Chapter 43
Viewers 2k

👨‍❤️‍👨Chapter 43

– ဥက္ကဌရှီက သောက်လာတယ်



သူက တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည် 


" မိန်းကလေးလင်က အရမ်း ထူးချွန်နေတာကြောင့်လို့လည်း ထင်မိတယ်....လိရှောင်းက မိန်းကလေးလင်နဲ့ မယှဥ်နိုင်ဘူးလို့ ခံစားရလို့ သူ့မာနထိခိုက်မှာ စိုးရိမ်နေတာ ဖြစ်မယ်...." 


အမျိုးသားအများစုက နူးညံ့သိမ်မွေ့သည့် အမျိုးသမီးများကို ပိုပြီး နှစ်သက်ကြသည်။ လင်မန့်မန့်လို သန်မာသည့် မိန်းကလေးနှင့် ယှဥ်လိုက်လျှင် ဖိန်ရော့ဝိန်း၏ နူးညံ့သိမ်မွေ့သည့် ပုံစံက လိရှောင်းအကြိုက်နှင့် ပိုကိုက်ညီသည်။


လင်မန့်မန့်က သူ့စကားကြောင့် ပျော်သွားရသည်။ သူမက သူမကိုယ်သူမ လှောင်ရယ်လိုက်ရင်း ပြောလာသည် ။

" အရမ်းတော်နေတာက ကျွန်မ အပြစ်လားရှင့်...."


" သေချာပေါက် မဟုတ်ဘူးပေါ့...မိန်းကလေးလင်မှာ ဖန်တွေ အများကြီးရှိတာပဲ....မျက်လုံးတွေက ဘယ်လောက် စူးရှထက်မြက်မှန်း မြင်ကြမှာပဲလေ...." သွမ့်ရှူးထုံ၏ လေသံက စိတ်ရင်းနှင့် ပြောနေသံ ပါသည်။


“ ချီးမွန်းပေးတဲ့အတွက် ကျေးဇူးပါပဲရှင်..." လင်မန့်မန့်၏ သောကများက အနည်းငယ် ကွယ်ပျောက်သွားသည် " အို့...ဒါနဲ့ အရင်တုန်းက ရှင်တို့ နွေဦးဆောင်းဦးခန်းမရဲ့ ထုတ်ကုန်တွေကို မြင်ဖူးတယ်....ဒီတစ်ခေါက်ကလောက် ဗူးသိပ် မလှဘူးနော်....ဒီဇိုင်နာ အသစ်ငှားထားတာလား...."


" ဟုတ်တယ်...." သွမ့်ရှူးထုံက အမှန်တရားကို ပြောပြရန် ဆုံးဖြတ်လိုက်သည်" ဒီဇိုင်နာက မိန်းကလေးဖိန်ပါ...."


လင်မန့်မန့် "...."


စက္ကန့်အနည်းငယ်ခန့် အသံတိတ်သွားရာမှ ချက်ချင်း ခေါင်းစဥ်ပြောင်းပြောလာသည်။


 " နွေဦးပန်းနံပါတ်၁က အများကြီး ရောင်းကောင်းပါစေလို့ မျှော်လင့်ပါတယ်...ကျွန်မမှာ လုပ်စရာ ရှိနေသေးလို့ အရင် ဖုန်းချလိုက်တော့မယ်နော်...."


လင်မန့်မန့်၏ အကူအညီဖြင့် နွေဦးပန်းနံပါတ်၁ ရောင်းအားက မြင့်တက်စပြုလာပြီး ထုတ်ကုန်၏ အရည်အသွေးကောင်းမွန်မှုကြောင့် တစ်ခါထပ်ဝယ်ဖို့ လာကြသည့် ဝယ်သူများ များပြားနေသည်။


နွေဦးဆောင်းဦးခန်းမက ပိုက်ဆံ အမြောက်မြား ရှာနိုင်ခဲ့လေသည်။ ချေးငွေ ပြန်ဆပ်နိုင်ရုံတင်မက နွေဦးပန်းနံပါတ်၂ ထုတ်လုပ်ရေး ကုန်ကျစရိတ်အတွက်လည်း စိတ်ပူစရာမလိုတော့ပေ။


