Chapter 48
Viewers 2k

👨‍❤️‍👨Chapter 48




ဖိန်ရော့ဝိန်း၏ တည်နေရာကို စုံစမ်းဖို့က မခက်ခဲပေ။ ချန်နင်က ဖိန်ရော့ဝိန်းက သူမနဂိုနေရာသို့ ပြန်ပြောင်းသွားသည့် အကြောင်း ရှာတွေ့သွားသောအခါ ခေါင်းထဲ မေးခွန်းအပြည့် ဖြစ်သွားရသည်။


အရင်တုန်းက ဘာလို့ ဒီလို လက္ခဏာမျိုး မရှိခဲ့တာပါလိမ့်။


သူက ရှီသွမ်းဆီ သတင်းပို့လိုက်ပြီးချိန် ရှီသွမ်းက ပိုပြီး ဝမ်းနည်းလာမိသည်။


သူက ဖုန်းယူ၍ သွမ့်ရှူးထုံဆီ မေးရန် ပြင်လိုက်ချိန် လူငယ်လေးဆီမှ ဝီချတ်ကနေ စာရောက်လာသည် : ဖိန်ရော့ဝိန်းက ပြောင်းသွားပြီမို့ ကျွန်တော်လည်း အိမ်ပြန်ရောက်သွားပြီ...


ရှီသွမ်းက အချိန်တော်ကြာသည်ထိ စဥ်းစားနေပြီးမှ ပြန်ဖြေလိုက်သည် : ကောင်းတယ်...


[T/N : ရှီသွမ်းက "ဟောင်" ဆိုတဲ့ စာလုံးလေးတစ်လုံးတည်း ပြန်ပို့လိုက်တာပါ။ "ဟောင်"က " ကောင်းတယ် "ဒါမှမဟုတ် " နားလည်ပြီ"လို့ အဓိပ္ပါယ်ရပါတယ်။ စာဖတ်သူတွေကတော့ " နားလည်ပြီ" လို့ ထင်လိုက်ကြပေမယ့် သွမ့်ရှူးထုံကတော့ " ကောင်းတယ်" လို့ ထင်လိုက်တာကြောင့် နားလည်မှုလွဲသွားခဲ့တာပါ] 


သွမ့်ရှူးထုံက ထိုမက်ဆေ့ချ်ကို ရခဲ့ချိန် သူ့ကိုယ်သူ လှောင်ရယ်မိရင်း ဘောင်းဘီအိတ်ထဲ ဖုန်းထည့်လိုက်ပြီး ဖိန်ရော့ဝိန်းကို ပြောလိုက်သည် 


" မင်းကို လိုက်ပို့ပေးမယ်လေ..."


ဖိန်ရော့ဝိန်းက ယခုတွင် ကိုယ်ဝန်ဆောင်ထားရ၍ နေရာတိုင်း ဂရုစိုက်ပြီး သတိထားရသည်။ ထို့ကြောင့် သူမ မငြင်းလိုက်တော့ပေ။


ဖိန်ရော့ဝိန်းကို သူမယခင်နေရာသို့ ပြန်ပို့ပေးပြီးနောက် သွမ့်ရှူးထုံက အိမ်ပြန်ရန် လှည့်သွားချိန် ဖိန်ရော့ဝိန်းက သူ့ကို တားလာသည် " သခင်လေးသွမ့်....အရင်တုန်းက ကျွန်မကို အိမ်ငှားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..." 


သွမ့်ရှူးထုံက ဆက်ပြီး ဖုန်းကွယ်ချင်စိတ်မရှိပေ။ ဖုံးကွယ်ချင်စိတ်ရှိပါက မနက်စောစောစီးစီး ပြောင်းလာလိမ့်မည်တောင် မဟုတ်။


သူက ပြုံးပြလိုက်သည် " မိတ်ဆွေတွေကြားမှာ အရမ်းကြီး ယဥ်ကျေးနေစရာ မလိုပါဘူး...."


ဖိန်ရော့ဝိန်းက စကားစရပ်သွားပြီး နောက်မှ မေးလာသည် " သခင်လေးသွမ့် မနေ့ညက အဖြစ်အပျက်ကို မှတ်မိသေးလား...."


