Chapter 41
Viewers 2k

👨‍❤️‍👨Chapter 41




စောစောက အတွေးများဆီ ပြန်ရောက်သောအခါ သွမ့်ရှူးထုံက စာအနည်းငယ် ရိုက်လိုက်သော်လည်း အကုန်လုံး ပြန်ဖျက်လိုက်မိသည်။ သူက ပြန်ရိုက်လိုက် ပြန်ဖျက်လိုက်နှင့် အကြိမ်ကြိမ်အခါခါ ဆက်လုပ်နေမိသော်လည်း နောက်ဆုံး သူ့အတွေးများကို စကားအဖြစ် မည်သို့ပြောရမှန်း မသိတော့ပေ။


တစ်ဖက်တွင်လည်း ရှီသွမ်းက ဖုန်းမျက်နှာပြင်၏ ဘယ်ဘက်ထောင့်နားလေးမှ အဆက်အပြတ်ပေါ်နေသည့် " တစ်ဖက်လူက စာရိုက်နေပါသည်" ဆိုသည့် စာတန်းကို ကြည့်နေရင်း မျက်မှောင်ကြုပ်မိသည်။


ရှီသွမ်းက သူ့ဘက်က တုံ့ဆိုင်းနေ၍များလား သိချင်မိသည်။ ဒါက ဘရန်းကိုယ်စားလှယ်ကိစ္စနဲ့ ပတ်သက်နေမလား။


ရှီသွမ်းက အမြန်စာရိုက်လိုက်သည် : [ရှီယွိကိုပါ ခေါ်လာခဲ့ဖို့ စီစဥ်ထားတာ။ မင်း ဘယ်လိုထင်မိလဲ။]


ထိုအခါမှ သွမ့်ရှူးထုံ၏ ပြန်စာက စက္ကန့်အနည်းငယ်အတွင်း ရောက်လာသည် : [သေချာပေါက် ရတာပေါ့။]


ရှီသွမ်း၏ မျက်ခုံးတန်းတို့က တွန့်ကွေးသွားပြီး ပြုံးရိပ်တစ်ခု ထင်ကျန်ရစ်သည် : [နောက်အနာဂတ်မှာ သူ့ကို ပျိုးထောင်တဲ့နေရာမှာ မှားနေတာ တစ်ခုခုရှိရင် ကျေးဇူးပြုပြီး အကြံပေးပါ။]


သွမ့်ရှူးထုံ: [ရှီယွိက အရမ်း စဥ်းစားတတ်ပါတယ်။ သူ့စိတ်ငြိမ်သွားအောင်လို့ အားလပ်ချိန်များများ သုံးပေးလိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။]


ရှီသွမ်းက မထိန်းနိုင်ပဲ အသံထွက်သည်ထိ ရယ်လိုက်မိသည်။ တစ်ယောက်ယောက်က ရှီယွိကို စဥ်းစားတတ်သည်ဟု ပြောလာခြင်းအား ပထမဆုံးအကြိမ် ကြားဖူးသည်ပင်။


အကြောင်းအရာက ဤနေရာတွင် အဆုံးသတ်သွားပုံရသော်လည်း အကြောင်းတစ်ချို့ကြောင့် သူ့မှာ ဖုန်းမချနိုင်သေးပေ။


ရှီသွမ်းက လူငယ်လေးနှင့် ပထမဆုံး ကားအတူတူစီးဖူးသည့် အချိန်ကို မှတ်မိနေသေးသည်။ ထိုအချိန်က ဖုန်းကိုသာ သည်းကြီးမည်းကြီး ကြည့်နေသည့် လူငယ်လေးက ကလေးစိတ်မပျောက်သေးဟု ထင်ခဲ့မိသည်။ သို့သော်ငြား သူတွင်လည်း တစ်ဖက်လူ၏ ပြန်စာကို စောင့်ဖို့ ဖုန်းကြည့်နေရမည့်အချိန် ရှိလာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။