အင်တာနက်တွင် သွမ့်ရှူးထုံက အခြားသူ၏ သုတေသနရလဒ်ကို ခိုးခဲ့သည်ဟု ပြောနေကြသည့် သူများ ရှိနေသေးသော်လည်း မည်သူက ဂရုစိုက်နေမည်နည်း။ ထုတ်ကုန်က ကောင်းကောင်း အလုပ်လုပ်နေသရွေ့ ဝယ်သူက ရှိနေလိမ့်မည်ပင်။


တစ်စတစ်စ လူပေါင်းများစွာက နွေဦးပန်းနံပါတ်၁ကို သုံးလာကြ၍ အွန်လိုင်းပေါ်တွင် ထုတ်ကုန်အကြောင်း ရေးထားကြသည့် ကောမန့်များလည်း ပိုများလာသည်။


နွေဦးပန်းနံပါတ်၁က အမည်းစက်ပါးစေသည့်အချက်ကို အဓိကထား၍ ဝယ်ယူသုံးစွဲသူများကလည်း အမည်းစက်ပါးစေဖို့ကိုသာ မျှော်မှန်းထားကြသည်။ 


အမည်းစက် လျော့ပါးစေသည့် အထူးစွမ်းရည်အပြင် နွေဦးပန်းနံပါတ်၁၏ အခြားသော အကျိုးသက်ရောက်မှုများကို သိခဲ့ရ၍ လူတော်တော်များများက ထိုအကြောင်း အွန်လိုင်းပေါ်တွင် တင်ကြတော့သည်။


[" နွေဦးပန်းက တကယ် ကောင်းတာနော်....ငါ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေရယ် လုပ်ဖော်ကိုင်ဖက်တွေကို ညွှန်းခဲ့တယ်...စစချင်းတုန်းက သူတို့က နာမည်က အပေါစားဆန်လွန်းတယ် စျေးကလည်း များလွန်းတယ်ဆိုပြီး မကြိုက်ကြဘူး.... ဒါပေမယ့် သူတို့ သုံးကြည့်ပြီးမှ ကောင်းတဲ့အချက်တွေ အများကြီး ရှိမှန်း သိသွားကြတာ....ပြီးတော့ ငါလည်း နွေဦးပန်းမှာ အစိုဓါတ်ဖြည့်ပေးတဲ့ အစွမ်းပါရှိနေမှန်း သိလိုက်ရတယ်...ညီအစ်မတို့.....ငါ့ကို ယုံ...." ]


[“နွေဦးပန်းက အိပ်ချင်စိတ် ဖြစ်စေမှန်း သိသွားကြတဲ့သူတွေ မရှိဘူးလား...."]


[" ရှေ့က ပြောသွားတဲ့သူရေ....အတူတူပဲဟေ့....ငါက အိပ်မပျော်ရောဂါ ခံစားနေရတာ....နွေဦးပန်းကို စသုံးခဲ့ကတည်းက ငါ့ရောဂါက တော်တော်လေး သက်သာလာခဲ့တယ်...."]


[" အဲ့ဒါ အမှန်လား အမှားလား....skincareထုတ်ကုန်လေးက အိပ်ပျော်အောင် ကူညီပေးနိုင်တယ်ပေါ့....နင်တို့နှစ်ယောက်လုံး ငါ့ကို လှည့်စားနေတာ မဟုတ်ရင် နင်တို့က ပိုက်ဆံပေး ပြောခိုင်းတဲ့သူတွေ ဖြစ်နေမှာ စိုးရတယ်....နွေဦးဆောင်းဦးခန်းမက ဒီဟာအတွက် ပိုက်ဆံတော်တော်လေး သုံးထားတာပဲ....အရင်ဆုံး A list သရုပ်ဆောင်ကို ခေါ်ပြီး ကြော်ငြာခဲ့တယ်...အခု မှတ်ချက်အကောင်းရဖို့အတွက် ပိုက်ဆံပေးထားပြန်ပြီ...." ]


[“အိပ်ပျော်ဖို့ ကူညီပေးသလား မပေးသလား မသိပေမယ့် နွေဦးပန်းက အရေးကြောင်းတွေ ဖယ်ပေးတဲ့စွမ်းရည် ရှိတယ်လို့တော့ ထင်တယ်....လျှောက်ပြီး ကြံစည်မနေနဲ့ ....နင်ကိုယ်တိုင် သုံးကြည့်လိုက်ရင် သိလာလိမ့်မယ်...."]


