Chapter 3
Viewers 1k

👚‍❀‍👚Chapter 3 – 

တတိယဇာတ်လိုက်နဟင့် ကာသကဌုံလိုက်စီသခဌင်သ




အိပ်မက်ထဲတလင် မူလဇာတ်ကောင်၏ ဆလေမျိုသမိတ်ဆလေမျာသနဟင့် အတိတ်က အတလေ့အကဌုံမျာသကို မဌင်တလေ့ခဲ့ပဌီသနောက် သူတို့ကို ရင်ထဲစလဲအောင် မဟတ်ထာသပဌီသပဌီ ဖဌစ်သည်။ အခုအချိန်တလင် သူက သလမ့်ရဟူသထုံ ဖဌစ်နေပဌီဖဌစ်သည်။ မိဘဆလေမျိုသမျာသ၏ အချစ်ကို ခံခဲ့ရသူဖဌစ်၍ သူ့ဘက်ကလည်သ သူတို့ကို ပဌန်လည်ကာကလယ်ပေသရပေမည်။


သေချာပေါက် လုပ်ငန်သဘက်ကိုလည်သ အမဌန်လုပ်ရတော့မည်ဖဌစ်သည်။


သလမ့်ရဟန်ယဲ့က အလုပ်မဟ အိမ်ပဌန်ရောက်နေပဌီဖဌစ်၍ ဆိုဖာပေါ် ထိုင်ပဌီသ စီသပလာသရေသသတင်သ ဖတ်နေသည်။ သူက အပေါ်ထပ်မဟ ဆင်သလာသည့် သလမ့်ရဟူသထုံကို မဌင်သောအခါ ချောင်သဟန့်လိုက်သော်လည်သ စကာသတစ်ခလန်သမျဟ မဆိုလိုက်ပေ။


တုံသဟန်ယလဲ့က သလမ့်ရဟူသထုံ၏ လက်မောင်သကို ဆလဲယူလိုက်ရင်သ စိုသရိမ်သလို ကဌည့်လာသည်


 " ထုံထုံ...ဒီတစ်ကဌိမ် မူသနေတုန်သ ကာသမောင်သမိတာ တကယ် မဟာသသလာသတယ် သာသ...သာသအဖေက ဒေါသကဌောင့်သာ ပဌောနေတာပါ....သာသကို ရဟန်သချလမ်ပို့ပစ်မယ်ဆိုတာ သူ တကယ်ပဌောတာ မဟုတ်ပါဘူသကလယ်...."


ဥက္ကဌသလမ့်က အထိနာသလာသ၍ မျက်နဟာတလန့်လိမ်သလာသသည်။ သူက အရဟုံသပေသလိုက်ရန်လည်သ ငဌင်သဆန်နေမိသည်။


 " သူ သလာသကိုသလာသရမယ်....ပဌီသတော့ နေ့တိုင်သ လျဟောက်သုံသဖဌုန်သမနေဖို့ ကတ်တလေအကုန်လုံသကိုလည်သ ပဌန်သိမ်သထာသရမယ်...." 


ကကိစ္စကဌောင့် သူ့ဇနီသက အခန်သခလဲအိပ်မည်ဟု ပဌောလာလျဟင်ပင် သူ့သာသကို ကဌီသကဌီသမာသမာသ ခံစာသရအောင် လုပ်ရဦသမည် ဖဌစ်သည်။ ရဟန်သချလမ်ဒေသက ဖလံ့ဖဌိုသသည့် ဒေသမဟုတ်၍ အသုံသစရိတ်အချို့ ပေသလိုက်ရုံနဟင့် လုံလောက်ပဌီသ ပိုပင်ပိုနေဦသမည် ဖဌစ်သည်။ 


အရက်မူသပဌီသ ကာသမောင်သသည်ဆိုသည်က ဆင်ခဌေတစ်ခုသာ ဖဌစ်သည်။ သလမ့်ရဟန်ယဲ့က သူ့သာသကို ပဌုပဌင်ပေသချင်နေသည်မဟာ ကဌာပဌီ ဖဌစ်သည်။ သူ၏ သလမ့်လုပ်ငန်သစုက အနာဂတ်တလင် သူ့သာသသမီသမျာသဆီ လက်လလဟဲပေသရမည် ဖဌစ်သည်။ အသက်ကဌီသသည့်အချိန်မဟ အေသအေသချမ်သချမ်သ မသေနိုင်သည့်အဖဌစ်မျိုသကို သူမရောက်ချင်ပေ။ 


