Chapter 4
Viewers 1k

👨‍❤️‍👨Chapter 4

 â€“ ဇာတ်လိုက်နှင့် စကားစမြည် ပြောခြင်း




ရှီမိသားစုဒရိုင်ဘာက ကားမောင်းကျွမ်း၍ စီးရသည်က ငြိမ့်ညောင်းလှသည်။


ချန်နင်က အရှေ့က ခရီးသည်ခုံတွင် ထိုင်နေသည်။ ရှီသွမ်းအနားယူနေသည်ကို မနှောင့်ယှက်ချင်၍ သွမ့်ရှူးထုံက စကားမဆိုလိုက်ပဲ သူ့ဘက်ကို ဖော်ဖော်ရွေရွေ ပြုံးပြလိုက်သည်။ 


သူက ဖုန်းကို အသံပိတ်ပြီး အိပ်ထဲ ပြန်ထည့်ရန် ပြင်လိုက်စဥ် ဖုန်းမျက်နှာပြင်က မီးလင်းလာသည်။


ယင်းက ဝီချက်မက်ဆေ့ချ် တစ်ခု ဖြစ်နေသည်။


ဝိန်းဝိန်း : မနေ့က ရှင်လာပြီး ဆေးရုံခရှင်းပေးသွားတယ်လို့ သူနာပြုဆီကနေ ကျွန်မ ကြားခဲ့တယ်....ကျေးဇူးတင်ပါတယ်....ကျွန်မ ပိုက်ဆံ ပြန်လွှဲပေးမယ်နော်....


သွမ့်ရှူးထုံက မျက်ခုံးတစ်ဖက် ပင့်မိသွားသည်။ သူ လုပ်ရမည့် ပထမဆုံးအရာက နာမည်ကို ပြောင်းရမည်ပင်။


ဖိန်ရော့ဝိန်း : ၆၄၈ယွမ် လွှဲပေးလာ...


သွမ့်ရှူးထုံက စက္ကန့်အနည်းငယ်မျှ တွန့်ဆုတ်နေမိပြီးနောက် လက်ခံရန် ဆုံးဖြတ်လိုက်သည်။


သူ လက်ခံလိုက်သည်နှင့် တစ်ဖက်က သူလိုင်းတက်နေမှန်း သိ၍ နောက်ထပ် စာတစ်စောင် ပို့လာသည်။ ရှင် လင်နန်စီရင်စုကို သွားနေတယ်လို့ ကြားတယ်....


သွမ့်ရှူးထုံက ဖုန်းကာဗာကို ပွတ်လိုက်မိသည်။ ဖိန်ရော့ဝိန်းက တော်တော် သိတာပဲ....


သူက သူမကို ချက်ချင်း ပြန်မဖြေလိုက်ပေ။ ထိုအစား သူက အရှေ့ခုံက ချန်နင်ကို မက်ဆေ့ချ် ပို့လိုက်သည်။


ချန်နင်၏ ဖုန်းက အသံပိတ်ထားသော်လည်း မက်ဆေ့ချ် မမြင်အောင် လုပ်ထားခြင်းမျိုး မရှိပေ။ ငုံ့ကြည့်လိုက်မှ အမှန်ပင် သခင်လေးသွမ့်ဆီက စာဖြစ်နေမှန်း တွေ့လိုက်ရသည်။


သခင်လေးသွမ့် : မနေ့က ဦးလေးရှီက ဆေးရုံကို သွားပြီး မိန်းကလေးဖိန်ကို တွေ့ခဲ့သေးလား...


ချန်နင်က အံ့သြသွားရသည်။ ဒါ ဘာကို ဆိုလိုတာလဲ....မင်းက သွားခွင့်ပြုရုံတင်မကဘူး ဥက္ကဌရှီနဲ့ မိန်းကလေးဖိန်တို့ရဲ့ ဆက်ဆံရေးကိုပါ ဂရုစိုက်နေသေးတာလား....


သူက ဦးနှောက်ကို အလုပ်ပေးလိုက်ရင်း စာရိုက်လိုက်သည် : ဥက္ကဌရှီက မနေ့က အလုပ်ရှုပ်နေတာနဲ့ ကျွန်တော်ပဲ သွားတွေ့လိုက်တာပါ... 


သခင်လေးသွမ့် : နားလည်ပါပြီ...