ပုန်းကွယ်နေသည့် စွမ်းရည်များ ပေါ်လာတိုင်း ရတနာတွေ့သလို ဖြစ်နေကြ၍ ဝယ်သူသုံးစွဲသူများက သူတို့တွေ့ထားသည့် အချက်များကို ပြောပြရန် စိတ်အားထက်သန်နေကြသည်။


ဘလော့ဂါတစ်ယောက်က မနေနိုင်ပဲ သက်ပြင်းချမိသည်


[ " အရင်တုန်းက ၆၆၆ယွမ်က အရမ်းစျေးကြီးလွန်းတယ်လို့ ပြောခဲ့မိတယ်....ဒါပေမယ့် အခု စဥ်းစားကြည့်မှ နွေဦးဆောင်းဦးခန်းမက တာဝန်ကျေတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါလား...."]


ဤပို့စ်က အောက်ပါအတိုင်း များစွာသော ကောမန့်များ ရခဲ့လေသည်။


ယာ့လန်၏ ပန်းတစ်ပွင့်စီးရီးက ရေဓါတ်ဖြည့်ပေးသည့် ခရင်တစ်စုံကို ယွမ်နှစ်ထောင်နီးနီး ကုန်ကျခဲ့သည်။ ထိုစီးရီးက အများဆုံးမှ အခြေခံရေဓါတ်ကိုသာ ဖြည့်တင်းပေးပြီး အသားအရေကို သိသာစေသည့် ရလဒ်မျိုး မလုပ်ဆောင်နိုင်ချေ။


ထိုနှစ်ခုကို နှိုင်းယှဥ်လိုက်လျှင် ၆၆၆ယွမ်က လုံးဝ စျေးမကြီးသေးပေ။


ထိုသို့ လှိုင်းထန်နေချိန် သွမ့်ရှူးထုံက နွေဦးပန်းနံပါတ်၂ကို သုတေသနလုပ်ပြီးသွားကာ တစ်ချိန်တည်းဆိုသလို ဖိန်ရော့ဝိန်း ပို့ပေးလာသည့် ဒီဇိုင်းမူကြမ်းကို ရရှိခဲ့သည်။


ပုလင်းက သစ်ရွက်ပုံစံလေးဖြစ်ပြီး မျက်နှာပြင်တစ်ခုလုံး အစိမ်းရင့်ရောင် လွှမ်းနေသည်။ နံပါတ်၁စီးရီး၏ အိပ်မက်ဆန်ဆန် အငွေ့အသက်နှင့်စာလျှင် နံပါတ်၂စီးရီးက ပိုပြီး တည်ငြိမ်သော်လည်း အစိမ်းရောင်နယ်မြေအတွင်း အသက်စွမ်းအင်တစ်ခုကို ပြသနေသည်။


သွမ့်ရှူးထုံက တစ်ကြိမ်ထပ်ပြီး အံ့သြမှင်သက်သွားကာ ဖိန်ရော့ဝိန်းကို လက်မအများကြီး ပေးလိုက်သည်။


နောက်တစ်ဆင့်က ထုတ်ကုန်ကို စမ်းသပ်ဖို့ လူရှာရန် ဖြစ်သည်။


နွေဦးပန်းနံပါတ်၂၏ စွမ်းရည်က အမာရွတ် ဖယ်ရှားပေးဖို့ ဖြစ်သည်။ အမာရွတ် အသစ်ရော အဟောင်းရော ဖယ်ပေးလေသည်။


ဤဆေးမျိုးက သွမ့်ရှူးထုံ၏ အရင်ကမ္ဘာတွင် သာမန်လို ဖြစ်နေသော်လည်း ဤကမ္ဘာတွင် ထိုဆေးလိုမျိုး မရှိသေးသည့်အပြင် အနည်းဆုံး စျေးကွက်ပေါ် တင်ခဲ့သည့်သူ တစ်ယောက်မှပင် မရှိပေ။


အမာရွတ်များက ဆေးပညာကို သုံးပြီး ပြုပြင်၍ရသော်လည်း လုံးဝ ဖယ်ထုတ်နိုင်သည်တော့ မဟုတ်ပေ။ နွေဦးပန်းနံပါတ်၂၏ စွမ်းရည်က ခွဲစိတ်ထားပြီးသည့် ရလဒ်များထက် မနိမ့်သေးပေ။ ထို့ပြင် အရေပြားဆက်ခွဲစိတ်ခြင်းက တစ်ခြားနေရာကို ပြုပြင်ဖို့ ခန္ဓာကိုယ်၏ အပိုင်းအစတစ်ခုကို ယူရသည်။


