Chapter 29
ယွင်ချင်းစီက ညောင်စောင်းတွင် ပျင်းတိပျင်းရွဲ မှီထားရင်း သူတို့၏ မျက်နှာများကို တစ်ယောက်ချင်း လိုက်ကြည့်လိုက်သည်။ အချို့က ဗျပ်စောင်းကို ကိုင်ဆောင်ထားကာ ဒုံမင်းနှင့် ပုလွေကိုင်ဆောင်ထားကြသူများလည်း ရှိနေပေသည်။
သူက လက်ကို ယမ်းပြကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ထိုင်ကြပါ ..."
လူငယ်လေးများက တစ်ယောက်ပြီးတစ်ယောက် ဝင်ထိုင်ကာ တူရိယာများအား ပြင်ဆင်လိုက်ကြ၏။
များမကြာမီ ချောင်ယန်နန်းဆောင်တစ်ခုလုံး ဂီတသံတို့ဖြင့် ပြည့်နှက်သွားတော့သည်။ ယွင်ချင်းစီက မျက်စိမှိတ်လျက် နားဆင်နေကာ သူ့နှလုံးသားမှာလည်း တစ်ဖြည်းဖြည်းချင်း တည်ငြိမ်လာတော့သည်။
ဂီတသံများ ဆက်လက်ထွက်ပေါ်လာ၏။ ယွင်ချင်းစီက ရင်ရှီ ခွံ့ကျွေးသည့် ကိတ်မုန့်ကို စားရင်း ပတ်ဝန်းကျင်သို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။ ထိုစဉ် ဂီတပညာရှင်များအကြားမှ ချောမောလှသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည့်အတွက် သူ့နှလုံးသား လှုပ်ရှားသွားကာ စိတ်ဝင်တစား စိုက်ကြည့်လိုက်သည်။
"ဗျပ်စောင်းတီးနေတဲ့တစ်ယောက် ..."
သူက သိလိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။
"နာမည်က ဘာတဲ့လဲ ..."
"ဒီငယ်သားရဲ့ မျိုးရိုးနာမည်က ရွမ် အမည်က လျန် ဖြစ်ပါတယ် ..."
လူငယ်လေးက နူးညံ့စွာ ပြောလိုက်၏။
"ယခင်ကလည်း ဧကရီ မေးခဲ့ဖူးပါတယ် ..."
ယွင်ချင်းစီက ထိုအခါမှ သတိရသွားသည့်ဟန်။
"မင်း ဆက်သခဲ့တဲ့ ဝိုင်ခွက်ကို သောက်ခဲ့မိတာလား ..."
ရွမ်လျန်က ပြုံးကာ ပြောလိုက်သည်။
"မှန်လှပါ ..."
"မင်းကို ကြည့်ရတာ ပိုတောင် ပိန်သွားသလိုပဲ ..."
ရွမ်လျန်က နှုတ်ခမ်းကိုကိုက်ကာ မျက်တောင်တဖျတ်ဖျတ်ခတ်လျက် ပြောလိုက်သည်။
"အခုတလော ဒီငယ်သားက ကိုယ်လက်မအီမသာ ဖြစ်နေလို့ပါ ..."
"နေမကောင်းဘူးလား ..."
ယွင်ချင်းစီက သူ့ကို လက်ယပ်ခေါ်ကာ ပြောလိုက်သည်။
"ဒီနားလာခဲ့ ..."
ရွမ်လျန် "..."
"ငါက ဆေးပညာနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး သိထားတယ် ..."
ယွင်ချင်းစီ၏ စကားမှာ လိမ်ညာနေခြင်း မဟုတ်။ လီယင်းက သူ့ကို အမှန်တကယ်ပင် သင်ယူခိုင်းထားခြင်း ဖြစ်ပေသည်။
"ငါ့ကို လာပြ ..."
