Chapter 11
Viewers 1k

👨‍❤️‍👨Chapter 11

 â€“ ထုတ်ကုန်အသစ် ဖွံ့ဖြိုးတိုးတက်လာခြင်း



သုတေသနဌာန၏ အချက်အလက်သိမ်းဆည်းသည့် အခန်းတွင် သွမ့်ရှူးထုံနှင့် ဟယ်ယွင့်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။


ဟယ်ယွင့်က စာရွက်လှန်ကြည့်နေရင်း တဖြေးဖြေးမျက်နှာတည်လာသည်။ သူက ပရောဂျက်အကြောင်းအရာကို စဥ်းစားချင့်ချိန်ကြည့်နေရင်း သွမ့်ရှူးထုံကိုလည်း ကြည့်နေမိသည်။


နောက်ဆုံးစာမျက်နှာ ရောက်သွားချိန်တွင် သူက တွန့်ဆုတ်တွန့်ဆုတ် ပြောလာသည် " ဒီထုတ်ကုန်က ဘေးထွက်ဆိုးကျိုးမရှိပေမယ့် အရေပြားမှာဖြစ်တဲ့ ဆဲလ်ပြောင်းလဲမှုကို လျော့နည်းစေတယ်လို့ တင်ပြလာတာရှိတယ်....ငါ စီးပွားရေး လုပ်လာတာ ဆယ်နှစ်ရှိပြီ....ငါ့အမြင်အရဆို ဒါမဖြစ်နိုင်ဘူး..."  


ဟယ်ယွင့်အမြင်အရ သွမ့်ရှူးထုံ တင်ပြလာသည့် ပရောဂျက်ပါ အကြောင်းအရာများက စိတ်လှုပ်ရှားစရာကောင်းလေသည်။ ယုံချင်စရာမကောင်းအောင် အောင်မြင်နိုင်မှုက တစ်ရာခိုင်နှုန်းလောက်ပင် မရှိချေ။


သူက ကန့်ကွက်ရန်ပြင်လိုက်စဥ် သွမ့်ရှူးထုံ၏ စကားသံကို ကြားလိုက်ရသည် " သုတေသနဌာနဆိုတာ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ဖို့ပဲလေ....ဒါက အသစ်ဖြစ်တဲ့ နည်းပညာအကြံဥာဏ်တစ်ခုပဲ....ဘာလို့ စမ်းမကြည့်ရမှာလဲ...."


သွမ့်ရှူးထုံက ထိုထုတ်ကုန်မျိုးကို ဤကမ္ဘာကလူများ မယုံကြည်နိုင်ကြလောက်မှန်း သိသော်ငြား သူ့အရင်ကမ္ဘာတွင် သေချာအတည်ပြုထားသည့် ထုတ်ကုန်ဖြစ်၍ သူ့အနေနှင့် ယုံကြည်ချက်ရှိလေသည်။


ဟယ်ယွင့်က ငုံ့ကြည့်လာသည်။


ကဲပါလေ ထားလိုက်ပါတော့...


သူက ဤနယ်ပယ်တွင် ကျင်လည်ခဲ့သည်မှာ ဆယ်နှစ်ကျော်လောက် ရှိပြီဖြစ်၍ ဤသို့သော အိမ်ရှေ့စံမင်းသားလေးလို လူများကို နေသားကျနေပြီဖြစ်သည်။ သူက သဘောမတူခဲ့လျှင်ပင် နောက်ဆုံးတွင်ဖြင့် သဘောတူပေးရမည်ဖြစ်သည်။


သူက ဘာမှထပ်မပြောတော့ပေ။ သူက စာရွက်ပေါ် လက်မှတ်ထိုးပေးလိုက်ပြီးနောက် ထရပ်လိုက်ရင်း အထွေထွေမန်နေဂျာရုံးခန်းသို့ သွားလိုက်သည်။


