Chapter 7+8
Viewers 1k

👨‍❤️‍👨Chapter 7

 â€“ မနက်စာ ပေးပို့ခြင်း



သွမ့်ရှူးထုံက ကားနောက်ခုံဘက်ကို လျှောက်သွားလိုက်သည်။

ရှီသွမ်းက ပြတင်းပေါက်မှန်ကို နိမ့်ပေးလာသည်။ ထုံစံအတိုင်း သူ့မျက်နှာက ခံစားချက်မရှိဗလာနတ္တိပေ။ သူ့ကိုသိသောသူများက အသားကျနေပြီဖြစ်သည်။

" ဦးလေးရှီ....မနေ့က လိုက်ပို့ပေးခဲ့ပြီးတော့ အစ်ကိုလျိုကိုလည်း စျေးဝယ်ဖို့ လိုက်ပို့ပေးခိုင်းတယ်....ကျွန်တော် ဘာမှလည်း ပြန်မလုပ်ပေးရဘူး....ဒီနေ့မနက် ယာဂုလေးကျိုပြီး အသားပေါင်းလုပ်ထားလို့ အနွေးဗူးလေးနဲ့ ထည့်ပေးခဲ့တယ်....စားဖို့ အချိန်ယူပြီး ဗိုက်ဖြည့်လိုက်ပါဦး...." 

သွမ့်ရှူးထုံက ပြောရင်းဆိုရင်း အနွေးဗူးလေး သုံးဗူးကမ်းပေးလာသည်။

မနက်ပိုင်းတွင် အစာမစားလျှင် ခန္ဓာကိုယ်အတွက် ထိခိုက်စေနိုင်သည်။ ဤလူသုံးယောက်ကိုကြည့်ရသည်မှာ အသားအရောင် သိပ်မကောင်းလှပေ။

သူသည် မနေ့က စူပါမားကတ်တွင် အနွေးဗူးလေးများ ဝယ်လာခဲ့သည်။ သူက အိမ်ပြန်ရောက်သည့်အချိန် ရေနွေးလေးနှင့် ပိုးသတ်ပြီး သန့်စင်ထားပြီးပြီ ဖြစ်သည်။

ရှီသွမ်းက ချန်နင်နှင့် ရှောင်လျိုကို အစားမစားခိုင်းခြင်းမျိုးမဟုတ်ဘဲ သူတို့က အလုပ်ပြီးမှ ထွက်စားဖို့ တွေးထားကြရုံသာရှိသည်။ ရှောင်လျိုက ဒရိုင်ဘာဖြစ်၍ သူတို့ကို ပို့ပေးပြီးသည်နှင့် လွတ်လွတ်လပ်လပ် စားနိုင်ပြီဖြစ်သည်။ 

သို့သော်လည်း လူငယ်လေး၏ စိတ်ပူနေသည့် မျက်လုံးများက မငြင်းဆန်နိုင်အောင် ဖြစ်စေမိသည်။ သူက လက်ထဲက ဖိုင်များကို အောက်ချလိုက်ပြီး လက်ဆန့်ကာ အနွေးဗူးလေးများကို ယူလိုက်သည်။ သူ့မျက်နှာအမူအရာက ပိုပြီး နူးညံ့လာသည်

 " ကျေးဇူးပါ...ဆံပင် ညှပ်လိုက်တာလား..."

သွမ့်ရှူးထုံက အပြုံးလေးနှင့် ခေါင်းညိမ့်ပြလာသည်

 " သုတေသနလုပ်ငန်းနဲ့ ထုတ်လုပ်ရေးပိုင်းတွေမှာ အလုပ်လုပ်တော့မှာဆိုတော့ တိုတိုညှပ်လိုက်တာ ကောင်းမလားလို့ပါ...." သူက လက်ယမ်းပြလာသည်

 " လမ်းမှာ ဂရုစိုက်ကြပါဗျ..."