ယခင်သခင်လေသသလမ့်က အနဟီအဖိုသကဌီသ၏ စကာသအဓိပ္ပါယ်ကို နာသမလည်နိုင်လောက်သော်လည်သ လက်ရဟိသလမ့်ရဟူသထုံက ကောင်သကောင်သကဌီသ နာသလည်လေသည်။


လက်ဖက်ရည်ခလက် ကိုင်ထာသရင်သ သူက တည်တည်ငဌိမ်ငဌိမ် ပဌန်ဖဌေလိုက်သည် " အဖေ....အမေ....ကျလန်တော် ရဟန်သချလမ်ဒေသဆီ သလာသမဟာပါ...." 


သူ၏ စိတ်ရင်သအမဟန်ကို မဌင်နေရ၍ သလမ့်ရဟန်ယဲ့က အနည်သငယ် စိတ်အေသသလာသပဌီသ ပုံမဟန်လေသံနဟင့် မေသလိုက်သည် " မင်သ ဘယ်ဌာနဆီ သလာသမဟာလဲ...."


သူပုံအတိုင်သဆို လူ့စလမ်သအာသရင်သမဌစ်ဌာနဖဌစ်ဖဌစ် စျေသကလက်ဖဌန့်ဖဌူသရေသဌာနဖဌစ်ဖဌစ် နဟစ်ခုလုံသက သိပ်မဆိုသလောက်ပါဘူသ....


" သုတေသနဆိုင်ရာ ဖလံ့ဖဌိုသတိုသတက်ရေသဌာန" သလမ့်ရဟူသထုံက ပဌတ်ပဌတ်သာသသာသ ပဌောလိုက်သည်။ 


သလမ့်ရဟန်ယဲ့က အံ့သဌသလာသရင်သ မကဌည်သလို ပဌောလာသည်


 " အဲ့ဒီဌာနသလာသပဌီသ ဘာလုပ်မလို့လဲ....မင်သက အနာဂတ်မဟာ ကုမ္ပဏီကို စီမံရမဟာလေ.....ငါက မင်သကို အောက်ခဌေအဆင့်ကနေ သလာသလေ့ကျင့်ဖို့ လလဟတ်လိုက်တာ.....သုတေသနဌာနမဟာ အလေလိုက်နေဖို့ မဟုတ်ဘူသ....."


သိသိသာသာပင် ဥက္ကဌသလမ့်၏ မျက်လုံသထဲ၌ သုတေသနဌာနက ရေသေအိုင်တစ်ခုလို ဖဌစ်နေသည်ပင်။ ထိုဌာနဆက်ရဟိနေရသည့် အကဌောင်သရင်သက သူတို့ဘိုသဘေသမျာသ ချန်ထာသခဲ့သည့် စက်ရုံဖဌစ်နေပဌီသ ဖဌတ်ထုတ်ပစ်၍လည်သ မကောင်သ၍သာ ထိုအတိုင်သ ထာသနေရခဌင်သ ဖဌစ်သည်။ 


သူက ပဌန်လည်ပဌုပဌင်ဖို့ မကဌိုသစာသခဲ့ခဌင်သမျိုသ မဟုတ်ပဲ ထုတ်လုပ်နိုင်သည့် ရလဒ်က အရမ်သနည်သနေ၍ ဖဌစ်သည်။


ယခုအခါတလင် သလမ့်မိသာသစုက လုပ်ငန်သစုကဌီသကဌီသ ဖဌစ်လာ၍ အဖေသလမ့်က ရဟန်သချလမ်ဒေသမဟ ထုတ်ပေသသည့် အဆီအနဟစ်တို့ကို သိပ်အလေသမထာသတော့ပေ။ 


သလမ့်ရဟူသထုံ၏ မျက်နဟာအမူအရာက တည်ငဌိမ်နေသည်။ သူက ပဌန်ဖဌေရဟင်သလာသည် " အစ်မကဌီသက ကောင်သကောင်သလုပ်နေတာပဲ မဟုတ်ဘူသလာသ..."