ပရောဂျက်တွင် အသုံးပြုရမည့်အရာများက အလွန် ချောမွေ့လေသည်။ သွမ့်ရှူးထုံက သုတေသနရန်ပုံငွေ အချို့လည်း ရရှိထား၍ ဓါတ်ခွဲခန်းတွင် လုပ်ငန်းစဖို့ရာ သုတေသနပစ္စည်းများအတွက် သုံးလိုက်တော့မည်။  


သူ့အဖွဲ့တွင် ကျိုးလင်တစ်ယောက်တည်းသာ ရှိလေသည်။


ကျိုးလင်က အတွေ့အကြုံနုသေးသော်လည်း အလုပ်ကြိုးစားပြီး သင်ယူလိုစိတ်ရှိသူ ဖြစ်သည်။ သွမ့်ရှူးထုံက သူမကို ကိုင်တွယ်ဖြေရှင်းစရာ တာဝန်များပေးရင်း တဖြေးဖြေး စိတ်ချလာသည်။


သူမက သူ့ဘေးတွင်ရှိနေသည့် အရိပ်တစ်ခုလိုပင်။ သွမ့်ရှူးထုံက သူမကို ဘာလုပ်ခိုင်းခိုင်း သေသပ်လှပစွာ လုပ်ပေးတတ်သည်။


ယခင်က သူမမှာ သုတေသနဌာန၏ အနိမ့်ဆုံးနေရာတွင် ရှိခဲ့ရသည်။ သူမအလုပ်က တောက်တိုမယ်ရလုပ်ပေးရသည်များလည်း ပါသည်။ သူမက ခိုင်းသမျှ အကုန်လုပ်ပေးခဲ့ရသော်လည်း ဘာမှမသင်ယူခဲ့ရသည့်အပြင် ဖယ်ကျဥ်ခံခဲ့ရသေးသည်။


မိုးပဲရွာရွာ လေပဲတိုက်တိုက် ကျိုးလင်က ဤနေရာလေးက ငြိမ်ငြိမ်သက်သက်ရှိ၍ ဒါရိုက်တာသွမ့်နှင့် ဓါတ်ခွဲခန်းထဲတွင် အချိန်ကုန်ဆုံးရသည်ကို သဘောကျမိသည်။  


ဓာတ်ခွဲခန်း၂နှင့်စာလျှင် ဓါတ်ခွဲခန်း၁က ပိုပြီး အေးအေးဆေးဆေး ဖြစ်နေသည်။


ဟယ်ယွင့်တစ်ယောက်သာ နေ့တိုင်း တာဝန်သိစိတ်နှင့် အလုပ်လုပ်သည်။


သူက ထိုသူများကို မစီမံပေးချင်သည်မျိုး မဟုတ်ရပေ။ ဤနေရာကိုက ထိန်းချုပ်မှုသိပ်မရှိပဲ လွတ်လပ်နေ၍ ဖြစ်သည်။ သူတို့ တော်တော်များများကလည်း အချိန်ဖြုန်းရုံသက်သက်နှင့် လာကြခြင်းသာ။


ဟယ်ယွင့်က မျိုးဆက်အငယ်လေးများကို အားဖြည့်ပေးချင်သော်လည်း သူတို့က သူသဘောကောင်းပေးသည်ကို လက်မခံကြ၍ နောက်ပိုင်း သူလည်း စိတ်ရှုပ်ခံပြီး လုပ်မပေးတော့ပေ။


နေ့ရက်များက တရွေ့ရွေ့ကုန်ဆုံးသွားပြီး ဂျွန်လနှောင်းပိုင်းပင် ရောက်ရှိလာပေပြီ။ လင်နန်စီရင်စုရှိ ရာသီဥတုက ပိုပိုပြီး ပူအိုက်လာသည်။  


