Chapter 12+13
Viewers 1k

👨‍❤️‍👨Chapter 12

 â€“ ထုတ်ကုန်အသစ် ဖွံ့ဖြိုးတိုးတက်လာခြင်း




သုတေသနက ည၇နာရီထိ မပြီးပြတ်ကြသေးပေ။နောက်ဆုံး အောင်မြင်မှုအခိုက်အတန့် ရောက်လာသည့်အချိန် သွမ့်ရှူးထုံက အဆုံးသတ်နိုင်ခဲ့ပြီဖြစ်၍ စိတ်ကျေနပ်လာရသည်။ 


ဤသုတေသနက သူ့အတွက်ဆိုလျှင် အခြေခံပြုလုပ်ချက်လေးသာ ဖြစ်သော်လည်း ယခုကမ္ဘာတွင် ပထမဆုံးမှတ်တမ်းတင်နိုင်ခဲ့သည့်အရာ ဖြစ်၍ ဝမ်းသာနေမိသည်။


သူက အခြားသူများကို ချက်ချင်း ပြောပြချင်နေမိသည်။


“ အောင်မြင်သွားပြီလား...." သူ့နောက်မှ သိချင်စိတ်ရော မယုံနိုင်မှုများပါ ရောယှက်နေသည့် အသံတစ်ခု ထွက်လာသည်။


သွမ့်ရှူးထုံက ချက်ချင်း မျက်နှာပိုးသတ်လိုက်ရသည်။ သူက ကျိုးလင်ဘက်ကို လှည့်ကြည့်လာသည်။ သူ၏ မျက်ခုံးတန်းတို့က ပြုံးယောင်သန်းနေလေသည်။


“ အောင်မြင်သွားပြီ....ကျွန်တော်တို့ အောင်မြင်သွားပြီ..."


သူက ယခုလုပ်နေသည့် ပရောဂျက်ကို ယခင်ဘဝတွင် အပြီးသတ်ခဲ့ဖူးလေသည်။ ယခုက ထိုအလုပ်ကို ကူးယူလိုက်ရုံသာ ဖြစ်၍ ထုတ်လုပ်မှုနှုန်းမြန်သွားပြီး အကျိုးသက်ရောက်မှုကိုလည်း အတည်ပြုထားပြီးသားပင်။


“ ကျွန်တော် စမ်းသပ်ချက်အစီရင်ခံစာကို ထုတ်ရဦးမှာမို့ မင်း အရင်ပြန်နှင့်လိုက်ပါ...."


သွမ့်ရှူးထုံက မိန်းကလေးတစ်ယောက်အား အရမ်းနောက်ကျသည်ထိ အချိန်ပိုမဆင်းခိုင်းရက်ပေ။


ထင်မထားစွာ ကျိုးလင်က မျှော်လင့်စောင့်စားမှုအပြည့် မျက်နှာလေးနှင့် မေးလာသည် " ကျွန်မ ကူပေးနိုင်မယ့်အရာများ ရှိမလား..." 


ယခုက သူမကြုံတွေ့ဖူးသည့် ပထမဆုံး သင်ယူမှုတစ်ခုဖြစ်၍ သူမက လောလောဆယ် မပြန်ချင်သေးပေ။


သွမ့်ရှူးထုံက ပြုံးပြလိုက်သည် " ရတာပေါ့ဗျာ...."


နှစ်ယောက်သား ညကိုးနာရီထိ အလုပ်မသိမ်းကြသေးသလို အားအင်အပြည့်နှင့် ဆက်လုပ်နေကြသည်။


" အစီရင်ခံစာကို နောက်နေ့တနင်္လာနေ့မှာ ပို့မှာဆိုတော့ ပို့ပြီးတာနဲ့ ဘောနပ်စ်ရလာမှာပါ...." သွမ့်ရှူးထုံက စနောက်လိုက်သည်။


ကျိုးလင်က ခေါင်းမူးနေပြီဖြစ်၍ သွမ့်ရှူးထုံဘာပြောပြော ခေါင်းသာငြိမ့်နေမိသည်။  


သူမက ဘောနပ်စ် ရရမရရ ဂရုမစိုက်ပါချေ။ ထုတ်ကုန်အသစ်၏ သုတေသနထဲ ပါဝင်ခွင့်ရရုံနှင့်တင် သူမအနေနှင့် ဂုဏ်ယူပြီး ကျေနပ်နေပြီဖြစ်သည်။