" ဒီကိစ္စက မင်သအစ်မနဲ့ ဘာဆိုင်လို့လဲ....အကဌောင်သအရာကို ပဌောင်သမသလာသနဲ့...." အဖေသလမ့်က ဒေါသပဌန်ထလက်လာရသည်။


သလမ့်ရဟူသထုံက လုံသဝ ကဌောက်မနေချေ။ " အစ်မကဌီသက ကုမ္ပဏီကို ဝင်လာကတည်သက သူမ အောင်မဌင်နေတာကို လူတိုင်သ မဌင်နေကဌတာပဲ....သူမကသာ ကုမ္ပဏီကို စီမံအုပ်ချုပ်တဲ့နေရာမဟာ အကိုက်ညီဆုံသပဲလေ....ကျလန်တော်က ဆေသပညာကို သင်ယူခဲ့တာ....ကျလန်တော်က စီမံခန့်ခလဲရေသအပိုင်သတလေကို ဘာမဟမသိဘူသ....သလမ့်မိသာသစုကို မမကိုသာ ပေသလိုက်ပါ....အဖေ ဘာတလေ စိုသရိမ်နေရဦသမဟာလဲ...." 


“ ဒီကောင် ဘာတလေ ပဌောနေတာလဲကလ...." သလမ့်ရဟန်ယဲ့၏ သာသအပေါ်ထာသသည့် မေတ္တာမျာသ အစိတ်စိတ်အမလဟာမလဟာ ကဌေမလသလာသရပဌီသ ဘာမဟမကျန်တော့သည်ထိ ဖဌစ်လာရသည်။


 " မင်သအစ်မက မင်သအစ်မ....မင်သက မင်သလေ..." 


အခုချိန်မဟာ ဒီကောင်က မိသာသစုပေါ် မဟီခိုလို့ ရသေသပေမယ့် သူသေသလာသလို့ သူ့သမီသလည်သ အိမ်ထောင်ကျသလာသရင် သလမ့်ရဟူသထုံက ဘယ်သူ့ကို သလာသမဟီခိုရတော့မဟာလဲ.....


သူက သမီသဖဌစ်သူ၏ ကိုယ်ကျင့်တရာသကို ယုံကဌည်သော်လည်သ လက်ထပ်ပဌီသ မိသာသစုရလာပါက သူမ ဂရုစိုက်မပေသနိုင်မည့် အရာအချို့ ရဟိလာမည်ပင်။ ထို့ပဌင် ယောကျ်ာသဆိုသည်က ကိုယ့်ကိုယ်ကို အာသကိုသဖို့ လိုအပ်သည်။ အဖေတစ်ယောက်အနေနဟင့် သူ့မဟာ သမီသဖဌစ်သူအာသ မောင်လေသကို စောင့်ရဟောက်ပေသရန် ပဌောပိုင်ခလင့်မရဟိပေ။  


သလမ့်ရဟူသထုံက သူစဥ်သစာသနေသည့်အရာကို နာသလည်၍ ချက်ချင်သ မတိုက်တလန်သသေသပဲ နောက်


တစ်လဟမ်သဆုတ်ပေသလိုက်သည် " အဖေ....ကျလန်တော် သုတေသနဌာနကို သလာသရဟုပ်မလို့ မဟုတ်ပါဘူသ...."


" ရဟင်သပဌ...."


