Chapter 27
ထိုလေးသည် သူတို့ လက်မထပ်မီကတည်းက အမဲလိုက်ရန်အတွက် အသုံးပြုခဲ့ခြင်းဖြစ်ရာ ကာလအားဖြင့် ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ကောင်းစွာ ထိန်းသိမ်းထားသည့်တိုင် လေးကြိုးမှာ လုံလောက်အောင် အားမကောင်းတော့။
ကျန်းစစ်ယုံ၏ ဒေါသတကြီး အော်ဟစ်သံက လှည်းအတွင်းအထိ ပျံ့နှံ့လာတော့သည်။
"ဘယ်သူလဲကွ ငါ့ကို ချောင်းမြောင်းလုပ်ကြံတာ ..."
သူသည် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် လေ့ကျင့်ထားသည့်အပြင် တိုက်ပွဲများစွာကို ရင်ဆိုင်တိုက်ပွဲဝင်ဖူးသည့် တိုက်ခိုက်ရေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက် လှုပ်ရှားမှုကို သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့နှလုံးကို ချိန်ရွယ်ကာ အညှာအတာမဲ့စွာ ပစ်ခွင်းလာသည့် မြားကို ရှောင်တိမ်းနိုင်လိုက်သည်။
ယွင်ချင်းစီမှာ အနည်းငယ် နောင်တရသွားတော့၏။
လီယင်း၏ မြားပစ်စွမ်းရည်အရ သူသာ ပို၍ လျင်မြန်စွာ ပစ်ခတ်ခဲ့ပါလျှင် ကျန်းစစ်ယုံမှာ မုချ အသက်ဆုံးရှုံးရမည်ဖြစ်သည်။
ဤနေရာသို့ လာစဉ်က လီယင်းသည် သူ့စကားများကို အမှန်တကယ် သဘောတူကာ ဦးလေးအရင်းကိုပင် မြားဖြင့် ချိန်ရွယ်ပစ်ခွင်းလိမ့်မည်ဟု မထင်ထားခဲ့ခြင်းသာ ဖြစ်ပေသည်။
သူက လီယင်းရဲ့ သရုပ်ဆောင်နိုင်စွမ်းကို တကယ်ကြီး လျော့တွက်ခဲ့မိတာပဲ ...
သူက အားလုံးကို အသေးစိတ် တွက်ဆတတ်တဲ့သူဆိုတော့ အစောကြီးကတည်းက သူ မပစ်ခင် ကျန်းစစ်ယုံက ရှောင်နိုင်လိမ့်မယ်လို့ တွက်ပြီးသားနေမှာ ...
ယွင်းချင်းစီက သူ့ကို တိတ်တဆိတ် လှောင်ပြောင်ကာ မြားကို လှည်းထဲသို့ ပြန်သွင်းလိုက်သည်။
မြားကို ဆွဲနုတ်လိုက်သည့်အတွက် ကျန်းစစ်ယုံ၏ ရင်ဘက်တစ်ခုလုံး သွေးများပန်းထွက်ကာ ရွှဲရွှဲစိုသွားသည့်တိုင် မြားသည် နက်ရှိုင်းစွာ ဝင်ရောက်သွားခြင်း မရှိ၊ သေကွင်းသေကွက်ကို မထိမိသည့်အတွက် ကံသီကာ သေဘေးနှင့် လွဲချော်သွားရတော့သည်။ ယခုအချိန်မှစကာ အပြင်ထွက်လေတိုင်း သံချပ်ကာ ဝတ်ဆင်ရတော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်တော့၏။
မြို့စားအိမ်တော်မှ တပ်သားအားလုံး နောက်ဖေးတံခါးပေါက်ရှိ လှည်းကို ဝန်းရံကာ ဓားရှည်များကို ဆွဲထုတ်လိုက်ကြသည်။
ကျန်းစစ်ယုံက မည်းမှောင်လှသည့် မျက်နှာနှင့်အတူ အော်ဟစ်လိုက်၏။
"ဒီလှည်းထဲမှာ ပုန်းနေတဲ့ မိတ်ဆွေက ဘယ်သူဆိုတာရယ် ဘာဖြစ်လို့ လူတွေကို တမင်တကာ တိုက်ခိုက်နေရတာလဲဆိုတာရယ်ကို သိပါရစေ ..."