ရှီသွမ်းက ရယ်နေမိသည့်အချိန် သွမ့်ရှူးထုံက ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ရင်း မေးခွန်းတစ်ခု မေးလိုက်သည် : 

[လင်မန့်မန့်က ကြော်ငြာကို လက်ခံပေးလိုက်တာ ဦးလေးရှီကြောင့်များလား။]


ရှီသွမ်းက ဤစာကြောင်းကိုသာ စိုက်ကြည့်နေရင်း ဖုန်းနောက်ကျောကို လက်နှင့် ပွတ်သတ်နေပြီး မိနစ်ဝက်ခန့်ကြာမှ ပြန်စာပို့လိုက်သည် : [သူမက မနေ့က ဆေးရုံမှာ ဓါတ်ပုံခိုးရိုက်ခံထားရတဲ့ ပုံတွေ ပြန်လိုချင်တဲ့အတွက် ကိုယ်နဲ့ ဆွေးနွေးခဲ့တယ်။ သူမက ရှီကုမ္ပဏီရဲ့ဘရန်းကိုယ်စားလှယ်နဲ့က ကိုက်ညီမှုမရှိလို့ အခွင့်အရေးကို မဖြုန်းတီးပဲ သူမနဲ့ ကိုက်ညီမယ့် ကြော်ငြာကို တောင်းလိုက်တာပါ။ ]


ရှီသွမ်းက ဤစာကို ပို့လိုက်ပြီးနောက် သွမ့်ရှူးထုံဘက်မှ အချိန်အတော်ကြာသည်ထိ စာပြန်မလာခဲ့၍ ရှီသွမ်း၏စိတ်က ဟိုရောက်သည်ရောက် ဖြစ်လာသည်။ သူ၏ နှုတ်ခမ်းတို့က တစ်ပြေးတည်း ဖြစ်သွားလေသည်။ သွမ့်ရှူးထုံဘက်က ပြန်စာကို လွဲသွားမည်စိုး၍ ဖုန်းဆီမှ အကြည့်မခွာလိုက်နိုင်ပေ။


ဖုန်းမျက်နှာပြင်က လှုပ်ရှားမှုမရှိ၍ အမည်းရောင် ပြောင်းသွားသည်။ ရှီသွမ်းက စက်ပြန်ဖွင့်လိုက်သည်။ ဤသို့နှင့် ဖွင့်လိုက်ပိတ်လိုက် ငါးကြိမ်ခြောက်ကြိမ်ခန့် ကြာပြီးမှ သွမ့်ရှူးထုံဘက်မှ gifပုံလေးနှင့် စာပြန်လာလေသည် : 


[ကျေးဇူးပါ။ [ ပီရှင်း gif]]


[T/N: ပီရှင်းက လက်မနဲ့ လက်ညှိုးကို သုံးပြီး အသည်းပုံလေး လုပ်ထားတာကို ပြောတာပါ။ လက်နှစ်ဖက်လုံးလည်း သုံးကြပါတယ်🫶]


ကာတွန်းရုပ်လေးနှင့် အသည်းပေးနေသည့် ပုံလေးကို ကြည့်နေရင်း ရှီသွမ်း၏ မျက်ခုံးတန်းတို့ ကွေးညွတ်သွားရသည်။ သို့သော်လည်း သူ့ကိုယ်သူ ဤအရာက ဘာကိုမှ ကိုယ်စားမပြုပဲ သာမန်မိတ်ဆွေများကြား မကြာခဏ ပို့လေ့ရှိသည့် အီမိုဂျီတစ်ခုသာ ဖြစ်ကြောင်း သတိပေးနေမိသည်။


နောက် လူငယ်လေးက နောက်ထပ်မက်ဆေ့ချ်တစ်ခု ပို့လာသည်[ : ဆောရီးပါဗျာ။ အခုလေးတင် ကျွန်တော့်အစ်မက လာရှာလို့ ကျွန်တော် အချိန်မှီ စာမပြန်နိုင်တော့ဘူးရယ်။]


