အပိုင်း ၂၈
Viewers 13k

Chapter 28


လှည်းက အသံတိတ်ဆိတ်နေသည့် နောက်ဖေးလမ်းကြားကို ဖြတ်ကာ စည်ကားသိုက်မြိုက်လှသော လမ်းမတန်းဘက်သို့ ရောက်ရှိလာတော့သည်။ ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေသော်ငြား လှည်းအတွင်းမှာမူ လွန်စွာ တိတ်ဆိတ်ငြိမ်သက်လှ၏။

လီယင်းက ယွင်ချင်းစီဘေးတွင် ထိုင်ကာ သူ့ကို အကဲခတ်နေလိုက်သည်။ ထို့နောက် အကြည့်တို့က ပေါင်ပေါ် တင်ထားသည့် ယွင်ချင်းစီ၏ လက်တို့ထံ ကျရောက်သွားတော့သည်။ 

အဝကျယ် အင်္ကျီလက် အနည်းငယ် ရွေ့လျားသွားကာ သူ့လက်ဖဝါးကို ယွင်ချင်းစီ၏ လက်များပေါ်သို့ အုပ်မိုးလိုက်သည်။

ယွင်ချင်းစီက မျက်လွှာချလျက် သူ့လက်များကို ကြမ်းကြမ်းတမ်းတမ်း တွန်းဖယ်လိုက်၏။

အတော်ကြာ တိတ်ဆိတ်နေပြီးကာမှ လီယင်းက ပြောလိုက်သည်။

"ဘာလို့ စိတ်ပျက်နေရတာလဲ ..."

ယွင်ချင်းစီက သူ့ကို တစ်ခဏမျှ စိုက်ကြည့်နေလိုက်၏။ ယခုလက်ရှိ လီယင်းကို သူ့အနေဖြင့် လုံးဝ မရင်းနှီးတော့ဟု တွေးမိသွားတော့သည်။

ဒါကို ဘယ်လိုဖြစ်လို့ သူ့အတွက်(ယွင်ချင်းစီ) လုပ်ပေးနိုင်ရတာလဲ ...

ယွင်ချင်းစီက နှုတ်ခမ်းတို့ကို ကိုက်ကာ မျက်ခုံးပင့်လျက် ပြောလိုက်သည်။

"အရှင် အရှင်က တကယ်ကို ရက်စက်တာပဲ ..."

လီယင်း၏ လက်ချောင်းတို့ မသိမသာ တုန်ရီကာ တစ်ခဏမျှ ကြာကာမှ ပြန်ပြောလိုက်သည်။

"မင်းက ကိုယ့်ကို အပြစ်တင်နေတာပဲ ..."

"မလုပ်ဝံ့ပါဘူး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"အရှင်က ကျွန်တော့်ကိုယ်စား အမျက်ထွက်ပေးတာကိုတောင် ကျေးဇူးမတင်ရသေးတာ ဘယ်လိုလုပ် အရှင့်ကို အပြစ်တင်ရဲပါ့မလဲ ..."

လီယင်းက အသက်ကို ပြင်းပြင်းရှူလျက် ပြောလိုက်သည်။

"ကိုယ့်ကို အပြစ်မတင်ဘူးဆို ဘာလို့ ရှောင်ဖယ်နေရတာလဲ ..."

ယွင်ချင်းစီက သူ့ကို အတော်ကြာ စိုက်ကြည့်နေပြီးကာမှ ရုတ်ချည်း နူးညံ့ညင်သာစွာ ပြောလိုက်သည်။

"အရှင်..."

သူ့လေသံထဲတွင် ဆိုင်းတွမှုနှင့် သိလိုမှုများ ပြည့်နှက်နေသည်။

"အရှင့်မှာ နှလုံးသားရော ရှိရဲ့လား ..."

