Chapter 49
Viewers 2k

👨‍❤️‍👨Chapter 49




ညစာအတွက် သွမ့်ရှူးထုံက ခေါက်ဆွဲတစ်ပန်းကန်ကို ဖြစ်သလို လုပ်စားလိုက်သည်။ သူ့မှာ စားနေရင်း အရသာ မခံနိုင်ချေ။ စားပြီးသားပန်းကန်ကို ဆေးရန် ပြင်လိုက်ချိန် တံခါးဘဲလ် မြည်လာခဲ့သည်။


သူက တံခါးသွားဖွင့်ပေးလိုက်သည်။


တံခါးအပြင်ဘက်တွင် ရပ်နေသည့် အမျိုးသားက ခေါက်ရိုးကျိုးနေသော ရှပ်အင်္ကျီဝတ်ထားပြီး မျက်နှာမှုန်မှုန်ဖြစ်နေသည်။ ထိုသူက သွမ့်ရှူးထုံကို မြင်သောအခါ အနည်းငယ် တွန့်ဆုတ်နေသလိုပင်။ သူ့မျက်လုံးလေးများက သတိမထားမိပဲ အလိုလိုရှေ့နောက်ရွေ့သွားပြီးမှ လူငယ်လေးဆီမှ အကြည့်ခွာသွားသည်။


သွမ့်ရှူးထုံက တံခါးလက်ကိုင်ကို ကိုင်လိုက်ရင်း ပြုံးပြလာသည် " ဒီလောက်စောစော အလုပ်ဆင်းခဲ့တာလား...."


သူက ခါတိုင်းလို နွေးထွေးကြင်နာနေသော်လည်း စည်းခြားထားသည့် အရိပ်အရောင်တို့ ရှိနေသည်။ 


ရှီသွမ်းက ပြန်ဖြေလာသည် " အင်း...မင်းရဲ့ Momentကို တွေ့လိုက်လို့လေ....မင်းကို ဂုဏ်ပြုပေးဖို့ ရောက်လာတာ...."


သွမ့်ရှူးထုံက တစ်ခဏမျှ အံ့သြသွားရသည်။ ထို့နောက် သူက အသံထွက်ရယ်မိသည်။ ဒါဆို သူက ဂုဏ်ပြုစကားလေးတစ်ခွန်း ပြောဖို့ လူကိုယ်တိုင် ရောက်ချလာတယ်ပေါ့....


သူ့ဘက်က နည်းနည်း အလျှော့ပေးလိုက်သည် " ကျေးဇူးပါဗျာ....အထဲဝင်ပြီး ထိုင်ပါဦးလား...." 


ရှီသွမ်းက ထိုစကားကို ကြားသောအခါ ညာဘက်ကနေ ခြေတစ်လှမ်းတိုးလာပြီးမှ နောက်တစ်စက္ကန့်အတွင်း ပြန်ရုတ်သွားသည်။ သူ့မှာ ပြောစရာအများအပြားရှိနေသလို မျက်လုံးအကြည့်တို့က နက်ရှိုင်းနေသော်လည်း နောက်ဆုံး တစ်ခွန်းတည်းသာ မေးလိုက်မိသည် " မင်း ဘာလို့ ရုတ်တရက်ကြီး ပြန်ပြောင်းသွားခဲ့ရတာလဲ...."


ဖိန်ရော့ဝိန်းက ထွက်သွား၍ လူငယ်လေးက ပြန်ပြောင်းသွားသည့်အချက်က ဘာမှမထူးဆန်းသော်လည်း ရှင်းရှင်းလင်းလင်း မေးချင်မိသေးသည်။ 


သွမ့်ရှူးထုံက အပြုံးလေးနှင့် ရှင်းပြလာသည် " ဖိန်ရော့ဝိန်းက ဒီနေရာမှာ ဆက်မနေတော့တာကြောင့် ကျွန်တော်လည်း ပြောင်းခဲ့လိုက်တော့တာ...."


ထိုပြင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ အတူတူနေနေကြသည်လည်း မဟုတ်ပေ။


ရှီသွမ်း "...." ဒါက သူပြောချင်တာ မဟုတ်ဘူးလေ....