ကားလေးက တော်တော်လေး ဝေးသည်ထိ ရောက်သွားချိန် ရှောင်လျိုက သွမ့်ရှူးထုံကို နောက်ကြည့်မှန်ကနေ ကြည့်လိုက်ရင်း မနေနိုင်ပဲ ကောက်ချက်ချမိသည် 

" သခင်လေးသွမ့်က လူတွေ ပြောသလောက်လည်း ဆိုးတဲ့ပုံမရှိပါဘူး..."

ရှီသွမ်းက အနားကပ်ရခက်သည့်ပုံ ပေါ်သော်လည်း သူ့အလုပ်သမားများအပေါ်တွင်ဖြင့် မပြင်းထန်ပေ။ ရှောင်လျိုက သူနှင့်နေသည်မှာ အချိန်ကြာပြီဖြစ်၍ ပေါ့ပေါ့ပါးပါး ပြောလို့ရလေသည်။ 

ချန်နင်က စလိုက်သည် " မနက်စာတစ်ခုနှင့် သူ့ကို အနိုင်ပေးလိုက်ပြီပေါ့..."

ရှောင်လျိုက လုံးဝမစိုးရိမ်မိ၍ ပြုံးပြလာသည်။ " အဲ့ဒါတင်မကဘူး....မနေ့က ကျွန်တော် သခင်လေးသွမ့်နဲ့အတူတူ စျေးဝယ်ထွက်ခဲ့တာ...သူက လူတိုင်းကို ဂရုစိုက်ပေးသလို ခံစားရတယ်ဗျ..."

သူက လူချမ်းသာ သားသမီးတော်တော်များများကို တွေ့ဖူးသော်လည်း သခင်လေးသွမ့်လို လူမျိုးကိုဖြင့် တစ်ကြိမ်မျှ မတွေ့ဖူးခဲ့ပေ။

ဘယ်သခင်လေးက မနက်စောစောမှာ မနက်စာပို့ပေးဖို့ စဥ်းစားမိမှာလဲ....ပြီးတော့လည်း အနွေးဗူးသုံးဗူးနဲ့ပါ ထုပ်ပေးလိုက်သေးတယ်...

" ဟားဟား....သူက တကယ်ကို ကောလဟာလတွေထက် ပေါင်းသင်းရလွယ်သားပဲ..." 

ချန်နင်က အပြုံးလေးနှင့် ပြန်ဖြေလာသည် " ပြီးတော့ ဆံပင်ပုံစံပါ ပြောင်းလိုက်သေးတယ်....အရင်ကနဲ့ ကြည့်ရတာ လုံးဝမတူတော့ဘူး...." 

ရှီသွမ်း၏ အေးစက်စက်လေသံက စကားဝိုင်းထဲ ထိုးဖောက်လာသည်။ " လက်ထောက်ချန်....နွေဦးဆောင်းဦးခန်းမမှာ အတန်းဖော်တချို့ ရှိတယ်လို့ ပြောခဲ့သလားလို့...အခြေအနေလေး တစ်ချက် မေးကြည့်လိုက်ပါဦး....တကယ်လို့ သွမ့်....တကယ်လို့ သူ့မှာ အခက်အခဲရှိရင် အာရုံစိုက်ပေးလိုက်ဦး...." 

ထိုစကားများ၏ ဆိုလိုရင်းအဓိပ္ပါယ်က ရှင်းရှင်းလင်းလင်းပင် သခင်လေးသွမ့်ကို ထောက်ပံ့ပေးချင်မှန်း ပြနေသည်။

ချန်နင်က သွမ့်မိသားစုနှင့် ရှီမိသားစုတို့က ဆက်ဆံရေးကောင်းမှန်း သိထားသော်ငြား သူ့မိသားစု၏ ခံစားချက်မရှိ မျက်နှာသေ ဥက္ကဌရှီကပါ လိုလိုလားလား ကူညီချင်စိတ်ထက်သန်နေမည်ဟု မတွေးကြည့်ဖူးခဲ့ပေ။

ကောင်တီတစ်ခုတွင် ပေါင်းသင်းဆက်နွှယ်မှုကွန်ရက်က တော်တော်လေး နီးကပ်လှသည်။ ကုမ္ပဏီတစ်ခုတည်းကလူများအဖို့ လူစုပြီး အနွေးဓါတ်လေးရှာရန်က ပို၍လွယ်ကူလေသည်။