“ ဘာပဲဖြစ်ဖြစ် ထုတ်ကုန်အသစ်တွေဆိုတာက စမ်းသပ်စစ်ဆေးဖို့ လိုနေတုန်းပါပဲ...." သွမ့်ရှူးထုံက သက်ပြင်းချလိုက်သည်။


ထုတ်ကုန်အသစ်က သက်ရောက်မှုအားကောင်းမှန်း သိနေသော်လည်း သေသေချာချာ စမ်းသပ်စစ်ဆေးပြီး ကိုယ်တိုင်စမ်းသုံးမကြည့်ပဲနှင့် ထုတ်၍မရနိုင်ပေ။


ကျိုးလင်ကလည်း ငြိမ်ကျသွားသည်။


သူမက တစ်ခဏမျှ စဥ်းစားကြည့်ပြီးနောက် အခိုင်အမာပြောလာသည် " ဒါရိုက်တာသွမ့်....ကျွန်မ စမ်းသပ်ချက်ထဲ ပါဝင်ချင်တယ်....ရလားမသိဘူး...." 


သူမမျက်နှာတွင် ဝက်ခြံနှင့်တင်းတိပ်များ ရှိနေသည်။ ယခုထုတ်ကုန်အသစ်၏ အကျိုးရလဒ်က အစက်အပြောက်များကို ပါးသွားစေခြင်းပင်။ ထုတ်ကုန်သာ ထိရောက်မှုရှိပါက သူမမျက်နှာက သိသိသာသာ ပြောင်းလဲသွားလိမ့်မည်။


သွမ့်ရှူးထုံက သူမကို တိတ်တဆိတ် ကြည့်နေမိသည်။


ကျိုးလင်က သူ့ကို ဖျောင်းဖျလာသည်


 " ဒါရိုက်တာ....ကျွန်မတို့ အဲ့လိုလုပ်လိုက်လို့ ရနိုင်မလား....အရင်ဆုံးစစ်ကြည့်ဖို့ ထုတ်ကုန်ကို ပို့ပေးလိုက်ပါ....ကျွန်မ တစ်ခါတည်း စမ်းသုံးကြည့်လိုက်ပါ့မယ်....အလုပ်ဖြစ်ရင် သူများတွေလည်း သေချာပေါက် ရှာလာကြတော့မှာပါ...." 


ယခုထုတ်ကုန်က သွမ့်ရှူးထုံ၏ ပထမဆုံးအလုပ်ဖြစ်နေ၍ စိတ်ပူမိသည်။ မျှော်မှန်းထားသည့် စံနှုန်းကို မရောက်ခဲ့လျှင် အခြားသူများက သူ့ကို လှောင်ရယ်ကြပေလိမ့်မည်။


ထို့ပြင် စျေးကွက်ထဲတွင် အမဲစက်များ ပျောက်ကင်းစေသည့် ထုတ်ကုန်များက ပေါပေါများများ ရှိနေသည်။ သူမက သွမ့်ရှူးထုံ၏ အစွမ်းအစကို ယုံကြည်သော်လည်း အမဲစက်ပျောက်သည့် ရလဒ်က သုံးသည့်သူအပေါ် မူတည်နေ၍ပင်။


သူ့ထုတ်ကုန်က ထူးထူးခြားခြား ရလဒ်မျိုးမရှိလျှင် ကုမ္ပဏီက ရင်းနှီးမြုပ်နှံပေးလိမ့်မည် မဟုတ်ပေ။ ထိုအချိန်ရောက်သည့်အခါ လေကုန်ခံပြီးပြောနေမည့်အစား သူတို့ရှေ့တည့်တည့် အချက်အလက်အစုံ ပြလိုက်သည်က ပိုကောင်းပေသည်။


သွမ့်ရှူးထုံက မရေမရာပြောလာသည် " ကျွန်တော့်ကို အဲ့လောက်တောင် ယုံတယ်လား....တကယ်လို့ ထုတ်ကုန်အသစ်က ထိရောက်မှုမရှိပဲ ပိုဆိုးသွားရင်ရော ဘယ်လိုလုပ်ကြမလဲ...."