သူက ခြေချုပ်မိသွားသည့် ခံစားချက်ကို နားလည်သွားရလေသည်။ သို့သော်လည်း အနာဂတ်ကို မည်သူက ကြိုပြောနိုင်မည်နည်း။ သူက မည်သူ့ကိုမှ ချစ်မိမသွားပဲ တစ်ယောက်တည်း နေသွားတော့မည်ဟု တွေးထားခဲ့သော်လည်း တစ်နေ့တွင် လူတစ်ယောက်ကြောင့် နေရခက်ပြီး ကျဥ်းထဲကျပ်ထဲ ရောက်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ 


ထိုလူက စကားလည်းမပြော ပြန်လည်းမပြန်သေး၍ သွမ့်ရှူးထုံက အပြုံးလေးနှင့် မေးလိုက်သည် " တစ်ခြားပြောစရာ ရှိလို့လား..."


လူငယ်လေး၏ အပြုံးက ရှီသွမ်း၏ စိတ်အခြေအနေကို ရောင်ပြန်ဟပ်သွားလေသည်။ သူ့မှာ မနေနိုင်ပဲ ပြန်ပြုံးမိသည်။ လူကြီးတစ်ယောက်၏ လေသံအတိုင်း အတုခိုး၍ ဆုံးမသံတစ်ဝက် စနောက်သံတစ်ဝက် ပြောလိုက်သည်


 " ကိုယ့်မှာ လက်ထပ်ဖို့ အစီအစဥ် မရှိပါဘူး...ရှီယွိက နောက် လာရှာရင်လည်း သူ့ကို အာရုံထားမနေပါနဲ့...." 


သွမ့်ရှူးထုံက တောင်းပန်သလို ခေါင်းညိမ့်ပြလာသည် " ဟုတ်ကဲ့ပါ...နောက်မလုပ်တော့ပါဘူး..."


" ဒါဖြင့် ကိုယ် သွားလိုက်ဦးမယ်..."


" ဟုတ်..."


သွမ့်ရှူးထုံက ရှီသွမ်း၏ အရိပ်လေး ပျောက်သွားသည်ထိ ကြည့်နေမိသည်။ ထို့နောက် တံခါးပိတ်လိုက်ရင်း တံခါးဘောင်ကို မှီ၍ ခေါင်းနှင့်တံခါးကို ဆောင့်ဆောင့်နေမိသည်။ သူက ရင်ဘတ်ကို ဖိလိုက်ရင်း ဆက်မတွေးတော့ရန် ကိုယ့်ကိုယ်ကို သတိပေးနေရသည်။


သူက တတိယဇာတ်လိုက်....သူက တတိယဇာတ်လိုက်...သူ့မှာ လက်ထပ်ဖို့ အစီအစဥ် မရှိဘူး...ငါ မရနိုင်တဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်ဖို့ အိပ်မက်တောင် မက်လို့မရဘူး....


သူ့ကိုယ်သူ ဆယ်ကြိမ်ခန့် သတိပေးလိုက်မှ ရှီသွမ်းနှင့် မျက်နှာချင်းဆိုင်ခဲ့ချိန်က အဆက်အပြတ်ခုန်နေသည့် သူ့နှလုံးသားလေးလည်း တည်ငြိမ်သွားရသည်။


သူသာ မထိန်းထားနိုင်ခဲ့ပါလျှင် ရှီသွမ်းပြုံးပြလိုက်သည်နှင့် သူက တစ်ဖက်လူကို သွားဖက်တော့မည် ဖြစ်သည်။


အား....တွေးနေတာ ရပ်လိုက်တော့...


လူတွေပြောကြတာက နေ့ခင်းပိုင်းက စိတ်ကူးတွေက ညကျရင် အိပ်မက်တွေ ဖြစ်လာတယ်တဲ့...။


သွမ့်ရှူးထုံက အိပ်မက်မက်နေ၍ မနက်နှစ်နာရီကြီး နိုးလာသည့်အချိန် အေးစိမ့်စိမ့် ခံစားချက်မျိုး ဖြစ်နေမိသည်။ သူက မချိတင်ကဲစိတ်ကြောင့် ညည်းညူမိသည်။ သူ့နှလုံးသားလေးက ချည်နှောင်ခံလိုက်ရပြီ ဖြစ်သည်။


သူပထမဆုံး ချစ်မိသွားသည့်သူက သူ့ဘက်က ကြည့်နေရုံသာတတ်နိုင်ပြီး ဘာမှကြိုးပမ်းလို့ မရနိုင်သည့်သူ ဖြစ်နေ၏။