လူအများစု၏ ခန္ဓာကိုယ်တွင် ထိုအမာရွတ်မျိုး ရှိတတ်ကြသည်။ ထိုအမာရွတ်မျိုးက သူတို့၏ နေ့စဥ်ဘဝကို အကျည်းတန်မှု မရှိနိုင်သော်လည်း ပုံပန်းသွင်ပြင်ကိုဖြင့် သက်ရောက်မှု ရှိလေသည်။ အထူးအခြေအနေကြောင့် ဆေးရုံတွင် ကုသမှု ခံယူခဲ့သည့်သူများမှလွဲလျှင် ကျန်သည့်သူများက အမာရွတ်ပျောက်လိမ်းဆေး သုံးချင်ကြသည်။ 


အလုပ်ဆင်းချိန်သို့ ရောက်သောအခါ သွမ့်ရှူးထုံက ဓါတ်ခွဲခန်းကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ဓါတ်ခွဲခန်းထဲမှ ထွက်လာခဲ့ရာ ကျိုးလင်က သူ့နောက် လိုက်လာလေသည်။


မိန်းကလေး၏ မျက်နှာထက်က စိုးရိမ်နေသည့် အကြည့်ကို မြင်လိုက်ရစဥ် သူက နူးနူးညံ့ညံ့ ပြုံးလိုက်ပြီး မေးလိုက်သည် ။


" ကိစ္စတစ်ခုခု ရှိလို့လား...."


ကျိုးလင်၏ မျက်နှာက ယခင်ကထက် ပိုပြီး ကြည့်ကောင်းလာသည်။ သူမ၏ မူလအစိတ်အပိုင်းလေးများက နူးညံ့ပြီး လှပသည်။ ဝက်ခြံနှင့် တင်းတိပ်များ မရှိတော့သည်နှင့် သူမကို လိုက်ပိုးပန်းသူများပါ ရလာခဲ့၍ ယခင်ကထက်ပိုပြီး ယုံကြည်ချက် ရှိလာခဲ့သည်။


သူမရင်ထဲက အနက်ရှိုင်းဆုံးနေရာထိ သွမ့်ရှူးထုံကို လေးစားမြတ်နိုးရသော်လည်း ယခုတွင်ဖြင့် သူမ ရွေးချယ်ရတော့မည် ဖြစ်သည်။


" ဒါရိုက်တာသွမ့်....ကျွန်မရဲ့ လက်ရှိအဆင့်နဲ့ ဒါရိုက်တာသွမ့်ရဲ့ စိတ်ကူးအကြံဥာဏ်တွေကို လုပ်ပေးနိုင်မယ် မထင်မိဘူး....အဲ့ဒီအစား ကျွန်မက ဒါရိုက်တာသွမ့်ကို ဝန်ပိစေပြီး ဆွဲချမိစေလိမ့်မယ်....အချိန်အတော်ကြာတဲ့အထိ စဥ်းစားခဲ့ပြီးတဲ့နောက်မှာ နောက်ထပ် ပညာ ရှေ့ဆက်ဖို့အတွက် ဘွဲ့ကြိုပရိုဂရမ် ဝင်ခွင့်စာမေးပွဲ ဖြေဖို့ ဆုံးဖြတ်ခဲ့တယ်...မကြာခင် နှုတ်ထွက်တော့မှာမို့လို့ ဒါရိုက်တာသွမ့်ကို အရင်ဆုံး ပြောပြချင်ခဲ့တာပါ...."


မိန်းမငယ်လေးတစ်ယောက်က သုတေသနဌာန၏ အမျိုးသားဝန်ထမ်းများထက် ပိုပြီး စွန့်စားလိုသည့်စိတ်ရှိနေ၍ သွမ့်ရှူးထုံက တစ်ခဏမျှ အံ့သြသွားရသည်။ ထို့နောက် အလိုလိုပြုံးမိသွားရင်း စကားဆိုလိုက်လေသည်။


 " မင်းဆန္ဒရှိသလို လုပ်ပါ....မင်းကို အားပေးနေမယ်....ပြီးတော့ မင်းက ဝန်ထုပ်ဝန်ပိုးတစ်ခု မဟုတ်ပါဘူး....အရမ်းတော်ပြီးတော့ အလုပ်ကြိုးစားတဲ့သူပါ....ဒီလမ်းကြောင်းနဲ့ အရမ်းကို ကိုက်ညီမှုရှိတယ်....မင်းရဲ့အနာဂတ် တောက်ပဖို့ ဆုတောင်းပေးလိုက်ပါတယ်...." 