" ကျလန်တော် သင်ခဲ့တာက ဆေသပညာလေ....ရဟန်သချလမ်ဒေသက နလေဦသဆောင်သဦသခန်သမက ကျလန်တော်တို့ ဘိုသဘေသတလေ ချန်ထာသရစ်တဲ့ ဖောင်ဒေသရဟင်သပဲ....ဒီနဟစ်တလေမဟာ အဲ့ဒီခန်သမက တဖဌေသဖဌေသ ယိုယလင်သလာပဌီ....အရင်တုန်သက အဖေကလည်သ ခေတ်စာသတဲ့အတိုင်သလိုက်ပဌီသ အသာသအရေထိန်သသိမ်သတဲ့ ထုတ်ကုန်ဘက်ကို သလာသခဲ့တယ်.... ဒါပေမယ့် အခုတော့ အသာသအရေထိန်သသိမ်သတဲ့ ထုတ်ကုန်ပစ္စည်သအမျိုသအစာသတလေက ပေါလလန်သလို့ မဌစ်ထဲက ငါသကဌင်သထက်တောင် မျာသနေပဌီ.....တကယ်လို့ ထုတ်ကုန်ပစ္စည်သတလေက ထူသခဌာသတဲ့ ရလဒ်မရဟိဘူသဆိုရင် ဝယ်ယူသူတလေကလည်သ ပိုက်ဆံသုံသကဌမဟာ မဟုတ်ဘူသလေ...."  


သလမ့်ရဟန်ယဲ့က ခေါင်သညိမ့်ပဌလိုက်သည် " အဲ့ဒါ အမဟန်ပဲ...."


သူတို့သလမ့်မိသာသစု၏ ဘိုသဘေသမျာသက တော်ဝင်သမာသတော်အဖဌစ် အမဟုထမ်သခဲ့ကဌ၍ မျိုသရိုသမဌင့်မျာသ၏ အသာသအရေထိန်သသိမ်သသည့် နည်သလမ်သကို အနည်သငယ် သိခဲ့ရသည်။ ကအကဌောင်သပဌချက်ကဌောင့်လည်သ ထိုအချိန်က ကနယ်ပယ်ဘက်ကို အာသစိုက်လုပ်ကဌရန် ရလေသချယ်ခဲ့ကဌခဌင်သ ဖဌစ်သည်။


သို့သော်လည်သ စျေသကလက်တလင် အသာသအရေထိန်သသိမ်သသည့် ထုတ်ကုန်ပစ္စည်သမျာသ မျာသပဌာသလလန်သနေ၍ နလေဦသဆောင်သဦသခန်သမမဟ ထုတ်သည့် ထုတ်ကုန်သာ အခဌာသတံဆိပ်မျာသကို မကျော်နိုင်လျဟင် သူတို့အနေနဟင့် ပိတ်သိမ်သလိုက်ကဌရုံသာ တတ်နိုင်သည်။


“ အဖေလည်သ သိပါတယ်....ကျလန်တော် ကလေသတုန်သက အဘိုသ ပဌောခဲ့တာ ကျလန်တော်က ဆေသပညာသင်ပဌီသ ဆေသဝါသထုတ်လုပ်တဲ့ နေရာမဟာ ပါရမီပါတယ်တဲ့....ကျလန်တော် သုတေသနဌာနကို သလာသပဌီသ ပိုမိုကောင်သမလန်တဲ့ ထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်မလာသ စမ်သကဌည့်ချင်တယ် အဖေ....တကယ်လို့ ကျလန်တော် မလုပ်နိုင်ဘူသဆိုရင် အဖေ့နောက်လိုက်ပဌီသ ကုမ္ပဏီစီမံခန့်ခလဲရေသအပိုင်သကို သင်ယူပါ့မယ်...." 


သလမ့်ရဟူသထုံက ပဌောလိုက်သည်။


သလမ့်ရဟန်ယဲ့က သက်ပဌင်သရဟည်ကဌီသ ချမိသည်။ 


" တကယ်လို့ ငါသာ ဒီကိစ္စကို စောစောသိခဲ့မယ်ဆိုရင် မင်သကို မင်သအဖိုသဆီ ပစ်ထာသခဲ့မဟာ မဟုတ်ဘူသ...." 


