Chapter 14+15
Viewers 1k

👨‍❤️‍👨Chapter 14

 â€“ ဒါရိုက်တာသွမ့်က နတ်သားလေးများလား...




ရှီသွမ်းက ဗလာဖြစ်စွာ ကြည့်နေမိသည်။


သူက ရှီမိသားစုကို တာဝန်ယူခဲ့ပြီးချိန်မှစ မည်သူမှ ထိုလေသံလေးနှင့် ဂရုစိုက်မပေးတော့ပေ။ အခြားသူများ၏ မျက်လုံးထဲတွင် သူက စက်ရုပ်တစ်ရုပ်လို ပင်ပန်းရကောင်းမှန်း မသိသည့်သူ ဖြစ်နေခဲ့သည်။


သူ့ရှေ့က လူငယ်လေးက ငယ်ရုပ်လေးပင် မပျောက်သေးသော်လည်း သူ့ပုံစံလေးက " အရေးကြုံနေ၍ အကြီးအငယ် ခွဲခြားမနေတော့" ဆိုသည့်အတိုင်း ဖြစ်နေသည်။


[ T/N ဒါက တရုတ်idiomတစ်ခုပါ....အဓိပ္ပါယ်က အကြီးရဲ့ ဆိုဆုံးမစကားကို နားမထောင်ရင် ခံစားရလိမ့်မယ်လို့ ပြောချင်တာပါ....]


ယင်းက ကျိုးကြောင်းမညီညွတ်သော်လည်း သူက သဘောမကျသည်မျိုး မဖြစ်မိချေ။


သူ့ပုံစံက ကလေးက လူကြီးလိုလုပ်နေခြင်းမျိုး မဟုတ်ပဲ စိတ်ရင်းနှင့် ဂရုစိုက်ပေးနေသည့်ပုံပေါ်လေသည်။


စကားပြောကြည့်မှ ရှီသွမ်းကလည်း ထိုသို့ အေးစက်ပြီး သီးသန့်ဆန်သည့်သူမျိုး မဟုတ်မှန်း သိလာရသည်။ သူ၏ ယခင်အရှိန်အဝါက ရှီမိသားစုလုပ်ငန်း၏ ဥက္ကဌအနေနှင့် တပ်ထားရမည့် မျက်နှာဖုံးတစ်ခု ဖြစ်နေ၍ပင်။ သူ အမှန်တကယ် ရင်းနှီးချင်သည့်သူမျိုးနှင့် ဆုံလာသည့်အခါ ထိုမျက်နှာဖုံးက အလိုလို ကွာကျသွားလိမ့်မည်။   


သူက သူ၏ လူကဲခတ်သည့် ညဏ်ကို ယုံကြည်သည်။ လက်ရှိသွမ့်ရှူးထုံက သူ မိတ်ဆွေဖွဲ့နိုင်သည့်သူမျိုးပင်။


" မင်းပြောတာ မှန်ပါတယ်...." ရှီသွမ်းက သဘောတူဟန် ခေါင်းညိမ့်ပြလာပြီး ခေါင်းစဥ်ပြောင်းမေးလိုက်သည် " မင်းရဲ့ သုတေသနလုပ်ငန်း အခြေအနေကရော ဘယ်လိုရှိလဲ...."


ဤအကြောင်း ပြောလာသည့်ချိန် သွမ့်ရှူးထုံက ပြုံးလိုက်မိသည်။


“ နမူနာအနေနဲ့တော့ တင်ပြထားပြီးပါပြီ...သက်ဆိုင်ရာလုပ်ငန်းစဥ် အဆင့်ဆင့် ဖြတ်ကျော်ပြီးရင် စျေးကွက်ထဲ ရောက်လာမှာပါ.....ဦးလေးရှီအားတဲ့အချိန် ကျွန်တော် ဝိုင်းကောင်းကောင်းနဲ့ ကျွေးပါ့မယ်...."  