“ကျေးဇူးတင်ပါတယ်...." ကျိုးလင်၏ မျက်လုံးလေးများက ချက်ချင်း စူးခနဲဖြစ်လာပြီး အပူတက်လာသည်။ သူမက မျက်နှာတစ်ဖက် လှည့်သွားရင်းလေသံပျော့ပျော့လေးနှင့် မေးလာသည် ။


" တကယ်လို့....တကယ်လို့ ကျွန်မ ဘွဲ့ရပြီး ဒါရိုက်တာသွမ့်ရဲ့ လက်ထောက်အဖြစ် လာလျှောက်ရင် ဒါရိုက်တာသွမ့်...အာ ဆောရီးပါ...."


သူမက ဘယ်လိုလုပ် ဒီလိုအရာမျိုး မေးနိုင်ရတာလဲ။ သူမ မမေးလိုက်သင့်ဘူး။ သူမ ဘွဲ့ရပြီးသွားတဲ့အချိန်မှာ ဒါရိုက်တာသွမ့်က သေချာပေါက် ပိုကောင်းတဲ့ လက်ထောက်တွေ ဘေးမှာ ရှိနေမှာလေ....ဒါကို ဘာလို့ သူက သူမအကြောင်း စဥ်းစားနေဦးမှာလဲ။


သွမ့်ရှူးထုံက ပြန်မဖြေနိုင်ခင် ကျိုးလင်က ခေါင်းငုံ့ပြီး ပြေးသွားတော့သည်။


ကျိုးလင်၏ မပြောလိုက်ရသော စကားများက မှန်းရမခက်ပေ။ သွမ့်ရှူးထုံက ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ ကျိုးလင်ဆီ စာပို့လိုက်သည် :[ နွေဦးဆောင်းဦးခန်းမက အမြဲတမ်း မင်းကို ကြိုဆိုနေမှာပါ။]


မက်ဆေ့ချ်ကို မြင်သွားသောအခါ ကျိုးလင်က ချက်ချင်း တောက်တောက်ပပ ပြုံးလိုက်သည်။ ထို့နောက် မျက်လုံးထောင့်ကို သုတ်ပစ်လိုက်လေသည်။


အိမ်ပြန်ရောက်သောအခါ သွမ့်ရှူးထုံက ဦးလေးစွင်းတို့နှင့်အတူတူ စားခဲ့သည်။ စားသောက်ပြီးသောအခါ ပုံမှန်အတိုင်း မေးလာသည်။


 " ဒီနောက်ပိုင်း ရှီ....ရှီယွိနဲ့ တစ်ခြားသူတွေက အရမ်းအလုပ်များနေကြတာလား...."


"ဦးလေးရှီ" ဟု ခေါ်နေရသည်က သူ့အတွက် ခက်ခဲလေသည်။ သူသာ "အစ်ကိုရှီ"ဟု ခေါ်လိုက်လျှင် မျိုးဆက်တွေအကုန် ရှုပ်သွားနိုင်ပြီး "ဥက္ကဌရှီ" ဟု ခေါ်လိုက်လျှင်လည်း သူစိမ်းဆန်နေပြန်သည်။ သူက ရှီသွမ်း၏ နာမည်ရှေ့ ဘယ်လိုတပ်ခေါ်ရမလဲ တကယ် မသိတော့၍ ရှီယွိဟု စပြောလိုက်ရသည်။ 


ဦးလေးစွင်းက အသက်ကြီးသည့်သူဖြစ်၍ ဘဝအတွေ့အကြုံ ပိုများလေသည်။ သူက မျက်နှာက အရေးအကြောင်းများ ခေါက်တက်သွားအောင်ထိ ပြုံးလိုက်ရင်း ပြန်ဖြေလာသည်