သခင်လေးသွမ့်လို လူမျိုးက ကောင်းကင်မှဆင်းသက်လာသည့် မိုးကျရွှေကိုယ်လို လူမျိုးပင်။ စီမံခန့်ခွဲရေးအဆင့်လောက်က သူ့ကို အဖိုးတန်ရတနာလို လက်ခုပ်ထဲ ထည့်သိမ်းထားလျှင် ပြဿနာမရှိသော်လည်း တစ်ပတ်ရိုက်ခံရမှာကို စိုးရိမ်မိသည်။

သခင်လေးသွမ့်က အလုပ်ခွင်နှင့်ပတ်သတ်လျှင် ဘာမှမသိသေးသော သူတော်စင်လေးဖြစ်၍ မြေခွေးအိုကြီးအချို့ဆီက အလှည့်စားခံရပြီး ငွေဝင်အောင်လုပ်ပေးခံရနိုင်သည်။ 

[ သူများကို ငွေဝင်အောင်လုပ်ပေးတယ်ဆိုတာက ကိုယ်က တော်တော့်ကို အလိမ်ခံနေရပြီဆိုတာကို ပြောချင်တာပါ]

မည်သို့ဆိုစေ ကောင်းကင်ကြီးက မြင့်မားပြီး ဧကရာဇ်က အဝေးတွင် ရောက်နေသည်။ ဘယ်လိုလုပ် ဥက္ကဌသွမ့်က အဲ့လောက်ထိ ကြပ်မတ်ပေးနိုင်တော့မှာလဲ....

[ကောင်းကင်ကြီးက မြင့်မားပြီး ဧကရာဇ်က အဝေးမှာနေတယ်ဆိုတာက အစိုးရနဲ့ လက်လှမ်းမမှီတဲ့နေရာမှာ ရောက်နေတဲ့ ဝေးလံခေါင်သီတဲ့ အစွန်အဖျားဒေသတွေကို ပြောတာပါ....ပြောချင်တာက ဥက္ကဌသွမ့်က ယန်မြို့တော်နဲ့ ဝေးတဲ့ဆီမှာ ရောက်နေလို့ သခင်လေးသွမ့်ကို ကူညီပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုတာပါ]

" စိတ်ချပါ ...ဥက္ကဌရှီ....ကျွန်တော့်အတန်းဖော်တွေကို ဆက်သွယ်ထားလိုက်ပါ့မယ်..."

မနက်ပိုင်း နှစ်နာရီခန့် အလုပ်ရှုပ်နေကြပြီးနောက် ယာယီအခြေစိုက်ရုံးသို့ ပြန်လာခဲ့သည်။ ရှီသွမ်းက ကားပေါ်က ဆင်းလိုက်ချိန် စက္ကန့်အနည်းငယ်မျှ ရပ်နေပြီးမှ ရုံးခန်းထဲသို့ အနွေးဗူးလေးများကို တစ်ပါတည်း ယူသွားလိုက်သည်။

ဗူးက နှစ်ဗူးတည်းသာ ကျန်တော့သည်။ သူတို့အလုပ်လုပ်နေသည့်အချိန် ရှောင်လျိုက တစ်ဗူးဖွင့်ပြီး ပြောင်နေအောင် စားထားလေသည်။

သူအနေနှင့်ဆိုလျှင် ယာဂုက ပုံမှန်လေးချက်ထား၍ စားချင်စဖွယ်လေးပင်။

သူက ရုံးခန်းထဲ ဝင်လိုက်သည်နှင့် ချန်နင်က သူ့ဆီမှ တစ်ဗူးယူလိုက်ပြီး အပြုံးလေးနှင့် အပြင်ထွက်သွားလေသည်။

ရှီသွမ်းက ဖုန်းဖြေနေရင်း ဗူးအဖုံးကို ဖွင့်လိုက်သည်။

ဗူးလေးက အရည်အသွေးကောင်းလှသည်။ နှစ်နာရီကြာပြီးသည့်တိုင် ယာဂုက ပူပူလေးရှိနေပြီး စားဖို့အဆင်ပြေလေသည်။