"နည်းနည်းပါးပါးတော့ မှတ်မိပေမယ့် ဇဝေဇဝါတော့ ဖြစ်နေတယ်..." သူက အများကြီး မပြောချင်တော့၍ လက်ယမ်းပြပြီး ထွက်သွားတော့သည်။


လှည့်ထွက်သွားသည့် ပိန်ပိန်ပါးပါး ကျောပြင်ကို ကြည့်နေရင်း ဖိန်ရော့ဝိန်းက မျက်မှောင်ကြုတ်မိသည်။ မနေ့ညက ရှီသွမ်း၏ မျက်လုံးအကြည့်နှင့် သူ့အပြုအမူတို့အကြောင်း စဥ်းစားမိသွားချိန် အနည်းငယ် ပျာယာခတ်သွားသလို ခံစားမိနေဆဲပင်။ 


သူမ အတွေးလွန်နေသည်ဟုသာ မျှော်လင့်မိသည်။


သူ့အိမ်သို့ ပြန်ရောက်သောအခါ သွမ့်ရှူးထုံက အအားနေဖို့ မစီစဥ်ထားပေ။ သူမမှတ်မိသင့်သည့် အရာများကို မေ့ဖျောက်ပစ်ဖို့ ပစ္စည်းနည်းနည်းဝယ်ရန် ရှော့ပင်းမောသို့ သွားရန် လုပ်ထားသည်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ကလည်း ဘာမှစားစရာမရှိဖြစ်နေကာ ဆောင်းဦးလည်း ရောက်တော့မည်ဖြစ်၍ အနွေးထည်အချို့ ဝယ်ရန် စဥ်းစားမိသည်။ 


သူက ရှော့ပင်းမောထဲ ဝင်လိုက်သည်နှင့် လူကြပ်နေ၍ အံ့သြသွားရသည်။ သူထင်ထားသည်ထက် လူပိုများနေသည်။


ဒီနေ့က ပိတ်ရက် ဖြစ်နေလို့လား။


သူက လှည့်ပတ်ကြည့်လိုက်ရာ လက်ချင်းချိတ်ထားသည့် လူငယ်အတွဲအများစုကို မြင်လိုက်ရသည်။ သူက ဖုန်းထဲက ပြက္ခဒိန်ကို ကြည့်လိုက်မှ ယနေ့က ၇လပိုင်း ၇ရက်နေ့ ဖြစ်နေမှန်း သိလိုက်ရသည်။ ယနေ့က ချီးရှီးပွဲတော်နေ့ ဖြစ်သည်။ 


[*T/N: ချီးရှီးပွဲတော်က တရုတ်လူမျိုးတွေရဲ့ ချစ်သူများနေ့ပါ]


တစ်ကိုယ်တည်းသမားလေးက မြင်းကောင်ရေအား ၁၀၀၀၀ခန့် ထိမှန်ခံလိုက်ရလေသည်။



တစ်ယောက်တည်း စျေးဝယ်နေရင်း သွမ့်ရှူးထုံမှာ တစ်ကောင်တည်း ဖြစ်နေသည့် သူ့အခြေအနေကို သတိထားမိသည်။ ပျော်ရွှင်နေကြသည့် စုံတွဲများကို မြင်နေရသည်က သူ့ကို ရန်စနေသလို ခံစားမိသည်။ သို့သော်လည်း skincareကောင်တာနား ရောက်သွားချိန် နွေဦးပန်းနံပါတ်၁က ကောင်းကောင်း အလုပ်လုပ်နေသည်ကို မြင်သောအခါ သူ့စိတ်က ပြန်လည်လန်းဆန်းလာလေသည်။


သွမ့်ရှူးထုံက ရုတ်တရက် အိုင်ဒီယာတစ်ခု ရလိုက်သည်။ အခုခေတ်မှာ လူငယ်တွေက ညနက်တဲ့အထိ နေကြတာဆိုတော့ စုံတွဲမျက်လုံးလိမ်းခရင် လုပ်လိုက်ရင်ရော ဘယ်လိုလဲ။ အရည်အသွေးကောင်းမယ်ဆို ရောင်းအားလည်း ဆိုးနိုင်မှာ မဟုတ်ပါဘူး။


