"ဘာကို ဆိုလိုတာလဲ ..."

ယွင်ချင်းစီက တစ်ဖက်လှည့်ကာ ပြတင်းပေါက်အနားရှိ သစ်သားသေတ္တာရှိရာဆီသို့ ထလာလိုက်သည်။ ပိန်သွယ်သွယ်ပုခုံးထက်တွင် ‌ဆံနွယ်ရှည်တို့ ကပိုကရို ကျဆင်းနေကာ ခုံပေါ်ရှိ လက်ဖက်ရည်သောက်ပန်းကန်တစ်စုံကို မျက်လွှာချကာ စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။ ။

"မပြောဝံ့ပါဘူး ..."

သူ့နောက်နားတွင် ရပ်နေသည့် လီယင်းကလည်း သူ၏ ဖြူဖွေး‌လှသည့် လည်တိုင်တစ်စုံနှင့် နူးညံ့လှသည့်မျက်နှာကို တစ်ဝက်ခန့် မြင်နေရရာ မျက်တောင်ရှည်ကြီးများ တစ်ခါ ခတ်လိုက်လေတိုင်း ထိုမျက်တောင်ထိပ်ဖျားတို့က သူ့နှလုံးသားကို ကလူကျီစယ်နေသည့်နှယ် ခံစားလိုက်ရတော့သည်။

လီယင်းမှာ စိတ်မထိန်းနိုင်၊ လက်မောင်းတို့ကို ပင့်မြှောက်ကာ သူ့ကို ပွေ့ဖက်မည် ပြုလျက် ထုံထိုင်းစွာ ပြောလိုက်၏။

"ပြောလို့ ရပါတယ် ..."

ယွင်ချင်းစီက ခေါင်းကိုစောင်းကာ မော့ကြည့်လိုက်၏။ သွယ်လျသည့် လည်တိုင်မှာ အထိခိုက်မခံနိုင်သည့်ဟန်၊ သူ့အကြည့်တို့မှာလည်း လွန်စွာ ရိုးသားဖြူစင်နေပေသည်။

"ပြောလိုက်ရင် အရှင် စိတ်ဆိုးသွားမှာကို ကြောက်မိပါတယ် ..."

လီယင်းက အနားသို့ တိုးလာကာ သွယ်လျလှသည့် ခါးကို အမှန်တကယ် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လျက် ပြောလိုက်သည်။

"ကိုယ် မင်းကို လုံးဝ စိတ်မဆိုးပါဘူး ..."

ချုပ်တည်းထားရမှုအပြည့်ဖြင့် ပြောလိုက်၏။ ယွင်ချင်းစီက တစ်ခဏမျှ တွေးကာ တစ်ဦး၏ အသက်ရှူငွေ့ကို ကျန်တစ်ဦးက ခံစားရသည့် အကွာအဝေးမျိုး ထိန်းထားလျက် ဆက်မေးလိုက်သည်။

"ဒါဆို မနက်ဖြန်ကျ ကျွန်တော့်ကို နန်းပြင် လိုက်ပို့ပေးလို့ ရမလား ..."

"ကောင်းပြီလေ ..."

လီယင်း၏ လည်ချောင်းတွင် တစ်ခုခု ပိတ်ဆို့နေသည့်ဟန်။ ယွင်ချင်းစီ၏ နှုတ်ခမ်းတို့ကို အားတက်သရော ငေးစိုက်ကြည့်ရင်း သူ့လည်စေ့တစ်ခုလုံး အထက်အောက် လှုပ်ရှားသွားတော့သည်။

ယွင်ချင်းစီက ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ လီယင်း၏ လည်ပင်းကို နောက်ပြန်ပွေ့ဖက်လိုက်၏။ အမှန်တကယ်မှာ ကျရောက်လာမည့် အနမ်းတို့ကို ရှောင်ရှားလိုခြင်းသာ ဖြစ်ပေသည်။

သူက နူးညံ့စွာ ပြောလိုက်၏။

"ဒါဆို ဒီည အရှင် ကျွန်တော်နဲ့ အတူတူ နေမှာလား ..."