အခြားသူတို့၏ အကြည့်များမှာ အနည်းငယ် ထူးဆန်းသွားတော့သည်။
ညလုံးပေါက် ဒူးထောက်ခဲ့ရသည့် အချိန်ကို ယခုအထိ မှတ်မှတ်ထင်ထင် ရှိနေဆဲ ဖြစ်သော်ငြား ယွင်ချင်းစီကမူ ထိုအကြောင်းနှင့် ပတ်သက်၍ စိုးစဉ်းမျှပင် မသိ။ လီယင်းက အားလုံးကို နှုတ်ပိတ်ထားပြီး ဖြစ်သည်။
ရွမ်လျန်က မတ်တပ်သာ ရပ်နေလိုက်၏။
သူသည် အရပ်ရှည်လျားကာ ယဉ်ကျေးသိမ်မွေ့သော်ငြား ကိုယ့်ကိုယ်ကို ချိုးနှိမ်ထားခြင်း အလျဉ်းမရှိ။ ထူးချွန်လှသည့် ကိုယ်နှုတ်အမူအယာကိုလည်း ပိုင်ဆိုင်ထားသေးသည်။
ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်သွားကာ သူ့ကို အရှေ့တွင် ဝင်ထိုင်စေလျက် ပြောလိုက်သည်။
"လက်ကို ထုတ်လိုက် ..."
ရွမ်လျန်က မျက်လွှာချကာ နာခံမှုအပြည့်ဖြင့် အင်္ကျီလက်ကို ဆွဲတင်ပြီး သွယ်လျလှသည့် လက်ကောက်ဝတ်ဖြူဖြူကို ထုတ်ပြလိုက်သည်။ ယွင်ချင်းစီက သူ့သွေးကြောကို အလေးအနက် စမ်းသပ်ကာ တစ်ခဏမျှ စိုက်ကြည့်နေပြီးကာမှ ပြောလိုက်သည်။
"အခုတလော ကောင်းကောင်း မအိပ်ရဘူးလား ..."
ရွမ်လျန်က နွေးထွေးလှသည့် အသံဖြင့် ပြန်ဖြေလိုက်သည်။
"နှစ်သစ်ကူးအတွက် နန်းတော်ထဲမှာ ခမ်းနားကြီးကျယ်တဲ့ ပွဲတော်တစ်ခု ကျင်းပဖို့ စီစဉ်နေတာဆိုတော့ လူတိုင်း ပင်ပင်ပန်းပန်း အလုပ်ကြိုးစားနေရပါတယ် ..."
"အာ ဒီလိုလား ..."
သွယ်လျလှသည့် လက်ချောင်းတို့က လက်ကောက်ဝတ်မှတစ်ဆင့် လက်ဖမိုးဆီသို့ ရွေ့လျားသွားသည့်အခါ ရွမ်လျန်၏ လက်တို့ မသိမသာ တုန်ရီသွားတော့၏။ ယွင်ချင်းစီက ခေါင်းကိုစောင်းကာ နူးညံ့စွာ ပြောလိုက်သည်။
"ဂီတဌာနမှာ အိပ်ပျော်စေတဲ့ အမွှေးနံ့သာ ရှိလား ဒါမှမဟုတ် မင်းကို နည်းနည်းလောက် ပေးရမလား ..."
ရွမ်လျန်က တစ်ခဏမျှ ကြောင်အသွားပြီးကာမှ ပြန်ဖြေလိုက်သည်။
"ဒီငယ်သားက ဝမ်ဖေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ..."
"ပြောရရင် နန်းတော်ထဲမှာ ရှိရှိသမျှလူတိုင်း ပွဲတော်အစီအစဉ်တွေမှာ ပါဝင်နေဖို့မှ မလိုတာ ..."
ယွင်ချင်းစီက သူ့လက်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"အရှင်က ငါ့ကို အမြဲတမ်း မလေ့လာဘဲ နေတယ်လို့ပဲ ထင်နေတာလေ အားလျန်ရဲ့ ဗျပ်စောင်းတီးစွမ်းရည်ကလည်း အတော်လေးကို ပြောင်မြောက်နေမှတော့ ဒီည ဒီမှာပဲ နေပြီး ငါ့ကို ဗျပ်စောင်းတီးသင်ပေးရင် ဘယ်လိုလဲ ..."
အခြားဂီတပညာရှင်များက တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြကာ တစ်ခုခုပြောမည် ပြင်ပြီးကာမှ ယွင်ချင်းစီ၏ ရက်စက်ကြမ်းကြုတ်သော စရိုက်ကို အမှတ်ရသွား၍ တိတ်တဆိတ်သာ နေလိုက်ကြတော့သည်။
ရွမ်လျန်က တစ်ခဏမျှ ငြိမ်သက်သွားပြီးကာမှ ပြန်ဖြေလိုက်သည်။
"မသင့်လျော်မှာကို စိုးရွံ့မိပါတယ် ..."