နွေဦးပန်းနံပါတ်၂က စျေးကွက်မှာ ပေါက်သွားပြီး အခြေအနေ တစ်ခုခု မရှိခဲ့လျှင် သွမ့်ရှူးထုံက skincareပိုင်းကို မလုပ်တော့ဖို့ များသည်။ နွေဦးဆောင်းဦးခန်းမ၏ skincareပိုင်းက ဟယ်ယွင့်လက်ထဲ ရောက်သွားတော့မည် ဖြစ်သည်။ နောက်ပိုင်း ဟယ်ယွင့်၏ ယှဥ်ပြိုင်လိုစိတ် မြင့်လာသည်ဟု ကြားထားပြီး တိုက်တိုက်ဆိုင်ဆိုင် သူလည်း မျက်လုံးလိမ်းခရင်အသစ် ထုတ်ချင်နေသည်။ သူ့အိုင်ဒီယာကို ဟယ်ယွင့်ဆီ သွားဆွေးနွေးကြည့်သည်က ပိုကောင်းလိမ့်မည်။


အိမ်ပြန်ရောက်ပြီးနောက် သွမ့်ရှူးထုံက သူ့အခန်းရှင်းနေသည့်အချိန် ဝီချတ်ကနေ စာပေါင်းများစွာ ရောက်ထားမှန်း သိလိုက်ရသည်။ သူက နှိပ်ကြည့်လိုက်ရာ " ကျောင်းကျောင်း" " ယန်ယန်း" " ရွှယ်ရွှယ်" ဆိုသည့် နာမည်များကို တွေ့လိုက်ရသည်။ သူတို့မက်ဆေ့ချ်များက နှင်းဆီပန်းပုံလေးများ သို့မဟုတ် နှုတ်ခမ်းပုံ အီမိုဂျီလေးများ ဖြစ်ကြသည်။ သူတို့က ယခင်က ပတ်သတ်ခဲ့သည့် ဆက်ဆံရေးကို ပြန်တည်ဆောက်ချင်ကြသည့်ပုံပင်။


သွမ့်ရှူးထုံ : ....


ထိုရည်းစားဟောင်းများက အတိတ်ကို အမှတ်ရနေကြခြင်း ဖြစ်နိုင်သည်။ ယနေ့လို ချစ်သူများနေ့တွင် သခင်လေးသွမ့်၏ အတိတ်က လိုက်လျောပေးမှုများကို သတိရနေကြပုံပင်။ အမှန်တွင်လည်း သခင်လေးသွမ့်က သူတို့အပေါ် ပိုက်ဆံအမြောက်အမြား သုံးပေးခဲ့လေသည်။


သွမ့်ရှူးထုံက ပြတ်ပြတ်သားသားပင် သူတို့နံပါတ်အားလုံးကို blacklistသွင်းလိုက်တော့သည်။


ပျင်းပျင်းရိရိနှင့် ဆိုဖာပေါ် မှီလိုက်ရင်း momentများကို လျှောက်ကြည့်နေလိုက်သည်။ အကျိုးဆက်အနေနှင့် အတွဲများ၏ ချိုမြိန်မှုများနှင့် အပစ်ခံလိုက်ရတော့သည်။ သူ၏ ချစ်လှစွာသော မိခင်ကတောင် အလွတ်မပေးခဲ့ချေ။  


[*T/N: Moments က ဝီချတ်ရဲ့ social functionတစ်ခု ဖြစ်ပါတယ်] 


တုံးဟန်ယွဲ့က ဓါတ်ပုံတစ်ပုံ တင်ထားသည်။ ဓါတ်ပုံက အသက်၅၀ကျော်အရွယ် အမျိုးသားတစ်ယောက်ပုံ ဖြစ်သည်။ သူက အိမ်နေရင်းအဝတ်အစားကို လျော့တိလျော့ရဲ ဝတ်ထားပြီး ခါးတွင် အေပရွန်ကို စီးထားလေသည်။ လက်တစ်ဖက်တွင် မီးဖိုချောင်သုံးဓါးကို ကိုင်ထားပြီး ဟင်းချက်နေ၍ ကင်မရာဘက်ကို ကျောပေးထားလေသည်။


ဓါတ်ပုံတွင် စာတစ်ကြောင်းမှ မပါပေ။ ပျော်နေသော အီမိုဂျီလေးတစ်ခုသာ တင်ထားသည်။


ဓာတ်ပုံလေးက နွေးထွေးပြီး ရိုမန့်တစ်ဆန်လှသည်။ သွမ့်ရှူးထုံမှာ likeမပေးပဲ မနေနိုင်ချေ။


တုံးဟန်ယွဲ့က သူ့ဆီက likeကို ရသည့်အချိန် ဝီချတ်ကနေ ချက်ချင်း စာပို့လာသည် : [ထုံထုံ....ဒီနေ့ ဘယ်လို ဖြတ်သန်းခဲ့တာလဲ...]