ရှီသွမ်း :[ရပါတယ်။ ကောင်းသောညပါ။]


သူ့ဘက်ကလည်း ပြန်နှုတ်ဆက်လိုက်ပြီးနောက် သွမ့်ရှူးထုံမှာ မထိန်းနိုင်တော့ပဲ ခေါင်းအုံးထဲ မျက်နှာအပ်ပြီး စိတ်ငြိမ်အောင် လုပ်လိုက်ရသည်။


ရှီသွမ်းက အရမ်း ထောက်ထားတတ်တာပဲ။ သူသာ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် ငါတော့ ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး။ 


ဒါပေမယ့် ရှီသွမ်းက ဖိန်ရော့ဝိန်းကို ကြိုက်နေတာလေ။ သူနဲ့ငါနဲ့က genderချင်းတောင် လိုက်ဖက်မှုမရှိဘူး။


သူက ရေချိုးခန်းထဲ ဝင်ပြီး ရေချိုးရန် ပြင်လိုက်ချိန် အိပ်ခန်းတံခါးခေါက်သံကို ကြားလိုက်ရသည်။ သူက ထရပ်ပြီး တံခါးဖွင့်ပေးလိုက်ရာ အပေါက်ဝတွင် ရပ်နေသည့် သွမ့်စစ်ဖူကို တွေ့လိုက်ရသည်။ သူက တစ်ဖက်ကို ရှောင်ပေးလိုက်ရင်း အထဲဝင်ခွင့်ပေးလိုက်သည်။


တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူ တွေးလိုက်မိသည် : သူ အခုတင် သူ့အစ်မလာပြီဆိုပြီး လိမ်ပြောခဲ့တာ....သူမက တကယ်ကြီး လာရှာခဲ့တာပဲ။ 


“နင် အိမ်ပြန်လာတယ် ကြားလို့ နင့်ကို တွေ့ဖို့ ငါ ပြန်လာခဲ့တာ...." 


သွမ့်စစ်ဖူက ကွေ့ပတ်ပြောရသည်ကို မကြိုက်၍ တည့်တည့်ပြောလာသည် 


" နင့်ကို အင်တာနက်မှာ ရေဆိုးလောင်းချခဲ့တဲ့ ' ကောင်းကင်ကြီးမှာ မျက်လုံးလေးတွေ ရှိတယ်' ဆိုတဲ့ အကောင့်ပိုင်ရှင်က ယာ့လန်ကနေ ထွက်သွားပြီ....ဒါပေမယ့် ယာ့လန်နဲ့ တစ်ခြားskincare ကုမ္ပဏီတွေရဲ့ ဂုဏ်သတင်းကတော့ တော်တော်လေး ထိခိုက်သွားခဲ့တယ်....ပြီးတော့ နွေဦးဆောင်းဦးခန်းမရောပဲ...."


သွမ့်ရှူးထုံက ခေါင်းညိမ့်ပြလိုက်သည်။


 " ကျွန်တော် သိပါတယ်....သူတို့အားလုံးက ကျွန်တော် ဟယ်ယွင့်ဆီကနေ ခိုးထားတယ်လို့ပဲ ထင်နေကြတာ...."   


သူ့ဘက်က ယုံကြည်ချက်ရှိနေပုံရ၍ သွမ့်စစ်ဖူက မေးလိုက်သည်။


 " နင့်မှာ ဖြေရှင်းချက် ရှိလား..."


" အင်း....နံပါတ်၂ ထွက်တဲ့အခါ အဲ့ဒီကောမန့်တွေ အလိုလို ပျောက်ကွယ်သွားလိမ့်မယ်...."