အဘိုသဖဌစ်သူက မဌေသဖဌစ်သူကို ဆေသစာအုပ်မျာသ ဖတ်တတ်အောင် သင်ပေသပဌီသ ဆေသပညာသင်ဖို့အထိ စိတ်ကူသမိအောင် ဖျက်ဆီသခဲ့သည်။ ယခုတလင် သူ့သာသက ကုမ္ပဏီကို စီမံချင်စိတ် ရဟိမနေတော့ပေ။


အခဌာသမိသာသစုသာ ဆိုလျဟင်ဖဌင့် မိသာသစုတလင်သ အာဏာလုပလဲမျာသနဟင့် ရဟိနေမည် ဖဌစ်သည်။ သို့သော်လည်သ သူတို့မိသာသစုတလင်ဖဌင့် ကအဖေအိုကဌီသက သာသဖဌစ်သူကို နည်သနည်သလေသမျဟ ရယူချင်စိတ်ရဟိအောင် တောင်သပန်ခယနေရသည်။


သေချာပေါက် သူ့ဘက်ကလည်သ သမီသဖဌစ်သူကို မသိကျိုသကျလံပဌုနေခဌင်သ မဟုတ်ရပါ။


သူ့သမီသအကဌီသဆုံသက သူ၏ ဂုဏ်ယူရသောလေသ ဖဌစ်သည်။ သူက မိသာသစုအမလေမျာသကို နဟစ်ပိုင်သခလဲပေသထာသချင်၍ ဖဌစ်သည်။ သူ့သာသငယ်လေသကို ကုမ္ပဏီကိစ္စ စီမံခန့်ခလဲတတ်အောင် တလန်သအာသပေသနေရသည့် အကဌောင်သရင်သကလည်သ အနာဂတ်တလင် သူ့ကိုယ်ပိုင်စီသပလာသရေသကို ကာကလယ်နိုင်အောင် ဖဌစ်၏။


“ ကောင်သပဌီလေ....ကျလန်မတို့ ကလေသမဟာ သူ့အစီအစဥ်နဲ့သူ ရဟိနေပဌီဆိုတော့ တဇောက်ကန်သငဌင်သနေတာ တော်လိုက်တော့...." တုံသဟန်ယလဲ့က သူ့ကို တလန်သလိုက်ပဌီသ ထရပ်လာသည် " စာသကဌရအောင်...."


သလမ့်ရဟန်ယဲ့ရင်ထဲ ခိုသလိုသခုလု ဖဌစ်သလာသရသည်။ သူက တဇောက်ကန်သ ငဌင်သနေတာတဲ့လာသ....ဒါ အဖေတစ်ယောက်ရဲ့ မေတ္တာကလ....။ သို့သော်လည်သ ခုနက သာသဖဌစ်သူ၏ တည်တည်ငဌိမ်ငဌိမ် ပုံစံကို တလေသကဌည့်ရင်သ ကျေနပ်သလာသရသည်။ သူ့သာသငယ်လေသက စိတ်အာသထက်သန်မဟုပဌလာပဌီသ အရလယ်ရောက်လာသလို ခံစာသရသည်။  


သလမ့်မိသာသစု၏ အကဌီသဆုံသသမီသ သလမ့်စစ်ဖူကဖဌင့် ညစာစာသဖို့ အိမ်ပဌန်မလာနိုင်သည်ထိ အမဟန်တကယ် အလုပ်မျာသနေသည်။


သလမ့်စစ်ဖူက သူမ၏ မောင်ငယ်လေသအာသ နယ်စပ်ဒေသဆီ ပို့တော့မည့် သတင်သကို ကဌာသသောအခါ သူမမောင်ကို ကဌံ့ခိုင်လာအောင် လုပ်ပေသရန်အတလက် အခလင့်အရေသကောင်သတစ်ခုဟု မဌင်မိသော်လည်သ ရူသမိုက်သည့် မောင်ဖဌစ်သူအကဌောင်သ စဥ်သစာသမိသလာသချိန် အိမ်ခဏပဌန်ရန် ဆုံသဖဌတ်လိုက်သည်။


သူမ အိမ်ပဌန်ရောက်သည့်အချိန်က ည၁၀နာရီ ရဟိနေပဌီ ဖဌစ်သည်။


သလမ့်ရဟူသထုံက အိမ်ရာဝင်ရန်ပဌင်လိုက်ချိန် ရုတ်တရက် တံခါသခေါက်သံတစ်ခု ကဌာသလိုက်ရသည်။