ယွင်ချင်းစီက သူ့အထင်ကို ဂရုစိုက်အံ့မထင်။
"ဆုံးဖြတ်ပြီးသွားပြီ ကျန်တဲ့သူတွေ အရင် ပြန်လိုက်ကြတော့ ..."
ရင်ရှီနှင့် ကျင်းဟွမ်တို့ အကြည့်ချင်း စုံလိုက်ကြကာ အခြားသူများမှာလည်း လွန်စွာ စိတ်ဖိစီးသွားကြသည့်ဟန်။
"ဧ .. ဧကရီ ..."
"ဘာလဲ ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"အခုမှ ငါ့အတွက် ဗျပ်စောင်းတီး သင်ပေးမယ့် ဆရာကို ရှာတွေ့ကာစပဲ ရှိသေးတာလေ မင်းတို့တွေက ဘာလို့ ဒီလိုမျိုး ကြည့်နေကြတာလဲ ..."
"ထွက်သွားကြ ..."
သူက ပြောလိုက်သည်။
ဂီတပညာရှင်အားလုံး အသက်ပင် ရဲရဲမရှူရဲဘဲ ချောင်ယန်နန်းဆောင်ထဲမှ ထွက်သွားကြတော့သည်။ ရွမ်လျန်အစား ချွေးသီးချွေးပေါက်တို့ ဆက်တိုက် ကျဆင်းလာကြတော့၏။
မည်သူကမှ ဧကရီ၏ အတွေးကို မခန့်မှန်းရဲကြ။
နန်းဆောင်ထဲမှ ထွက်လာပြီး မကြာမီမှာပင် ကျောက်စိမ်းဝေါယာဉ်တော်ကို တွေ့လိုက်ရတော့၏။ သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ဒူးထောက်ကာ အရိုအသေ ပေးလိုက်ကြသည်။
ကျောက်စိမ်းဝေါယာဉ်တော်က သူတို့၏ အရှေ့တွင် ရပ်တန့်သွားကာ လက်တစ်ဖက်က ပိုးထည်ကန့်လန့်ကာစကို ဆွဲဖယ်လိုက်သည်။
"ဧကရီက ဂီတသံ နားဆင်လိုလို့ ပညာရှင်တွေကို ဆင့်ခေါ်တယ်ဆို ထပ်ပြီး နားမဆင်လိုတော့ဘူးတဲ့လား ..."
"ဧကရီက ဗျပ်စောင်းတီးတာကို သင်ယူလိုပြီးတော့ ရွမ်လျန်ရဲ့ စွမ်းရည်ကို သဘောကျတဲ့အတွက် တစ်ခြားသူတွေကို ပြန်လွှတ်လိုက်တာပါ ..."
လိုက်ကာစ ပြန်ကျသွားကာ ချောင်ယန်နန်းဆောင်ဆီသို့ ဦးတည်ထွက်ခွါသွားတော့၏။
ဝေါယာဉ် အဝေးသို့ ရောက်မသွားခင်အထိ မည်သူမှ မတ်တပ်မရပ်ရဲ။ တစ်ယောက်က တီးတိုးပြောလိုက်သည်။
"ဧကရီအရှင်နဲ့ ရွမ်လျန် တကယ်ပဲ ဗျပ်စောင်းတီးကြမှာရော ဟုတ်လို့လား ..."
တစ်ဖက်သူကလည်း မရေရာသည့်ဟန်။
"ထင်ရတာပဲ ..."
"..ဟုတ်တယ်နော် ..."
..,.....
ချောင်ယန်နန်းဆောင်တွင် ယွင်ချင်းစီနှင့် ရွမ်လျန်သာလျှင် ကျန်ရစ်ခဲ့၏။
အတိတ်ဘဝက ယွင်ချင်းစီသည် လွန်စွာ ဆတ်ဆတ်ထိမခံ၊ လီယင်းက ဖျော်ဖြေတီးမှုတ်ပေးမည့်သူ တစ်ဦးဦးကို ရှာဖွေပါသည်ဟု သူလျှိူထံမှ အစီရင်ခံစာ ရသည်နှင့် တစ်ပြိုင်နက် သူ့ထံ ချက်ခြင်း အပြေးသွားမည်ဖြစ်သည်။ လီယင်းက ဖျော်ဖြေရေးကို ခံစားနေချိန် နှောင့်ယှက်ခံရသည်ကို မနှစ်မြို့သော်ငြား သူကမူ လီယင်းကို သွေးဆောင်ဖျားယောင်းခံနေရသည်ဟုသာ တွေးမိသည့်အတွက် မကြာခဏ ပြဿနာ ရှာလေ့ ရှိပေသည်။
ဒါပေမယ့် တကယ်တမ်း ပြောရရင် ယောကျာ်းတစ်ယောက်ကို ချည်နှောင်ထားချင်တဲ့အခါ ဘယ်လိုလုပ် တစ်ခြားသူတွေကို မောင်းထုတ်လို့ ရမှာလဲ ...