ချန်နင်၏ ခေါင်းထဲ question markများနှင့် ပြည့်သွားလေသည်။ နားလည်ပါပြီ....ဘာလဲ .... ဘာကို နားလည်တာလဲ....


သွမ့်ရှူးထုံက ဇာတ်လိုက်မနှင့် သိပ်ပြီး မပတ်သက်ချင်တော့ပေ။ သူက ဖိန်ရော့ဝိန်းဆီ စိတ်ဆင်းရဲသွားမည့် မေးခွန်းတစ်ခု ပို့လိုက်လေသည် : မင်း လိရှောင်းကို သဘောကျတယ် မို့လား...


ဖိန်ရော့ဝိန်းက အကြာကြီးနေမှ စာပြန်လာသည် : တောင်းပန်ပါတယ်...


သူမ တောင်းပန်ရသည့် အကြောင်းရင်းက သွမ့်ရှူးထုံ အရက်မူးပြီး ကားမောင်းသည့် ကိစ္စက သူမနှင့် တစ်ခုခု ပတ်သက်နေ၍ပင်။


သွမ့်ရှူးထုံက ထိုနေ့က သူမကို ဖွင့်ပြောခဲ့သော်လည်း 'လူကောင်းပါ' ဆိုသည့် အဖြေသာ ပြန်ရခဲ့သည်။ သူက ဖိန်ရော့ဝိန်း ပြောချင်သည့် စကားအဓိပ္ပါယ်ကို နားလည်လေသည်။


သူမက လိရှောင်းကို ကြိုက်နေတာပဲ....


မယှဥ်နိုင်လောက်အောင် အားအင်မဲ့နေသည့် ခံစားချက်နှင့် သွမ့်ရှူးထုံက မူးအောင် သောက်ခဲ့သည်။ 


ဖိန်ရော့ဝိန်းက သူ့ကို နည်းနည်းလောက်တော့ သဘောကျနိုင်ကောင်းပေမယ့် လုံးဝ နည်းနည်းလေးသာ ဖြစ်သည်။ ဤသဘောကျသည့် အကြောင်းရင်းကလည်း သူ့လုပ်ဆောင်ချက်များကြောင့်သာ နည်းနည်း စိတ်ပါသွားပြီး အချစ်နှင့် လုံးလုံး မသက်ဆိုင်ပေ။


သွမ့်ရှူးထုံက ပြတ်ပြတ်သားသား ဖြစ်အောင် စာပို့ပေးလိုက်သည် : လိရှောင်းမှာ စေ့စပ်ထားတဲ့သူ ရှိတာ မင်းသိလား...


စက္ကန့်ကနေ မိနစ်ထိ အချိန်က တရွေ့ရွေ့ကုန်သွားလေပြီး နောက်ဆုံး ဖုန်းမျက်နှာပြင်က မီးပြန်လင်းလာသည်။ ယင်းက ဇာတ်လိုက်မက မည်သို့ပြောရမလဲ မသိသည့်အတွက်ကြောင့် ဖြစ်ရမည်။


ဖိန်ရော့ဝိန်း : ကျွန်မ အရင်က မသိခဲ့ဘူး....ဒါပေမယ့် အခု သိသွားပြီ....ကျေးဇူးတင်ပါတယ်...


သူမသဘောထားကို မြင်လိုက်၍ သွမ့်ရှူးထုံက စိတ်အေးသွားရပြီ ဖြစ်သည်။ ဇာတ်လိုက်မ၏ အကျင့်စရိုက်အတိုင်းဆိုလျှင် သူမက လိရှောင်းတွင် စေ့စပ်ထားသည့်သူ ရှိမှန်း သိသွားပါက ထိုသူ့ကို ထပ်ဆက်သွယ်လိမ့်မည် မဟုတ်ပေ။


အခုဆို သူကလည်း လိုက်မပိုးတော့ပဲ နှုတ်ထွက်သွားပြီဆိုတော့ ရှီသွမ်းမှာ အခွင့်အရေးတစ်ခု ရသွားပြီ မဟုတ်လား...


ဒီလိုမျိုး အရမ်းတော်တဲ့ တတိယဇာတ်လိုက်က တစ်ဘဝလုံး လက်မထပ်ပဲ နေသွားရင် အရမ်း သနားစရာကောင်းတယ်....