လီယင်းက မျက်လုံးတို့ကို မှိတ်ကာ ပြောလိုက်သည်။

"ကောင်းပြီ ..."

သူက ယွင်ချင်းစီကို ကောက်ပွေ့ကာ ဇာမဏီအိပ်ယာဆီသို့ ခေါ်ဆောင်သွားလိုက်၏။ ယွင်ချင်းစီ၏ ခန္ဓာကိုယ်တစ်ခုလုံး နူးညံ့အိစက်လှသည့် အိပ်ယာထဲ နစ်မြှုပ်သွားတော့သည်။ လီယင်းက သူ့ကို ဖမ်းချုပ်ထားသည့်နှယ် တစ်ဖက်တစ်ချက်စီကို ဒူးဖြင့် ဖိထားလိုက်၏။

လှဲလျောင်းနေသော ယွင်ချင်းစီမှာလည်း လွှမ်းမိုးခံလိုက်ရသည့်အတွက် မျက်ဝန်းအစုံတို့ ပြူးကျယ်သွားကာ ခပ်တိုးတိုး ခေါ်လိုက်သည်။

"အရှင် ..."

လီယင်းက သူ့ကို လက်ဆစ်တို့ ဖြူလျော်လာသည်အထိ အကြာကြီး စိုက်ကြည့်နေပြီးကာမှ စောင်ကို ဆွဲယူကာ ခြုံပေးလိုက်သည်။ သူ့ကိုယ်သူ အတင်းအကြပ် ဖိအားပေးထားသည့်နှယ် မျက်လွှာချလျက် တစ်ဖက်သို့လှည့်ကာ အိပ်ယာပေါ်တွင် တိတ်တဆိတ် ထိုင်နေလိုက်၏။

"အားယင်း ..."

ယွင်ချင်းစီက သူ့ကို နောက်တစ်ကြိမ် ခေါ်လိုက်ပြန်သည်။

သူသည် ဤကဲ့သို့ ခေါ်ရခြင်းကို အမြဲ နှစ်သက်ခဲ့သူ ဖြစ်သည်။ လက်ထပ်ပြီးစ ကာလများက အလုပ်များသည်ဖြစ်စေ၊ အားလပ်သည်ဖြစ်စေ လီယင်းဟု ထာဝစဉ် အော်ခေါ်နေတတ်သောကြောင့် လီယင်းကပင်လျှင သူ့နာမည်ကို အော်ခေါ်ရခြင်းအား ဤမျှပင် နှစ်သက်ပါသလားဟု မေးခဲ့ဖူးသည်။ ယွင်ချင်းစီက သူ့စကားတို့ကို အမှန်ပြန်ပြင်ပေးလိုက်၏။ အမှန်စင်စစ်တွင် သူသည် အော်ခေါ်ရခြင်းကို နှစ်သက်သည်မဟုတ်၊ အားယင်းကို လွန်စွာ နှစ်သက်ခြင်းသာ ဖြစ်ပေသည်။

လီယင်းက သူ့ကို စိုက်ကြည့်လျက်သာ ပြန်ထူးလိုက်သည်။

"အင်း? ..."

"ဘာလို့ နန်းပြင် ထွက်ချင်ရတာလဲဆိုပြီး မမေးတော့ဘူးလား ..."

လီယင်းက သူ့ကို တစ်ခဏမျှ စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကိုယ်က အမြဲတမ်း မင်းနောက်ကို လိုက်နေပေးမှာ ..."

အမြဲတမ်း မင်းနောက်ကို လိုက်နေပေးမှာဖြစ်လို့ အကြောင်းပြချက်တွေ မေးမနေ‌နဲ့တော့ ဘာလို့ဆိုတာက အရေးမကြီးဘူး ဒါပေမယ့် လိုက်လျောပေးရတဲ့ အကြောင်းပြချက်က မင်း တောင်းဆိုတဲ့အရာ ဖြစ်နေလို့ပဲ ...