လီယင်းက ဤကဲ့သို့ လုပ်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထား။

ပြီးခဲ့သည့်ညက လီယင်းကို ချောင်ယန်နန်းဆောင်သို့ ခေါ်ဆောင်ခဲ့ရာ အကယ်၍ တစ်ယောက်ယောက်က ကြွေထည်ကို ကျန်းစစ်ယုံ လုယူသွားသည့်အကြောင်း တင်ပြလိုသည့်တိုင် တင်ပြနိုင်ချိန် ရှိလိမ့်မည် မဟုတ်ချေ။

ထိုသည်သာမက သူ့ကို ကျန်းအိမ်တော်အရှေ့အထိ ခေါ်ဆောင်ခဲ့ချိန်ကလည်း မနက်ခင်းအစောပိုင်းသာ ရှိသေးသည်။ ကျန်းစစ်ယုံကို မြားဖြင့်ပစ်ရန် ပြောသည်နှင့် လီယင်းက သဘောတူလိုက်သည်အကြား အသက်ရှူချိန်တစ်ချို့မျှသာ ကြာမြင့်ပေသည်။

သို့သော် လီယင်းကမူ အလျင်အမြန် တုန့်ပြန်နိုင်ဆဲပင်။

မြားဖြင့် ပစ်ခတ်ပြီးနောက် ကျန်းစစ်ယုံ၏ လက်မောင်းကို ဖြတ်တောက်ခဲ့ရုံသာမက မြို့စားအိုကြီးကျန်းကိုပင် သားဖြစ်သူကို ကိုယ့်လက်ဖြင့် ကိုယ်တိုင် အဆုံးစီရင်ရန် ဖိအားပေးခဲ့သေးသည်။ သူ့လုပ်ရပ်များမှာ တစ်ခုထက်တစ်ခု ပိုမိုကာ ရက်စက်ပြင်းထန်လှပေသည်။

ထိုကိစ္စအားလုံးအတွက် လီယင်းတွင် များများစားစား စဉ်းစားကာ အကျိုးအပြစ် ချိန်ဆနိုင်ချိန် မရှိခဲ့။ ဆက်တိုက် ဖြစ်ပွားသွားသည်ဟု ထင်ရသော်ငြား အားလုံးကို စနစ်တကျ စီစဉ်ထားသည့်ဟန်လည်း တူပေသေးသည်။

သူက တကယ်ကို ဧကရာဇ်အဖြစ် အရွေးခံထိုက်ပါပေတယ် ...

ချက်ခြင်းလက်ငင်းကြီးကို ကြောက်စရာကောင်းလာသလိုပဲ ...

ယွင်ချင်းစီမှာ ယုတ္တိမရှိဟု ခံစားမိလာသည့်တိုင် အမှန်တကယ်လည်း ယုတ္တိမရှိပေ။

ပြီးခဲ့သည့် ဘဝက ကြုံတွေ့ခဲ့ရသည်များကြောင့် သူသည် လီယင်းကို လွန်စွာ ထိန်းချုပ်လိုပေသည်။

ဒါပေမယ့် သူ့လိုလူမျိုးက ဘယ်လိုဖြစ်လို့ သာမန်သူတွေ ထိန်းချုပ်တာကို အလွယ်တကူ ခံမှာတဲ့လဲ ...


သူက ဒီလို အဆုံးသတ်မျိုးနဲ့ပဲ တန်တယ် ...

သို့သော် တစ်ချိန်တည်းမှာပင် သူ့စိတ်နှလုံးသားထဲ၌ မလိုလား မုန်းတီးစိတ်များ လှိုင်းလုံးသဖွယ် တလိမ့်လိမ့် တက်လာတော့သည်။

သူက ဘာလို့ လီယင်း ကစားတာကို ခံနေရမှာလဲ ...

"အရှင့်မှာ နှလုံးသားရော ရှိရဲ့လား ..."

တုန့်ဆိုင်းစွာ မေးလိုက်သည့်တိုင် သူ့အမူအယာမှာမူ အေးစက်မှု၊ ပြက်ရယ်ပြုလိုမှုတို့ဖြင့်သာ ပြည့်နှက်နေသည်။

လီယင်းက သူ့ကို ဆွေးဆွေးမြေ့မြေ့ ပြုံးပြလျက် လှည်းနံရံကို ဖြည်းညင်းစွာ မှီလိုက်သည်။ ခေါင်းကို တစ်ဖက်သို့ စောင်းထားသည့်အတွက် ချောမွေ့ကာ အသ‌ရေတင့်တယ်လှသညါ့ သွယ်လျသော လည်တိုင်ကို အတိုင်းသား မြင်နေရတော့သည်။

တံတွေးမျိုချလိုက်လေတိုင်း လည်စေ့ကလည်း အထက်အောက် လှုပ်ရှားသွား၏။

လီယင်းက ပြောလိုက်သည်။

"အခု ကိုယ်လုပ်ခဲ့သမျှတိုင်းက မှားနေလို့လား ..."