သွမ့်ရှူးထုံက ပြုံးလိုက်မိသည်။ မစ္စတုံး ဒါက တကယ်ကို လူရှေ့မှာ ချစ်ပြနေတာပဲနော်။


သွမ့်ရှူးထုံ : ကျွန်တော် ဝယ်စရာလေးတွေ ရှိလို့ ရှော့ပင်းမော သွားခဲ့တယ်....


တုံးဟန်ယွဲ့က သူ့ကို စစ်မှန်ပြီး လေးနက်သော ဆန္ဒများနှင့် နှစ်သိမ့်ပေးလာသည် :[ သားလေး ...ကြည့်စမ်း...လက်ထပ်ထားတာက ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်လဲလို့....]


အလစ်ငိုက်တွင် လက်ထပ်ဖို့ တိုက်တွန်းခံလိုက်ရသည့် သွမ့်ရှူးထုံ : .....


မစ္စတုံး....ခင်ဗျားရဲ့သားက ဒီဘဝမှာ လက်မထပ်တော့ဘူးဆိုတဲ့ အကြောင်းကိုတော့ မပြောဝံ့ပါဘူးဗျာ...


သူက အကူအညီမဲ့နေသော အမူအရာနှင့် ဆိုဖာပေါ် ပြိုကျသွားရင်း ဖြေးဖြေးချင်း ပြန်ဖြေလိုက်သည် : [မား....မားက မိန်းကလေးတော်တော်များများ သိတယ်ဆိုတော့ သင့်တော်တဲ့သူလေးများ မရှိဘူးလား....]


ရှီယွိက အထုပ်သယ်ကူထား၍ သူလည်း အပေးအယူကတိကို တည်သင့်သည်။ သူကိုယ်တိုင်ထက် သူ့အမေကို အောင်သွယ်တော် လုပ်ခိုင်းလိုက်သည်က ပိုကောင်းသည်။


တုံးဟန်ယွဲ့ : [ထုံထုံ...မင်းက လက်ထပ်ချင်သွားပြီပေါ့ [မီးရှူးမီးပန်း] [မီးရှူးမီးပန်း] [မီးရှူးမီးပန်း]]


သွမ့်ရှူးထုံ :[ မဟုတ်ပါဘူး...ရှီယွိပါဗျာ...သူက ကျွန်တော့်ကို သူ့အတွက် အန်တီလေး ကူရှာခိုင်းထားတာ...ဒါကြောင့် ရှီသွမ်းကို မိတ်ဆက်ပေးဖို့ သင့်တော်တဲ့ မိန်းကလေးတစ်ယောက်လောက် သိသလား မေးတာပါ....]


အချိန်အတော်ကြာမှ တုံးဟန်ယွဲ့က ဓါတ်ပုံအချို့နှင့်အတူ စာပြန်လာသည် : [မင်းရဲ့ ဦးလေးရှီနဲ့ လိုက်ဖက်မယ့်သူက သိပ်မရှိဘူးပဲ....မား တော်တော်ကြာအောင် ရှာခဲ့ရတာ....ဒီလူတွေက ရုပ်ရည် ပညာရေး မိသားစုနောက်ခံ အကုန်ကောင်းကြတဲ့သူတွေပဲ....]


သွမ့်ရှူးထုံက ရင်ဘတ်ကို ပွတ်သပ်မိသည်။ ရင်ဘတ်က တောင့်တင်းပြီး မသက်မသာ ခံစားနေရသည်။ သူက ပထမပုံကို ဖွင့်ပြီး စက္ကန့်အနည်းငယ်ခန့် ကြည့်လိုက်ပြီးနောက် စာပြန်ပို့လိုက်သည် : [သူမက မျက်လုံးနည်းနည်း သေးတယ်....မလိုက်ဘူး... ]


ဒုတိယပုံ :[ တောက်ပြောင်လွန်းတယ်.]


[...မလိုက်ဘူး...]


တတိယပုံ [: သူမပုံစံက အရမ်း နူးညံ့လွန်းတယ်....လိုက်မယ်လို့ မထင်ဘူး...]


စတုတ္ထပုံ [: ဒီတစ်ယောက်က အရမ်း ထွားလွန်းတယ်... သူနဲ့ လိုက်မှာ မဟုတ်ဘူး...]