ရေအေးအေးလေးနှင့် ချိုးလိုက်ပြီး သူ့ခန္ဓာကိုယ်က အပူဓါတ်အားလုံးကို ပွတ်တိုက်လိုက်၍ ကုတင်ပေါ် ပြန်လှဲလိုက်သည့်အချိန်ထိ အိပ်မပျော်နိုင်သေးပေ။ မျက်နှာကြက်ကို မျက်လုံးအပြူးသား စိုက်ကြည့်နေရင်း သူသာ ယခုလို ဆက်ဖြစ်နေလျှင် အာရုံကြောချို့ယွင်းတော့မည်ဟု စဥ်းစားနေမိသည်။


ဆိုးဆိုးဝါးဝါး အတွေးများ ဆက်တွေးမနေတော့ဖို့ သွမ့်ရှူးထုံက အရုဏ်ဦးမရောက်ခင် အိပ်ယာထပြီး အပြေးလေ့ကျင့်ရန် သွားတော့သည်။


သူပြေးရင်း မောလာတဲ့အခါ ဘာမှစဥ်းစားနိုင်တော့မှာ မဟုတ်ဘူး။


အပြေးလမ်းကြောင်းပေါ် တစ်ပတ်ခန့် ပတ်ပြေးနေသည့်အချိန် အခြားတစ်နေရာတွင်လည်း ရှီသွမ်းက လေ့ကျင့်ခန်းလုပ်နေမှန်း သူမသိခဲ့ပါချေ။


မနက်ခင်း အလင်းရောင် ထွက်လာချိန်တွင် ဦးလေးစွင်းက gymတွင် လေ့ကျင့်ခန်း လုပ်နေသည့် ရှီသွမ်းကို တွေ့လိုက်ရသည်။  


“…ဆရာ...ဒီနေ့က လေ့ကျင့်ခန်း လုပ်ရမယ့်နေ့ မဟုတ်ပါဘူး...."


ရှီသွမ်းက အလုပ်နှင့်မအားမလပ် ဖြစ်နေသော်လည်း ကျန်းမာရေးအတွက် အပတ်တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ အချိန်တစ်ခု ထားထားသည်။ မဟုတ်လျှင် နှစ်တိုင်းဖြေရှင်းနေရသည့် အလုပ်တာဝန်များကြောင့် သူပြိုလဲပြီးနေပြီ ဖြစ်သည်။


အလုပ်အရမ်းများ၍ လေ့ကျင့်ခန်းလုပ်သည့်အချိန်ကို နားလိုက်သည့်အကြိမ်ရေက အနည်းငယ်သာ ရှိသည်။ သို့သော်လည်း ဦးလေးစွင်းက ရှီသွမ်းကို ယခုလို အပိုလေ့ကျင့်ခန်းပါ လုပ်နေသည်မျိုး မမြင်ဖူးချေ။


ရှီသွမ်းက နာဖူးပေါ်က ချွေးစက်များကို သုတ်လိုက်သည် " အခုကစပြီး အပတ်တိုင်း အပိုလေ့ကျင့်ခန်းအချိန်ကို ထပ်ပေါင်းတော့မလို့လေ..."


သွမ့်ရှူးထုံနှင့် ဆက်ဆံရေး တိုးတက်လာဖို့ မမျှော်လင့်ထားသော်လည်း ကောင်လေးများက ကောင်မလေးရှေ့တွင် အစွမ်းအစပြချင်သလိုမျိုး သူလည်း လူငယ်လေး၏ မျက်စိရှေ့တွင် ကြည့်ကောင်းနေဖို့ မျှော်လင့်မိသည်။


သူက သွမ့်ရှူးထုံထက် နှစ်အနည်းငယ်သာ ပိုကြီးလေသည်။ ယခင်က ရှီမိသားစုကို တစ်ယောက်တည်း တည်ဆောက်ဖို့ သူ့ကျန်းမာရေး၏ တစ်ပိုင်းတစ်စကို စွန့်လွှတ်ခဲ့ရသည်။ ရှီမိသားစု၏ ဥက္ကဌဆိုသည့် မျက်နှာဖုံးကို တပ်ထားသည့်အတွက် သူ့အဆင့်အတန်းကို အရမ်းဝေးကွာသွားစေသည်။