ယာဂုဖြူဖြူလေးပေါ် အစိမ်းရောင် ဟင်းခတ်ရွက်များနှင့် အသားတုံးလေးများ ဖြူးထားလေသည်။ လျှာပေါ်တင်လိုက်သည်နှင့် နူးညံ့ပြီး မွှေးကြိုင်လှသော အရသာကို ခံစားရသည်။ ဟာလာဟင်းလင်းဖြစ်နေသောဗိုက်က ကြုံတောင့်ကြုံခဲ အလည်လာသည့်သူကို ဝမ်းပန်းတသာ ကြိုဆိုနေပြီး ထိုပျော်ရွှင်မှုက ဦးနှောက်ထဲသို့ ပျံ့နှံ့သွားလေသည်။  

ရှီသွမ်း၏ အေးစက်စက်မျက်နှာက တစ်ခဏတွင်း နူးညံ့သိမ်မွေ့လာသည်။

လူငယ်လေး၏ စိတ်ပူပေးနေသည့် မျက်လုံးများက သူ့ခေါင်းထဲ ပေါ်လာသည့်အချိန် ယာဂုက ပိုပြီး အရသာရှိသွားသလို ခံစားရသည်။

[T/n လူတစ်ယောက်ရဲ့ နှလုံးသားကို ရချင်ရင် သူတို့အစာအိမ်ကို အရင်ပိုင်အောင်လုပ်ထား....]



👨‍❤️‍👨


👨‍❤️‍👨Chapter 8
– နွေဦးဆောင်းဦးခန်းမထဲ ဝင်ရောက်ခြင်း



ကိုးနာရီထိုးသောအခါ သွမ့်ရှူးထုံက အလုပ်ကို စက်ဘီးစီးပြီး သွားလိုက်၍ နွေဦးဆောင်းဦးခန်းမသို့ အချိန်မှီရောက်သွားလေသည်။

နွေဦးဆောင်းဦးခန်းမက အစောပိုင်းနှစ်များတွင် တည်ဆောက်ထား၍ မြို့ထဲတွင် တည်ရှိသည်။ ရုံးအဆောက်အဦးက ငါးထပ်သာ ရှိသော်လည်း အဆောက်အဦး၏ ဗိသုကာလက်ရာက တမူထူးခြားနေ၍ အထင်သေး၍မရပေ။ ထိုခန်းမက ရှန်းချွမ်ကောင်တီတွင် ကျော်ကြားခဲ့လောက်ပေမည်။  

ထုတ်တဲ့ ထုတ်ကုန်တွေ နာမည်မကြီးတာ စိတ်မကောင်းစရာပဲ....

လွန်ခဲ့သောနှစ်များတွင် နွေဦးဆောင်းဦးခန်းမက အဆုံးထိရောက်အောင် မလုပ်နိုင်သော အခြေအနေတွင် ရှိနေခဲ့သည်။ ဝန်ထမ်းများကလည်း တက်တက်ကြွကြွမရှိကြသလို လုပ်ရည်ကိုင်ရည်ကလည်း သွမ့်မိသားစု၏ ရုံးချုပ်နှင့်ယှဥ်လျှင် အကွာကြီးကွာခြားနေသည်။

သွမ့်ရှူးထုံမှာ ထိုသတင်းအကြောင်း မနေ့ညက သိခဲ့ရချိန်မှစ မျက်ခုံးကျုံ့နေမိသည်မှာ ယခုထိ မပြေသေးပေ။

ရထားတဲ့ အချက်အလက်အတိုင်းဆို သုတေသနဌာနရဲ့ ဦးဆောင်ဒါရိုက်တာ ဟယ်ယွင့်က အရည်အချင်းရှိတယ်....ဒါပေမယ့် ဝန်ထမ်းတွေက စိတ်ပျက်စရာကောင်းနေမှတော့ ဘာလုပ်လို့ရတော့မှာလဲ....သူတို့ကမှ တကယ့်စိတ်ပျက်စရာကြီးတွေ...သူတို့က ကိုယ်ကိုယ်တိုင်လည်း ကြိုးစားချင်စိတ်မရှိသလို သူများကိုပါ အတူဆွဲချနေကြတယ်....