တံခါးပိတ်သွားသည်နှင့် တစ်ပြိုင်နက် ရွမ်လျန်က ဗျပ်စောင်းရှေ့ ဝင်ထိုင်ကာ စောင်းကြိုးကို ညင်သာစွာ တီးခတ်လိုက်၏။ ယွင်ချင်းစီလည်း ရုတ်ချည်းပင် သာယာမှုကို အနည်းငယ် ခံစားလိုက်ရတော့သည်။
ပြတင်းပေါက်အပြင်ဘက်တွင် နှင်းမှုန်နှင်းစက်တို့ တဖွဲဖွဲ ကျဆင်းနေကာ လပြည့်ည၏ အလင်းရောင်က ကောင်းကင်တစ်ခွင် ထွန်းလင်းနေ၏။ တင့်တယ်လှသည့် ရုပ်သွင်ပိုင်ရှင် ယောကျာ်းပျိုတစ်ဦးက သာယာညှင်းသွဲ့သည့် နားဝင်ပီယံ ဂီတသံနှင့်အတူ အဖော်ပြုပေးနေရည ဤသည်ကိုမှ ပျော်ရွှင်ရန် အကြောင်းပြချက်ဟု ခေါ်ဝေါ်၍ မရပါလျှင် မည်သည်ကိုမှ ရအံ့မထင်။
အတိတ်က သူ့အပြုအမူများကို ပြန်စဉ်းစားမိသည့် တစ်ခဏ၌ သူ့လုပ်ရပ်များကို သူကိုယ်တိုင်ပင် နားမလည်နိုင်တော့ချေ။
ယွင်ချင်းစီက ဝတ်ရုံစကို အသာ မကာ သူ့ကို မော့ကြည့်နေသည့် ရွမ်လျန်၏ အရှေ့သို့ ဝင်ထိုင်လိုက်၏။ ရွမ်လျန်က ဘေးသို့ အနည်းငယ်တိုးကာ ဗျပ်စောင်းကို သူ့အရှေ့ တွန်းပို့လျက် ပြောလိုက်သည်။
"အရှင့်အနေနဲ့ ဗျပ်စောင်းကို ထိတွေ့ဖူးတဲ့ အတွေ့အကြုံ ရှိပါသလား ..."
ယွင်ချင်းစီက ခေါင်းငြိမ့်ပြလိုက်သည်။ အတိတ်ဘဝကို ထည့်မတွက်သည့်တိုင် မျိုးရိုးမြင့်မိသားစု၏ သခင်လေးတစ်ဦးအဖို့ ဗျပ်စောင်းတီးခြင်း၊ လက်ရေးလှနှင့် ပန်းချီဆေးရေးအတတ်တို့မှာ အခြေခံလိုအပ်ချက်များ ဖြစ်ပေသည်။ ချင်ဖေးလောကလည်း သူ့ကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်လျက် သင်ကြားပေးခဲ့သည့်အတွက် ထိုအတတ်ပညာများနှင့် စပ်လျဉ်း၍ မည်သည့်အချိန်ကမှ မညံ့ဖျင်းခဲ့ချေ။
"ဒါဆို ဧကရီက ဘယ်လို တေးသွားမျိုးကို သင်ယူချင်ပါသလဲ ..."
ယွင်ချင်းစီက တစ်ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။
"နှစ်လိုဖွယ်အချိန် ရင်သပ်ဖွယ်ရှူမျှော်ခင်း ..."
ထိုသီချင်းမှာ ချစ်သူများအကြား လွန်စွာ ရေပန်းစားလှသည့် သီချင်းတစ်ပုဒ် ဖြစ်သည့်အလျောက် သူ့စကားကို ကြားလိုက်ရသည့် တစ်ခဏ၌ ရွမ်လျန်ပင်လျှင် ပြောစရာစကား ကင်းမဲ့သွားတော့သည်။
ယွင်ချင်းစီကို လက်မှိုင်ချကာ ငေးကြည့်နေပြီးကာမှ ပြောလိုက်သည်။
"ဧကရီ့မှာ ဒီငယ်သားအပေါ် အမျက်ရှစရာ တစ်စုံတစ်ခုများ ရှိနေပါသလား ..."