ပဥ္စမပုံ : [မလိုက်ဘူး...]


တုံးဟန်ယွဲ့ : ..[..သားလေး...မင်းရွေးဖို့ မဟုတ်ဘူးလေကွယ်...မင်းရဲ့ ဦးလေးရှီ ရွေးရမှာလေ...သူ့အမြင်ကို မေးကြည့်ပါလား သားရဲ့...]


သူမကတော့ အကုန်လုံးက တော်တော်လေး လှသည်ဟု ထင်မိသည်။ ဘာလို့ သူမသားက ကြေးများနေရတာလဲ။


သွမ့်ရှူးထုံက ဖုန်းကို ရင်ဘတ်ပေါ် တင်လိုက်ပြီး သက်ပြင်းမောကြီးချကာ ရှီယွိဆီ ပုံအချို့ ပို့ရတော့သည်[ : မင်းရဲ့ဦးလေးကို ပြလိုက်ပါ...]


ရှီယွိ :[ သွမ့်ကော...ကောရဲ့ အစွမ်းအစက အရမ်းမြင့်တာပဲဗျာ...[အသည်းပုံ] [အသည်းပုံ] [အသည်းပုံ]]


သို့သော်လည်း သူ၏သွမ့်ကောက သူ့နှလုံးသားကို တံတိုင်းခတ်ထားမှန်း မသိခဲ့ပါချေ။ သူက ရှီသွမ်းဆီ ဓါတ်ပုံများ ပို့ပေးလိုက်သည် :[ ဦးလေး...ဘယ်တစ်ယောက်ကို ကြည့်ကောင်းတယ်လို့ ထင်လဲ...]


ခဏအကြာ ရှီသွမ်းက ပြန်ဖြေလာသည် :[ အသက်ငယ်သေးတဲ့အချိန်မှာ မင်းရည်းစားထားလို့ မရသေးဘူး....]


ရှီယွိ : [...ရည်းစားထားချင်တာ ကျွန်တော် မဟုတ်ဘူးဗျ....ဦးလေးကသာ ထားဖို့ လိုနေတာ...]


ရှီယွိက ထိုမက်ဆေ့ချ်ကို ပို့ပြီးသည်နှင့် ရှီသွမ်းက ဖုန်းခေါ်လာတော့သည်။


" မင်း ဒီဓါတ်ပုံတွေကို ဘယ်ကနေ ရခဲ့တာလဲ..." ရှီသွမ်းက မေးလာသည်။


သူက ဓါတ်ပုံထဲက အမျိုးသမီးများကို မသိသော်လည်း ရင်းနှီးနေသလိုပင်။ ကော့တေးပါတီအချို့တွင် မြင်ဖူးဟန်ရှိသည်။ သူတို့က ဟိုဟိုသည်သည် ကုမ္ပဏီသူဌေးများက ခေါ်လာခဲ့သည့် ဂျူနီယာလေးများ ဖြစ်သော်လည်း သူတို့ကို သိပ်ပြီး အာရုံမထားခဲ့မိပါချေ။


ဒါဆို ဘယ်လိုလုပ် ရှီယွိဆီမှာ သူတို့ပုံတွေ ရှိနေရတာလဲ။


ရှီသွမ်း၏ တည်တည်ကြည်ကြည် အသံက ရှီယွိကို အနည်းငယ် ခြိမ်းခြောက်နေသလို ခံစားမိသည်။ ထို့အတွက်ကြောင့် ရှီယွိက တွန့်ဆုတ်မနေပဲ သူ၏ ချစ်လှစွာသော သွမ့်ကောကို ရောင်းစားရတော့သည် " သွမ့်ကောက ပို့ပေးလိုက်တာ..."


ရှီသွမ်း၏ လေသံက နည်းနည်း အားလျော့သွားသည် " သူက ဘာလို့ မင်းဆီ ဒီဓါတ်ပုံတွေ ပို့ခဲ့ရတာလဲ..."


ဆယ်ကျော်သက်လေးက ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေလာသည် " ကျွန်...ကျွန်တော်က အန်တီလေးတစ်ယောက် ရှာပေးဖို့ အကူအညီတောင်း...."    