ယွင်ချင်းစီမှာ အနည်းငယ် အံ့ဩသွားရ၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..."

သူက ပြောလိုက်သည်။

"အရှင်က သက်ဦးဆံပိုင်ဘုရင်ပဲဟာ အရှင် ဘာပဲလုပ်လုပ် အားလုံး မှန်ပြီးသားပဲလေ ..."

လီယင်းမှာ လွန်စွာ ပင်ပန်းနေသည့်ဟန်။ မျက်လုံးကို ဖွင့်လျက် လှည်းအမိုးကိုသာ အသံတိတ် စိုက်ကြည့်နေလိုက်၏။ သူ့အတွေးတို့ကို မည်သူမှ ခန့်မှန်းနိုင်ခြင်း မရှိပေ။ ထို့နောက်တွင်မှ ယွင်ချင်းစီကို လှည့်ကြည့်လာလိုက်သည်။

ယွင်ချင်းစီမှာ ဤအမူအယာကို လွန်စွာ အကျွမ်းတဝင် ရှိလှသည်။

ယခင်နှစ်များစွာက လီယင်းသည် သူ့ကို အတိုင်းမရှိသည့် နူးညံ့ညင်သာမှုနှင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် ဝေဒနာတို့ ရောယှက်နေသည့် အကြည့်တို့ဖြင့် မကြာခဏ စိုက်ကြည့်လေ့ ရှိပေသည်။

ယွင်ချင်းစီကို ဤသို့ စိုက်ကြည့်ကာ နွေးနွေးထွေးထွေး ပွေ့ဖက်နှစ်သိမ့်ရန်သာ လိုအပ်ပြီး ထိုသို့ ပွေ့ဖက်ထားစဉ်အတွင်း သက်ပြင်းချလေ့ ရှိပေသည်။

ယွင်ချင်းစီမှာ နှစ်ပေါင်းများစွာ ကြာသည်အထိ စောင့်ဆိုင်းခဲ့ရ၏။

လီယင်းက သူ့နှလုံးသားကို ဖွင့်ဟကာ လက်ထပ်ပြီးစ ကာလများကဲ့သို့ အရာအားလုံး ပြန်လည်မျှဝေခံစားလာမည်ကို ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ပေသည်။

ယွင်ချင်းစီ၏ မျက်နှာပေါ်ရှိ လှောင်ပြောင်လိုရိပ်တို့က ပို၍ပင် သိသာလာတော့သည်။

နောက်ဆုံးတွင်တော့ လီယင်းအကြည့်တို့ထဲရှိ အဓိပ္ပါယ်ကို သဘောပေါက်သွားလေပြီ။ ယွင်ချင်းစီက သူ့ကို လွန်စွာ ချစ်မြတ်နိုးရာ ဤကဲ့သို့ အမူအယာမျိုး လုပ်ပြလိုက်လေတိုင်း ယွင်ချင်းစီသည် စိတ်နှလုံး မသာမယာ ဖြစ်ကာ သူ့ကို နာခံမှုရှိစွာဖြင့် နားလည်နှစ်သိမ့်ပေးမည်ဖြစ်သည်။

သူက ယွင်ချင်းစီကို သူ့အား ချုပ်ကိုင်ရန် မကြိုးစား၊ လိမ္မာအေးဆေးစွာ ပြုမူနေထိုင်တတ်သည့် ဧကရီတစ်ပါးအဖြစ်သာ မြင်လိုပေသည်။