တစ်ဖက်သူသည် မြို့စားစံအိမ်ရှေ့တွင်ပင် သူ့ကို ထိခိုက်အောင် လုပ်ရဲသည့်အတွက် သေချာပေါက် နောက်ခံအင်အား တောင့်တင်းမည်ဖြစ်ကြောင်း တွက်ဆထားပြီးဖြစ်သည်။ ကျန်းမိသားစုနှင့် ပဋိပက္ခ ဖြစ်ဖူးသူများကို ပြန်စဉ်းစားရင်း လက်ထဲမှ ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
ပွင့်ပွင့်လင်းလင်းကြီး ရန်လာစရဲမှတော့ ငါ့ကို အညှာအတာ ကင်းမဲ့ပါတယ်ဆိုပြီး အပြစ်မပြောနဲ့တော့ ကိုယ့်ကိုယ်ကို ကာကွယ်ရင်း လူသတ်မိတာက လူသတ်မှုမမြောက်ဘူးလို့ တိုင်းပြည်ရဲ့ ဥပဒေမှာ အတိအလင်း ပြဌာန်းထားပြီးသား ...
ဧကရာဇ်ရဲ့ရှေ့မှာ ပြဿနာရှာမိတယ် ဆိုရင်တောင် သူ့အခွင့်အရေးဘောင်ထဲမှာ ရှိနေတုန်းပဲ ...
လှည်းထဲသို့သာ စိုက်ကြည့်နေသည့်တိုင် သူ့ကို စိတ်အေးလက်အေး စိုက်ကြည့်နေသည့် ကျင်းဟွမ်နှင့် ရင်ရှီကို သတိမပြုမိ။ လျှိုလူကြီးမင်းက လိုက်လာခြင်း မရှိသည့်အပြင် အရှင်ကလည်း လှည်းထဲမှ ထွက်မလာသေး။
ဒီလူကတော့လေ အရှင်ရှိနေတဲ့ လှည်းအရှေ့မှာကို ဓားဆွဲထုတ်ရဲတဲ့အထိ သတ္တိကောင်းနေတယ်ပေါ့ ...
လီယင်းက ယွင်ချင်းစီ၏ ညွှန်ကြားချက်ကို စောင့်နေဆဲပင်။
"သူ မသေသွားဘူးဆိုတော့ ဧကရီက ကိုယ်တော့်ကို လူလုံးထွက်ပြစေချင်လား ..."
ယွင်ချင်းစီက အပြစ်ကင်းစင်စွာ ပြောလိုက်သည်။
"ကျွန်တော်က ဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်ခဲ့ပါဘူး ..."
လီယင်းက ပြုံးလိုက်သည်။
အပြင်ဘက်ရှိ ကျန်းစစ်ယုံက စိတ်မရှည်စွာ အော်ဟစ်လိုက်၏။
"ဘယ်က ခွေးသားတွေ..."
လှည်းတံခါးမှာ တွန်းဖွင့်ခြင်း ခံလိုက်ရတော့၏။
အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် ဧကရာဇ် ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်၏ တစ်လက်မချင်းစီတိုင်းကပင်လျှင် အသရေတင့်တယ်မှုတို့ ပြည့်နှက်နေသည်။ ဝတ်ရုံအောက်နားစဆီမှ နဂါးချည်ထိုးဖိနပ်ကို ဖြတ်ခနဲ လှမ်းမြင်နေရကာ ထိုင်နေသည့် ကိုယ်ဟန်ကပင်လျှင် မြင်ရသူတိုင်း ချမ်းစိမ့်သွားစေတော့သည်။
ကျန်းစစ်ယုံက ပြောလက်စ စကားများ အားလုံးကို ရပ်တန့်ကာ ခက်ခက်ခဲခဲ မျိုချလိုက်တော့သည်။
"ချွမ်" ဟူသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာကာ တပ်သားအားလုံး ကိုင်ဆောင်ထားသည့် ဓားများကို တစ်ယောက်ပြီးတစ်ယောက် လွှတ်ချလိုက်ကြတော့သည်။
"အ ... အရှင် ... အရှင့်ကို နှုတ်ခွန်းဆက်သပါတယ် ညံ့ဖျင်းလှတဲ့ ကြိုဆိုမှုအတွက် ဒီငယ်သားကို ခွင့်လွှတ်ပေးတော်မူပါ ..."