ထို သနားစရာကောင်းလှပါသည် ဆိုသည့် ဥက္ကဌရှီက မျက်လုံးပွင့်လာပြီး တိတ်တိတ်လေး ခေါင်းမော့လာသည်။ သူက ကားစထွက်ကတည်းက ယခုထိ ဖုန်းတွင်သာ စိတ်ရောက်နေသော ဘေးက လူငယ်လေးကို ကြည့်လိုက်မိသည်။ သူ့မျက်နှာအမူအရာက အေးစက်နေပြီး သေချာကြည့်ကြည့်လျှင် သဘောမကျသလို အရိပ်ရောင်တို့ ရှိနေမှန်း မြင်ရသည်။  


သူ့ကို ကြည့်နေရင်း အသက်မပြည့်သေးသော တူဖြစ်သူကို အမှတ်ရမိသွားသည်။ ယခုခေတ် လူငယ်လူရွယ်များက ဖုန်း၏ ကျေးကျွန်များ ဖြစ်နေကြလေသည်။


ရှီသွမ်းက ဆေးဆိုးထားသော ရွှေအိုရောင် ဆံပင် ဦးခေါင်းခွံရုပ်ပုံများပါသည့် လက်ပြတ်အင်္ကျီနှင့် ခပ်လျှောလျှော ဘောင်းဘီတို့ကို ဝတ်ထားသည့် လူငယ်လေးကို ကြည့်လိုက်မိသည်။ သူက ယခုခေတ် လူငယ်များကို နားမလည်တော့ပေ။


ရှီသွမ်းက အသံမထွက်ပဲ နားမလည်သည့် မျက်နှာပြနေသော်ငြား မျက်လုံးများကဖြင့် ထိုလူငယ်လေး၏ စာရိုက်နေသော လက်ချောင်းများမှ အကြည့်မလွှဲနိုင်ပေ။ 


သူ့လက်ချောင်းလေးများက ဖြူဖွေးပြီး ရှည်ရှည်သွယ်သွယ်လေး ဖြစ်သည်။ လက်သည်းခွံလေးများကပင် ညီညီညာညာလေး ရှိနေသည်။


သွမ့်ရှူးထုံက အမှုမဲ့အမှတ်မဲ့ နေတတ်သူ ဖြစ်နေလျှင်ပင် သူ့ဆီ ရောက်နေသည့် အကြည့်စူးစူးကိုဖြင့် သတိထားမိသွားနိုင်၍ သူက ခေါင်းလှည့်သွားလေသည်။ 


ရှီသွမ်းက မျက်လုံးပိတ်ထားသော်လည်း ခေါင်းကဖြင့် သွမ့်ရှူးထုံရှိရာဘက် မျက်နှာမူထားသည်။


ရှီသွမ်းတွင် မျက်ခုံးထင်းထင်းနှင့် မျက်တောင်ရှည်ကြီးများ ရှိသည်။ နှာတံကလည်း ဖြောင့်စင်းနေပြီး နှုတ်ခမ်းများက ပိရိသေသပ်ကာ လှပသည်။ သို့သော်လည်း နှုတ်ခမ်းအရောင်က ကျန်းမာရေးမကောင်းပုံ ပေါ်နေ၍ အမှတ်နည်းနည်းလျော့သွားလေသည်။


ထိုလူ့တွင် ပင်ပန်းနေသည့် အရိပ်ရောင်များ ခိုတွဲနေသေးသည်။ သူ့မျက်လုံးပိတ်လိုက်သည်နှင့် သွမ့်ရှူးထုံက သူ့ကို ရှစ်ဆယ့်ငါးမှတ် ပေးလိုက်သည်။


သွမ့်ရှူးထုံက အကြည့်တို့ ရုတ်သိမ်းလိုက်ရင်း ပြတင်းပေါက်အပြင်ဘက်ကို အကြည့်ပို့လိုက်သည်။


ခုနကဟာက သူစိတ်ထင်တာပဲ နေမှာပါ....