သွမ့်ရှူးထုံ၏ မျက်ခုံးတန်းတို့ ကွေးညွတ်နေ၍ သူစိတ်ပျော်နေမှန်း သိသာသည်။ 


ရှီသွမ်းက အံ့သြသွားရင်း သူ့အတွက် ဝမ်းသာမိသည် " ဂုဏ်ပြုပါတယ်...."


သွမ့်ရှူးထုံက တစ်ခုခု ပြောချင်သေးသော်လည်း ရုတ်တရက် သူ့ဖုန်းက အသံမြည်လာသည်။ သူက နံပါတ်ကို ကြည့်လိုက်ရာ နံပါတ်စိမ်းတစ်ခု ဖြစ်နေသည်။ 


လိပ်စာက ယန်မြို့တော်ကပင်။


သူက တွန့်ဆုတ်နေပြီးမှ ဖုန်းကိုင်လိုက်သည်။


" သွမ့်ရှူးထုံ....မင်းငါ့ကို blacklistသွင်းလိုက်တယ်ပေါ့...." ဖုန်းတစ်ဖက်မှ လူတစ်ယောက်၏ ခပ်အုပ်အုပ်ကြိမ်းဝါးသံက နတ်ဆိုးသံလို သူ့နားစည်ထဲ ထိုးဖောက်ဝင်ရောက်လာသည်။


သူ့မှာ မခံနိုင်၍ ဖုန်းကို နားမှ ခွာလိုက်ရသည်။


" မင်းက ဘယ်သူလဲ...." သူက ထိုအသံပိုင်ရှင်ကို တကယ် စဥ်းစားမရချေ။ 


တစ်ဖက်လူ၏ အသက်ရှူသံက တဖြေးဖြေး လေးပင်လာပြီး သူ့၏ ဒေါသတကြီး အပြစ်တင်သံက အခန်းထဲ ပဲ့တင်ထပ်နေသည်


 " သွမ့်ရှူးထုံ....ငါ့ကို လာဟန်ဆောင်ပြမနေနဲ့....ရော့ဝိန်း အလုပ်ထွက်သွားပြီကွ....မင်း ကျေနပ်ပြီလား...."


ရော့ဝိန်းက ဘာကို အလုပ်ထွက်သွားတာလဲ....ဓါတ်ခွဲခန်းထဲ လဝက်လောက် နေလိုက်ရလို့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားတဲ့သူ့ကို ခွင့်လွှတ်ပေးပါ....


သွမ့်ရှူးထုံ ပြန်စဥ်းစားနေသည့်အချိန်ကို အခွင့်ကောင်းယူပြီး လိရှောင်းက မတောက်တခေါက် ဆဲနည်းနှင့် ကျိန်ဆဲလာသည်။ ယင်းက နားစည်ကွဲမတတ်ပင်။ 


လိရှောင်း၏ စကားကြမ်းကြမ်းတို့ ကြားလိုက်ရသောအခါ ရှီသွမ်း၏ မျက်ခုံးတို့ တွန့်ချိုးလာသည်။ ဘာပြန်ပြောရမလဲမသိ၍ နေရာမှာတင် ကြောင်ရပ်နေသော လူငယ်လေးကို ကြည့်လိုက်ရင်း သူက ဖုန်းတစ်ဖက်သို့ အေးစက်စက်လေသံနှင့် ပြောလိုက်သည်။


 " လိရှောင်း....ဖိန်ရော့ဝိန်းရဲ့ ရွေးချယ်မှူက သူမကိစ္စပဲ....ရှူးထုံနဲ့ ဘာမှမဆိုင်ဘူး....မင်း စိတ်ပျက်စရာ ပြဿနာကောင်လို ဆက်ပြီး လျှောက်ပြောနေဦးမယ်ဆိုရင် ဥက္ကဌလိကို သားသမီးကို ဘယ်လို သွန်သင်ဆုံးမထားလဲဆိုတာ မေးရတော့မယ်နဲ့ တူတယ်...." 