ယင်းက ဟယ်ယွင့်ပြောခဲ့သည့်စကားပင်။ နွေဦးပန်းနံပါတ်၂က အမာရွတ်ဖယ်သည့်နေရာတွင် အမှန်တကယ် ထိရောက်မှုရှိလျှင် skincare၏ ခေါင်းစဥ်အောက်မှ ခွဲထွက်သွားပြီဖြစ်သည်။


ယင်းက ဟယ်ယွင့် မလုပ်နိုင်သော အရာပင်။


သွမ့်စစ်ဖူက ထပ်မမေးတော့ပေ ။


" နင့်မှာ အစီအစဥ် ရှိတယ်ဆိုတော့ အဆင်ပြေတာပေါ့....လိုအပ်တာ တစ်ခုခုရှိရင် အမြဲတမ်း အိမ်ကို ဖုန်းဆက်လို့ရတယ်....တစ်ယောက်တည်း ရင်မဆိုင်နဲ့...."


သွမ့်ရှူးထုံက သူ့အစ်မ၏ အားပေးစကားကြောင့် ရင်ထဲ ထိရှသွားရချိန် သူမက အကြောင်းအရာပြောင်း ပြောလာလေသည် 


" ငါကြားတာ ဒီတစ်ခေါက် နင်ပြန်လာတာ မိန်းကလေးဖိန်ကြောင့်ဆို..."


ထိုစကားတွင် မှားနေသည့် အရာတစ်ခုမှ မပါ၍ သွမ့်ရှူးထုံက ဖြေပေးလိုက်သည် 


" အနည်းဆုံးတော့ ကျွန်တော်က ဘာက မှန်လဲ ဘာက မှားလဲ မြင်ခဲ့ရပြီးတော့ သတ္တိရှိရှိ လုပ်ခဲ့တယ်လေ...."


[T/N : ဒါက တရုတ် အသုံးအနှုန်းတစ်ခုပါ။ " အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်တယ်" ဒါမှမဟုတ် " တရားမျှတရေးအတွက် သူရဲကောင်းဆန်ဆန် ပြုမူတယ်" လို့ ပြောချင်တာပါ။] 


သွမ့်စစ်ဖူ၏ မျက်နှာက တည်ငြိမ်နေသည် " နင်က ဒီကာလအတွင်း ရင့်ကျက်လာခဲ့ပြီပဲ....နင့်ခံစားချက်တွေနဲ့ ပတ်သတ်ပြီး အတည်တကျ လုပ်ရတော့မယ်....နင်သာ သူမကို တကယ်ကြိုက်ရင် အရင်တုန်းကလို သူမကို ရှေ့နောက်လိုက်ပိုးမနေနဲ့တော့...."


သွမ့်ရှူးထုံ : .....


သူက စိတ်ထဲ အကျယ်ကြီး အော်နေမိသည်။ သူ မလုပ်ခဲ့ဘူးလို့။ သူ မဟုတ်ဘူး။ ဒါ မတရားဘူးလေ။


***

မနက်၇နာရီတွင် ရှီမိသားစုမှ ကားများက သွမ့်မိသားစုအိမ်တော်ရှေ့သို့ အချိန်မှီ ရောက်လာကြသည်။


အပြန်ခရီးတွင် လိုက်မည့်လူများ၍ ကားက သုံးစီး ဖြစ်နေသည်။ 


ရှီသွမ်းက ရှေ့ဆုံးက ကားတွင် လိုက်ခဲ့သည်။ ရှီယွိက အနည်းငယ် ခက်ခဲနေသေး၍ ဒုတိယမြောက်ကားတွင် လိုက်ခဲ့သည်။ သူက သွမ့်ရှူးထုံကို မြင်သောအခါ ကားပေါ်က ဆင်းပြီး သွမ့်ရှူးထုံကို ဒုတိယကားဆီ ဆွဲခေါ်တော့သည်။


သွမ့်ရှူးထုံ : .....