အတိုချုပ်ပြောရလျှင် လူငယ်လေးက သူ့ကို အိုနေပြီဟု တွေးနေမှာ ကြောက်မိသည်။


ဤစိုးရိမ်စိတ်ကို ဥက္ကဌရှီဆိုသည့် ရေခဲရိုက်မျက်နှာဖုံးနှင့် အပြည့်အဝ ဖုံးကွယ်ထားလေသည်။ ဦးလေးစွင်းက ရှီသွမ်းက သူ့ကျန်းမာရေးအတွက် လုပ်နေခြင်းဖြစ်မည်ဟု ထင်လိုက်၍ အားပေးသံသာ ထွက်လာသည်။


သွမ့်ရှူးထုံ၏ တနင်္ဂနွေနေ့က အလုပ်များသွားခဲ့၍ ထင်ထားသည့်အတိုင်း ညရောက်သည်အခါ အိပ်မက်မမက်တော့ပေ။ တနင်္လာနေ့မနက်တွင် သူက တက်တက်ကြွကြွ အလုပ်သွားနိုင်ခဲ့သည်။


သုတေသနဌာနထဲ ဝင်သွားလိုက်သည်နှင့် လက်ခုပ်သံများဖြင့် နွေးနွေးထွေးထွေး ကြိုဆိုလာ၏။


ဟယ်ယွင့် ဦးဆောင်၍ သုတေသနဝန်ထမ်းများအားလုံးက သွမ့်ရှူးထုံ၏ စာက JOCတွင် ပါဝင်ခဲ့သည့်အတွက် ဝမ်းသာနေကြသည်။


ယခင်က သုတေသနဝန်ထမ်းနှစ်ဦး အလုပ်ကောင်းကောင်းမလုပ်၍ အထုတ်ခံခဲ့ရသည်။ ထိုနည်းတူ အထုတ်မခံရဖို့ ကျန်သည့်သူများကလည်း ပိုပြီး ကြိုးစားလာကြသည်။ နွေဦးဆောင်းဦးခန်းမ၏ ဂုဏ်သတင်းက မြင့်တက်နေ၍ သူတို့လည်း ပိုင်ဆိုင်ချင်စိတ် ရှိလာကြပြီး ယခင်လို ရည်ရွယ်ချက်မရှိ အလေလိုက်မနေကြတော့ပေ။


ယခုဆို သုတေသနဌာနက မည်သူမှ သွမ့်ရှူးထုံကို သံသယမဝင်ကြတော့ပေ။ သူ့ကို ခေါင်းဆောင်တစ်ယောက်လို အားလုံးက ကြည့်လာကြတော့သည်။


ဟယ်ယွင့်ကလည်း မသင့်လျော်ဟု မထင်မိချေ။ သူက "လုပ်ရည်ကိုင်ရည်ရှိသည့်သူက ပုလ္လင်ကို ဆက်ခံနိုင်သည်" ဆိုသည့် စည်းမျဥ်းကို လိုက်နာသည့်သူ ဖြစ်သည်။ စွမ်းရည်အပြည့်နှင့် တိုးတက်နေသော သုတေသနရပ်ဝန်းတစ်ခု ရှိနေသဖြင့် သူလည်း ဤဌာန၏ ဒါရိုက်တာရာထူးကနေ ဆင်းပေးချင်စိတ်ပေါက်မိသည်။


သွမ့်ရှူးထုံက ပြုံးလိုက်ပြီး ကျေးဇူးတင်စကားဆိုကာ ဟယ်ယွင့်ကို ခေါ်လိုက်သည် " ဒါရိုက်တာဟယ်...ကျွန်တော့်မှာ ခင်ဗျားနဲ့ ဆွေးနွေးစရာလေး ရှိတယ်..."


ကျန်သည့်သူများက အလိုက်သတိ ထွက်သွားပေးကြသည်။


ဟယ်ယွင့်နှင့် သွမ့်ရှူးထုံတို့က ဝင်ထိုင်လိုက်ကြသည်။


"ပြောပါ..." ဟယ်ယွင့်က သွမ့်ရှူးထုံကို စကားစပေးလိုက်သည်။


" မန်နေဂျာကျိုင်ဆီကနေ ကြားတာ ဓါတ်ခွဲခန်း၁က လက်ရှိ မျက်လုံးလိမ်းခရင်ကို လုပ်နေတာဆို..." သွမ့်ရှူးထုံက ယဥ်ယဥ်ကျေးကျေး ပြောလိုက်သည်


 " ကျွန်တော့်ကို ပါဝင်ပစ္စည်း အစီရင်ခံစာကို ပြပေးလို့ရနိုင်မလား..."