သွမ့်ရှူးထုံက စက်ဘီးကို ဘေးကနေ တွန်းပြီး အဆောက်အဦးထဲ ဝင်သွားလိုက်သည်။

တံခါးစောင့်က သူ့ကို အံ့သြနေသည့် မျက်နှာအမူအရာနှင့် သိမ်းကျုံးကြည့်လာသည်။

" ကျွန်တော်က သုတေသနဌာနမှာ အလုပ်ဝင်မယ့် ဝန်ထမ်းသစ်ပါ....ဝန်ထမ်းကတ်က မလုပ်ရသေးလို့...." သွမ့်ရှူးထုံက ဆိုလိုက်သည်။ 

တံခါးစောင့် " အို့....သိပြီ သိပြီ....ကျေးဇူးပြုပြီး ဝင်လာပါဗျာ....ဝင်လို့ရပါတယ်ဗျ..."

မနက်စောစောပိုင်းက သူက စစ်ဆေးရေးလုပ်နေစဥ်အတွင်း ကုမ္ပဏီက သတင်းတစ်ခု ပို့လာခဲ့သည်။

သွမ့်ရှူးထုံက စက်ဘီးထားသည့်နေရာတွင် သူ့စက်ဘီးလေးကို သွားထားလိုက်ပြီး သုတေသနဌာနသို့ လျှောက်သွားလိုက်သည်။ သူက အဆောက်အဦးထဲ ဝင်သွားသည်နှင့် လူအုပ်ကြီးက သူ့နားကပ်လာကြသည်။ သူတို့က သူ့ကိုမြင်သောအခါ မျက်လုံးများ မြောက်တက်သွားကြပြီး အရယ်အပြုံးများနှင့် နှုတ်ဆက်လာကြသည်။ 

“အိုက်ယား...ဒါရိုက်တာသွမ့်ပါလား..."

သုတေသနဌာန၏ လက်ထောက်ဒါရိုက်တာက နှုတ်ထွက်သွား၍ သွမ့်ရှူးထုံက လစ်လပ်နေသည့် နေရာနှင့် အခွင့်ကြုံသွားလေသည်။

လူအုပ်ကို ဦးဆောင်လာသည့်သူက နွေဦးဆောင်းဦးခန်းမ၏ အထွေထွေမန်နေဂျာ ကျိုင်ကျွင့် ဖြစ်သည်။ သူက ခေါင်းပြောင်ပြောင်နှင့် ဘီယာဗိုက်ပါ ပိုင်ဆိုင်ထားသည့် အသက်လေးဆယ်အရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။  

သွမ့်ရှူးထုံက လက်ဆန့်ပြီး အပြေးလာနေကြသော လူအုပ်ကို တားလိုက်ရသည်။ သူက ဘာမှမဖြစ်သလို မျက်နှာနှင့် ပြောလာသည် 

" အခုက အလုပ်ချိန်ကြီးပါ....ဒါရိုက်တာကျိုင်နဲ့ ဆရာတို့ ကိုယ့်အလုပ်နေရာကို ပြန်သွားလိုက်ကြပါလား....ကျွန်တော် သုတေသနဌာနကို တိုက်ရိုက်သွားလိုက်မလို့ပါ...."  

ကျိုင်ကျွင့် "...အာ....ရှောင်ဟယ် မင်း ဒါရိုက်တာသွမ့်ကို လမ်းပြလိုက်ပါဦး..."