ဒေါသတကြီး ကြိမ်းမောင်းသံက တိခနဲရပ်သွားလေသည်။ လိရှောင်းက အချိန်ခဏလောက်ထိ အံ့သြပြီး ငြိမ်သက်နေမိသည်။ ထို့နောက် မနေနိုင်စွာ မေးလိုက်မိသည်။


 " ရှီသွမ်းလား....မင်းတို့နှစ်ယောက်က ဘာလို့ အတူတူရှိနေကြတာလဲ...အို့....ငါ သိပြီ....မင်းတို့နှစ်ယောက် ပေါင်းပြီး ဒီရှိုးကို လုပ်နေကြတာမို့လား....."


သွမ့်ရှူးထုံ "....."


ကျောက်ခဲကို စကားပြောနေ၍ ဘာမှထူးခြားမလာချေ။


[ T/N သူက လိရှောင်းကို ကျောက်တုံးလို တုံးအတယ်လို့ ပြောချင်တာပါ....နံရံကိုစကားပြောနေရသလိုပဲ တိုးမပေါက်ဘူး ဆိုတာလိုမျိုး....]


သူက တမင်သက်သက် ဖုန်းချလိုက်ပြီးနောက် နံပါတ်ကိုပါ ဘလော့လိုက်သည်။


သူလုပ်လိုက်သည့်အရာကို ကြည့်နေရင်း ရှီသွမ်းမှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။


သူတွေးထားသည်နှင့် ဆန့်ကျင်စွာ သွမ့်ရှူးထုံက သူ့ကို ထူးထူးဆန်းဆန်း ကြည့်လာပြီး အချိန်အတော်ကြာမှ စကားဆိုလာသည် 


" လိရှောင်းရဲ့ စရိုက်က မိန်းကလေးဖိန်နဲ့ မအပ်စပ်ဘူး....အခုဆို မိန်းကလေးဖိန်က ဆုံးဖြတ်ချက်တောင် ချပြီးပြီဆိုတော့ ဦးလေးရှီမှာ အခွင့်အရေး ရှိနေသေးတယ်လို့ ကျွန်တော် ထင်တယ်...." 


ရှီသွမ်း : ???


သူ့မှာ မျက်နှာအမူအရာပင် ထိန်းမထားနိုင်တော့သလို ဖြစ်သွားရသည်။ သူက အောက်ငုံ့ကြည့်လိုက်ရင်း စိတ်မဝင်စားသလို ပြောလာသည် " ငါက အရမ်း အလုပ်များတယ်....စိတ်ခံစားချက်နဲ့ ပတ်သတ်တဲ့ ကိစ္စတွေအတွက် ငါ့မှာ အချိန်မရှိဘူး...ဒါကြောင့် လက်လွှတ်လိုက်တော့မလို့လေ....မင်းအတိုင်းပဲပေါ့...."


သွမ့်ရှူးထုံ " အမ်...." 


ဒါက ပါးစပ်ကနေ လက်လွှတ်လိုက်တော့မယ်ဆိုတာနဲ့ လွှတ်လိုက်လို့ရတဲ့ အရာမျိုးလား....သေချာပေါက် သူကတော့ ဖိန်ရော့ဝိန်းအပေါ် ခံစားချက်မရှိလို့ ဆိုပေမယ့် ရှီသွမ်းကကျ မတူဘူးလေ...ဒါက ဇာတ်လိုက်မကြောင့်နဲ့ တစ်သက်လုံး လက်မထပ်ပဲ လူပျိုကြီးလုပ်သွားတဲ့ တတိယဇာတ်လိုက်လေကွာ....


လက်လွှတ်မယ်လို့ ပြောပြီး လက်လွှတ်လိုက်တာ အရမ်း လွယ်မနေဘူးလား...