ကျိုးလင်က ပြုံးပြလာသည် " ဘာပဲဖြစ်ဖြစ် ကျွန်မမျက်နှာက ဒီလိုဖြစ်နေပြီပဲလေ....ဘယ်လိုလုပ် ပိုဆိုးလာနိုင်မှာလဲ....တကယ်လို့ ထိရောက်မှုမရှိရင်တောင် အန္တရာယ်မရှိနိုင်လောက်ပါဘူး...." 


သွမ့်ရှူးထုံက သူ့ထုတ်ကုန်အပေါ် ယုံကြည်မှုရှိသော်လည်း သူမ၏ သတ္တိကို လေးစားမိသည်။


“ ကောင်းပါပြီ..."


ကုမ္ပဏီမှ ထွက်လာပြီးနောက် နှစ်ဦးသား လမ်းခွဲခဲ့လိုက်သည်။


သွမ့်ရှူးထုံက စိတ်ပျော်နေ၍ တစ်ယောက်ယောက်ကို ဝေမျှပေးချင်မိသည်။ သူက ဘယ်ညာစဥ်းစားကြည့်သော်လည်း ချန်နင်တစ်ယောက်သာ ခေါင်းထဲပေါ်လာသည်။ 


ရှန်းချွမ်စီရင်စုတွင် သူသိသည့်သူဟူ၍ သုံးယောက်သာရှိသည် : ရှီသွမ်း....ချန်နင်...လျိုကျစ်ဖေး....


သူက ချန်နင်ဆီ စာပို့လိုက်သည် : မနက်ဖြန်စနေနေ့မှာ ကျွန်တော်နဲ့အတူတူ စားဖို့ အချိန်ရှိမလားဗျ....ကျွန်တော် ကျွေးမလို့ပါ....


ချန်နင်က သွမ့်ရှူးထုံ အိမ်ပြန်ရောက်ချိန်မှ စာပြန်ပို့လာသည် : ဆောရီးပါ...သခင်လေးသွမ့်ရေ....မနက်ဖြန် ကျွန်တော် မအားလောက်ဘူးဗျ....ဥက္ကဌရှီက နေမကောင်းဖြစ်နေလို့ ဆေးရုံတင်ထားရတယ်...


သွမ့်ရှူးထုံက ဆိုဖာပေါ် ထိုင်ပြီး အနားယူရန်ပြင်လိုက်ချိန် ချန်နင့်မက်ဆေ့ချ်ကို မြင်လိုက်ရသည်။ သူက တစ်ခဏမျှ အံ့သြသွားပြီးနောက် စာပြန်ပို့လိုက်လေသည် : ဘယ်ဆေးရုံလဲဗျ...


ချန်နင့်စာကို ဖတ်ပြီးသည်နှင့် သူက ချက်ချင်း အိမ်သော့ကောက်ကိုင်ကာ ဆေးရုံပြေးလိုက်တော့သည်။



👨‍❤️‍👨



👨‍❤️‍👨Chapter 13

 â€“ ဒါရိုက်တာသွမ့်က နတ်သားလေးများလား...



သွမ့်ရှူးထုံက ဆေးရုံရောက်သွားချိန်တွင် ချန်နင်က လူနာခန်းပေါက်ဝကနေ စောင့်နေသည်။


လျိုကျစ်ဖေးက အကြောဆေးပုလင်းကို ကြည့်ပေးနေသည်။ သွမ့်ရှူးထုံက အနှောင့်အယှက်မပေးချင်၍ သူနှင့်ချန်နင်တို့က စင်္ကြံလမ်းက ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။


အသံတိုးတိုးလေးနှင့် သူမေးလိုက်မိသည် " ရုတ်တရက်ကြီး ဘာလို့ ဦးလေးရှီက နေမကောင်းဖြစ်သွားရတာလဲ...." 