ယန်မြို့တော်သို့ လင်နန်စီရင်စု ရှန်းချွမ်ဒေသကနေ ခြောက်နာရီခန့် သွားရသည်။ နေ့လည်တစ်နာရီခန့်တွင် ကားလေးက ရှန်းချွမ်ဒေသ နယ်နိမိတ်ထဲသို့ ဝင်သွားလေသည်။


သွမ့်ရှူးထုံက ထိုင်ခုံကို မှီပြီး အိပ်ပျော်နေချိန် ရှီသွမ်းက ခရီးတစ်ဝက်တွင် နိုးလာပြီး ကုမ္ပဏီကိစ္စများ ကိုင်တွယ်ဖြေရှင်းနေသည်။


ကားမောင်းနေစဥ် တစ်လျှောက်လုံး သွမ့်ရှူးထုံ၏ ဖုန်းက အဆက်မပြတ် မီးလင်းလာသော်လည်း ရှီသွမ်းက သူ့ကို မနှိုးလိုက်ပေ။


ရှန်းချွမ်ဒေသထဲအဝင် ယာဥ်ကြောကျပ်နေ၍ အရှိန်က သိပ်မမြန်တော့ပေ။ ထို့ပြင် လမ်းများက ကျဥ်း၍ ယာဥ်ကြောကျပ်ဖို့ လွယ်နေခြင်း ဖြစ်သည်။


ဒရိုင်ဘာက ဘရိတ်အုပ်လိုက်၍ သွမ့်ရှူးထုံမှာ ဆတ်ခနဲ နိုးသွားရသည်။ လက်ထဲက ဖုန်းလည်း ချော်ထွက်သွားပြီး ထိုင်ခုံအောက် ရောက်သွားခဲ့သည်။


သူက မသိလိုက်စွာနှင့် မျက်လုံးပွတ်လိုက်ရင်း ကုန်းလိုက်ပြီး ဖုန်းရှာလိုက်သည်။


ဖုန်းက လျှာလျှာရှည်ရှည် ရှီသွမ်းဘက်ကို စောင်းသွားလေသည်။ ကုန်းနေရင်း သွမ့်ရှူးထုံမှာ ခေါင်းစောင်းရင်း မော့ကြည့်လာသည်။ မျက်လုံးထက် အိပ်ချင်မပြေသေးသော အငွေ့အသက်များနှင့် တောင်းဆိုလိုက်သည် 


" ဦးလေးရှီ....နည်းနည်းလောက် ရွေ့ပေးလို့ ရမလား..."  


ရှီသွမ်းက လက်ထဲ ကိုင်ထားသည့် စာရွက်စာတမ်းများဆီမှ အကြည့်ခွာလိုက်ရင်း မျက်လုံးပင့်လာချိန် သွမ့်ရှူးထုံနှင့် တည့်တည့်ပင် အကြည့်ချင်း ဆုံသွားလေသည်။


သွမ့်ရှူးထုံ၏ နှလုံးသားလေးက ခုန်ပေါက်လာလေသည်။


သူ့မျက်လုံးဖွင့်လိုက်သည့်အချိန် ရှီသွမ်း၏ ဆွဲဆောင်မှုအဆင့်က ကိုးဆယ့်ကိုးရာခိုင်နှုန်းထိ တက်သွားလေသည်။ သွမ့်ရှူးထုံက ရှီသွမ်း စိတ်ကြီးဝင်သွားမည်စိုး၍ တစ်မှတ်လျှော့ထားလိုက်သည်။


လူတိုင်းက အလှအပကို နှစ်သက်ကြပြီး သွမ့်ရှူးထုံလည်းချွင်းချက်မဟုတ်ခဲ့။ ထို့ပြင် သူက ယောကျ်ားများကို ကြိုက်သည့် ယောက်ျားတစ်ယောက် ဖြစ်နေသည်။


ရှီသွမ်း၏ မျက်နှာက သူ၏စံနှုန်းများနှင့် လုံးဝ ကိုက်ညီသည်ဟုပင် ပြော၍ရသည်။


တတိယဇာတ်လိုက်၏ နှလုံးသားက ဇာတ်လိုက်မအပေါ်တွင်သာ ရှိနေသည်က စိတ်မကောင်းစရာပင်။ သူက ဒုတိယဇာတ်လိုက်ဖြစ်၍ သူ့အလုပ်ကိုသာ အာရုံစိုက်ထားသင့်ပေသည်။