ယွင်ချင်းစီက ပြုံးလိုက်သည်။

ပိုပိုပြီးကို ဟန်ဆောင်ကောင်းလာတာပဲ ...

အတိတ်အချိန်ကလည်း လီယင်းသည် သူ့ကို ယခုကဲ့သို့ပင် အသေးစိတ် ဂရုစိုက်ပေးလေ့ရှိသည်။ သူ့ကို သဘောကျပါသည်ဟု ပြောခဲသည့်တိုင် သူပြောသမျှ စကားတိုင်းမှာ အချစ်အငွေ့အသက်တို့ လျှံကျနေပေသည်။

ထိုစဉ်က ယွင်ချင်းစီသည် သူ့ကို အသက်နှင့်ရင်း၍ပင် ချစ်ကြိုက်ခဲ့ရာ သူ့စကားလုံးတိုင်းဆီမှ မတူညီသော ချိုမြိန်မှုများကို ခံစားခဲ့ရသည်။ သို့သော် ယခုမူ လီယင်း၏ စကားများကို အသားဟင်းပေါ် ဝေ့နေသည့် အဆီများသဖွယ်သာ ခံစားရတော့သည်။ သူတော်ကောင်းဟန်ဆောင်သည့် စကားများမှာ ရွံရှာဖွယ်ရာ အတိပင်။

သူ့ဘေးရှိ နေရာလွတ်ကို ပုတ်ပြကာ ပြောလိုက်သည်။

"တစ်ညလုံး နေမှာဆိုတော့ လှဲတော့လေ ..."

လီယင်းက စောင်ကို မ ကာ သူ့ဘေးတွင် ဝင်လှဲနေလိုက်သည်။

ယွင်ချင်းစီက ကိုယ်ကိုစောင်းကာ သူ့ကို လှည့်ကြည့်လိုက်သော်ငြား လီယင်းကမူ အိပ်ယာထိပ်ဖျားကိုသာ မမှိတ်မသုန် စိုက်ကြည့်နေ၏။ မည်သည်ကို တွေးနေမှန်းလည်း ခန့်မှန်း၍ မရပေ။

"အားယင်း ..."

လီယင်း၏ အင်္ကျီအနားစကို ဆွဲကာ တစ်ဖန် ထပ်ခေါ်လိုက်ပြန်၏။ လီယင်းက သူ့ကို လှည့်ကြည့်လိုက်သည်။

"ငါ့ကို ချစ်သေးရဲ့လား ..."

မမျှော်လင့်စွာပင် လီယင်း၏ မျက်လုံးထောင့်စွန်းတို့ ရဲရဲနီကာ နှုတ်ခမ်းတို့ အနည်းငယ် ကွေးညွတ်သွားတော့၏။ သူက ပြောလိုက်သည်။

"ချစ်တာပေါ့ ကိုယ် မင်းကို ချစ်တာပေါ့ ..."

"တကယ်လား ..."

"တကယ်ပါ ..."

သူ့လေသံမှာ ဝမ်းနည်းရိပ်တို့ စွက်နေသည့်ဟန်။

"ကိုယ် မင်းကို ဘယ်တုန်းကမှ အချစ်မပျက်ခဲ့ပါဘူး ..."

"တကယ်ပဲလား ..."

"တကယ်ကို အမှန်ပါ ..."

ယွင်ချင်းစီ၏ မျက်လုံးတို့ ကွေးညွတ်သွား၏။ ထိုစကားများကို တစ်ခွန်းမှ မယုံကြည်လေကြောင်း များစွာ သိသာလှပေသည်။

"ဒါဆို ငါ့အတွက် ဘယ်အရာမဆို လုပ်ပေးနိုင်လား ..."

လီယင်းက သူ့ကို စောင်းကာ ကြည့်လိုက်၏။ ယွင်ချင်းစီက သူ့ကို ပြန်ဆွဲလိုက်ပြန်ကာ ဇွဲမလျော့တမ်း မေးလိုက်သည်။

"ပေးမှာလားလို့ ..."