တိုက်တိုက်ဆိုင်ဆိုင် သူလည်း ရှီသွမ်းနှင့် အပြောအဆို မလုပ်နိုင်သေး၍ ရှီယွိ၏ အပြုအမူက သူ့ကို အများကြီး အကူအညီပေးလေသည်။


သို့သော်လည်း သူက မယဥ်ကျေးသလို မလုပ်နိုင်ပေ။


ရှီယွိက မပျော်မရွှင် ဖြစ်သွားသော်လည်း သွမ့်ရှူးထုံက ရှီသွမ်း၏ ကားနားကို ကပ်သွားလိုက်ရင်း နှုတ်ဆက်လိုက်သည် " ဦးလေးရှီက ခဏနေရင် မိန်းကလေးဖိန်ကို ကြိုရဦးမှာ မဟုတ်လား....ဒါဖြင့် ကျွန်တော် ရှီယွိနဲ့ အတူထိုင်လိုက်မယ်နော်...."


သူက တတိယဘီး အဖြစ်မခံချင်ပေ။


သူ ကားပေါ်တက်လာဖို့ စောင့်နေသည့် ရှီသွမ်း "...."


သွမ့်ရှူးထုံ ထွက်သွားပြီးနောက် ရှီသွမ်း၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားတော့သည်။


ကားထဲ ဝင်လိုက်ပြီးနောက် သွမ့်ရှူးထုံက မနေနိုင်ပဲ ရှီယွိကို မေးလိုက်သည်။


 " ဘယ်လိုလုပ် ကားက သုံးစီးဖြစ်သွားရတာလဲ...." 


ရှီယွိက သွမ့်ရှူးထုံကသာလျှင် သူ့ကို နားအလည်ပေးနိုင်ဆုံးသူဟု ခံစားမိ၍ သူနှင့်ဆို ရင်းနှီးမိသည်။ မေးခွန်းမေးလာသည်ကို ကြားသောအခါ သူက သေသေချာချာ ရှင်းပြပေးလာသည် 


" ဦးလေးက ကျွန်တော့်ကို ရှန်းချွမ်ဒေသဆီ ခေါ်သွားချင်တာလေ....သူရော ကျွန်တော်ရော နှစ်ယောက်လုံး အိမ်ပြင်ရောက်နေလို့ အဘိုးစွင်းက စာဖိုမှူးရော အိမ်တော်ထိန်းရော အတူခေါ်သွားဖို့ တိုက်တွန်းခဲ့တာ....သူပြောတာ ကျွန်တော်တို့က အစားကောင်းကောင်းမစားနိုင်တဲ့အပြင် အိမ်လည်း ကောင်းကောင်း မထိန်းသိမ်းနိုင်မှာစိုးလို့တဲ့...." 


[T/N : အဘိုးစွင်းက ရှီအိမ်တော်ရဲ့ အိမ်တော်ထိန်း ဦးလေးစွင်းပါနော်]


သွမ့်ရှူးထုံက မတတ်နိုင်ပဲ နဖူးပေါ် လက်တင်မိသွားလေသည်။ သူနှင့် ရှီသွမ်းက အတူတူနေဖို့ သဘောတူထားသည်ပင်။ အစက သူတွေးထားသည်က အိမ်ထဲနေကြသည့်သူအားလုံးက သူနှင့် ရင်းနှီးကြ၍ အတူတူပေါင်းနေကြလျှင်တောင် ကိစ္စမရှိသော်လည်း ယခု ရှီသွမ်းက အိမ်တော်ထိန်းကိုပါ ခေါ်လာခဲ့၍ သူနှင့်အတူနေရလျှင် အနည်းငယ် နေရခက်လိမ့်မည်ပင်။


သွမ့်ရှူးထုံက စိတ်ထဲ နေရခက်နေချိန် ရှီယွိ၏ စိတ်လှုပ်ရှားစွာ ပြောလာသည့် စကားသံကို ကြားလိုက်ရသည် " အဘိုးစွင်းက ပြောတာ သွမ့်ကောလည်း ကျွန်တော်တို့နဲ့ အတူတူနေမှာဆို....အဲ့ဒါ ကောင်းတယ်...."