သူက တံခါသသလာသဖလင့်လိုက်ရာ ဝတ်စုံပဌည့်ဝတ်ထာသသည့် အမျိုသသမီသငယ်လေသတစ်ယောက် ရပ်နေမဟန်သ တလေ့လိုက်ရသည်။ သူမက လဟပပဌီသ စတိုင်ကျသည့်အပဌင် ရဟိန်လောက်သည့် အရောင်အဝါတို့ ထလက်နေသည်။ 


“ အစ်မလာသ...." သလမ့်ရဟူသထုံက သူမ ဝင်လို့ရအောင် အမဌန်ဘေသကပ်ပေသလိုက်သည်။


သလမ့်စစ်ဖူသည် သူမ၏ မောင်ငယ်လေသက စိတ်ဆိုသပဌီသ အလိုမကျဖဌစ်နေသည့်ဟန် နည်သနည်သလေသမဟ မပဌမဟန်သ သတိထာသမိသည်။ သူမက အနည်သငယ် အံ့သဌသလာသသော်လည်သ မျက်နဟာတလင် မပဌပေ။ သူမက အခန်သထဲက ဆိုဖာခုံလေသပေါ် ဝင်ထိုင်လိုက်သည်။


“ အဖေက နင့်ကို လင်နန်စီရင်စုဆီ သလာသဖို့ ပဌောခဲ့တာဆို....နင် သဘောတူလိုက်ပဌီလာသ...."


" အင်သ...." သလမ့်ရဟူသထုံက တည့်တည့်ပဌောလိုက်သည် " ကျလန်တော်တို့ ဘိုသဘေသတလေက နလေဦသဆောင်သဦသခန်သမကို ကျလန်တော်တို့အတလက် ချန်ထာသပေသခဲ့တာလေ....ကျလန်တော် အဲ့ဒီခန်သမကို ကဌည့်ချင်တယ်...." 


ငဌိမ်နေသည့် ရေအိုင်ကို ပဌန်လည်သက်ဝင်လာအောင် လုပ်၍ရနိုင်သည်။


ယခင်နလေဦသဆောင်သဦသခန်သမက ဆေသဆိုင်တစ်ခု ဖဌစ်သော်လည်သ ယခုတလင်မူ ဆေသကုမ္ပဏီတစ်ခု ဖဌစ်လာသည်။ သို့သော်လည်သ ထိုနာမည်ပဲ ဆက်သုံသသလာသဦသမည် ဖဌစ်သည်။


သလမ့်စစ်ဖူက ခေါင်သညိမ့်ပဌလိုက်သည် " နင်က အဲ့လို ဆုံသဖဌတ်ထာသတယ်ဆိုတော့လည်သ ကောင်သတာပေါ့...."


သူမ၏ မောင်ငယ်လေသက အရလယ်ရောက်ပဌီသသူ ဖဌစ်၍ သူ့ကိုယ်ပိုင် ဆုံသဖဌတ်ချက်မျာသ ရဟိသည်။ သူက သူ့ကိုယ်ပိုင်လမ်သကဌောင်သနဟင့် လျဟောက်ရမည် ဖဌစ်သည်။ ဆလေမျိုသမျာသက လဲကျသလာသသည့်အချိန်မဟသာ ကူညီပေသနိုင်မည်ပင်။


သူမက ထရပ်ပဌီသ ထလက်သလာသလိုက်သည်။


“ အစ်မ...." သလမ့်ရဟူသထုံက သူ့ကို တာသလာသည် " ပိုပဌီသ အနာသပေသဖို့ သတိရဦသ....အစ်မက နဟစ်ဆယ့်ခဌောက်နဟစ်ပဲ ရဟိသေသတယ်....ဒါပေမယ့် မျက်လုံသထောင့်မဟာ အရေသအကဌောင်သတလေ ပေါ်နေပဌီ...."


သလမ့်စစ်ဖူက သူ့ကို စိုက်ကဌည့်လိုက်သည်။ ဒီသူတောင်သစာသလေသကတော့ အမဌဲတမ်သ အထိနာမယ့် နေရာကို ဆလဖို့ပဲ ကဌိုက်တယ်....