"ပေးမယ် ..."

လီယင်းက ခပ်ဖွဖွ ပြောလိုက်သည်။

"ကိုယ် ဘာမဆို လုပ်ပေးမယ် ..."

ယွင်ချင်းစီက သူ့ပုခုံးပေါ် ခေါင်းတင်ကာ စောင်ပေါ်ဖိထားသည့် လက်ကို‌ပါ ဆွဲယူပြီး ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

"တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို အနိုင်ကျင့်ရင်၊ အထင်သေးရင်၊ ပြီးတော့ ငါ့ပစ္စည်းတွေကို လုယူရင်ရော ငါ့အတွက် ဘယ်လို လုပ်ပေးမှာလဲ ..."

"မင်းပြောတဲ့အတိုင်း လုပ်ပေးမယ် ..."

"သူ့ကို သတ်ပေးမလား ..."

"ကောင်းပြီ ..."

ယွင်ချင်းစီ၏ အကြည့်ထဲရှိ လှောင်ပြောင်လိုရိပ်တို့ လျှံကျလာတော့၏။ မျက်လုံးကို မှိတ်ကာ မျှော်လင့်တကြီး ပြောလိုက်သည်။

"အားယင်းက င့ါကို နောက်တစ်ကြိမ် ထပ်မလိမ်ဖို့ မျှော်လင့်ပါတယ် ..."

ယွင်ချင်းစီက သူ့ပုခုံးပေါ် ခေါင်းမှီထားရင်းပင် အမြန် အိပ်မောကျသွားတော့၏။ အချိန်အတော်ကြာပြီးနောက် စောင်ပေါ်တွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော လက်တစ်စုံ လှုပ်ရှားသွားကာ လီယင်းက တစ်ဖန် လက်ချောင်းချင်း ယှက်နွယ်လျက် ပြန်လည်ဆုပ်ကိုင်ထားလိုက်တော့သည်။

နောက်တစ်နေ့မနက် အစောပိုင်းတွင် ယွင်ချင်းစီက လှည်းတစ်စီး ပြင်ဆင်စေလိုက်သည်။ လီယင်းက သူနှင့်အတူ ဝင်ထိုင်လိုက်သည့်အခါ လေးမြားတစ်စုံကိုပါ ယူဆောင်လာကြောင်း တွေ့လိုက်ရသည်။

ဘာမှ မမေးဘဲ ကြည့်ရုံသာ ကြည့်နေခဲ့သော်ငြား ယွင်ချင်းစီက အလိုက်တသိ ရှင်းပြလာသည်။

"ဒါ ဟိုးအရင် အားယင်း ငါ့ကို အမဲလိုက်ဖို့ ခေါ်တုန်းက သုံးခဲ့တာလေ မှတ်မိသေးလား ..."

"အင်း ..."

လီယင်း၏ အကြည့်တို့ ညင်သာသိမ်မွေ့သွားတော့သည်။

"အဲဒီ့အချိန်တုန်းက မင်းကို လက်ချင်းထပ်ပြီး ယုန်ပစ်တတ်အောင် သင်ပေးခဲ့တာ‌လေ ..."

"ဟုတ်တယ် ဟုတ်တယ် ..."

ယွင်ချင်းစီက ဝမ်းသာအားရ ပြုံးကာ ပြောလိုက်သည်။

"ကြည့်လေ ငါ အရမ်းကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ် မဟုတ်လား ..."

ကောင်းစွာ အရောင်တင်ထားသည့် မြားက အလင်းရောင်အောက်တွင် စူးရှတောက်ပလာကာ လီယင်း၏ အကြည့်တို့  အနည်းငယ် နက်မှောင်သွားတော့သည်။