သူ့မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။
အတိတ်အချိန်က ကျန်းစစ်ယုံသည် လီယင်းကို လုံးဝ မကြောက်ရွံ့ခဲ့။ သူသည် လီယင်း၏ဦးရီးတော်တစ်ဦးဖြစ်ရာ ကြီးမားသည့်ပြစ်မှု မကျူးလွန်သရွေ့ လီယင်းက သူ့ကို မည်သို့မျှ ထိပါးလိမ့်မည် မဟုတ်ချေ။ သို့သော် ယနေ့တွင်မူ သူ့ရှေ့ ထွက်ပေါ်လာရုံသာမက မြားဖြင့်ပင် ပစ်ခတ်လိုက်သေးရာ ...
တစ်ကိုယ်လုံး ရွှဲနစ်သွားသည်အထိ ချွေးဖြိုင်ဖြိုင် ကျလာသည့်တိုင် သူ မည်သည့်နေရာတွင် မှားခဲ့ကြောင်းလည်း ထုတ်မမေးရဲ။
လီယင်း၏ ရင်ခွင်ထဲတွင် ချောမောသည့် အမျိုးသားတစ်ဦးလည်း ရှိနေ၏။ မျက်နှာသွင်ပြင်မှာ မသေမျိုးတစ်ပါးနှယ် တင့်တယ်လှသည့်တိုင် အသာအယာ လှည့်ကြည့်လာသည့် အမူအယာမှာမူ မြွေဟောက်တစ်ကောင်နှယ် သွေးအေးကာ အဆိပ်ပြင်းလှ၏။
ယွင်ချင်းစီ ...
ယွင်ချင်းစီ ... သူက ဘာဖြစ်ချင်နေတာလဲ ...
ဒီ လူယုတ်မာကောင်ကတော့ ...
လီယင်းက ယွင်ချင်းစီကို ပွေ့ဖက်ထားလျက်နှင့်ပင် လှည်းအပြင်သို့ ထွက်လာ၏။ ယွင်ချင်းစီကလည်း နာခံမှု အပြည့်ဖြင့် ဘေးနားတွင် အသာလေး မတ်တပ်ရပ်ကာ နောက်ထပ် ဖြစ်လာမည့် ပြဇာတ်ကို စောင့်ကြည့်နေလိုက်သည်။
လီယင်းက မတ်တပ်ရပ်ရန် မပြောသေးသည့်အတွက် ကျန်းစစ်ယုံမှာ လုံးဝ မလှုပ်ရှားရဲ။ မြေပေါ်ရှိ ဓားများအနီးသို့ လျှောက်လှမ်းလာသော နဂါးဖိနပ်တစ်စုံနှင့် ထိုဓားတစ်ချောင်းကို ကောက်ယူလိုက်သည့် ဝါးပင်ကဲ့သို့ သွယ်လျလှသော လက်ချောင်းတို့ကိုသာလျှင် မြင်လိုက်ရတော့၏။
သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။
ထိုတစ်ခဏတွင် မြို့စားစံအိမ်တော်အတွင်းမှ ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရကာ လီယင်း၏ အကြီးဆုံးဦးလေး၊ ဒုတိယဦးလေးတို့နှင့်အတူ မြိုစားအိုကြီးကျန်းပါ အမောတကော ထွက်ခာသည်ကို တွေ့လိုက်ရသည်။
တစ်ဦးမှာ စစ်မက်ရေးရာဌာန၏ အရာရှိ၊ ကျန်တစ်ဦးမှာ ဒုစစ်သူကြီးချုပ်ဖြစ်ရာ နှစ်ဦးလုံးမှာ သာမန်ပြည်သူများ သေလုမြောပါး ကြောက်ရွံ့သွားစေနိုင်လောက်သည့် ဩဇာအာဏာကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ပေသည်။ ကျန်းမိသားစု ပိုင်ဆိုင်ထားသမျှ ထိုအာဏာအားလုံးမှာ နန်းတက်ပြီး ခုနစ်နှစ်အတွင်း လီယင်း ပေးအပ်ခဲ့သည်များ ဖြစ်ပေသည်။
ထီးနန်းဆက်ခံခဲ့ချိန်က လီယင်းသည် ၁၃ နှစ်အရွယ်သာ ရှိသေးသည်။ ထိုစဉ်က အမတ်ချုပ်ယွင်က သူ့ဘေးတွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သေးသော်လည်း လီယင်း၏ အမြင်တွင် သူသည် ယခင်ဧကရာဇ်၏ ရွေးချယ်ခြင်း ခံထားရသည့်အတွက် အပြင်လူသဘောမျှသာ ဖြစ်ပေသည်။ ထို့အပြင် မယ်တော်ကြီးကလည်း သူနှင့် လီယင်းအကြား စိတ်ဝမ်းကွဲပြားအောင် သွေးထိုးစ ပြုလာပေသည်။