ရှီသွမ်းက ဖယ်မပေးပဲ ကုန်းလိုက်ပြီး သူ့ခုံအောက်တွင် ရှာပေးနေသည်။ 


ဤတစ်ယောက်ကပါ ကုန်းလာ၍ နှစ်ယောက်စလုံးက အရမ်းနီးကပ်နေပြီး သွမ့်ရှူးထုံမှာ ရှီသွမ်း၏ ညာဘက်မျက်ခုံးစွန်းက ကွယ်ဝှက်နေသော မှဲ့လေးကိုပင် မြင်နေရသည်။


ရှီသွမ်းက ထိုင်ခုံဆီ ပြန်ရောက်သွားချိန် သွမ့်ရှူးထုံက နောက်ပြန်လှန်လိုက်ရာ ရှေ့ထိုင်ခုံ၏ ကျောဘက်နှင့် တိုက်မိသွားရသည်။


ချန်နင်က အိပ်ချင်နေသော မျက်နှာနှင့် လှည့်ကြည့်လာသည်။ သူ့မိသားစု၏ ဥက္ကဌရှီက ဖုန်းကို တည်တည်ငြိမ်ငြိမ် ကောက်ပေးလိုက်ရင်း ခေါင်းနောက်ကို လက်နှင့်အုပ်ထားသည့် သခင်လေးသွမ့်အား ပေးလိုက်သည်ကို မြင်လိုက်ရသည်။ 


ကံကောင်း၍ ရှေ့ထိုင်ခုံနောက်ကျောက ပျော့ပျောင်းနေ၍ပင်။ မဟုတ်လျှင် သခင်လေးသွမ့်က တော်တော်ခံလိုက်ရမည် ဖြစ်သည်။


သွမ့်ရှူးထုံက ဖုန်းကို လက်ခံယူလိုက်ရင်း မတ်မတ်ထိုင်လိုက်သည်။ မျက်လွှာချထားလျက် စကားဆိုလာသည် " ကျေးဇူးပါ...."


သွမ့်ရှူးထုံ၏ အကြည့်က တဖန် ဖုန်းပေါ်ရောက်သွားသည်ကို မြင်၍ ရှီသွမ်းက တစ်ခုခု ပြောချင်သလို နှုတ်ခမ်းလှုပ်လာသော်လည်း ပါးစပ်မဟလိုက်တော့ပေ။


တိုက်တိုက်ဆိုင်ဆိုင် ဖုန်းမျက်နှာပြင်က မီးလင်းလာသည်။ သွမ့်ရှူးထုံက ဖွင့်ကြည့်လိုက်ရာ ခေါ်လာသည့်သူက လိရှောင်း ဖြစ်နေသည်။


လိရှောင်းက ဘာကိစ္စ သူ့ဆီ ဖုန်းဆက်ရတာလဲ....သူက သူနဲ့ နောက်တစ်ပြန်ချချင်တာလား...


သွမ့်ရှူးထုံက လက်ခံဖြေဆိုမည့် နေရာကို နှိပ်လိုက်သည်နှင့် လိရှောင်း၏ ဒေါသတကြီး အပြစ်တင်သံကို ကြားလိုက်ရသည် " သွမ့်ရှူးထုံ...မင်းဘာလို့ အခုမှ ကိုင်ရတာလဲကွ..." 


ငါက မင်းမိန်းမမှ မဟုတ်တာ...အိုကေလား...


အံ့သြသွား၍ သူက ပုံမှန်လေသံနှင့် ပြန်ဖြေလိုက်သည် " ငါ အခုလေးတင် အိပ်ပျော်သွားလို့ ဖုန်းကလည်း အသံပိတ်ထားတာ....ဘာအကြောင်း ပြောမလို့ ခေါ်တာလဲ...."


လိရှောင်းက အသံကို နိမ့်လိုက်ရင်း မေးလာသည်


 " မင်း ရော့ဝိန်းကို တစ်ခုခု ပြောလိုက်သေးလား..."


သွမ့်ရှူးထုံ : ???


သူက ဒုက္ခရောက်သွားစေနိုင်တဲ့ အရာမျိုး ပြောခဲ့လို့လား...


" ဘာကိစ္စလဲ ပြော..."


လိရှောင်း " မင်းသာ ဘာမှမပြောခဲ့ရင် ဒီနေ့ ဘာလို့ ရော့ဝိန်းက ငါ့ကို ဝီချက်မှာ ထူးထူးဆန်းဆန်းတွေ ပို့လာရမှာလဲ...." 