ယွင်ချင်းစီက သူ့ကို မော့ကြည့်ကာ မျက်တောင်ခတ်လျက် မေးလိုက်သည်။
"ဘာပြောချင်တာလဲ ..."
သူက ထိုသီချင်းမှာ ယနေ့ည အနေအထားနှင့် ကိုက်ညီလှသည်ဟု တွေးထားခဲ့ခြင်း ဖြစ်ရာ ဤဂီတသင်တန်းသား၏ အမြင်တွင်မူ တစ်မျိုးတစ်ဖုံ ထူးကဲနေလိမ့်မည်ဟု မထင်ထားမိချေ။
"... ဝမ်ဖေးက ဒီငယ်သားကို အကြည့်တစ်ချက် ပိုပြီး စွန့်ကြဲခဲ့တဲ့အတွက် အရှင်မင်းမြတ်က ဒီငယ်သားကို အပြစ်ပေးခဲ့ပြီးပါပြီ ..."
ရွမ်လျန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ပြီးတော့ အရှင်က ဧကရီကို ပြန်မလျှောက်တင်ဖို့လည်း မှာကြားခဲ့ပါသေးတယ် ..."
ယွင်ချင်းစီ၏ မျက်နှာ အနည်းငယ် မူပျက်သွားတော့သည်။
ဤကိစ္စနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှပင် သူ မသိထား။
ရင်ရှီနဲ့ ကျင်းဟွမ်တို့ကတောင် သူ့ကို ဖုံးထားရဲတယ်ပေါ့ ...
မာန်ဟုန်ပြင်းစွာဖြင့် မတ်တပ်ထရပ်လိုက်သော်ငြား သူ့လက်တို့မှာ နောက်ပြန်ဆွဲထားခြင်း ခံလိုက်ရ၏။ ရွမ်လျန်မှာ ပိန်လှီအားနည်းပုံ ပေါ်သော်ငြား ခွန်အားအရာတွင်မူ ထူးကဲကောင်းမွန်လှပေသည်။ ယွင်ချင်းစီမှာ ပြန်ထိုင်ရန် ဖိအားပေးခံလိုက်ရသည့်အတွက် အကြည့်တို့ ရုတ်ချည်း အေးစက်သွားတော့၏။
ထိုအခါမှ သူ့လုပ်ရပ်ကို သတိပြုမိသွားသည့် ရွမ်လျန်က လက်ကို လွှတ်ကာ ပြောလိုက်သည်။
"ဧကရီကို မသိချင်ယောင်ဆောင်ထားပေးဖို့ တောင်းဆိုပါရစေ ဒီငယ်သားက အရှင့်ကို စိတ်အနှောင့်အယှက် မပေးရဲပါဘူး ..."
ယွင်ချင်းစီက ရပ်တန့်လိုက်သည်။
ရွမ်လျန်ဘေး ဝင်ထိုင်လိုက်ပြန်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"မင်းရဲ့ စိုးရိမ်စိတ်တွေကို နားလည်ပါတယ် ဒါပေမယ့် စိတ်မပူနဲ့ မင်းကို ဒီနန်းဆောင်မှာတောင် နေခိုင်းရဲမှတော့ သေချာပေါက်ကို ကာကွယ်ပေးနိုင်လို့ပဲပေါ့ ..."
သူက ရွမ်လျန်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"သင်မှာသာ သင်ပေး ..."
"ဒါဆို သီချင်း နောက်တစ်ပုဒ် ပြောင်းကြမလား ..."
ယွင်ချင်းစီမှာ မပျော်မရွှင် ဖြစ်နေဆဲဖြစ်ရာ အလိုမကျစွာဖြင့် ပြောလိုက်သည်။
"ဘယ်တစ်ပုဒ်ကိုလဲ ..."
"ရန်ချွန်းရဲ့ နှင်းမြူလွှာ ဆိုရင်ရော ..."
"မကြိုက်ဘူး ..."
ရွမ်လျန်က တစ်ခဏမျှ စဉ်းစားကာ ပြန်မေးလိုက်သည်။
"ဧကရီက ဘာကိုများ နားဆင်ချင်ပါသလဲ ..."