သူက အမြန်လက်ယမ်းပြလိုက်ရသည် 


" ကျွန်တော်တို့က မတူဘူးလေဗျာ....ကျွန်တော်က လုပ်ငန်းစနေတုန်းမို့ အချစ်ကိစ္စအတွက် မလုပ်နိုင်သေးဘူး....ဦးလေးရှီကကျတော့ အလုပ်မှာ အောင်မြင်နေပြီ...အချစ်ရေးကိစ္စ စဥ်းစားဖို့အချိန်ရောက်ပြီ....အလုပ်အရမ်းများတယ်ဆိုတဲ့ကိစ္စက တိုက်တိုက်ဆိုင်ဆိုင် မိန်းကလေးဖိန်ကလည်း အလုပ်ကြိုးစားတဲ့သူ ဖြစ်နေတာကြောင့် ဦးလေးရှီတို့နှစ်ယောက်က တူတဲ့နေရာတွေ များတာပေါ့ဗျာ...." 


သူ့အမြင်အရ ရှီသွမ်းက ရုပ်ချော အစွမ်းအစရှိသည့်အပြင် စီးပွားရေးတွင်လည်း အောင်မြင်ပြီး တာဝန်ယူစိတ်ရှိသည့်သူ ဖြစ်သည်။ သူကပိုပြီး ဖိန်ရော့ဝိန်းနှင့် သင့်တော်လေသည်။  


အခုဆို ဖိန်ရော့ဝိန်းက လိရှောင်းနှင့် လမ်းခွဲသွားပြီဆိုတော့ အချိန်ကောင်းပဲ မဟုတ်လား....ရှီသွမ်းက ဘာတွေ စဥ်းစားနေသေးတာလဲ....


ရှီသွမ်းက သွမ့်ရှူးထုံ၏စိတ်က တော်တော်ထူးဆန်းသည်ဟု ခံစားရသည်။ ယခင်က ထိုကောင်လေးမှာ ဖိန်ရော့ဝိန်းအတွက် သေဆိုသေ ရှင်ဆိုရှင်နိုင်သည်ဟု ပြောပြီး ရမ်းကားကြမ်းတမ်းခဲ့လေသည်။ အခုကျ ဘယ်လိုလုပ်ပြီး တည်တည်ငြိမ်ငြိမ် နေနိုင်ရတာလဲ....


အချစ်က အရမ်း တန်ဖိုးမဲ့လွန်းတာများလား....


သူတို့နှစ်ယောက်က အမေးသဘောဆောင်သည့် အကြည့်များနှင့် အချင်းချင်း ကြည့်နေကြသော်လည်း နှစ်ဦးစလုံးက ထိုအကြောင်းအရာကို ဆက်မပြောတော့ရန် ညဏ်ရှိရှိ စဥ်းစားလိုက်ကြသည်။


တစ်ဖက်တွင်လည်း တစ်ကြိမ်ထပ်ပြီး ဘလော့ခံလိုက်ရသည့် လိရှောင်းမှာ ဘယ်လောက်ပဲ ဒေါသထွက်နေနေ ဘာမှလုပ်လို့မရနိုင် ဖြစ်နေလေတော့သည်။




👨‍❤️‍👨




👨‍❤️‍👨Chapter 15– 

ဒါရိုက်တာသွမ့်က နတ်သားလေးများလား....




နွေဦးဆောင်းဦးခန်းမနှင့် မဝေးသော ရပ်ကွက်လေးတစ်ခုတွင်....


ဟယ်ကျန်းက ဟင်းသီးဟင်းရွက်ခြင်းတောင်းကြီး ကိုင်ပြီး အိမ်ပြန်လာသည်။ လမ်းတွင် သူမနှင့် တစ်ရပ်ကွက်သားချင်း မိန်းမဖော်တစ်ယောက်ကို တွေ့သောအခါ ရပ်ပြီး စကားနည်းနည်းပြောလိုက်သည်။