“ ဆရာဝန်ပြောတာတော့ အလုပ်ပိသွားလို့တဲ့..." လက်ထောက်ချန်က မျက်ခုံးကျုံ့လိုက်ရင်း သက်ပြင်းချမိသည်။ 


" အစားရောအအိပ်ရော မမှန်တော့ အခုဆို အဖျားပါ ဝင်နေပြီ...." 


သွမ့်ရှူးထုံရင်ထဲ လေးစားအားကျမိသည်။ ရှီသွမ်းက အရမ်းချမ်းသာပေမယ့် အလုပ်အရမ်းလုပ်နေတုန်းပဲ....


" နောက်ပိုင်းမှာ အလုပ်က အရမ်းရှုပ်နေခဲ့တာလား...." 


ချန်နင်က ခေါင်းညိမ့်ပြလာသည် " အသစ်လုပ်မယ့် ပရောဂျက်က တကယ်တော့ ပြဿနာတွေ အများကြီး ကြုံနေတာ....ဥက္ကဌရှီက....အဆက်မပြတ်တိုးတက်အောင် လုပ်ရမှ ကြိုက်တဲ့လူစားမျိုးလေ...." 


[*T/N: နဂိုအောင်မြင်ပြီးသားအရာကို ပိုပြီး ပြီးပြည့်စုံအောင်လုပ်တာကို ပြောတာပါ]


သွမ့်ရှူးထုံက နားလည်လေသည်။


ရိုးရိုးသားသားပြောရလျှင် သွမ့်ရှူးထုံက ရှီသွမ်းနှင့် မရင်းနှီးသော်လည်း အိမ်နှင့်ဝေးသည့်နေရာတွင် အတူတူနေရ၍ သံယောဇဥ်ရှိလေသည်။


ဆေးရုံတွင် လှဲနေရသည့်သူက ကျိုင်ကျွင့်ဖြစ်နေလျှင် သူလာလိမ့်မည် မဟုတ်ပေ။


" ဥက္ကဌရှီ စားလို့မရတဲ့ဟာများ ရှိလား..." သွမ့်ရှူးထုံက ပြုံးပြလိုက်သည် " တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန်စနေနေ့ ကျွန်တော်လည်း ဘာမှလုပ်စရာမရှိဘူးဆိုတော့ ပေါ့ပေါ့ပါးပါး စားလို့ရမယ့်ဟာတစ်ခုခု လုပ်ပြီး ပို့ပေးလာပါမယ်..." 


မည်သို့ဆိုစေ ရှီသွမ်းက နိုးလာမည့်ပုံမရသေး၍ ဤနေရာတွင် နေလိုစိတ်မရှိပေ။ မနက်ဖြန်မှ တစ်ကြိမ် ထပ်ပြန်လာတော့မည်။ 


ချန်နင်က ကျေးဇူးတင်သည့် အကြည့်နှင့် ကြည့်လာသည် " ဥက္ကဌရှီ မစားနိုင်တာမျိုး မရှိပါဘူး...ကောင်းမယ်ထင်တာသာ လုပ်ခဲ့ပါဗျာ..."


သူက ရှီသွမ်းကို ဆေးရုံကန်တင်းမှ စားစရာများကို မစားစေချင်သလို အနီးနားရှိ ဆိုင်သေးလေးများမှလည်း မကျွေးချင်ပေ။ သို့ဖြစ်၍ သွမ့်ရှူးထုံက လုပ်ပေးမည်ဆိုလျှင် အကူအညီကြီးကြီးရလေသည်။ 


သွမ့်ရှူးထုံက ခေါင်းညိမ့်ပြလိုက်ရင်း အပြင်မှနေ၍ ရှီသွမ်းကို ကြည့်လိုက်မိသည်။


အားနည်းပြီး ဖျော့တော့နေသည့်ပုံစံနှင့် အမျိုးသားတစ်ယောက်က ဆေးရုံကုတင်ပေါ် လှဲနေရင်း ဘယ်ဘက်လက်က စောင်ပေါ်ရောက်နေသည်။ အကြောဆေးအပ်က တံတောင်ဆစ်နားကို စိုက်ထားလေသည်။ ယခုပုံစံက အရှိန်အဝါပြည့်နေသည့် ရှီသွမ်းနှင့် မတူတော့ပဲ အနည်းငယ် ယိုင်လဲလွယ်သည့် ပုံစံလေး ဖြစ်နေသည်။