မယ်တော်ကြီးက လီယင်းကို ငယ်စဉ်ကတည်းက ပျိုးထောင်ခဲ့သူ ဖြစ်သည့်အတွက် သူမနှင့် ဆက်ဆံရေးမှာ လွန်စွာ နက်ရှိုင်းကာ များစွာလည်း ရိုသေလေးစားပေသည်။
သူတို့ လက်ထပ်ခဲ့စဉ်က လီယင်းသည် မယ်တော်ကြီးက သူ့ထံမှ ရာထူးများ တောင်းခံခဲ့သည့် ကိစ္စများကိုပင် မကွယ်ဝှက်စတမ်း ပြောပြခဲ့သည်။ မယ်တော်ကြီးကို မည်မျှပင် လေးစားပါစေ သူသည် အုပ်စိုးသူတစ်ဦး ဖြစ်သည့်အတွက် မိသားစုနှင့် စည်းမျဉ်းများအကြား အခက်တွေ့ခဲ့ရတော့သည်။
အမှန်စင်စစ်တွင် မယ်တော်ကြီးသည် လီယင်း၏ ရှေ့မှောက်တွင်သာမက ယွင်ချင်းစီ၏ အရှေ့တွင်လည်း ငိုကြွေးခဲ့ပေသေးသည်။ သူက ယခင်ဧကရာဇ်၏ ချစ်မြတ်နိုးခြင်းကိုလည်း မခံခဲ့ရ၊ မင်းသားငယ် ဧကရာဇ် ဖြစ်လာသည်အထိ အားလုံးကို ကြိတ်မှိတ်သည်းခံခဲ့သော်ငြား လီယင်းက သူမနှင့် အကွာအဝေးတစ်ခု ခြားထားကာ ယခင်ဧကရာဇ်နှယ်ပင် ထီးနန်းဆက်ခံပြီးသည့်နောက် သူမကို မိခင်အဖြစ် အသိအမှတ် မပြုလိုတော့ဟု ဆိုလာသည်။
ယွင်ချင်းစီက သူ့မိခင်ကိုတွေးကာ ကိုယ်ချင်းစာမိသည့်အတွက် လီယင်းကို နားချရာ၌ ကူညီပေးလိုက်တော့၏။
ဤကဲ့သို့သော ကိစ္စရပ်များကြောင့် လီယင်း၏ မိခင် နာကျင်ရသည်ကို မမြင်လိုခြင်းမျှသာ ဖြစ်သော်ငြား နောက်ဆုံးတွင်မူ ကျန်းမိသားစုက သန်မာလာကာ ယွင်မိသားစု အားနည်းလာခြင်းဖြင့်သာ အဆုံးသတ်သွားတော့၏။ ကျားတစ်ကောင်ကို မွေးရခြင်း၏ အကျိုးဆက်များပင်။
သိူ့သော် လီယင်းအတွက်မူ သူ့မိခင်ဘက်မှ မိသားစု ကြောက်ခမန်းလိလိ သန်မာလာခြင်းမှာ ကိစ္စကြီးတစ်ရပ် မဟုတ်။ မိခင်ဘက်မှ ဦးရီးတော်များ၏ အကူအညီဖြင့် သူ့ထီးနန်းမှာ ပို၍ပင် အခြေခိုင်ခံ့လာတော့သည်။
စံအိမ်ထဲမှ ထွက်လာသူသုံးဦးကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီလည်း ယနေ့အဖို့ ကြည့်ရှုစရာ ပြဇာတ်များ မရှိတော့ဟု သဘောပေါက်လိုက်တော့သည်။
တစ်ညီတစ်ညာတည်း ဖုံးဖိပြောဆိုခြင်းနှင့်အတူ ထိုသူများသည် ကြွေထည်ခိုးယူသည့် ကိစ္စအား အရေးမပါသည့် အသေးအဖွဲတစ်ရပ်အဖြစ် ပြောင်းလဲလိုက်ကြတော့မည်ဖြစ်သည်။
ရင်ရှီ ကမ်းပေးလာသည့် လက်အနွေးအိတ်ကို ကိုင်ထားရင်း ဒူးထောက်နေသူ သုံးဦးကို သာမန်ကာလျှံကာ စိုက်ကြည့်လိုက်သည်။
"အရှင့်ကို နှုတ်ခွန်းဆက်သပါတယ် ဒီငမိုက်သားက ဘယ်လို ပြစ်မှုမျိုး ကျူးလွန်ခဲ့သလဲတော့ မသိပေမယ့် အရှင့်အနေနဲ့ နားလည်မှု လွဲမှားနေတာလေးတွေကို ရှင်းလင်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ..."