စားသောက်တန်းမှ ဓါတ်ခွဲခန်းသို့ အပြန်လမ်းတွင် ကျိုးလင်က ချွေးဒီးဒီးကျနေပြီ ဖြစ်သည်။ သူမက ချွေးထွက်များသည့်သူ ဖြစ်သည်။ မွေးကတည်းက ထိုအတိုင်းဖြစ်ခဲ့၍ ဘာမှလုပ်လို့ မရပေ။


ထို့ပြင် သူမမျက်နှာထက် ဝက်ခြံများက ထပ်ထွက်လာပြီး ချွေးနှင့်ရောနေ၍ ကပ်စေးကပ်စေးနှင့် စိတ်မသက်သာစရာကောင်းလှသည်။


သူမပုံစံကို လူမြင်သွားမည်စိုး၍ တစ်လမ်းလုံး ခေါင်းငုံ့ပြီး လာခဲ့ရသည်။ သူမက မျက်နှာသစ်လိုက်ရန်အတွက် သန့်စင်ခန်းထဲ အပြေးဝင်သွားလိုက်လေသည်။

 

ဘေစင်ထက်က မှန်က ကြည်လင်သန့်ရှင်းနေ၍ သူမမျက်နှာပေါ်က ဝက်ခြံနှင့်တင်းတိပ်များကို အထင်းသားမြင်နေရသည်။ တစ်စက္ကန့်အတွင်း သူမ အရမ်းမုန်းသည့်အရာများ ပြူထွက်လာသည်။


ဤမျက်နှာကြောင့် ပျိုဖော်ဝင်လာချိန်မှစ ဆန့်ကျင်ဘက်လိင်များ၏ ရွံသလိုအကြည့်များနှင့် မိန်းကလေးများထံမှ လှောင်သလို ပုံစံများကိုသာ ခံယူခဲ့ရသည်။ 


သူမတွင် မိတ်ဆွေအပေါင်းအသင်း မရှိသည့်အပြင် ငယ်ရွယ်သူတို့ အချစ်ဆိုသည့် အရာများကလည်း သူမနှင့် လုံးဝသက်ဆိုင်မှုမရှိပေ။


သူမ အိပ်ရာဝင်သည့် ညတိုင်း နေ့အချိန်က လှောင်ရယ်သံများနှင့် မနှစ်မြို့သလို အကြည့်များက စိတ်ထဲ ပြန်ပြန်ပေါ်လာ၍ တစ်ညလုံး အိပ်မပျော်တော့ပေ။


ဆေးရုံဆေးခန်း သွားပြီး ဆရာဝန်ပေါင်းစုံနှင့် ပြခဲ့သော်လည်း ဤမျက်နှာက ယနေ့ထိ ရှိနေသေးသည်။


သိမ်ငယ်မှု ပျို့အန်မှု စိတ်ပျက်ပြီး ဝမ်းနည်းအားငယ်မှုတို့က ရင်ဘတ်ထဲ လှိုက်တက်လာသည်။ သူမမျက်နှာပေါ်က ရေစက်များကို စက္ကူနှင့် မ


ပြတ်ပွတ်သပ်နေမိသည်။ သူမက ထိုစိတ်ပျက်စရာ ဝက်ခြံများကိုပါ ဖယ်ထုတ်ပစ်လိုက်နိုင်ရန် ဆုတောင်းမိသည်။


ထိုအခိုက် ဘေးအခန်းက အမျိုးသားသန့်စင်ခန်းမှ စကားသံများ ကြားလိုက်ရလေသည်။


“ ဒီရက်ပိုင်း အရမ်းပူတာပဲကွာ....ဆေးလိပ်သောက်ပြီးရင် ဓါတ်ခွဲခန်းထဲ ပြန်ကြစို့...အနည်းဆုံး ဟိုမှာ လေအေးပေးစက် ရှိသေးတယ်...."