သူမပုံစံက သဘောကောင်းပြီး အခြားသူများနှင့် ပြောဆိုဆက်ဆံရာတွင်လည်း ရှက်ရွံ့ကြောက်လန့်နေခြင်း မရှိပေ။ ရပ်ကွက်ထဲတွင် သူမက လူတော်တော်များများနှင့် ပေါင်းသင်းဆက်ဆံရေးကောင်းလေသည်။ သို့သော်လည်း ဆက်ဆံရေးကောင်းသည်ဆိုဦးတော့ မျက်နှာကြောမတည့်သည့်သူအချို့က ရှိတတ်ဆဲပင်။


ပြောရင်းဆိုရင်း သူမ ဓါတ်လှေကားထဲ ရောက်သွားသည်နှင့် ရန်သူတော်ကြီးနှင့် တည့်တည့်တိုးသွားခဲ့သည်။


ထိုသူက အသက်လေးဆယ်အရွယ် ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးတစ်ယောက်ပင်။ သူမက အပွင့်ပါသည့် စကပ်ကို ဝတ်ထားပြီး လည်ပင်းတစ်ဝိုက်တွင်လည်း နီနီရဲရဲပဝါတစ်ခု စည်းထားလေသည်။ သူမက တကယ့်ကို ကောင်းကောင်းမွန်မွန် ဝတ်စားထားသည်။


ဟယ်ကျန်းက စကားတစ်ခွန်းမဆိုပဲ ကိုယ့်ခြေထောက်ကို ကြည့်နေလိုက်သည်။


မမြင်ရတော့ စိတ်ညစ်စရာမလိုတော့ဘူးပေါ့....


" အိုက်ယား....စျေးဝယ်ထွက်ရပြန်ပြီလား...." တစ်ဖက်လူက ခေါင်းလှည့်ကြည့်လာသည်။ နှုတ်ခမ်းတွင်လည်း နှုတ်ခမ်းနီကို လွန်လွန်ကျူးကျူး ဆိုးထားသေးသည်။


ဟယ်ကျန်းက မျက်နှာသေနှင့်ပင် ပြန်ဖြေသလို ချောင်းဟန့်လိုက်သည်။ ထိုအမျိုးသမီး ဆက်ပြောချင်သည့်အရာကို သိနေသော်လည်း ပြန်ဖြေချင်စိတ်မရှိပေ။


ဓါတ်လှေကားတံခါးက ပွင့်သွား၍ သူမက အရင်ဆုံး ထွက်သွားလိုက်သည်။


“ ကျွန်မ ပြောမယ်....ရှင့်မိသားစုက လင်လင်က နှစ်ဆယ့်ငါးနှစ်တောင် ရှိနေပြီမို့လား....အဖော်မတွေ့သေးဘူးလား...."


ဟယ်ကျန်း "...."


ဒီကိစ္စက သူမက သမက်ကောင်းကောင်းလေး ရှာချင်လို့ပဲလေ....သူမက ဘာလုပ်ဖို့ ဝေ့လည်ကြောင်ပတ် လုပ်နေရတာလဲ....  


“ ဒီလိုပုံစံနဲ့ လက်တွဲဖော်လည်း မရှာနိုင်ဘူး....ကျွန်မ မိတ်ဆက်ပေးရမလား.....ဘာပဲဖြစ်ဖြစ် လင်လင်က ပညာရေးနောက်ခံကောင်းပေမယ့် မျက်နှာက နည်းနည်း ချို့ယွင်းချက် ရှိတော့ လူရှာရခက်မှာပဲ စိုးရိမ်မိ....."


ဟယ်ကျန်း " တော်လိုက်တော့....."


ဤမိန်းမက အမြဲတမ်း လင်လင့်မကောင်းကြောင်း အပြင်တွင် ပြောနေကြပင်။ အို့...သူ့ရှေ့တည့်တည့်က ပါးစပ်ကြီးကို ဆွဲဖြဲပစ်ချင်လိုက်တာနော်....