ထို့နောက် ကျိုင်ကျွင့်က လူအုပ်ထဲမှ အမျိုးသားတစ်ယောက်ကို တွန်းပို့လာသည်။ ထိုလူက အသက်သုံးဆယ်အရွယ်ရှိ ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက်ပင်။ မျက်မှန်တပ်ထားသည်။ ဆံပင်က ဘုတ်သိုက်နှင့် မုတ်ဆိတ်မွေးလည်း ရိတ်သင်ထားခြင်းမရှိပေ။ သူ့မျက်နှာအမူအရာက စိတ်မပါလက်မပါ ဖြစ်နေသည်။  

ထိုလူက ရှေ့ပို့ခံလိုက်ရသည့်အချိန် သိသိသာသာပင် အံ့သြသွားပုံရသည်။ သူက သွမ့်ရှူးထုံ၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားချိန်ထိ မည်သို့ တုံ့ပြန်ရမလဲ မသိသည့်ပုံပင်။

ထို့နောက် သူက ဖြေးဖြေးချင်း ပြောလာသည် " ကျွန်တော့်နောက် လိုက်ခဲ့ပါ..."

သူက သေချာပေါက်ကို အခြားသူများလောက် စိတ်အားထက်သန်နေခြင်းမျိုး မရှိချေ။

ကျိုင်ကျွင့်က အသက်ပြင်းပြင်းရှူလိုက်ပြီး သံမဏိဖြစ်မလာသည့် သံကို မုန်းတီးနေမိသည်။

[ သံမဏိဖြစ်မလာတဲ့ သံကို မုန်းတီးတာ....အဲ့ဒါက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာလို့ စိတ်ပျက်မိတာကို ပြောတာပါ]

သွမ့်ရှူးထုံက ပုံမှန်ဖြစ်သွားသလို ခံစားရသည်။ သူက ထိုလူ့နောက် လိုက်သွားပြီးမှ တစ်ခုခုအမှတ်ရသွား၍ ပြန်လှည့်ကြည့်လာသည် 

" ဝန်ထမ်းကတ်လုပ်ပြီးသွားရင် ကျွန်တော့်ကို သတိပေးကြပါဦး..."

ကျိုင်ကျွင့်၏ အပြုံးက ဂန္ဓမာပန်းလေးလို ငွားငွားစွင့်စွင့် ဖြစ်လာသည် " ရတာပေါ့...ရတာပေါ့..."

ဟယ်ယွင့်နှင့် သွမ့်ရှူးထုံ၏ ပုံရိပ်တို့ ပျောက်ကွယ်သွားချိန် ကျိုင်ကျွင့်မျက်နှာထက် အပြုံးပျောက်ကွယ်သွားပြီး စိတ်ဆိုးမာန်ဆိုး လက်ခါပြလာသည် " မင်းတို့လုပ်စရာရှိတာ သွားလုပ်ကြတော့လေ..."

ကျန်သည့်သူများအားလုံး ထွက်သွားကုန်ကြ၍ ကျိုင်ကျွင့် အနောက်တွင် ရပ်နေသည့် အတွင်းရေးမှူးလေးကသာ သူပြောလိုက်သည့်စကားကို ကြားလိုက်ရသည်

 " ဘာလို့ ဒီနေရာကို ကောင်စုတ်လေးတစ်ယောက် ပို့လိုက်မှန်း မသိတော့ပါဘူး...." 

အတွင်းရေးမှူးလေး "......"

အနည်းဆုံး ထိုကောင်လေး၏ မျက်နှာလေးက ကြည့်ကောင်းပြီး မျက်စိပဒါသရှိလှသည်။ ကုမ္ပဏီရှိ အမျိုးသမီးထုကြီးကဖြင့် ဤအချက်ကြောင့် ဝမ်းပန်းတသာ ဖြစ်နေကြတော့မည်ပင်။  

သွမ့်ရှူးထုံက ဟယ်ယွင့်နောက် လိုက်ပြီး ဒုတိယထပ်ရှိ သုတေသနဌာနသို့ ဝင်သွားလိုက်သည်။

သုတေသနဌာနက အရေးကြီးဆုံးအပိုင်းဖြစ်သည့် ဓါတ်ခွဲခန်းများနှင် တွဲထားသော်လည်း ဟယ်ယွင့်က သွမ့်ရှူးထုံကို ဓါတ်ခွဲခန်းထဲ ခေါ်သွားဖို့ အစီအစဥ်မရှိပေ။ ထို့အစား သူက ကုန်ကြမ်းထားသည့် အခန်းသို့ ခေါ်သွားလေသည်။ ထိုလူအား သူ့နေရာနှင့်ဝေးသည့်ဆီမှာသာ ပြဿနာရှာခွင့်ပေးထားမည် ဖြစ်သည်။ 