ယွင်ချင်းစီကမူ ဤကဲ့သို့ မနေလို။ သူသည် လောဘကြီးသူတစ်ဦး ဖြစ်ရာ သူ ပေးဆပ်ခဲ့ရသည့် အားထုတ်မှုတို့နှင့် ထိုက်တန်သည့် ရလဒ်ကို လိုချင်ပေသည်။ ပြည့်ပြည့်ဝဝ အချစ်ခံရကာ တစ်ဘဝလုံး အတူတူ ကုန်ဆုံးကာ တမလွန်သို့ နှစ်ယောက်ယှဉ်လျက် ကူးပြောင်းသွားလိုသည်။

ထို့ကြောင့် လီယင်းက သူ့ကို ဖယ်ထုတ်ရန် ကြိုးစားလာတော့၏။

ယွင်ချင်းစီက အေးစက်စွာဖြင့် မျက်မှောင်တွန့်လိုက်သည်။

သူ့ရှေ့တွင် ရှိနေသည့် လီယင်းမှာ အတိတ်ဘဝက လီယင်းနှင့် လားလားမှမတူ။ သူ့အနေဖြင့်လည်း ပြီးခဲ့သည့်ဘဝမှ အမုန်းတရားများကို ဆက်လက်သယ်ဆောင်မထားလိုရာ ယခုဘဝတွင် လီယင်းသာ ယွင်မိသားစုကို မထိပါးပါလျှင် အေးအေးဆေးဆေး နေထိုင်မည်ဖြစ်သည်။

ထိရဲရင်တော့လည်း သူ့ကို သေလမ်းပို့လိုက်ရုံပေ့ါ ...

သို့သော် ယွင်ချင်းစီသည် အတတ်နိုင်ဆုံး အေးအေးချမ်းချမ်းသာ နေထိုင်လိုပေသည်။ ယခုဘဝတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ ညှင်းပန်းနှိပ်စက်ခြင်း မလုပ်လိုတော့။

အေးဆေးသည့် ဘဝတွင် နေထိုင်နိုင်ပါလျက်နှင့် ဓားသွားပေါ်က သွေးစက်ကို လျာဖြင့်လျက်ရန် အကြောင်းမရှိပေ။

လှည်းက နန်းမြို့တော်ဆီသို့ ပြန်လည်မောင်းနှင်သွားကာ ချောင်ယန်နန်းဆောင်ရှေ့၌ ရပ်တန့်လိုက်၏။

ယွင်ချင်းစီက မတ်တပ်ထရပ်လိုက်သော်ငြား ချက်ခြင်း ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။

လီယင်းက ပြောလိုက်သည်။

"မင်းမှာ မေးစရာ မေးခွန်းတွေရှိရင် ကိုယ် ဖြေပေးမယ် ..."

"ဒီငယ်သားမှာ ဘာမေးခွန်းမှ မရှိပါဘူး ..."

ယွင်ချင်းစီက သူ့လက်ကောက်ဝတ်ကို ပြန်ဆွဲကာ ပြောလိုက်သည်။

"အရှင့်မှာ ကိစ္စတိုင်းအတွက် အကြောင်းအရင်း ရှိနေပြီးသား ဖြစ်မှာပါ ..."

နန်းတော်သို့ ပြန်လာရာ လမ်းတစ်လျှောက်တွင် သူ့ဦးလေးအရင်းကိုပင် သတ်ဖြတ်ခဲ့သည့် လီယင်း၏ အတွေးများကို မှန်းဆနိုင်ခဲ့ပြီးဖြစ်သည်။ လီယင်းသည် ပြည်သူများအပေါ် အနိုင်ယူညှင်းပန်းနှိပ်စက်သည့် ကျန်းစစ်ယုံအကြောင်း ကြားဖူးပြီးသား ဖြစ်ပေလိမ့်မည်။ ကျန်းမိသားစုကို အပြစ်ပေးရန် ဟိုးယခင်ကတည်းက ကြံစည်ထားသော်ငြား ယနေ့မှသာလျှင် သူ့ဒေါသတို့ကို ထွက်ပေါက်ပေးရန် အကြောင်းအရင်း ရှာတွေ့သွားခြင်း ဖြစ်ပေမည်။

သူ့ကို ထိုနေရာအထိ ခေါ်ဆောင်လာပေးသည့် ယွင်ချင်းစီမှာမူ အချိန်ကိုက် ထွက်ပေါ်လာသည့် ဒိုင်းတစ်ခုမျှသာ ဖြစ်ပေသည်။

ကျန်းမိသားစုက လီယင်းကို ပြန်ပြီး လက်တုန့်ပြန်မယ်လို့ ထင်လား ...