လှည်းက မြို့စားကျန်း၏ စံအိမ်တော်အထိ မောင်းနှင်သွားကာ နောက်ဖေးလမ်းကြားတွင် ရပ်တန့်လိုက်သည်။ ယွင်ချင်းစီက ကျင်းဟွမ်ကို မျက်စိမှိတ်ပြလိုက်လျှင် သူက အရောင်တစ်ရောင်တည်း ဝတ်ဆင်ထားသည့် မိန်းမစိုးကို ညွှန်ကြားလိုက်၏။ ထိုသူက ခေါင်းငြိမ့်ပြကာ မြို့စားစံအိမ်တံခါးဝဆီသို့ ပြေးထွက်သွားတော့သည်။

ယွင်ချင်းစီက လိုက်ကာစကို အသာလှပ်ကာ နူးညံ့စွာ ပြောလိုက်သည်။

"အရှင် ကျေးဇူးပြုပြီး ကြည့်တော်မူပါ ..."

သူ စေလွှတ်လိုက်သည့် မိန်းမစိုးက ချက်ခြင်းပင် မြို့စားစံအိမ်အစောင့်အကြပ်တို့၏ နှင်ထုတ်ခြင်းကို ခံလိုက်ရတော့သည်။

"လူလိမ်ကောင် မင်း ဘာလိုချင်တာလဲ ဒီနေရာကို ဘာထင်နေတာလဲကွ ..."

မိန်းမစိုးက ငိုသံနှောကာ ပြောလိုက်သည်။

"ဘုရင်ခံကျန်းက ကျွန်တော့်သခင်ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ကြွေထည်တွေကို ယူဆောင်သွားလို့ပါ ပြီးတော့ သူက သခင့်ကို မြို့စားစံအိမ်လာပြီး အချိန်မရွေး ပြန်တောင်းလို့ ရတယ်လို့လည်း ပြောသွားခဲ့ပါတယ် ဒီအစေခံက ဘုရင်ခံကျန်းရဲ့ ညွှန်ကြားချက်အရ လာတောင်းတာကို ဘယ်လိုဖြစ်လို့များ လူလိမ်လို့ စွပ်စွဲရတာပါလဲ ..."

"မင်းက ဘာလဲ ပြီးတော့ မင်းသခင်ကရော ဘယ်သူလဲ ..."

အစောင့်က လှောင်ပြောင်လိုက်သည်။

"ဘုရင်ခံက မင်းပစ္စည်းကို ကြိုက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..."

"ဒါပေမယ့် ကျွန်တော် ပြောတာတွေက အမှန်တွေပါ ဘုရင်ခံကျန်းက ကျွန်တော့်သခင်ကိုယ်တိုင် ဖန်တီးပြီး ပါကျန်းကျွီမှာ ပြသထားတဲ့ ကြွေထည်ကို ယူသွားခဲ့တာပါ ဒါနဲ့ပတ်သက်ပြီး အမတ်ချုပ်ယွင်နဲ့ စစ်သူကြီးချုပ်ချိုးကိုပါ မေးမြန်းကြည့်လို့ ရပါတယ် ..."

"ဒီလောက် စောစောစီးစီးကို ဆူညံနေတာ ဘယ်သူတွေလဲ ..."

အိမ်တော်တံခါး ပွင့်လာကာ ကျန်းစစ်ယုံ ထွက်လာသည်။ သူက မိန်းမစိုးကို စိုက်ကြည့်ကာ အကဲခတ်လိုက်၏။ သူ့အကြည့်တို့မှာလည်း အနည်းငယ် ပဟေဠိဖြစ်နေဟန်ပင်။

"ဘာလုပ်နေတာလဲ ..."

မိန်းမစိုးက ဖြစ်ကြောင်းကုန်စင်ကို အလျင်အမြန် ရှင်းပြလိုက်ပြန်သည်။

"အိုး ..."

ကျန်းစစ်ယုံက သတိရသွားဟန်ဖြင့် ပြောလိုက်၏။

"ပါကျန်းကျွီမှာ ပြသတဲ့ ကြွေထည် မဟုတ်လား ဘယ်လိုလဲ မင်းသခင်က ရောင်းမှာတဲ့လား ဘယ်လောက်ပဲဖြစ်ဖြစ် ငါပေးနိုင်တယ် ..."