လီယင်းက ပြောလိုက်သည်။
"ဧကရီရဲ့ ကြွေထည် သင်တို့ လက်ထဲမှာလား ..."
ထိုစကား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သုံးဦးသား စိတ်သက်သာရာ ရသွားကာ ကျန်းစစ်ယုံက နှုတ်ခမ်းတို့ကိုပင် တွန့်ကွေးလိုက်တော့သည်။
ဒါပဲလား ...
သားနှစ်ယောက် ကူတွဲပေးခြင်းကို ခံနေရသည့် လူအိုကြီးကျန်းက ခါးကို ကိုင်းထားရင်း ယွင်ချင်းစီကို အကဲခတ်နေလိုက်သည်။ သူ့အကြည့်ထဲတွင် အထင်သေးသည့် အရိပ်အယောင်တို့က ဖုံးဖိ၍ မရနိုင်လောက်အောင်ပင် ထွက်ပေါ်နေ၏။
သူက ပြုံးကာ ပြောလိုက်သည်။
"လက်စသတ်တော့ အရှင်က ဒီကိစ္စကြောင့် ကြွချီလာတာကိုး ဒီအမတ်အိုကြီးက စစ်ယုံများ ခွင့်မလွှတ်နိုင်စရာ ပြစ်မှုမျိုး ကျူးလွန်ခဲ့သလားလို့ ထင်လိုက်မိတာ ..."
လီယင်းက သူ့ကိုသာ စိုက်ကြည့်နေလိုက်သည်။
အမတ်ကြီးကျန်းက ယွင်ချင်းစီကိုကြည့်ကာ ပြောလိုက်၏။
"ဒီပစ္စည်းက ဧကရီရဲ့ ပစ္စည်းလို့ တကယ်ကို မသိခဲ့ပါဘူး တကယ်လို့ ဧကရီကို အပြစ်ပြုမိရာ ရောက်သွားရင်လည်း ဧကရီအရှင်ကပဲ ဒီလူအိုကြီးရဲ့ ပေါ့ဆမှုကို ခွင့်လွှတ်ပေးတော်မူပါ ..."
လူအများ မျက်စိရှေ့မှောက်တွင် ရှိနေသည့်အတွက် ယွင်ချင်းစီသည်လည်း တင်းခံနေ၍ မရရာ ပြုံးလျက်သာ ပြောလိုက်ရတော့သည်။
"မြို့စားမင်းရဲ့ စကားတွေက မှန်ပါတယ် နောက်တစ်ကြိမ် လူတွေကို ပြသဖို့ စီစဉ်တဲ့အခါ ကျွန်တော့်ကို သာမန်ပြည်သူလို့ အထင်မှားပြီး အနိုင်မကျင့်ရလေအောင် နာမည်ကို ခပ်ကြီးကြီး ရေးပေးလိုက်ပါ့မယ် ..."
ဤသည်မှာ လီယင်းကို ရည်ရွယ်ပြောလိုက်ခြင်းပင် ဖြစ်သည်။
မြို့စားအိုကြီးလည်း မျက်နှာပျက်ယွင်းသွားကာ ပြောလိုက်သည်။
"အရှင် ဧကရီ ကျေးဇူးပြုပြီး စကားကို ဆင်ခြင်ပြီး ပြောပေးတော်မူပါ ကျွန်တော်တို့ ကျန်းမိသားစုက ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ အနိုင်မကျင့်ခဲ့ဖူးပါဘူး ..."