" ဘယ်သူကရော မပူဘူးလို့ ပြောလို့လဲ....ရာသီဥတုက အရမ်းစိတ်ပျက်စရာကောင်းတာနဲ့တင် တော်လောက်ပြီ....ဒါပေမယ့် တံတွေးမြိုရခက်အောင် လုပ်နေတဲ့သူတွေက ရှိသေးတယ်....မင်းမသိလို့ ငါ အခုလေးတင် စားသောက်တန်းမှာ စားနေတာကို မတော်တဆ ကျိုးလင်ရဲ့ မျက်နှာကြီး မြင်ခဲ့ရတာကွာ....ငါ ဆက်မစားနိုင်တော့ဘူး....အန်ချင်စရာကောင်းလိုက်တာ...."


“ ဟားဟား.... မင်းပြောချင်တာကို နားလည်ပါတယ်ကွာ....ငါ သူ့ကို စစချင်းတွေ့တုန်းကဆို စားနေတဲ့ ညစာတောင် အန်ထွက်လုနီးပါးပဲ...သခင်လေးသွမ့်က ဘယ်လိုလုပ်ပြီး သူ့နားနေနိုင်ရတာလဲ မသိဘူး....သူ့မှာ အဲ့လိုအကြိုက်မျိုး ရှိလို့လား....ဝေါ့...အန်ချင်လာပြီ....."


“အေး....ငါလည်း သုတေသနဌာနက ဘာလို့ သူမကို လက်ခံလဲ စဥ်းစားလို့ကိုမရဘူး....ငါတို့ကို ကန်တင်းမှာ အစားနည်းနည်းစားရအောင်လုပ်ပြီး ကုမ္ပဏီက စားစရိတ်ချွေတာနေတာများ ဖြစ်နေမလား....ဘာပဲဖြစ်ဖြစ်ကွာ ငါတို့ကုမ္ပဏီက အသားအရေထိန်းသိမ်းရေး ထုတ်ကုန်ထုတ်ကဲ့ ကုမ္ပဏီကြီးလေ....ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်စေမှာ မစိုးရိမ်ကြဘူးလားမသိဘူး...." 


“အဲ့လိုတော့ မပြောနဲ့ကွ....ဘယ်လိုပဲဖြစ်ဖြစ် သူမက ဘွဲ့ကြိုကျောင်းသူတစ်ယောက်ပဲ ရှိသေးတာ....သတင်းကြားရသလောက် သူမက ပညာရေးနောက်ခံ ကောင်းပြီး အရေးပါတဲ့ ဘွဲ့ကြိုဒီဂရီတန်းတစ်ခုကနေ ရောက်လာတာတဲ့...."  


“ စာတော်လည်း ဘာလုပ်လို့ရမှာလဲ....ငါသာ သူမဆိုရင် အိမ်ထဲကနေ အိမ်ပြင်တောင် ထွက်ရဲမှာ မဟုတ်ဘူး...."


"....."


ကျိုးလင်က မှန်ရှေ့တင် တောင့်တောင့်ကြီး ရပ်နေမိသည်။ ထိုအမျိုးသားများ၏ အတင်းအဖျင်းစကားသံများက သူမနားထဲ တဝဲလည်လည်ဖြစ်နေသည်။ သူမ၏ မျက်လုံးစွန်းလေးများပင် အနီရောင်သန်းလာရသည်။


သွမ့်ရှူးထုံနှင့် လတစ်ဝက်စာ အေးအေးဆေးဆေးနေခဲ့ရခြင်းက သူမ၏အတိတ်က သိမ်ငယ်မှုများကို မေ့ပျောက်အောင် မစွမ်းသာခဲ့၍ မျက်ရည်များ တသွင်သွင်စီးဆင်းလာသည်။


သို့သော်လည်း သူမမှာ အသံတစ်သံမှ မထွက်ရဲပေ။


ဘေးအခန်းက အမျိုးသားသန့်စင်ခန်းတွင် ရှိခဲ့သည့်လူများက သူတို့ပြောနေသည့် ကျိုးလင်မှာ မီတာအနည်းငယ်ခန့်အကွာတွင် ရှိနေခဲ့မှန်း မသိကြပေ။ သူတို့သိကြလျှင်ပင် သူမကြားသွားမည်ကို ဂရုစိုက်နေကြမည့်သူများ မဟုတ်ပေ။