"အဲဒီ့ကြွေထည်က သူ့အဖေကို ပေးဖို့အတွက် ကျွန်တော့်သခင်ကိုယ်တိုင် ဖန်တီးခဲ့တာပါ သခင်က ဒီအစေခံကို ပစ္စည်း ပြန်ယူလာဖို့ပဲ မှာကြားလိုက်တာပါ ငွေကြေးအကြောင်း မပြောလိုက်ပါဘူး ..."

"ငွေအကြောင်း မပြောဘူးတဲ့လား ..."

ကျန်းစစ်ယုံက တောက်တစ်ချက်ခေါက်ကာ ပြောလိုက်သည်။

"ဒါပေမယ့် ငါ့မှာ မင်းအတွက် ဘာမှ မရှိတော့ဘူး ..."

မိန်းမစိုး၏ အမူအယာ အနည်းငယ် ပြောင်းလဲသွားကာ ချက်ခြင်း ငိုကြွေးလိုက်တော့သည်။

"သခင်က ကျွန်တော်သာ ဒီပစ္စည်းကို ပြန်ယူမလာနိုင်ရင် ဒီငယ်သားကို အိမ်တော်က နှင်ထုတ်ပါမယ်တဲ့ ဒါကြောင့် စစ်သူကြီးအနေနဲ့ ဒီငယ်သားကို သခင့်ရဲ့ ပစ္စည်းလေးပဲ ပြန်ပေးဖို့ တောင်းဆိုချင်ပါတယ် ..."

သူက ကျန်းစစ်ယုံအရှေ့တွင် ဒူးထောက်ချလိုက်သည့်အခါ တစ်ဖက်သူမှာလည်း စိတ်လက်မကြည်မသာ ဖြစ်သွားတော့သည်။ လက်ကိုဆန့်ထုတ်ကာ အစေခံများအား ငွေတစ်အိတ် ယူလာပေးရန် မှာကြားလိုက်၏။

"ဒီမှာ ဒါကိုယူပြီး ပြန်တော့ ပြီးတော့ မင်းသခင်ကိုလည်း မြို့စားစံအိမ်က သူ့ပစ္စည်းကို ဝယ်လိုက်ပြီလို့ ပြောလိုက် ..."

"ဒီကြွေထည်က ကျွန်တော့်သခင်အတွက် အတုမရှိတဲ့ ရတနာပါ ဒါကို ရောင်းမယ်လို့လည်း တစ်ခါမှ မပြောဖူးပါဘူး တကယ်လို့ ရောင်းမယ်ဆိုရင်‌တောင် ဒီလို ငွေစနည်းနည်းလေးနဲ့ ဘယ်လိုမှ တန်ကြေးဖြတ်လို့ မရပါဘူး ဘုရင်ခံကျန်း ကျေးဇူးပြုပြီး ငြင်းဆန်မနေဘဲ ဒီငယ်သားကို ပစ္စည်းပဲ ပြန်ပေးပါ ..."

"အတုမရှိတဲ့ ရတနာ ဟုတ်လား ..."

ဘုရင်ခံကျန်းက သူ့ငယ်သားများကို လှည့်ကြည့်ကာ နားမလည်နိုင်လေဟန်ဖြင့် ရေရွတ်လိုက်သည်။

"သာမန်သူတစ်ယောက်ရဲ့ အတုမရှိတဲ့ ရတနာက တကယ်ပဲ အဖိုးမဖြတ်နိုင်လောက်အောင်ကို တန်ကြေးရှိသတဲ့လား ..."

သူ့ဘေးနားရှိ လူအားလုံး အူလှိုက်သည်းလှိုက် ရယ်မောလိုက်ကြတော့သည်။

လှည်းအတွင်းတွင် ယွင်ချင်းစီက လီယင်း၏ မျက်နှာကို အကဲခတ်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။

"အရှင့်အနေနဲ့ ဒီကိစ္စကို ဘယ်လို ထင်ပါသလဲ ..."