ယွင်ချင်းစီ၏ မျက်လုံးတို့ အနည်းငယ် ပြူးကျယ်သွားတော့၏။ လီယင်း၏ အင်္ကျီလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ သူ့နောက်သို့ ဝင်ပုန်းပြီး တီးတိုးပြောလိုက်သည်။
"ကျွန်တော် ဘယ်တုန်းကမှ အဲဒီလို မပြောခဲ့ဖူး ... မြို့စားမင်းက အရမ်းကို ခက်ထန်တာပဲ ..."
မြို့စားအိုကြီး "မင်း ..."
"တော်လောက်ပြီ ..."
လီယင်းက ပြောလိုက်သည့်အခါ မြို့စားအိုကြီးက အသံတိတ်သွား၏။ ယွင်ချင်းစီရှိရာဘက်သို့ ခေါင်းစောင်းကာ ပြောလိုက်သည့်အခါတွင်မူ သူ့လေသံမှာ အနည်းငယ် နူးညံ့သွားတော့သည်။
"ဧကရီက ဘယ်လိုလုပ်ချင်လဲ ..."
မင်းရဲ့ ဦးရီးတော်မိသားစု တစ်ခုလုံးကို သေစေချင်တယ် ...
ယွင်ချင်းစီက ပြောလိုက်သည်။
"အားလုံးက ဆွေမျိုးတွေ ပြီးတော့ နားလည်မှု လွဲခဲ့တာလေးပဲ ဆိုမှတော့ ကျွန်တော့်ရဲ့ ကြွေထည်ကိုပဲ ပြန်ပေးလိုက်ပါ ..."
နားလည်မှုလွဲတာ ဟုတ်လား ...
ကျန်းစစ်ယုံမှာ မွန်းကြပ်သွားရတော့၏။
ယွင်ချင်းစီက တမင်ကို လုပ်နေတာပဲ မြားနဲ့ အပစ်ခံရပြီးမှ ကြွေထည်ကိုပါ ပြန်ပေးရမယ်ဆိုရင် သူ ခံစားခဲ့ရသမျှ အကုန် အလကား ဖြစ်ကုန်တော့မှာပေါ့ ...
မြို့စားအိုကြီးက ပြန်မဖြေနိုင်သေးခင်မှာပင် သူက ဦးစွာ ပြောလိုက်သည်။
"အရှင့်ကို စိုးရွံ့မိပေမယ့် ဒီကြွေထည်ကို ဧကရီ့လက်ထဲ ပြန်ထည့်မပေးနိုင်လောက်တော့ပါဘူး ..."
ယွင်ချင်းစီ၏ မျက်ခုံးအစုံ ပင့်တက်သွားသော်ငြား လီယင်းမှာမူ တည်ငြိမ်နေဆဲပင်။
"အိုး ဟုတ်လား ..."
"မနေ့က အိမ်တော်မှာ ကြောင်တစ်ကောင် လာသောင်းကျန်းပြီး ကြွေထည်ကို မတော်တဆ ဖျက်ဆီးသွားပါတယ် ..."
ယွင်ချင်းစီက လီယင်း၏လက်ကို ချက်ခြင်း အားမာန်အပြည့်ဖြင့် ဆွဲဆိတ်လိုက်သည်။
လီယင်းကမူ လုံးဝ လှုပ်ရှားမလာ။ မြို့စားအိုကြီးကိုသာ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
"သူ ပြောသွားတာ အမှန်ပဲလား ..."
မိသားစုဝင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မြို့စားအိုကြီးအနေဖြင့် အချိန်မဆွဲဘဲ ခပ်သုတ်သုတ် ပြန်ဖြေရမည်ဖြစ်သည်။
"အဲဒီ့ကြွေထည်က သူ့အခန်းထဲမှာ ထားထားတာဆိုတော့ ဒီအမတ်အိုကြီးလည်း ကောင်းကောင်း မသိပါဘူး ..."
ကျန်းစစ်ယုံကို စိုက်ကြည့်နေသည့် လီယင်း၏ အကြည့်တို့ ပိုမို နက်ရှိုင်းလာကာ နောက်တစ်ကြိမ် ထပ်မံကာ အတည်ပြုလိုက်သည်။
"တကယ်ပဲ ပျက်စီးသွားတာလား ..."