လူငယ်လေး၏ မျက်နှာထက် ဖြူဖြူစင်စင် အပြုံးတစ်ခု ပေါ်လာသည်။ သွမ့်ရှူးထုံက ထိုအပြုံးလေးကြောင့် နေရခက်နေသည့် ခံစားချက်များပင် ပျောက်ကွယ်သွားရသည်။ သူက ရယ်မောလိုက်ရင်း မေးလိုက်သည် 


" ဘာလို့ ကောင်းရတာလဲ...ဟမ်...."


" ကော မသိလို့နော်....ကျွန်တော့်ဦးလေးက စည်းကမ်းတင်းကျပ်တဲ့သူမျိုး....သူနဲ့အတူ နေရမယ်ဆိုလို့ကတော့လား....သေလောက်အောင် မွန်းကြပ်နေတော့မှာ...." ရှီယွိက မရိုးမသား ပြုံးလိုက်ရင်း သွမ့်ရှူးထုံလက်မောင်းကို ကိုင်လာသည်


 " ကောက သူ့ထက် အများကြီး ပိုကောင်းတယ်...."


သွမ့်ရှူးထုံက ခေါင်းယမ်းလိုက်ရင်း စကားမဆိုလိုက်ချေ။ ကလေး၏ စိတ်ထဲတွင် ဦးလေးဖြစ်သူအပေါ် အထင်လွဲမှုလေးတစ်ခု ရှိနေသော်လည်း ပြောဆိုဖျောင်းဖျပေးလိုက်သည်က နည်းလမ်းကောင်းတစ်ခု မဟုတ်ပေ။ သူကိုယ်တိုင်ကြုံပြီး နားလည်သွားသည်က ပိုကောင်းလေသည်။


ရှီသွမ်း၏ စိတ်အားထက်သန်မှုနှင့် အလုပ်ကြိုးစားမှုက လွတ်လွတ်လပ်လပ် ဖြုန်းတီးနိုင်သည့် အရာတစ်ခု မဟုတ်ပေ။


မျက်စိတစ်မှိတ်အတွင်း သူတို့က ဆေးရုံရှေ့သို့ ရောက်သွားခဲ့လေသည်။


ဖိန်ရော့ဝိန်းက ရှီသွမ်းနှင့် သွမ့်ရှူးထုံတို့က သူမကို ကယ်ပေးခဲ့မှန်း သိသွားခဲ့၍ အလွန်အမင်း ကျေးဇူးတင်နေမိသည်။ သူက ရှီသွမ်း၏ ကားဆီ သွားလိုက်ရင်း လူကိုယ်တိုင် ကျေးဇူးတင်စကားဆိုရန် ပြင်လိုက်ချိန် ချန်နင်၏ အသံကို ကြားလိုက်ရသည်


 " မိန်းကလေးဖိန်....ကားထဲ ဝင်ပါဗျာ...."


ဖိန်ရော့ဝိန်း : ???


“သခင်လေးသွမ့်ရော....ကားထဲမှာ မရှိဘူးလား..." သခင်လေးသွမ့်နဲ့ ဥက္ကဌရှီက မိတ်ဆွေကောင်းတွေ မဟုတ်ဘူးလား။ ဘာလို့ ကားတစ်စီးတည်း မလိုက်ခဲ့တာလဲ။ ယင်းက သူမကို မိတ်ဆွေဆက်ဆံရေးကို ပြတ်တောက်စေသည့် ရက်စက်သည့် ဇာတ်လိုက်မတစ်ယောက်အဖြစ် ခံစားမိစေသည်။


ချန်နင်က ဘော့စ်ဆီက တစ်ရိပ်ရိပ်ထွက်နေသည့် ဖိအားအနည်းငယ်ကို တွေးလိုက်မိရင်း သက်ပြင်းကျိတ်ချကာ ဒုတိယကားဆီ ညွှန်ပြလိုက်သည်


 " သခင်လေးသွမ့်က သခင်လေးရှီယွိနဲ့ အတူတူ လိုက်ခဲ့တာပါ...." 