လီယင်း၏ အကြည့်တို့ နက်ရှိုင်းသွားတော့သည်။

"သူက မင်းရဲ့ပစ္စည်းကို လုယူသွားတယ်ဆိုလည်း ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြောပါ့လား ..."

"အရှင် ..."

ယွင်ချင်းစီ၏ အကြည့်တို့က လှောင်ပြောင်လိုသည့်ဟန်။

"သူက ကျွန်တော့်ရဲ့ ပစ္စည်းကို လုယူရုံပဲဆိုရင် ကိစ္စမရှိပါဘူး ကျွန်တော့်မှာ အရှင့်ရဲ့ ထောက်ပံ့မှုတွေ ရှိနေတဲ့အတွက် ကြောက်စရာ မလိုဘူးလေ ဒါပေမယ့် ဒီနေ့ ပစ္စည်းကို လာယူတဲ့သူက တကယ်ပဲ သာမန်ပြည်သူတစ်ယောက် ဖြစ်နေရင် အရှင့်ကို မေးပါရစေ အရှင့်အနေနဲ့ လူတိုင်းအတွက် ရေမြေ့အရှင် ဖြစ်ပေးနိုင်ပါ့မလား ..."

လီယင်းက သူ့ကိုကြည့်ကာ ပြောလိုက်သည်။

"ကိုယ်က  မင်းကို အပြစ်တင်နေတာ မဟုတ်ပါဘူး ဒီတိုင်း ဒီလောက်ကြီးအထိ ရှည်ရှည်ဝေးဝေး သွားနေစရာ မလိုဘူးလို့ ထင်မိရုံလေးတင်ပါ ..."

"ကျွန်တော်ကလည်း အာဏာကို လက်ကိုင်ထားတဲ့ အရှင့်ရဲ့ ဦးရီးတော်က အရှင့်နှာခေါင်းအောက်မှာတင် သာမန်ပြည်သူတွေကို ဘယ်လိုမျိုး အနိုင်ကျင့်နေလဲဆိုတာ ပြချင်ရုံလေးတင်ပါ ..."

ယွင်ချင်းစီသည် လီယင်း၏ စိုးရိမ်မှုများကို ကောင်းစွာ သိရှိထားသူဖြစ်သည်။ ကျန်းမိသားစု၏ ဩဇာအာဏာမှာ ယွင်မိသားစုထက်ပင် ပိုမိုများပြားလုနီးပါး ဖြစ်လာမည်ဖြစ်သည်။ သို့သော် လီယင်းမှာ သရဖူပိုင်စိုးရေးအတွက် ကျန်းမိသားစုကို ညာလက်ရုံးသဖွယ် သဘောထားခဲ့ရရာ သူတို့ကို အလွယ်တကူ တိုက်ခိုက်နိုင်မည် မဟုတ်ချေ။

လီယင်းအနေဖြင့် ကျန်းစစ်ယုံကို သတ်လိုသည်ဖြစ်စေ၊ မသတ်လိုသည်ဖြစ်စေ ယွင်ချင်းစီကတော့ သတ်လိုပေသည်။ မယ်တော်ကြီးကျန်း၏ အဓိကရည်ရွယ်ချက်မှာ အမတ်ချုပ်အိမ်တော်ကို ဖယ်ရှားရန်ဖြစ်ရာ ပြန်လည်မွေးဖွားလာပြီးသည့်နောက် သူ့ဘက်မှ ဦးစွာ လှုပ်ရှားတော့မည်ဖြစ်သည်။ လီယင်းကို မုန်းတီးလှသော်ငြား မယ်တော်ကြီးကို ပိုမိုမုန်းတီးကာ သူမ၏ မိသားစုကို ဖျက်ဆီးပြီး လီယင်းဘဝတစ်လျှောက်လုံး ယွင်မိသားစုကို ကြောက်လန့်ရင်း ရှင်သန်သွားစေရန် အလိုရှိပေသည်။