"ထိန်းချုပ်ကန့်သတ်ထားတာတွေ မရှိတဲ့ တစ်ခုခု ..."
နန်းတော်မှာ လုံလောက်သည်ထက် ပိုမိုစွာပင် စိတ်ဓာတ်ကျဖွယ် ကောင်းလှနေပြီဖြစ်ရာ အရိုင်းဆန်သည့် တေးသွားကို နားဆင်ရင်း လွတ်လပ်သည့် အရသာကို မွေ့လျော်ချင်တော့သည်။
ဗျပ်စောင်းတီးမည့်သူက သူ့အမူအယာကို အကဲခတ်ရင်း နှုတ်ခမ်းတို့ကို အနည်းငယ် ကွေးညွတ်လျက် နူးညံ့စွာ ပြောလိုက်သည်။
"ဒီငယ်သားက သီချင်းတစ်ပုဒ်ကို သိပါတယ် ..."
သူ့စကား မဆုံးသေးခင်မှာပင် ယွင်ချင်းစီက ဖြတ်မေးလိုက်သည်။
"ဘာသီချင်းလဲ ..."
"ဒီငယ်သားက မပြောဝံ့ပါဘူး ..."
"ခပ်သွက်သွက်ပြော ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"မင်းကို အမိန့်ပေးနေတာ ..."
ရွမ်လျန်၏ ပါးနှစ်ဖက် အနည်းငယ် နီမြန်းလာသည့်အတွက် ယွင်ချင်းစီ၏ သိလိုစိတ်တို့ အရှိန်မြင့်လာကာ လက်ကိုဆန့်ထုတ်ပြီး သူ့ကို တွန်းကာ မေးလိုက်သည်။
"မြန်မြန်ပြော မဟုတ်ရင် မင်းကို ရိုက်တော့မှာ ..."
"... ပရိယာယ်များတဲ့ အလှလေး ..."
ရွမ်လျန်မှာ ထုတ်ပြောရမည်ကိုပင် အနည်းငယ် ရှက်ရွံ့နေသည့်ဟန်။
"ဧကရီ ကြားဖူးသလားတော့ မသိဘူး ..."
ထို "ပရိယာယ်များတဲ့ အလှလေး" အမည်ရ သီချင်းမှာ ခြေသလုံးအိမ်တိုင် ဂီတသမားတစ်ယောက်က ဖန်တီးထားခြင်းဖြစ်ကာ "ပန်းဝတ်ဆံများနှင့် ကစားခြင်း" ဟူ၍လည်း အမည်တစ်မျိုး ရှိသေးသည်။ ထိုသီချင်းမှာ ကလူကျီစယ် ချစ်စကားများဖြင့် လွန်စွာ ပူပြင်းလောင်မြှိုက်ဖွယ် ရေးစပ်ထားသော်ငြား ထင်မှတ်မထားလောက်သည့် ရသမြောက်မှုတို့လည်း ရောစွက်နေရာ လူထုအကြား စတင်ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အထက်တန်းလွှာ လူပေါ်ကြော့အသိုင်းအဝိုင်းတွင် ရေပန်းစားသွားတော့သည်။
သို့သော် ဤကဲ့သို့သော သီချင်းမျိုးကို နန်းတော်ထဲတွင် ဖျော်ဖြေခွင့် ပြုမထား။
ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်ကာ လက်ခုပ်တီးလျက် ပြောလိုက်သည်။
"ကောင်းလိုက်တာ ဒီတစ်ခုကိုပဲ သင်မယ် ..."
"ဒါပေမယ့် အရှင်သာ ကြားသွားရင် ..."
"သူက အရမ်း အလုပ်များနေတာ ဒီကို လာနေဖို့ အချိန်မရှိဘူး ..."
ယွင်ချင်းစီက ထိုသီချင်းမျိုးကို ကြားဖူးသည့်တိုင် အသေအချာ နားမထောင်ဖူး။ လွန်စွာ စိတ်ဝင်စားမှု အပြည့်ဖြင့် မေးလိုက်သည်။
"မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ ..."
"ဂီတသမားတစ်ယောက်အတွက်တော့ ဘယ်လို ဂီတအမျိုးအစားမဆို ဆွဲဆောင်မှု ရှိပါတယ် ..."
ယွင်ချင်းစီက လက်ခုပ်တီးကာ ဝမ်းသာအားရ ပြောလိုက်သည်။
"သွက်သွက်လေးလုပ် ခပ်မြန်မြန် တီးပြတော့ ..."