လုံးဝကို မဟုတ်ဘူး သူတို့က ယွင်ချင်းစီနဲ့ ယွင်မိသားစုကိုပဲ တေးမှတ်ထားကြမှာ ...

အခုလက်ရှိမှာ ကျန်းမိသားစုက အရမ်း ဩဇာအာဏာ ကြီးမားနေတော့ ယွင်မိသားစုနဲ့သာ တိုက်ခိုက်မယ်ဆိုရင် နှစ်ဖက်လုံး အင်အားနည်းသွားကြမှာ သေချာတယ် အဲဒီ့အချိန် ရောက်မှ ဧကရာဇ်က အသာလေး အခွင့်ကောင်း ယူရုံပဲ ...

လီယင်းကတော့ တကယ်ကို ဧကရာဇ် ဖြစ်ထိုက်ပါပေတယ် ရုံးတော်ကို ဟန်ချက်မပျက်အောင် ထိန်းသိမ်းဖို့က သူ့အတွက်တော့ တကယ်ကို လွယ်ကူတာပဲ ...

ယွင်ချင်းစီက နန်းဆောင်ကို ပြန်ကာ အမတ်ချုပ်အိမ်တော်သို့ ကြွေထည်နှင့်အတူ လီယင်းက ကျန်းစစ်ယုံကို သတ်လိုက်သည့် အကြောင်းကိုပါ အကြောင်းကြားစေလိုက်၏။

အမတ်ချုပ်ယွင်ကလည်း တုံးအသူ မဟုတ်ရာ ကြွေထည်၏ ပိုင်ရှင်မှာ ယွင်ချင်းစီဟု သိလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းမိသားစုဘက်မှ အစပျိုးလာနိုင်သည့် ကိစ္စများကို ကြိုတင်တွက်ဆကာ ပြင်ဆင်မှုများ ပြုလုပ်ထားလိုက်တော့၏။

ယွင်ချင်းစီ၏ ကြိုတင်တွက်ဆချက်အတိုင်း ကွက်တိပင် ဖြစ်ပွားလာတော့သည်။ သူ နန်းတော်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် တစ်စုံတစ်ယောက်က မယ်တော်ကြီးထံ ရေးကြီးသုတ်ပျာ ရောက်လာကာ ကျန်းမိသားစုစံအိမ်သို့ သွားရောက်ရန် တင်ပြလာတော့၏။ သူမ နန်းတော်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဦးစွာပထမ ကျိုးကျောက်ကို ယွင်ချင်းစီ နေထိုင်ရာ ချောင်ယန်နန်းဆောင်သို့ စေလွှတ်၍ စကားစမြည် ပြောဆိုရန် ဖိတ်ကြားခိုင်းလိုက်တော့သည်။

ယွင်ချင်းစီက ညောင်စောင်းပေါ်တွင် လဲလျောင်းကာ မျက်စိစုံမှိတ်လျက် အိပ်ချင်ယောင်ဆောင်နေလိုက်၏။ ကျိုးကျောက်ကို အကြည့်တစ်ချက်မျှပင် မစွန့်ကြဲချေ။

ဤကိစ္စတွင် မသိသလို ဟန်ဆောင်နေရန်သာ ဆုံးဖြတ်ထား၏။ မည်သို့ပင်ဖြစ်စေ ကျန်းစစ်ယုံကို ကိုယ်ထိလက်ရောက် သတ်ဖြတ်ခဲ့သူမှာ သူမဟုတ်ရာ မယ်တော်ကြီးတွင် အပြစ်ပေးပိုင်ခွင့် ရှိသည့်တိုင် လီယင်းကိုသာလျှင် ပြဿနာ ရှာရမည် ဖြစ်ပေသည်။