လီယင်း၏ ရုပ်ပျက်ဆင်းပျက် ဖြစ်မှုများကို ကျေနပ်အားရသည်အထိ စောင့်ကြည့်ပြီး၍ ငြီးငွေ့လာကာမှ သူ့ကို သတ်လိုကသတ်၊ သို့မဟုတ်ဘဲ လမ်းခွဲလိုလျှင်လည်းလမ်းခွဲ စိတ်တိုင်းကျ လုပ်မည်ဟု ကြံစည်ထားသည်။

ယနေ့ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာမူ သူ့ကို လွန်စွာ နှစ်သက်ချစ်ခင်ဟန်ဆောင်နေသည့် လီယင်း၏ အယောင်ဆောင်မျက်နှာဖုံးကို ခွါချရန်သာ ဖြစ်သည်။

လီယင်းအနေနဲ့ သူ့ရဲ့ ပျို့အန်ချင်စရာ အယောင်ဆောင်လုပ်ရပ်တွေကို ရပ်သွားရင်တော့ အကောင်းဆုံးပေါ့ ...

ယွင်ချင်းစီက လီယင်း၏ နူးညံ့ညင်သာကာ အဆိပ်ကင်းမဲ့လှသည့် အယောင်ဆောင်မျက်နှာဖုံးကို ဖြုတ်ချကာ ယခင်အတိတ်ကကဲ့သို့ အေးစက်ကြမ်းကြုတ်လှသည့် မျက်နှာအမှန်ကို ချပြနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

မြို့စားစံအိမ်တော်ရှေ့တွင် ဘုရင်ခံကျန်းက မိန်းမစိုးကို ကန်ကျောက်ကာ ပြောလိုက်သည်။

"မင်းသဘောပဲ ငွေကိုယူပြီး အသာတကြည် ထွက်မသွားရင် မင်းသခင်ကို အခက်ကြုံရအောင် လုပ်ဖို့ပဲ ရှိတော့တာပေါ့ ..."

လှည်းထဲတွင် သန်မာလှသည့် လက်မောင်းတစ်စုံက ယွင်ချင်းစီ၏ ခါးကို ရုတ်တရက် ပွေ့ဖက်လိုက်၏။ ဒေါသထွက်တော့မည်ပြုစဉ်မှာပင် အေးစက်လှသည့် မြားတစ်ချောင်း အဆင်သင့် တပ်ဆင်ထားသော လေးတစ်လက် သူ့လက်ထဲ ရောက်ရှိလာသည်။

လီယင်းက ယုန်ကို အမဲလိုက်ရန် သင်ကြားပေးစဉ်ကကဲ့သို့ပင် သူ့လက်ကို အုပ်ကိုင်လျက် လေးကြိုးကို ဆွဲလိုက်သည်။

ယွင်ချင်းစီ၏ ပုခုံးပေါ် မေးတင်ကာ ရှေ့တည့်တည့်သို့ စိုက်ကြည့်လျက် သတိပေးလိုက်သည်။

"အာရုံစိုက်ထား ..."

ယွင်ချင်းစီ၏ နှလုံးသားတစ်ခုလုံး အေးစိမ့်သွားကာ အသက်ရှူအောင့်လျက် အာရုံစိုက်လိုက်သည်။

လီယင်းက သူ့လက်ကို အုပ်မိုးကိုင်ထားလျက်ပင် ခပ်ဖျော့ဖျော့ တောက်ပနေသည့်မြားကို ကျန်းစစ်ယုံထံ ချိန်ရွယ်လိုက်သည်။

လေးကြိုးကို ပိုပြီး တင်းတင်း ဆွဲလေလေ လေးကိုင်းမှာ တစ်စထက်တစ်စ ပိုမိုကွေးညွတ်လာလေဖြစ်သည်။

ဝှစ်ခနဲ မြည်သံနှင့်အတူ ---

ချွန်ထက်လှသည့် ‌မြားတံ လေဟုန်ခွင်းလျက် ကျန်းစစ်ယုံ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတော့သည်။

"မင်းရဲ့ ဆန္ဒ ..."

လီယင်းက တီးတိုး ပြောလိုက်သည်။

"ပျော်ရဲ့လား ..."