"ဟုတ်ပါတယ် ..."
ကျန်းစစ်ယုံက လေးစားမှု အပြည့်ဖြင့် မတုန့်မဆိုင်း ပြန်ဖြေလိုက်သည်။
"ဒီကိစ္စအတွက် ဒီငယ်သားမှာ တကယ်ပဲ တာဝန်ရှိပါတယ် အဲဒါကြောင့် ပြန်လည်ပေးဆပ် .. အားးးး ..."
ကြောက်လန့်တကြား အော်ဟစ်သံနှင့်အတူ မြို့စားကျန်းသည် လက်ထဲရှိ ကိုင်ထားသော ဓားအား ရုတ်ချည်း လွှဲယမ်းလိုက်သည့် ဧကရာဇ်နှင့် သူ့သားအငယ်ဆုံး၏ လက်မောင်းတစ်ဖက် မြေသို့ ပြုတ်ကျလာသည်ကို မျက်မြင် တွေ့လိုက်ရတော့သည်။
သွေးတို့က အရှိန်အဟုန်ပြင်းစွာဖြင့် ပန်းထွက်လာ၏။
မည်သူကမှ လီယင်းကို ဤကဲ့သို့ လုပ်လိုက်လိမ့်မည်ဟု ထင်မှတ်မထား၊ ယွင်ချင်းစီပင်လျှင် ကြောင်အသွားတော့သည်။
သိူ့သော် သွေးထွက်လာသည့် မြင်ကွင်းကိုတော့ စိုးစဉ်းမျှပင် မမြင်လိုက်ရ။
ဓားကို မလွှဲခင်ကတည်းက လီယင်းသည် သူ့ပုခုံးတွင် မျက်နှာအပ်ထားစေနှင့်ပြီးဖြစ်သည်။ သူ့ကို အသာအယာ ပုတ်ပေးနေရင်း တစ်ဖက်လှည့်ကာ အမိန့်ပေးလိုက်သည်။
"ဧကရီကို လှည်းဆီ ပြန်လည်ခေါ်ဆောင်သွားကြ ..."
ကျင်းဟွမ်နှင့် ရင်ရှီတို့လည်း သွေးဆုတ်ဖြူလျော်သွားကြကာ ယွင်ချင်းစီကို အမြန် ကူတွဲပေးလိုက်သည်။
မြို့စားကျန်းက တစ်ဖန် ဒူးထောက်ချလိုက်ပြန်၏။
"အရှင်.. အရှင် ဒီငယ်သားက နောက်တစ်ကြိမ် ပြန်ရှာကြည့်လိုက်ပါ့မယ် ... သွားကြစမ်း ကြွေထည်က တကယ် ပျက်စီးသွားတာလား အခုချက်ခြင်း သွားကြည့်ကြစမ်း ..."
ကျန်းစစ်ယုံမှာမူ နာကျင်မှုကြောင့် လူးလှိမ့်နေရဆဲပင်။
သွေးတို့က မြေပြင်အနှံ့ စီးကျလာတော့၏။
မြို့စားကျန်းမှာ နာကျင်နေသည့် နောက်ကျောကိုပင် သတိမရနိုင်၊ သားဖြစ်သူကို တွဲထူလျက် ပန်းထွက်လာသော သွေးများကို ကယောင်ကတမ်း ဖိပိတ်ပေးနေလိုက်တော့သည်။
"အရှင် ကျေးဇူးပြုပြီး သူ့ကို အသက်ချမ်းသာပေးတော်မူပါ သူက စကားကို မဆင်မခြင် ပြောလိုက်မိတာကလွဲရင် တစ်ခြား ဘာ မကောင်းတဲ့ အကြံအစည်မှ မရှိပါဘူး ..."
"နောက်တစ်ကြိမ် ထပ်မေးမယ် ကြွေထည်က တကယ်ပဲ ပျက်စီးသွားတာ ဆိုရင်တော့ သူ့ကို ..."
ဓားသွားက ကျန်းစစ်ယုံထံ ကျရောက်လာပြန်၏။
"... ဧကရီရဲ့ ကြွေထည်နဲ့အတူ မြှုပ်နှံပေးလိုက်ရုံပဲ ရှိတာပေါ့ ..."