ယာဥ်ကြောပိတ်ဆို့မှုကြောင့် ကားလေးက ရပ်လိုက်မောင်းလိုက်ဖြစ်နေ၍ ကားစီးရသည်မှာ တော်တော်လေး ဆိုးရွားနေသည်။ သွမ့်ရှူးထုံမှာ အန်ချင်စိတ်ပင် ပေါက်လာသည်။ သူက လိရှောင်းကို စိတ်မရှည်တော့၍ သူ့လေသံကလည်း မကောင်းနိုင်တော့ပေ။


" မင်းမှာ စေ့စပ်ထားတဲ့သူ ရှိတာ သိလားဆိုပြီး သူမကို မေးလိုက်တာလေ...." 


လိရှောင်း " မင်း ဘာအတွက်နဲ့ သောက်ကျိုးနည်း ဒီစကားတွေ ပြောလိုက်ရတာလဲ...."  


သွမ့်ရှူးထုံ၏ မျက်နှာထားက အေးစက်လာသည် " ငါက ဘာလို့ ပြောလို့မရရမှာလဲ....လိရှောင်း မင်း ဘယ်သူနဲ့ တွဲတွဲ ငါ လိုက်ပြီး ထိန်းချုပ်မနေဘူး....ဒါပေမယ့် မင်းမှာ စီစဥ်ထားတဲ့သူရှိတာ မမေ့လိုက်နဲ့...." 


ဒီအမှိုက်လိုကောင်ကတော့....


လိရှောင်းက သူပြောသည့်စကားကို ကြားသောအခါ အဆမတန် ဒေါသထွက်လာရသည် " ငါ အဲ့ဒီစီစဥ်ထားတာကြီးကို မလိုချင်ခဲ့ဘူးကွ..."


" မင်းမှာ အဲ့ဒါကို တားနိုင်စွမ်းမရှိဘူးလေ...အဲ့ဒီလိုဆိုရင် မင်းက ရော့ဝိန်းကို မယားငယ်ဖြစ်အောင် လုပ်နေတာပဲ....ပြီးတော့ မင်းနဲ့ စေ့စပ်ထားတဲ့သူကို ဦးထုပ်စိမ်းဆောင်းနေတာပဲလေ....ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ ဘယ်လိုခံစားကြရတယ်ဆိုတာ မင်း မေးကြည့်ဖူးလား..." 


[ဦးထုပ်စိမ်းဆောင်းတယ်ဆိုတာက ဖောက်ပြန်တာ အငယ်ထားတာကို ပြောတာပါ....]


ဖောက်ပြန်ဖို့ကျတတ်တယ်....လက်ထပ်ဖို့ စီစဥ်ထားတာကျ ပယ်ဖျက်နိုင်စွမ်း မရှိဘူး....


မောင်းသူနေရာတွင် ထိုင်နေသည့် ဒရိုင်ဘာက မှင်သက်သွားပြီး မီးစိမ်းပြလာသည်ကိုပင် မတုံ့ပြန်မိပေ။ ချန်နင်က သူ့ပုခုံးကို ပုတ်လာမှသာ ဘရုတ်ကို ဖြုတ်လိုက်ရသည်။


ချန်နင်က နားထောင်နေရင်း စိတ်ထဲတွင်ဖြင့် ၆၆၆ဟု အော်နေပြီ ဖြစ်သည်။ သူက အရင်တုန်းက အချစ်ရေးတွင် စိတ်အပြောင်းအလဲမြန်သည့် သခင်လေးသွမ့်က ထိုသို့ ဥာဏ်ရှိရှိစဥ်းစားတတ်မည်ဟု ထင်မထားခဲ့ပေ။


[ ၆၆၆ဆိုတာက တရုတ်ဘာသာစကားမှာ " မိုက်တယ် မိုက်တယ် မိုက်တယ် " ဆိုတဲ့ အသံထွက်နဲ့ ဆင်ပါတယ်.....]


သခင်လေးသွမ့်အကြောင်း ထဲထဲဝင်ဝင် နားမလည်ပဲနှင့် သူ့တွင် ထိုဘက်ခြမ်းမျိုး ရှိနေမှန်း ဘယ်တော့မှ သိရလိမ့်မည် မဟုတ်ပေ။



👨‍❤️‍👨