သွမ့်ရှူးထုံက သူ့ကို အချိန်ခဏထိ ကြည့်နေပြီးမှ ချန်နင်ကို နှုတ်ဆက်စကားဆိုပြီး ထွက်လာခဲ့သည်။


အိမ်ပြန်လမ်းတွင် သွမ့်ရှူးထုံက မူလစာအုပ်ထဲမှ တတိယဇာတ်လိုက်အကြောင်း ရေးထားသည်ကို ပြန်စဥ်းစားကြည့်လိုက်သည်။


ရှီသွမ်း ဆယ်ကျော်သက်အရွယ်က အရင်ရှီမိသားစုခေါင်းဆောင်ဖြစ်သည့် အစ်ကိုဖြစ်သူက လေယာဥ်မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့သည်။ အဖိုးကြီးရှီက လုံးဝရှော့ရသွား၍ အိပ်ရာထဲဗုံးဗုံးလဲပြီး နလန်ပြန်မထူနိုင်တော့ပေ။ သူ့အစ်ကို၏ သားဖြစ်သူကလည်း အသက်ငယ်သေးလွန်းလှသည်။ ထိုသို့မျှော်လင့်ချက်မဲ့နေသည့် အခြေအနေတွင် ရှီသွမ်းက ရှီမိသားစု၏ ထောက်တိုင်ဖြစ်ပေးခဲ့ပြီး ယခုအချိန်ထိ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။


ထိုကာလက ရှီသွမ်း ဘယ်လောက်ခက်ခဲခဲ့မလဲ အခြားသူများက မသိနိုင်သော်လည်း သွမ့်ရှူးထုံကတော့ သူကိုယ်တိုင်ကြုံနေရသလို ခံစားခဲ့ရသည်။


ရှီသွမ်း၏ ဘဝအတွေ့အကြုံက သူ့အတိတ်ကို သတိရစေသည်။


ဆူးအပြည့်နှင့်လမ်းပေါ်တွင် သွေးတစ်တောက်တောက် ကျနေလျှင်တောင်မှ အသက်ရှင်ဖို့အတွက် တူးဆွနေရဦးမည်ဖြစ်သည်။


အိပ်ရာပေါ် လှဲနေခဲ့သည့်သူဆီ အတွေးရောက်သွားချိန် သွမ့်ရှူးထုံရင်ထဲ စာနာစိတ်ဝင်လာမိသည်။


မိုးနတ်မင်း၏ သားတော်လို မာနကြီးပြီး အထက်စီးဆန်သည့် လိရှောင်းနှင့်စာလျှင် ရှီသွမ်း၏လမ်းက ခက်ခဲကြမ်းတမ်းလွန်းလှသည်။


နောက်တစ်နေ့ မနက်စောစောတွင် သွမ့်ရှူးထုံက အပူခံ အနွေးဗူးလေးကို ကိုင်ရင်း ဆေးရုံသွားလိုက်သည်။


သူက လူနာခန်းထဲ ဝင်လိုက်သည်နှင့် ရှီသွမ်းနှင့် အကြည့်ချင်းဆုံသွားလေသည်။


" နေရတာ နည်းနည်းသက်သာလာပြီလား..." သွမ့်ရှူးထုံက အပြုံးလေးနှင့်မေးလာသည်။ သူက အနွေးဗူးလေးကို ကုတင်ဘေးက စားပွဲပေါ် တင်လိုက်ရင်း အဖုံးဖွင့်လိုက်သည်။


 " ကျွန်တော် ယာဂုလေး လုပ်ခဲ့တယ်...စားချင်စိတ်မရှိရင်တောင် စားလိုက်ပါဦး..."


ရှီသွမ်းက လက်ထဲက ဖိုင်ကို ချလိုက်ရင်း မျက်ခုံးတန်းတို့ တွန့်ကွေးသွားမိသည်။ " ကျေးဇူးတင်ပါတယ်..."