မယ်တော်ကြီး၏ မောင်ငယ်ကို သတ်ခဲ့သူမှာ ယွင်မိသားစု မဟုတ်သည့်တိုင် လီယင်းက ဤကဲ့သို့ အဆိပ်ပြင်းထန်လှသည့် အကြံအစည်ကို အသုံးပြုခဲ့သည့်အတွက် ယွင်မိသားစုကို သူမ၏ အမျက်ဘေးမှ ကင်းလွတ်အောင် ကူညီလက်ကမ်းပေးလိမ့်မည် မဟုတ်ချေ။

ယွင်ချင်းစီမှာ ဦးနှောက်မရှိသူ မဟုတ်ရာ သူ့ကို အမှုန့်ချေရန်ပင် ကြိုးစားနေသည့် မယ်တော်ကြီး၏ ဖိတ်ကြားချက်ကို ရလျှင်ရခြင်း နာခံမှုအပြည့်ဖြင့် ချက်ခြင်း ထလာလိမ့်မည် မဟုတ်ချေ။

သုံးကြိမ်တိုင်တိုင် ဖိတ်ကြားပြီးသည့်တိုင် ညောင်စောင်းထက်၌ မလှုပ်မရှားဘဲ ငြိမ်သက်နေသေးသည့်အတွက် ကျိုးကျောက်၏ မျက်နှာလည်း တစ်စထက်တစ်စ ပိုမိုပျက်ယွင်းလာတော့သည်။

"ဧကရီအရှင်အနေနဲ့ မယ်တော်ကြီးကို ဒီနန်းဆောင်အထိ ကိုယ်တိုင် ကြွချီလာစေချင်‌တာတော့ မဟုတ်ပါဘူးနော် ..."

ထိုအခါမှ ယွင်ချင်းစီက မျက်လုံးတို့ကိုဖွင့်ကာ သူ့ကို လှည့်ကြည့်လျက် ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

"ဒါက တောင်းဆိုဝံ့တဲ့ အတိုင်းအတာထက် ပိုလွန်နေပါပြီ ..."

ထိုက်ချီနန်းဆောင်ထဲကို ခြေတစ်လှမ်း ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့တွေ သူ့ကို ဘာလုပ်မလဲဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ ချောင်ယန်နန်းဆောင်ကို လာမယ်ဆိုရင် အနည်းဆုံးတော့ သူ့ပိုင်နက်ထဲမှာပဲ ရှိနေသေးတယ်လေ...
(ထိုက်ချီနန်းဆောင်က မယ်တော်ကြီး‌ နေတဲ့ နန်းဆောင်ပါ)

ဒီယွင်ချင်းစီ ... ဒင်းက အခုတော့ မယ်တော်ကြီးကိုပါ မထီမဲ့မြင်ပြုရဲနေပြီပေါ့လေ ...

ကျိုးကျောက်မှာ လွန်စွာ ဒေါသထွက်သွားရသော်ငြား ယွင်ချင်းစီကဲ့သို့ အသိဉာဏ်မရှိ၊ တစ်ဖက်စွန်းရောက်လှသူကို မောက်မာရိုင်းပျစွာ မဆက်ဆံရဲသည့်အတွက် ပြန်လှည့်ထွက်သွားရန်သာ ပြင်ဆင်လိုက်သည်။ ထိုစဉ် ယွင်ချင်းစီ၏ အံ့ဩတကြီး ရေရွတ်သံကို ကြားလိုက်ရ၏။

"ကျိုးကုန်းကုန်း ..."

ချက်ခြင်း သတိကပ်သွားကာ သူ့ကို တရိုတသေ ပြန်ဖြေလိုက်၏။

"ဧကရီအရှင် ဘာများ မှာကြားလိုလို့ပါလဲ ..."

"ကုန်းကုန်းရဲ့ နားရွက်တွေ ..."

ယွင်ချင်းစီက သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။

"ဘယ်လိုဖြစ်လို့ တစ်ဝက်က မရှိတော့တာလဲ ..."

ကျိုးကျောက် ".. ကျွန်တော်မျိုး အိပ်မောကျနေတဲ့ အချိန်မှာ ကြောင်ကိုက်ခံလိုက်ရလို့ပါ ..."