ဖိန်ရော့ဝိန်းက ခေါင်းညိမ့်ပြီး ကားထဲ ဝင်လိုက်ရုံသာ တတ်နိုင်တော့သည်။


သူမက ကားထဲ ဝင်လိုက်သည်နှင့် သူမဘေးက အမျိုးသား၏ ကြောက်စရာကောင်းသော အရှိန်အဝါကြောင့် တစ်ကိုယ်လုံး မသက်မသာဖြစ်သွားလေသည်။ ထိုသူက သခင်လေးသွမ့်ကို ချဥ်းကပ်ရလွယ်သည့်သူ မဟုတ်၍ ထိုနှစ်ယောက် ဘယ်လိုပေါင်းမိသွားလဲ သူမ နားမလည်နိုင်ချေ။


အမြောက်စာ ဖြစ်မလာရန်အတွက် သူမမှာ အသံတိတ်နေရပြီး တတ်နိုင်သမျှ ရှီသွမ်းနှင့် ဝေးရာတွင် နေမိသည်။ သူမက ကားတံခါးနှင့် တစ်ပြေးတည်းဖြစ်လုနီးပါး ဖိကပ်ထားလေသည်။


ကားထဲက လေထုက အချိန်တစ်ခုစာထိ ကြောက်စရာကောင်းနေသည်။


ချန်နင်က ခရီးသည်ခုံတွင် ထိုင်နေရင်း စိတ်ညစ်ညစ်နှင့် ကိုယ့်ကိုယ်ကို ပိုက်ထားရသည်။


ဖိန်ရော့ဝိန်းက လက်ထောက်ချန်ကို ဥက္ကဌရှီဆိုသည့် နာမည်နှင့် သူမဆီ ပန်းများပို့ခဲ့စဥ်က တွေ့ဖူးသော်လည်း ယခုမှ ရှီသွမ်းကို ပထအဆုံးအကြိမ် မြင်ဖူးသည့်တိုင် သူ့မျက်နှာကို စေ့စေ့မကြည့်ရဲပေ။


ချန်နင်က အပျော်သဘောဖြင့် သူမဆီ ပန်းများပို့မှန်း သူမ သိလေသည်။ ဘယ်လိုလုပ် ဘော့စ်ရှီက သူမကို ကြိုက်နိုင်မှာလဲ။


ယင်းက စိတ်ကူးယဥ်ဇာတ်လမ်းတစ်ခုထက် ပိုသွားပေပြီ။


သူမက လူများ၏ စိတ်ခံစားချက်ကို တော်တော်လေး အာရုံခံနိုင်သည်။ လူတစ်ယောက်က သူမကို သဘောကျလျှင် သူမ ခံစားမိမှာဖြစ်သည်။ ဥပမာ ယခင်သွမ့်ရှူးထုံနှင့် လက်ရှိသွမ့်ရှူးထုံ နှိုင်းယှဥ်ကြည့်လျှင် ယခင်သခင်လေးသွမ့်က အနာဂတ်တွင် ချစ်သူဖြစ်လိုသော မျှော်လင့်ချက်နှင့် သူမနှင့် မိတ်ဆွေဖြစ်နေမှန်း အသေအချာ ပြောနိုင်သော်လည်း ယခုကမူ ထိုခံစားချက်မျိုးက လုံးလုံးပျောက်ကွယ်သွားပြီ ဖြစ်သည်။