သေချာပေါက် ဟယ်ယွင့်က ငြင်းလိုက်မည် မဟုတ်ပေ။


မှတ်တမ်းကို ရရှိသည့်အချိန် သွမ့်ရှူးထုံက စာမျက်နှာများကို လှန်ကြည့်ရင်း လေးစားသည့် မျက်နှာမျိုး ပြလာသည် ။


" အရည်အသွေးကောင်းတာပဲ....သုတေသနလုပ်ဆောင်ချက်တွေကရော ဘယ်လိုရှိလဲ...."


သွမ့်ရှူးထုံက ဤအကြောင်း မေးလာသည့်အခါ ဟယ်ယွင့်က ခေါင်းခါပြီး သက်ပြင်းချလာသည် " အတားအဆီးတစ်ခုကို ကြုံနေရတယ်..."


သွမ့်ရှူးထုံ မပြောနိုင်ခင် ဟယ်ယွင့်က သုတေသနမှတ်တမ်းများကို ယူလာပြသည်။


သွမ့်ရှူးထုံက ဟယ်ယွင့်ထက် အတွေ့အကြုံပိုရှိ၍ စာရွက်များကို ကြည့်လိုက်သည်နှင့် အဓိကနေရာကို ချက်ချင်း ထိုးပြလာသည်။ အချိန်အတော်ကြာ ပြောဆိုကြပြီးနောက် သူက မေးလိုက်သည် 


" ခင်ဗျား ဘယ်လိုထင်မိလဲ..."


သွမ့်ရှူးထုံ စပြီး ရှင်းပြလာသည့်အချိန်က ဟယ်ယွင့်မှာ မိုးနှင့်တွေ့သည့် အပင်ပေါက်လေးလို ဖြစ်နေခဲ့သည်။ သွမ့်ရှူးထုံ စကားဆုံးသွားချိန်မှ ဟယ်ယွင့်မှာ အမြင်ပွင့်သွားကာ စိတ်လှုပ်တရှား ပြောလာသည်။


 " မင်းပြောတဲ့အတိုင်း လိုက်လုပ်ကြည့်ရင် နောက်ဆုံးထွက် ထုတ်ကုန်က မူရင်းဟာထက် ပိုကောင်းလောက်မှာပဲ..."


သွမ်ရှူးထုံကလည်း သူ့အတွက် ဝမ်းသာမိ၍ ပြောလိုက်သည် " ကျွန်တော်လည်း ဒါအတွက်ကြောင့် ရောက်လာခဲ့တာပါ..."


ဒါရိုက်တာဟယ်က သွမ့်ရှူးထုံကို လုံးဝအနိုင်ပေးလိုက်ပြီ ဖြစ်သည် " ပြောပါ..."


“အရင်တုန်းက ကျွန်တော်တို့က အမျိုးသမီးဝယ်ယူသူတွေကိုပဲ ဦးတည်ထားခဲ့တယ်...ဒီတစ်ခေါက် ထုတ်မယ့် မျက်လုံးလိမ်းခရင်ကို စုံတွဲထုတ်ကုန်အနေနဲ့ ထုတ်ကြည့်ရင်ရော ဘယ်လိုလဲ..."


အမျိုးသားတွေလည်း ထိန်းသိမ်းဖို့ မလိုအပ်ဘူးလို့ ဘယ်သူပြောလဲ။ စုံတွဲထုတ်ကုန်သာ လုပ်ရင် ရောင်းအားတက်မှာ အသေအချာပဲ။


ဒါပေါ့....ဒီတစ်ကိုယ်တည်းသမားလေးက ငယ်ငယ်ရွယ်ရွယ် စုံတွဲလေးတွေဆီကနေ ပိုက်ဆံရှာချင်တယ်လို့တော့ ဝန်ခံမှာ မဟုတ်ဘူး။


ဟယ်ယွင့်က သိသိသာသာပင် တစ်ဖြောင့်တည်းသမား ဖြစ်၍ မေးလာသည် " ဒါပေမယ့် skincareသုံးတာ ယောကျ်ားလေးထက် မိန်းကလေး ပိုများတယ်လေ..." 