ထိုသို့ ပြောနေသည့် သူ့စကားသံမှာ သုန်မှုန်ကာ နာကျည်းသည့် အရိပ်အယောင်တို့ ရောစွက်နေပေသည်။

ယွင်ချင်းစီက မျက်ခုံးတို့ကို ပင့်ပြလိုက်၏။

တကယ်ကြီးလား ဟေး ဘာလို့ ငါ့ကို ဒီလိုကြီး လာကြည့်နေရတာလဲ ကိုက်လိုက်တာ ငါ့ကြောင်မှ မဟုတ်တာ ...

သူ ထွက်သွားပြီးနောက် ယွင်ချင်းစီက နောက်တစ်ကြိမ် လဲလျောင်းလိုက်ပြန်သည်။

ဒီနားရွက်တွေက ကြောင်ကိုက်တာနဲ့လည်း မတူပါဘူး တစ်ဝက်ပဲ ကျန်ခဲ့တာ တစ်ခုခုနဲ့ အဖြတ်ခံထားရသလိုပဲ ...

ဘယ်သူကများ မယ်တော်ကြီးအနားက လူကို ထိပါးရဲရတာလဲ ...

လွန်စွာ ဝမ်းနည်းဖွယ် ကောင်းလောက်အောင် အသတ်ခံလိုက်ရသည့် ကျန်းစစ်‌ယုံကြောင့် မယ်တော်ကြီးမှာ လွန်စွာ ဝမ်းနည်းပူဆွေးနေလိမ့်မည်ဟု ကောက်ချက်ချလိုက်သော်ငြား ရက်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ကျန်းမိသားစုက မည်သည့် လှုပ်ရှားမှုမှ မပြသ၊ ဈာပနကိစ္စများကိုသာ အေးအေးချမ်းချမ်း စီစဉ်နေပေ‌သည်။

ဈာပနပွဲသို့ ယွင်ချင်းစီသာမက လီယင်းလည်း မသွားရောက်ခဲ့ချေ။

ဈာပနအခမ်းအနား ပြီး‌ဆုံးပြီးနောက် နှစ်သစ်ကူးအကြိုနေ့သို့ ရောက်ရှိလာတော့၏။ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်သော ကျန်းမိသားစုမှအပ ရှန့်ယန်တစ်မြို့တော်လုံး မီးရောင်စုံ ထိန်ထိန်လင်းကာ နှင်းကျသည့် နေ့ရက်များတွင်ပင် ညဉ့်နက်သည်အထိ လှုပ်ရှားသက်ဝင်နေကြတော့၏။

ချောင်ယန်နန်းဆောင်၌ ...

မိခင်ဖြစ်သူထံ အလည်အပတ် ပြန်ခဲ့ကြသည့် ကျင်းဟွမ်နှင့် ရင်ရှီတို့၏ စကားဝိုင်းကို နားထောင်ရင်း ယွင်ချင်းစီ၏ အထီးကျန်နေသော နှလုံးသားမှာ ရုတ်ချည်း မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်လာတော့သည်။

အိမ်ပြန်ပြီး အစ်ကိုတွေကို အဖော်လုပ်ခိုင်းရရင် ကောင်းမလား ...

သိူ့သော် နှစ်သစ်ကူးရန် နီးကပ်လာလေလေ သူတို့ ပိုမို အလုပ်များလာမည်ကိုလည်း စိုးရိမ်မိပြန်၏။ ရာဇဝတ်ဌာနက မှုခင်းများကို ရှင်းလင်းရန် လိုအပ်ကာ မြို့စောင့်တပ်ဖွဲ့ကလည်း မြို့တော်ကို နေ့ညမပြတ် စောင့်ကြပ်ကင်းလှည့်ရန် တာဝန်ရှိနေပေသည်။ တတိယအစ်ကိုက မြို့တော်ကာကွယ်ရေးတပ်ဖွဲ့တွင် ပါဝင်ကာ ဖခင်ဖြစ်သူမှာ ပို၍ပင် အလုပ်များလှသေးသည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း လီယင်းက ကိစ္စများ ဆွေးနွေးတိုင်ပင်ရန် သူ့ကို နန်းတော်သို့ မကြာခဏ ဆင့်ခေါ်ခဲ့သည်။

အားလုံး အလုပ်များနေကာ အားလပ်သူဟူ၍ သူတစ်ယောက်တည်းသာ ရှိပေသည်။

ပျင်းဖို့ကောင်းလိုက်တာ ...