ရှီသွမ်းအတွက်ကမူ အပိုစိတ်ခံစားချက်များက လုံးဝ မလိုအပ်ချေ။ သူမကို ကြိုက်ဖို့က ပို၍ပင် မဖြစ်နိုင်သေးသည်။


ကားက လမ်းတစ်ဝက်ကို ရောက်သည့်အခါ ရှီသွမ်းက နောက်ဆုံးတွင် စကားဆိုလာခဲွသည်။ သူ၏ အသံက တိုးလျပြီး သူမနားထဲ အေးစိမ့်စိမ့် ခံစားရသည် 


" ဥပဒေအတိုင်း ဆောင်ရွက်ချင်လား...."


ဖိန်ရော့ဝိန်းက ဤကိစ္စကို သေသေချာချာ စဥ်းစားပြီးပြီ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမက ဘာမှ ကြီးကြီးမားမား မထိခိုက်သွားသလို တိကျသည့် သက်သေလည်း မရှိပေ။ ထိုကိစ္စကို သတင်းပေးလိုက်ရင်တောင် လိရှောင်း အပြစ်ပေးခံရဖို့က ခက်ခဲလေသည်။ ထို့ပြင် သူမကိုယ်တိုင်ကလည်း ဘာမှမဟုတ်သည့် သာမန်လူတစ်ယောက် ဖြစ်နေသည်။ လိရှောင်းကို တိုက်ခိုက်ဖို့ သူမတွင် ဘာအာဏာမှ မရှိချေ။ သွမ့်ရှူးထုံနှင့် ရှီသွမ်းက သူမကို ကူညီပေးနိုင်လောက်သော်လည်း သူတို့ကို ထပ်ပြီး ဒုက္ခမပေးချင်တော့ပေ။ 


ထို့ကြောင့် သူမက ပြန်ဖြေလိုက်သည် " ကျွန်မ သူနဲ့ ဘာမှမပတ်သက်ချင်တော့ရုံပါ...."


သူမက သူနှင့် ပတ်သတ်သမျှ အရာတိုင်းကို ဖြတ်တောက်ပစ်ချင်သည်။


ရှီသွမ်းက အေးစက်စက် ခေါင်းညိမ့်ပြလာပြီး ခေါင်းစဥ်ပြောင်းပြောလာသည် 


" မိန်းကလေးဖိန်က ဒီဇိုင်းပညာမှာ အရမ်း ပါရမီရှိတယ်....ပြီးတော့ ရှီလုပ်ငန်းစုမှာ သင့်တော်မယ့်နေရာတစ်ခု ရှိနေတယ်....မိန်းကလေးဖိန် အလုပ်ဝင်ချင်ပါ့မလား သိချင်မိတယ်...."


ဟမ်။ သူက ပါးစပ်ဟလိုက်တာနဲ့ သူမကို အလုပ်ခန့်ချင်တော့တာလား။ ဖိန်ရော့ဝိန်း၏ နောက်ကျောတစ်ခုလုံး ကြက်သီးမွေးညင်းထသွားရသည်။


ဖိန်ရော့ဝိန်းက ပြန်ဖြေရန်ပြင်လိုက်ချိန် ရှီသွမ်းက ထပ်ပြောလာသည် 


" လိရှောင်းက မင်းကို တစ်ခြားကုမ္ပဏီတွေက လက်မခံနိုင်အောင် လုပ်လို့ရတယ်....ဒါပေမယ့် ရှီမိသားစုကိုတော့ လာမလုပ်နိုင်ဘူး....စိတ်မပူပါနဲ့...ပြီးတော့ ရှီလုပ်ငန်းစုရဲ့ ဆက်ဆံရေးနဲ့လစာက သိပ်မဆိုးပါဘူး...."  


မဆိုးဘူး....ဘာကို မဆိုးတာလဲ....အမှန်အတိုင်းပြောရရင် အရမ်းကောင်းနေတာ မဟုတ်ဘူးလား....



👨‍❤️‍👨