ဗျပ်စောင်းတီးခတ်သူမှာ ကျောက်စိမ်းသဖွယ် တင့်တယ်ကာ အေးစက်လတ်ဆတ်သည့် ကိုယ်သင်းနံ့ကို ပိုင်ဆိုင်ထားသော်ငြား လက်တို့ကို စောင်းကြိုးပေါ် နေရာချလိုက်သည်နှင့် တစ်ပြိုင်နက် လေထုမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
တီးခတ်သံ စတင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီလည်း ထိုသီချင်းမှာ ဘာကြောင့် လွန်စွာ အံ့ချီးဖွယ် ကောင်းလှကြောင်း သဘောပေါက်သွားတော့၏။
၎င်းမှာ သုံးလောက၏ အလှလေးကို သလွန်ညောင်စောင်းပေါ် ပစ်ကာတင်လိုက်သည့်နှယ်၊ သို့တည်းမဟုတ် ထူးထွေများပြား တန်ဖိုးရှိလှပါသည့် ရတနာတို့ကို အဟန့်အတားမရှိ ခက်ထန်မောက်မာစွာ အားကုန်သုံး၍ ဖျက်ဆီးနေသည့်နှယ်ဟု တင်စားကြသည်။
ဤကဲ့သို့သော သံစဉ်မျိုးကို ရွမ်လျန်ကဲ့သို့ သန့်စင်ကြည်လည်သည့် ရုပ်သွင်ပိုင်ရှင်က တီးခတ်လိုက်သည့်အခါ ထိုသီချင်း ကျော်ကြားရခြင်း၏ အကြောင်းအရင်းကို လွယ်လင့်တကူ နားလည်သဘောပေါက်သွားတော့၏။
နားထောင်နေသော ယွင်ချင်းစီ၏ နှလုံးသားတစ်ခုလုံး ယားယံကာ ပါးနှစ်ဖက် နီမြန်းလာတော့သည်။
ရွမ်လျန်က အပြုံးတစ်ခုကို သိုဝှက်ထားလျက် စောင်းငဲ့ကြည့်လိုက်သည်။ သူ့အကြည့်တို့တွင် ရယ်လိုသည့် အရိပ်အယောင်တို့ ဖျတ်ခနဲ ထွက်ပေါ်လာတော့သည်။
ထိုအချိန်တွင် ...
ရင်ရှီနှင့် ကျင်းဟွမ်တို့၏ အသံကျယ်ကျယ်ကို ရုတ်ချည်း ကြားလိုက်ရသည်။
"အရှင့်ကို နှုတ်ခွန်းဆက်သပါတယ် ..."
ဤသည်မှာ နှုတ်ဆက်ခြင်းမဟုတ်၊ သတိပေးခြင်းသာ ဖြစ်ပေသည်။
ဗျပ်စောင်းတီးသံ ရပ်တန့်သွားသည့်အတွက် ယွင်ချင်းစီက တစ်ဖက်သို့ လှည့်ကြည့်လိုက်၏။
ပိတ်ထားသော တံခါးဝ ကန်ဖွင့်ခံလိုက်ရကာ အေးစက်စက် အငွေ့အသက်တို့ ပြည့်နှက်နေသည့် ဧကရာဇ်က လျှပ်စီးလက်သည့်နှယ် ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
ရွမ်လျန်က ချက်ခြင်း ဗျပ်စောင်းနားမှ ခွါကာ မတုန့်မဆိုင်းဘဲ ဒူးထောက်ချလိုက်သည်။
"ဒီငယ်သားက နှုတ်ခွန်းဆက်သ ..."
လီယင်းက အနားသို့ အမြန်လျှောက်လာကာ သူ့ကို ကန်ကျောက်လိုက်၏။ ရွမ်လျန့်က လွင့်စင်ကာ နံရံနှင့် တိုက်မိပြီး ကြမ်းပြင်ပေါ် ပုံလျက် လဲကျသွားတော့သည်။ ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် ချောင်းဆိုးကာ ဆံပင်တို့ ပြန့်ကြဲလျက် သွေးများ တရစပ် ယိုစီးကျလာတော့သည်။
လီယင်းက အေးစက်စွာ ပြောလိုက်သည်။
"သူ့ကို ဆွဲထုတ်သွားပြီး မြင်းငါးကောင်နဲ့ ..."