“ ကျွန်မက အမှန်တရားကို ပြောပြရုံလေးပါ....ဘာလို့ ဒေါသထွက်နေရတာလဲ...." ထိုမိန်းမက အပေါ်ယံ လျှပ်ကြည့်လာသည် " နှစ်နှစ်ဆယ်လောက် အိမ်နီးချင်းအဖြစ် ရှိခဲ့တာကြောင့် မဟုတ်ရင် ဘယ်သူက သူ့သမီးကို လက်တွဲဖော် ရှာပေးချင်မှာလဲ....လူတွေရဲ့ စေတနာကို နားမလည်ဘူး...."


ဓာတ်လှေကားက သူမနေသည့် အထပ်သို့ ရောက်သောအခါ ဟယ်ကျန်းက လှည့်ပင်မကြည့်ပဲ ထွက်သွားလိုက်သည်။


ထိုမိန်းမ၏ စကားလုံးများက သူမအရှိုက်ကို ထိသွားမှန်း ဝန်ခံပါသည်။ သူမမျက်စိထဲတွင် လင်လင်လေးက နေရာတိုင်း ကောင်းမွန်သော်လည်း မျက်နှာက ချို့ယွင်းချက်ရှိနေသည်။ အင်း.....


အိမ်ပြန်ရောက်သည့်အချိန် ကျိုးလင်၏ တံခါးက ပိတ်ထား၍ တံခါးသွားခေါက်လိုက်သည်။


" လင်လင်ရေ....နွေရာသီအားလပ်ရက်လည်း ရောက်တော့မှာဆိုတော့ သမီးဦးလေးက ဖုန်းဆက်ပြီး မေးလာတယ်....ဝမ်းကွဲမောင်လေးကို ဂိုက်ပြပေးနိုင်မလားတဲ့...." 


ကျိုးလင်က တံခါးဖွင့်ပေးလာသည်။ သူမမျက်နှာပေါ်တွင် ဘာမှန်းမသိသည့် ဆေးတစ်မျိုး သုတ်ထားလေသည်။ သူမနှာခေါင်းအောက်နှင့် အခြားနေရာများတွင် ချယ်ရီရောင် မျက်နှာလိမ်းခရင် လိမ်းထားပြီး အချို့ခရင်များကို သူမ၏ ဝက်ခြံများပေါ် လိမ်းထားသည်။


“ အမေ....ကျွန်မ မသွားချင်ဘူး....ဝမ်းကွဲမောင်လေးက ကျွန်မကို တွေ့တိုင်း သူနေမကောင်းအောင် လုပ်နေတယ်လို့ ပြောနေတာ...." ကျိုးလင်က မျက်မှောင်ကြုပ်လိုက်သည်။


သူမရဲ့ ဦးလေးကရော .... ကိုယ့်သားက ညီမဖြစ်သူရဲ့ သမီးကို စော်ကားပြောဆိုနေတာကို ခွင့်ပြုထားမှာလား....


ဟယ်ကျန်းကလည်း သမီးဖြစ်သူအတွက် မလွယ်ကူလောက်မှန်း သိနေ၍ စိတ်မကောင်းဖြစ်လာသည်။


" ဒါဖြင့်လည်း မသွားနဲ့တော့....ဒါပေမယ့် သမီးမျက်နှာမှာ ဘာတွေ ကပ်ထားတာလဲ....လျှောက်မလုပ်နဲ့လေ....မတော်လို့များ...."


ကျိုးလင်က သူမလက်မောင်းကို ဆွဲယူလိုက်ပြီး မီးဖိုချောင်ထဲ တွန်းပို့လိုက်ရင်း ဖြတ်ပြောလိုက်သည်


 " အမေရေ....ဟင်းသီးဟင်းရွက်တွေ အကြောင်းပဲ စဥ်းစားကြရအောင်နော်....ကျွန်မမျက်နှာအကြောင်း ထပ်မပြောနဲ့တော့....ဟုတ်ပြီလား...." 