ဒုစစ်သူကြီးချုပ်ကျန်းက သစ်သားသေတ္တာတစ်လုံးကို ကိုင်ဆောင်ရင်း အမြန် ပြန်ရောက်လာကာ လီယင်း၏ အရှေ့တွင် ဒူးထောက်ပြီး လက်ကို မြင့်မြင့်မြှောက်လျက် ပြောလိုက်သည်။
"ဒီမှာပါ လုံးဝကို မပျက်စီးသေးပါဘူး အရှင် ကျေးဇူးပြုပြီး ကြည့်တော်မူပါ အားလုံး အကောင်းပကတိအတိုင်း ရှိနေပါသေးတယ် ..."
လီယင်းက ကျင်းဟွမ်ကို စိုက်ကြည့်လိုက်၏။ ကျင်းဟွမ်က ရှေ့တစ်လှမ်းတိုးကာ သေတ္တာကို ယူလိုက်ပြီး လှည်းထဲရှိ ယွင်ချင်းစီထံ ကမ်းပေးလိုက်သည်။ တစ်ခဏအကြာတွင် ပြန်ရောက်လာကာ အတည်ပြုပေးလိုက်၏။
"ဒါက တကယ်ပဲ ဧကရီရဲ့ ကြွေထည် ဟုတ်ပါတယ် ပြီးတော့ ဘာမှ အပျက်အစီးမရှိ အကောင်းပကတိအတိုင်းပါပဲ ..."
မြို့စားကျန်းက အားတက်သရော ဝင်ပြောလိုက်သည်။
"အရှင်မင်းကြီး .. ပစ္စည်းကိုလည်း ဧကရီရဲ့လက်ထဲ ပြန်လည်ပေးအပ်ပြီးပြီဆိုတော့ ကျေးဇူးပြုပြီး မယ်တော်ကြီးရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ မဆင်မခြင် ပြောမိတဲ့သူကို ခွင့်လွှတ်ပေးတော်မူပါ ..."
လီယင်းက လွန်စွာ အေးစက်လှသည့် အမူအယာဖြင့် တစ်ခွန်းချင်း ပြောလိုက်သည်။
"မဆင်မခြင် ပြောမိတာလား ဒါမှမဟုတ် ဧကရာဇ်ကို လိမ်ညာတာလား ..."
မြို့စားကျန်း၏ အရှေ့သို့ ဓားကို ပစ်ချကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"နိုင်ငံ့ဥပဒေက ဘယ်လိုဆိုတာ မြို့စားကြီးလည်း ရှင်းရှင်းလင်းလင်း သိလောက်ပါတယ် သူခိုးတစ်ဖြစ်လဲ ဆိုးယုတ်တဲ့ အရာရှိကို ကိုယ်တိုင်ပဲ ကိုင်တွယ်လိုက်ပါ ..."
ရေမြေ့အရှင်ကို လိမ်လည်လှည့်ဖျားသည့် အရာရှိအား ဖုံးကွယ်ပေးထားခြင်းသည် နိုင်ငံတော်ပုန်ကန်မှုပင် ဖြစ်သည်။
ပုန်ကန်မှု ကျူးလွန်ပါလျှင် တစ်မိသားစုလုံး ဖမ်းဆီးကာ ခေါင်းဖြတ်ကွပ်မျက်ခြင်း ခံရမည်ဖြစ်သည်။
လီယင်းက လှည်းထဲသို့ ပြန်ဝင်သွားလိုက်၏။
ယွင်ချင်းစီက လှည်းထဲတွင် တိတ်တဆိတ် ထိုင်နေသည်။ မြင်းခွာသံများကို ကြားလိုက်ရကာမှသာ တစ်ဖက်သို့ ပြန်လှည့်လာ၏။
လှည်းအပြင်ဘက်တွင် ကျန်းစစ်ယုံက လွန်စွာ အထိတ်ထိတ်အပျာပျာဖြင့် ခွင့်လွှတ်မှုကို တောင်းခံနေသည်။
"အဖေ အဖေ ကျွန်တော် မှားသွားပါတယ် ကျေးဇူးပြုပြီး မသတ်ပါ ..."
စကားသံက ရုတ်ချည်း ပြတ်တောက်သွားတော့၏။