သူတို့က ဆေးလိပ်သောက်ရင်း စကားပြောနေကြသည့်အချိန် ရေအိမ်တံခါးက ကျွီခနဲမြည်ပြီး ပွင့်လာသည်။


သန့်စင်ခန်းထဲမှ အမျိုးသားများ တစ်ခဏမျှ အသံတိတ်ကုန်ကြသည်။ ဆေးလိပ်ကိုင်ထားရင်း မတ်တပ်ရပ်နေကြသည့် အမျိုးသားများက ရေအိမ်ထဲမှ ပုံမှန်ထက်သာလွန်သည့် အရှိန်အဝါနှင့် အမျိုးသားတစ်ယောက် ထွက်လာပြီး ဘေစင်သို့ လျှောက်လာသည်ကို ကြောင်ကြည့်နေမိသည်။


သူတို့က ဘော့စ်ကို မမှိတ်မသုန် ကြည့်နေမိသည်။ စကားတစ်ခွန်းမှ မဆိုရဲတော့သလို ကြွက်သားတစ်ချောင်းပင် မလှုပ်နိုင်ပေ။


နောက်ကွယ်တွင် တစ်ဖက်လူအကြောင်း ပြောဆိုနေချိန် လူမိသွားသည့်အပြင် ပြောမိသည်ကလည်း မကောင်းသည့်အတင်းအဖျင်းများသာ ဖြစ်နေရာ မည်သူပဲဆိုဆို စိုးရိမ်စိတ်ဝင်မလာသည့်သူဟူ၍ ရှိမည်မဟုတ်ချေ။


သွမ့်ရှူးထုံမှာ မူလက သန့်စင်ခန်းသုံးရုံလောက် လုပ်နေခြင်းဖြစ်သည်။ စိတ်ပျက်ဖွယ် အတင်းအဖျင်းမျိုး နားနှင့်မဆံ့ကြားလိုက်ရမည်ဟု ထင်မထားခဲ့ပေ။ ထို့ပြင် အကြောင်းအရာကလည်း မိန်းမငယ်တစ်ယောက်ကို ဦးတည်ပြောဆိုနေခြင်း ဖြစ်သည်။ သူ ဒေါသမထွက်ပဲ မနေနိုင်တော့။


ကျိုးလင်၏ စွမ်းဆောင်ရည်က သူ့အရင်ဘဝက လက်ထောက်ထက် နိမ့်ပါးသော်လည်း ထိုကောင်မလေး၏ သင်ယူချင်စိတ်နှင့် ဇွဲလုံ့လရှိမှုက အခြားသူများကို အပုပ်ချပြောဆိုနေသည့် loserများထက်စာလျှင် အပုံကြီးသာလေသည်။ 


[T/N: “loser” က မူရင်းစာမှာကိုက loserလို့ ရေးထားတာပါနော်]


ရေကျသံက တိတ်ဆိတ်နေသည့် အခန်းထဲ ထိုးဖောက်ဝင်ရောက်လာသည်။ မျက်လွှာချထားရင်း သွမ့်ရှူးထုံက လက်ဆေးပြီးသည်နှင့် ဘုံပိုင်ခေါင်းကို ပိတ်ကာ လှည့်ထွက်သွားလိုက်သည်။


သူက ထိုလူများ၏ မီးကုန်နေသော စီးကရက်တိုများကို စိုက်ကြည့်လိုက်သည်။  


“ ငါမှတ်တာ မမှားဘူးဆိုရင် ကုမ္ပဏီက သုတေသနဝန်ထမ်းတွေကို ဆေးလိပ်သောက်ဖို့ထားတယ် သူတို့ကိုယ်ပေါ်မှာ အနံ့မရှိရဘူးလို့ စည်းကမ်းထုတ်ထားသလားလို့ပါ...." 