“ ဒါရိုက်တာဟယ် " သွမ့်ရှူးထုံက သူ့ကို တားလာသည်။

ဟယ်ယွင့်က နောက်လှည့်ကြည့်လာပြီး စကားမဆိုပဲ မျက်လုံးအကြည့်နှင့် မေးခွန်းထုတ်လာသည်။

" ကျွန်တော့်အတွက် ဓါတ်ခွဲခန်းတစ်ခု ဖယ်ထားပေးလို့ရနိုင်မလား...."

ဟယ်ယွင့်က လေကြောရှည်မနေပဲ စကားတစ်ခွန်းသာ ပြောလိုက်သည် " လက်ထောက်တစ်ယောက် လိုချင်လား..."

" ဟုတ်....ကျွန်တော်ကိုယ်တိုင် ရွေးပါ့မယ်..."  

ဒါရိုက်တာဟယ်က ခေါင်းညိမ့်ပြလာပြီး ဖုန်းထုတ်ကာ သုတေသနဌာနက ဝန်ထမ်းများ၏ စကားပြောဂရုထဲ စာပို့လိုက်သည်။ ဂရုတစ်ခုလုံး ချက်ချင်းပင် အုံးအုံးကြွပ်ကြွပ်ဖြစ်လာသည်။

[ လက်ထောက်တစ်ယောက် ရွေးချင်တာတဲ့လား....ရှိကြီးခိုးပါရစေရဲ့ တပည့်တော်ကို မရွေးလိုက်ပါနဲ့ဘုရား....]

[ အတူတူပဲ....မဖြစ်ချင်ဘူး...]

[ တကယ် စိတ်ပျက်စရာပဲ....သခင်လေး ဖြစ်နေရုံနဲ့တင် ကောင်းနေပြီ မဟုတ်ဘူးလား...လာရှုပ်ချင်နေသေးတယ်....ငါတို့ကမှ လက်ထဲ ပရောဂျက်တွေ ရှိပါသေးတယ်ဆို...]

[ အာ....ဒါက အသစ်ရောက်လာတဲ့ အရာရှိက ရုံးကိစ္စတွေမှာ ပြောင်းလဲပစ်ချင်နေတဲ့ သဘောပဲ နားလည်ကြလားဟေ့...]

(T/N ဒါကလေ လက်အောက်ခံတွေက ဘယ်သူက သူဌေးလဲ ဆိုတာကိုသိပြီး အသစ်ခန့်ထားတဲ့ သူဌေးကို နောက်မရှုပ်ရဲအောင်လို့ ပညာပေးတာကို ပြောတာပါ)

သုတေသနပိုင်းက ဝန်ထမ်းများက စကားပြောဂရုထဲမှာသာ ပွက်ပွက်ညံနေသော်လည်း လက်ရှိတွင်ဖြင့် ဓါတ်ခွဲခန်းထဲမှ ပျင်းတိပျင်းရွဲ ထွက်လာကြပြီး သွမ့်ရှူးထုံရှေ့ ရောက်နေကြပြီဖြစ်သည်။ 

လူတိုင်း၏ မျက်နှာတွင် " ငါ့ကို မရွေးပါနဲ့ " ဆိုသည့် စာတန်းကြီး ချိတ်ထားလေသည်။

သွမ့်ရှူးထုံက တစ်ချက်တည်းနှင့် လူတိုင်းကို ဝေ့ကြည့်လိုက်သည်။ သူက လက်တွင် ဖိုင်ကိုကိုင်ထားပြီး မြေကြီးထိမတတ် ခေါင်းငုံ့ထားသည့် ကောင်မလေးတစ်ယောက်ကို ညွှန်ပြလိုက်သည်။

" ကျွန်တော် သူမကို ရွေးလိုက်မယ်..."



👨‍❤️‍👨