“မင်းရဲ့အထုပ်တွေ ဒီနေ့ ပြင်ထားတော့..." ဖုန်းထဲမှ ထိုအမျိုးသား၏ အသံက အေးစက်ပြီး အားပြင်းနေသည် " မင်းကို မနက်ဖြန် ယန်မြို့တော်ဆီ ပြန်ပို့တော့မယ်..."


သူက ပြောပြီးသည်နှင့် ဆူငေါက်မလာပဲ ဖုန်းချသွားတော့သည်။


ဆယ်ကျော်သက်လေးက ဖုန်းထဲကလာသည့် အလုပ်ရှုပ်နေကြသည့် အသံများကို ကြားခဲ့ရသည်။ သူ ထပ်ပြီး အမှားလုပ်မိပြန်ပြီလား...  


စိတ်ညစ်ညစ်နှင့် သွမ့်ရှူးထုံကိုသွားပြီး နှစ်သိမ့်ခိုင်းတော့သည် : [ကျွန်တော့်ဦးလေးဆီ ပုံတွေ ပို့လိုက်ပေမယ့် သူ့ကြည့်ရတာ အရမ်း စိတ်ဆိုးသွားတဲ့ပုံပဲ....ပြီးတော့ ပြောသေးတယ်...ကျွန်တော့်ကို မနက်ဖြန် ပြန်ပို့တော့မယ်တဲ့...]


ဆိုဖာပေါ် ငါးဆားနယ်တစ်ကောင်လို လှဲနေသည့် သွမ့်ရှူးထုံက ချက်ချင်း ထထိုင်မိတော့သည်။ ရှီယွိ၏ မက်ဆေ့ချ်ကို အကြိမ်ကြိမ်အခါခါ ဖတ်ပြီးနောက် ပြုံးတုံ့တုံ့နှင့် စာပြန်လိုက်သည် [: အဲ့လိုဆိုရင် အန်တီလေးရှာမယ့်ကိစ္စကို လောလောဆယ် ဘေးပို့ထားလိုက်ကြရအောင်...ဒါက အလျင်စလို လုပ်လို့ရတဲ့အရာမျိုး မဟုတ်ဘူးလေ...]


သွမ့်ရှူးထုံက သူပျော်နေသည်က သိပ်မမှန်ဟု ထင်လိုက်သော်လည်း သူမထိန်းနိုင်ခဲ့ပေ။


ဝမ်းသာကြည်နူးနေ၍ သွမ့်ရှူးထုံမှာ ထိုင်းမှိုင်းနေသည့်စိတ်ပါ ပျောက်သွားသည်။ သူက အားအင်အပြည့်နှင့် စာကြည့်ခန်းထဲ ပြေးသွားလိုက်ပြီး အစီအစဥ်ကို စရေးသည်။


နွေဦးပန်းနံပါတ်၁ကို သုတေသနလုပ်ပြီးနောက် စာရွက်ပေါ် ချရေးလိုက်ပြီး JOCကို ပို့ခဲ့သော်လည်း ပြန်စာမရသေးပေ။ ယခု သူက နွေဦးပန်းနံပါတ်၂၏ သုတေသနရလဒ်ကို ရေးနေပြီး JOCကို တင်ပြရန် စီစဥ်ထားသည်။ 


[T/N: googleမှာ သွားရှာကြည့်တော့ JOCက နိုင်ငံတကာ စီးပွားရေး ဂျာနယ်တစ်ခုပါ] 


နှစ်ခုလုံးကို နိုင်ငံတကာအဆင့်အတန်းနှင့်အညီ ထုတ်ဝေဖို့ လုပ်ထားသည်။ သူတို့က "သိပ္ပံပညာ" နှင့် "သဘာဝ" အဆင့်လောက်ထိ မရှိသေးသော်လည်း ဆေးဝါးဓါတုပိုင်းတွင် အလွန်ကောင်းသည်ဟု သတ်မှတ်ခံရလေသည်။


သူ့စာရွက်ကို ဖတ်သည့်သူက တစ်နေ့လုံး အချစ်ငှက်လေးများ၏ အနိုင်ကျင့်ခြင်းကို ခံနေရသော တစ်ကိုယ်တည်းသမားလေး သူ့အဖြစ်ကို သနားမိသွား၍ထင် သူအကြမ်းရေးပြီးသွားချိန် JOCဘက်က တရားဝင် စာပြန်လာသည်။ 