သူက ရင်ရှီကို လှမ်းခေါ်ကာ ပြောလိုက်သည်။

"သဘင်ဌာနကို ‌သွားပြီး ဟိုနေ့က လာခဲ့တဲ့ ဂီတပညာရှင်တွေ အကုန်လုံးကို ခေါ်လာခဲ့လိုက် ..."

ရင်ရှီက ပဟေဠိဖြစ်သွားသည့်ဟန်။

"ဂီတပညာရှင်တွေ ..."

"ဟုတ်တယ် ဗျပ်စောင်း ဘယ်လိုတီးရမလဲ သင်ချင်လို့ ..."

ယွင်ချင်းစီသည် ဗျပ်စောင်းတီးခြင်းကိုလည်း သင်ယူခဲ့ပေသည်။ ပြီးခဲ့သည့်ဘဝက သူ၏ ဗျပ်စောင်းတီးသည့် စွမ်းရည်သည် ဂီတဌာနမှ ဆရာများကိုပင်လျှင် ဖိနှိပ်နိုင်‌လုနီးပါးအထိ ထူးချွန်ခဲ့ကာ ယခုဘဝတွင်လည်း နန်းတော်မှ နှင်ထုတ်မခံရမီ တိုက်ဆိုင်စွာပင် လီယင်းက သူ့ကို ဗျပ်စောင်းတီးခြင်း၊ စစ်တုရင်ထိုးခြင်း၊ လက်ရေးလှအတတ်၊ ပန်းချီ၊ မြားပစ်နှင့် မြင်းစီးခြင်းများအား သင်ယူရန် အမိန့်ပေးခဲ့သည်။ အမှန်တကယ်တွင်မူ သူ မည်သည့်အရာကို သင်ယူသည်မှာ လီယင်းအတွက် အရေးမပါ၊ သူ့ကို မနှောင့်ယှက်နိုင်ရေးကသာလျှင် အဓိက ဖြစ်ပေသည်။

"လပြည့်ည" နန်းဆောင်ထဲသို့ ကျူးကျော်ဝင်ရောက်ကာ လီယင်းအား မခေါ်ထုတ်မီ တစ်ရက်အလိုကတည်းက ဂီတဌာန၏ ဆရာအိုကြီးတစ်ဦးထံမှ ‌ဗျပ်စောင်းတီးခြင်းကို သင်ယူနှင့်နေပြီးဖြစ်သည်။

ဒါပေမယ့် သင်ပေးမယ့် လူချောလေးတွေ ရှိနေတာကို ဘာလို့ လူအိုကြီးဆီကနေ သင်မှာလဲ အလှလေးကို ရှုစားလိုက် နည်းနည်းလောက် ကလူကျီစယ်လိုက် လုပ်လို့ရနေတာကို နောက်တစ်ကြိမ် အသက် ပြန်ရှင်လာ‌မှတော့ လီယင်းကိုပဲ ကပ်တွယ်မနေချင်တော့ပါဘူး သခင်လေးချိုးလိုမျိုး စိတ်ခံစားချက်တွေ မငြိတွယ်စေဘဲ အလှပန်းလေးတွေနဲ့ ပျော်မွေ့ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ ...

ယွင်ချင်းစီ၏ နှလုံးသားထဲရှိ အထီးကျန်ဆန်မှုတို့ ရုတ်ချည်း ကုန်ဆုံးသွားကာ ချက်ခြင်းလက်ငင်း အားတက်ပျော်ရွှင်လာတော့သည်။

ရင်ရှီက သူ့ကို တုန့်ဆိုင်းစွာ စိုက်ကြည့်နေပြီးကာမှ အမိန့်အတိုင်း အမြန်ဆုံး အကောင်အထည်ဖော်လိုက်တော့သည်။

များမကြာမီ တူရိယာများ အသီးသီး ကိုင်ဆောင်ထားသော ဂီတပညာရှင်များ ချောင်ယန်နန်းဆောင်သို့ ရောက်ရှိလာကြတော့၏။