" ကျွန်တော့်ကို တကယ် ကျေးဇူးတင်ချင်တယ်ဆိုရင် ကျွန်တော်ပြောတာကို နားထောင်ပေး...အခု အလုပ်အကြောင်း မစဥ်းစားနဲ့ဦး..." သွမ့်ရှူးထုံက ပြောပြောဆိုဆို စာရွက်စာတမ်းများကို ဘေးဖယ်လိုက်သည်။


ရှီသွမ်းက သဘောတူဟန် အသံထွက်လာသည်။ သူက သွမ့်ရှူးထုံပေးလာသည့် ပန်းကန်လုံးလေးကို လှမ်းယူလိုက်သည်။ အငွေ့တစ်ထောင်းထောင်းထနေသည့် ယာဂုလေးက အသီးအရွက်အရသာ အနံ့လေး ထွက်နေသည်။ ယာဂုထဲက အသီးအရွက်များကို နူးအိအောင် ချက်ထား၍ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် ပျော်ဝင်သွားလေသည်။


“ အစ်ကိုချန်နဲ့ အစ်ကိုလျိုတို့ကရော ဘယ်ရောက်နေကြတာလဲ...." သွမ့်ရှူးထုံက သူ့အိမ်သူ့ယာ ရောက်နေသလိုမျိုး တစ်ယောက်ထိုင် ဆိုဖာပေါ် ထိုင်လိုက်ရင်း ကြည့်လာသည်။


ရှီသွမ်းက စိတ်ရွှင်ပျလာသည်။ စားနေရင်း သူက ပြန်ဖြေလိုက်သည် " သူတို့က တစ်ညလုံးစောင့်ပေးထားကြတာမို့လို့ အိမ်ပြန်ပြီး အနားယူခိုင်းထားတယ်..."


" ဒါဆို ဦးလေးရှီက ကျွန်တော်လာမယ်လို့ အပိုင်တွက်ထားတာပေါ့....ဟုတ်လား..." သွမ့်ရှူးထုံက ရယ်ရင်း စနောက်လိုက်သည် " အမှန်အတိုင်းပြောမယ်နော်....ကျွန်တော့်မှာ ဦးလေးရှီရဲ့ ကုတင်ဘေး နေပေးဖို့အချိန် မရှိဘူးဗျ...."   


“ မနေ့ညက မင်းပဲ စားစရာလာပို့မယ်လို့ ပြောသွားခဲ့တာလေ....မင်းရဲ့ ကြင်နာမှုကို လက်မခံရင် ကျေးဇူးကန်းရာရောက်သွားမှာပေါ့... " ရှီသွမ်းက ယာဂုနွေးနွေးလေးနှင့် မွှေးရနံ့လေးကြောင့် စိတ်ထဲ နေလို့ကောင်းလာလေသည်။


နှစ်ဦးသား မနေနိုင်ပဲ အလိုလိုပြုံးလိုက်မိရင်း စောစောက အနေခက်သလို ခံစားချက်ပင် ချက်ချင်း ကျိုးပဲ့သွားကုန်သည်။


ရှီသွမ်း စားပြီးသွားသည်နှင့် သွမ့်ရှူးထုံက ဆူပေးလိုက်သည် " အလုပ်ဘယ်လောက်ပဲ များတယ်ဆိုဦးတော့ ကျန်းမာရေးကိုတော့ ဂရုစိုက်ရမယ်လေဗျာ....လုံးဝပျောက်ကင်းအောင် မကုပဲ ရောဂါချန်ထားမယ်ဆိုရင် အသက်ကြီးလာမှ ခံနေရမယ်နော်...."   


သွမ့်ရှူးထုံစိတ်ထဲ သနားစိတ်ဝင်လာ၍ အခြားသူကိုလည်း သူ့ထက်အကြီးဟု မသတ်မှတ်မိတော့ပေ။ အမှန်တွင်ဖြင့် သူ့အရင်ကမ္ဘာတွင် သူ့အသက်က ရှီသွမ်းထက်ပင် နှစ်နည်းနည်းပိုကြီးလေသည်။


ရှီသွမ်းမှာ မအံ့သြမိဘဲ မနေနိုင်တော့။



👨‍❤️‍👨