“အဲ့ဒါက အရင်တုန်းကပါဗျာ..." သွမ့်ရှူးထုံက လေညင်းလေးလို ပြုံးပြလာသည် " အခု နူးနူးညံ့ညံ့ ကောင်လေးတွေ တွေ့ရများလာပါပြီ..."


ဟယ်ယွင့် "...." 


သူက သွမ့်ရှူးထုံကို သေသေချာချာ ကြည့်လိုက်ပြီးမှ နည်းနည်း နားလည်သွားရသည်။


သွမ့်ရှူးထုံလို မျက်နှာမျိုး ရှိသည့်သူကတော့ နူးနူးညံ့ညံ့ ကောင်လေးမျိုး ဖြစ်ချင်မိမည်ပင်။


" ကောင်းပါပြီ...စုံတွဲထုတ်ကုန်အတွက် လျှောက်လွှာ အသစ်တစ်ခု ရေးလိုက်ပါ့မယ်..." 


ဟယ်ယွင့်က ရပ်လိုက်ပြီးမှ အနည်းငယ် မတင်မကျ လေသံနှင့် မေးလာသည် ။


" မင်းမှာ ဒီအကြံမျိုး ရှိတာကို ဘာလို့ ကိုယ်တိုင် မလုပ်ကြည့်ခဲ့တာလဲ..."


သွမ့်ရှူးထုံက ဟယ်ယွင့်သုံးလိုက်သည့် "မင်း..." ဆိုသည့် နာမ်စားကြောင့် ရှက်သွားရသည်။


[T/N: တရုတ်မှာ "မင်း"ကို ပြောတဲ့နည်းလမ်း နှစ်ခု ရှိပါတယ်။ တစ်ခုက ရိုးရိုးပြောတဲ့ "你 -မင်း" ဖြစ်ပြီးတော့ တစ်ခုက ဟယ်ယွင့်က သွမ့်ရှူးထုံကို လေးလေးစားစားပြောလိုက်တဲ့ " 您-လူကြီးမင်း" ဆိုတဲ့ နှစ်ခုပါ။ အသံထွက်လည်း မတူပါဘူး]


“ဒါရိုက်တာဟယ် ကျွန်တော့်ကို ယဥ်ကျေးနေဖို့ မလိုပါဘူးဗျာ....ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေပဲ....ပြီးတော့ ဒီစိတ်ကူးက ခင်ဗျားဟာ ဖြစ်သွားပြီလေ...အခုလေးတင် ကျွန်တော်တို့က အကြံဥာဏ်ချင်း ဖလှယ်နေခဲ့တာလေ..."


ဟယ်ယွင့်၏ နဂိုသုတေသနက ကောင်းနေပြီးသားဖြစ်၍ သွမ့်ရှူးထုံ၏ အကြံပေးချက်က အချိုပေါ် သကာလောင်းလိုက်ရုံလေးပင်။


သွမ့်ရှူးထုံအတွက်က အသေးအဖွဲလေးသာ ဖြစ်သော်လည်း ဟယ်ယွင့် တွေ့ခဲ့ရသည်ကတော့ ဤလူငယ်လေး၏စိတ်က သာမန်လူ လက်လှမ်းမမှီနိုင်သည်ထိ ကျယ်ပြန့်နေသည်။


“ကျေးဇူးတင်ပါတယ်..."


သွမ့်ရှူးထုံက လက်ခါပြလိုက်ပြီး ထွက်သွားလိုက်သည်။ မကြာခင် နွေဦးပန်းနံပါတ်၂က အရောင်းတင်တော့မည် ဖြစ်သည်။ သူ့အနာဂတ်အစီအစဥ်များကို သေချာခွဲခြားထားဖို့ လိုအပ်သည်။


သူ့၏ စိတ်ကူးယဥ်အချစ်ကိုဖြင့် လွှတ်ထားလိုက်ရုံသာ ရှိသည်။


*****


စာရေးသူမှာ ပြောစရာ ရှိပါတယ်။


ရှီသွမ်းက ဘာလို့ ဇာတ်လိုက်မကို ပန်းတွေပို့ခဲ့တာလဲဆိုတာ နောက်ကျရင် ရှင်းပြတော့မှာပါနော်။ (*^▽^*)



👨‍❤️‍👨