သူက မေးလ်ဘောက်စ်ကို ဖွင့်ကြည့်သောအခါ "အောင်သည်" ဆိုသည့် စာလုံးကို တွေ့လိုက်ရသည်။ ဤစာလုံးလေးက ရလဒ်မှန်း သူသိနေသော်လည်း အပျော်တို့ ပြည့်နေမိသည်။ 


Momentပေါ်က သူငယ်ချင်းများအားလုံးက ဤတစ်ကိုယ်တည်းသမားလေးကို ကြွားနေကြသည်။ သူ သည်းမခံနိုင်တော့ပေ။


သူက အချစ်ရေးနှင့် ကြွားစရာမရှိသော်လည်း သူ့အလုပ်နှင့် မျက်စိကျိန်းသွားလောက်အောင် လုပ်နိုင်သေးသည်။


တင်ထားသည့် စာကြောင်းက ပြုံးဖြဲဖြဲလုပ်နေသည့် အီမိုဂျီလေးသုံးခုပင်။


တွဲတင်ထားသည့်ပုံက JOC၏ လက်ခံကြောင်း ကြေငြာချက် ဖြစ်သည်။


သူ ပို့စ်တင်ပြီး သိပ်မကြာခင် လိုက်ခ်နှင့် ကောမန့်များ အမြောက်အမြား ဝင်လာသည်။ သူက တစ်ယောက်ပြီးတစ်ယောက် ဝင်ကြည့်မိသည်။


ချစ်မေမေ : [သားလေး....မင်းက အတော်ဆုံးပဲ....[


အာဘွား]]


အဖေ : [ဆက်ပြီးကြိုးစားထား....]


အမ :[ မဆိုးပါဘူး...]


ကျိုင်ကျွင့် : [!!! သခင်လေးသွမ့်ကတော့ အမေးဇင်းပဲဗျာ...]


လျိုကျစ်ဖေး :[ အဲ့ဒါဘာမှန်းတော့ မသိပေမယ့် ကြည့်ရတာ တော်တော် မိုက်မယ့်ပုံပဲ....သခင်လေးသွမ့် V587..].


[T/N : V587က တရုတ်အင်တာနက်အသုံးအနှုံးတစ်ခုပါ။ အားပြင်းတယ် အံ့သြဖို့ကောင်းတယ်ဆိုတဲ့ အမူအရာမျိုး ပြောချင်တာပါ] 


ချန်နင် [: ဝါး....တကယ်ကြီး JOCလား...သခင်လေးသွမ့်က တော်တော်ထူးခြားတာပဲ....]


ဟယ်ယွင့် [: ကွန်ဂရက်ကျူလေးရှင်းပါ.... ]


သွမ့်ရှူးထုံက ကောမန့်များကို အမြန်ရွှေ့ကြည့်သည်။ သူ့ဘက်က ခဏလောက်ထိ စောင့်နေသော်လည်း ရှီသွမ်းဆီက ကောမန့်တစ်ခုမှ မမြင်မိချေ။ သူ့မှာ မတတ်နိုင်ပဲ ဖုန်းကို စားပွဲပေါ် တင်၍ နာဖူးပေါ်လက်တင်ပြီး ကိုယ့်အဖြစ်ကို ရယ်မိသည်။


သူကပဲ အဝေးမှာနေဖို့ ဆုံးဖြတ်ခဲ့တာလေ....ဒါကို သူက အခု ဘာတွေ တွေးနေတာလဲ...သူရူးသွားတာပဲ ဖြစ်ရမယ်....


သူက Momentပေါ် ပို့စ်တင်ရသည်မျိုး ကြိုက်သည့်သူ မဟုတ်ပေ။ သူ့အလုပ်ကို ကြွားချင်လို့ဟု သူ့ကိုယ်သူ ပြောနေသော်လည်း တကယ်တမ်း ထွက်ကျလာတော့မည့် ဆန္ဒအချို့ကို နှစ်သိမ့်ပေးချင်ရုံသက်သက်သာ ဖြစ်သည်။


ယင်းက သွေးထွက်အောင်မှန်သည့် သုံးသပ်ချက်တစ်ခု ဖြစ်နေ၍ ထပ်ပြီး စဥ်းစားနေလည်း ဘာမှမထူးတော့ပေ။ သူ့အချိန်တွေကို နွေဦးပန်းနံပါတ်၂ရဲ့ ပုံကြမ်းမှာ အသုံးချလိုက်တာက ပိုကောင်းပါတယ်လေ..



👨‍❤️‍👨