သူက ပြောပြီးသည်နှင့် ထိုလူတို့၏ မျက်နှာများကို ဆက်မကြည့်တော့ပဲ အခန်းထဲမှ လှည့်ထွက်လာခဲ့သည်။


နှုတ်ခမ်းကြား စီးကရက်ညှပ်ထားသည့်လူက ခါးသက်သက်မျက်နှာနှင့် ပြောလာသည် " အခုက ဘာလဲ....သူက ငါတို့ကို အာဏာပြသွားတာလား...."


သူ့အတွက် ဖြေပေးနိုင်မည့်သူမရှိပေ။ 


ဤနေရာရှိ လူများက အဆက်အသွယ်ဟူ၍ မရှိကြ၍ သခင်လေးသွမ့်လို အထက်တန်းစားတစ်ယောက်နှင့် လုံးဝမယှဥ်ပြိုင်နိုင်ပေ။ သူတို့၏ ဘဝပေးကံကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ရုံသာ တတ်နိုင်သည်။


ဘေးအခန်းက ကျိုးလင်မှာ မျက်ရည်သုတ်ပစ်ရင်း အော်ရယ်မိသည်။


ဒါရိုက်တာသွမ့်က တကယ် ကောင်းတဲ့သူပဲ.... 


ကျိုးလင်က ခံစားချက်များကို အမြန်သိမ်းဆည်းလိုက်ရင်း ဓါတ်ခွဲခန်းထဲ ပြန်သွားလိုက်သည့်အချိန် သွမ့်ရှူးထုံက ဓါတ်ခွဲခန်းအင်္ကျီဝတ်ပြီး အလုပ်လုပ်နေပြီဖြစ်သည်။


ကျိုးလင်က စိတ်ပေါ့သွားသလို ခံစားရသည်။ သူမက သူ့ကို မနှောင့်ယှက်တော့ပဲ သူမအလုပ်ကိုသာ အာရုံစိုက်လိုက်တော့သည်။


ငါးနာရီတိခနဲထိုးလာသည့်အချိန် သွမ့်ရှူးထုံက ခါတိုင်းလို အချိန်အတိအကျ ရုံးဆင်းခြင်းမျိုး မလုပ်ပေ။ ကျိုးလင်က အံ့သြသွားသော်လည်း စကားမဆိုလိုက်ပဲ သူ့ဘေးနား ဆက်နေပေးလိုက်သည်။


သွမ့်ရှူးထုံ၏ အာရုံစူးစိုက်မှုအပြည့်နှင့် မျက်နှာကို ကြည့်လိုက်ရင်း တစ်ခုခုကို မျှော်လင့်မိလာ၍ ရင်တစ်လှပ်လှပ်ခုန်လာသည်။ ဒီနေ့ ထုတ်ကုန်အသစ်ထုတ်နိုင်တော့မှာများလား.... 


သွမ့်ရှူးထုံနှင့် ရက်ပေါင်းများစွာ အတူတူအလုပ်လုပ်ခဲ့ပြီးနောက် ကျိုးလင်က သူတို့လုပ်နေသည့်အရာက ဘယ်အဆင့်ထိ ရောက်ပြီလဲ အတိအကျမပြောနိုင်သော်ငြား အတိုင်းအတာတစ်ခုထိ ခန့်မှန်းချက်ပေးနိုင်လေသည်။


ရုပ်လုံးပေါ်ကာနီးနေပြီ ဖြစ်သည်။ ယနေ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ရှိလာနိုင်သည်။


ဟုတ်တယ်....အံ့ဖွယ်ဖြစ်ရပ်တစ်ခု...


ဤထုတ်ကုန်သစ်သာ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့လျှင် သုံးစွဲသူအမျိုးသမီးများကြား အံ့ဖွယ်တစ်ခု ဖြစ်လာလိမ့်မည်။


သူမအပါအဝင်ပေါ့....




👨‍❤️‍👨