 " တကယ် အလုပ်များနေတာပါ...ဆရာက သခင်လေးကို ကုမ္ပဏီကိစ္စတွေနဲ့ ရင်းနှီးအောင်လို့ ခေါ်သွားနေတာ...နေ့တိုင်း နောက်ကျမှ ပြန်လာလို့ မစ္စတာသွမ့်နဲ့တောင် တွေ့ဖို့ခက်နေတယ်...ပြီးတော့ မစ္စတာသွမ့်နဲ့ ဆရာက အသက်အများကြီး မကွာပါဘူး...နှစ်ယောက်က မျိုးဆက်မတူပေမယ့် ကိုယ်ပိုင်အချိန်တွေမှာဆို ပေါ့ပေါ့ပါးပါး ပြောလို့ရပါတယ်...သူ့မှာ မိတ်ဆွေအစစ်ဆိုတာ တစ်ယောက်မှ မရှိဘူး...ဒီနှစ်တွေအတွင်းမှာ မစ္စတာသွမ့်တစ်ယောက်ပဲ ရှိခဲ့တာပါ...." 


[T/N: တရုတ်တွေက မျိုးဆက်တွေနဲ့ ပတ်သက်လို့ အရမ်း အလေးထားပါတယ်။ ကိုယ့်ထက် အသက်ငယ်ရင်တောင်မှ အဒေါ်တို့ ဦးလေးတို့ တော်တယ်ဆိုရင် အဒေါ် ဦးလေးတပ်ခေါ်ရပါတယ်။ ဒါကြောင့် ရှီသွမ်းက "အကြီး" အုပ်စုထဲ ပါနေပေမယ့် သွမ့်ရှူးထုံထက် အသက်သိပ်မကြီးပါဘူး]


ဦးလေးစွင်းက ပြောနေရင်း မနေနိုင်ပဲ သက်ပြင်းချလိုက်သည် " အပေါ်ယံကြည့်မယ်ဆိုရင် ဆရာက စကားပြောရတာ မကြိုက်ဘူးလို့ ထင်ရပေမယ့် တကယ်တော့...."


သူ့စကား မဆုံးခင် တံခါးအပြင်ဘက်က ကားသံထွက်လာ၍ သွမ့်ရှူးထုံနှင့် ဦးလေးစွင်းတို့ အတူတူ ထွက်သွားလိုက်ကြသည်။


ကားက ခြံဝန်းထဲ ရပ်လာသည်။ ရှီသွမ်း၊ ရှီယွိနှင့် ချန်နင်တို့ ကားထဲမှ ထွက်လာကြသည်။ 


တိုက်တိုက်ဆိုင်ဆိုင် ကောင်းကင်မှ နေဝင်ချိန်က ဝံ့ကြွားစွာ တည်ရှိနေ၏။ နေနှင့်ည နယ်နိမိတ်အတွင်း အလင်းရောင်နှင့် အရိပ်တို့က ထိုအမျိုးသား၏ အရပ်ရှည်ရှည် ပုံရိပ်ပေါ် လွှမ်းခြုံထားကာ မေ့မောဖွယ် အခိုက်အတန့်တစ်ခု ဖြစ်တည်လာလေသည်။


သွမ့်ရှူးထုံက လှေကားပေါ်တွင် ရပ်နေရင်း လှေကားပေါ် တက်လာသည့် ထိုလူကို ကြည့်နေမိသည်။ လေအဝေ့တွင် အယ်ကိုဟောအနံ့ လှိုက်တက်လာသော်လည်း ထူးခြားစွာ ဆွဲဆောင်မှု ရှိနေသည်။


“သောက်လာခဲ့တာလား...." သူက မေးလိုက်သည်။


ရှီသွမ်းက သူနှင့် နှစ်ဆင့်သာ ကွာခြားတော့သည်။ သူ့မျက်လုံးများက ကြည်လင်နေပြီး မူးနေပုံ မရချေ။ သူ့အသံက တိုးညင်းပြီး အက်ရှနေသည်


 " ဟုတ်တယ်....သောက်ထားတာ...."


" အပေါ်ထပ်သွားပြီး နားတော့မလား..."


" အင်း....နားတော့မယ်...."


သွမ့်ရှူးထုံက ကိုယ်ကိုယို့ပြီး လမ်းဖယ်ပေးလိုက်သည်


 " ဒါဆို....အရင် သွားလိုက်ပါ..."


" အင်း....သွားလိုက်မယ်...."