သူမက ထုတ်ကုန်အသစ်ကို စမ်းသပ်ကြည့်နေခြင်းဖြစ်ပြီး သူမမျက်နှာက သက်တောင့်သက်သာဖြစ်နေသည်။ ယခုထိတိုင် နေလို့ခက်သည်မျိုး မဖြစ်သေးပေ။ ထိုအစား လေအေးအေးလေးက မျက်နှာပေါ် တိုက်ခတ်နေ၍ နှုတ်ခေါင်းထက် ခပ်သင်းသင်းအနံ့လေး သင်းပျံ့နေသည်။


ကျိုးလင်က ထိုအကြောင်း ပြောချင်ပုံမရ၍ ဟယ်ကျန်းလည်း ဆက်မပြောတော့ပေ။


ကျိုးလင်က မျက်နှာလိမ်းခရင်ကို နေ့ညမပြတ် လိမ်းမိသည်။ စစချင်းတွင် သူမက သိပ်ပြီး စိတ်ထဲ မထားမိသလို ဟယ်ကျန်းလည်း သူမမျက်နှာကို သတိထားပြီး မကြည့်မိချေ။ တနင်္ဂနွေနေ့ညတွင် ကျိုးလင်က ရေချိုးပြီးသွားသည်နှင့် အဝတ်အစားဝတ်နေသည့်အချိန် မှန်ထဲ ကြည့်လိုက်မိရာ ချက်ချင်းပင် တောင့်ခဲသွားရသည်။


သူမက မှန်နား တိုးလိုက်ရင်း ဆယ်စက္ကန့်ကျော်ကျော်ခန့် ကြည့်နေမိသည်။ ထို့နောက် ဟယ်ကျန်းကို အပြေးသွားရှာတော့သည်။ သူမက မျက်နှာကို ထိုးပြလာရင်း မေးလာသည်။


" အမေ့.....လာကြည့်ပါဦး....ကျွန်မမျက်နှာ ပိုကောင်းလာသလားလို့...." 


သူမ သမီးလေး၏ မျှော်လင့်တကြီး အကြည့်အောက်တွင် ဟယ်ကျန်းက သူမမျက်နှာကို ကြည့်လိုက်ရင်း အံ့သြသွားရသည်။


“ ကောင်းလာတယ်....တော်တော်လေးကို ပိုကောင်းလာတာပဲ...."


ကျိုးလင်က ထင်မှတ်မထားသည့် သတင်းကောင်း ကြားလိုက်ရ၍ ဝမ်းသာလုံးစို့သွားရင်း မျက်လုံးလေးများက တလက်လက်တောက်ပလာသည်။ " ဘယ်နားလေးမှာ ပိုကောင်းလာတာလဲ...."


“ မီးရောင်ကြောင့်များလား....အစက်အပြောက်တွေက ပိုပါးလာသလိုပဲ.... ဝက်ခြံတွေလည်း တော်တော်လျော့သွားပြီ...."


ကျိုးလင် " ကျွန်မတို့အိမ်က ညတိုင်းမီးထွန်းထားပေမယ့် အမေက ကျွန်မမျက်နှာ ပိုကောင်းလာတယ်လို့ပြောတာ မတွေ့ဖူးပါဘူး...." 


သူမက အစက်အပြောက် ပါးစေသည့် ထုတ်ကုန်သစ်အကြောင်း ရုတ်တရက် အမှတ်ရသွားသော်လည်း ထိုထုတ်ကုန်က အချို့ စံနှုန်းမှီ အသားအရေထိန်းသိမ်းရေး ထုတ်ကုန်များထက် အခြေအနေမဆိုးကြောင်း တွေးမိသွားသည်။


ဒါရိုက်တာသွမ့်က နတ်သားလေးများလား....သူမက အကျိုးသက်ရောက်မှုက မြန်လောက်မှန်း သိနေသော်လည်း ယခုလို မြန်မြန်ဆန်ဆန် ထိရောက်မှုရှိလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။




👨‍❤️‍👨