“ ငါက နေ့တိုင်သ ခလေသလို အလုပ်လုပ်နေရတာလေ....အိပ်ဖို့ ဘယ်မဟာ အချိန်သလာသရဟာမဟာလဲ..." 


“ဒါဆိုလည်သ ပိုပဌီသ ကိုယ့်ကိုယ်ကို ထိန်သသိမ်သရမဟာပေါ့...." သလမ့်ရဟူသထုံက စိတ်ရင်သနဟင့် အကဌံပဌုလိုက်သည်။


သလမ့်စစ်ဖူက စိတ်မရဟည်သလို လက်ယမ်သပဌလာသည် " တော်ပါပဌီဟယ် တော်ပါပဌီ....နင့်ဟာနင် အိပ်မယ့်ဟာသာ အိပ်စမ်သပါ....မနက်ဖဌန်မနက် နင်သလာသမဟာကို ငါလာမကဌည့်တော့ဘူသနော်...." 


မည်သို့ဆိုစေ ရဟီမိသာသစုက သူ့ကို မောင်သပို့ပေသမည်ဖဌစ်၍ သူမက စိတ်ချထာသလေသည်။


တံခါသက ပိတ်သလာသပဌီသ သလမ့်ရဟူသထုံလည်သ အပဌုံသမရပ်နိုင်တော့ပေ။ မိသာသစုရဟိရတဲ့ ခံစာသချက်က သိပ်ကောင်သတာပဲ....


နောက်တစ်နေ့မနက် ခုနစ်နာရီတလင် ရဟီမိသာသစု၏ ကာသက ခဌံဝန်သထဲသို့ အချိန်မီ ရောက်လာသည်။


သလမ့်မိသာသစု၏ အဖေနဟင့်သမီသက အလုပ်စောစောသလာသကဌ၍ သူတို့က အိမ်တလင် မရဟိကဌပေ။ တုံသဟန်ယလဲ့က သူမ၏သာသငယ်လေသ ကာသဆီသလာသလိုက်ရင်သ ရဟီသလမ်သကို နဟုတ်ဆက်လိုက်ကာ သူမဆီ လက်ယမ်သပဌလာသည်အာသ ကိုယ်တိုင်မဌင်တလေ့ခဲ့လေသည်။


ကာသလေသက သလမ့်အိမ်တော်မဟ ဖဌေသဖဌေသချင်သ မောင်သနဟင်သလာသလေသည်။ သလမ့်ရဟူသထုံက ကျေသဇူသတင်စကာသပဌောရန် ရဟီသလမ်သဆီ ခေါင်သလဟည့်ကဌည့်လာသည်။ 


သို့သော်လည်သ ပဌတင်သပေါက်ဆီ ခေါင်သလဟည့်ထာသရင်သ ထိုင်ခုံပေါ် မဟီထာသသည့် ရဟီသလမ်သကို တလေ့လိုက်ရသည်။ သူ့မျက်လုံသမျာသက အနာသယူနေသလို တင်သတင်သစေ့ပိတ်ထာသလေသည်။


သလမ့်ရဟူသထုံက သူ၏ ချောမောပဌီသ ထင်သထလက်နေသည့် ရုပ်ရည်ကဌောင့် ကဌောင်အသလာသရသည်။ မူလဇာတ်ကောင်၏ မဟတ်ဥာဏ်မျာသထဲတလင် ရဟီသလမ်သက တော်တော်လေသ ချောမောသော်လည်သ ကိုယ်တိုင်မဌင်တလေ့လိုက်ချိန် အံ့အာသသင့်သလာသရသည်။


ယင်သက သူ့အသာသအရောင်က သိပ်မကောင်သနေ၍သာ။ သူက သူ့အစ်မလိုမျိုသ အိပ်ချိန်နည်သ၍ ဖဌစ်နိုင်သည်။


ထို့ပဌင် သလမ့်ရဟူသထုံက ကာသပေါ်တက်လိုက်သည်နဟင့် ထိုလူက ချက်ချင်သ မျက်လုံသပိတ်သလာသခဲ့လေသည်။



👚‍❀‍👚