ဒီလူက မူးတာလား မမူးတာလား။


သူသာ မူးနေရင် ဘယ်လိုလုပ် ပုံမှန်အတိုင်း လမ်းလျှောက်နိုင်မှာလဲ။ သူသာ မမူးဘူးဆိုရင်လည်း ဘာလို့ တစ်ခုခုလွတ်နေသလို အကုန်လုံး ပြန်ဖြေနေမှာလဲ။


တစ်ဖက်တွင်လည်း သူ့ဘေးက ချန်နင်က ချော်လဲကာနီး ဖြစ်သွားသည်။ ကံကောင်း၍ လျိုကျစ်ဖေးက ထိန်းပေးပြီး ဆွဲလိုက်နိုင်၍ပင်။


သွမ့်ရှူးထုံက ရှီယွိကို မေးလိုက်သည် " မင်းရဲ့ ဦးလေးက မူးနေတာလား...."


ရှီယွိကလည်း မျက်နှာ မကောင်းပေ။ သူက ခေါင်းငုံ့လိုက်ရင်း ပြောလာသည် " ကျွန်တော်လည်း မသိဘူး...." သူက အရက်သောက်ရလောက်အောင်ထိ အသက်မပြည့်သေးပေ။ သူက ကားထဲတွင် စောင့်နေခဲ့ရ၍ ရှီသွမ်း ဘယ်လောက်ထိ သောက်ခဲ့မှန်း သူမသိခဲ့ပေ။ 


ဦးလေးစွင်းတစ်ယောက်သာ သူ့အကြောင်းသိ၍ ကူကယ်ရာမဲ့သလို ပြောလာသည် ။


" ဆရာက သောက်လာတိုင်း ဘယ်တော့မှ မူးမူးရူးရူး ဖြစ်မသွားဘူး....အမြဲတမ်း ဒီလိုပဲ....ကျွန်တော် သူ့ကို အရင်ဆုံး အပေါ်ထပ် ပို့ပေးလိုက်ပါ့မယ်...."


သွမ့်ရှူးထုံက အမြန် လက်ဖြန့်လိုက်သည်


 " ကျွန်တော် လုပ်ပေးလိုက်ပါမယ်...."


ဦးလေးစွင်းက အသက်ကြီးနေပြီဖြစ်သလို ရှီယွိကလည်း အရမ်း ငယ်နေသေးသည်။ ရှိသည့်သူအားလုံးတွင် သူကသာ ရှီသွမ်းကို ဂရုစိုက်ပေးဖို့ အသင့်တော်ဆုံး ဖြစ်နေသည်။


“ဒါဆိုရင် မစ္စတာသွမ့်ကိုပဲ ဒုက္ခပေးရတော့မယ်..." ဦးလေးစွင်းက အပြုံးတစ်ခုနှင့် ပြောလာသည်။


သူက ရှီယွိနှင့် ဘာဖြစ်ခဲ့လဲ မစဥ်းစားတတ်သော်လည်း ကောင်လေးက စကားမဆိုပဲ သူ့အခန်းသို့ တည့်တည့်သွားတော့သည်။


မူးနေသော ဥက္ကဌရှီက ကောင်းကောင်းပြုမူလေသည်။ သူက သွမ့်ရှူးထုံ ဘာပြောပြော ပြန်ဖြေသည်။ သူက ပြောသည့်အတိုင်း အပေါ်ထပ်တက်သွားပြီး လှဲခိုင်းလိုက်သည့်အချိန် လှဲလိုက်လေသည်။


 á€žá€°á€€ အနှောင့်အယှက်မပေးသည့် အမူးသမားအလိမ္မာလေး ဖြစ်သည်။


သွမ့်ရှူးထုံက ရှီသွမ်းကို စောင်ပါးလေးတစ်ထည် ခြုံပေးလိုက်သည်။ ထို့နောက် သူက ခြေဖွဖွနင်းပြီး အခန်းထဲမှ ထွက်သွားကာ ရှီယွိ အခန်းဆီ သွားပြီး တံခါးကို ခေါက်လိုက်သည်။


ကောင်ငယ်လေးက တံခါးဖွင့်ပေးလာပြီး သွမ့်ရှူးထုံကို မျက်လုံးဝိုင်းကြီးများနှင့် စိုက်ကြည့်လာသည်။ သူ့မျက်လုံးများက နောက်တစ်စက္ကန့်အတွင်း ငိုတော့မလို နီရဲနေလေ၏။


ကောင်ငယ်လေး၏ နှုတ်ဖျားမှ စကားတစ်ခွန်း ထွက်ကျလာခဲ့သည်။


 " သွမ့်ကော...ဦးလေးက အရမ်း ခက်ခဲခဲ့တာပဲ...."


👨‍❤️‍👨